အခန်း (၈၀၈-၈၀၉)
Vol. 47 Ch. 808-809
Chapter 808
ကောင်းကင်ဘုရင် ၄ပါး (၃)
“စွမ်းအားရှင်တိုက်ပွဲတွေနဲ့ သုတေသနတွေက အာရုဏ်ဦးမြို့တော်မှာ လူစုလူဝေးတွေကို ဆွဲဆောင်နိုင်တဲ့ မြေအောက်ကစားကွင်းတွေလိုပဲ၊၊ အခု လူအတော်များများက စွမ်းအားရှင်တွေအပေါ် ရူးသွပ်နေကြတယ်လေ”
ကျန်းယွမ်က မှတ်ချက်ပေးသည်၊၊
လင်းရှန်က ၁၆ ယောက်ပါ အဆင့်သတ်မှတ်ချက်ဇယားကို မော့ကြည့်လိုက်သည်၊၊ အစပိုင်းတွင် အညွှန်းကိန်း ၂၀၀၀ ကျော်သူ သုံးလေးဦးသာ ရှိသော်လည်း ကျန်လူအများစုမှာ တစ်ထောင်ကျော်သူများ ဖြစ်ကြသည်၊၊ အစွန်းရောက် အညွှန်းကိန်းများကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် သူတို့သည် ၃၀၀၀ ရှိသည့် ဖျက်ဆီးခြင်းအဆင့် စံနှုန်းကို ကျော်လွန်နိုင်ခြေ ရှိပေသည်၊၊
လူသစ်စုဆောင်းပွဲအတွက် စာရင်းပေးသွင်းသူ များပြားလာသည်နှင့်အမျှ အမှတ်စာရင်းများမှာ ၃၀၀၀ မှ ၃၅၀၀ အထိ မြင့်တက်လာသည်၊၊ ထို့အပြင် ဤအဆင့်သတ်မှတ်ချက်ဇယားသည် ဖီးနစ်၏ အစွန်းရောက်အညွှန်းကိန်းစနစ်ကို တမင်တကာ အသုံးမပြုထားသဖြင့် အဆင့်သတ်မှတ်ချက်မှာ ပိုနက်နဲကာ ဝေခွဲရခက်နေသည်၊၊ အမှန်စင်စစ် လူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အမြင့်ဆုံးအညွှန်းကိန်းတစ်ခုတည်းဖြင့် ဆုံးဖြတ်၍မရဘဲ အစွန်းရောက်အညွှန်းကိန်း၊ အတွေ့အကြုံနှင့် စွမ်းအားအမျိုးအစား စသည်တို့အပေါ်တွင် များစွာမူတည်နေသောကြောင့် ဖြစ်သည်၊၊
“ဖာ့ခ်... နောက်ထပ် ၃၀၀၀ တစ်ယောက်ပဲ”
“ဘုရားရေ၊၊ အဲဒါ လူသားဆင့်ကဲပြောင်းလဲမှု အလင်းတန်း အဆင့်သတ်မှတ်ချက်ဇယားမှာ အဆင့် ၁၂ ချိတ်ထားတဲ့ ဝူပင်းမဟုတ်လား၊၊ သူပါ ဒီကို ရောက်နေတာလား”
“အထင်ကြီးစရာပဲဟ၊၊ ဒီလူရဲ့ အမြင့်ဆုံးစွမ်းအားက ၄၈၀၀ တဲ့၊၊ အစွန်းရောက်ကိန်းပါ ထည့်တွက်ရင် ၇၆၈၀ တောင် ရှိမယ်၊၊ အဲဒါက B-အဆင့်ရှိတဲ့ မိစ္ဆာအသွင်ပြောင်းစွမ်းအားပဲ ရှိသေးတာနော်”
“ပြီးခဲ့တဲ့ ရက်ပိုင်းက အဖွဲ့တွေအများကြီး သူ့ကို ဆက်သွယ်ခဲ့ကြတယ်၊၊ ဒါပေမယ့် နောက်ဆုံးတော့ သူက ဒီကို ရောက်လာတာပဲ...”
ထိုအချိန်တွင် လင်းရှန်သည် မြေအောက်လမ်းကြောင်းကို လေ့လာနေသော်လည်း ပတ်ဝန်းကျင်မှ စကားသံများကို ကြားရသဖြင့် မော့ကြည့်လိုက်ရာ အဝေးတစ်နေရာတွင် ဆံပင်ရှည်နှင့် အထီးကျန်ဆန်သော ပုံစံရှိသည့် အမျိုးသားတစ်ဦးသည် အေးစက်သော မျက်နှာဖြင့် ချင်ဖုန်း သီးသန့်သတ်မှတ်ထားသော နားနေဆောင်အတွင်းသို့ လျှောက်လှမ်းဝင်သွားသည်ကို တွေ့လိုက်ရသည်၊၊
တစ်ချိန်တည်းမှာပင် စင်မြင့်ပေါ်ရှိ လီကျန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး နားကြပ်မှတစ်ဆင့် ပြောလိုက်သည်၊၊
“ကျွမ်းကျင်သူတွေ ပိုပြီး ပေါ်လာပြီ၊၊ တကယ် စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ”
“မလုံလောက်သေးဘူး၊၊ လူအများစုက စောင့်ကြည့်နေကြတုန်းပဲ၊၊ လီကျန်း… နည်းဗျူဟာနည်းနည်း သုံးလိုက်စမ်း”
လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံက နားကြပ်အတွင်းမှ ထွက်ပေါ်လာသည်၊၊
လီကျန်းက အသက်ကို ပြင်းပြင်းရှူလိုက်သည်၊၊
“ပြဿနာမရှိပါဘူး”
ထို့နောက် သူသည် အဆင့်သတ်မှတ်ချက်ဇယားကို ကြည့်လိုက်ပြီး နားနေဆောင်ဘက်သို့ အကြည့်ပို့ကာ ပြောလိုက်သည်၊၊
“လူကြီးမင်းတို့၊၊ အခုဆိုရင် အဆင့်သတ်မှတ်ချက်တွေက အကြိမ်ကြိမ်ပြောင်းလဲနေပါပြီ၊၊ ဒါကြောင့် အဆင့်သတ်မှတ်ချက်ထဲကနေ ပြုတ်သွားတဲ့သူတွေကို တခြားနေရာတွေမှာ ပြောင်းထိုင်ပေးဖို့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေက ဖိတ်ခေါ်ပါလိမ့်မယ်၊၊ စိတ်မပူကြပါနဲ့၊၊ ခင်ဗျားတို့က ဗာဂျရာအဆင့်နဲ့ ရူးသွပ်သူအဆင့်ထက် မြင့်နေသရွေ့ ကျွန်တော်တို့ရဲ့ အနန္တမဟာမိတ်အဖွဲ့က အလွန်ကောင်းမွန်တဲ့ ခံစားခွင့်တွေကို ပေးအပ်သွားမှာပါ၊၊ ဒါပေမဲ့ ဒီ ၁၆ နေရာကတော့ စွမ်းအားနဲ့ပဲ ရယူရမှာ ဖြစ်ပါတယ်၊၊ ကျွန်တော်တို့အားလုံးက အမှောင်ထုကို တိုက်ထုတ်လာတာ ကြာပြီဆိုတော့ အဖွဲ့အစည်းတစ်ခုမှာ အန္တရာယ်တွေကို ရှေ့ဆုံးကနေ ရင်ဆိုင်ပေးမယ့် အားကောင်းတဲ့ ခေါင်းဆောင်တစ်ယောက် လိုအပ်တယ်ဆိုတာ ခင်ဗျားတို့ နားလည်ကြမှာပါ”
သူက ဟန်လုပ်ပြီး တရားမျှသလို ပြောလိုက်ခြင်းဖြစ်သော်လည်း A ဇုန်တွင် ထိုင်နေရင်း အဆင့်ဇယားမှ ပြုတ်သွားသူများအတွက်မူ အရှက်ရစရာ ဖြစ်သွားသည်၊၊ ချက်ချင်းပင် ဆံရစ်ဝိုင်းနှင့် ဗလကောင်းကောင်း အမျိုးသားတစ်ဦးသည် ဒေါသထွက်သွားပြီး သေနေသော သစ်ခြောက်ပင်တစ်ခုကို နင်းကာ စင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်၊၊ ထို့နောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်၊၊
“ဘယ်သူမှ မစရဲရင် ငါပဲ အရင်စမယ်၊၊ ဒီက လူအတော်များများ ငါ့ကို သိကြပါတယ်၊၊ ငါက ဧရာမမြို့တော်အဖွဲ့ရဲ့ ခေါင်းဆောင် ခုံးဟောင်ပဲ၊၊ ဒီကို လူသစ်စုဆောင်းပွဲ ဝင်ပြိုင်ဖို့ လာတာ၊၊ ငါ့လက်အောက်မှာ ကျွမ်းကျင်သူ အယောက်နှစ်ဆယ်ကျော်နဲ့ ဗာဂျရာအဆင့် တစ်ရာကျော် ရှိတယ်၊၊ ငါက အနည်းဆုံးတော့ အဲဒီ ကြယ်အရှင်သခင် ၁၂ နေရာထဲက တစ်နေရာမှာ မထိုင်သင့်ဘူးလား၊၊ အပိုတွေ ပြောမနေနဲ့တော့၊၊ ဒါက စည်းမျဉ်းပဲ မဟုတ်လား ဒိုင်လူကြီး”
လီကျန်း ပြုံး၍ ခေါင်းညိတ်ပြသည်၊၊
“မှန်ပါတယ်”
“ကောင်းပြီ၊၊ ဒါဆိုရင်...”
ထိုအချိန်တွင် ဗလကြီးက အဆင့်သတ်မှတ်ချက်ဇယားသို့ လှည့်ကြည့်လိုက်ပြီး သူ့ကို အဆင့်အောက်သို့ တွန်းချလိုက်သော ဖေးကျင်းဟုန်ဆိုသည့် အမည်ကို တွေ့သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်၊၊
“ဖေးမျိုးနွယ် ညီအစ်ကို၊၊ မင်းက ဖုတ်ကောင်တွေနဲ့ ထူးဆန်းတဲ့ သတ္တဝါတွေကို သတ်ရတာ ကျင့်သားရနေမှာပဲ၊၊ ဒီနေ့တော့ ငါတို့ ရိုးရိုးရှင်းရှင်းလေး ယှဉ်ပြိုင်ကြည့်ရအောင်၊၊ မစိုးရိမ်ပါနဲ့၊၊ ငါက မင်းကို မထိခိုက်အောင် ကြိုးစားပါ့မယ်”
သူ ပြောလိုက်သည်နှင့် လူတိုင်း၏ အကြည့်မှာ Aဇုန် နားနေဆောင်ဆီသို့ ရောက်သွားကြသည်၊၊ ထိုနေရာတွင် အရပ်ပုပုနှင့် လူငယ်တစ်ဦးသည် တည်ကြည်သော မျက်နှာဖြင့် မတ်တပ်ရပ်လိုက်သည်၊၊ သူ၏ အမူအရာကို ကြည့်ရသည်မှာ ဤသို့ လူအချင်းချင်း တိုက်ခိုက်သည့်ပွဲမျိုးတွင် အတွေ့အကြုံမရှိပုံရသော်လည်း ကြောက်ရွံ့ခြင်းတော့ မရှိပေ၊၊ သူသည် စွမ်းအားဝတ်စုံကို ဖွင့်လိုက်ပြီး စင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်၊၊
ဆယ်မီတာကျော် မြင့်သော ဤစင်မြင့်မှာ ရူးသွပ်သူအဆင့်ကို ကျော်လွန်ထားသည့် ဤလူများအတွက်မူ ပျံသန်းနိုင်သည့် စွမ်းရည် သို့မဟုတ် စွမ်းအားဝတ်စုံ အကူအညီမပါဘဲ အလွယ်တကူ တက်နိုင်သော အမြင့်ပင် ဖြစ်သည်၊၊
“ကျွန်တော့်ရဲ့ စွမ်းအားက အသက်အန္တရာယ် ပေးနိုင်ပါတယ်၊၊ ဒါကြောင့် သတိထားပါ”
ဖေးကျင်းဟုန်က ယဉ်ကျေးစွာ ပြောလိုက်ပြီး သူ့တွင် နတ်ဆိုးအရိုးစွမ်းရည်ရှိကြောင်းကိုလည်း ကြိုတင်အသိပေးလိုက်သည်၊၊
သူ၏ ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်သဖြင့် လီကျန်း နောက်သို့ ဆုတ်လိုက်သည်၊၊
“ခင်ဗျားတို့ နှစ်ယောက် စနိုင်ပါပြီ၊၊ အသက်အန္တရာယ်ဖြစ်စေမယ့် နေရာတွေကို မတိုက်ခိုက်ကြပါနဲ့၊၊ တစ်ဖက်လူကို စက်ဝိုင်းအပြင်ဘက် ရောက်သွားအောင်ပဲ ကြိုးစားကြပါ”
သူ စကားပြောပြီးသည်နှင့် လေထုမှာ ရုတ်တရက် လေးလံသွားပြီး အာရုဏ်ဦးမြို့တော်၏ ကွန်ရက်စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်နေသည့် နေ့လည်ခင်း စွမ်းအားရှင်တိုက်ပွဲကြီးက စတင်လာသည်၊၊
ဝုန်း ဝုန်း
မျက်စိတစ်မှိတ်အတွင်းမှာပင် မူလက မသိကျွမ်းကြသော လူနှစ်ဦးမှာ ပြင်းထန်သော စွမ်းအားလှိုင်းများကို ထုတ်ဖော်ကာ တိုက်ခိုက်နေကြသည်၊၊
မမျှော်လင့်ဘဲ အဆင့်ဆင့် ဆုတ်ခွာရမည့် အခြေအနေမျိုး ဖြစ်မလာဘဲ ဖေးကျင်းဟုန်က စတင်လှုပ်ရှားလိုက်သည်နှင့် သူ၏ လက်ချောင်းများမှ ထက်ရှသော စွမ်းအင်အရိုးဆူးများ ထွက်ပေါ်လာကာ ခုံးဟောင်၏ ဘယ်ဘက်လက်မောင်း တစ်ဝက်ခန့်ကို ချက်ချင်းပင် ဆွဲခြစ်လိုက်သဖြင့် သွေးများ နေရာအနှံ့ ပန်းထွက်ကုန်သည်၊၊
ခုံးဟောင်မှာမူ အံကြိတ်ကာ ညည်းညူလိုက်ပြီး အားအင်အပြည့်ပါသော လက်သီးဖြင့် ရှေ့သို့ ထိုးနှက်လိုက်ရာ သူ၏ တစ်ကိုယ်လုံး သွေးစွမ်းအင် မြူခိုးများဖြင့် ဖုံးလွှမ်းသွားပြီး ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုဖြစ်လာသည်၊၊
အောက်ရှိ ပရိသတ်များမှာ ဤမြင်ကွင်းကို ကြည့်ကာ အံ့သြတကြီးအော်ဟစ်အသံများ ထွက်ပေါ်လာကြသည်၊၊ လူအုပ်ထဲရှိ ရှီဇီသည် မျက်မှောင်ကြုတ်နေမိသည်၊၊ သူမသည် ဤကဲ့သို့ မြင်ကွင်းမျိုးကို ကြည့်ရတိုင်း ဒဏ်ရာများကို ကုသပေးရန် သူမ၏ စွမ်းအားကို အလိုလိုအသုံးပြုချင်နေမိသည်၊၊ သို့သော် လင်းရှန်နှင့်အတူ နေရန် ရှင်းဂျီက မှာထားခဲ့သဖြင့် မဆင်မခြင်မလုပ်သင့်ကြောင်းလည်း သူမ သိနေသည်၊၊ ရုတ်တရက် လင်းရှန်သည် သူမ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို သူမ သတိပြုမိလိုက်သည်၊၊
Chapter 809
ကောင်းကင်ဘုရင် ၄ပါး (၄)
သူမ ထိတ်လန့်တကြား ပတ်ဝန်းကျင်ကို ရှာကြည့်လိုက်ရာ လင်းရှန်သည် တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်လျက် မြေကြီးကို လက်ချောင်းများဖြင့် ထိုးဆွနေသည်ကို တွေ့လိုက်ရသည်၊၊
“ဘာလုပ်နေတာလဲ”
သူမသည် လင်းရှန်ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ တိုးတိုးလေး မေးလိုက်သည်၊၊
“အပေါက်ဖောက်နေတာ”
လင်းရှန်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောသည်၊၊
သူသည် ဤကဲ့သို့ စွမ်းအားရှင် တိုက်ပွဲများကို စိတ်ဝင်စားခြင်း မရှိပေ၊၊ လူအများ စင်မြင့်ထက်ရှိ တိုက်ပွဲကို အာရုံစိုက်နေစဉ်အတွင်း လင်းရှန်သည် သူ၏ ယန္တရားစွမ်းအားကို အသုံးပြု၍ သေးငယ်သော လွန်တစ်ချောင်းကို အမြန်ပြုလုပ်ကာ မြေကြီးထဲသို့ ဖောက်ထည့်လိုက်သည်၊၊ နောက်ဆုံးတွင် နှစ်မီတာကျော် အနက်သို့ ရောက်သောအခါ လွန်သွားသည် သတ္တုတည်ဆောက်ပုံတစ်ခုနှင့် ထိမိသဖြင့် အသံထွက်လာသည်၊၊
“တွေ့ပြီ”
ချက်ချင်းပင် လင်းရှန်၏ လက်ဖျားမှ သေးငယ်သော အနက်ရောင် ပင့်ကူစက်ရုပ် အချို့ ထွက်ပေါ်လာပြီး ထိုအပေါက်မှတစ်ဆင့် အတွင်းသို့ တွားသွားဝင်ရောက်သွားကြသည်၊၊ ဤပစ္စည်းမျိုးကို သူတို့ တိတ်ဆိတ်မြို့တော်တွင် ရှိစဉ်က ဝမ်တုံထံမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး ယခုလို ထိုးဖောက်စုံစမ်းရေးလုပ်ငန်းများအတွက် အသုံးချလိုက်ခြင်း ဖြစ်သည်၊၊
စက္ကန့်ပိုင်းအတွင်းမှာပင် ပင့်ကူစက်ရုပ်သည် မြေအောက်ဓာတ်လှေကား ရေတွင်းဝရှိ အပေါက်ငယ်မှတစ်ဆင့် လျှောခနဲ ဝင်ရောက်သွားသည်၊၊ လင်းရှန်၏ မြင်ကွင်းထဲတွင် ကြီးမားလှသော လွှတ်တင်ရေးတွင်းဝကြီးတစ်ခု ပေါ်လာပြီး အောက်ဘက်သို့ မှိန်ဖျော့ဖျော့ မီးရောင်များ တဖျတ်ဖျတ်လင်းကာ အဆုံးမရှိသကဲ့သို့ နက်ရှိုင်းနေသည်ကို တွေ့လိုက်ရ၏၊၊
“ဒီလောက်တောင်ကြီးတာလား... အောက်မှာ ဘာတွေရှိနေတာလဲ”
လင်းရှန်က အတွေးနက်သွားရင်း သူရရှိထားသော ပုံရိပ်များကို ခေါင်းဆောင်ကျိုးနှင့် ချိတ်ဆက်ပေးလိုက်သည်၊၊
ကျိုးကျင်းသည် သူ၏အဖွဲ့နှင့်အတူ ချင်ဖုန်းတို့ဘက်မှ လှုပ်ရှားမှုများကို စောင့်ကြည့်နေခြင်း ဖြစ်သည်၊၊ လင်းရှန် ပို့လိုက်သော ပုံရိပ်များကို မြင်သည်နှင့် သူက ချက်ချင်းပင် တုံ့ပြန်လိုက်သည်၊၊
“ဒါက ဖက်ဒရေးရှင်း စစ်တပ်သုံး B-အဆင့် ဓာတ်လှေကားတွင်းပဲ၊၊ ပျံသန်းရေးယာဉ်တွေ အတက်အဆင်းလုပ်ဖို့ သုံးတာ၊၊ အနည်းဆုံးတော့ ရေနဂါးအဆင့်ရှိတဲ့ အတိုင်းအတာပဲ၊၊ ကောင်းကင်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေလည်း ရှိနိုင်တယ်”
“ချင်ဖုန်းနဲ့ လီကျန်းက ဒီထဲကနေ ထွက်လာတာဆိုတော့ အောက်ဘက်မှာ အတွင်းမြို့တော်နဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းရှိနေမှာ သေချာတယ်”
“ဖြစ်နိုင်ခြေ အရမ်းများတယ်၊၊ မြေအောက်မြို့တော်နဲ့ ကြယ်ဆိပ်ကမ်းတို့နဲ့လည်း ချိတ်ဆက်ထားနိုင်တယ်”
ကျိုးကျင်းက လင်းရှန် ဆိုလိုသည်ကို နားလည်သွားပြီး ဆက်ပြောသည်၊၊
“ဒါပေမဲ့ ဒီလမ်းကြောင်းကို စုံစမ်းဖို့က ခက်ခဲလိမ့်မယ်၊၊ ထူးခြားတဲ့ စွမ်းအားရှင်မဟုတ်ရင်တော့ လူမသိအောင် ဝင်ဖို့ မလွယ်ဘူး”
လင်းရှန်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်၊၊ “အတော်ပဲ၊၊ ကျုပ်က အဲ့ဒီလို ထူးခြားတဲ့လူပဲလေ”
ကျိုးကျင်းက မေးလိုက်သည်၊၊
“ကပ္ပတိန်လင်း၊၊ ခဗျားက အထဲကို ဝင်ဖို့ ပြင်နေတာလား”
“အခုမဟုတ်သေးပါဘူး၊၊ ချင်ဖုန်းရဲ့ နောက်ကြောင်းကို အရင်စုံစမ်းရအောင်၊၊ လီကျန်းကက ဝမ်ဟွေ့ရဲ့ သားဆိုတော့ သူ့နောက်ကို လိုက်ရင် ဝမ်မိသားစုဆီ ရောက်သွားမှာ သေချာတယ်”
ဝုန်း ဝုန်း ဝုန်း
မမျှော်လင့်ဘဲ စင်မြင့်ထက်တွင် ခုံးဟောင်ထက် အဆင့်မြင့်သော ဖေးကျင်းဟုန်က အစပိုင်းတွင် ပြင်းထန်သော တိုက်စစ်ဖြင့် စတင်ခဲ့သော်လည်း မကြာမီမှာပင် ခုံးဟောင်၏ လက်ချက်ဖြင့် စင်ပေါ်မှ တွန်းချခံလိုက်ရသည်၊၊ သို့သော် ခုံးဟောင်က ပိုသန်မာသည်ဟု မဆိုနိုင်ကြောင်း လူအများက သတိပြုမိလိုက်ကြသည်၊၊ ဖေးကျင်းဟုန်က ငယ်ရွယ်သူဖြစ်သဖြင့် လုံလောက်သော ရက်စက်မှု မရှိခြင်းကြောင့်သာ ဖြစ်သည်၊၊ သူတို့၏ စွမ်းအားအညွှန်းကိန်းမှာ သိပ်မကွာခြားသော်လည်း အမှောင်ညထဲတွင် အသက်လုတိုက်ပွဲသာဖြစ်ခဲ့ပါက ရလဒ်မှာ ပြောရခက်ပေလိမ့်မည်၊၊
သို့သော်လည်း ချင်ဖုန်းနှင့် လီကျန်းတို့က ဤရလဒ်ကို ကြိုတင်ခန့်မှန်းထားပုံရသည်၊၊ ပထမပွဲအပြီးတွင် အချို့သော ကျွမ်းကျင်သူများမှာ အခြေအနေကို ရိပ်မိသွားပြီး ယုံကြည်မှု ရှိလာကြကာ ရဲရဲဝံ့ဝံ့ပင် စိန်ခေါ်လာကြသည်၊၊
မကြာမီမှာပင် စင်မြင့်ထက်တွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားလာပြီး စွမ်းအားရှင်အမျိုးမျိုးက သူတို့၏ ထူးခြားသော စွမ်းရည်များကို ထုတ်ဖော်ပြသကြသည်၊၊
မွန်းစတားအသွင်ပြောင်းခြင်း၊ ခြေလက်များ ပုံစံပြောင်းခြင်း၊ လူ့ဘီလူးကြီး၊ သားရဲအသွင်၊ သွေးစွမ်းအင်၊ ရေပေါ်လမ်းလျှောက်ခြင်း၊ သတ္တုအရေပြား၊ နတ်ဆိုးအသွင်၊ မြေကျောက်တုံးစွမ်းအား၊ သားရဲအရိုး၊ ထူးဆန်းသော မျက်လုံးများ၊ ပျံသန်းခြင်း၊ စွမ်းအင်စုစည်းခြင်းနှင့် ကိုယ်ပျောက်ခြင်းစသည်ဖြင့် စွမ်းရည်မျိုးစုံကို တွေ့မြင်နေရသည်၊၊ အချို့စွမ်းအားများမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ထိန်းချုပ်နိုင်သဖြင့် လုံးဝ သာလွန်သည်ဟူ၍ မရှိပေ၊၊ တိုက်ပွဲအတွေ့အကြုံနှင့်အတူ လူ့ဘီလူးကြီး၊ သားရဲအသွင်နှင့် သွေးစွမ်းအင်ကဲ့သို့သော လျင်မြန်ဖြတ်လတ်ပြီး တိုက်ခိုက်ရေးစွမ်းရည် ကောင်းမွန်သည့် အမျိုးအစားများက ပို၍ အသာရနေသည်၊၊ အင်အားကြီး မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူတစ်ဦးပင် ပေါ်လာပြီး သတ္တုအရေပြား စွမ်းအားရှင်ကို အကွက်အနည်းငယ်ဖြင့်ပင် စင်ပေါ်မှ တွန်းချလိုက်သဖြင့် ပရိသတ်များ အံ့အားသင့်ကုန်ကြသည်၊၊
“လခွမ်း... လူသစ်စုဆောင်းရေး တန်းစီတဲ့လူတွေ ပိုပိုများလာပြီ”
“ဝါး... အဆင့် ၅၀၀၀ ရှိတဲ့ ရှီကျန်းတောင် ရောက်လာတာလား၊၊ သူက အာရုဏ်ဦးစောင့်ကြည်သူမဟာမိတ်က မဟုတ်လား”
“သူတို့က တကယ်ပဲ အနန္တရထားအဖွဲ့ထဲ ဝင်ချင်တာလား၊၊ ဒါမှမဟုတ် စင်ပေါ်မှာ လာပြီး ပညာစမ်းရုံသက်သက်ပဲလား”
အဆင့်သတ်မှတ်ချက် ဇယားတွင် ယခင်က နံပါတ်တစ် ဖြစ်ခဲ့သော ဝူပင်းသည် ဒုတိယနေရာသို့ ရောက်သွားသည်၊၊ ယန္တရားတိုက်ပွဲဝတ်စုံ ဝတ်ဆင်ထားသော ထိပ်ပြောင်ပြောင်နှင့် လူတစ်ဦးမှာ နားနေဆောင်အတွင်းသို့ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းဝင်သွားသည်၊၊
လူအတော်များများသည် အင်အားကြီး ယာဉ်တန်းစခန်းဘက်သို့ လှည့်ကြည့်လိုက်ကြပြီး လင်းချင်ယွီကို အာရုံစိုက်လာကြသည်၊၊
“ကပ္ပတိန်လင်း၊၊ မင်းက ရှီကျန်းကို ပြဿနာရှာဖို့ လွှတ်လိုက်တာလား”
လောင်ဟန်က ရယ်ကျဲကျဲဖြင့် မေးသည်၊၊
“ဘာဖြစ်လဲ၊၊ ချင်ဖုန်းက စိန်ခေါ်ပွဲစင်မြင့် လုပ်ထားတာဆိုတော့ ငါ့လူတွေကို ပညာသွားစမ်းခိုင်းတာပေါ့၊၊ အဲဒါ ဘာမှားလို့လဲ”
လင်းချင်ယွီက ပြုံးလိုက်ရာ ရှီကျန်းကို လွှတ်လိုက်ခြင်းမှာ ရည်ရွယ်ချက်ရှိကြောင်း ပေါ်လွင်နေသည်၊၊
ထို့နောက် သူက အခုလေးတင် ထိုင်လိုက်သော ကျန်းယွမ်ကို ကြည့်ကာ မေးလိုက်သည်၊၊
“ကပ္ပတိန်ကျန်း၊၊ ခဗျားလည်း လာပြီး ပျော်ချင်လို့လား”
“မဟုတ်ပါဘူး၊၊ ငါက လူသစ်စုဆောင်းဖို့ လာတာပါ” ကျန်းယွမ်က ပြုံး၍ ပြောသည်၊၊
“လူသစ်စုဆောင်းဖို့ ဟုတ်လား”
လဲ့ကျန်းက ဝေခွဲမရသော ပုံစံဖြင့် မေးလိုက်သည်၊၊
“မင်းရဲ့ အဖွဲ့ဝင် ၆၀,၀၀၀ ကျော်ရှိတဲ့ လေပြင်းမဟာမိတ်က အရင်က တစ်ခါမှ လူသစ်ကို ပေါ်တင်မစုဆောင်းခဲ့ဘူးလေ”
“အခုတော့ အခြေအနေတွေ ပြောင်းသွားပြီ” ကျန်းယွမ်က ဆက်ပြောသည်၊၊
“ငါတို့ မဟာမိတ်အဖွဲ့က အင်အားကြီးယာဉ်တန်းတစ်ခုနဲ့ ပေါင်းစည်းလိုက်ပြီ”
ထိုစကားကြောင့် နေရာရှိ ယာဉ်တန်းဒါဇင်ပေါင်းများစွာက ချက်ချင်း အာရုံစိုက်လာကြသည်၊၊
“အင်အားကြီးယာဉ်တန်း ဟုတ်လား၊၊ ခဗျားရဲ့ လူ ၆၀,၀၀၀ ကို ဘယ်သူနဲ့ ပေါင်းလိုက်တာလဲ”
လင်းချင်ယွီက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်၊၊
“ဘယ်ယာဉ်တန်းက ဒီလောက်အထိ ကြီးကျယ်နေလို့လဲ”
ကျန်းယွမ်က ပုခုံးတစ်ချက် တွန့်လိုက်သည်၊၊
“တိုက်တိုက်ဆိုင်ဆိုင်ပဲ၊၊ အဲ့ဒီယာဉ်တန်းရဲ့ အမည်ကလည်း အနန္တရထားမဟာမိတ်အဖွဲ့ပဲ၊၊ ဒါပေမဲ့ ခေါင်းဆောင်ကတော့ အခု ဒီလူမဟုတ်ဘူးပေါ့”
ထိုစကားကို ကြားသောအခါ လင်းချင်ယွီ၏ မျက်နှာအနည်းငယ် ပျက်သွားသည်၊၊
“လင်းရှန်လား”
ကျန်းယွမ်က ခေါင်းညိတ်ပြလိုက်သည်၊၊
သတ္တုရူးသွပ်ခြင်းအဖွဲ့မှ ဟန်တိုင်ဂီက မျက်လုံးပြူးသွားပြီး တဟားဟား ရယ်မောလိုက်သည်၊၊
“ဝိုး ဝိုး... ကပ္ပတိန်လင်းက မြို့ထဲကို ဘယ်တုန်းက ရောက်နေတာလဲ”
ကျန်းယွမ်က ပြန်ပြောလိုက်သည်၊၊
“မရောက်သေးပါဘူး၊၊ သူက ငါ့ကို ဒီ အနန္တရထားလူသစ်စုဆောင်းပွဲကို လာကြည့်ဖို့ပဲ လွှတ်လိုက်တာပါ”