အခန်း (၈၀၀-၈၀၁)
Vol. 47 Ch. 800-801
Chapter 800
လခြမ်းကွေးစစ်ဆင်ရေး ၃
“အဲဒါက ရိုးရှင်းပါတယ်”
လင်းရှန်က ကြားဖြတ်ပြောလိုက်သည်။
“ဒီစီမံကိန်းကို ချူကျောက်နန်က ကြိုးကိုင်နေတာဆိုမှတော့ သူ့ရဲ့ အသိစိတ်ကို ခိုးယူလိုက်ရင် ရပြီလေ၊၊ အဲဒါဆိုရင် စတင်မယ့်အချိန်ရော အသေးစိတ်လုပ်ဆောင်ချက်တွေကိုပါ သိနိုင်မှာပဲ”
“မရဘူး၊၊လောလောဆယ် ချူကျောက်နန်ရဲ့ လှုပ်ရှားမှုတွေက ငါတို့အတွက် သတင်းအချက်အလက် အနည်းဆုံးပဲ၊၊ ပြီးတော့...”
“ငါတို့ အရင်က ကြိုးစားကြည့်ဖူးတယ်”
လင်းရှန်ဘေးရှိ ချူယန်က ဝင်ပြောသည်။
“တပ်မှူးယဲ့နဲ့ ချူကျောက်နန်တို့ တွေ့တုန်းက ငါလည်း ပါခဲ့တယ်၊၊ ချူကျောက်နန်ရဲ့ စိတ်စွမ်းအားက အရမ်းသန်မာတယ်၊၊ သူ အိပ်ပျော်နေတာမျိုးမဟုတ်ရင်တော့ သူ့ဆီက သတင်းရဖို့ မဖြစ်နိုင်ဘူး”
“ဖက်ဒရေးရှင်း ဥက္ကဋ္ဌကို အိပ်အောင်လုပ်ဖို့ဆိုတာ သူ့ကို တိုက်ရိုက်ပြန်ပေးဆွဲတာလောက်ကို ခက်လိမ့်မယ်”
ချီနိုက စီးကရက်ပြာကို ခါထုတ်လိုက်ရင်း ပြောသည်။
“ချူကျောက်နန်ရဲ့ ဘေးမှာ လော့မင်ရဲ့ အလင်းတမန်အဖွဲ့နဲ့ မြို့စောင့်တပ်တွေ အထပ်ထပ်ဝန်းရံထားတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ကျုပ်တို့ မသိရဘူး၊၊ ဒီအစီအစဉ်ကတော့ မဖြစ်နိုင်ဘူး”
“ဒါဆို ရှေ့တန်းစီမံကိန်းမှာ ပါဝင်နေတဲ့ တခြားလူတွေကော”
လင်းရှန်တို့ဘက်မှ မိုနီကာက မေးလိုက်သည်၊၊
“စာရင်းကို ပိတ်သိမ်းထားတယ်၊၊ ရှေ့တန်းစီမံကိန်း လွှတ်တင်မယ့်အချိန်ကို ဘယ်သူမှ မသိဘူး၊၊ သိထားတာကတော့ စီမံကိန်းကို တာဝန်ယူထားတဲ့သူက စုကျင်းလို့ ခေ့ါ်တယ်၊၊ စီမံကိန်းမှာပါတဲ့ မိုးကုတ်စက်ဝိုင်းအလွန်အဆင့် ကြယ်သင်္ဘောတစ်စင်းရဲ့ ကပ္ပတိန်က ချူကျောက်နန်ရဲ့သား ချူကျင်းပဲ၊၊ သူက ရေတပ်အကယ်ဒမီဆင်း… ပြီးတော့ လျောင်ပင်လယ်ရေတပ်ရဲ့ ဗိုလ်မှူးကြီးဟောင်း တစ်ယောက်ပဲ”
ချူယန်က ပြောပြသည်၊၊
“ဝိုး၊၊ ဥက္ကဋ္ဌရဲ့ သားဆိုရင်တော့ သူ သိမှာပဲ”
ကီကီကလည်း ဝင်မေးသည်၊၊
“အဲဒါလည်း အတူတူပဲ၊၊ စုကျင်းပဲဖြစ်ဖြစ်၊ ချူကျင်းပဲဖြစ်ဖြစ် ရှေ့တန်းစီမံကိန်းမှာ ပါဝင်တဲ့သူတိုင်းက လောလောဆယ် ထိပ်တန်းလျှို့ဝှက်အဆင့်အောက်မှာ ရှိနေတယ်၊၊ ဘယ်သူမှ သူတို့ ဘယ်မှာလဲဆိုတာ မသိကြဘူး”
“တစ်နည်းအားဖြင့် ပြောရရင် သူတို့က အချိန်မရွေး ကောင်းကင်ပေါ် ပျံတက်သွားနိုင်တယ်ပေါ့”
ချီလီက မျက်မှောင်ကြုတ်ကာ ပြောသည်၊၊
“ဟုတ်တယ်” ရှုကျန်းယွဲ့က ခေါင်းညိတ်လိုက်သည်။
“ဒါကြောင့် ငါတို့က အချိန်ပြိုင်ပွဲဝင်နေရတာပဲ”
“တစ်ယောက်ယောက်တော့ သိမှာပါ... အနည်းဆုံးတော့ တစ်စိတ်တစ်ပိုင်းပေါ့”
လင်းရှန်က ဝင်ပြောလိုက်သည်။
“ဗိုလ်ချုပ်ရှု၊၊ စောစောက ပြောခဲ့သလို ကျိုးမင်ယွမ်တို့အုပ်စုက အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းပြီး အတွင်းမြို့တော်ကို ထိန်းချုပ်ဖို့ ပြင်နေတယ်ဆိုရင် အနီရောင်ကမ္ဘာရဲ့ အခု လှုပ်ရှားမှုတွေကို သူတို့ သိနေမှာပေါ့”
ရှုကျန်းယွဲ့က ခေါင်းညိတ်လိုက်သည်။
“မင်းပြောတာ မှန်တယ်၊၊ ငါတို့လည်း အဲဒါကို စဉ်းစားပြီးသားပါ၊၊ ဒါပေမဲ့ ပိုပြီး စိတ်ရှုပ်ဖို့ကောင်းတဲ့ ပြဿနာတစ်ခုကတော့ အနီရောင်ကမ္ဘာနဲ့ အာရုဏ်ဦးမြို့တော်…. ဒီနှစ်ခုကြားမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမျိုး ရှိနေလဲဆိုတာပဲ”
“ယုတ္တိဗေဒအရဆိုရင် ဖက်ဒရေးရှင်းက နှစ်ခြမ်းကွဲနေတယ်၊၊ အနီရောင်ကမ္ဘာက ဘယ်လိုလုပ်ပြီး တစ်ဖက်က ချူကျောက်နန်… တစ်ဖက်ကလည်း ကျိုးမင်ယွမ်နဲ့ ပူးပေါင်းပြီး ချူကျောက်နန်ကို ပြန်တိုက်မှာလဲ”
“အနီရောင်ကမ္ဘာထဲမှာပဲ အုပ်စုနှစ်စု ကွဲနေတာမျိုးများလား”
“အုပ်စု ဘယ်နှစ်စုပဲ ကွဲကွဲ… အခုချိန်မှာ အဲဒါက အရေးမကြီးတော့ဘူး မဟုတ်လား”
“ငါထင်တာကတော့ ဒီအချက်ကို ထည့်စဉ်းစားဖို့ လိုမယ်”
“ဒါဆို ကျိုးမင်ယွမ်ဘက်ကနေ စတာကတော့ ပိုလွယ်တဲ့အစီအစဉ်ပဲ”
ချီနိုက ခေါင်းညိတ်ရင်း ပြောလိုက်သည်၊၊
“ဒါဆိုရင် ငါတို့ ဒီနေရာကနေပဲ စပြီး ထိုးဖောက်ကြတာပေါ့”
ရှုကျန့်ယွဲ့က အားလုံးကို ကြည့်ပြီးနောက် ဟိုလိုဂရပ်ဖစ်မြင်ကွင်းကို ချိန်ညှိလိုက်သည်။
“ပိုထိရောက်စေဖို့အတွက် စစ်ဆင်ရေးကို လူခွဲပြီး တစ်ပြိုင်နက်တည်း လှုပ်ရှားမယ်”
သူက ချူယန်ဘက်သို့ လှည့်လိုက်သည်။
“ချူယန်၊၊ မင်းရဲ့ ပစ်မှတ်က ကျိုးမင်ယွမ်ပဲ”
“ကောင်းပါပြီ”
ချီနိုက လက်ထောင်လိုက်သည်။
“ဝမ်ဟွေ့က အရေးပါတဲ့လူပဲ၊၊ သူ့ကို ကျုပ်တာဝန်ယူမယ်၊၊ ညလမ်လျှောက်သူအဖွဲ့မှာ စစ်ဆင်ရေးအဖွဲ့ သုံးဖွဲ့ ကျန်သေးတယ်၊၊ အဲဒီအဖွဲ့တွေကိုတော့ ကျိုးမင်ယွမ်ရဲ့ နောက်လိုက်တွေဖြစ်တဲ့ မြို့စောင့်တပ်ဖွဲ့နဲ့ လူဦးရေထိန်းချုပ်ရေးဗျူရိုက အဓိကအရာရှိတွေဆီမှာပဲ အာရုံစိုက်ခိုင်းလိုက်မယ်”
“နောက်တစ်ယောက် ကျန်သေးတယ်၊၊ အဲဒါ ဝမ်တုံပဲ၊၊ သူက အရင်တုန်းက အဖြူရောင်မြို့တော်မှာရှိတဲ့ အနီရောင်ကမ္ဘာရဲ့ စစ်ဆင်ရေးအချို့မှာ ပါဝင်ခဲ့ဖူးတယ်၊၊ သူ့ဆီကနေ တစ်ခုခုတော့ ရနိုင်မှာပဲ”
အဖွဲ့ခေါင်းဆောင်တစ်ဦးက ဝင်ပြောလိုက်သည်၊၊
“ဒါပေမဲ့ ဝမ်တုံကို အခုတလော အတွင်းမြို့တော်ထဲမှာ မမြင်တာ ကြာပြီ”
“သူ ဘယ်မှာလဲဆိုတာ ကျုပ်သိတယ်”
ထိုအချိန်တွင် လင်းရှန်တို့အုပ်စုထဲမှ တစ်ချိန်လုံး စကားမပြောဘဲ ငြိမ်နေသော ကျန်းယွမ်က ရုတ်တရက် ဝင်ပြောလိုက်သည်။
“ဂါလက်ဂါ မှောင်ခိုဈေးကွက်မှာ ချင်ဖုန်းလို့ခေါ်တဲ့ ယန္တရားစွမ်းအားရှင် တစ်ယောက်က ငွေကြယ်ရထားကို သုံးပြီး လူသစ်တွေ စုဆောင်းနေတယ်၊၊ အဲဒါက အတော်လေး ဟိုးလေးတကျော် ဖြစ်နေတယ်၊၊ ခင်ဗျားတို့လည်း သတိထားမိကြမှာပါ၊၊ ငွေကြယ်ဆိုတာ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ပိုင်ဆိုင်မှုပဲ၊၊ အရင်က ကြယ်မြို့တော် ဂြိုဟ်ပတ်ဘူတာရုံမှာ ဝမ်တုံက ထိန်းချုပ်ထားခဲ့တယ်၊၊ ဒီလောက် အရေးကြီးတဲ့ ပစ္စည်းတစ်ခုက အသက်ရှင်ကျန်ရစ်သူစခန်းထဲမှာ ပေါ်လာတယ်ဆိုတော့ ဖက်ဒရေးရှင်းနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိကိုရှိရမယ်”
“ငါတို့ တကယ်ပဲ သတိထားမိပါတယ်”
ထိုခဏတွင် ချူယန်က လင်းရှန်ကို ကြည့်လိုက်သည်။
“ဖီးနစ်ရဲ့ မှတ်တမ်းထဲမှာ ဒီ ချင်ဖုန်းဆိုတဲ့လူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တစ်ခုမှ မရှိဘူး၊၊ လောလောဆယ်တော့ ငါတို့ရဲ့ တခြားကင်းထောက်တွေက သူ့ကို စောင့်ကြည့်နေကြတုန်းပဲ”
“ယန္တရားစွမ်းအားရှင်မို့လို့လား” လင်းရှန်က မေးလိုက်သည်၊၊
“ဟုတ်တယ်၊၊ ဖီးနစ်က အဲဒါကို အရမ်းစိတ်ဝင်စားနေတယ်”
“ငါလည်း စိတ်ဝင်စားတယ်” လင်းရှန်က ပြောသည်၊၊
“ဒါဆို ဒီကိစ္စကို ကျုပ်ကိုပဲ လွှဲထားလိုက်ပါ”
သံမဏိအစောင့်တပ်ရင်း ၈၃ အထူးစစ်ဆင်ရေးအဖွဲ့ခေါင်းဆောင် ကျိုးကျင်းက ဝင်ပြောသည်။
“ကျုပ်အဖွဲ့ကို ဦးဆောင်ပြီး အဲ့ဒီချင်ဖုန်းဆိုတဲ့ကောင်ကို သွားဖမ်းမယ်၊၊ ဝမ်တုံပါ ဆွဲထုတ်နိုင်မလား ကြည့်ရတာပေါ့”
“ကောင်းပြီ” ရှုကျန်းယွဲ့က ချက်ချင်းပင် စီစဉ်လိုက်သည်။
“ဒီအတိုင်းပဲ လုပ်ကြမယ်၊၊ ဆက်သွယ်ရေးလိုင်းတွေ ပြင်ဆင်ပြီး အခုပဲ စတင်ကြတော့”
လင်းရှန်က သူ့ကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“ဗိုလ်ချုပ်ရှု၊၊ ကျုပ်ကရော”
ရှုကျန့်ယွဲ့က သူ့ကို ပြန်ကြည့်လိုက်သည်။
“ကပ္ပတိန်လင်း… မင်းက ဒီဘက်မှာ တိုးတက်မှု တစ်ခုခုရတာနဲ့ မင်းရဲ့ အကူအညီလိုလာလိမ့်မယ်၊၊ အခု စုံစမ်းထောက်လှမ်းတဲ့ အလုပ်တွေကိုတော့ ငါတို့ စစ်ဆင်ရေးအဖွဲ့တွေကိုပဲ လွှတ်ထားလိုက်ပါ”
“အဲဒါတော့ မဟုတ်သေးဘူး”
လင်းရှန်က ရုတ်တရက် ငြင်းဆန်လိုက်သဖြင့် ကျိုးကျင်း၊ ချီနိုနှင့် အခြားသူများ၏ အကြည့်က သူ့ထံသို့ ရောက်လာကြသည်၊၊
လင်းရှန်က သူ့နောက်က အဖွဲ့ဝင်များထံ ညွှန်ပြရင်း ပြောလိုက်သည်၊၊
“ဗိုလ်ချုပ်ရှု ကိုယ်တိုင်ပဲ ပြောခဲ့တယ်လေ၊၊ ဒါက အရေးတကြီးကိစ္စဖြစ်သလို လူသားမျိုးနွယ် ရှင်သန်ရေးနဲ့လည်း ဆက်စပ်နေတယ်ဆိုတော့… ကျုပ်တို့ကို ဒီမှာပဲ ထိုင်ပြီး သတင်းစောင့်ခိုင်းနေတာကတော့ ယဉ်ကျေးလွန်းနေပါပြီ၊၊ ကျုပ်တို့ ဒီကို လာဖို့ ရွေးချယ်ခဲ့ကတည်းက အန္တရာယ်ဘယ်လောက်ရှိလဲဆိုတာ သိပြီးသားပါ၊၊ အခုက အန္တရာယ်အရှိဆုံးအချိန်တောင် မရောက်သေးဘူး၊၊ စုံစမ်းရေးအပိုင်းမှာ ကျုပ်လည်း ကူညီနိုင်ပါတယ်”
သူက ကျိုးကျင်းကို ကြည့်လိုက်သည်။
“ခေါင်းဆောင်ကျိုး၊၊ ဝမ်တုံကိစ္စမှာ ကျုပ်တို့ကိုပါ ခေါ်သွားပါ၊၊ ယန္တရားစွမ်းအားရှင်၊ ငွေကြယ်၊ ဝမ်တုံ—ဒီသုံးခုစလုံးက ကျုပ်တို့နဲ့ ဆက်စပ်နေတာပဲ”
လင်းရှန်က ပြုံးလိုက်ရင်း ပြောသည်၊၊
“တကယ်တော့ ကျုပ်တို့ ကိုယ်တိုင်ကလည်း အဲဒီအစီအစဉ်ကို စိတ်ဝင်စားနေတယ်”
ရှုကျန်းယွဲ့က ခေါင်းညိတ်လိုက်ပြီး လင်းရှန်နှင့် ချူယန်တို့ကို တစ်ချက်ကြည့်ကာ ခွင့်ပြုလိုက်သည်။
“ကောင်းပြီ၊၊ ဒါပေမဲ့ မင်းတို့ရဲ့ အထောက်အထားကိုတော့ ဖုံးကွယ်ထားကြပါ၊၊ ဖက်ဒရေးရှင်းက သိသွားရင် နောက်ပိုင်းအစီအစဉ်တွေ ရှုပ်ထွေးသွားနိုင်တယ်”
“အဲဒါကတော့ လွယ်ပါတယ်”
လင်းရှန်က သူ့အဖွဲ့ဝင်များဘက်သို့ လှည့်ကြည့်လိုက်သည်၊၊
“အခုကစပြီး ကျုပ်တို့အားလုံးက ခေါင်းဆောင်ကျိုးရဲ့ အဖွဲ့ဝင်တွေပဲ၊၊ ချင်ဖုန်းရဲ့ ယာဉ်တန်းထဲ ဝင်ဖို့အတွက် လူသစ်စုဆောင်းပွဲကို လာစုံစမ်းတဲ့သူတွေအဖြစ် ဟန်ဆောင်ကြတာပေါ့”
…
ထိုသို့ဖြင့် အစည်းအဝေး ပြီးဆုံးသွားသည်၊၊ လင်းရှန်တို့အဖွဲ့သည် ကျိုးကျန်းနှင့်အတူ ဂါလက်ဂါ မှောင်ခိုဈေးကွက်သို့ သွားရန် ပြင်ဆင်ကြသည်၊၊ စစ်ဆင်ရေး မစတင်မီ ချူယန်သည် လင်းရှန်ကို ရှာကာ သီးသန့်စကားပြောခဲ့သည်၊၊
“နင့်ရဲ့ အတွေးကို ငါ နားလည်ပါတယ်၊၊ ဒါပေမဲ့ ဗိုလ်ချုပ်ရှုက နင့်ကိုစစ်ဆင်ရေးထဲ မထည့်တာဟာ နင့်ရဲ့ လုံခြုံရေးအတွက် တစ်ခုတည်းကြောင့် မဟုတ်ဘူးဆိုတာကို ယုံကြည်ပေးပါ”
“နောက်ထပ် ဘာရှိသေးလို့လဲ”
ချူယန်က တည်ငြိမ်သော အမူအရာဖြင့် ကြည့်နေသည်၊၊ သူမ၏ ခန္ဓာကိုယ်မှာ ယန္တရားအစိတ်အပိုင်းများဖြစ်သော်လည်း သူမဆီမှ သင်းပျံ့သော ပန်းရနံ့လေး ရနေသည်ကို လင်းရှန် သတိထားမိသည်၊၊ သူမ၏ မျက်နှာတွင်မူ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်များ ရှိနေသည်၊၊
Chapter 801
လခြမ်းကွေးစစ်ဆင်ရေး ၄
“လခြမ်းကွေး စစ်ဆင်ရေးရဲ့ အရေးကြီးဆုံး ရည်မှန်းချက်က သတင်းအချက်အလက်ရဖို့ပဲ၊၊ အဲဒီအတွက် ငါက အဓိက တာဝန်ယူရမှာ”
လင်းရှန် ခဏမျှ ကြောင်သွားပြီးနောက် သူမကို ကြည့်ကာ တစ်စုံတစ်ခုကို နားလည်သွားပုံရသည်၊၊
“အခုတော့ ငါနားလည်သွားပါပြီ”
ချူယန်က လင်းရှန်ကို ကြည့်လိုက်သည်၊၊ ဤသည်မှာ သူတို့၏ ပထမဆုံး တွေ့ဆုံမှု ဖြစ်သော်လည်း သေဘေးကို အတူတကွ ရင်ဆိုင်ခဲ့ဖူးသော သူငယ်ချင်းဟောင်းများကဲ့သို့ ခံစားရသည်၊၊
“မကြာခင်မှာ ဒီမြို့က ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားနိုင်တယ်၊၊ အဲဒီအချိန်ကျရင် ဘယ်သူကမှ နင့်ရဲ့ အထောက်အထားကို ဂရုစိုက်နေမှာ မဟုတ်တော့ဘူး၊၊ ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ ဒီတာဝန်ကို ငါ အောင်မြင်အောင် လုပ်ရမယ်၊၊ အချိန်သိပ်မရှိတော့ဘူး၊၊ နင့်ကိုယ်နင် ဂရုစိုက်ပါ”
လင်းရှန်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊၊ မင်းလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
…
ဂါလက်ဂါ မှောင်ခိုဈေးကွက်သည်လည်း မြို့၏ မြောက်ဘက်တွင် တည်ရှိသည်၊၊ ယင်းနေရာသည် လူအထူထပ်ဆုံးသော ရှင်သန်သူစခန်းများ ရှိရာနေရာဖြစ်ပြီး ကမ္ဘာပျက်ပြီးနောက်ပိုင်း တည်ဆောက်ထားသော အဆောက်အအုံများမှာ တောအုပ်တစ်ခုကဲ့သို့ပင် ပိတ်လှောင်နေသည်၊၊
လင်းရှန်နှင့် ကျိုးကျင်းတို့၏ ယာဉ်တန်း ရောက်ရှိသွားသောအခါ လမ်းများပေါ်တွင် ကားများ ပိတ်ဆို့နေသည်ကို တွေ့ရသည်၊၊
အများစုမှာ မြို့ပြင်သို့ထွက်ကာ ဖီးနစ်၏ အခြေစိုက်စခန်းရှိရာ ချင်းပိုမြို့ဘက်သို့ ဦးတည်နေကြခြင်း ဖြစ်သည်၊၊ ဤဘက်မှ ထွက်ခွာသူ အများစုမှာ ယာဉ်တန်းကြီးများ ဖြစ်ကြသည်၊၊
ယာဉ်တန်းကြီးများထဲ ဝင်ခွင့်ရရန် တောင်းပန်တိုးဝှေ့နေသော အသက်ရှင်ကျန်ရစ်သူ အများအပြားကို လင်းရှန် မြင်တွေ့ရသည်၊၊ သူတို့သည် လမ်းဘေးတွင် ပျားအုံကြီးကဲ့သို့ စုပြုံနေကြသည်၊၊ ထို့အပြင် ဂါလက်ဂါ မှောင်ခိုဈေးကွက်ဘက်သို့ စီးဆင်းသွားသော လူအုပ်ကြီးမှာလည်း မနည်းလှပေ၊၊ အနန္တရထား၏ လူသစ်စုဆောင်းပွဲ အရှိန်အဟုန်ကို အခွင့်ကောင်းယူကာ တခြားအလတ်စားနှင့် အငယ်စားယာဉ်တန်းများကလည်း လူစုဆောင်းနေကြသည်၊၊ အခွင့်ကောင်းတစ်ခုကို ဆုပ်ကိုင်ပြီး မြို့ပြင်သို့ ထွက်ပြေးချင်နေသော လူအများအပြားကို ဆွဲဆောင်နေခြင်း ဖြစ်သည်၊၊
“ယာဉ်တန်းကြီးတွေက မြို့ပြင် ထွက်နေကြတယ်၊၊ ယာဉ်တန်းအငယ်လေးတွေနဲ့ တစ်ကိုယ်တော်သမားတွေကတော့ မြို့ထဲကို တိုးဝင်နေကြတယ်၊၊ ဒါက အခြေနေသိပ်မကောင်းဘူး”
လမ်းပေါ်တွင် ကျန်းယွမ်က အပြင်ဘက်က လူအုပ်ကြီးကို ကြည့်ရင်း ပြောလိုက်သည်၊၊
“ယာဉ်တန်းကြီးတွေ အားလုံး ထွက်သွားပြီးရင် ယာဉ်တန်းအငယ်လေးတွေက မြို့ထဲမှာပဲ ကျန်ခဲ့ပြီး တွင်းနက်သုံးခုရဲ့ ဝိုင်းရံမှုကို ခံရတော့မှာကို ခဗျားက စိုးရိမ်နေတာလား”
လင်းရှန်က မေးသည်၊၊
ကျန်းယွမ်က သက်ပြင်းရှည်ကြီး ချရင်း ပြောလိုက်သည်၊၊
“တခြားတော့ မဟုတ်ပါဘူး၊၊ ဒီသာမန်လူတန်းစားတွေအတွက်တော့ ဒါက စိတ်မကောင်းစရာပဲ၊၊ သူတို့ကတော့ ယာဉ်တန်းကြီးတစ်ခုခုကို ကပ်ပါပြီး အာရုဏ်ဦးဗဟိုစင်တာဆီကို ထွက်ပြေးရင်ပြေး၊ မပြေးနိုင်ရင်တော့ နံပါတ် ၁ တံတိုင်းရဲ့ ကြံ့ခိုင်မှုကိုပဲ လောင်းကြေးထပ်ပြီး စောင့်နေရမှာပေါ့၊၊ သူတို့မှာ တခြား ရွေးချယ်စရာ ဘာရှိဦးမှာလဲ၊၊ ဖီးနစ်က ကူညီပြီး ပြောင်းရွှေ့ပေးနေတယ် ဆိုပေမဲ့လည်း သံမဏိအစောင့်တပ်ရင်း ၈၃ တစ်ခုတည်းနဲ့ဆိုတော့ လူတစ်သန်းလောက်ကို ခိုလှုံခွင့်ပေးနိုင်ဖို့တောင် အကန့်အသတ်ရှိနေတာပဲ”
လင်းရှန် တစ်ချက် ငြိမ်သက်သွားစဉ်မှာပဲ ဆက်သွယ်ရေးစက်ဆီကနေ ကျိုးကျင်း၏ အသံက ထွက်ပေါ်လာသည်၊၊
“ကပ္ပတိန်လင်း… ရောက်ခါနီးပြီ၊၊ အားလုံး စွမ်းအားဝတ်စုံ မျက်နှာဖုံးတွေ တပ်ထားကြ၊၊ လှုပ်ရှားမှုမစခင် အခြေအနေကို အရင် အကဲခတ်ကြမယ်”
“ကောင်းပြီ”
ယာဉ်အစီးရေ ဆယ်ဂဏန်းခန့် ပါဝင်သော ယာဉ်တန်းကြီးသည် လူဦးရေ ထူထပ်လှသည့် အဆောက်အအုံအစုအဝေးကြီးဆီသို့ ဦးတည်မောင်းနှင်ဝင်ရောက်လာခဲ့သည်။ ဂါလက်ဂါ မှောင်ခိုဈေးကွက် နယ်နိမိတ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသည်နှင့်အမျှ ဟိန်းဟောက်နေသော အင်ဂျင်သံများသည် ဆူညံပွက်လောရိုက်နေသည့် လူအုပ်ကြီး၏ ဆူညံပွက်လောရိုက်သံများကြားတွင် တဖြည်းဖြည်း နစ်မြုပ်ပျောက်ကွယ်သွားတော့သည်။
ပတ်ဝန်းကျင် တစ်ပြင်လုံးမှာ ပျားအုံကြီးတစ်ခုနှယ် ရုန်းရင်းဆန်ခတ် ဖြစ်နေ၏။ ကျဉ်းမြောင်းလှသော လမ်းမများပေါ်တွင် ရှင်သန်ရေးအတွက် ရုန်းကန်နေရသည့် ယာဉ်တန်းများ အစီအရီ ပြည့်နှက်နေသည်။ တဲအစုတ်များ၊ ပြုပြင်မွမ်းမံထားသော ထရပ်ကားများနှင့် သံချေးတက်နေသည့် သံချပ်ကာယာဉ်များသည် ဟိုတစ်စု၊ ဒီတစ်စု စုပုံနေကြရာ ကြည့်ရသည်မှာ သံမဏိရုပ်ကြွင်းများနှင့် စိတ်ပျက်အားငယ်မှုများကို ရောမွှေထားသည့် ဝင်္ကပါကြီးတစ်ခုနှင့်ပင် တူလှသည်။ လေထုထဲတွင်လည်း အရည်အသွေးညံ့ဖျင်းသော လောင်စာဆီနံ့နှင့် ပုပ်သိုးနေသော အစားအစာနံ့တို့က ထုံထိုင်းစွာ ရောယှက်နေသည်။
လမ်းမများပေါ်ရှိ ယာဉ်တန်းအများစုမှာ သူတို့၏ အဓိကယာဉ်ကြီးများကို ရှေ့တန်းတင်ကာ လူသစ်စုဆောင်းရေးစခန်းများ ဖွင့်လှစ်ထားကြသည်။ ထိုယာဉ်များမှာ ယာဉ်တန်း၏ အားအကောင်းဆုံး ယာဉ်များဖြစ်ကြပြီး ခေါင်မိုးပေါ်တွင် အမျိုးမျိုးသော အမြောက်များကို တပ်ဆင်ပြသထားကြသည်။ လျှပ်စစ်သံလိုက်အမြောက်များ၊ လေကြောင်းရန်ကာကွယ်ရေးအမြောက်များနှင့် စက်သေနတ်ကြီးများမှာ ယာဉ်တန်း၏ အစွမ်းအစကို ပြသရန် အကောင်းဆုံးကြော်ငြာပစ္စည်းများသဖွယ် ဖြစ်နေ၏။
ဤနေရာသည် ကြီးမားလှသော လူသားအရင်းအမြစ် ဈေးကွက်ကြီးတစ်ခုနှင့် တူနေပြီး ယာဉ်တန်းတိုင်း၏ ရှေ့တွင် လူတန်းရှည်ကြီးများ စီတန်းနေကြသည်။
“ကူညီပါ၊၊ ကျွန်တော့်ကို ပါအောင် ခေါ်သွားကြပါလားဗျာ… မြောက်ဘက်မှာ ကျွန်တော့်သမီးလေး စောင့်နေလို့ပါ”
ပိန်လှီသော အမျိုးသားတစ်ယောက်သည် နဂါးမုဆိုးအဖွဲ့၏ မှတ်ပုံတင်စားပွဲရှေ့တွင် ဒူးထောက်ကာ တောင်းပန်နေရှာသည်။ သူသည် စားပွဲအစွန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရာ လက်ဆစ်များပင် ဖြူဖျော့နေ၏။ ညစ်ပတ်ပေရေနေသော အဝတ်စတစ်ခုဖြင့် ဘယ်ဘက်မျက်လုံးကို စည်းနှောင်ထားရာ ထိုမျက်လုံးသည် ကန်းနေပြီဖြစ်ကြောင်းထင်ရှားပေသည်၊၊
“စိတ်မကောင်းပါဘူး၊၊ ငါတို့ဆီမှာ ရိက္ခာက အကန့်အသတ်ရှိတယ်။ မင်းက အသက်လည်းကြီးပြီး မသန်မစွမ်းလည်းဖြစ်နေတော့ ငါတို့ ကူညီလို့မရဘူး။ ဖက်ဒရေးရှင်း ဒါမှမဟုတ် ဖီးနစ်အဆီပဲ သွားကြည့်တော့”
လူသစ်စုဆောင်းရေးအရာရှိက ခေါင်းပင် မော့မကြည့်ပဲ စိတ်မရှည်သည့်လေသံဖြင့် နှင်ထုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် လက်နက်ကိုင် အစောင့်နှစ်ဦး ရှေ့တိုးလာပြီး ထိုအမျိုးသားကို အမှိုက်တစ်ခုလို ဆွဲထုတ်ကာ လမ်းဘေးရှိ ရွှံ့ဗွက်ထဲသို့ ပစ်ချလိုက်လေသည်။
“နောက်တစ်ယောက်”
စုဆောင်းရေးအရာရှိက စက်ရုပ်တစ်ရုပ်လို အေးစက်စွာ အော်လိုက်သည်။
အနီးအနားရှိ အခြားလူတန်းတစ်ခုတွင်လည်း လက်တစ်ဖက်ပြတ်နေသော စစ်ပြန်တစ်ယောက်က သေနတ်တစ်လက်ကို မြှောက်ပြရင်း အော်ဟစ်နေသည်။
“ငါ တိုက်နိုင်သေးတယ်… ငါက တပ်ရင်း (၇) မှာ တာဝန်ထမ်းဆောင်ခဲ့တာပဲ။ ငါ့ကို သေနတ်တစ်လက်သာပေး… မင်းတို့ ယာဥ်တန်းကို ငါ အသက်နဲ့လဲပြီး စောင့်ရှောက်နိုင်တယ်”
ဒေါက်..ဒေါက်
ထိုအချိန်တွင်ပင် တစ်စုံတစ်ယောက်က လင်းရှန်၏ ကားပြတင်းပေါက်ကို အသည်းအသန် လာရောက်ခေါက်တော့သည်။ အပြင်ဘက်တွင် မိန်းမတစ်ယောက်သည် အသက် နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးငယ်လေးကို ပွေ့ချီထားသည်။ ကလေးငယ်၏ နှုတ်ခမ်းများမှာ ရေဓာတ်ခန်းခြောက်မှုကြောင့် အက်ကွဲနေသော်လည်း မျက်လုံးလေးများကမူ အပြစ်ကင်းစင်စွာ တောက်ပနေဆဲ။
“ကျွန်မကို ရှင်တို့ ယာဉ်တန်းထဲ ထည့်ပေးလို့ ရမလားဟင်…. ကျွန်မ... ကျွန်မက အင်္ကျီလည်း ချုပ်တတ်ပါတယ်၊၊ ထမင်းလည်း ချက်တတ်ပါတယ်။ ကျွန်မကလေးကလည်း အရမ်းလိမ္မာပါတယ်၊၊ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက် မဖြစ်စေရပါဘူး...”
လင်းရှန်တို့၏ ယာဉ်တန်းမှာ ပစ္စည်းကိရိယာ အဆင့်အတန်း မြင့်မားလွန်းသောကြောင့် လူအုပ်ကြီးက ဝိုင်းအုံလာပြီး ကားတံခါးများကို ထုရိုက်လာကြသည်။ ပြတင်းပေါက်အပြင်ဘက်မှ ကြောက်ရွံ့အားငယ်နေသော မျက်နှာများကို ကြည့်ရင်း လင်းရှန်တစ်ယောက် ခဏမျှ အသက်ရှူရပ်သွားသလို ခံစားလိုက်ရသည်။
ယာဉ်တန်းသည် လူအုပ်ကြားမှ ခက်ခက်ခဲခဲ တိုးထွက်လာခဲ့ပြီး အရှေ့တွင် ကြီးမားလှသော ပန်းခြံကွင်းပြင်ကြီးတစ်ခု ရှိနေသည်။ သေဆုံးနေသော သစ်ပင်များကို ဖယ်ရှားထားသည့် ထိုကွင်းပြင်ကြီးမှာ ယခုအခါ ယာဉ်တန်းများ စခန်းချရာ နေရာတစ်ခုဖြစ်နေ၏။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ထရပ်ကား ရာပေါင်းများစွာနှင့် လူပေါင်းသောင်းချီ ပြည့်နှက်နေသောကြောင့် လှုပ်ရှားရန်ပင် နေရာမရှိသလောက်ပင်။ ကွင်းပြင်၏ အလယ်ဗဟိုတွင်မူ ငွေရောင်နူကလီးယားစွမ်းအင်သုံး စက်ခေါင်းကြီးတစ်လုံးက အိပ်ပျော်နေသော ဘီလူးကြီးတစ်ကောင်ကဲ့သို့ တိတ်ဆိတ်ထည်ဝါစွာရှိနေသည်။
၎င်းမှာ ငွေကြယ်၏ ထာဝရအဆင့် နူကလီးယားစက်ခေါင်းဖြစ်ပြီး သူတို့၏ ခိုင်မာသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသရန် တမင်တကာ ထင်ရှားစွာ ထားရှိထားခြင်း ဖြစ်သည်။ ငွေကြယ်၏ နောက်တွင်လည်း ခေတ်မီလက်နက်များ တပ်ဆင်ထားသော ရထားတန်းကြီးက ခန့်ညားထည်ဝါစွာ စခန်းချထားသည်။
ကွင်းပြင်အထက်တွင်မူ ဒရုန်းများနှင့် လေသင်္ဘောများက စာတန်းကြီးတစ်ခုကို လွှင့်တင်ထားကြသည်။
[ အနန္တရထား - လူသစ်စုဆောင်းပွဲ ]
“လင်းရှန်၊၊ ရှင့်အတွက် တစ်ယောက်ယောက်က လူသစ်တွေ စုပေးနေတယ်ဟ”
ကီကီက မနေနိုင်ဘဲ နောက်ပြောင်လိုက်သည်။
လင်းရှန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ ခေါင်းညိတ်ပြလိုက်သည်၊၊
“ဒါဆိုရင် ဒီလိုစိတ်တူကိုယ်တူဖြစ်နေတဲ့ အနန္တရထားယာဉ်တန်းရဲ့ ကပ္ပတိန်က ဘယ်လိုလူမျိုးလဲဆိုတာ ငါတို့ သွားကြည့်ကြတာပေါ့”
လင်းရှန်က ခပ်အေးအေးပင် တုံ့ပြန်သည်။