အခန်း (၇၉၆-၇၉၇)
Vol. 47 Ch. 796-797
Chapter 796
အဆင့်သတ်မှတ်ချက် ၂
ထို့နောက် ကျန်းယွမ်၊ ကျန်းရှု့ဝေ၊ ယန်ယွီယန်နှင့် လင်းရှန်တို့ပါဝင်သော အဖွဲ့ငယ်သည် မြို့တော်အခြေအနေနှင့် ပေါင်းစည်းယာဉ်တန်း၏ လက်ရှိအခြေအနေများအကြောင်း ဆွေးနွေးတိုင်ပင်ကြသည်၊၊ ထို့နောက်တွင် မိုးလင်းမှသာ စတင်လှုပ်ရှားရန်နှင့် အားလုံးအနားယူကြရန် လင်းရှန်က အကြံပြုလိုက်သည်၊၊
အချိန်မှာ နံနက် ၃ နာရီသို့ ရောက်ရှိလာခဲ့သည်၊၊ တိတ်ဆိတ်မြို့တော်တွင် မိုးဖွဲဖွဲရွာသွန်းနေပြီး လင်းရှန်သည် သံချပ်ကာပြားများ ကာရံထားသော အပေါ်ဆုံးထပ် အခန်းတစ်ခုအတွင်း၌ တစ်ယောက်တည်း ရှိနေသည်၊၊ သူသည် အကွက်ဖော်ထားသော ပြတင်းပေါက်မှတစ်ဆင့် မြို့ပြမြင်ကွင်းကို ငေးကြည့်နေမိသည်၊၊
အာရုဏ်ဦးမြို့တော်သည် အဆုံးမရှိကျယ်ပြန့်လှသဖြင့် မိုးကုတ်စက်ဝိုင်းအထိပင် ရှည်လျားလှသလိုခံစားရသည်၊၊ တစ်ချိန်က ကမ္ဘာ့ထိပ်သီး ခေတ်မီမြို့ကြီးသုံးမြို့တွင် ပါဝင်ခဲ့သော်လည်း ယခုအခါတွင်မူ မြင့်မားသော တံတိုင်းကြီးနှစ်ခုကြား ပိတ်လှောင်ခံထားရပြီး လူသားအဖွဲ့အစည်း၏ အခြေခံရှင်သန်မှုအချို့ကိုသာ ထိန်းသိမ်းထားနိုင်တော့သည်၊၊
အပြင်ဘက်က မိုးစက်များကို ကြည့်ရင်း ယဲ့လန်ပြောပြခဲ့သည်များကို လင်းရှန် ပြန်လည်အမှတ်ရမိကာ ရင်ထဲတွင် ဖော်မပြနိုင်သော နှမြောတသမှုကို ခံစားလိုက်ရသည်၊၊
တစ်ချိန်က သူ၏ အနန္တရထားစီမံကိန်းတွင် ကြယ်မြို့တော်ကို အရေးပါသော လုံခြုံရေးဆိပ်ကမ်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ဖူးသည်၊၊ ကျိအန်းမြို့မှ ထွက်ခွာလာပြီးနောက်တွင်ပင် ကြယ်မြို့တော်သည် အစိုးရ၏ အကာအကွယ်အောက်တွင် ကျဆုံးမသွားဘဲ ကျန်ရှိနေမည့် နောက်ဆုံးမြို့များထဲက တစ်မြို့ဖြစ်လိမ့်မည်ဟု သူယုံကြည်ခဲ့သည်၊၊ ခဏတာ ငြိမ်းချမ်းမှုကို ရှာဖွေနိုင်မည့်နေရာဟုလည်း မျှော်လင့်ခဲ့ဖူးသည်၊၊
အာရုဏ်ဦးမြို့တော်သည် ဖက်ဒရေးရှင်း၏ နောက်ဆုံးခံတပ်ဖြစ်လာခဲ့သော်လည်း ဤမျှခမ်းနားထည်ဝါသော မြို့ကြီး အမှောင်ထုထဲ ဝါးမျိုခံရတော့မည့်အရေးကို လင်းရှန် စိတ်ထဲမှ လက်မခံနိုင်ဖြစ်နေသည်၊၊ အကယ်၍ သူသည် သမုဒ္ဒရာလမ်းကြောင်းကို ဖြတ်ကျော်ကာ ဝင်ရိုးစွန်းညထဲတွင် စွန့်စားခရီးဆက်ရဦးမည်ဆိုလျှင်တောင် ဤမြို့ကြီးပျက်စီးသွားခြင်းက သူ့ကို ကြီးမားသော ဆုံးရှုံးမှုနှင့် စိုးရိမ်ပူပန်မှုများကို ပေးစွမ်းနေသည်၊၊
လင်းရှန်သည် ဝိညာဉ်လှိုင်းတန်ဖိုး တိုင်းတာစက်ကို ထုတ်ယူကာ တစ်ယောက်တည်း စမ်းသပ်ကြည့်လိုက်ရာ အမြင့်ဆုံးစွမ်းအားမှာ ၃၆၅၀ သို့ တစ်ဖန်ရောက်ရှိသွားသည်၊၊
သို့သော် သူသည် တုန်လှုပ်ခြင်းမရှိဘဲ စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်းကို တိတ်ဆိတ်စွာ အသက်သွင်းလိုက်သည်၊၊ ချက်ချင်းဆိုသလိုပင် လင်းရှန်၏ နောက်ကျောဘက်တွင် သက်တန့်ကွင်းတစ်ခု လင်းထိန်လာသည်၊၊ အပြာရောင် အော်ရိုရာအလင်းတန်းများက အဆုံးမဲ့စွမ်းအင်များကို သိုလှောင်ထားသကဲ့သို့ တောက်ပနေပြီး လေထုကိုပင် တုန်ခါသွားစေသည်၊၊
ထိုခဏတွင် ဝိညာဉ်လှိုင်းတုန်ခါမှု တိုင်းတာစက်ပေါ်ရှိ စွမ်းအားအမှတ်မှာ ၅၀၀၀ ထိ ထိုးတက်သွားသည်၊၊
ယင်းက သူ၏ စွမ်းအားအညွှန်းကိန်းမှာ ၁၀၀၀၀ သို့ ရောက်ရှိသွားပြီး အိန်ဂျယ်အဆင့်သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်၊၊
သို့သော် လင်းရှန်သည် အံ့အားသင့်ခြင်းမရှိပေ၊၊ သူ၏ အတွေးတစ်ချက်ဖြင့် ဒုတိယမြောက် သက်တန့်ကွင်းကို ထပ်မံအသက်သွင်းလိုက်ရာ စွမ်းအားအမှတ်မှာ ၇၀၀၀ ထိ တက်သွားပြန်သည်၊၊ စွမ်းအားညွှန်းကိန်းမှာ ၁၄၀၀၀ ဖြစ်သည်၊၊
ဝုန်း~
တတိယမြောက် သက်တန့်ကွင်း ထပ်မံလင်းထိန်လာသောအခါ စွမ်းအားအမှတ်မှာ ၉၀၀၀ ဖြစ်သွားပြီး စွမ်းအားညွှန်းကိန်းမှာ ၁၈၀၀၀ ထိ ရောက်ရှိသွားသည်၊၊
ဂျစ် ဂျစ်
သူ့လက်ထဲမှ ဝိညာဉ်လှိုင်းတန်ဖိုးတိုင်းတာစက်သည် စွမ်းအားဝန်ပိမှုကြောင့် ဆူညံသံများ ထွက်ပေါ်လာသည်၊၊ သံချပ်ကာခန်းအတွင်း၌လည်း ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များကြောင့် တုန်ခါသံများ ထွက်ပေါ်နေပြီး စွမ်းအင်တွင်းနက်တစ်ခု ပေါ်ပေါက်လာသကဲ့သို့ပင်။ မျက်စိဖြင့်မမြင်နိုင်သော ဒြပ်စင်များကို လောင်ကျွမ်းစေကာ အခန်းမျက်နှာကျက်ရှိ မီးသီးမှာလည်း တဖျပ်ဖျပ် တုန်ခါနေသည်၊၊
“ဟူး”
လင်းရှန်သည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်းကို ပိတ်လိုက်သည်၊၊ အခန်းတွင်း၌လည်း မူလအတိုင်း ပြန်လည်ငြိမ်သက်သွားသည်၊၊
သူသည် ပျက်စီးသွားပြီဖြစ်သော တိုင်းတာစက်ကို သိမ်းဆည်းလိုက်သည်၊၊ ဤရလဒ်ကို လင်းရှန် ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်၊၊ သူ၏ ယန္တရားနှလုံးသားမှ ထွက်ပေါ်သော စွမ်းအင်အရင်းအမြစ်သည် သက်တန့်ကွင်း၏ ပံ့ပိုးမှုကြောင့် အဆမတန်တိုးတက်လာခဲ့ပြီဖြစ်သည်၊၊
Gemini 11R မရှိလျှင်တောင် လင်းရှန်သည် အနန္တရထားကို ကီလိုမီတာ သုံးသိန်းနှစ်သောင်းရှည်သော ဂြိုဟ်ပတ်ရထားလမ်းပေါ်တွင် ကမ္ဘာပျက်သည့်တိုင်အောင် အဆုံးမဲ့ မောင်းနှင်နိုင်စွမ်း ရှိသွားပြီဖြစ်သည်၊၊
ဒါက အိန်ဂျယ်အဆင့်ပေါ့၊၊ ကမ္ဘာကြီးအတွက် ၁၀ လပဲ ကျန်တော့တယ်၊၊ လူသားတွေ ဘယ်လောက်အထိ ဆက်ပြီး ဆင့်ကဲပြောင်းလဲနိုင်ဦးမှာလဲ…
အမှောင်ထုကို ပြန်တိုက်ထုတ်နိုင်မယ့် အခွင့်အရေး ရှိလာမှာလား… ဒါမှမဟုတ် အဝေးကကြယ်စင်တန်းဆီကိုပဲ ထွက်ပြေးကြရမှာလား…
လင်းရှန်သည် အာရုဏ်ဦးမြို့တော်၏ အတွင်းကွန်ရက်သို့ အမည်မဖော်ဘဲ ဝင်ရောက်ကြည့်ရှုလိုက်သည်၊၊ လူသစ်စုဆောင်းခြင်း၊ ကယ်ဆယ်ရေး၊ စည်းလုံးညီညွတ်ရေး၊ ရိက္ခာဖလှယ်ရေး၊ စွမ်းအားရှင်များ ဆက်သွယ်ရေး၊ စွမ်းအားဝတ်စုံများ၊ လက်နက်တိုက်နှင့် ရှင်သန်ရေးလမ်းကြောင်းများ စသည့် အဓိကအကြောင်းအရာများအပြင် အစွန်းရောက်အခြေအနေတွင် ပေါ်ထွက်လာတတ်သည့် လူသားတို့၏ အမှောင်ဘက်ခြမ်းမှ စိတ်ရိုင်းများကိုလည်း အထင်အသားမြင်တွေ့နေရသည်၊၊
လုပ်ကြံဖန်တီးထားသော သီအိုရီများ၊ လူသားမျိုးနွယ် ကျရှုံးတော့မည်ဟူသော အယူအဆများ၊ ဘာသာရေး အယူသည်းမှုများက ကွန်ရက်ပေါ်တွင် ပြည့်နှက်နေသည်၊၊ ဖက်ဒရေးရှင်း၏ ထိန်းချုပ်မှုမှာ အဆင့်မြင့်အကျိုးစီးပွားနှင့် သက်ဆိုင်သော အဓိကစကားလုံးအချို့ကိုသာ ကန့်သတ်ထားပုံရသည်၊၊ စိတ်ဖိစီးမှုကို လျှော့ချရန်အတွက်ဖြစ်နိုင်သလို အရွယ်ရောက်ပြီးဖြစ်သည့် လူတိုင်းကို အကြောင်းအရာများကန့်သတ်ချက်မျှမရှိဘဲ လွှတ်ပေးထားသည်၊၊
တစ်ဖက်ကကြည့်လျှင် ဤအချက်မှာ ဖက်ဒရေးရှင်း၏ ကျွမ်းကျင်သော လှည့်ကွက်တစ်ခုဟု လင်းရှန် ယူဆပေသည်၊၊ စစ်ဘက်ဆိုင်ရာ အခြေခံရှိသော အသက်ရှင်ကျန်ရစ်သူများကို သူတို့၏ ဖိနှိပ်ထားသော စိတ်ခံစားချက်များကို ကွန်ရက်ပေါ်တွင် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ပေးခြင်းဖြင့် စီမံခန့်ခွဲမှုကို ပိုမိုလွယ်ကူစေသည်၊၊ သို့မဟုတ်လျှင်လည်း ကမ္ဘာကြီးပျက်စီးတော့မည်ဖြစ်သောကြောင့် သူတို့ ဂရုမစိုက်တော့ခြင်းလည်း ဖြစ်နိုင်သည်၊၊
လင်းရှန်သည် သူ့အတွက် နှိုးစက်တစ်ခု ပေးထားသော်လည်း အိပ်မပျော်ခဲ့ပေ၊၊ ထိုအစား ကြယ်နက်ပန်းပဲဖို၏ ထုတ်လုပ်မှုအစီအစဥ်ကို ပြင်ဆင်နေလိုက်သည်၊၊
[ဂုဏ်ယူပါသည်၊၊ သင်၏ ယန္တရားထုတ်လုပ်မှုသည် အဆင့် ၆ သို့ တိုးတက်သွားပါပြီ]
အံ့သြစရာတော့ မဟုတ်ပေ၊၊ ထုတ်လုပ်မှုအစီအစဉ်ငါးခုစလုံးကို အပြည့်အဝ လည်ပတ်ထားသောကြောင့် လင်းရှန်၏ ယန္တရားထုတ်လုပ်မှု ကျွမ်းကျင်မှုမှာ လျင်မြန်စွာ တိုးတက်လာပြီး အဆင့်တက်သွားခြင်း ဖြစ်သည်၊၊ ထိုအချိန်တွင် ကြယ်နက်ပန်းပဲဖိုအတွင်းရှိ ကြယ်အဖွဲ့အစည်းကြီး၏ ထုတ်လုပ်မှုအရှိန်မှာလည်း တိတ်တဆိတ် မြန်ဆန်လာကာ အသစ်စက်စက် ထုတ်လုပ်မှုအစီအစဉ်တစ်ခု ထပ်မံပွင့်လာသည်၊၊
ယခုအချိန်တွင် လင်းရှန်၏ ကြယ်နက်ပန်းပဲဖို ဟင်းလင်းပြင်ထဲ၌ ဒရုန်းအစင်းတစ်ရာကျော်ရှိနေပြီဖြစ်သော်လည်း ယင်းမှာ မလုံလောက်သေးပေ၊၊ အရွယ်အစားကြီးမားသော ထူးဆန်းသော သတ္တဝါများကို ရင်ဆိုင်ရန်အတွက် အရေအတွက်မှာ အနည်းဆုံး ထောင်ဂဏန်းအထိ ရှိရန်လိုအပ်သည်၊၊
လင်းရှန်သည် ကြယ်နက်ပန်းပဲဖိုကို သုတေသနပြုရာတွင် စိတ်နှစ်ထားစဉ် ထူးခြားသော အသံတစ်ခုကြောင့် လန့်နိုးသွားသည်၊၊ သူ ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်ရာ အဝေးက ရပ်ကွက်များဆီမှ ပြင်းထန်သော အမြောက်သံများကို ကြားလိုက်ရသည်၊၊
သူသည် အခန်းထဲမှ အမြန်ထွက်ကာ ခေါင်မိုးပေါ်သို့ တက်ခဲ့သည်၊၊ မိုးမှာ မစဲသေးပေ၊၊ အချိန်မှာ နံနက် ၉ နာရီကျော်နေပြီဖြစ်သဖြင့် မိုးလင်းရန် တစ်နာရီပင် မလိုတော့ပေ၊၊ ကောင်းကင်ယံမှ ပျံသန်းရေးယာဉ်များ၏ အင်ဂျင်သံများကို အဆက်မပြတ်ကြားနေရသည်၊၊ မြို့စွန်ဘက်သို့ လှမ်းကြည့်လိုက်ရာ နံပါတ် ၁ မြို့တံတိုင်းအကျော်တွင် မီးတောက်များ လောင်ကျွမ်းနေပြီး အမြောက်ဆန်များ ဟိုဘက်ဒီဘက် ပျံသန်းနေသည်ကို မြင်ရသည်၊၊ တံတိုင်းမြင့်ပေါ်ရှိ ကာကွယ်ရေးလက်နက်ကြီးများကလည်း တရစပ်ပစ်ခတ်နေကြသည်၊၊
“E5 ကာကွယ်ရေးဇုန်ကို သတ္တဝါအုပ်ကြီး လာတိုက်နေပြီ၊၊ အဆင့် A ထူးဆန်းတဲ့ သတ္တဝါတွေလည်း ပါတယ်၊၊ အရေအတွက်က တစ်သိန်းကျော်နေပြီ၊၊ အပြင်မြို့ထဲကိုတောင် စတင်ကျူးကျော်နေပြီ”
အဖွဲ့ဝင်များ အခန်းထဲမှ အမြန်ထွက်လာကြသည်၊၊ ကျန်းယွမ်သည် ဆက်သွယ်ရေးသတင်းစကားကို လက်ခံရရှိကာ အားလုံးကို အသိပေးလိုက်သည်၊၊
“သူတို့ ပထမတံတိုင်းကို ဖောက်ထွက်သွားနိုင်မလား”
ချီလီက မေးလိုက်သည်၊၊
“မဖြစ်နိုင်လောက်ပါဘူး”
ကျန်းယွမ်က လေးနက်သောလေသံဖြင့် ပြန်ဖြေသည်။
“ဒီလောက် တိုက်ခိုက်မှုမျိုးက ထိန်းချုပ်လို့ရတဲ့ အတိုင်းအတာထဲမှာပဲ ရှိပါသေးတယ်၊၊ S-Class သတ္တဝါပေါ်မလာသရွေ့ ဒါမှမဟုတ် မွန်းစတားအုပ်ကြီးရဲ့ အရေအတွက်က ဒီထက်ပိုပြီး မများလာသရွေ့တော့ ပထမတံတိုင်းကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး”
“ဒါဆို မြို့အပြင်ဘက်က လူတွေကော” ကီကီက ဝင်မေးသည်၊၊
“ဘာမှလုပ်ပေးလို့ မရဘူး”
ကျန်းရှု့ဝေက ပြောသည်။
“ဒီလိုအခြေအနေမျိုးမှာ အပြင်မြို့ကလူတွေက တံတိုင်းဘက်ကို ဆုတ်ခွာရင်ဆုတ်ခွာ ဒါမှမဟုတ်ရင်လည်း လူစုခွဲပြီး အာရုဏ်ဦးမြို့တော်ရဲ့ အမြောက်တပ်အကူညီကိုပဲ အားကိုးပြီး ဘေးကင်းအောင် နေကြရတာပဲ၊၊ တခြားနည်းလမ်းမရှိဘူး”
“အပြင်ကလူတွေ ဝင်လာနိုင်အောင် မြို့တံခါး ဖွင့်မပေးဘူးလား”
နန်ကျင်းက မျက်မှောင်ကြုတ်ကာ မေးသည်၊၊
ကျန်းယွမ်က ခေါင်းခါပြလိုက်ရင်း ရှင်းပြသည်။
“သတ္တဝါအုပ်တွေ လာတာက အလှည့်ကျစနစ်လိုပဲ၊၊ အမှောင်အမှတ်အသားအားလုံးကို ရှင်းလင်းပြီးမှပဲ ငါတို့ လှုပ်ရှားလို့ရမယ်၊၊ မြို့စောင့်တပ်ရဲ့ တစ်စိတ်တစ်ပိုင်းက အပြင်မှာ စခန်းချထားတယ်၊၊ အပြင်မြို့စောင့်တပ်နဲ့ ရှင်သန်ရေးယာဉ်တန်းတွေအပြင် ပထမတံတိုင်းက တကယ့်နောက်ဆုံး ခံစစ်စည်းပဲ၊၊ အကယ်၍ တစ်နေရာပဲ အပေါက်ဖြစ်သွားရင်တောင် ဒီပထမတံတိုင်းကြီး တည်ဆောက်ခဲ့တာ အလကားဖြစ်သွားလိမ့်မယ်၊၊ ပြီးခဲ့တဲ့ S-Class သတ္တဝါတွေ သောင်းကျန်းတုန်းကတောင် ဒီတံတိုင်းကြီး မပြိုလဲခဲ့ဘူး၊၊ အခုလို တိုက်ခိုက်မှုမျိုးကိုတော့ မပြောနဲ့တော့”
Chapter 797
အဆင့်သတ်မှတ်ချက် ၃
“ငါသာဆိုရင် အပြင်မြို့မှာနေမယ့်အစား အာရုဏ်ဦးဗဟိုစင်တာဆီကိုပဲ နေ့ရောညပါ မနားပဲ အပြေးသွားမိမှာပဲ၊၊ အဲဒီနေရာက လွတ်လမ်းမရှိတဲ့ သတ္တဝါတွေရဲ့ အမဲလိုက်ကွင်းလို ဖြစ်နေပြီ”
မိုနီကာက လက်ပိုက်လျက် လေးလံသော မျက်နှာအမူယာဖြင့် ပြောလိုက်သည်၊၊
လင်းရှန်က သူမကို ကြည့်လိုက်သည်။
“အဲဒါက ပြောသလောက် မလွယ်ဘူး၊၊ အဲဒီယာဉ်တန်းတွေက အားနည်းတဲ့ အုပ်စုတွေလေ၊၊ သူတို့က ပထမတံတိုင်းရဲ့ အမြောက်ပစ်အားကို အားကိုးပြီးတော့ပဲ ရှင်သန်နေကြတာ…၊၊ အပြင်ဘက်ကို ထွက်ပြေးဖို့ဆိုတာ သူတို့အတွက်တော့ ကြီးမားတဲ့ လောင်းကစားပဲ၊၊ ဒီလို သာမန်လူတွေက အဲဒီလို မစွန့်စားရဲကြဘူး”
“ဟုတ်တယ် သူတို့မှာ တကယ်တော့ ရွေးချယ်စရာ မရှိရှာဘူး”
ကျန်းရှု့ဝေက ထောက်ခံသည်၊၊
အဝေးတစ်နေရာတွင် မီးရောင်များက မိုးရွာနေသော ညကောင်းကင်ယံကို လင်းထိန်စေသည်၊၊ အမြောက်သံများမှလွဲ၍ လင်းရှန်တို့အဖွဲ့သည် ဘာမှမကြားရသော်လည်း ထိုနေရာတွင် တိုက်ပွဲမည်မျှ ပြင်းထန်နေမည်ကို ခန့်မှန်းကြည့်၍ ရနိုင်သည်၊၊
လင်းရှန်သည် မနေ့ညက မြို့ထဲဝင်လာစဉ် မြင်တွေ့ခဲ့ရသော အသက်ရှင်ကျန်ရစ်သူယာဉ်တန်းများ၏ အဆုံးမရှိသော စခန်းချမြင်ကွင်းကို ပြန်လည်အမှတ်ရမိကာ စိတ်မကောင်းဖြစ်သွားသည်၊၊ အသက်ရှင်ကျန်ရစ်သူတွေ အစုလိုက်အပြုံလိုက် စုဝေးနေကြချိန်တွင် သေဆုံးမှုဆိုသည်မှာ ကိန်းဂဏန်းတစ်ခုထက် မပိုတော့တာမျိုး ဖြစ်သွားနိုင်သည်၊၊
ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် အမြောက်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားကာ တောက်လောင်နေသော မီးတောက်များမှာလည်း မရပ်မနား ရွာသွန်းနေသော မိုးရေများအောက်တွင် မှေးမှိန်သွားသည်၊၊ ပထမတံတိုင်းကြီးမှာမူ မယိုင်မလဲရှိနေဆဲပင်၊၊ လင်းရှန်တို့အဖွဲ့ ရှိနေသောနေရာမှ ထူးဆန်းသော သတ္တဝါတစ်ကောင်တစ်လေမျှပင် မမြင်ရသည်ကို ကြည့်ခြင်းအားဖြင့် အာရုဏ်ဦးမြို့တော်၏ ခံစစ်အင်အားမှာ အလွန်တောင့်တင်းကြောင်း သိသာလှသည်၊၊
“လုထျန်းယဲ့ရဲ့ တပ်ဖွဲ့တွေ အဲဒီမှာ ရှိနေတာပဲ၊၊ တကယ် ထူးခြားတဲ့ သတ္တဝါမျိုး မဟုတ်ရင်တော့ အသေအပျောက် နည်းပါလိမ့်မယ်၊၊ မြို့စောင့်တပ်က အသက်ရှင်ကျန်ရစ်သူတွေကြားမှာ ညကင်းလှည့်အဖွဲ့ထက်စာရင် ပိုပြီး ယုံကြည်ရတယ်”
ကျန်းယွမ်က သက်ပြင်းချကာ လင်းရှန်ဘက်သို့ လှည့်လိုက်သည်၊၊
“မိုးလင်းတော့မယ်၊၊ မင်း ဘယ်လိုစီစဉ်ထားလဲ”
“ငါတို့ အဲဒီကို တိုက်ရိုက်သွားမယ်၊၊ ငါတို့ကို ကြိုမယ့်သူ ရှိတယ်”
ထိုအခါ ကျန်းရှု့ဝေက လင်းရှန်ကို ကြည့်လိုက်သည်။
“ကျွန်မက ငွေကြယ်အဖွဲ့ကို အရင်စုစည်းလိုက်ဦးမယ်၊၊ ပြီးမှ ရှင်တို့နဲ့ လာဆုံမယ်၊၊ အကယ်၍ ချူကျောက်နန်က ချက်ချင်း လှုပ်ရှားလာရင် ကျွန်မတို့ အချိန်မရွေး ရွေ့ပြောင်းဖို့ အသင့်ဖြစ်နေရမယ်”
လင်းရှန်က ခေါင်းညိတ်ပြလိုက်သည်၊၊
“ကောင်းပြီ၊၊ ဒါဆို ကျင်းဟိုင်နဲ့ ချိတ်ဆက်ထားလိုက်ပါ၊၊ အစောပိုင်း အစီအစဉ်ကတော့ ဇန်ဂိတ် ချင်းပိုကနေတစ်ဆင့် အာရုဏ်ဦးမြို့တော်ကို ပတ်သွားဖို့ပဲ၊၊ ဒါပေမဲ့ အခြေအနေပေါ် မူတည်ပြီးတော့ပဲ လုပ်ကြတာပေါ့”
ထိုနောက် လင်းရှန်သည် ဆက်သွယ်ရေးစက်တစ်ခုကို ထုတ်ယူကာ အားလုံးနှင့် ချိတ်ဆက်နိုင်ရန် လှိုင်းနှုန်းတစ်ခု သတ်မှတ်ပေးလိုက်သည်၊၊
“လိုင်းနံပါတ် ၀၁ ကတော့ အနန္တမဟာမိတ်အဖွဲ့အတွက်ပဲ၊၊ နောက်ပိုင်း အဖွဲ့လိုက်ညှိနှိုင်းတာတွေကို ဒီကနေပဲ လုပ်မယ်၊၊ လိုင်းနံပါတ် ၀၂ ကတော့ ငါတို့ရဲ့ အတွင်းပိုင်းလိုင်းပဲ၊၊ အဓိကကတော့ အာရုဏ်ဦးမြို့တော် နယ်ပယ်ထဲမှာ ဆက်သွယ်ဖို့ပေါ့”
နံနက် ၁၀ နာရီ ၁၅ မိနစ်သို့ ရောက်သောအခါ တိတ်ဆိတ်မြို့တော်၏ ကောင်းကင်ကို ဖုံးလွှမ်းထားသော အနက်ရောင်လိုက်ကာကြီးသည် ဒီရေအလား ပြန်လည်ဆုတ်ခွာသွားပြီး မိုးဖွဲဖွဲရွာနေသော နံနက်ခင်းအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်၊၊ မြို့စောင့်တပ်၏ ကင်းလှည့်ဒရုန်းများလည်း ကောင်းကင်ယံမှ ပျောက်ကွယ်သွားကြသည်၊၊
ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်ပြီဖြစ်သည်၊၊
E5 ကာကွယ်ရေးဇုန်တွင် တိမ်တိုက်များကြားမှ မီးခိုးရောင်အလင်းတန်းများက အာရုဏ်ဦးမြို့တော်၏ မီတာတစ်ရာမြင့်သော သံမဏိတံတိုင်းကြီးပေါ်သို့ ကျရောက်နေသည်၊၊ ခံစစ်တံတိုင်းကြီး၏ အပေါ်ဘက်တွင် လျှပ်စစ်သံလိုက်အမြောက်များ၊ အမြောက်ကြီးများနှင့် arc အမြောက်များ စသည့် လက်နက်ကိရိယာများ အစီရီရှိနေသည်၊၊ မိုးစက်များက အမြောက်ပြောင်းများကို စိုစွတ်စေကာ သတ္တဝါများ၏ လက်သည်းရာများနှင့် အက်ကြောင်းများကြားမှ စီးဆင်းသွားပြီး မကြာသေးမီက တိုက်ပွဲမှ ကျန်ရစ်သော အနက်ရောင် အကြွင်းအကျန်များကို ဆေးကြောသန့်စင်ပေးနေသည်၊၊
မြို့အတွင်း၌မူ နီယွန်မီးရောင်များမှာ အားလုံး မငြိမ်းသေးပေ၊၊
ရပ်ကွက်အသီးသီးတွင် ခိုလှုံနေသော အသက်ရှင်ကျန်ရစ်သူများမှာ ပျားအုံတစ်ခု နိုးထသကဲ့သို့ ထွက်လာကြသည်၊၊ အချို့ယာဉ်တန်းများမှာ အသင့်ဖြစ်နေပုံရပြီး မိုးလင်းသည်နှင့် ချက်ချင်း ထွက်ခွာကြသည်၊၊ ပြုပြင်ထားသော ကားအမျိုးမျိုးမှာ လမ်းကျဉ်းလေးများထဲမှတစ်ဆင့် မြို့ပြင်ထွက်မည့် လမ်းမကြီးများဆီသို့ ဦးတည်မောင်းနှင်နေကြသည်၊၊ ယာဉ်တန်းများစွာက တစ်ပြိုင်နက် ထွက်ခွာရန် ကြိုးစားနေသောကြောင့် လမ်းမကြီးအချို့တွင် ကားပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်၊၊ လမ်းဘေးတွင်လည်း ယာဉ်တန်းငယ်အချို့က အခြားအဖွဲ့များနှင့် ပူးပေါင်းလိုကြောင်း သို့မဟုတ် နောက်က လိုက်ပါလိုကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စောင့်ဆိုင်းနေကြသည်၊၊
လင်းရှန်နှင့် ကျန်းယွမ်တို့သည် အဖွဲ့ဝင်အချို့နှင့်အတူ ပြုပြင်ထားသော လမ်းကြမ်းမောင်းကားတစ်စီးဖြင့် မြို့ဟောင်းရပ်ကွက်ထဲသို့ မောင်းဝင်လာခဲ့ကြသည်၊၊ ကားပြတင်းပေါက်မှတစ်ဆင့် အတွင်းမြို့တော်ရှိ အမြွှာကြယ်မျှော်စင်အတွင်းဘက်တွင် လွင့်မျောနေသော ခမ်းနားလှသည့် မြို့ပတ်ကွင်းကြီးကို မြင်နေရသည်၊၊ ယင်းမှာ မူလက ကြယ်မြို့တော်၏ အရှိန်မြင့် သံလိုက်ပို့ဆောင်ရေးလမ်းကြောင်းဖြစ်ပြီး ကမ္ဘာ့ပတ်လမ်းအနိမ့်မှပင် မြင်တွေ့နိုင်သော ထင်ရှားသည့် အမှတ်အသားတစ်ခုဖြစ်ခဲ့သည်၊၊
သို့သော် ကမ္ဘာပျက်ကပ်ပြီးနောက်တွင်မူ ကြယ်မြို့တော်၏ မြို့ပတ်ကွင်းကြီးမှာ လုံးဝရပ်တန့်သွားခဲ့ပြီဖြစ်သည်၊၊ လမ်းကြောင်း၏ သုံးပုံတစ်ပုံမှာ ပြိုကျနေပြီး ပျက်စီးနေသော မြို့ပြအဆောက်အအုံကြီးအဖြစ်သာ ကျန်ရှိတော့ကာ တစ်ချိန်က လူသားတို့၏ နည်းပညာတိုးတက်မှုကို အသံတိတ် ပြောပြနေသကဲ့သို့ ရှိသည်၊၊
လမ်းတစ်လျှောက်တွင် မြို့နေလူထုကို ပိုမိုမြင်တွေ့လာရသည်၊၊ သွေးပဲစေ့လက်ခံသော အလိုအလျောက်အရောင်းစက်များ ရှေ့တွင် လူတန်းရှည်ကြီးများ ဖြစ်နေသည်၊၊ သွေးပဲစေ့ထည့်သည့်အပေါက်မှာ သံချေးတက်နေပြီး ရံဖန်ရံခါ ညပ်နေတတ်သောကြောင့် ဆဲဆိုသံအချို့ ထွက်ပေါ်နေတတ်သည်၊၊ လမ်းဘေးတွင် ဈေးသည်များက မိုးကာတဲများထိုးကာ ပရိုတင်းတောင့်များ၊ ရေသန့်ဗူးများနှင့် သက်တမ်းမကုန်သေးသော စားသောက်ကုန်များကို ရောင်းချနေကြသည်၊၊ အေးစက်သော မိုးရေထဲတွင် နွေးထွေးသော ရေငွေ့များက မြို့တစ်ခုလုံးရှိ စိုစွတ်သော ကွန်ကရစ်နံ့များနှင့် ရောယှက်နေတော့သည်၊၊
မြို့တံတိုင်းပေါ်ရှိ ကင်းမျှော်စင်တွင် ကင်းစောင့်အချို့မှာ သမ်းဝေရင်း နီရဲနေသော မျက်လုံးများကို ပွတ်နေကြသည်၊၊ သူတို့၏ ဖန်သားပြင်များပေါ်တွင် E5 ကာကွယ်ရေးဇုန်မှလွဲ၍ ကျန်နေရာများမှာ ကြည်လင်နေသည်၊၊ ရေဒါနှင့် ဝိညာဉ်လှိုင်းစကင်ဖတ်စက်များတွင်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ၊၊
ဘေးကင်းသည်၊၊
မိုးလင်းခဲ့ပြီ၊၊ အနည်းဆုံးတော့ ဒီနေ့အတွက် အာရုဏ်ဦးမြို့တော်သည် ဆက်လက် ရှင်သန်နေဆဲပင် ဖြစ်သည်၊၊
မြို့အဝင်အထွက်မှလွဲလျှင် အာရုဏ်ဦးမြို့တော်၏ အတွင်းပိုင်းစည်းမျဉ်းများမှာ ထင်သလောက် တင်းကျပ်မှုမရှိပေ၊၊ အကြောင်းမှာ ကမ္ဘာပျက်ဒုက္ခသည် အရေအတွက်က များပြားလွန်းလှပြီး ဖက်ဒရေးရှင်း၏ စီရင်ပိုင်ခွင့်မှာလည်း စွမ်းအင်၊ ပြည်သူ့လုံခြုံရေး၊ ရိက္ခာထောက်ပံ့မှုနှင့် အမှောင်ထုကျူးကျော်မှု စစ်ဆေးထိန်းချုပ်ရေးတို့တွင်သာ အာရုံစိုက်ထားသောကြောင့် ဖြစ်သည်၊၊ ထို့ပြင် ဖက်ဒရေးရှင်းသည် သွေးပဲစေ့ကို ငွေကြေးအဖြစ် အသုံးခွင့်ပြုထားသည်၊၊ ယင်းတို့မှလွဲလျှင် အများပြည်သူလုံခြုံရေးကို မထိခိုက်သည့် မည်သည့်လုပ်ရပ်ကိုမဆို ကန့်သတ်ခြင်းမရှိပေ၊၊
ဖျော်ဖြေရေး၊ ကုန်သွယ်ရေး၊ လက်နက်တပ်ဆင်မှုနှင့် စွမ်းအားရှင်ကိစ္စများ—မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ပြီး မည်သူကမျှ လာရောက်စွက်ဖက်မည်မဟုတ်ပေ၊၊ ဤနေရာကို မြို့တစ်မြို့ဟု ခေါ်မည့်အစား ဒုက္ခသည်များစုဝေးရာ စခန်းကြီးတစ်ခုဟု ခေါ်ဆိုလျှင် ပို၍မှန်ကန်ပေလိမ့်မည်၊၊ ဖက်ဒရေးရှင်း၏ အဆင့်မြင့်အရာရှိများသည် အုပ်ချုပ်ရေးကိစ္စများကို စိုးရိမ်ခြင်းမရှိဘဲ မြို့ပြခံစစ်နှင့် အရင်းအမြစ်များကိုသာ အဓိကထားကြသည်၊၊
ကမ္ဘာပျက်ကပ်ကြီးအောက်တွင် အနာဂတ်ကို မြင်တွေ့နိုင်ခြင်းမရှိသောကြောင့် လူတိုင်းမှာ ရှင်သန်နိုင်ရေးအတွက်သာ အစွမ်းကုန် ရုန်းကန်နေကြရသည်၊၊
လင်းရှန်သည် တာ့လိုခရီးသွားအဖွဲ့စည်းဆိုသည်မှာ ဘာလဲဟု မသိသော်လည်း သူတို့၏ လမ်းကြမ်းမောင်းကားသည် ပန်းရောင်မီးရောင်များ လင်းထိန်နေသော ဘားတန်းများရှိသည့် လမ်းထဲသို့ ရောက်ရှိလာသောအခါ ခန့်မှန်းမိသွားသည်၊၊ လမ်းတစ်လျှောက်တွင် မလုံ့တလုံအဝတ်အစားများဖြင့် အမျိုးသမီးများစွာကို အစုလိုက်ပြုံလိုက် မြင်တွေ့နေရသည်၊၊
ဤနေရာသည် ဥပဒေမဲ့ဇုန်တစ်ခုပင် ဖြစ်သည်၊၊
မိုးဖွဲဖွဲကျနေပြီး လမ်းဘေးတစ်ဖက်တစ်ချက်ရှိ အမျိုးသမီးများသည် ထီးကိုယ်စီ ကိုင်ဆောင်ထားကြသည်၊၊ သူမတို့၏ ရင်ဟိုက်နေသော ဝတ်စုံများနှင့်အတူ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် သေနတ်များကိုလည်း ကိုင်ဆောင်ထားကြသည်၊၊ ဤနေရာတွင် အမျိုးသမီး အမျိုးမျိုးကို မြင်တွေ့နိုင်သော်လည်း သူမတို့၏ မျက်နှာထက်တွင်မူ တူညီသော ခံစားချက်တစ်ခုသာ ရှိနေသည်၊၊ ယင်းမှာ အစွန်းရောက် ထုံထိုင်းမှုနှင့် ဖိစီးမှုတို့ပင်ဖြစ်သည်၊၊ ရှင်သန်ရုံမှလွဲလျှင် ဘဝတွင် အခြားမည်သည့် အဓိပ္ပာယ်မျှ မရှိတော့သကဲ့သို့ပင်၊၊
ကားဝင်လာသည်နှင့် လမ်းလယ်ရှိ အမျိုးသမီးများသည် လမ်းပေါ်မှ လမ်းဘေးသို့ ဖြည်းဖြည်းချင်း တိုးပေးကြသည်၊၊ ထိုသို့လုပ်ဆောင်ခြင်းက ကားမောင်းသူများကို အရှိန်လျှော့စေပြီး သူမတို့ကို မကြည့်ဘဲ မနေနိုင်အောင် ဖန်တီးလိုက်ခြင်းပင် ဖြစ်သည်၊၊
ကားသည် ခရိုင်ဟောင်း၏ အနက်ရှိုင်းဆုံးနေရာသို့ တဖြည်းဖြည်း မောင်းဝင်လာခဲ့သည်၊၊ ယင်းနေရာသည် ယခင်က အာရုဏ်ဦးမြို့တော်၏ မြောက်ဘက်ပိုင်းဖြစ်သည်၊၊ အဆောက်အအုံများမှာ ဟောင်းနွမ်းညစ်ပတ်ကာ ကျဉ်းကျပ်လှသည်၊၊ ဤနေရာကို ကြီးမားသော ယာဉ်တန်းအချို့က သိမ်းပိုက်ထားပြီး ပြည့်တန်ဆာလုပ်ငန်း၊ လောင်းကစားခြင်း၊ တရားမဝင်ကိုယ်အင်္ဂါအစိတ်အပိုင်း ပြုပြင်ခြင်းနှင့် ထူးဆန်းသော သတ္တဝါများမှရသည့် ပစ္စည်းများဖြင့် လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများဖြင့် ပြည့်နှက်နေသည်၊၊