ကျင့်ကြံခြင်း သန့်ရှင်းသောမြေ၊ ဂိုဏ်း၏ အလားအလာကို ပြောင်းလဲခြင်း….
Vol. 20 Ch. 191
"လင်းထျန်းဂိုဏ်းကို လုံးဝ ဖယ်ရှားလိုက်ပြီလား..."
လီချင်းချိုးက သူ၏ အကြည့်ကို ရှန်ယွဲ့ဆီသို့ ပြောင်းကာ ဆက်မေးလိုက်တော့ ရှန်ယွဲ့က ခေါင်းညိတ်လိုက်ပြီး ….
"ကျွန်တော်တို့ သူတို့ကို အားလုံး ရှင်းပစ်လိုက်ပြီ... အမှောင်ထဲမှာ ပုန်းနေတဲ့ ကျီဝူယဲ့ကိုတောင် ရှာတွေ့ခဲ့တယ်... ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ..."
လီချင်းချိုးက ဤကဲ့သို့ စကားကို တစ်ဝက်တစ်ပျက် ပြောရမည့် လေသံမျိုးကို အမုန်းဆုံးပင်။ ထိုအခါ ရှန်ယွဲ့က မျက်မှောင်ကြုတ်သွားပြီး ….
"ကျီဝူယဲ့ မသေခင်မှာ သူက ပုန်းမနေသလို ပြန်လည်း မခုခံဘူး... သူ့ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုတောင် ရှိနေသေးတယ်..."
ရွှယ်ကျင်းကလည်း "ကျွန်တော် အစက သူ့ကို မေးခွန်းတွေ မေးချင်ခဲ့တာ... ဒါပေမဲ့ သူက ကျွန်တော့်ကို အခွင့်အရေး မပေးဘဲ သူ့ရဲ့ သွေးကြောတွေကို ဖြတ်ပြီး သူ့ဘာသာ သတ်သေသွားတယ်..."
ဤစကားကို ကြားသောအခါ လီချင်းချိုး သက်ပြင်းချလိုက်ပြီး လုံးဝ စိုးရိမ်ပူပန်မှု မရှိဘဲ …
"သူ သေသွားတာ ကောင်းပါတယ်... သူ့နောက်ကွယ်မှာ လူရှိနေရင်တောင် အဲဒါကို နောက်မှ ငါတို့ ကိုယ်တွယ်ဖြေရှင်းလို့ ရတယ်..."
မည်သို့ပင်ဆိုစေ လင်းထျန်းဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းလိုက်မှသာ ဤကိစ္စ ပြီးဆုံးသွားပြီဟု မှတ်ယူနိုင်ပြီး ကျန်း မိသားစုအတွက် ရှင်းလင်းချက်တစ်ခု ပေးနိုင်မည်ဟု ယူဆနိုင်သည်။
သူက ရှန်ယွဲ့ကို ကြည့်ပြီး …
"ရှန်ယွဲ့... ခင်ဗျားက လူမသတ်ဘဲ နေနိုင်တဲ့အတွက် လေးစားထိုက်ပါတယ်... ဒါပေမဲ့ ခင်ဗျားရဲ့ တုံ့ဆိုင်းမှုကြောင့် ခင်ဗျားနဲ့အတူ ခရီးသွားနေတဲ့ တစ်ယောက်ယောက် ထိခိုက်သွားမယ် ဆိုရင် ခင်ဗျားရဲ့ လူမသတ်ချင်တဲ့ စိတ်က ရန်သူအတွက် သတ်ဖြတ်စရာ လက်နက်တစ်ခု ဖြစ်လာလိမ့်မယ်..."
ရှန်ယွဲ့ကလည်း ထိုစကားကို မငြင်းဆန်ခဲ့ချေ။ ထိုဖြစ်ရပ်က သူ့အပေါ် အမှန်တကယ် သက်ရောက်မှု ရှိခဲ့ပြီး သူ့ကိုယ်သူ ပြန်လည် ဆင်ခြင်သုံးသပ်မိစေခဲ့သည်။ သူက လူမသတ်တာ မဟုတ်ဘဲ အားနည်းသူတွေကို သတ်ဖို့ တွန့်ဆုတ်နေခြင်းသာ ဖြစ်သည်။
"ကျွန်တော် အပြစ်ပေးခံဖို့ ဆန္ဒရှိပါတယ်..."
ရှန်ယွဲ့က လေပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး လေးနက်စွာ ပြောလိုက်တော့ လီချင်းချိုးက ခေါင်းညိတ်လိုက်ပြီး …
"ခင်ဗျားကို တောင်ခြေမှာ သုံးလ ကင်းစောင့်ခိုင်းပြီး အပြစ်ပေးမယ်... ကန့်ကွက်စရာ ရှိလား..."
"ဘာမှ မရှိပါဘူး..."
ရှန်ယွဲ့က အလွယ်တကူ သဘောတူလိုက်သော်လည်း ရွှယ်ကျင်းကတော့ တုံ့ဆိုင်းသွားသည်။ ရှန်ယွဲ့သာ မရှိခဲ့လျှင် သူ ရှောင်ဝူဟွေ့ကို သတ်နိုင်မည် မဟုတ်ဘဲ ရှောင်ဝူဟွေ့၏ လက်ချက်ဖြင့် သေဆုံးသွားနိုင်ကြောင်း သူ နားလည်သွားသည်။ သို့သော် အမိန့်ကို လီချင်းချိုးက ပေးခဲ့ခြင်း ဖြစ်သောကြောင့် သူ မလွန်ဆန်ရဲချေ။
ထို့နောက် လီချင်းချိုးက ရွှယ်ကျင်း၏ လက်မောင်းကို ပြန်ဆက်ပေးလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ထိုလက်မောင်းကို ရှန်ယွဲ့က မူလချီစွမ်းအင်ဖြင့် အားဖြည့်ပေးထားခဲ့သဖြင့် လုံးဝ သေမသွားခဲ့ချေ။ ရှန်ယွဲ့ ဤလက်မောင်းကို ကိုယ်တိုင် ဂရုစိုက်ခဲ့ရသည်မှာ အံ့သြစရာ မဟုတ်ပေ။ လီချင်းချိုးက ဤအချက်ကို ထောက်ပြလိုက်သောအခါ ရွှယ်ကျင်းက ရှန်ယွဲ့ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ပြီး ရှန်ယွဲ့ကတော့ ခေါင်းကို တစ်ဖက်သို့ လှည့်သွားလေသည်။
လီချင်းချိုးက ရွှယ်ကျင်း၏ လက်မောင်းကို ပြန်ဆက်ပေးပြီး သွေးကြောများ ပြန်လည် လည်ပတ်လာစေရန် ဝိညာဉ်တစ္ဆေအပ်ကို အသုံးပြုပြီးနောက် ရွှယ်ကျင်းအား ပြန်သွား၍ ကောင်းစွာ အနားယူရန်နှင့် နောက်နေ့မှ ပြန်လာရန် ပြောလိုက်သည်။
မခွဲခွာမီ လီချင်းချိုးက ရှန်ယွဲ့၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ပြီး ….
"ရှန်ယွဲ့... တာဝန် တစ်ခုကို ထမ်းဆောင်တဲ့အခါ ညွှန်ကြားချက်တွေကို လိုက်နာရမယ်... ခင်ဗျား ကိုယ်တိုင်လည်း လိုက်နာရမယ်... ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေကိုလည်း လိုက်နာဖို့ တောင်းဆိုရမယ်...ဒီနည်းလမ်းနဲ့ပဲ မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်လွှဲနိုင်မယ်..."
ရှန်ယွဲ့က တစ်ခဏမျှ ရပ်တန့်သွားပြီး အင်း ဟု ပြန်ဖြေကာ ခရီးဆက်သွားခဲ့သည်။
သူတို့ လင်းရှောင်ခြံဝင်းမှ ထွက်သွားပြီးနောက်မှသာ လီချင်းချိုး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။
ရှန်ယွဲ့ သူရဲ့ စိတ်ကို ပြောင်းမလား ဆိုတာ စောင့်ကြည့်ရအောင်... အကယ်၍ သူ မပြောင်းလဲဘူး ဆိုရင်တော့ သူ ဂိုဏ်းမှာ နေခဲ့လို့ ရတယ်... ဒါမှမဟုတ် တခြား အလုပ်တွေ လုပ်လို့ ရတယ်...
လူတိုင်းတွင် ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် မူဝါဒများ ရှိကြပြီး သူကလည်း ရှန်ယွဲ့ကို ထိုသို့ လုပ်ဆောင်ရန် အတင်းအကျပ် မတိုက်တွန်းနိုင်ချေ။
"ကျီဝူယဲ့... ကျီမျိုးနွယ်..."
လီချင်းချိုးက စားပွဲပေါ်တွင် လက်ချောင်းများဖြင့် ခေါက်ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။ ကျီဝူယဲ့၏ အားကိုးရာမှာ အမြဲတမ်း တည်ရှိနေပြီး အခွင့်အရေးကို စောင့်ဆိုင်းကာ အမှောင်ထဲတွင် ပုန်းအောင်းနေသည့် ရှေးဟောင်း ဧကရာဇ် မျိုးရိုးအမည် ဖြစ်သော ကျီမျိုးနွယ် ဖြစ်ကြောင်း သူ့ရဲ့ ပင်ကိုယ်အသိက သူ့ကို ပြောပြနေသည်။
ယခုမှစ၍ အမှောင်ခန်းမအား ကျီမျိုးနွယ်ကို စုံစမ်းထောက်လှမ်းခိုင်းရန် ဆုံးဖြတ်လိုက်ပြီ။ ချင်းရှောင်ဂိုဏ်းက မည်မျှပင် အစွမ်းထက်နေပါစေ အခြားသူများ ပြဿနာ လာရှာမည်ကို အလွတ်သဘော ထိုင်စောင့်နေ၍ မရနိုင်ချေ။
"လောကကြီးက ကြီးလွန်းနေတုန်းပဲ..."
လီချင်းချိုးက စားပွဲပေါ်ရှိ ရှောင်ဝူဟွေ့၏ ပြတ်နေသော ဉီးခေါင်းကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
ချင်းရှောင်ဂိုဏ်းက လက်ရှိတွင် ကုကျိုးခရိုင်၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သော ထိုက်ခွန်းတောင်တန်းကိုသာ သိမ်းပိုက်ထားနိုင်သေးသည်။ ကုကျိုးခရိုင်၏ အလွန်တွင် ပြည်နယ်ကိုးခုနယ်မြေရှိပြီး ကျိကျိုး၏ အလွန်တွင် မြောက်ပိုင်းလူရိုင်းများနှင့် အနောက်ပိုင်းသဲကန္တာရတို့လို ပိုမို ကျယ်ပြန့်သည့် နယ်မြေများ ရှိနေသေးသည်။
တောင်ဘက်ကို ကြည့်လိုက်လျှင် အဆုံးအစမဲ့ သမုဒ္ဒရာကြီးရှိပြီး သမုဒ္ဒရာ၏ အဆုံးတွင် ဘာတွေ ပုန်းကွယ်နေမည်ကို ဘယ်သူ သိနိုင်မည်နည်း။
တစ်နေ့တွင် ဤတိုက်ကြီးရှိ အရင်းအမြစ်များက ချင်းရှောင်ဂိုဏ်းအတွက် လုံလောက်တော့မည် မဟုတ်ဘဲ ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုက အင်အားစု ပိုမို များပြားလာသည်နှင့်အမျှ ပဋိပက္ခများဆီသို့ မလွဲမသွေ ဦးတည်သွားမည် ဖြစ်သည်။ ဤသည်မှာ ရှောင်လွှဲ၍ မရနိုင်သလို နောက်ကြောင်းပြန်လှည့်၍ မရနိုင်သော လမ်းကြောင်း တစ်ခု ဖြစ်သည်။
ကိုယ့်ထောင့်လေးထဲမှာပဲ နေနေခြင်းက ကိုယ့်ကိုယ်ကိုယ် အခြားသူများအတွက် သားကောင် ဖြစ်သွားစေရန်သာ လုပ်ဆောင်နေခြင်းပင်…
………..
နှစ်တစ်နှစ် ကုန်ဆုံးလုနီးလာသည်နှင့်အမျှ နှစ်သစ် တစ်ခု စတင်လာခဲ့ပြီ…..
နွေဦးပွဲတော် ပြီးဆုံးသွားသည်နှင့် လီချင်းချိုးက နောက်ဆုံး ကံကြမ္မာ အခွင့်အရေးကို စတင်လိုက်သည်။ ဤတစ်ကြိမ်တွင် ထျန်းရှန်းဝိညာဉ်ရေကန်ဟု ခေါ်သော ကောင်းချီးနယ်ြေ တစ်ခုကို ရရှိခဲ့သည်။
ယွီခရိုင်တွင် တည်ရှိသော ထျန်းရှန်းတောင်တန်းမှာ ပြည်နယ်ကိုးခုနယ်မြေတွင် အမြင့်ဆုံး တောင်များအနက် တစ်ခု အပါအဝင် ဖြစ်ပြီး မိုင်ထောင်ပေါင်းများစွာ ကျယ်ဝန်းကာ သက်ရှိများ ရောက်ရှိရန် ခက်ခဲသော နေရာတစ်ခု ဖြစ်သည်။
လီချင်းချိုးက အဖွဲ့ကို နောက်တစ်ကြိမ် ဦးဆောင်သွားခဲ့ပြီး နောက်ဆုံးတွင် ထိုဒေသကို စီမံခန့်ခွဲရန်အတွက် ချင်းရှောင်သားတော်ခုနစ်ပါး၏ ခေါင်းဆောင် ဖြစ်သော ဟွမ်ရှန်းနှင့်အတူ တပည့် ငါးဆယ်ကို ချန်ထားရစ်ခဲ့သော်လည်း လီချင်းချိုး ချက်ချင်း မထွက်ခွာခဲ့ဘဲ ထျန်းရှန်းဝိညာဉ်ရေကန်တွင် နှစ်ရက် နေခဲ့သည်။
ထျန်းရှန်းဝိညာဉ်ရေကန်မှာ ဝိညာဉ်ရေကန်ဟု ခေါ်သော်လည်း တကယ်တမ်းတွင် ကျယ်ပြောပြီး အဆုံးအစ မရှိပေ။ ဟွမ်ရှန်းနှင့် အဖော်များက ထျန်းရှန်းဝိညာဉ်ရေကန်ကို ပထမဆုံး မြင်လိုက်ရသောအခါ တောင်ပေါ်ရှိ ပင်လယ် တစ်ခုကို မြင်လိုက်ရသည်ဟုပင် ထင်ခဲ့ကြသည်။
ဤရေကန်သည်အလွန် နက်ရှိုင်းပြီး နက်မှိုင်းသော အပြာရောင် ပင်လယ်ကြီး တစ်ခုပင် ဖြစ်သည်။
လီချင်းချိုးက ထျန်းရှန်းဝိညာဉ်ရေကန် အနီးတွင် ကျင့်ကြံခဲ့သော်လည်း ထူးခြားသော ခံစားချက်မျိုး မရရှိခဲ့ချေ။ သို့သော် အခြား တပည့်များကတော့ ထိုနေရာတွင် ကျင့်ကြံရသည်မှာ ပိုမို လွယ်ကူကြောင်း ပြောကြသည်။ ၎င်းမှာ သူတို့၏ ဝိညာဉ်ချီစွမ်းအင်များ ပိုမို ကြွယ်ဝလာခြင်းကြောင့်သာမက သူတို့၏ တွေးခေါ်မှုများ ပိုမို သွက်လက်လာသောကြောင့်လည်း ဖြစ်သည်။
ဤရေကန်တွင်ကျင့်ကြံလျှင် ကျင့်ကြံခြင်းနည်းစနစ်၊ မှော်အတတ်နှင့် နားလည်သဘောပေါက်နိုင်စွမ်းတို့ကို ပိုမို ပြည့်စုံစွာ နားလည်လာကြသည်။
ဆိုလိုသည်မှာ ထျန်းရှန်းဝိညာဉ်ရေကန်သည် အစစ်အမှန် ကျင့်ကြံသူများ၏ သန့်ရှင်းသောမြေတစ်ခု ဖြစ်ပြီး ခမ်းနားထည်ဝါလှသော ဝိညာဉ်ချီစွမ်းအင်များ ပါဝင်ကာ လူတစ်ယောက်၏ နားလည်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးသဖြင့် လီချင်းချိုးကို များစွာ ဝမ်းသာစေခဲ့သည်။
ထို့ပြင် ထျန်းရှန်းဝိညာဉ်ရေကန်တွင် ထူးဆန်းသော ဝိညာဉ်ကျောက်တုံးများ ပါဝင်နေပြီး မယုံနိုင်လောက်အောင် မြန်ဆန်သော ငါးငယ်လေး တချို့ပင် ရှိနေကြောင်း သူ တွေ့ရှိခဲ့သည်။
တပည့်တချို့က ရေထဲ ဆင်းချင်ခဲ့ကြသော်လည်း ကံကောင်းထောက်မစွာဖြင့် လီချင်းချိုးက ငါးများကို တွေ့သွားပြီး အချိန်မီ တားဆီးနိုင်ခဲ့သည်။
ဤကောင်းချီးနယ်မြေကို ယခုမှ ရှာတွေ့ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ လီချင်းချိုး၏ အကဲခတ်မှု အရ မူလအားဖြည့်နယ်ပယ် သတ္တမအလွှာမှ ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ထိုအောက်သို့ ဆင်းသွားပါက ပြင်းထန်စွာ ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းများ ဖြစ်နိုင်ခြေ ရှိပေသည်။
ပြောရမည်ဆိုလျှင် သူကိုယ်တိုင် ငါးတစ်ကောင်ကို ဖမ်းခဲ့ပြီး ဝိညာဉ်ရေကန်ထဲမှ ထွက်လာသည်နှင့် ထိုငါးမှာ လျင်မြန်စွာ သေဆုံးသွားခဲ့သည်။
ဒီငါးတွေ ကုန်းပေါ် မတက်နိုင်တာလည်း တမျိုးတော့ ကောင်းပါတယ်...
လီချင်းချိုးက ဝိညာဉ်ရေကန်၏ အနက်ရှိုင်းဆုံး နေရာတွင် ပေါ်လာနိုင်သော အမည်မသိ မိစ္ဆာသားရဲများကို သတိထားရန် ဟွမ်ရှန်းနှင့် တပည့်များကို ညွှန်ကြားခဲ့သည်။ ဝိညာဉ်ငါးများ၏ အမြန်နှုန်းကို မြင်တွေ့ပြီးနောက် တပည့်များ အားလုံးက ထျန်းရှန်းဝိညာဉ်ရေကန် အပေါ်တွင် အကြောက်တရားနှင့် ရိုသေမှုများ ဖြစ်ပေါ်လာကြသည်။
ထျန်းရှန်းဝိညာဉ်ရေကန်သည် လောကီကမ္ဘာနှင့် အလွန် ဝေးကွာပြီး သာမန်လူများ လမ်းတွင် သေဆုံးသွားနိုင်သည့် အလွန် မြင့်မားသော အမြင့်ပေတွင် တည်ရှိသည်။ ၎င်းကို အဆုံးအစမဲ့ ဆီးနှင်းများ ဖုံးလွှမ်းနေသော တောင်ဖြူများဖြင့် ဝိုင်းရံထားသည်။
ဤနေရာသို့ လာနိုင်သူတိုင်းမှာ သေချာပေါက် ကျင့်ကြံသူများ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ချင်းရှောင်ဂိုဏ်းမှ မဟုတ်သော သူများနှင့် တွေ့လျှင် သတိထားရန် လီချင်းချိုးက သူတို့ကို သတိပေးခဲ့သည်။
နှစ်ရက် နေပြီးနောက် လီချင်းချိုးက ဤတပည့်များကို လမ်းပြပေးနိုင်ရန် ရည်ရွယ်၍ တပည့်တစ်ဦးကို တောင်အောက်သို့ ခေါ်ဆောင်လာခဲ့သည်။
ဤတပည့်မှာ ဂိုဏ်းချုပ်တစ်ယောက်၏ အမြန်နှုန်းကို ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။ ဝိညာဉ်အသိအာရုံအဆင့်သို့ ဝင်ရောက်ပြီးနောက် လီချင်းချိုး၏ မူလချီစွမ်းအင်က အတိတ်ကထက် များစွာ သာလွန်သွားခဲ့ပြီ ဖြစ်သည်။ သူသည် မူလချီစွမ်းအင် မကုန်ခမ်းဘဲ ပြည်နယ်ကိုးခုနယ်မြေ တစ်ဝိုက်ကို အမြန်ဆုံး နှုန်းဖြင့် ပျံသန်းသွားလာနိုင်ပေသည်။
ချင်းရှောင်ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် လီချင်းချိုးက အစည်းအဝေး ခေါ်ယူရန် ရွှမ်ရှင်းခန်းမရှိ ခေါင်းလောင်းကို ချက်ချင်း ထိုးရန် အမိန့်ပေးလိုက်သည့်အခါ အကြီးအကဲများ အားလုံးနှင့် အဆင့်မြင့် အရာရှိများ ခန်းမထဲသို့ ဝင်လာကြသည်။
လီချင်းချိုးက ထျန်းရှန်းဝိညာဉ်ရေကန်ကို ရှာဖွေတွေ့ရှိကြောင်း တိုက်ရိုက် ထုတ်ဖော်ပြောပြလိုက်ပြီး မည်သူကမျှ မကောင်းသော ရည်ရွယ်ချက်များ ရှိလာမည်ကို မကြောက်ချေ။
လူတိုင်း သိသွားသည်နှင့် မည်သူမဆို တိတ်တဆိတ် လှုပ်ရှားမှုများ ပြုလုပ်ရန် များစွာ ခက်ခဲသွားလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက စောင့်ကြည့်နေမည် ဖြစ်သောကြောင့်ပင်။
ထျန်းရှန်းဝိညာဉ်ရေကန်က ဉာဏ်အလင်းပွင့်ခြင်းကို ကူညီပေးနိုင်ကြောင်း ကြားသောအခါ လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။
"ဒါက တကယ်ကို ဝိညာဉ်ရေးရာ ကျင့်ကြံခြင်းအတွက် ကောင်းချီးနယ်မြေတစ်ခုပဲ..."
"ဒါက တကယ်ကို ချင်းရှောင်ဂိုဏ်းအတွက် ကောင်းကင်ဘုံက ပေးတဲ့ ကောင်းချီး တစ်ခုပဲ..."
"ဒီလို ကောင်းချီးပေးတဲ့ နေရာမျိုးကို ဘာလို့ အဆက်ဆက်သော မင်းဆက်တွေက ရှာမတွေ့ခဲ့ကြတာလဲ..."
"အဓိပ္ပာယ်မရှိတာ... အဲဒီတောင်က လူတွေပဲ သွားလို့ရတဲ့ နေရာမျိုးမှမဟုတ်တာ... ငါတို့လို ကျင့်ကြံသူတွေပဲ သွားလို့ရတာ..."
"ဟားဟားဟား... လောကမှာ ငါတို့လို ကျင့်ကြံရေးဂိုဏ်းဆိုလို့ တစ်ခုပဲ ရှိတာ... ငါတို့က ကျိကျိုးကနေ ငါတို့ လိုချင်တဲ့ အရင်းအမြစ်တွေကို ယူလို့ရတယ်..."
ခန်းမထဲရှိ ဆွေးနွေးမှုများကို နားထောင်ရင်း လီချင်းချိုးက အပြုံးတစ်ခုကို ဆင်မြန်းထားသော်လည်း သူ့ စိတ်ထဲတွင်တော့ အစီအစဉ်များ ဆွဲနေခဲ့သည်။
ချင်းရှောင်ဂိုဏ်းသို့မှူးမတ်မျိုးနွယ်များမှ အဖွဲ့ဝင်များ ဝင်ရောက်လာပြီး မသေမျိုးလမ်းစဉ်ကို ကျင့်ကြံလာကြရာ သူတို့၏ မျိုးနွယ်စုများထံ ပြန်လည် အကျိုးပြုသည့် အခြေအနေများ မလွဲမသွေ ရှိလာလိမ့်မည်။ ထိုလူများက ချင်းရှောင်ဂိုဏ်း၏ အရင်းအမြစ်များကို မထိရဲကြသော်လည်း ချင်းရှောင်ဂိုဏ်းတွင် ဗဟုသုတများ ရရှိထားပြီး ဖြစ်သဖြင့် ရှာဖွေမတွေ့သေးသော အရင်းအမြစ်များကို ရှာဖွေရန် ကြိုးစားလာနိုင်ပေသည်။
ဤသို့သော ကိစ္စရပ်များကို တားဆီး၍ မရနိုင်သလို ဂိုဏ်းများတွင် အကျိုးအမြတ် ထုတ်ယူသည့် ဖြစ်ရပ်များပင် ရှိသေးသည်။
ဂိုဏ်းအတွင်းမှ ဂိုဏ်းတူ ညီအစ်ကို မောင်နှမများကို ကိုင်တွယ်ဖြေရှင်းရန် စည်းမျဉ်းများ ရှိသော်လည်း ပြင်ပလူများနှင့် ကိုင်တွယ်ဖြေရှင်းရာတွင် ထိုစည်းမျဉ်းများကို လိုက်နာရန် မလိုအပ်ချေ။
အစည်းအဝေး ပြီးနောက် လီချင်းချိုးက ကျန်းယွီချွန်းကို လင်းရှောင်ခြံဝင်းသို့ သီးသန့် ဆွေးနွေးရန် ခေါ်ယူခဲ့ပြီး စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောပြခဲ့သည်။
ကျန်းယွီချွန်းက…
"အဲဒါ သေချာပေါက် ဖြစ်လာမှာပါ... ကျွန်တော် အဲဒီကိစ္စအတွက် စိုးရိမ်နေတာ ကြာပြီ... ဒါကြောင့် ဂိုဏ်းထဲကို ပြောင်းရွှေ့လာတဲ့ မှူးမတ်မျိုးနွယ်တွေကို ကျွန်တော် အာရုံစိုက်နေတာပေါ့... ကျွန်တော့်မှာ အကြံဉာဏ် တစ်ခု ရှိတယ်..."
လီချင်းချိုးက သူ့အတွက် လ္ဘက်ရည် တစ်ခွက် ငဲ့ပေးလိုက်ပြီး….
"အဲဒီအကြောင်း ပြောပြပါဦး..."
"တကယ်တော့ ဒါက ကောင်းတဲ့ ကိစ္စပါ... ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော်တို့အတွက် ရှာဖွေရေးနဲ့ တူးဖော်ရေး လုပ်ငန်းစဉ်တွေကနေ သက်သာစေလို့ပဲ..."
ကျန်းယွီချွန်း၏ စကားများတွင် နက်နဲသော အဓိပ္ပာယ်များ ပြည့်နှက်နေ၏။ လီချင်းချိုးက ဤပြောဆိုချက်ကို အတည်လည်း မပြုသလို ငြင်းလည်း မငြင်းခဲ့ချေ။
ကျန်းယွီချွန်းက …
"ငါတို့ အရမ်း လွန်သွားလို့ မရဘူး... နောက်ပိုင်းမှာ သူတို့ကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ့် ဗျူဟာတစ်ခုကို ငါတို့ စဉ်းစားဖို့ လိုတယ်..."
“ အစ်ကိုကြီး... လောကကြီးက ငြိမ်းချမ်းသင့်နေပါပြီ... အင်ပါယာ အာဏာကို တတ်နိုင်သမျှ မြန်မြန် တည်ထောင်ပြီး ဘုရင်တွေရဲ့ နတ်ဘုရားဆန်တဲ့ အခွင့်အာဏာဆိုတဲ့ အယူအဆကို လူတွေရဲ့ စိတ်ထဲ သွတ်သွင်းပေးရမယ်... ဒီနည်းလမ်းနဲ့ဆို ပြည်နယ်ကိုးခုနယ်မြေမှာ ရှိတဲ့ အရာအားလုံးမှာ သခင် တစ်ယောက် ရှိလာလိမ့်မယ်... ပြီးတော့ ကျွန်တော်တို့မှာလည်း တရားမျှတတဲ့ အကြောင်းပြချက် တစ်ခု ရှိလာမယ်... ကိုယ်နဲ့ ထိုက်တန်တဲ့ အရာကို ပြန်ယူတာက မှန်ကန်ပြီး သင့်လျော်တဲ့ ကိစ္စပါပဲ..."
လီချင်းချိုး ခေါင်းညိတ်လိုက်မိသည်။ လူများ သို့မဟုတ် တစ်ဦးချင်းစီနှင့် ဆက်ဆံရာတွင် အကောင်းနှင့် အဆိုး၊ မေတ္တာတရားနှင့် တရားမျှတမှု အကြောင်း ပြောဆိုနိုင်သည်။ လောကီ ကိစ္စများတွင်မူ အကောင်းနှင့် အဆိုးကြား ကွဲပြားမှုက တစ်ခါတစ်ရံ အလွန် မှုန်ဝါးနေတတ်သည်။
ချင်းရှောင်ဂိုဏ်းက လောကီလူသားများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးကို သေချာစေရန်သာ လိုအပ်သည်။ အကယ်၍ လောကရှိ လူတိုင်း လုံလောက်စွာ စားသောက်နိုင်ရေးကို သေချာစေနိုင်ပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။ လောကသားအားလုံး လုံလောက်စွာ စားသောက်နိုင်၊ ဝတ်ဆင်နိုင်ရေး သေချာစေရန်မှာ လီချင်းချိုး၏ ရေရှည် အစီအစဉ် ဖြစ်သည်။
ပထမအချက်မှာ သူကိုယ်တိုင်ကလည်း တစ်ချိန်က သာမန်လူ တစ်ယောက် ဖြစ်ခဲ့ဖူးသဖြင့် ကိုယ်ချင်းစာစိတ်ရှိပေသည်။
ဒုတိယအချက်မှာ ဤကဲ့သို့ ငြိမ်းချမ်းပြီး ကြီးပွားတိုးတက်သော ခေတ်က ပါရမီရှင်များ ပိုမို ပေါ်ထွက်လာစေရန် အထောက်အကူ ပြုနိုင်ပေသည်။ ဘယ်လိုပဲ ကြည့်ကြည့် ဤအစီအစဉ်က ပြည်သူတွေရော အစိုးရအတွက်ပါ ကောင်းမွန်သည်။
ဤသည်က ဘုရင်များ၏ နတ်ဘုရားဆန်သော အခွင့်အာဏာ၏ အဓိက အချက်လည်း ဖြစ်သည်။ ပြည်သူများ၏ အကျိုးစီးပွားနှင့် မသေမျိုး ဂိုဏ်းများ၏ အကျိုးစီးပွားကို ပေါင်းစပ်လိုက်မှသာ ချင်းရှောင်ဂိုဏ်းက ၎င်း၏ မူဝါဒများကို ထိန်းသိမ်းရန် အတူတကွ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
"ရှေ့ဆက်ပြီး လုပ်လိုက်ပါ... ဒါပေမဲ့ ကြည့်ရဆိုးအောင်တော့ မလုပ်နဲ့နော်..."
ထိုအခါ ကျန်းယွီချွန်းက ရယ်မောလိုက်ပြီး …
"စိတ်မပူပါနဲ့... ကမ္ဘာကြီးရဲ့ အစီအစဉ်ကို အတင်းအကျပ် နှိမ်နင်းဖို့ ဂိုဏ်းရဲ့ အင်အားကို ကျွန်တော် သုံးမှာ မဟုတ်ပါဘူး... ကြင်နာတတ်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ အုပ်စိုးသူ တစ်ယောက် ပေါ်လာဖို့ကိုလည်း ကျွန်တော် စောင့်နေတာပါ..."
"စစ်ဖုန်း ဘယ်လိုနေလဲ..."
"ဒီကောင်လေး ကောင်းကောင်း လုပ်နိုင်ပါတယ်... ခြောက်လလောက် အတွင်းမှာ အရှိန်အဟုန် ရလာတယ်... ဒါပေမဲ့ အခု ကမ္ဘာကြီးမှာ အဓိက ပဒေသရာဇ်မင်း သုံးပါး ရှိတယ်... ချိုက်၊ လျို နဲ့ ဖေ့... ဒီအဓိက ပဒေသရာဇ်မင်း သုံးပါးက ကမ္ဘာတစ်ဝက်ကို လုနေကြတယ်... တခြား ပဒေသရာဇ်မင်း အငယ်စားတွေကတော့ သူတို့ရဲ့ နယ်မြေအတွက် တိုက်ခိုက်နေကြတုန်းပဲ... ပြီးတော့ ကမ္ဘာကြီးရဲ အလုံးစုံ အလားအလာကို လှုပ်ခတ်နိုင်စွမ်း မရှိသေးဘူး..."
ထိုသို့ပြောနေရင်း ကျန်းယွီချွန်း၏ မျက်နှာမှာ ကျေနပ်နေပုံ ပေါ်သည်။ ထို့နောက် သူက စကားလမ်းကြောင်း လွှဲလိုက်ပြီး နောက်ပြောင်လိုက်သည်။
"ဆဋ္ဌမ ဂျူနီယာ ညီလေးက ဧကရာဇ် ဖြစ်ချင်နေတာလား... အချိန်နှောင်းသွားပြီလို့ ထင်တယ်... ဒါ ကောင်းပါတယ်... သူ့ကို စောစော ကျင့်ကြံရေးဘက် ပြန်ရောက်လာအောင် လုပ်နိုင်တာပေါ့... သူ့ရဲ့ စရိုက်နဲ့ဆို တကယ်ပဲ ဧကရာဇ် ဖြစ်နိုင်ပါ့မလား... သူက တိုင်းပြည် ရေးရာတွေကို စွန့်ပစ်ပြီး ပေါ့ပေါ့ပါးပါး ဧကရာဇ် တစ်ပါး ဖြစ်သွားမှာကို ကျွန်တော် မလိုလားဘူး... တကယ်တော့ သူက ဧကရာဇ် သေချာပေါက် ဖြစ်ချင်နေတာ မဟုတ်ဘူးလို့ ထင်တယ်... သူက ဒါကို စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ထင်ပြီး မျက်နှာပန်း လှတယ်လို့ ခံစားရလို့ပါ... အကယ်၍ သူ တကယ် ဧကရာဇ် ဖြစ်လာရင်တောင် နှစ်အနည်းငယ် ကြာရင် သူ ငြီးငွေ့သွားမှာပဲ..."
လီချင်းချိုးကလည်း ဤကိစ္စကို ကန့်ကွက်စရာ မရှိချေ။ လီစစ်ဖုန်း၏ စရိုက်ကို သူ ကောင်းစွာ သိထားသည်။ ဤကောင်လေးက စကားကြီးစကားကျယ် ပြောတတ်သော်လည်း တာဝန်ယူစိတ် နည်းပါးပြီး သည်းခံနိုင်စွမ်း လုံးဝ မရှိချေ။ ထို့ပြင် လီစစ်ဖုန်း ဧကရာဇ် ဖြစ်ချင်လျှင်တောင် လုံလောက်သော အရည်အချင်း မပြသနိုင်ပါက ချင်းရှောင်ဂိုဏ်းက သူ့ကို ထောက်ခံမည် မဟုတ်ချေ။ အင်ပါယာ၏ အာဏာက ကစားစရာ မဟုတ်ပေ။ ၎င်းက ပြည်သူများ၏ ဘေးကင်းရေးကိုသာမက ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း သက်ရောက်မှု ရှိပြီး ၎င်းကို အလွဲသုံးစား လုပ်ခွင့် ပြု၍ မရနိုင်ချေ။
လီစစ်ဖုန်းတွင် "မည်သည့် နည်းလမ်းကိုမဆို အသုံးပြုမည်" နှင့် "ဝံပုလွေလို ရည်မှန်းချက် ရှိသည်" ဟူသော ကံကြမ္မာ ရှိလျှင်တောင် လီချင်းချိုးတွင် သူ့ကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများ ရှိနေသေးသည်။
လီချင်းချိုးနှင့် ကျန်းယွီချွန်းတို့နှစ်ယောက် လောကီရေးရာ ကိစ္စများကို နာရီဝက်ခန့်ကြာအောင် စကားပြောဖြစ်ခဲ့ကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် လျှို့ဝှက် ကြံစည်နေကြခြင်း မဟုတ်ဘဲ ပဒေသရာဇ်မင်း အသီးသီး၏ စရိုက်လက္ခဏာနှင့် လုပ်ရပ်များကို လီချင်းချိုးက ရိုးရိုးရှင်းရှင်းပင် နားလည်ချင်ခဲ့ခြင်း ဖြစ်သည်။
ကျန်းယွီချွန်း ထွက်သွားပြီးနောက် ရှောင်ဝူချင်း ခြံဝင်းထဲသို့ ဝင်လာပြီး လီချင်းချိုးကို အရိုအသေပေးလိုက်သည်။
လီချင်းချိုးက သူ့ကို ကြည့်ပြီး သူ စကားပြောမည့် အချိန်ကို စောင့်နေသော်လည်း သူ တုံ့ဆိုင်းနေသည်ကိုသာ တွေ့လိုက်ရသည်။
"မင်း ဘာလို့ ဒီလောက် တုံ့ဆိုင်းနေရတာလဲ... မင်း ဒီလို လုပ်နေရင် ဘယ်လိုလုပ် ကြီးမားတဲ့ အရာတွေကို အောင်မြင်နိုင်မှာလဲ..."
ရှောင်ဝူချင်းတွင် အမြော်အမြင်ရှိပြီး စွမ်းဆောင်ရည် ရှိသော ခေါင်းဆောင် တစ်ယောက် ဖြစ်လာနိုင်သည့် အလားအလာ ရှိသည်။ လီချင်းချိုးက သူ့ကို ယခုနှစ် အစပိုင်းကတည်းက ပြုစုပျိုးထောင်ရန် ပြင်ဆင်နေခဲ့ပြီး ကျန်းယွီချွန်းလို ပါရမီရှင် တစ်ယောက် ဖြစ်လာစေရန်နှင့် သူ့အတွက် သီးသန့် အလုပ်အကျွေးပြုကာ နောင်တွင် အရေးကြီးသော ဂိုဏ်း ကိစ္စများကို သူနှင့်အတူ မျှဝေခံစားနိုင်စေရန် ရည်ရွယ်ထားသည်။
အသက် နှစ်ဆယ် အရွယ် ရှောင်ဝူချင်းက လေပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး…
"ဂိုဏ်းချုပ်... ဂိုဏ်းကို စုံစမ်းဖို့ ကျွန်တော့်ကို ခိုင်းထားတဲ့ကိစ္စပါ.. တပည့်တစ်ယောက်ကို ကျွန်တော် ရှာတွေ့ခဲ့တယ်... သူက အမည်ခံ တပည့်တစ်ယောက်ပဲဖြစ်ပေမဲ့ ဂိုဏ်းကို ပြောင်းလဲနိုင်တဲ့ အလားအလာ ရှိတယ်လို့ ကျွန်တော် ထင်တယ်... သူက ဂိုဏ်းရဲ့ အသန်မာဆုံး တပည့်တောင် ဖြစ်လာနိုင်တယ်..."