ယန်တောက်ဂိုဏ်း…
Vol. 20 Ch. 196
လီစစ်ဖုန်း၏ စကားများကို ကြားသောအခါ ကျူရှန်း၏ အပြုံး ပျောက်ကွယ်သွားပြီး မျက်မှောင်များ ကြုတ်သွားလေသည်။ သူသာမက သူ့ရဲ့ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကလည်း ခက်ထန်သော အမူအရာ ရှိနေကြသည်။
ပဒေသရာဇ်မင်း သုံးပါးက ပြည်နယ် ခြောက်ခုကို အုပ်စိုးထားပြီး လောကကြီးက ကြီးမားသော စစ်ပွဲကြီး တစ်ခုကို စောင့်မျှော်နေခဲ့ပြီ။ သို့သော် သူတို့က မတိုက်ခိုက်ကြသဖြင့် အားလုံးက အနေဖြင့် လက်ခံရန် ခက်ခဲနေခဲ့သည်။ တာ့လီ မင်းဆက်က ဆယ်စုနှစ်များစွာ တည်ထောင်ခဲ့ပြီး ဖြစ်သဖြင့် ကြီးမြတ်သော စည်းလုံးညီညွတ်မှု ဟူသော အယူအဆကို ပြည်သူများ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ ထည့်သွင်းပေးခဲ့ပြီး ဖြစ်၏။ ဤသည်က ပဒေသရာဇ်မင်း အငယ်စားများအတွက်လည်း သတင်းကောင်း မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ပဒေသရာဇ်မင်း သုံးပါးက ရန်လိုမှုများကို ရပ်တန့်လိုက်သည်နှင့် ဤ မင်းသုံးပါးက သူတို့ကို သေချာပေါက် ပြန်လှည့်တိုက်ခိုက်လာမည် ဖြစ်သောကြောင့်ပင်။
ဘုန်း……
ကျူရှန်း၏ သတ္တိအရှိဆုံး ဗိုလ်ချုပ် တစ်ယောက်က လက်သီးဖြင့် စားပွဲကို ထုကာ …
"ချိုက်ရှောက်၊ လျိုလင်း၊ ဖေ့ကျန်းကျစ်... သူတို့ အားလုံးက သတ္တိကြောင်တဲ့ ကောင်တွေပဲ... အရည်အချင်းမရှိတဲ့ အုပ်စိုးရှင်တွေ..."
သူ့ စကားများကို အခြားသူများက ချက်ချင်း သဘောတူလိုက်ကြပြီး ကျိန်ဆဲသံများ ထွက်ပေါ်လာကာ ခန်းမတစ်ခုလုံး ဆူညံသွားတော့သည်။
လီရန်၏ ဦးလေးဒုတိယ ဖြစ်သော လီတာ့လည်း လီစစ်ဖုန်း၏ ဘေးတွင် ထိုင်နေသည်။ သူ မတ်တတ်ရပ်လိုက်တာနဲ့ လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ လင်ချွမ်ဒေသမှ လီမျိုးနွယ်သည် လောကတစ်ခွင်တွင် နာမည်ကြီးပြီး ယခုလို ကစဉ့်ကလျား ဖြစ်နေသော အချိန်များတွင်ပင် သူတို့ကို လျစ်လျူရှုထား၍ မရနိုင်ချေ။
ကျူရှန်းကလည်း လီတာ့ကို ကြည့်လိုက်သည်။ လောကကြီး ကစဉ့်ကလျား မဖြစ်မီကတည်းက သူတို့တွေ တစ်ယောက်ကို တစ်ယောက် သိခဲ့ကြသည်။ ထိုစဉ်က လီတာ့မှာ အလွန် မြင့်မြတ်ပြီး ဩဇာလွှမ်းမိုးမှု ရှိသူ ဖြစ်သော်လည်း ကျူရှန်းကတော့ အရေးမပါသူ တစ်ယောက်သာ ဖြစ်ခဲ့သည်။
"ခင်ဗျားတို့ အားလုံးက ဒီသုံးယောက်ကို သာမန် အုပ်စိုးရှင်တွေလို့ ထင်နေမှတော့ ကျူနဲ့ လီ မိသားစုတွေ ပူးပေါင်းပြီး သူတို့ကို တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူပြီး လောကကြီး တစ်ခုလုံးကို ဘာလို့ မသိမ်းပိုက်ရမှာလဲ... ဒီမိသားစု သုံးခုက သေချာပေါက် တစ်ယောက်ကို တစ်ယောက် ကူညီပေးကြမှာ မဟုတ်ဘူး... ဒါက ကျုပ်တို့အတွက် ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ..."
လီတာ့က အားကောင်းပြီး ဟိန်းဟောက်နေသလို အသံဖြင့် ပြောလိုက်ရာ တက်ရောက်လာသူ အားလုံး၏ အတွေးများကို ဖော်ပြနေသကဲ့သို့ပင်ဖြစ်နေလေ၏။
သူတို့ ယခုလို အတူထိုင်၍ သာယာသော စကားဝိုင်းတစ်ခုကို ပြောဆိုနိုင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ သူတို့ အချင်းချင်း လိုအပ်နေသောကြောင့် ဖြစ်သော်လည်း မာနကြောင့် မည်သူကမျှ အခြေအနေကို စတင် ဖောက်ထွက်ရန် မရဲဝံ့ခဲ့ကြချေ။
ကျူရှန်း၏ ဗျူဟာမှူး တစ်ယောက်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး….
"အကယ်၍ ကျူနဲ့ လီ မိသားစုတွေ ပူးပေါင်းမယ်ဆိုရင် ဘယ်သူက တာဝန်ယူမှာလဲ... စစ်တပ်ကို အဖွဲ့နှစ်ဖွဲ့ ခွဲဖို့တော့ အကြံပြုမှာ မဟုတ်ဘူးမလား..."
ထိုအခါ လီတာ့က ရယ်မောလိုက်ပြီး…
"ကျူသခင်ကြီးက အစွမ်းထက်တယ်လေ...ဒါကြောင့် ကျုပ်တို့က ကျူသခင်ကြီးရဲ့ ဦးဆောင်မှုကို လိုက်နာသင့်တာပေါ့..."
ဤစကားကို ကြားသောအခါ ကျူရှန်း၏ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၏ မျက်နှာအမူအရာများ နူးညံ့သွားပြီး သူတို့ အချင်းချင်း တိုးတိုးလေး စကားပြောဆိုကြတော့သည်။
ကျူရှန်းက လီစစ်ဖုန်းကို ကြည့်ပြီး …
"ဒါက တကယ်ပဲ ညီအစ်ကိုလီရဲ့ အကြံဉာဏ်လား..."
လီစစ်ဖုန်းက ပြုံးလိုက်ပြီး …
"ကျူသခင်ကြီး... ခင်ဗျား ကျွန်တော့်ကို သိသင့်ပါတယ်... ကျွန်တော်က ချင်းရှောင်ဂိုဏ်းက လာတာပါ... ပြီးတော့ ကျွန်တော်က ချင်းရှောင်ဂိုဏ်းရဲ့ ခန်းမသခင်တစ်ယောက်ပါ... လောကကြီးကို ကြည့်လိုက်ရင် တစ်ယောက်ယောက်က ဧကရာဇ် ဖြစ်လာရင်တောင် ချင်းရှောင်ဂိုဏ်းရဲ့ ခန်းမသခင် ဖြစ်တဲ့ ကျွန်တော့်လောက် အဆင့်အတန်း မြင့်ချင်မှ မြင့်မှာပါ... ထီးနန်းဆိုတာ ကျွန်တော့်အတွက် စွဲလမ်းမှု တစ်ခုလို့ ခင်ဗျား ထင်နေလား... မဟုတ်ဘူး... ကျွန်တော် လောကီထဲ ဝင်လာတာက ကြီးမားတဲ့ အရာတစ်ခုခုကို လုပ်ဆောင်ဖို့ သက်သက်ပါပဲ... လောကကြီးကို စည်းလုံးလိုက်နိုင်ရင် လုံလောက်ပါပြီ... ကျွန်တော် အများကြီး မတောင်းဆိုပါဘူး... နောင်လာနောက်သားတွေ ဒီသမိုင်း ကာလအကြောင်း ပြောကြတဲ့အခါ လီစစ်ဖုန်းဆိုတဲ့ ကျွန်တော့်ကို မပြောဘဲ မနေနိုင်အောင် ဖြစ်ဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်..."
ဤစကားများက ကျူရှန်း၏ မျက်နှာအမူအရာကို ထူးဆန်းသွားစေသလို လက်အောက်ရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကိုလည်း ထူးဆန်းသွားစေခဲ့သော်လည်း မည်သူကမျှ မငြင်းဆိုရဲခဲ့ချေ။
လွန်ခဲ့သော နှစ်နှစ်အတွင်း ချင်းရှောင်ဂိုဏ်းမှ တပည့်များက လောကတစ်ခွင်လုံး ပြန့်နှံ့နေခဲ့ပြီး သူတို့ မကြာခဏ ဆုံတွေ့လေ့ရှိကြသည်။ တချို့သော ချင်းရှောင်ဂိုဏ်း တပည့်များက သဘောကောင်းကြပြီး ကမ္ဘာပေါ်တွင် နံပါတ်တစ် ဂိုဏ်း၏ အမူအရာကို ပြသကြသော်လည်း တချို့ကတော့ မာနထောင်လွှားပြီး ဗိုလ်ကျတတ်ကြကာ သူတို့ကို သေလုမတတ် ခံစားရစေသည်။
သို့သော် တစ်ခုတော့ သေချာသည်။ သူတို့တွေ ချင်းရှောင်ဂိုဏ်းကို မရန်စရဲကြချေ။ မကြာသေးမီက ထျန်းကျီတောင် အနီးတွင် ပဒေသရာဇ်မင်း တစ်စု ရပ်နားခဲ့ရာ ချင်းရှောင်ဂိုဏ်း တပည့် သုံးယောက်က သူတို့ကို မောင်းထုတ်ခဲ့ပြီး တပည့် တစ်ယောက်စီက လူထောင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့ကြသည်။ထိုသတင်း ပျံ့နှံ့သွားသောအခါ လောကရှိ ပဒေသရာဇ်မင်းများ အားလုံးက ထိုသတင်းကို အဓိပ္ပာယ်မဲ့သည်ဟု ထင်ခဲ့ကြသည်။ အကယ်၍ ထိုတပည့် သုံးယောက်က ကျန်းကျောက်ရှား၊ ရွှီနင်းနှင့် ရွှယ်ကျင်းတို့လို လူမျိုးများသာ ဖြစ်ခဲ့လျှင် တစ်မျိုး ဖြစ်သော်လည်း သူတို့က အတွေ့အကြုံမရှိသေးသော တပည့် သုံးယောက် ဖြစ်နေခြင်းက ချင်းရှောင်ဂိုဏ်းသည် လောကလူများ နားလည်နိုင်စွမ်းထက် ကျော်လွန်သော အမြန်နှုန်းဖြင့် ကြီးထွားလာနေကြောင်း သက်သေပြနေပေသည်။
အကယ်၍ တစ်ယောက်ယောက်က လောကကြီးကို အောင်နိုင်ခဲ့လျှင်တောင် အုပ်စိုးနိုင်မည်ဟု မသေချာချေ။
ဤအကြောင်းကို တွေးမိသောအခါ ကျူရှန်းက ချိုက်ရှောက်နှင့် အခြား နှစ်ယောက်တို့ ဘာကြောင့် တိုက်ခိုက်ခြင်းကို ရပ်တန့်ခဲ့သနည်း ဆိုသည်ကို ရုတ်တရက် နားလည်သွားတော့သည်။
တိုင်းပြည်ကို စည်းလုံးပြီးနောက် ချင်းရှောင်ဂိုဏ်းရဲ့ အစေခံ ဖြစ်ဖို့ ဘယ်သူကများ သည်းခံနိုင်မှာလဲ...
အဖွဲ့အစည်း အသီးသီးကြား နယ်မြေကို ခွဲဝေယူလိုက်ရင်ရော... အနည်းဆုံးတော့ အဲဒါက ချင်းရှောင်ဂိုဏ်းနဲ့ လှုပ်ရှားဖို့ အသက်ရှူပေါက် နည်းနည်း ပေးနိုင်ပြီး တခြားသူတွေနဲ့အတူ ဖိအားတွေကို ခံနိုင်ရည် ရှိစေနိုင်တာပေါ့...
ထိုအတွေးက ကျူရှန်း၏ စိတ်ထဲ ဖြတ်ပြေးသွားပြီးသည်နှင့် ချက်ချင်း ဖယ်ရှားပစ်လိုက်သည်။
မဖြစ်ဘူး... သူ လောကကြီးကို စည်းလုံးရမယ်... သူက ပြည်သူအားလုံးအတွက် အုံကြွမှုကို စတင်ခဲ့ခြင်း ဖြစ်သည်။ သူ့ထံ၌ ကိုယ်ကျိုးရှာသော ရည်ရွယ်ချက်များ ရှိခဲ့လျှင်တောင် စံပြရည်မှန်းချက်များကို စွန့်လွှတ်၍ မရနိုင်ချေ။ မဟုတ်လျှင် လူတွေက သူ့ကို ဘယ်လို မြင်ကြမည်နည်း။
"ကောင်းပြီလေ... ဒီလို ဆိုမှတော့ ငါတို့ ပူးပေါင်းပြီး ပြည်နယ်ကိုးခုကို ပြန်လည် စည်းလုံးကြတာပေါ့..."
ကျူရှန်းက လက်သီးဖြင့် စားပွဲကို ထုကာ ပြောလိုက်ရာ ပုံမှန် ယဉ်ကျေးသိမ်မွေ့သော ပုံစံနှင့် လုံးဝ ကွာခြားသည့် ပဒေသရာဇ်မင်း တစ်ပါး၏ အရှိန်အဝါကို ထုတ်ဖော်ပြသလိုက်သည်။
လီစစ်ဖုန်းကလည်း ပြုံးလိုက်ပြီး ဝိုင်ပန်းကန်ကို မြှောက်လိုက်သည်။ ခန်းမထဲရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိ အားလုံးကလည်း သူ့နောက်မှ လိုက်၍ သူတို့၏ ပန်းကန်များကို မြှောက်လိုက်ကြသည်။
...
ဆီးနှင်းများ ကျဆင်းနေစဉ် ဝတ်ရုံဖြူနှင့် လူတစ်ယောက်က ချောက်ကမ်းပါးတစ်ခုပေါ်တွင် ဓားသိုင်း လေ့ကျင့်နေသည်။ သူ့ရဲ့ ဓားသိုင်းက ပြင်းထန်ခြင်း မရှိသော်လည်း လှုပ်ရှားမှုများက စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့နေသည်။
ထိုသူ၏ ဆံပင်များက လုံးဝ ဖြူဖွေးနေသော်လည်း မျက်နှာက ငယ်ရွယ်ပြီး ချောမောကာ လောကနှင့် မသက်ဆိုင်သော အသွင်အပြင်ရှိပြီး ချောက်ကမ်းပါးပေါ်တွင် ဓားတစ်လက်ကို ကိုင်ဆောင်ထားသော မသေမျိုး တစ်ပါးကဲ့သို့ သူ၏ ပတ်လည်တွင် အေးစက်သော လေပြင်းများ တိုက်ခတ်နေသည်။
ထိုစဉ် ဝတ်ရုံမည်းနှင့် သက်ကြီးရွယ်အို တစ်ယောက် ရောက်လာပြီး ဝတ်ရုံဖြူနှင့် လူကို ကြည့်ကာ …
"စီနီယာအစ်ကို... ကျောက်ကျိန်းက နောက်ကျနေပြီ... ငါတို့ ဘာလုပ်သင့်လဲ..."
ဤဝတ်ရုံဖြူနှင့် လူမှာ ထျန်းရွှမ်တောင်၏ ဂိုဏ်းချုပ်၊ ယန်တောက်ကျုံး ဖြစ်သည်။
ယန်တောက်ကျုံး၏ မျက်နှာအမူအရာက သက်ကြီးရွယ်အို၏ စကားကို ကြားသော်လည်း ပြောင်းလဲခြင်း မရှိချေ။
"ဒါဆို သူ ရောက်လာမယ့် အချိန်ကို စောင့်ကြတာပေါ့..."
"အကယ်၍ သူ ဘယ်တော့မှ မလာရင်ရော..."
"သူ လာလိမ့်မယ်..."
"ချင်းရှောင်ဂိုဏ်းက အရမ်း မြန်မြန် တိုးချဲ့နေတယ်... အစောပိုင်း ဒါမှမဟုတ် နောက်ပိုင်းမှာ သူတို့တွေ ငါတို့ ထျန်းရွှမ်တောင်ကို လာကြလိမ့်မယ်... သူတို့ ရောက်လာမယ့် အချိန်အထိ ငါတို့ စောင့်နိုင်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်တယ်..."
"စိုးရိမ်ပူပန်နေမယ့်အစား ငါတို့ရဲ့ သိုင်းပညာတွေကို လေ့ကျင့်ဖို့ပဲ အာရုံစိုက်သင့်တယ်... အခုအချိန်မှာ ဒီထက် ပိုကောင်းတဲ့ နည်းလမ်း မရှိဘူး..."
ယန်တောက်ကျုံး၏ ဓားသိုင်းက ဘယ်တော့မှ ရပ်တန့်မသွားဘဲ လောကီ ကိစ္စများက သူနှင့် မသက်ဆိုင်သကဲ့သို့ပင်။
ထိုအခါ သက်ကြီးရွယ်အိုမှာ စိုးရိမ်လာပြီး..
"သိုင်းပညာ လေ့ကျင့်လို့ ဘာအသုံးဝင်မှာလဲ... ချင်းရှောင်ဂိုဏ်းက မသေမျိုးလမ်းစဉ်ကို ကျင့်ကြံတာ... မင်းက သိုင်းပညာ လေ့ကျင့်ရုံနဲ့ သူတို့ကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ... မင်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဒီလမ်းကြောင်းက မှားယွင်းနေတယ်..."
ယန်တောက်ကျုံးကတော့ ပြန်မဖြေခဲ့ဘဲ မျက်လုံးများကို မှိတ်ပြီး ဓားသိုင်းကိုသာ အာရုံစိုက်နေသည်။
"လီချင်းချိုးကို မဆိုထားနဲ့... ငါတို့ ထျန်းရွှမ်တောင်က ဓားနတ်ဘုရား ရှန်ယွဲ့ကိုတောင် မယှဉ်နိုင်ဘူး... ကျောက်ကျိန်းက ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ... သူ့ကို ရနိုင်သရွေ့ ငါတို့ ချင်းရှောင်ဂိုဏ်းကို ယှဉ်ပြိုင်နိုင်ဖို့ အခွင့်အရေး ရလိမ့်မယ်... ကျောက်ကျိန်းက ချင်းရှောင်ဂိုဏ်းမှာ ပါရမီအရှိဆုံး တပည့်ပဲ..."
ကျောက်ကျိန်း အကြောင်းကို ပြောရလျှင် သက်ကြီးရွယ်အို၏ မျက်နှာပေါ်တွင် ရူးသွပ်သော အမူအရာ ရှိနေပြီး မျက်လုံးထဲတွင် လောဘအငွေ့အသက်များ ပြည့်နှက်နေသည်။
ယန်တောက်ကျုံးကတော့ တိတ်ဆိတ်နေဆဲပင်… ယန်တောက်ကျုံး၏ အပြုအမူကြောင့် သက်ကြီးရွယ်အိုမှာ ဒေါသထွက်သွားသော်လည်း စီနီယာ အစ်ကို၌ ဆိုးရွားသော ဒေါသစိတ်ရှိကြောင်း သူ သိထားသည်။ သူက ဆုံးဖြတ်ချက် တစ်ခု ချပြီးတာနဲ့ အဲဒီအကြောင်းကို ဘယ်လောက်ပဲ ပြောပြော ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး...
"မကြာသေးမီက ထျန်းရွှမ်တောင်ကို လာလည်တဲ့သူ ပိုပိုများလာတယ်... အဲဒီအထဲမှာ ချင်းရှောင်ဂိုဏ်းက လူတချို့ မပါဘူးလို့ အာမမခံနိုင်ဘူး... စီနီယာ အစ်ကို... မင်း ပြင်ဆင်ထားတာ ပိုကောင်းမယ်... တစ်နေ့ကျရင် ချင်းရှောင်ဂိုဏ်း တပည့်တွေရဲ့ ခြိမ်းခြောက်မှုကို မင်း ရင်ဆိုင်ရနိုင်တယ်..."
သက်ကြီးရွယ်အိုက ဤစကားများကို ပြောပြီးနောက် လှည့်၍ ထွက်ခွာသွားကာ ကျယ်ပြောလှသော နှင်းများ ကြားတွင် ပျောက်ကွယ်သွားပြီးနောက်မှသာ ယန်တောက်ကျုံးက မျက်လုံးဖွင့်လိုက်သည်။
ယန်တောက်ကျုံး၏ ဓားမှ ဓားချီစွမ်းအင် တစ်ခု ပေါက်ကွဲထွက်လာပြီး မျက်လုံးများက ထူးဆန်းပြီး အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေသည်။
"မသေမျိုးလမ်းစဉ်ကို ကျင့်ကြံတာ..." ဟု ယန်တောက်ကျုံးက သူ့ဘာသာ ရေရွတ်လိုက်သည်။ထို့နောက် မျက်လုံးများကို ထပ်မှိတ်လိုက်ပြီး ဓားသိုင်းကို ဆက်လက် လေ့ကျင့်နေသော်လည်း ဓားလှုပ်ရှားမှုများက ပိုပို၍ မြန်ဆန်လာပြီး ပတ်ဝန်းကျင်ရှိ နှင်းများ အထက်သို့ တက်လာကာ သူ့ကို ဝိုင်းရံသွားပြီး ပိုပို၍ အားကောင်းလာတော့သည်။
...
ချင်းရှောင်ဂိုဏ်းမှာလည်း ထူထပ်သော နှင်းများဖြင့် ဖုံးလွှမ်းခံထားရသည်။ ထိုနေ့တွင် လုချင်း လင်းရှောင်ခြံဝင်းသို့ ရောက်ရှိလာခဲ့သည်။ သူသည် မူလအားဖြည့်နယ်ပယ် ပဉ္စမအလွှာတွင်သာ ရှိသေးသော်လည်း ကျင့်ကြံခြင်းက ဝိညာဉ်ချီဆေးလုံးနှင့် ကောင်းချီးမြေ၏ ဝိညာဉ်ချီစွမ်းအင်တို့ကြောင့် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ယန်ယွမ်အဆင့် ဆဋ္ဌမအလွှာသို့ ရောက်ရှိရန် အခွင့်အရေး ရှိသည်ဟု ခံစားရသဖြင့် စွမ်းအင်များ အပြည့်အဝ ရှိနေပေသည်။
သူက လီချင်းချိုး အနားသို့ ချဉ်းကပ်လာပြီး အရိုအသေပေး နှုတ်ဆက်လိုက်တော့ လီချင်းချိုးက ကုလားထိုင်တွင် ထိုင်၍ လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထား၏။
"ချိုက်ရှောက်က ခရိုင်မြို့တော်မှာ ဆေးဖော်စပ်ရေး နေရာတစ်ခု ဖွင့်ထားတယ်လို့ ကြားတယ်... သွားပြီး စုံစမ်းကြည့်... ဒီဆေးဖော်စပ်ရေး နေရာက အရပ်သားတွေကို ထိခိုက်စေသလား ဆိုတာ စစ်ဆေးကြည့်... အကယ်၍ သူ့လုပ်ရပ်တွေ အရမ်း လွန်ကျူးနေတယ်ဆိုရင် သူ့ခေါင်းကို ငါ့ဆီ ယူလာခဲ့..."
လုချင်းက ချိုက်ရှောက်ဆိုသော နာမည်ကို ရင်းနှီးနေသည်ဟု ခံစားရပြီး တစ်နေရာရာတွင် ကြားဖူးသကဲ့သို့ပင်ခံစားနေရသည်။
ယွမ်ချီက ဘေးတွင် ရပ်နေပြီး ရယ်မောလိုက်ကာ..
"သူ့ရဲ့ သတင်းအချက်အလက်ကို ဝိညာဉ်ထိန်းချုပ်ရေးခန်းမက ခန်းမသခင်ကျန်းဆီမှာ မင်း သွားယူလို့ ရတယ်..."
ဤစကားကို ကြားသောအခါ လုချင်းက ချက်ချင်းပင် လီချင်းချိုးကို အရိုအသေပေးလိုက်ပြီးနောက် လှည့်၍ ထွက်ခွာသွားသည်။ လုပ်ငန်းစဉ် တစ်ခုလုံးတွင် သူက စကားတစ်ခွန်းမျှ မပြောခဲ့ချေ။ သူသည် အေးစက်စက် နေတတ်ပြီး နှလုံးသားထဲရှိ စိတ်အားထက်သန်မှုကို မပြသခဲ့ပေ။
လုချင်း ထွက်သွားပြီးနောက် ယွမ်ချီက ရှေ့သို့ တစ်လှမ်း တိုးလာပြီး …
"ဂိုဏ်းချုပ်... ချိုက်၊ လျို နဲ့ ဖေ့တို့က စစ်ပြေငြိမ်းရပ်စဲရေး သဘောတူညီချက် တစ်ခု ရယူလိုက်ကြပြီး လာမယ့်နှစ်မှာ တိုင်းပြည် တစ်ခုကို ပူးတွဲ တည်ထောင်ပြီး ဧကရာဇ်တွေ အဖြစ် ကြေညာကြတော့မယ်လို့ ကြားတယ်... ဒီကိစ္စကို တကယ်ပဲ ဘာမှ မလုပ်တော့ဘူးလား..."
လီချင်းချိုးက လက်ထဲရှိ စာအုပ်ကို ကြည့်ရင်း …
"သေချာတာပေါ့ ငါတို့ စီမံခန့်ခွဲရမှာပေါ့... ချင်းရှောင်ဂိုဏ်းက အာဏာလုပွဲမှာ ဝင်မပါဘူး... ဒါပေမဲ့ လောကကြီးကို စည်းလုံးမယ့် လမ်းကြောင်းကို တားဆီးဖို့ ဘယ်သူ့ကိုမှ ခွင့်ပြုမှာ မဟုတ်ဘူး... သူတို့ မလုပ်ရင် တခြား တစ်ယောက်ယောက်က လုပ်လိမ့်မယ်... ယွီချွန်းက ဒီကိစ္စကို တာဝန်ယူထားတယ်... ဒါကြောင့် မင်းနဲ့ ငါ စိုးရိမ်စရာ မလိုပါဘူး..."
ဤစကားကို ကြားပြီးနောက် ယွမ်ချီက တုံ့ဆိုင်းသွားပြီး သူ စကားပြောသင့်၊ မသင့် မသေချာဖြစ်နေသည်။
"မင်း ပြောချင်တာ တစ်ခုခု ရှိလို့လား..."
လီချင်းချိုးက တစ်ချက်မျှ မကြည့်ဘဲ မေးလိုက်တော့ ယွမ်ချီက လေပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး …
"ပဒေသရာဇ်မင်း တစ်ပါးက ခန်းမသခင်ကျန်းကို မျက်နှာလိုမျက်နှာရ လုပ်ဖို့ ကြိုးစားနေတယ်လို့ ကျွန်တော် ကြားတယ်..."
"အိုး... ဘယ်သူလဲ... ပြောပြပါဦး..."
"အောက်ခြေ လူတန်းစားကနေ ဆင်းသက်လာတဲ့ ကျူရှန်းဆိုတဲ့ ပဒေသရာဇ်မင်း တစ်ပါးပါ... သူက လှည့်လည်သွားလာနေတဲ့ သူရဲကောင်း တစ်ယောက် ဖြစ်ပြီး ကျန်းဟူမှာ သူ့ရဲ့ သူရဲကောင်းဆန်မှုတွေကြောင့် နာမည်ကြီးခဲ့တာပါ... ကစဉ့်ကလျား အခြေအနေတွေ ရောက်လာတဲ့အခါ သူက ညီအစ်ကို တစ်စုကို စုစည်းလိုက်ပြီး သူ့ရဲ့ အင်အားက ပိုပိုပြီး ကြီးမားလာတယ်... သူက မူလဇစ်မြစ်ကို ဖုံးကွယ်ပြီး ခန်းမသခင်ကျန်းကို တောင်ပေါ်မှာ ကိုယ်တိုင် လာတွေ့ခဲ့တယ်လို့ ကြားတယ်... သူတို့ ဘာတွေ ဆွေးနွေးခဲ့ကြလဲ ဆိုတာကိုတော့ မသိရဘူး... သူ တောင်အောက်ဆင်းသွားပြီး မကြာခင်မှာပဲ ဝိညာဉ်ထိန်းချုပ်ရေးခန်းမက တပည့် တစ်စု တောင်အောက်ဆင်းသွားကြတယ်..."
ယွမ်ချီက လီချင်းချိုး၏ ပြောင်းလဲနေသော မျက်နှာအမူအရာများကို စောင့်ကြည့်ရင်း သတိထား၍ ပြောလိုက်သည်။ လီချင်းချိုးက မတုန်မလှုပ် ရှိနေပြီး ဤကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေပုံ မရချေ။
"ငါ နားလည်ပြီ.. မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်... ဆက်လုပ်ပါ... ဒီအကြောင်းကို တခြား ဘယ်သူ့ကိုမှ မပြောနဲ့နော်..."
"ဟုတ်ကဲ့ပါ..."
ယွမ်ချီ သက်ပြင်းချလိုက်မိသည်။ သူလည်း လီချင်းချိုးနှင့် ပြဿနာ ဖြစ်မည်ကို ကြောက်ရွံ့နေသည်။သူသည် စီနီယာ အစ်ကိုများ အကြားရှိ ပြဿနာများကြောင့် တုံ့ဆိုင်းနေခဲ့သော်လည်း နောက်ဆုံးတွင် သူ သိသမျှ အားလုံးကို လီချင်းချိုးအား ဝန်ခံရန် ရွေးချယ်ခဲ့ခြင်းပင်။
လီချင်းချိုးက သူ့ကို နောက်ဆုတ်ရန် လက်ဝှေ့ယမ်းပြလိုက်တော့ ယွမ်ချီ ထွက်သွားပြီးနောက် ချူကျင်း ပေါ်လာသည်။
"သခင်... ဒါက ကောင်းတဲ့ ကိစ္စလို့ ကျွန်တော် ထင်တယ်... ခန်းမသခင်ကျန်းကိုပဲ လုပ်ခိုင်းလိုက်ပါ... ကျွန်တော်တို့ လောကကြီးကို စောစော အောင်နိုင်လေ ချင်းရှောင်ဂိုဏ်းက ပိုပြီး ဖွံ့ဖြိုးတိုးတက်နိုင်လေ ဖြစ်ပြီး လောကီလူသားတွေလည်း ငြိမ်းချမ်းစွာ နေထိုင်နိုင်လေပဲ..."
လီချင်းချိုးက ချူကျင်းကို တစ်ချက် ကြည့်လိုက်ပြီး ဟန်ဆောင် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"အိုး... မင်းက လောကီလူသားတွေအတွက် စိတ်ပူနေသေးတာလား... အဲဒါ တကယ်ကို ထူးဆန်းတာပဲ..."
ထိုအခါ ချူကျင်း အနေခက်သွားပြီး ..
"အဟမ်း... ဘာပဲဖြစ်ဖြစ် ကျွန်တော်က လောကီလူသားတွေကို တကယ်ပဲ စိတ်ပျက်စေခဲ့တာကိုး..."
"တစ်ယောက်ယောက်က ဒီကိစ္စတွေကို လုပ်ဖို့ တကယ်ကို လိုအပ်တယ်... ဒါပေမဲ့ အကယ်၍ သူတို့က ဒီကိစ္စတွေကို မကြာခဏ လုပ်လွန်းရင် သူတို့ရဲ့ နှလုံးသားတွေ ပြောင်းလဲမသွားဘူးလား..."
"သခင်က ခန်းမသခင်ကျန်းကို ရည်ညွှန်းနေတာလား..."
"သူလည်း ပါတယ်... ဒါပေမဲ့ သူ တစ်ယောက်တည်းတော့ မဟုတ်ဘူး..."
ဟုတ်လို့လား... လီချင်းချိုးက သူ အလုပ်အကျွေးပြုခဲ့ဖူးတဲ့ ဧကရာဇ်တွေလိုပဲ သူ့ပတ်ဝန်းကျင်က လူတွေကို မယုံကြည်တော့ဘူးလား...
ဒါပေမဲ့ လီချင်းချိုးက အဲဒီလို လူမျိုး မဟုတ်ဘူးလို့လည်း သူ ခံစားရတယ်…
ထိုအချိန်မှာပင် ရှန်ယွဲ့ ခြံဝင်းထဲသို့ ဝင်လာပြီး ချူကျင်းကို မြင်လိုက်ရာသဖြင့် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ဂိုဏ်းချုပ်၏ ဘေးတွင် တစ္ဆေကျွန် တစ်ယောက် ရှိနေကြောင်း သူ ကြားခဲ့ဖူးသော်လည်း ဤသည်မှာ သူ လူကိုယ်တိုင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး ဤတစ္ဆေကျွန်ကလည်း အသိဟောင်း တစ်ယောက် ဖြစ်နေသည်။
လီချင်းချိုးက ရှန်ယွဲ့ကို ကြည့်ပြီး မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။ ဤအဘိုးကြီးက တကယ့်ကို အံ့မခန်းပဲ... သူ ဆဋ္ဌမအလွှာကို ရောက်သွားတာ ဘယ်လောက်တောင် ကြာပြီလဲ... ဘယ်လိုလုပ် သူ့ရဲ့ ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်နေပုံ ရတာလဲ... အလွန်ဆုံး နောက်တစ်နှစ်နေရင် မူလအားဖြည့်နယ်ပယ် သတ္တမအလွှာကို ရောက်တော့မလို့လား…
ရှန်ယွဲ့၏ အထူးကောင်းမွန်သော ပါရမီက အလားတူ အထူးကောင်းမွန်သော ပါရမီများ ရှိကြသည့် အခြား တပည့်များထက် များစွာ သာလွန်နေပြီး ကျင့်ကြံခြင်းကို များစွာ ပိုမို မြန်ဆန်စေသည်။
ရှန်ယွဲ့က လီချင်းချိုး အနားသို့ ချဉ်းကပ်လာပြီး …
"မြောက်ဘက်ကနေ တာအိုလမ်းစဉ်ထဲကို ဝင်ရောက်လာတဲ့ လူတွေ ရှိတယ်..."
"တာအိုလမ်းစဉ်ထဲ ဝင်ရောက်လာတယ်... အဲဒါ ဘာအဓိပ္ပာယ်လဲ..."
"ဒါက ဒဏ္ဍာရီလာ နယ်ပယ် တစ်ခုပါ... ဒဏ္ဍာရီအရ သိုင်းပညာက အထွတ်အထိပ်ကို ရောက်သွားတဲ့အခါ တာအိုလမ်းစဉ်ထဲ ဝင်ရောက်နိုင်ပြီး တာအိုလမ်းစဉ်ထဲ ဝင်ရောက်ပြီးနောက် လောကီကမ္ဘာကို ကျော်လွန်သွားနိုင်တယ်တဲ့..."