← Chapters

ကောင်းကင်ဘုံ အမိန့်တော်ရ ဧကရာဇ်….

Vol. 20 Ch. 198

ကောင်းကင်ဘုံ အမိန့်တော်ရ ဧကရာဇ်….

Vol. 20 Ch. 198

ကျန်းဖျင်သည် နောက်ဆုံး တာဝန် အတွေ့အကြုံ ရရှိပြီးကတည်းက ပိုင်နင်းအာနှင့် ဝေးဝေးနေရန် ဆုံးဖြတ်ထားခဲ့သော်လည်း ပိုင်နင်းအာက ဤတစ်ကြိမ်တွင် တာအိုကံကြမ္မာရမှတ် အခွင့်အရေး အများအပြားကို ကမ်းလှမ်းလာသဖြင့် သူ့ကို အလွန် သွေးဆောင်ဖြားယောင်းသလို ဖြစ်သွားစေသည်။

အရေးအကြီးဆုံးမှာ ပိုင်နင်းအာက လီရန်၏ နာမည်ကို ထုတ်ဖော်ပြောပြခဲ့ပြီး လီရန်လည်း ဤတာဝန်တွင် ပါဝင်မည်ဖြစ်ကြောင်း ပြောခဲ့ခြင်းပင်။

လီရန်က ဘယ်သူလဲ... ဓမ္မတိုက်ပွဲညီလာခံတွင် ထိပ်ဆုံး ဆယ်ယောက်ဝင်သူ တစ်ဦး ဖြစ်ပြီး ဂိုဏ်းရှိ လူတိုင်းက ပါရမီရှင် အဖြစ် သိထားကြသူ ဖြစ်သည်။

တပည့်များအတွက် လီရန်သည် ကျွမ်းကျင်သူများ အကြားတွင် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပေသည်။ ဤမျှ စွမ်းဆောင်ရည်ရှိသူ တစ်ဦး လိုက်ပါလာပါက တာဝန် အောင်မြင်နိုင်ခြေမှာ အလွန် မြင့်မားသင့်ပေသည်။

ထို့ကြောင့် ကျန်းဖျင်က ပိုင်နင်းအာ၏ သွေးဆောင်မှုကို နောက်တစ်ကြိမ် ခံလိုက်ရပြီး ဤကိစ္စကို သဘောတူလိုက်သည်။ သို့သော် ဝိညာဉ်ထိန်းချုပ်ရေးခန်းမသို့ ပြန်ရောက်သောအခါ သူ ဘာလုပ်လိုက်သနည်း ဆိုသည်ကို ရုတ်တရက် သဘောပေါက်သွားပြီး သူ့ကိုယ်သူ ပါးရိုက်လိုက်မိသည်။

" ဘယ်လိုလုပ် သရဲပူးခံရပြန်တာလဲ..."

ပိုင်နင်းအာအပေါ် ကျန်းဖျင်၏ စိုးရိမ်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ချူကျင်းအပေါ် စိုးရိမ်မှုထက်ပင် ကျော်လွန်သွားကာ ဤလူငယ်မှာ သေချာပေါက် သာမန် မဟုတ်ကြောင်း ကောက်ချက်ချလိုက်သည်။ တာဝန်ကို လက်ခံပြီးပြီ ဖြစ်ရာ ကျန်းဖျင်အနေနှင့် ဆက်လက်၍ ငြင်းပယ်၍ မရနိုင်တော့ချေ။

ကံကောင်းထောက်မစွာဖြင့် တာဝန်က နှစ်သစ်ကူးပြီးမှ စတင်မည် ဖြစ်ရာ သူ့အတွက် ပြင်ဆင်ရန် အချိန်ရပေသည်။ မမျှော်လင့်ထားသော အခြေအနေများ ကြုံတွေ့လာပါက အသုံးပြုနိုင်ရန်အတွက် အဆောင်အင်းများနှင့် ဆေးလုံးတချို့ ဝယ်ယူရန် ကျင့်ကြံခြင်းခန်းမသို့ သွားရန် စီစဉ်လိုက်သည်။

တာဝန်တိုင်းကို အန္တရာယ်များဖြင့် ပြည့်နှက်နေသည့် အရာအဖြစ် သူ သဘောထားရမည် ဖြစ်ပြီး အဆောင်အင်းများနှင့် ဆေးလုံးများ အသုံးမဝင်ခဲ့လျှင်တောင် နောက်ပိုင်းအတွက် သိမ်းထားနိုင်ပေသည်။

နှစ်တစ်နှစ်၏ အဆုံးသတ်တိုင်းက ချင်းရှောင်ဂိုဏ်းအတွက် အစည်ကားဆုံး အချိန်ပင်။

တပည့်များ ပြန်လည် ရောက်ရှိလာကြပြီး သူငယ်ချင်းများနှင့် စုဝေးကာ တစ်နှစ်တာ ရရှိခဲ့သည်များနှင့် ဆုံးရှုံးခဲ့သည်များကို ပြောဆိုကြသည်။ တချို့က ပျော်ရွှင်နေကြပြီး တချို့က ဝမ်းနည်းနေကြသည်။

ရွှီနင်းနှင့် ကျန်းကျောက်ရှားတို့လည်း ပြန်ရောက်လာကြပြီး လီစစ်ဖုန်းပင်လျှင် ရှားရှားပါးပါး ပြန်ရောက်လာခဲ့သည်။

လီစစ်ဖုန်းက တစ်ယောက်တည်း ပြန်လာခြင်း မဟုတ်ဘဲ ဖေမြောင်ကိုပါ ခေါ်လာခဲ့ပြီး သူတို့ တစ်ယောက်စီက ကလေး တစ်ယောက်စီကို ချီလာကြရာ လီတုန်းယွဲ့နှင့် လီစစ်ကျင်းတို့ကို ဝိုင်းအုံလာစေရန် ဆွဲဆောင်နိုင်ခဲ့သည်။

လီချင်းချိုးက ကုလားထိုင်တွင် ထိုင်နေပြီး လီစစ်ဖုန်းကို ကြည့်ကာ လျှို့ဝှက်စွာ အံ့အားသင့်နေသည်။

တကယ်ပဲ ကလေး နှစ်ယောက် ရှိနေတာပဲ...

ဖေမြောင်၏ ကံကြမ္မာကို သူ မတွေးဘဲ မနေနိုင်တော့ချေ။

[ နဂါးနှစ်ကောင်၏ ဧကရီ - တိုင်းပြည် တစ်ခု၏ မိခင် ဖြစ်လာရန် ဖန်တီးခံထားရပြီး ကောင်းကင်ဘုံ အမိန့်တော်ရ ဧကရာဇ် နှစ်ပါးကို မွေးဖွားပေးလိမ့်မည်။ သူမ၏ ကံကြမ္မာက ထူးခြားသည်။ ]

ကောင်းကင်ဘုံ အမိန့်တော်ရ ဧကရာဇ် ဆိုတာ ဘာလဲ... ဤအချက်က လီချင်းချိုး အမြဲ သိချင်နေသည့် အရာတစ်ခုပင်။

လီစစ်ဖုန်းက ဇနီးနှင့် ကလေးများကို လီချင်းချိုး အနားသို့ ခေါ်လာပြီး …

"အစ်ကိုကြီး... ဒါတွေက ကျွန်တော့်ရဲ့ ကလေး နှစ်ယောက်ပါ... အခုလေးတင် မွေးထားတာ... နှစ်ယောက်စလုံးက ယောက်ျားလေးတွေပါ... ပြီးတော့ နာမည် မပေးရသေးဘူး... အစ်ကိုကြီးကို နာမည်ပေးစေချင်လို့ပါ..."

ဖေမြောင်ကလည်း ….

"ဟုတ်ပါတယ်... အစ်ကိုအကြီးဆုံးက ဖခင်တစ်ယောက်လိုပါပဲ... စစ်ဖုန်း ငယ်ငယ်ကတည်းက အစ်ကိုကြီးပဲ ပြုစုပျိုးထောင်ပေးခဲ့တာဆိုတော့ အစ်ကိုကြီး နာမည်ပေးတာ သဘာဝကျပါတယ်..."

လီချင်းချိုးက ပြုံးလိုက်ပြီး မတ်တတ်ရပ်ကာ လက်တစ်ဖက်စီဖြင့် ကလေး နှစ်ယောက်ကို ပွေ့ချီလိုက်သည်။ ကလေး နှစ်ယောက်မှာ ပန်းရောင်သန်းနေသော ပါးပြင်များ ရှိကြပြီး သူတို့၏ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားကာ လက်လေးများကို လက်သီးဆုပ်ထားကြသည်။ သူတို့၏ မျက်နှာသွင်ပြင်များက လီစစ်ဖုန်းနှင့် လီစစ်ကျင်းတို့ ငယ်ငယ်က ပုံစံများကို သတိရစေပြီး လီချင်းချိုးကို ကလေးငယ် နှစ်ယောက်အပေါ် ချစ်ခင်မှုများ ဖြစ်ပေါ်လာစေသည်။

သူ ကိုယ်တိုင် ကလေးငယ် နှစ်ယောက်ကို နာမည်ပေးလိုက်ခြင်းက သူတို့ကို နောက်ထပ် ကိုယ်ပိုင်လက္ခဏာ အလွှာတစ်ခု ပေးလိုက်သည်မှာ သေချာပေသည်။ ဤသည်က ဖေမြောင်၏ ရည်ရွယ်ချက် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူ ဂရုမစိုက်ချေ။

လီချင်းချိုးက အတွေးနက်သွားပြီး အခြားသူများက တိတ်ဆိတ်သွားကာ သူ နာမည် ရွေးချယ်မည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

အသက်ရှူ အကြိမ်အနည်းငယ် အကြာတွင် လီချင်းချိုးက ညာဘက် လက်မောင်းကို အရင် မြှောက်လိုက်ပြီး….

"သူ့နာမည်က လီရှို့ကျန်း ..."

ပြီးသည်နှင့် ဘယ်ဘက် လက်မောင်းကို မြှောက်လိုက်ပြီး…

"သူ့နာမည်က လီရှို့မင် ..."

"ရှို့မင်..."

လီစစ်ဖုန်းကနာမည် နှစ်ခုကို စဉ်းစားနေပြီ။ အခြားသူများကလည်း ဤနာမည် နှစ်ခုကို ရွေးချယ်ရာတွင် လီချင်းချိုး၏ ရည်ရွယ်ချက်ကို သိချင်နေကြသည်။

ထိုအချိန်တွင် ကျန်းယွီချွန်းလည်း လင်းရှောင်ခြံဝင်းသို့ ရောက်လာသည်။

သူက လီစစ်ဖုန်းကို မြင်သောအခါ ရယ်မောလိုက်ပြီး

"ကောင်ဆိုးလေး... နောက်ဆုံးတော့ ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့..."

သူက လူတိုင်း၏ အတွေးများကို အနှောင့်အယှက် ပေးလိုက်ချေပြီ။

လီချင်းချိုးက ကလေးငယ် နှစ်ယောက်ကို ရင်ခွင်ထဲတွင် ပိုက်ထားရင်း ထိုင်လိုက်ပြီး သူတို့၏ မျက်နှာလေးများကို ကြည့်ကာ အလွန် ရယ်စရာကောင်းသည်ဟု ခံစားနေရသည်။

လူတွေ ပိုပိုပြီး လင်းရှောင်ခြံဝင်းသို့ ရောက်လာကြပြီး ကျောက်ကျိန်း၊ ယွမ်လီ၊ ကျိယာနှင့် ယွင်ချိုင်တို့ အပါအဝင် ဖြစ်ရာ လင်းရှောင်ခြံဝင်းကို ပိုပိုပြီး စည်ကားလာစေသည်။

ယွင်ချိုင်က လီချင်းချိုး အနားသို့ လာကာ သူ၏ ရင်ခွင်ထဲရှိ လီရှို့ကျန်းနှင့် လီရှို့မင်တို့ကို စပ်စုချင်စိတ်ဖြင့် ကြည့်နေသည်။

"ဂိုဏ်းချုပ်... သူတို့က ဘယ်သူ့ကလေးတွေလဲ..."

ယွင်ချိုင်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး တိုးတိုးလေး မေးလိုက်တော့ လီချင်းချိုးက မေးစေ့ကို မော့လိုက်ပြီး ပြုံးလိုက်လေသည်။

"လီစစ်ဖုန်းရဲ့ ကလေးတွေလေ..."

ယွင်ချိုင်ကလည်း ထိုအခါမှသာ ခေါင်းလှည့်ကြည့်လိုက်မိသည်။ ဤသည်မှာ လီစစ်ဖုန်းကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

လီစစ်ဖုန်းက ဂိုဏ်းတွင် နှစ်များစွာ မရှိခဲ့သော်လည်း သူ့နာမည်ကို မကြာခဏ ပြောဆိုလေ့ရှိကြသည်။ အတွေ့အကြုံရှာဖွေရေယ ခန်းမသခင်က တာဝန်များဖြင့် မကြာခဏ အဝေးရောက်နေခြင်းမှာ လူများစွာအတွက် ရယ်စရာ အကြောင်းအရာ တစ်ခု ဖြစ်လာခဲ့သည်။

ဒီလူက ဂိုဏ်းချုပ်ဆီက တစ်ခုခု လိုအပ်လို့ ပြန်လာတာများလား...

ယွင်ချိုင် အတွေးနက်နေစဉ် သူမ၏ အကြည့်က လီချင်းချိုးဆီသို့ ပြောင်းသွားခဲ့သည်။ ကလေးကို စိုက်ကြည့်နေသော လီချင်းချိုး၏ ပြုံးနေသော မျက်နှာကို မြင်သောအခါ ထိုအပြုံးက တကယ်ကို လှပသည်ဟု သူမ တွေးလိုက်မိသည်။

ဖေမြောင်က လီချင်းချိုး၏ အခြား တစ်ဖက်သို့ လျှောက်သွားပြီး….

"အစ်ကိုကြီး... စစ်ဖုန်းက တစ်နှစ်ပတ်လုံး တိုက်ခိုက်နေရတာ ဆိုတော့ ကလေးတွေကို ထိခိုက်မှာ ကျွန်မ စိုးရိမ်လို့ပါ... ဒီကလေး နှစ်ယောက်ကို ဂိုဏ်းမှာ ထားခွင့်ပြုနိုင်မလား..."

လီချင်းချိုး မှူးမတ်မျိုးနွယ်များကို သတိထားနေကြောင်းမှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်ချေ။ ကျူမျိုးနွယ်မှာ အကြိမ်ကြိမ် သတိပေးခံခဲ့ရပြီး ဖြစ်ကာ သူမ၏ လုပ်ရပ်က လီချင်းချိုးကို အလွန်အကျွံ တွေးမိစေမည်ကို သူမ ကြောက်ရွံ့နေသည်။

"သူတို့က အစကတည်းက ချင်းရှောင်ဂိုဏ်းရဲ့ ကလေးတွေပါ... အကယ်၍ သူတို့ကို ထားခဲ့ဖို့ ဆန္ဒရှိရင် ငါ ငြင်းမှာ မဟုတ်ပါဘူး... ဒါပေမဲ့ သူတို့ ထိခိုက်မိရင်တော့ စိတ်မကောင်း မဖြစ်ပါနဲ့... စစ်ဖုန်းက ကလေးတွေကို ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာ သိပါတယ်… ကလေးတွေက အဲဒီလောက်လည်း ဂျီမကျပါဘူး..."

လီချင်းချိုးက ကလေး နှစ်ယောက်ကို ကိုယ်တိုင် စောင့်ရှောက်ပေးမည်ဟု ကြားသောအခါ ဖေမြောင် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး လီချင်းချိုးကို ကမန်းကတန်း ကျေးဇူးတင်လိုက်သည်။

"သွားပြီး သူတို့နဲ့ စကားပြောလိုက်ပါဦး..."

လီချင်းချိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ဖေမြောင်ကို လွှတ်လိုက်တော့ အနီးအနားတွင် ဆောင့်ကြောင့်ထိုင်နေသော ယွင်ချိုင်က ဤစကားကို ကြားပြီးနောက် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"ဂိုဏ်းချုပ်... သူတို့ကို ကိုယ်တိုင် ပျိုးထောင်ပေးမလို့လား....."

"ဒါမှမဟုတ်ရင် ဘာလုပ်ရမှာလဲ... တခြား တပည့်တွေဆီ လွှဲအပ်လိုက်ဖို့ ငါ စိတ်မချဘူး... ပြီးတော့ တပည့်တွေလည်း ဖိအားများသွားလိမ့်မယ်..."

သူက တာအိုလမ်းစဉ်စနစ်ကို ခေါ်ထုတ်လိုက်ပြီး အောက်ဆုံးအထိ ဆင်းကြည့်လိုက်ရာ သေချာပေါက် လီရှို့ကျန်းနှင့် လီရှို့မင်တို့၏ ပုံတူများကို တွေ့လိုက်ရသည်။

[ အမည် - လီရှို့ကျန်း ]

[ ကျား/မ - ကျား ]

[ အသက် - ၁ နှစ် အောက် ]

[ သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်းချုပ်) - ၀/၀ (အများဆုံး ၁၀၀) ]

[ ကျင့်ကြံခြင်း ပါရမီ - အထူးကောင်းမွန် ]

[ နားလည်သဘောပေါက်နိုင်စွမ်း - ထူးချွန် ]

[ ကံကြမ္မာ - မွေးရာပါ ဧကရာဇ်၊ အရပ်ဘက် အုပ်ချုပ်ရေးအတွက် ပညာရှိ နှလုံးသားကို ပိုင်ဆိုင်ထားခြင်း ]

[ မွေးရာပါ ဧကရာဇ် - ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများနှင့်အတူ မွေးဖွားလာပြီး ကောင်းကင်နှင့်မြေကြီးက အသိအမှတ်ပြုထားသော ဧကရာဇ် တစ်ပါး ဖြစ်သည်။ ကျင့်ကြံခြင်း တိုးလာသည်နှင့်အမျှ အင်ပါယာ၏ စွမ်းအားက နတ်စွမ်းအင် အဖြစ်သို့ ဖွံ့ဖြိုးလာမည် ဖြစ်ပြီး လူတို့၏ နှလုံးသားကို အနိုင်ယူရာတွင် ကျွမ်းကျင်လာလိမ့်မည်။ ]

[ အရပ်ဘက် အုပ်ချုပ်ရေးအတွက် ပညာရှိ နှလုံးသား - အရပ်ဘက် အုပ်ချုပ်ရေးတွင် ထူးခြားသော နားလည်သဘောပေါက်နိုင်စွမ်း ရှိပြီး လောကီလူသားများအတွက် ရည်စူးထားသော နှလုံးသား ရှိသည်။ ]

...

[ အမည် - လီရှို့မင် ]

[ ကျား/မ - ကျား ]

[ အသက် - ၁ နှစ် အောက် ]

[ သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်းချုပ်) - ၀/၀ (အများဆုံး ၁၀၀) ]

[ ကျင့်ကြံခြင်း ပါရမီ - ထူးချွန် ]

[ နားလည်သဘောပေါက်နိုင်စွမ်း - သာမန် ]

[ ကံကြမ္မာ - အချိန်တိုင်း၏ အကြီးမြတ်ဆုံး ဧကရာဇ်၊ လောကကြီးအတွက် ရည်မှန်းချက်၊ အာဏာရှင် ]

[ အချိန်တိုင်း၏ အကြီးမြတ်ဆုံး ဧကရာဇ် - သမိုင်းတစ်လျှောက် အကောင်းဆုံး ဧကရာဇ်နှင့် အုပ်စိုးရှင် ဖြစ်ရန် ရည်မှန်းထားပြီး ဤစံပြရည်မှန်းချက်ကို အဆုံးတိုင်အောင်၊ သူ သေဆုံးချိန်အထိ လိုက်စားမည် ဖြစ်ကာ အုပ်ချုပ်ရေး အနုပညာတွင် ထူးခြားသော နားလည်သဘောပေါက်နိုင်စွမ်းကို ပြသလိမ့်မည်။ ]

[ လောကကြီးအတွက် ရည်မှန်းချက် - သူ့ အကြည့်ကျရောက်ရာ နေရာတိုင်းက သူ့ရဲ့ ရည်မှန်းချက် နယ်ပယ် ဖြစ်လာလိမ့်မည်။ ကိုယ်ပိုင် နယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ စွမ်းအားက ကြီးထွားလာမည် ဖြစ်ပြီး တားဆီး၍ မရနိုင်သော အင်အား တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ]

[ အာဏာရှင် - မွေးရာပါ ဩဇာလွှမ်းမိုးလိုသော သဘာဝက သူ့ကို အစွန်းရောက်ဝါဒဆီသို့ ဦးတည်စေပြီး သူ့ကို ဆန့်ကျင်သူ မည်သူ့ကိုမျှ သည်းမခံနိုင်ချေ။ ]

………..

ဘုရားရေ... သူတို့ အားလုံးက ထူးချွန်သော ပါရမီ သို့မဟုတ် နားလည်သဘောပေါက်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြတာပဲ...

ထို့ပြင် အထူး ကံကြမ္မာများ ပိုင်ဆိုင်ထားကြပြီး ကောင်းကင်ဘုံ အမိန့်တော်ရ ဧကရာဇ်ဟု ခေါ်ဆိုထိုက်ပေသည်။ လီချင်းချိုး အလွန် သိချင်နေချေပြီ။

အကယ်၍ လီစစ်ဖုန်းသာ လောကကြီးကို မအောင်နိုင်ပါက ဤနှစ်ယောက်က မည်သို့ ဧကရာဇ်များ ဖြစ်လာကြမည်နည်း။ သူတို့က နောင်တွင် ချင်းရှောင်ဂိုဏ်းကို မဆန့်ကျင်သရွေ့ သူတို့၏ ကံကြမ္မာကို သူ ဝင်မစွက်ဖက်ချင်ချေ။ သူတို့၏ ကံကြမ္မာများက သူတို့၏ ကိုယ်ရည်ကိုယ်သွေးများအပေါ် အတိုင်းအတာ တစ်ခုအထိ ဩဇာလွှမ်းမိုးမှု ရှိနေသည်မှာ ထင်ရှားပေသည်။

လီချင်းချိုးက သူတို့ကို တမင်တကာ လမ်းညွှန်ပေးခြင်း သို့မဟုတ် ဧကရာဇ်များ မဖြစ်လာစေရန် တားဆီးခြင်းများ ပြုလုပ်လျှင်တောင် ပြောင်းပြန် အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်ပေသည်။

ဒါပေမဲ့ စကားမစပ် သူတို့ရဲ့ ကံကြမ္မာတွေကို ကြည့်ရရင် သူတို့ နောင်ကျရင် ဘယ်လို အဆင်ပြေအောင် နေကြမလဲ..

. လီချင်းချိုးက စိတ်ဝင်စားစရာ တစ်ခုခုကို ရှာတွေ့သွားသကဲ့သို့ ဖြစ်လာပြီး လီရှို့ကျန်းနှင့် လီရှို့မင်တို့၏ အနာဂတ်ကို မျှော်လင့်လာခဲ့သည်။

အခြား ခန်းမသခင်များ တစ်ယောက်ပြီး တစ်ယောက် ရောက်လာသည်နှင့်အမျှ ခြံဝင်းထဲရှိ စကားဝိုင်းများက ခန်းမများဆီသို့ ပြောင်းလဲသွားပြီး လူတိုင်းက အချင်းချင်း၏ အောင်မြင်မှုများနှင့် သူတို့၏ လမ်းညွှန်မှုအောက်ရှိ ပါရမီရှင် တပည့်များကို ချီးကျူးနေကြသည်။

လီစစ်ဖုန်းနှင့် ဖေမြောင်တို့ကလည်း ဤကိစ္စကို အလွန် စိတ်ဝင်စားကြပြီး အာရုံစိုက် နားထောင်နေကြသည်။ ဂိုဏ်းတွင် ဆဋ္ဌမအလွှာ တပည့်များစွာ ပေါ်ထွက်လာပြီ ဖြစ်ကြောင်း ကြားသောအခါ လီစစ်ဖုန်း၏ မျက်နှာအမူအရာ သိမ်မွေ့သွားသည်။

သူ တောင်အောက်ဆင်းသွားပြီးကတည်းက နှစ်များတစ်လျှောက်တွင် သူ့ရဲ့ ကျင့်ကြံခြင်း အဆင့် သိပ်မတိုးတက်ခဲ့ချေ။ မူလအားဖြည့်နယ်ပယ် ပဉ္စမအလွှာ ကျင့်ကြံခြင်းနှင့် တိရွှမ်းဓားတို့ကို အားကိုး၍ ပြဿနာများနှင့်သိပ်မကြုံခဲ့ရပေ။ သူ ရှုံးနိမ့်လျှင်တောင် စစ်သည်များက ဖိအားကို ခံနိုင်ရည် မရှိသဖြင့် ဆုတ်ခွာရခြင်းသာ ဖြစ်သည်။

လီစစ်ဖုန်းက စစ်မြေပြင်တွင် အနိုင်ယူ၍ မရနိုင်ဟု ခံစားခဲ့ရကြောင်း ပြောရမည်ဆိုလျှင် ချဲ့ကားပြောဆိုရာ ရောက်မည် မဟုတ်ပေ။ ထို့ကြောင့် သူ့ရဲ့ စိတ်နေစိတ်ထားက သဘာဝကျကျ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ဤမတိုင်မီက ချင်းရှောင်ဂိုဏ်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း သူ ခန့်မှန်းမိခဲ့သော်လည်း ချင်းရှောင်ဂိုဏ်း၏ လက်ရှိ စွမ်းအားကြောင့် သူ အံ့အားသင့်နေဆဲပင်။

သူတောင် ဤသို့ ဖြစ်နေလျှင် ဖေမြောင်က ပို၍ပင် အံ့အားသင့်နေပေလိမ့်မည်။

ကျန်းကျောက်ရှားက လီစစ်ဖုန်း၏ ဘေးတွင် ထိုင်လိုက်ပြီး လူတိုင်းကို ကြည့်ကာ "မင်း နောင်တရလား..." ဟု လေသံတိုးတိုးဖြင့်မေးသဖြင့် လီစစ်ဖုန်း တစ်ခဏမျှ မှင်သက်သွားသည်။

"ဘာကို နောင်တရရမှာလဲ... ကျွန်တော်က ချင်းရှောင်ဂိုဏ်းကနေ ထွက်သွားတာမှ မဟုတ်တာ..."

"ငါ မူလအားဖြည့်နယ်ပယ် အဋ္ဌမအလွှာကို ရောက်နေပြီ..."

"အဋ္ဌမအလွှာ... ရွှီနင်းကရော..."

လီစစ်ဖုန်း လန့်ဖြန့်သွားပြီး မသိစိတ်မှပင် မေးလိုက်မိသည်။

ကျန်းကျောက်ရှားက တိတ်ဆိတ်နေပြီး မတ်တတ်ရပ်ကာ ရှည်လျားသော စားပွဲ၏ အခြားတစ်ဖက်သို့ လျှောက်သွားပြီး ထိုင်ကာ အစားအစာ လာချပေးမည့် အချိန်ကို စောင့်နေလိုက်သည်။ လီစစ်ဖုန်း၏ နှလုံးသားထဲတွင် ဗြောင်းဆန်နေပြီ။

ကျန်းကျောက်ရှား၏ တုံ့ပြန်မှု အရ ရွှီနင်း၏ ကျင့်ကြံခြင်း အဆင့်က သူ့ထက် ပိုမြင့်ရမည် ဖြစ်ပြီး သိသိသာသာ ကွာခြားနေမည်မှာ သေချာသည်။ ရွှီနင်းက မူလအားဖြည့်နယ်ပယ် နဝမအလွှာကိုများ ရောက်သွားပြီလား...

ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံပြီး မူလအားဖြည့်နယ်ပယ်သို့ ဝင်ရောက်လာပါက တတိယအလွှာတွင် သိုင်းလောက၌ လွတ်လပ်စွာ လှည့်လည်သွားလာနိုင်ပြီး စတုတ္ထအလွှာတွင် ပြိုင်ဘက်ကင်းဖြစ်ကာ ပဉ္စမအလွှာတွင် စစ်တပ် ထောင်ပေါင်းများစွာကို တိုက်ခိုက်နိုင်သည်။

မူလအားဖြည့်နယ်ပယ် နဝမအလွှာက မည်မျှ အစွမ်းထက်မည်ကို လီစစ်ဖုန်း စိတ်ကူး၍ပင် မရနိုင်ချေ။ လီစစ်ဖုန်းက ထောင့်တွင် ရပ်နေသော ညီအကိုသုံးယောက်ကို သတိပြုမိသွားသည်။ သူတို့၏ ကြီးမားလှသော အရှိန်အဝါကို မြင်သောအခါ သူတို့၏ ကျင့်ကြံခြင်း အဆင့်များကို မေးမြန်းရန် အနားသို့ သွားလိုက်သည်။

သူတို့တွေ မူလအားဖြည့်နယ်ပယ် စတုတ္ထအလွှာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ လီစစ်ဖုန်းလည်း ခွေးခြေခုံပေါ်သို့ တိတ်တဆိတ် ပြန်သွားလိုက်သည်။

သူသည် မကြုံစဖူးသော အကျပ်အတည်း ခံစားချက် တစ်ခုကို ခံစားနေရချေပြီ။

ယခုနှစ် နွေဦးပွဲတော်က လီချင်းချိုးအတွက် ယခင်နှစ်များထက် ပိုမို စည်ကားသည်ဟု ခံစားရသည်။ လီစစ်ဖုန်းက တစ်ရက်သာ နေပြီး တောင်အောက်ဆင်းရန် စီစဉ်ထားသော်လည်း နောက်ပိုင်းတွင် စိတ်ပြောင်းသွားပြီး ရက်အနည်းငယ် ထပ်နေရန် ဆုံးဖြတ်လိုက်သည်။

သားနှစ်ယောက်ကိုလည်း လီချင်းချိုးထံ လုံးဝ ပေးအပ်ခဲ့သည်။ ချင်းရှောင်ဂိုဏ်းက ဤအဆင့်အထိ ဖွံ့ဖြိုးလာသည်နှင့်အမျှ အဖွဲ့ဝင်တချို့လည်း လက်ထပ်ပြီး ကလေးရလာကြပြီ။ ထို့ကြောင့် လီရှို့ကျန်းနှင့် လီရှို့မင်တို့ကို နို့တိုက်မည့်သူ ရှာရန် မခက်ခဲပေ။

မိုကျိုဟုန်က လပြည့်ကျော် သုံးရက်မြောက်နေ့မှ ပြန်ရောက်လာသည်။ လီချင်းချိုးက လီရှို့ကျန်းနှင့် လီရှို့မင်တို့ကို ချီကာ လင်းရှောင်ခြံဝင်းထဲသို့ ဝင်လာတော့ မိုကျိုဟုန်လည်း သူ့ ရင်ခွင်ထဲရှိ ကလေး နှစ်ယောက်ကို မြင်သောအခါ မှင်သက်သွားသည်။

"မင်းရဲ့ ပုံစံကို ကြည့်ရတာ တာဝန် ကျရှုံးခဲ့တယ် ထင်တယ်..."

လီချင်းချိုးက ပေါ့ပေါ့ပါးပါး မေးလိုက်ပြီး ခုံတန်းလျားပေါ်တွင် ထိုင်လိုက်ကာ လက်တစ်ဖက်စီတွင် ကလေး တစ်ယောက်စီကို ချီထားပြီး ပင်ပန်းသည်ဟု လုံးဝ မခံစားရချေ။

မိုကျိုဟုန်၏ မျက်နှာမှာ ခက်ထန်နေပြီး….

"ဂိုဏ်းချုပ်... ထျန်းရွှမ်တောင်က တကယ်ကို ရိုးရှင်းမနေဘူး... သူတို့ရဲ့ ဂိုဏ်းချုပ် ယန်တောက်ကျုံးနဲ့ ကျွန်တော် တွေ့ခဲ့တယ်... ဒီလူရဲ့ သိုင်းပညာက အလွန် မြင့်မားပြီး ကျွန်တော်က သူ့ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ဘူး... သူက ကျွန်တော့်ကို မသတ်ခဲ့ဘဲ ထျန်းရွှမ်တောင်က ချင်းရှောင်ဂိုဏ်းကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက် မရှိဘူး ဆိုတဲ့ သတင်းစကားကို ပြန်သယ်သွားပေးဖို့ ပြောခဲ့တယ်..."

"မင်းတို့ရဲ့ တိုက်ပွဲ အကြောင်းကို အသေးစိတ် ပြောပြပါဦး..."

လီချင်းချိုး၏ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိဘဲ လေသံတွင် စပ်စုချင်စိတ်များ ပြည့်နှက်နေကာ စိတ်ဝင်စားပုံ မရချေ။ မိုကျိုဟုန်က လီချင်းချိုး၏ ခံစားချက်များကို ရိပ်မိပြီး လျှို့ဝှက်စွာ သက်ပြင်းချလိုက်ကာ ယန်တောက်ကျုံးနှင့် တွေ့ဆုံမှု အကြောင်းကို စတင် ပြန်ပြောပြတော့သည်။

လုပ်ငန်းစဉ် တစ်ခုလုံးက ပြင်းထန်ခြင်း မရှိခဲ့ချေ။ ယန်တောက်ကျုံးက သူ၏ ဖုံးကွယ်ထားမှုကို ထိုးဖောက် မြင်သွားပြီး သူ့ကို လှုပ်ရှားရန် အတင်းအကျပ် လုပ်ခဲ့သည်။

ရလဒ်အနေဖြင့် နှစ်ကြိမ် ဆက်တိုက် တိုက်ခိုက်ခဲ့သော်လည်း ယန်တောက်ကျုံးက တိုက်ခိုက်မှု နှစ်ခုစလုံးကို ရှောင်တိမ်းသွားခဲ့သည်။ သူ တတိယအကြိမ် လှုပ်ရှားလိုက်သောအခါ သူတို့ နှစ်ယောက် ဖြတ်သွားစဉ် ယန်တောက်ကျုံး​က သူ့လက်မောင်းကို ရိုက်ချိုးပစ်လိုက်သည်။ လက်မောင်း ဘယ်လို ကျိုးသွားသနည်း ဆိုသည်ကို ယခုတိုင် သူ နားမလည်သေးချေ။

All Chapters