အခန်း (၈၀၄-၈၀၅)
Vol. 47 Ch. 804-805
Chapter 804
ယန္တာရားဘုရင် ချင်ဖုန်း ၃
အာရုဏ်ဦးစောင့်ကြည့်သူ မဟာမိတ်အဖွဲ့မှ လင်းချင်ယွီက သူ့ကို စိတ်ဝင်တစားကြည့်ကာ မေးလိုက်သည်၊၊
“ကပ္ပတိန်ရှု၊၊ မင်းက ချင်ဖုန်းနဲ့ တွေ့ဖူးတယ်ဆိုတော့ သူ့အပေါ် ဘယ်လိုအမြင်ရှိလဲ”
“ထူးထူးခြားခြားတော့ မရှိပါဘူး၊၊ ဒါပေမဲ့ သူ့ရဲ့ စွမ်းအားကတော့ တကယ်ကို သန်မာတယ်”
ရှုယွီဖေးက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေသည်၊၊
“မင်းတို့ ခန့်မှန်းတာ မှန်တယ်၊၊ သူက ဖက်ဒရေးရှင်းနဲ့ ပူးပေါင်းနေတာပဲ၊၊ အဲဒါကလည်း အရမ်းကို နက်နက်ရှိုင်းရှိုင်း ပူးပေါင်းနေတာပဲ”
“ယန္တရားစွမ်းအားကြောင့်ပေါ့”
“ဟုတ်တယ်”
“အံ့သြစရာမရှိပါဘူး၊၊ အနန္တရထားယာဉ်တန်းက လင်းရှန်ကလည်း အနီရောင်ဖီးနစ်တံဆိပ် ပူးပေါင်းဆောင်ရွက်သူဖြစ်နေပြီလို့ ကြားတယ်၊၊ ဖက်ဒရေးရှင်းက ဒီလိုမျိုး ယဉ်ကျေးမှုအဆင့် စွမ်းအားရှင်တွေကို လက်ဦးမှုယူချင်နေတာပဲ၊၊ ဒါကြောင့်လည်း ဒီလောက်အထိ အားပေးကူညီနေတာပေါ့”
အဖွဲ့တစ်ခုမှ လူတစ်ယောက်က ပြောသည်၊၊
“ပြီးတော့ နာမည်ကိုတောင် သူတို့နဲ့ ဆင်တူပေးထားသေးတယ်၊၊ တကယ့်ကောင်တွေ...”
“လင်းရှန်တို့အဖွဲ့ရဲ့ စွမ်းဆောင်ချက်တွေက မြို့အနှံ့ပြန့်ကျဲနေတယ်၊၊ အခုဆိုရင် ယန္တရားစွမ်းအားနဲ့ အနန္တရထားကို ထောက်ခံတဲ့သူတွေက ဖက်ဒရေးရှင်းရဲ့ ‘ပထမဆုံး S-Class အဆင့်သတ်ဖြတ်ခြင်း' ဆိုတဲ့ ဝါဒဖြန့်မှုကို ဆန့်ကျင်နေကြတယ်၊၊ ဒါက အတော်လေးကို ဆိုးကျိုးသက်ရောက်မှု ရှိနေတာပဲ”
Wind Speaker အဖွဲ့မှ လောင်ဟန်က ထိုအချိန်တွင် ဝင်ပြောလိုက်သည်၊၊
“ဒါက အဲဒီကိစ္စနဲ့ ပတ်သက်နေမလားလို့ ငါသံသယရှိတယ်”
“ပထမဆုံး S-Class အဆင့်သတ်ဖြတ်ခြင်း ဟုတ်လား” လင်းချင်ယွီက နှာခေါင်းရှုံ့လိုက်သည်၊၊
“Arctic Wind မဟာမိတ်ယာဉ်တန်းက စီလန်မြို့ကနေ ပင်လယ်ဖြူကောင်ရဲ့ အသားစ တန်ချိန် ၁၀၀၀ ကျော်ကို အာရုဏ်ဦးဗဟိုစင်တာနဲ့ ပူးပေါင်းသုတေသနလုပ်ဖို့ သယ်လာပြီး အနည်းဆုံး သုတေသနဌာန ၅၀ က စမ်းသပ်နမူနာတွေ ရရှိခဲ့ကြတယ်၊၊ ဒီလို နိုင်ငံရေးဝါဒဖြန့်မှုတွေက သာမန်လူတွေကို လှည့်စားဖို့ပဲ”
စကားအဆုံးတွင် သူက ရှုယွီဖေးကို တည်ငြိမ်စွာကြည့်ကာ ပြောလိုက်သည်၊၊
“ကပ္ပတိန်ရှု၊၊ မင်းကို သတိထားဖို့ ငါအကြံပေးချင်တယ်၊၊ ဖက်ဒရေးရှင်းဆိုတာ ယုံကြည်လို့မရဘူး၊၊ ဒီ ‘အနန္တရထားမဟာမိတ်အဖွဲ့သစ်’ သာ တကယ်ဖွဲ့စည်းဖြစ်သွားရင် သူတို့ ပံ့ပိုးပေးထားတဲ့ ဒီအင်အားစုကို အာရုဏ်ဦးမြို့တော်ကနေ အလွယ်တကူ ထွက်ခွာခွင့်ပေးမယ်လို့ မင်းထင်နေလား”
ရှုယွီဖေး၏ မျက်ခွံများ အနည်းငယ် လှုပ်ခတ်သွားသော်လည်း သူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်၊၊
“ထားလိုက်ပါ၊၊ အရင်ဆုံး မိတ်ဆွေဖွဲ့ထားပြီး နောက်မှ ဘာဖြစ်မလဲ ကြည့်တာပေါ့”
“ကျွတ် ကျွတ်… ခြံစည်းရိုးခွထိုင်နေတာပဲ”
လဲ့ကျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊၊
ရှုယွီဖေးက စိုက်ကြည့်လိုက်သော်လည်း ပြန်မပြောခဲ့ပေ၊၊
Wind Speaker အဖွဲ့မှ လောင်ဟန်က သူ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်၊၊ သူ စုံစမ်းသိရှိထားသရွေ့ ရှုယွီဖေး ဤသို့ ရွေးချယ်ခြင်းမှာ အံ့သြစရာမဟုတ်ပေ၊၊ ဤလူသည် ကမ္ဘာပျက်ကပ်အတွင်း အခွင့်အရေးသမားတစ်ယောက်ဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်ကာ အတ္တကြီးသူဖြစ်သည်၊၊ သူ၏အဖွဲ့မှာ ထိပ်သီးလူရွေးချယ်မှု ပုံစံကို ကျင့်သုံးပြီး အကျိုးအမြတ်အနည်းငယ်အတွက်ပင် လက်မလွှတ်တမ်း ဆုပ်ကိုင်ထားတတ်သူဖြစ်သည်၊၊ မြို့ထဲသို့ ရောက်ရှိလာပြီးနောက် သူသည် အာရုဏ်ဦးမြို့တော်အုပ်စုကို ပြတ်ပြတ်သားသား ထောက်ခံခဲ့ပြီး ဖက်ဒရေးရှင်းအသက်ရှင်ကျန်ရစ်သူများ အပြန်အလှန်ကူညီရေးအဖွဲ့သို့ ဝင်ရောက်ခဲ့သည်၊၊ သို့သော် ဖီးနစ်အဖွဲ့အစည်း၏ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော ရောက်ရှိလာပြီးနောက် အာရုဏ်ဦးမြို့တော် အကျပ်အတည်းဖြစ်နေသည်ကို ရိပ်မိသည်နှင့် သူသည် အစီအစဉ်ကို ချက်ချင်းပြောင်းလဲကာ အခြားအဖွဲ့များနှင့် ပူးပေါင်းပြီး ဖီးနစ်သို့ ဝင်ရောက်ရန်နှင့် မြို့မှထွက်ခွာရန် ကြိုးပမ်းခဲ့သည်၊၊
ရှင်သန်ရေးအတွက်ဖြစ်သဖြင့် ရှုယွီဖေး၏ လုပ်ရပ်ကို နားလည်ပေးနိုင်သော်လည်း သူ၏ အပြုအမူများကြောင့် အဖွဲ့ကြီးအချို့နှင့် ဝေးကွာခဲ့ရသလို အဖွဲ့ငယ်များကိုလည်း သူက အထင်သေးခဲ့သည်၊၊ သူ၏ လက်အောက်တွင် လူပေါင်းတစ်သောင်းကျော်ရှိနေသဖြင့် သူသည် အလွယ်တကူ မစွန့်စားရဲပေ၊၊ ထို့ကြောင့်ပင် ဘုံမဟာမိတ်အဖွဲ့မှ လဲ့ကျန်းက သူ့ကို အထင်သေးနေခြင်း ဖြစ်သည်၊၊
လူသစ်စုဆောင်းပွဲမှာ ရှုပ်ထွေးသော်လည်း စနစ်တကျပင် ဆက်လက်ဖြစ်ပေါ်နေသည်၊၊ ရင်ပြင်တစ်ဝိုက်တွင် ‘အနန္တငွေကြယ်’ အဖွဲ့သည် လူစုဆောင်းရေး လမ်းကြောင်းများစွာကို ဖွင့်လှစ်ထားပြီး လူစုဆောင်းရေးအရာရှိ ဒါဇင်ပေါင်းများစွာက တန်းစီနေသော လူအုပ်ကြီးကို အပြေးအလွှားကိုင်တွယ်နေကြသည်၊၊ လာရောက်ကြသူများထဲတွင် တစ်ဦးချင်းစီရော အဖွဲ့ငယ်လေးများပါ ပါဝင်ကြပြီး လူစုဆောင်းရေး သတ်မှတ်ချက်များမှာ အလွန်ပင် ရှင်းလင်းလှသည်၊၊
ပထမအချက်မှာ စွမ်းအားအမြင့်ဆုံးတန်ဖိုး ၅၀၀ ကျော်ရှိရမည် ဖြစ်သည်၊၊ ၎င်းမှာ ဗာဂျရာအဆင့်ထက်ပင် ကျော်လွန်နေသည်၊၊ အကြောင်းမှာ အစွန်းရောက်ကိန်းဂဏန်းများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသောကြောင့်ဖြစ်သည်၊၊ မိမိကိုယ်ကိုယ် ဗာဂျရာအဆင့်ဟု ထင်မှတ်ထားကြသူများသည် အလိုအလျောက် စစ်ဆေးရေးလမ်းကြောင်းကိုပင် မကျော်ဖြတ်နိုင်ဘဲ လုံခြုံရေးများ၏ မောင်းထုတ်ခြင်းကို ခံခဲ့ကြရသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများနှင့် အော်ဟစ်ငိုယိုသံများက ရံဖန်ရံခါ ပေါ်ထွက်နေသည်၊၊
ဒုတိယအချက်မှာ ထူးခြားသော စွမ်းအားရှင်များဖြစ်သည်၊၊ စွမ်းအားအညွှန်းကိန်း မပြည့်မီသော်လည်း အလားအလာရှိသော သို့မဟုတ် အသုံးဝင်သော စွမ်းအားရှိသူများက ဝင်ခွင့်ရကြလေသည်၊၊ ထို့ကြောင့် စွမ်းအားနိုးထလာသော ကလေးငယ်အချို့ပင် အရည်အချင်း ပြည့်မီနိုင်သည်၊၊ သို့သော် ‘အနန္တငွေကြယ်’ အဖွဲ့သည် အလွန်ပင် တင်းကျပ်သော စည်းကမ်းချက်များကို ချမှတ်ထားသည်၊၊ ရူးသွပ်သူအဆင့်ရှိသူများသာ မိသားစုဝင်တစ်ဦးကို ခေါ်ဆောင်ခွင့်ရှိပြီး ဖျက်ဆီးခြင်းအဆင့်ရှိသူများမှာ သုံးဦးအထိ ခေါ်ဆောင်ခွင့်ရှိသည်၊၊
မိသားစုဝင်များ၏ အခြေအနေအပေါ် ကန့်သတ်ချက်မရှိပေ၊၊ သက်ကြီးရွယ်အို၊ နာမကျန်းသူ သို့မဟုတ် မသန်စွမ်းသူဖြစ်စေ ခေါ်ဆောင်နိုင်သည်၊၊ ၎င်းမှာ အလွန်ပင် ရက်စက်သော စည်းကမ်းချက်ဟု ထင်ရသည်၊၊ ရူးသွပ်သူအဆင့်ရှိသော စွမ်းအားရှင်တစ်ဦးသည် လူရာဂဏန်းရှိသော အဖွဲ့များကို တည်ထောင်နိုင်သော်လည်း ‘အနန္တငွေကြယ်’ အဖွဲ့သို့ ဝင်ရောက်မည်ဆိုပါက လူသုံးဦးသာ ခေါ်ဆောင်ခွင့်ရမည် ဖြစ်သည်၊၊
သို့သော်လည်း ဘေးကင်းလုံခြုံမှုနှင့် လူနေမှုဘဝအရည်အသွေးတို့ကြောင့် လူများစွာသည် သူတို့၏ မူလအဖွဲ့များကို စွန့်ခွာ၍ ဤအဖွဲ့သို့ ဝင်ရောက်ရန် ဆန္ဒရှိနေကြသည်၊၊ အထူးသဖြင့် ရှည်လျားလှသော အမှောင်ကမ္ဘာပျက်ကပ်ကြီးကို ဖြတ်သန်းပြီးနောက်တွင် ဖြစ်သည်၊၊
ရထားများသည် ဘေးကင်းလုံခြုံမှုနှင့် နေထိုင်ရေးအတွေ့အကြုံ ကောင်းမွန်ခြင်းတို့ကြောင့် အသုံးပြုရန် စည်းကမ်းချက်များ တင်းကျပ်သော်လည်း ပိုမိုနှစ်သက်လာကြသည်၊၊ အခုဆိုလျှင် အဖွဲ့ကြီးအများအပြားမှာ ရထားလမ်းကြောင်းများအတိုင်း အာရုဏ်ဦးကို ရှာဖွေရန်အတွက် ရထားနှင့် အဖွဲ့များကို ပေါင်းစပ်ဖွဲ့စည်းလာကြပြီ ဖြစ်သည်၊၊ ဂြိုဟ်ပတ်ရထားလမ်း သို့မဟုတ် သာမန်ပင်မရထားလမ်းများအတိုင်း သွားလာခြင်းမှာ ခက်ခဲသောမြေပြင်ကို ဖြတ်သန်းခြင်းထက် ပိုမိုထိရောက်ပြီး ရှင်သန်နှုန်း ပိုမြင့်မားစေသည်၊၊
လက်ရှိတွင် အာရုဏ်ဦးစောင့်ကြည့်သူ မဟာမိတ်အဖွဲ့၏ ယာဉ်တန်းများတွင်လည်း ကိုယ်ပိုင်ရထားမဟာမိတ်များရှိကြပြီး အချင်းချင်း ပူးပေါင်းကာ ရှေ့ဆက်နေကြသလို တစ်ဦးကိုတစ်ဦးလည်း အပြန်အလှန် အထောက်အပံ့ပေးနိုင်ကြသည်၊၊
ထို့ကြောင့်ပင် အဆင့်မြင့်လှသော ထာဝရအဆင့်ရထား ငွေကြယ်ပါဝင်သည့် ချင်ဖုန်း၏ လူစုဆောင်းရေးအစီအစဉ်ကို ကြေညာလိုက်ချိန်တွင် အုန်းအုန်းကျက်ကျက်ဖြစ်သွားရခြင်းဖြစ်သည်၊၊ အကြောင်းမှာ ထိုရထားသည် အလိုအလျောက်လက်နက်စနစ်များ၊ အလွန်မြင့်မားသော ကာကွယ်ရေးချပ်ကာများနှင့် မြေမျက်နှာပြင်အမျိုးမျိုးတွင် မောင်းနှင်နိုင်စွမ်းတို့ရှိကာ အလွန်ခေတ်မီလွန်းသောကြောင့် ဖြစ်သည်၊၊
နောက်ထပ် အရေးကြီးသည့်အချက်မှာ ချင်ဖုန်း၏ ယန္တရားစွမ်းအားပင်ဖြစ်သည်၊၊
အစပိုင်းတွင် လူအများက နားမလည်ခဲ့ကြသလို အထင်ပင်သေးခဲ့ကြသော ဤစွမ်းအားသည် လင်းရှန်၏ အနန္တရထားနှင့် ပတ်သက်သည့် စွမ်းဆောင်ချက်များ ပြန့်နှံ့သွားပြီးနောက်တွင်မူ အရပ်ဘက်နှင့် အစိုးရပိုင်းနှစ်ခုလုံး၌ ယဉ်ကျေးမှုအသစ်ကို ဖန်တီးနိုင်သည့် စွမ်းရည်အဖြစ် တဖြည်းဖြည်းချီးကျူးခံလာရသည်၊၊ လင်းရှန်သည် အာကာသယာဉ်များနှင့် လေယာဉ်တင်သင်္ဘောများကိုပင် ကိုယ်တိုင်ပြုလုပ်ပြီး ကောင်းကင်နှင့် ပင်လယ်ပြင်တွင် ပျံသန်းကျက်စားနိုင်နေပြီဟုပင် ကောလာဟလများ ထွက်ပေါ်နေသည်၊၊ စီလန်မြို့တိုက်ပွဲတွင်လည်း အကန့်အသတ်မရှိသော ခဲယမ်းမီးကျောက်များကိုသာ အားကိုးပြီး S-Class အဆင့် ခြိမ်းခြောက်မှုကို အသေသတ်နိုင်ခဲ့ခြင်း ဖြစ်သည်၊၊
ထိုအချိန်တွင် ရင်ပြင်အတွင်း၌ ရုတ်ရုတ်သဲသဲဖြစ်သွားသည်၊၊ လူပေါင်းသောင်းချီ၏ အကြည့်များမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြပြီး ဆူညံနေသော မြင်ကွင်းမှာလည်း သိသိသာသာ တိတ်ဆိတ်သွားခဲ့သည်၊၊
“စတော့မှာလား”
“ချင်ဖုန်း ထွက်လာပြီဟေ့”
ဝူး၊၊
ပန်းခြံရင်ပြင်၏ ယခင်က မြက်ခင်းပြင်အပြောင်ဖြစ်နေသော မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာပြီးနောက် မြေပြင်မှာ ကွဲအက်ပွင့်ထွက်သွားကာ ကြီးမားသော စက်ဝိုင်းပုံ တံခါးကြီးတစ်ခု ဖြည်းညှင်းစွာ ပွင့်လာသည်၊၊ ဂါလက်ဂါ၏ အောက်တွင် ဤမျှကြီးမားသော မြေအောက်ယန္တရားတည်ဆောက်ပုံရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ၊၊
မရေတွက်နိုင်သောလူများ၏ အံ့အားသင့်နေသည့် အကြည့်များကြားတွင် အသစ်စက်စက် ယန္တရားစင်မြင့်တစ်ခု ဖြည်းညှင်းစွာ မြင့်တက်လာသည်၊၊ ထိုစင်ပေါ်တွင် တစ္ဆေဝံပုလွေနှင့် သံမဏိမုဆိုးစွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားပြီး လက်နက်ကိုယ်စီကိုင်ဆောင်ထားသည့် အစောင့်အကြပ်ပေါင်း တစ်ရာကျော်သည် မြေပြင်ပေါ်သို့ စနစ်တကျ တန်းစီလျက် ပါလာကြသည်၊၊
ထိုတပ်ခွဲမှာ စံနမူနာပြစရာဖြစ်လောက်အောင် အစီအစဉ်တကျ ရှိလှသည်၊၊ ရှေ့ဆုံးတွင် တပ်ခွဲနှစ်ခု ရှိသည်၊၊ တစ်ဖက်တွင် အိုင်းရွန်းမန်းကဲ့သို့ ပုံစံရှိပြီး တိုက်ခိုက်ရေးစွမ်းရည် အပြည့်ရှိသည့် အမျိုးသားများရှိကာ အခြားတစ်ဖက်တွင်မူ ကိုယ်လုံးကိုယ်ပေါက် လှပပြီး အပြာရောင်စွမ်းအင်လိုင်းများ ပါဝင်သည့် စွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားသည့် အမျိုးသမီးများရှိသည်၊၊ သူတို့၏ ပုံစံမှာ တစ်ပုံစံတည်းဖြစ်ပြီး ခေတ်ရှေ့ပြေးလှသည်၊၊ သူတို့၏ နောက်တွင်မူ သံမဏိမုဆိုးတိုက်ပွဲဝင်ချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားသော လက်နက်အပြည့်အစုံဖြင့် လူနှစ်စုရှိကာ တစ်ယောက်ချင်းစီမှာ ဝက်ဝံကြီးများကဲ့သို့ ထွားကြိုင်းပြီး ပြင်းထန်သော ယန္တရားစွမ်းအားများကို ထုတ်လွှတ်နေကြသည်၊၊
Chapter 805
ယန္တာရားဘုရင် ချင်ဖုန်း ၄
ထိုစဉ်မှာပင် ဒရုန်းပေါင်း ရာနှင့်ချီ၍ မြေပြင်ပေါ်မှ လျင်မြန်စွာ ပျံတက်လာကြပြီး ကောင်းကင်တွင် ကြီးမားသော ခရုပတ်ပုံစံကို ဖန်တီးလိုက်ကြသည်၊၊ ထို့နောက် အနီရောင် နာနိုမီတာ ကြယ်တာယာစွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် အစီအရင်ပုံစံ၏ အလယ်ဗဟိုမှ ကောင်းကင်သို့ တဖြည်းဖြည်း မြင့်တက်လာသည်၊၊ သူသည် ပန်ကာကိုဖြစ်စေ၊ လေစွမ်းအားကိုဖြစ်စေ သို့မဟုတ် တောင်ပံများကိုဖြစ်စေ အသုံးမပြုဘဲ နတ်ဘုရားတစ်ပါးကဲ့သို့ပင် လေထဲတွင် ဝဲပျံနေသည်မှာ အလွန်ပင် ခန့်ညားထည်ဝါနေသည်၊၊
ထိုအချိန်အတွင်း စွမ်းအားဝတ်စုံဝတ် လက်နက်ကိုင်များမှာလည်း ကြိုတင်လေ့ကျင့်ထားသည့်အတိုင်း သူတို့၏ တွန်းကန်အားစနစ်များကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ကြရာ ကောင်းကင်ကို ထိုးဖောက်သွားသည့် အရှိန်ပြင်းလှသော အသံများနှင့်အတူ အသံလှိုင်းပေါက်ကွဲမှုများကို ဖြစ်ပေါ်စေသည်၊၊
ဝိုး၊၊
ခဏအတွင်းမှာပင် ရင်ပြင်တစ်ခုလုံးမှာ ထိုမြင်ကွင်း၏ ပဲ့တင်သံများဖြင့် ဟိန်းထွက်သွားပြီး ခမ်းနားကြီးကျယ်လှသော အဖွင့်ပွဲကြောင့် လူအုပ်ကြီးမှာ စိတ်လှုပ်ရှားသွားကြသည်၊၊ မိုးကာစခန်းအောက်ရှိ ယာဉ်တန်းကြီးများ၏ ခေါင်းဆောင်များပင် အချင်းချင်းစကားမပြောနိုင်ပဲ ကြည့်နေမိကြသည်၊၊
“ဒီကောင်က လူစုဆောင်းပွဲ လုပ်တာလား၊၊ ဖျော်ဖြေပွဲ လုပ်တာလား၊၊ သောက်ရမ်းတွေ ကြွားလုံးထုတ်နေတာမဟုတ်လား”
လူဝကြီး ဟန်တိုင်ဂီက သူ၏ စွမ်းအားဝတ်စုံ မျက်နှာဖုံးကို မဖွင့်ဘဲမနေနိုင်ဖြစ်သွားပြီး ရှေ့က မြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိသည်၊၊
“ဒါက အဖွင့်ပြတာမျိုးဆိုတာထက် လက်နက်ပြပွဲလုပ်နေတာပဲ”
လောင်ဟန်က သူ၏ ကိရိယာကို အသုံးပြု၍ လျင်မြန်စွာ မှတ်တမ်းတင်လိုက်သည်၊၊ သူသည် ထောက်လှမ်းရေးနောက်ခံရှိသူဖြစ်သဖြင့် ကိရိယာပစ္စည်းများအပေါ် အာရုံခံစားမှု ပိုရှိလေသည်၊၊ သူက မှတ်တမ်းတင်ရင်း ပြောလိုက်သည်၊၊
“တစ္ဆေဝံပုလွေ နဲ့ သံမဏိမုဆိုးစွမ်းအားဝတ်စုံ အစုံ ၁၀၀၊၊ ယန္တရားတပ်ရင်းတစ်ခုစာ တပ်ဆင်ပေးဖို့ လုံလောက်တယ်၊၊ ပြီးတော့ ဒီမြေအောက်တည်ဆောက်ပုံကြီးလည်း ရှိသေးတယ်၊၊ ဒါက ဖက်ဒရေးရှင်းရဲ့ စစ်ဖက်ဆိုင်ရာ အဆောက်အအုံလား ဒါမှမဟုတ် ဒီကောင်ကိုယ်တိုင်ဖန်တီးထားတာလားဆိုတာ မသေချာဘူး...”
“တကယ့်ကို အထင်ကြီးစရာပဲ၊၊ ဒီလောက်အထိတောင် ဇာတ်လမ်းဆင်နိုင်တယ်ပေါ့”
လဲ့ကျန်းက လေထဲတွင် ဝဲပျံနေသော ချင်ဖုန်းကို ကြည့်ရင်း ရေရွတ်လိုက်သည်၊၊
“သူက ဘယ်လိုလုပ်ပျံနေတာလဲ၊၊ ငါတို့ရဲ့ အာရုံခံကိရိယာက ဘာတွန်းကန်အားစနစ် လည်ပတ်မှုကိုမှ မတွေ့ရဘူး၊၊ ယန္တရားစွမ်းအားက ဆွဲငင်အားကို ဆန့်ကျင်ပြီး ပျံနိုင်စွမ်းရှိလို့လား”
လင်းချင်းယွီက မျက်မှောင်ကြုတ်လိုက်သည်၊၊
“အဲဒါတော့ ငါလည်း မသိဘူး၊၊ သူ ဘာလှည့်ကွက်တွေ ထုတ်ဦးမလဲဆိုတာ ကြည့်ကြတာပေါ့၊၊ တကယ်လို့ ဈေးနှုန်းသာ သင့်တင့်မယ်ဆိုရင် ငါ့အဖွဲ့အတွက် ဒီပစ္စည်းတချို့ကို ဝယ်ကောင်းဝယ်မိလိမ့်မယ်”
ခမ်းနားလှသော အဖွင့်ပွဲမှာ ဟိုးလေးတကျော်ဖြစ်သွားလေသည်၊၊ ကောင်းကင်တွင် ပျံဝဲနေသော ချင်ဖုန်းက သူ၏လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်ရာ စွမ်းအားဝတ်စုံဝတ် အစောင့်များအားလုံး မြေပြင်သို့ ဆင်းသက်လိုက်ကြသည်၊၊ ထို့နောက် ကောင်းကင်ရှိ ဒရုန်းများမှာ နေရာအစီအစဉ်တကျ ပြောင်းလဲလိုက်ကြပြီး ရင်ပြင်၏ အလယ်ဗဟိုမြင်ကွင်းကို ပြသပေးမည့် ကြီးမားလှသော ဟိုလိုဂရမ်ပုံရိပ်တစ်ခုကို စတင်ထုတ်လွှင့်လိုက်သည်၊၊
ထိုအချိန်တွင် ချင်ဖုန်းသည် အနည်းငယ်နိမ့်သော အမြင့်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသော်လည်း မြေပြင်နှင့်တော့ မထိတွေ့ပေ၊၊ နာနိုစွမ်းအားဝတ်စုံမှာ လျင်မြန်စွာ ပွင့်သွားပြီးနောက် အသက် ၂၇ သို့မဟုတ် ၂၈ နှစ်ခန့်ရှိသည့် ချောမောသော လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရသည်၊၊
သူသည် အရပ်ရှည်ပြီး သွယ်လျသည်၊၊ စူးရှသော မျက်လုံးများရှိကာ သူ၏ ချောမောသော ပါးပြင်နှင့် လည်ပင်းဘေးတို့တွင် ယန္တရားပြုပြင်မွမ်းမံထားသော အမှတ်အသားများ ရှိနေသည်၊၊ ၎င်းက သူ့ကို ဟိုလိုဂရမ် အလင်းမျက်နှာပြင်တစ်ခုကို ပိုင်ဆိုင်စေပြီး ခေတ်လွန်ပုံစံပေါက်စေသည်၊၊
အနီးရှိ အထပ်မြင့်အဆောက်အအုံပေါ်တွင် လင်းရှန်၊ ကီကီ၊ မိုနီကာနှင့် ကျန်းယွမ်တို့သည်လည်း ထိုခမ်းနားလှသော ဖွင့်ပွဲကို အဝေးမှကြည့်ရင်း အနည်းငယ် အံ့အားသင့်နေကြသည်၊၊
သို့သော်လည်း လင်းရှန်ကို အံ့သြစေသည်မှာ စွမ်းအားဝတ်စုံများ သို့မဟုတ် ဒရုန်းများမဟုတ်ဘဲ ရင်ပြင်အောက်ရှိ ကြီးမားလှသော ယန္တရားတည်ဆောက်ပုံကြီး ဖြစ်သည်၊၊
“ဒါက လျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ လွှတ်တင်ရေး လမ်းကြောင်းတစ်ခုနဲ့ တူတယ်”
ထိုအချိန်တွင် သံမဏိအစောင့်တပ်ရင်းမှ ကျိုးကျင်းက မှတ်ချက်ပေးလိုက်သည်၊၊
“ဒီလိုနေရာမျိုးကို အသုံးချပြီး ကြွားလုံးထုတ်တယ်ဆိုတော့ ဖက်ဒရေးရှင်းက တကယ်ပဲ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားတာပဲ”
“သူတို့က ဒီလောက်အထိ အာရုံစိုက်နေကြတယ်ဆိုရင် ဒီပွဲ ဒါမှမဟုတ် ဒီလူရဲ့ ရည်ရွယ်ချက်က မရိုးရှင်းနိုင်ဘူး”
ကီကီက လက်ပိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်၊၊
“ကျွန်မမြင်တာတော့ သူက သာမန်အဖွဲ့ဝင်တွေကိုပဲ ရည်ရွယ်ပြီး ဒီလူစုဆောင်းပွဲကို လုပ်နေတာမဟုတ်ဘူး၊၊ အဓိကကတော့ ဖျက်ဆီးခြင်းအဆင့် ကျွမ်းကျင်သူတွေကို ရည်ရွယ်ထားတာပဲ၊၊ တိုက်ခိုက်ရေးစွမ်းအားတွေနဲ့ အာရုံစိုက်မှုကို ရယူပြီး သူ၏ ထိပ်သီးအဖွဲ့ကို အမြန်ဆုံးတည်ထောင်ဖို့ ကြိုးစားနေတာပဲ၊၊ တကယ့်ကို အကွက်ကျတဲ့ အစီအစဉ်ပဲ”
လင်းရှန် က ခေါင်းငြိမ့်လိုက်သည်၊၊
“ဟုတ်တယ်၊၊ လူစုဆောင်းဖို့အတွက် ဆိုရင်တော့ လစာကောင်းကောင်းပေးရုံနဲ့တင် လုံလောက်နေပြီ၊၊ တိုက်ခိုက်နေဖို့ မလိုဘူး၊၊ ဒါက တကယ့် အရည်အချင်းရှိသူတွေကို အဖွဲ့ထဲကို ဆွဲဆောင်ဖို့အတွက် လုပ်နေတဲ့ ဟန်ပြလှည့်ကွက်တစ်ခုပဲ၊၊ ဒါပေမဲ့ လစာပဲ ပေးမယ်ဆိုရင် အဲဒီဖျက်ဆီးခြင်းအဆင့် ကျွမ်းကျင်သူတွေက သူတို့အဖွဲ့တွေနဲ့အတူ လာတတ်ကြပြီး အဖွဲ့ခေါင်းဆောင်ရဲ့ အရည်အချင်းကို အရင်အကဲဖြတ်ချင်ကြတာမျိုး ရှိတတ်တယ်”
“အဲဒါကြောင့် သူက ကိုယ်တိုင်လှုပ်ရှားစရာမလိုအောင် ဒါတွေအားလုံးကို လုပ်နေတာပေါ့ ဟုတ်လား”
နန်ကျင်းက လင်းရှန် ပြောသည်ကို ကြားသောအခါ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်၊၊
“မှန်တယ်” မိုနီကာက ထောက်ခံလိုက်သည်၊၊
“ဒါပေမဲ့ ဖျက်ဆီးခြင်းအဆင့်ကို ရောက်နေတဲ့သူတွေက အရူးတွေမဟုတ်ကြဘူး၊၊ ချင်ဖုန်းဘက်က တကယ်ကို ယုံကြည်လောက်တဲ့ အရာတစ်ခုခုကို မပြနိုင်ဘူးဆိုရင်တော့ ဒီ ‘အနန္တငွေကြယ်’ အဖွဲ့ကြီးက သေချာပေါက်ဖြစ်လာမှာမဟုတ်ဘူး”
“ဟုတ်တယ်၊၊ ဒီယန္တရားဘုရင်က တကယ်ရော ဘာတွေလုပ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့”
ကျန်းယွမ်က မှတ်ချက်ပေးသည်၊၊
လင်းရှန်သည် သူ့ဘေးရှိ လုရှင်းချန်နှင့် ရှီဇီတို့ကို လှမ်းကြည့်လိုက်သည်၊၊ နှစ်ဦးစလုံးမှာ ရင်ပြင်ကို အာရုံစိုက်ကြည့်နေကြသည်၊၊ တစ်ယောက်က ခက်ထန်ကြမ်းတမ်းသော ပုံစံဖြင့် စွမ်းအားပြိုင်ပွဲကို အလွန်စိတ်ဝင်စားနေပုံရပြီး ကျန်တစ်ယောက်ကမူ ဤကဲ့သို့သော မြင်ကွင်းမျိုးကို မမြင်ဖူးသည်မှာ ကြာပြီဖြစ်သည့်အလား ကီကီ၏နောက်တွင်ရပ်ကာ လူအများနှင့်ဆက်ဆံရေးကို ကြောက်ရွံ့နေသည့် လူတစ်ယောက်လို ခေါင်းလေးပြူ၍ မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်၊၊
ထိုအချိန်တွင် ရင်ပြင်၏ အလယ်ဗဟို၌ ထိုမျှလောက်သော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ချင်ဖုန်းသည် ထိုမြင်ကွင်းနှင့် တုံ့ပြန်မှုများအပေါ် အံ့သြခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်၊၊ ပျံ့လွင့်လာသော တီးတိုးသံများကို နားထောင်ရင်း သူသည် မိနစ်အနည်းငယ်ခန့် တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် စတင်စကားပြောလိုက်သည်၊၊
“လူကြီးမင်းတို့၊၊ ကြယ်တာရာတွေ ပျက်သုဉ်းပြီး ယဉ်ကျေးမှုတွေ ပြိုလဲနေတဲ့ ကမ္ဘာပျက်ကပ်အောက်မှာ ကျုပ်တို့လူသားတွေဟာ မီးလောင်ပြင်ပေါ်က ပုရွက်ဆိတ်တွေလို တွားသွားနေကြရပြီး ခြောက်သွေ့နေတဲ့ စမ်းချောင်းထဲက ပိုးကောင်လေးတွေလို ရုန်းကန်နေကြရပါတယ်၊၊ ကမ္ဘာကြီးက ပြိုလဲသွားပြီ၊၊ ကိုယ်ကျင့်တရားတွေ ပျက်စီးသွားပြီ၊၊ စနစ်တကျရှိမှုတွေက ပြာအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ”
“ကျုပ်တို့ဟာ တစ်ချိန်က မြင့်မားခဲ့ကြပေမဲ့ အခုတော့ အပျက်အစီးတွေသာသာပဲ ဖြစ်နေတယ်၊၊ တစ်ချိန်က မီးတောက်တွေ ဖြစ်ခဲ့ကြပေမဲ့ အခုတော့ မီးခဲလေးတွေပဲ ကျန်တော့တယ်”
“ဒါပေမဲ့—”
“အသက်တစ်ချက်ရှုစာကျန်နေသရွေ့ ကျုပ်တို့ဟာ ကိုယ့်ကိုယ်ကိုယ် တွင်းနက်ထဲကို ပစ်ချမထားသင့်ဘူး၊၊ အလင်းစက်လေး တစ်စက်ကျန်နေသရွေ့ ကျုပ်တို့ဟာ ထာဝရအမှောင်ညကို ဒူးမထောက်သင့်ဘူး”
“ရှင်သန်ရေးနဲ့ အမွေအနှစ်ကို ထိန်းသိမ်းဖို့ တာဝန်၊ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းလိုတဲ့ ဆန္ဒတွေနဲ့အတူ ယန္တရားဘုရင်ဖြစ်တဲ့ ကျုပ် ချင်ဖုန်းက အာရုဏ်ဦးမြို့တော်မှာရှိတဲ့ သူရဲကောင်းတွေနဲ့ စစ်သည်တော်တွေ အားလုံးကို ကြေညာလိုက်ပါတယ်၊၊ လူသားအချင်းချင်းဆက်ဆံရေးတွေက ကြေကွဲစရာဖြစ်နေပြီး မိသားစုတွေ ကွဲကွာ၊ ယုံကြည်ချက်တွေ ပျောက်ဆုံးပြီး မျှော်လင့်ချက်တွေ မှေးမှိန်နေတဲ့ ဒီလိုအခက်အခဲကာလမှာ လူသားတွေရဲ့ အကြီးမားဆုံးသော အင်အားကို စုစည်းဖို့ ကမ္ဘာပျက်ကပ်မဟာမိတ်အဖွဲ့တစ်ခုကို ကျုပ်နဲ့အတူ ပူးပေါင်းတည်ထောင်ကြပါ”
“ယုံကြည်ချက်သာရှိနေဦးမယ်ဆိုရင် အခုအချိန်မှာ အရှက်ရမှုတွေကို အောင့်အီးသည်းခံပြီး ရှင်သန်လွတ်မြောက်ဖို့ ကြိုးစားနေရပေမဲ့ တစ်နေ့မှာတော့ ကျုပ်တို့ဟာ တားဆီးမရတဲ့ အင်အားတွေနဲ့ ပြန်လည်တိုက်ခိုက်နိုင်ကြမှာပါ”
ထိုသူ၏ စကားလုံးများမှာ ဤမျှအထိ စိတ်လှုပ်ရှားဖွယ်ကောင်းနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ၊၊ ရင်ပြင်ရှိ လူပေါင်းသောင်းချီကို ချက်ချင်းပင် ဆွဲဆောင်သွားနိုင်ခဲ့ပြီး ခံစားချက်များကို လှုံ့ဆော်ကာ ဇာတိသွေးဇာတိမာန်များကို နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်၊၊
“ဒါကြောင့် ကျုပ်က ရထားမဟာမိတ်အဖွဲ့တစ်ခုကို တည်ထောင်ဖို့ ရည်ရွယ်ပါတယ်၊၊ ကျုပ်ရဲ့ ယန္တရားစွမ်းအားကို အသုံးချပြီး နူကလီးယားစွမ်းအင်သုံး ဓာတ်ပြုတွဲတွေ၊ ရေသန့်စင်တွဲတွေ၊ ဒေါင်လိုက်စိုက်ပျိုးရေးတွဲတွေ၊ အပင်စိုက်ပျိုးရေးတွဲတွေ၊ လက်နက်ထုတ်လုပ်ရေး၊ ဆေးကုသဆောင်တွေ၊ စွမ်းအားလေ့ကျင့်ရေးတွေအပြင် ရထားကျောင်းတွေ၊ သားဖွားခန်းတွေ၊ ဖျော်ဖြေရေးစနစ်တွေ၊ ယဉ်ကျေးမှု မော်ကွန်းတိုက်တွေနဲ့ လုပ်ဆောင်ချက်မျိုးစုံပါဝင်တဲ့ တွဲတွေကို စဉ်ဆက်မပြတ် တည်ဆောက်ပြီး ကီလိုမီတာ ၃၂၀,၀၀၀ ရှည်လျားတဲ့ ဂြိုဟ်ပတ်ရထားလမ်းတစ်လျှောက်မှာ သံချပ်ကာတွေနဲ့ အဆုံးမဲ့ဖုတ်ကောင်လှိုင်းတွေကို ခုခံကာကွယ်သွားမှာပါ”
“ကျုပ်တို့ရဲ့ စွမ်းအားတွေ တိုးတက်လာပြီး နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ တစ်နေ့မှာတော့ ကျုပ်တို့ဟာ ကောင်းကင်ကို ပျံတက်ပြီး အာရုဏ်ဦးကို ဖြတ်ကျော်ပြီး ဝေးကွာတဲ့ ကြယ်စင်များဆီကို ခရီးစတင်နိုင်မယ်လို့ ကျုပ်ယုံကြည်ပါတယ်”
ဝုန်း၊၊
ထိုစကားများ ပြောအပြီးတွင် မြင်ကွင်းတစ်ခုလုံးမှာ မီးလောင်ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားသည်၊၊ လူကိုယ်တိုင် လာရောက်ကြည့်ရှုသူများသာမက အာရုဏ်ဦးမြို့တော်၏ အင်တာနက်ပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုများစွာမှာလည်း ပွင့်ထွက်မတတ် ဖြစ်သွားသည်၊၊ သူ၏ မိန့်ခွန်းမှာ လူတိုင်းကို စိတ်လှုပ်ရှားစေသည့် အံ့သြဖွယ် မှော်အတတ်တစ်ခု ပါဝင်နေသည့်အလားပင်၊၊
တစ်ဖက်တွင်လည်း ချင်ဖုန်း၏ ကြီးကျယ်ခန်းနားသော စကားများကို နားထောင်နေကြသည့် အနန္တရထားအဖွဲ့သားအားလုံး၏ အကြည့်များမှာ လင်းရှန်ထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြပြီး သူတို့၏ မျက်နှာအမူယာများမှာ အဓိပ္ပာယ်အမျိုးမျိုးပါဝင်နေလေသည်၊၊
ကီကီသည် ဘဝ၏ အမှန်တရားကို မေးခွန်းထုတ်နေသည့်အလား လင်းရှန်ကို ကြောင်ကြည့်နေပြီး မျက်နှာတစ်ခုလုံး နီရဲလျက် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်၊၊
ထိုအချိန်တွင် လင်းရှန်မှာ ပါးစပ်အနည်းငယ်ဟသွားပြီး အသံမထွက်ဘဲ တီးတိုးရေရွတ်လိုက်သည်၊၊
“နင့်မေကလွှား...”
“သောက်ကျိုးနည်း… သူပြောနေတာတွေအကုန်လုံးက ငါ့စကားတွေချည်းပဲ”