← Chapters

ပြိုင်ဘက်ကင်း ပါရမီရှင်…

Vol. 20 Ch. 199

ပြိုင်ဘက်ကင်း ပါရမီရှင်…

Vol. 20 Ch. 199

"မင်းရဲ့ ဖော်ပြချက် အရဆိုရင် မူလအားဖြည့်နယ်ပယ် ပဉ္စမအလွှာတောင်မှ ယန်တောက်ကျုံးရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး... သူက ကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူးဆိုတာ မင်း သေချာလား..."

လီချင်းချိုးက တွေးတောရင်း မေးလိုက်သည်။

"ရှန်ယွဲ့ အရင်က ပြောခဲ့တဲ့ 'တာအိုလမ်းစဉ်သို့ ဝင်ရောက်ခြင်း' နယ်ပယ်က ကျွမ်းကျင်သူဆိုတာ သေချာပေါက် ယန်တောက်ကျုံးပဲ ဖြစ်ရမယ်..." ဟု မိုကျိုဟုန်က ပြန်ဖြေလိုက်သည်။

"သူ့ဆီကနေ မူလချီစွမ်းအင်ကို ကျွန်တော် မခံစားမိဘူး... ဒါကြောင့် သူက ကျင့်ကြံသူ တစ်ယောက် မဖြစ်နိုင်ဘူး..."

ယန်တောက်ကျုံးက ကျင့်ကြံသူ တစ်ယောက် မဟုတ်ခြင်းကြောင့်ပင် သူ ဤမျှ စိတ်ပျက်နေရခြင်း ဖြစ်ပြီး ဤအကြောင်းပြချက်ကြောင့်ပင် စိတ်နှလုံးကို တည်ငြိမ်အောင် ပြုလုပ်ရန် နေရာတစ်ခု ရှာဖွေဖို့ မြို့တစ်မြို့သို့ သွားကာ ရက်အတော်များများ အချိန်ဖြုန်းခဲ့ရသည်။

"သွားပြီး မင်းရဲ့ ဒဏ်ရာတွေကို ကုသလိုက်ပါဦး... ဒီကိစ္စကို လောလောဆယ် ဘေးဖယ်ထားလိုက်ကြတာပေါ့..."

လီချင်းချိုးက ညွှန်ကြားလိုက်ရာ မိုကျိုဟုန်က ချက်ချင်းပင် အရိုအသေပေး၍ ထွက်ခွာသွားခဲ့သည်။

သူ ထွက်သွားပြီးနောက် လီချင်းချိုးက ရင်ခွင်ထဲရှိ ကလေးငယ် နှစ်ယောက်နှင့် ကစားရင်း ယန်တောက်ကျုံး၏ ကိစ္စကို တွေးတောနေလိုက်သည်။

ချင်းရှောင်ဂိုဏ်းက ထျန်းရွှမ်တောင်နှင့် ရန်ငြိုး မရှိသဖြင့် လီချင်းချိုး အနေဖြင့် အခြားသူများကို အကြောင်းပြချက် မရှိဘဲ ဖျက်ဆီးချင်မည် မဟုတ်ချေ။

ထျန်းရွှမ်တောင်က သူတို့၏ တံခါးများကို တင်းကျပ်စွာ ပိတ်ထားခြင်းက တကယ်တော့ ထူးဆန်းလှသည်။ ယန်တောက်ကျုံးလို ကျွမ်းကျင်သူများ ရှိနေသဖြင့် ချင်းရှောင်ဂိုဏ်းမှလွဲ၍ လောကရှိ မည်သူကမျှ သူတို့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

မိုကျိုဟုန် ထွက်သွားပြီး မကြာမီမှာပင် ယွမ်ချီ ခြံဝင်းထဲသို့ အပြေးအလွှား ဝင်လာသည်။

"ဂိုဏ်းချုပ်... လီစစ်ဖုန်းနဲ့ ကျောက်ကျိန်းတို့ တိုက်ခိုက်နေကြတယ်..."

ယွမ်ချီက လီချင်းချိုး အနားသို့ အပြေးလာပြီး ကမန်းကတန်း ပြောလိုက်တော့ လီချင်းချိုး မျက်မှောင်ကြုတ်သွားပြီး…

"ငါတို့ ဘယ်နေရာမှာ သွားကြည့်လို့ ရမလဲ..."

"သိုင်းပြိုင်ကွင်းမှာလေ..."

ယွမ်ချီ၏ အဖြေကို ကြားသောအခါ လီချင်းချိုးက သူ့ကို မျက်စောင်းခဲလိုက်ပြီး…

"မင်း စကားပြောပုံက သူတို့ ပြဿနာ တက်နေတဲ့ အတိုင်းပဲ... အဲဒါကို ရင်းနှီးတဲ့ ယှဉ်ပြိုင်မှုလို့ ခေါ်တယ်လေ..."

ထိုအခါ ယွမ်ချီက ခေါင်းကုတ်လိုက်ပြီး….

"အဓိကကတော့ ဘယ်သူပဲ နိုင်နိုင် ရှုံးရှုံး အဲဒါကို ကောင်းကောင်းမွန်မွန် အဆုံးသတ်ဖို့ ခက်လိမ့်မယ်လို့ ကျွန်တော် ခံစားရတယ်... သူတို့က အကြီးအကဲကျန်းနဲ့ စီနီယာ ညီမလေးရွှီ တို့လို သနားညှာတာမှု ပြသရကောင်းမှန်း သိတဲ့ သူတွေ မဟုတ်ဘူးလေ..."

သူ ကျောက်ကျိန်းကို ကောင်းကောင်း သိထားသည်။ ဒီကောင်လေးက စမ်းသပ်တိုက်ခိုက်ရာတွင် ဘယ်တော့မှ အားမလျှော့တတ်ဘဲ အနိုင်အရှုံးကို အလွန် အလေးအနက်ထားလေ့ရှိသည်။ လီစစ်ဖုန်း အပေါ် အထင်အမြင်ကလည်း အလားတူပင် ဖြစ်သည်။

လီစစ်ဖုန်းက အရှုံးမခံတတ်ဘဲ အလွယ်တကူ ဒေါသထွက်လွယ်သည်ဟုပင် သူ ခံစားရသည်။

"ရပါတယ်... သူတို့ တိုက်ခိုက်ပါစေ..." လီချင်းချိုးက အကြည့်လွှဲလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်ကာ အာရုံကို ကလေးနှစ်ယောက်ဆီသို့ ပြောင်းလိုက်သည်။

ယွမ်ချီ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အရှုံးပေးလိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။ သူက အရိုအသေပေး၍ ထွက်ခွာသွားပြီး ဤကြီးမားသော တိုက်ပွဲကို လက်လွတ်မခံချင်သဖြင့် တောင်အောက်သို့ လျင်မြန်စွာ ဆင်းသွားလေသည်။

ကျောက်ကျိန်းနှင့် လီစစ်ဖုန်းတို့ စမ်းသပ်တိုက်ခိုက်ကြမည့် သတင်းက လေဆင်နှာမောင်း တစ်ခုကဲ့သို့ ဂိုဏ်းတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ပထမ တစ်ယောက်မှာ ချင်းရှောင်ဂိုဏ်း၏ ကိုယ်စားလှယ် ပါရမီရှင် တစ်ဦး ဖြစ်ပြီး ဆဋ္ဌမအလွှာကျင့်ကြံခြင်း အဆင့်တွင် ရှိသူ ဖြစ်သည်။

ဒုတိယ တစ်ယောက်မှာ အိမ်သို့ ရှားရှားပါးပါး ပြန်လာတတ်ပြီး အကြီးမြတ်ဆုံး ဓားကို ကိုင်ဆောင်ကာ ချီလင် တစ်ကောင်နှင့်အတူ သွားလာတတ်သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ ဤနှစ်ယောက်၏ တိုက်ပွဲမှာ သေချာပေါက် ကြည့်ကောင်းမည့် ပွဲတစ်ပွဲပင်။

လီစစ်ဖုန်းက ဤနှစ်များအတွင်း နာမည် အတော်လေး ရရှိခဲ့သည်။ ကိုယ်ပိုင် အင်အားက ပဒေသရာဇ်မင်း သုံးပါးလောက် မကြီးမားသော်လည်း စစ်မြေပြင် အောင်မြင်မှုများကို ဂိုဏ်းသို့ မကြာခဏ အစီရင်ခံလေ့ရှိရာ ချင်းရှောင်ဂိုဏ်း တပည့်များကို ဂုဏ်ယူစေခဲ့ပြီး တပည့်များစွာက သူ့ကို အားကျလေးစားကြသည်။

ဤတိုက်ပွဲက ကြည့်ရှုမည့် လူများစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး သူတို့ နှစ်ယောက်က လူလုံလောက်အောင် ရောက်လာသည့် အချိန်အထိ စောင့်ဆိုင်းပြီးမှ စတင် တိုက်ခိုက်ခဲ့ကြသည်။ သိုင်းကွက် ငါးရာကျော်ကြာ ပြင်းထန်သော တိုက်ပွဲ ပြီးနောက် လီစစ်ဖုန်းက စမ်းသပ်တိုက်ပွဲတွင် နောက်ဆုံး၌ အနိုင်ရရှိသွားခဲ့သည်။

မျက်စိ ရှိသူတိုင်း ကျောက်ကျိန်း ပိုသန်မာကြောင်း မြင်နိုင်ပြီး ပွဲစဉ် တစ်လျှောက်လုံး လီစစ်ဖုန်းအပေါ် လွှမ်းမိုးထားနိုင်ခဲ့သည်။ လီစစ်ဖုန်း လက်ထဲရှိ တိရွှမ်းဓားမှ ရုတ်တရက် ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားက ကျောက်ကျိန်းကို သိုင်းကွင်းပေါ်မှ လွင့်စင်သွားအောင် မလုပ်နိုင်ခဲ့လျှင် လီစစ်ဖုန်း လုံးဝ မျက်နှာပျက်ရပေမည်။

ဤတိုက်ပွဲက ဂိုဏ်းတစ်ခုလုံး ပြောဆိုစရာ ဖြစ်လာခဲ့သည်။ ကျန်းကျောက်ရှားက လီစစ်ဖုန်းကို ရှာတွေ့ခဲ့ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ လီစစ်ဖုန်းက မကျေနပ်သဖြင့် သူတို့ နှစ်ယောက် တောင်ထိပ်တွင် ထပ်မံ တိုက်ခိုက်ခဲ့ကြသည်။ သူက တိရွှမ်းဓားကို အသုံးပြုခဲ့လျှင်ပင် ကျန်းကျောက်ရှား၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။ လီစစ်ဖုန်းက သူ့ လည်ပင်းကို ထောက်ထားသော ဓားကို ကြည့်ရင်း နာကြည်းစွာဖြင့်….

"တတိယ စီနီယာ အစ်ကို... ခင်ဗျားက ကျွန်တော့်ကို လက်စားချေနေတာပဲ... ခင်ဗျားက ကျောက်ကျိန်းအတွက် တရားမျှတမှုကို ရှာဖွေပေးနေသလို ပုံပေါ်ပေမဲ့ တကယ်တော့ ခင်ဗျားက ဒီအခွင့်အရေးကို သုံးပြီး ကျွန်တော့်ကို လက်စားချေနေတာပါ..."

ကျန်းကျောက်ရှားက ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး လေးနက်စွာဖြင့်

"ငါ့မှာ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး... ငါ မင်းကို ပြောပြချင်တာက အကယ်၍ မင်းသာ ပြင်ပအရာတွေကိုပဲ မှီခိုနေမယ်ဆိုရင် မင်းကို ကျော်တက်သွားမယ့်သူ ပိုများလာလိမ့်မယ်... ကျောက်ကျိန်း အရွယ်ရောက်လာတဲ့အခါ မင်း သေချာပေါက် ရှုံးနိမ့်မှာပဲ... အဲဒီအခါကျရင် တိရွှမ်းဓားကတောင် မင်းကို ကူညီပေးနိုင်မှာ မဟုတ်ဘူး..."

လီစစ်ဖုန်းက အနည်းငယ် အပြစ်ရှိသလို ခံစားရပြီး တိတ်ဆိတ်နေလိုက်သည်။ တကယ်တော့ သူတို့ သိုင်းကွင်းပေါ်မှာ တိုက်ခိုက်ခဲ့စဉ်က သူသည် ကျောက်ကျိန်း၏ ပြိုင်ဘက် လုံးဝ မဟုတ်ကြောင်း သူ သိခဲ့သည်။ သို့သော် တိုက်ပွဲ ကြာလာသည်နှင့်အမျှ သူ ပိုပို၍ စိတ်ပျက်လာပြီး တိရွှမ်းဓား၏ စွမ်းအားကို မသိစိတ်မှ အသုံးပြုလိုက်မိခြင်း ဖြစ်သည်။

အခု ပြန်တွေးကြည့်မှ ကျောက်ကျိန်းက သူ့ကို မျက်နှာသာပေးရန်အတွက် အချိန် အတော်ကြာအောင် တမင်တကာ ဆွဲထားပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း သူ သိလိုက်ရသော်လည်း ထိုအချိန်ကတော့ ၎င်းကို စော်ကားမှု တစ်ခုဟု သူ ထင်ခဲ့မိသည်။

"ကျွန်တော် လောကကြီးကို အောင်နိုင်ပြီးသွားတာနဲ့ ကျင့်ကြံဖို့ ပြန်လာပါ့မယ်... ပြီးတော့ တောင်အောက်ကို အလွယ်တကူ ထပ်မဆင်းတော့ပါဘူး..."

လီစစ်ဖုန်းက ကျန်းကျောက်ရှားကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်တော့ ကျန်းကျောက်ရှားက ခေါင်းညိတ်လိုက်ပြီး…

"ရွှီနင်းရဲ့ ကျင့်ကြံခြင်းက ငါ့ထက် ပိုမြင့်ပေမဲ့ ငါ သူ့ကို သေချာပေါက် ရှုံးမှာတော့ မဟုတ်ဘူး..."

ထိုသို့ပြောပြီးနောက် ကျန်းကျောက်ရှားက လေထဲသို့ ခုန်တက်လိုက်ပြီး ဓားအလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ချောက်ကမ်းပါး အောက်တွင် ပျောက်ကွယ်သွားလေသည်။

လီစစ်ဖုန်း တစ်ခဏမျှ မှင်သက်သွားပြီးနောက် အံကြိတ်လိုက်မိသည်။

တတိယ စီနီယာ အစ်ကိုက စိတ်သဘောထား သေးသိမ်ပြီး ကျဉ်းမြောင်းတယ် ဆိုတာ သူ သိပါတယ်...

ထိုနေ့တွင် လီစစ်ဖုန်းက ကျောက်ကျိန်းထံ သွားရောက်၍ တောင်းပန်ခဲ့ပြီး သူ့ရဲ့အောင်ပွဲက ဂုဏ်သိက္ခာ မရှိကြောင်း ပြောပြခဲ့သည်။ သို့သော် ကျောက်ကျိန်းက ဂရုမစိုက်ခဲ့ချေ။ သူ့ အမြင်တွင် တိရွှမ်းဓားက လီစစ်ဖုန်းကို ၎င်း၏ သခင်အဖြစ် အသိအမှတ်ပြုထားသဖြင့် တိရွှမ်းဓား၏ စွမ်းအားမှာ လီစစ်ဖုန်း၏ ပိုင်ဆိုင်မှု ဖြစ်သည်။

အရှုံး ဆိုတာ အရှုံးပါပဲ...

ဒါ့ကြောင့် ကျောက်ကျိန်းက ဆင်ခြေ မပေးချင်ချေ။ သို့သော် သူ နောက်တစ်ကြိမ် ပြန်လာသည့်အခါ သူတို့ နှစ်ယောက် ထပ်မံ ယှဉ်ပြိုင်ကြရန် ကျောက်ကျိန်းက အကြံပြုခဲ့ရာ လီစစ်ဖုန်းက ချက်ချင်း သဘောတူလိုက်သည်။

နောက်တစ်နေ့ နံနက်တွင် လီစစ်ဖုန်းက ဖေမြောင်ကို ခေါ်၍ တောင်အောက်ဆင်းသွားခဲ့သဖြင့်အတွေ့အကြုံရှာဖွေရေးခန်းမ၏ ခန်းမသခင်က အတွေ့အကြုံ ရယူရန် တောင်အောက်သို့ ထပ်မံ ဆင်းသွားပြီ ဖြစ်ကြောင်း တပည့်များစွာက ပြောဆိုနေကြလေသည်။

...

"ထျန်းရွှမ်တောင်မှာ အဲဒီလောက် အစွမ်းထက်တဲ့ လူတွေ ရှိနေတာလား..."

ကျန်းယွီချွန်းက လီချင်းချိုး၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

လီချင်းချိုးနှင့် လီတုန်းယွဲ့တို့က ယှဉ်လျက် ထိုင်နေကြပြီး တစ်ယောက်စီက ကလေးငယ် တစ်ယောက်စီကို ရင်ခွင်ထဲတွင် ချီထားကြသည်။ ကလေးငယ် နှစ်ယောက်က သူစိမ်းများကို မကြောက်တော့ဘဲ ကျန်းယွီချွန်းကို မျက်လုံးများ ပြူးကျယ်စွာဖြင့် မှင်သက်စွာ စိုက်ကြည့်နေကြသည်။

ယနေ့တွင် ကျန်းယွီချွန်းက ထျန်းရွှမ်တောင်၏ အခြေအနေကို မေးမြန်းရန် လီချင်းချိုးထံ အထူး လာရောက်ခဲ့ခြင်း ဖြစ်သည်။ ယခင်က လီချင်းချိုးက ထျန်းရွှမ်တောင်ကို စုံစမ်းရန် လူလွှတ်မည်ဟု ပြောခဲ့သော်လည်း ကျန်းယွီချွန်းက မည်သည့် သတင်းအချက်အလက်မျှ မရရှိခဲ့သဖြင့် စိုးရိမ်ပူပန်လာကာ လာရောက် မေးမြန်းခြင်း ဖြစ်သည်။

ထျန်းရွှမ်တောင်မှ တစ်စုံတစ်ယောက်က မူလအားဖြည့်နယ်ပယ် စတုတ္ထအလွှာမှ ကျင့်ကြံသူကို အနိုင်ယူနိုင်ကြောင်း သိလိုက်ရသောအခါ သူ အလွန် အံ့အားသင့်သွားခဲ့သည်။ သူသာမက လီတုန်းယွဲ့လည်း အံ့အားသင့်သွားပြီး လောကီကမ္ဘာတွင် ဤမျှ ကျွမ်းကျင်သော သိုင်းပညာရှင်များ ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။

ရှန်ယွဲ့က ဥပမာတစ်ခု အနေဖြင့် ရှိနေသဖြင့် လီချင်းချိုး၏ စကားများကို သူတို့ သံသယ မဝင်ကြချေ။

ကျန်းယွီချွန်းက မျက်မှောင်ကြုတ်သွားပြီး …

"အစ်ကိုကြီး... အကယ်၍ အဲဒီလိုဆိုရင် ကျွန်တော်တို့ ထျန်းရွှမ်တောင်ကို ပိုပြီး စုံစမ်းသင့်တယ်..."

လီချင်းချိုးက သူ့ကို ကြည့်ပြီး…

"ငါတို့ ဘယ်လို စုံစမ်းရမှာလဲ... သူတို့နဲ့ ငါတို့ကြားမှာ ရန်ငြိုးမရှိသလို ငါတို့က သူတို့ကို စော်ကားမိတာတောင်မှ ယန်တောက်ကျုံးက ငါတို့ကို မသတ်ဘဲ အများကြီး သက်ညှာပေးခဲ့ပြီးပြီ..."

"သူ မသတ်ချင်ဘူးဆိုတာက အချိန်ဆွဲဖို့ ကြိုးစားနေတယ် ဆိုတာ သက်သေပြနေတာပဲ... ထျန်းရွှမ်တောင်က တစ်ခုခုကို ပြင်ဆင်နေတာ ဖြစ်နိုင်တယ်..."

ကျန်းယွီချွန်းက လေးနက်စွာ ပြောလိုက်သည်။ သူသည် ပိုပိုပြီး ဩဇာလွှမ်းမိုးမှု ရှိလာကာ ယခင်က ကြောက်ရွံ့တတ်သော ဗီဇသဘာဝကို တဖြည်းဖြည်း စွန့်လွှတ်လာနေကြောင်း လီချင်းချိုး သတိပြုမိလိုက်သည်။

လီချင်းချိုး တစ်ခုခု ထပ်မပြောမီမှာပင် ကျန်းယွီချွန်းက …

" အစ်ကိုကြီး...ဒီကိစ္စကို ကျွန်တော် စုံစမ်းလိုက်ပါ့မယ်... အစ်ကိုကြီးကတော့ ဘာမှမသိသလိုပဲ ဟန်ဆောင်နေလိုက်ပါ... ထျန်းရွှမ်တောင်က မကောင်းတဲ့ ရည်ရွယ်ချက် မရှိသရွေ့ ထျန်းရွှမ်တောင်က လူတစ်ယောက်ကိုမှ ကျွန်တော် အန္တရာယ် ပေးမှာ မဟုတ်သလို သူတို့ကို ဒူးထောက်ဖို့လည်း အတင်းအကျပ် မလုပ်ပါဘူးလို့ ကျွန်တော် အာမခံပါတယ်..."

လီချင်းချိုး ခေါင်းညိတ်လိုက်ချေပြီ။

ဤကိစ္စတွင် သံသယဖြစ်ဖွယ် အချက်တချို့ ရှိနေသည်ကို သူလည်း ခံစားမိသည်။ ကျန်းယွီချွန်းက စုံစမ်းချင်နေမှတော့ သူ့ကို စုံစမ်းခွင့် ပြုလိုက်မည်။

"ဒုတိယ စီနီယာ အစ်ကို... တစ်ခုခု မှားယွင်းသွားမှာ စိုးလို့ အဆင့်နိမ့် တပည့်ကို မလွှတ်ပါနဲ့နော်..."

လီတုန်းယွဲ့က သတိပေးလိုက်တော့ ကျန်းယွီချွန်းက ပြုံးလိုက်ပြီး …

"စတုတ္ထ ဂျူနီယာ ညီမလေး... ငါတို့ရဲ့ ဝိညာဉ်ထိန်းချုပ်ရေးခန်းမကို အထင်မသေးပါနဲ့... ငါတို့ဆီမှာ ယန်ရွှမ်လို ပြိုင်ဘက်ကင်း ပါရမီရှင် မရှိပေမဲ့ ဝိညာဉ်ထိန်းချုပ်ရေးခန်းမမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ တပည့် တော်တော်များများ ရှိပါတယ်..."

ယန်ရွှမ်၏ ပါရမီက သူ့ကို မနာလို ဖြစ်စေခဲ့သော်လည်း ကံမကောင်းစွာဖြင့် ယန်ရွှမ်ကို ခိုးယူ၍ မရနိုင်ခဲ့ချေ။

လီချင်းချိုးက ကျန်းယွီချွန်းကို ကြည့်ပြီး ရယ်မောလိုက်ကာ…

"ဒုတိယ ဂျူနီယာ ညီလေး... ဝိညာဉ်ထိန်းချုပ်ရေးခန်းမမှာ ကျိန်းအာ နဲ့ လီရန်တို့လို ပါရမီရှင်တွေ မရှိဘူးလို့ မင်း အမြဲတမ်း ညည်းတွားနေတာ မဟုတ်လား... ဘာလို့ ဒီကလေး နှစ်ယောက်ကို ဝိညာဉ်ထိန်းချုပ်ရေးခန်းမဆီ ခေါ်သွားပြီး လေ့ကျင့်မပေးတာလဲ... အကယ်၍ သူတို့က မင်း လိုချင်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ တကယ် ဖြစ်နေပြီး မင်းက သူတို့ကို ပြုစုပျိုးထောင်ပေးမယ်ဆိုရင် သူတို့က မင်းရဲ့ ဦးဆောင်မှုကို သေချာပေါက် လိုက်နာကြမှာပဲ..."

ဤစကားကို ကြားသောအခါ ကျန်းယွီချွန်းက လီချင်းချိုး၏ ရင်ခွင်ထဲရှိ လီရှို့မင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လီတုန်းယွဲ့၏ ရင်ခွင်ထဲရှိ လီရှို့ကျန်းကို ကြည့်ကာ ခေါင်းခါလိုက်သည်။

"ဆဋ္ဌမ ဂျူနီယာ ညီလေးက ပြိုင်ဘက်ကင်း ပါရမီရှင်တွေကို မွေးထုတ်ပေးနိုင်တယ်လား... ကျွန်တော် မယုံဘူး... သူ့သားတွေ သူ့လို ဆိုးသွမ်းမနေရင်ကို တော်လှပြီ... သူ့ရဲ့ ကလေးတွေကို ကျွန်တော် မစောင့်ရှောက်ချင်ပါဘူး..."ဟု ဆိုကာ ကျန်းယွီချွန်းက ငြင်းပယ်လိုက်သည်။

ငယ်ငယ်ကတည်းက လီစစ်ဖုန်းက သူ့ကို မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီး ဒေါသထွက်စေခဲ့သည်။ နောက်ထပ် လီစစ်ဖုန်း နှစ်ယောက်ကို သူ စောင့်ရှောက်ရမည်ဟူသော အတွေးက သူ့ကို ခေါင်းကိုက်သွားစေသည်။

လီချင်းချိုးက ကျန်းယွီချွန်းကို ပြုံးတုံ့တုံ့ဖြင့် ကြည့်ကာ နောက်ဆယ်နှစ် အကြာတွင် ကျန်းယွီချွန်း၏ သဘောထားကို စတင် မျှော်လင့်လာတော့သည်။

ကျန်းယွီချွန်းက ထျန်းရွှမ်တောင်၏ ကိစ္စနှင့် အလုပ်ရှုပ်နေသဖြင့် လီချင်းချိုး၏ မျက်လုံးထဲရှိ နက်နဲသော အဓိပ္ပာယ်များကို သတိမပြုမိခဲ့ချေ။

ထျန်းရွှမ်တောင်သို့ သွားရန် စီစဉ်ဖို့အတွက် သူ လျင်မြန်စွာ ထွက်ခွာသွားတော့ လီတုန်းယွဲ့က လီချင်းချိုးကို ကြည့်ပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

"အစ်ကိုကြီး... ရှို့ကျန်းနဲ့ ရှို့မင်တို့က ပါရမီ မြင့်တယ်လို့ ထင်လား..."

လီချင်းချိုးက ဟန်ဆောင်ပြီး …

"ငါ့ဘေးမှာ နေရင် အညံ့ဖျင်းဆုံး ပါရမီတောင်မှ ပါရမီရှင် ဖြစ်လာမှာပဲ..."

လီတုန်းယွဲ့က သူ ကြွားလုံးထုတ်နေသည်ဟု ထင်သော်လည်း လီချင်းချိုးက အရင်က တစ်ခါမှ မမှားဖူးခဲ့သဖြင့် သူမက မငြင်းဆန်နိုင်ဘဲ သူ ဆက်ကြွားနေသည်ကိုသာ တိတ်ဆိတ်စွာ ကြည့်နေရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

...

ဧပြီလတွင်.. မြောက်ဘက်စွန်းရှိ မြောက်ပိုင်းလျန် ပြည်နယ်၌…

လီရန်၊ ပိုင်နင်းအာ၊ ကျန်းဖျင်နှင့် ချင်းရှောင်ဂိုဏ်းမှ တပည့် ဒါဇင်ပေါင်းများစွာက တောရိုင်းများကို ဖြတ်၍ လမ်းလျှောက်နေကြပြီး အဝေးရှိ အရပ်မျက်နှာ အားလုံးတွင် ခမ်းနားထည်ဝါသော တောင်များ ရှိနေသည်။ မြောက်ပိုင်းလျန် ပြည်နယ်၏ တောင်များမှာ ကုကျိုးခရိုင်၏ တောင်များနှင့် ကွာခြားသည်။

ထိုတောင်များတွင် ထူထပ်သော သစ်တောများ မရှိဘဲ တောင်များစွာက ဗလာကျင်းနေပုံ ရသော်လည်း လှပနေဆဲပင်။ မြောက်ပိုင်းလျန် ပြည်နယ် ဒေသ တစ်ခုလုံးက လူသူကင်းမဲ့ပြီး ခမ်းနားထည်ဝါသော ရှုခင်းကို ပေးစွမ်းကာ ကျယ်ပြောလှသော ကောင်းကင်နှင့် မြေကြီး၊ အမြင်အာရုံကို ရှင်းလင်းစေပြီး စိတ်ကို အလွယ်တကူ ငြိမ်းချမ်းစေသည်။

ရှေ့ဆုံးမှ လမ်းလျှောက်နေသော တပည့်က နောက်သို့ လှည့်ကြည့်ပြီး….

"စီနီယာ အစ်ကိုလီ... စီနီယာ အစ်ကိုပိုင်... ငါတို့ ဆက်သွားရင် ထျန်းရွှမ်တောင်ကို မြင်ရတော့မယ်... ထျန်းရွှမ်တောင်နဲ့ ဖုန်းရှားတောင်တို့က သိုင်းလောကရဲ့ သန့်ရှင်းတဲ့ တောင်နှစ်လုံး အဖြစ် နာမည်ကြီးတယ်... ကံကောင်းခြင်း နိမိတ်ကောင်က ထျန်းရွှမ်တောင်ပေါ် တက်သွားတာများ ဖြစ်နိုင်မလား..."

ထျန်းရွှမ်တောင်...

အခြား တပည့်များက ဤနာမည်ကို အတော်လေး စိမ်းနေကြသော်လည်း လီရန်ကတော့ မျက်ခုံးပင့်သွားသည်။

သူက လင်ချွမ်ရှိ လီမိသားစုတွင် မွေးဖွားလာသူ ဖြစ်ပြီး ငယ်စဉ်ကတည်းက စာအုပ်ပေါင်းစုံကို ဖတ်ဖူးခဲ့ပြီး လောကီကမ္ဘာတွင် သန့်ရှင်းသောမြေ ဖြစ်သည့် ထျန်းရွှမ်တောင် အကြောင်းကို စာအုပ်တစ်အုပ်ထဲတွင် ဖတ်ဖူးခဲ့သည်။

လီရန်က …

"သွားကြည့်ကြတာပေါ့... အကယ်၍ ကံကောင်းခြင်း နိမိတ်ကောင်က ထျန်းရွှမ်တောင်ထဲမှာ တကယ် ပုန်းအောင်းနေတယ်ဆိုရင် ငါတို့က အခြေအနေ အရ လှုပ်ရှားရမယ်... အတင်းအကျပ် မလုပ်ရဘူး... ထျန်းရွှမ်တောင်က ဂုဏ်သတင်း ကောင်းတယ်... သူတို့က ငါတို့ ချင်းရှောင်ဂိုဏ်းလောက် မစွမ်းဆောင်နိုင်ပေမဲ့ ငါတို့က အင်အားနဲ့ နှိမ်နင်းလို့ မရဘူး... မဟုတ်ရင် ချင်းရှောင်ဂိုဏ်းရဲ့ သိုင်းလောက ဂုဏ်သတင်းကို ထိခိုက်စေလိမ့်မယ်..."

ထိုစကားကို တပည့်များကလည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့ အားလုံးက ကံကောင်းခြင်း နိမိတ်ကောင် ထျန်းရွှမ်တောင်ပေါ်တွင် ရှိနေရန် မျှော်လင့်နေကြသည်။ သူတို့ တောင်အောက်ဆင်းလာသည်မှာ သုံးလကျော်ပြီ ဖြစ်ပြီး ကံကောင်းခြင်း နိမိတ်ကောင်၏ ခြေရာများကို လိုက်၍ ဤနေရာအထိ ရောက်လာခဲ့ကာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေကြပြီး အများစုမှာ လက်လျှော့ချင်နေကြပြီ ဖြစ်သည်။

ကျန်းဖျင်က အဖွဲ့၏ နောက်ဆုံးတွင် လမ်းလျှောက်နေသည်။ သူက အလွန် နှိမ့်ချစွာ နေတတ်ပြီး စကားပြောခဲလှသည်။

အဝေးကို ကြည့်လိုက်လျှင် ကောင်းကင်သို့ ထိလုမတတ် မြင့်မားသော ခမ်းနားထည်ဝါသည့် တောင်တစ်လုံးကို သူ မြင်လိုက်ရတော့ အကြောင်းပြချက် တစ်ခုခုကြောင့် သူ မအီမသာ ဖြစ်လာပြီး ထျန်းရွှမ်တောင်က သူတို့အတွက် ကောင်းသော နေရာတစ်ခု မဟုတ်သလို ခံစားနေရသည်။

သူက ပါးစပ်ဖွင့်လိုက်သော်လည်း လီရန်နှင့် အခြားသူများကို မည်သို့ ဖျောင်းဖျရမည်နည်း ဆိုသည်ကို မသိဖြစ်နေသည်။

ပိုင်နင်းအာက ကျန်းဖျင်ဘက်သို့ လှည့်ကာ ရယ်မောလိုက်ပြီး…

"ဂျူနီယာ ညီအစ်ကိုကျန်း... သူ့ကို မျက်ခြေမပြတ်စေနဲ့နော်... မင်း ပင်ပန်းလာရင် စီနီယာ အစ်ကို့ကို ပြော... လူတိုင်းကို မင်းအတွက် စောင့်ခိုင်းလိုက်မယ်..."

ပိုင်နင်းအာ၏ အပြုံးကို ကြည့်ရင်း ကျန်းဖျင်က သရဲပူးနေသကဲ့သို့ "ကျွန်တော် မပင်ပန်းပါဘူး..." ဟုသာပြောလိုက်သည်။သို့သော် သူပြောပြီးသည်နှင့် ချက်ချင်း နောင်တရသွားတော့သည်။

ပိုင်နင်းအာက ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် လှည့်၍ လီရန်နှင့် ယှဉ်လျက် လမ်းလျှောက်သွားသည်။ သူတို့ နှစ်ယောက်က စကားပြောရင်း ရယ်မောကာ ထျန်းရွှမ်တောင်၏ အတိတ်အကြောင်းကို ပြောနေကြသည်။

အခြား တပည့်များကလည်း သိုင်းလောက၏ သန့်ရှင်းသော တောင်နှစ်လုံး အကြောင်းကို စပ်စုချင်စိတ် ဖြစ်လာပြီး အာရုံစိုက် နားထောင်နေကြသည်။ ကျန်းဖျင် တစ်ယောက်တည်းသာ ပိုပို၍ မအီမသာ ဖြစ်နေတော့သည်။

All Chapters