← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း ၇၁ - သဘောတူလိုက်ရသော ဝူယီဖန်

တစ်ချိန်တည်းမှာပင် ဝူယီဖန်သည် သူ့ရှေ့တွင် ရုတ်တရက် ရောက်ရှိလာသော ဘိုးဘေးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

“ဘိုးဘေး... ဘာဖြစ်လို့လဲ”

သူသည် အတော်လေး သိချင်နေပုံရသော်လည်း သို့သော် ဝူဟောက်သည် အများကြီး မပြောခဲ့ပေ။ သူသည် ဧကရာဇ်ဓားကို ထုတ်ယူလိုက်ပြီး ဝူယီဖန်အား ပေးလိုက်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

“လတ်တလော မင်းမှာ သင့်တော်တဲ့ လက်နက် မရှိသေးဘူးမလား... ဒါက ဘိုးဘေး သွန်းလုပ်ထားတဲ့ ဧကရာဇ်လက်နက် တစ်ခုပဲ... လောလောဆယ် မင်း ဒါကို သုံးနိုင်တယ်”

ထိုဓားရှည်မှာ ဧကရာဇ်ဓား ဖြစ်ကြောင်း ဘိုးဘေးဖြစ်သူ၏ စကားကို ကြားလိုက်ရချိန်တွင် ဝူယီဖန်မှာ နေရာတွင်ပင် ကြက်သေသေသွားသည်။ အတန်ကြာမှ ပြန်လည် သတိဝင်လာပြီး၊ သူ၏မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေကာ ဧကရာဇ်ဓားကို လက်ခံယူလိုက်ရင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဘိုးဘေး”

ဝူယီဖန်သည် ဓားရှည်ကို လက်ခံယူပြီးနောက် စနစ်၏အသံသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

[ဒင်... ပိုင်ရှင်သည် ကံကြမ္မာသားတော်အား ဧကရာဇ်အဆင့်ရှိ လက်နက်ကို ပေးအပ်ခဲ့ကြောင်း တွေ့ရှိရပါသည်... ဧကရာဇ်အဆင့် ဓားရှည် တစ်သန်းကို လက်ခံရရှိထားပါသည်... ကျေးဇူးပြု၍ စစ်ဆေးပေးပါ ]

“စနစ်... အဲ့တာကို ပေါင်းစပ်ပေး”

ဧကရာဇ်အဆင့် ဓားရှည်သည် ဝူဟောက်အတွက် လုံးဝ အသုံးမဝင်ပေ။ ထို့ကြောင့် ၎င်းတို့ကို အင်မော်တယ် အဆင့်ရှိ ဓားရှည်အဖြစ် ပေါင်းစပ်ခြင်းသည် ပိုကောင်းပေလိမ့်မည်။

[ ဒင်... ဧကရာဇ်အဆင့် ဓားရှည် တစ်သန်းကို ပေါင်းစပ်ခြင်းဖြင့် အင်မော်တယ်အဆင့် ဓားရှည် တစ်သောင်းကို ရရှိထားပါသည်... အဆင့်နိမ့် ဓားရှည် ဖြစ်ပါသည်... ကျေးဇူးပြု၍ စစ်ဆေးပေးပါ ]

စနစ်၏ အကြောင်းကြားချက်ကို ကြားပြီးနောက် ဝူဟောက်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ဝူယီဖန်ကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ငါမေ့တော့မလို့... ယီဖန်... မင်းရဲ့ ခန္ဓာကိုယ်က ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဆိုတော့ ဓားရှည်က မင်းရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမှာ မဟုတ်လောက်ဘူး... ထားလိုက်ပါတော့... ဘိုးဘေးကို ပြန်ပေးလိုက်တော့ “

ဝူယီဖန်: ???

မဟုတ်သေးပါဘူး၊ သုံးလို့ရပါတယ် ….

သို့သော် ဝူယီဖန်သည် ခေါင်းခါလိုက်ပြီး ဧကရာဇ်ဓားကို ဝူဟောက်ထံ ပြန်ပေးလိုက်သည်။

ဝူဟောက်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ့တွင် အင်မော်တယ်အဆင့် ဓားရှည် တစ်သောင်း ရှိနေပြီး ဖြစ်သော်လည်း သို့သော် ဝူရူလုံက ဤဧကရာဇ်လက်နက်ကို လိုချင်နေသေးသည်။ ဖခင်တစ်ယောက် အနေဖြင့် သူသည် ဝူရူလုံ၏ ဆန္ဒကို ဖြည့်ဆည်းပေးသင့်သည် မဟုတ်လော။

ဝူရူလုံ: ...

“မင်း ဘယ်လို လက်နက်မျိုးကို ကျွမ်းကျင်လဲ... အခွင့်အရေးရရင် ဘိုးဘေး မင်းအတွက် တစ်ခု သွန်းလုပ်ပေးမယ်”

မည်သို့ပင်ဆိုစေ ဝူယီဖန်သည် ကံကြမ္မာသားတော် ဖြစ်သည်။ အကယ်၍ သူ့တွင် သင့်တော်သော လက်နက်တစ်ခု ရှိထားပါက သူသည် လျင်မြန်စွာ သန်မာလာနိုင်ပေလိမ့်မည်။

ဝူဟောက်၏ စကားကို ကြားသောအခါ ဝူယီဖန်သည် ခဏတာ အံ့အားသင့်သွားသော်လည်း ၊ လျင်မြန်စွာ ပြန်လည် သတိဝင်လာပြီး မျက်လုံးများ အရောင်တောက်လာကာ ပြောလိုက်သည်။

“ဘိုးဘေး... ကျွန်တော် သုံးချောင်းထောက်အိုး ကို သုံးချင်တယ်”

“သုံးချောင်းထောက်အိုးလား... အဲ့တာက ရှားပါးတဲ့ လက်နက်တစ်ခုပဲ... ကောင်းပြီ... မင်း သုံးချင်တယ် ဆိုမှတော့ ဘိုးဘေး မင်းအတွက် ရှာတွေ့မလား ကြည့်ပေးမယ်”

ထိုစကားကို ကြားပြီးနောက် ဝူဟောက်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ခေါင်းညိတ်သဘောတူခဲ့သည်။

“ကောင်းပြီ... မြန်မြန် သန်မာလာအောင် လုပ်... မင်းရဲ့ တာဝန်တွေက အခု ပြောင်းလဲသွားပြီ... အဲဒီအချိန်မတိုင်ခင် မင်းသာ လုံလောက်တဲ့ အင်အားမရှိရင် နောင်တရလိမ့်မယ်”

ဝူဟောက်သည် ဝူယီဖန်ကို ပဟေဠိဆန်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး၊ ဝူယီဖန် ပြန်လည် မေးခွန်းမထုတ်နိုင်ခင်မှာပင် ဝူဟောက်သည် ပျောက်ကွယ်သွားလေသည်။

ဝူယီဖန်သည် သူ၏ သံသယများကို မျိုသိပ်ထားလိုက်ရသည်။ မည်သို့ပင်ဆိုစေဖြစ်စေ သူ့အနေဖြင့် ပိုမို သန်မာလာရန် ကြိုးစားရုံသာ ရှိသည်။ သွေးဝိညာဉ်ဂိုဏ်းကို သူ လက်စားမချေရသေးပေ။

ဝူယီဖန်၏ ကိစ္စကို ဖြေရှင်းပြီးနောက် ဝူဟောက်သည် ဝူမိသားစုသို့ ပြန်လာပြီး ဧကရာဇ်လက်နက်ကို ဝူရူလုံထံ တိုက်ရိုက် ပေးအပ်လိုက်သည်။

ဖခင်ဖြစ်သူသည် ပြန်ရောက်လာပြီးနောက် ဧကရာဇ်လက်နက်အား သူ့ထံသို့ လက်လွဲပေးခဲ့သောကြောင့် ဝူရူလုံ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူ ဝူရူလုံသည် နောက်ဆုံး၌ ကိုယ်ပိုင် ဧကရာဇ်လက်နက်ကို ပိုင်ဆိုင်နိုင်ခဲ့ချေပြီ။

ဧကရာဇ်လက်နက်၏ ကောင်းချီးပေးမှုဖြင့် ဝူရူလုံသည် သူတော်စင်လေးပါး ပြိုင်ပွဲ၌ ချန်ပီယံဆု ရရှိနိုင်မည်ဟု ယုံကြည်မှုရှိနေကာ ဧကရာဇ်တပိုင်း အဆင့်ပင်လျှင် သူ့ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။

ထို့အပြင် ဧကရာဇ်လက်နက်၏ ပံ့ပိုးမှုဖြင့် လီမျိုးနွယ် မင်းဆက်တစ်ခုလုံးကို ဖျက်ဆီးမည့် သူ၏ အစီအစဉ်ကို ယခု အကောင်အထည်ဖော်ခွင့် ရပေတော့မည်။

မှန်၏... ဝူရူလုံသည် လီမျိုးနွယ် မင်းဆက်အပေါ်ထားရှိသော အငြိုးအတေးကို မမေ့ခဲ့ပေ။ အမှန်အတိုင်းဆိုရလျှင်ဖြင့် ပို၍တောင် နက်ရှိုင်းလာခဲ့သည်။ ဝူရူလုံသည် အငြိုးအတေးထားတတ်သူ မဟုတ်သော်လည်း လီမျိုးနွယ် မင်းဆက်သည် သူ့ကို ဖျက်ဆီးရန် ဆုံးဖြတ်ထားသည်။ အကယ်၍ လီမျိုးနွယ် မင်းဆက်ကို သူကိုယ်တိုင် ဖယ်ရှားပစ်လိုသည့် စိတ်ဆန္ဒမရှိခဲ့ပါက ၊ သူ၏ ဖခင်ကို လုပ်ဆောင်ပေးရန် အရင်ကတည်းက တောင်းဆိုပြီး ဖြစ်ပေလိမ့်မည်။

ယခု ဧကရာဇ်လက်နက်၏ ကောင်းချီးပေးမှုဖြင့် ဝူရူလုံသည် အာဏာရှင် အဆင့်သို့ ရောက်ရှိသည်နှင့် လီမျိုးနွယ် မင်းဆက်သို့ သွားရောက်ပြီး ဖျက်ဆီးပစ်နိုင်မည်ဟု ခံစားနေရသည်။

ဧကရာဇ်လက်နက်သည် အလွန် စွမ်းအားကြီးမားပြီး ၊ အာဏာရှင် အဆင့် ကျင့်ကြံသူ တစ်ဦးအား ထိပ်တန်း အင်အားစု တစ်ခုကို သုတ်သင်ရှင်းလင်းနိုင်သော ကြောက်မက်ဖွယ် စွမ်းရည်ကို ပေးစွမ်းနိုင်သည်။

ဧကရာဇ်လက်နက် ရရှိပြီး တာဝန်များ ပြီးဆုံးသွားပြီးနောက် ဝူရူလုံသည် သူ၏ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ရန် ပြန်သွားလေသည်။ ဤကာလအတွင်း သူသည် ဝူမိသားစု ကုန်သည်အသင်း၏ စီမံခန့်ခွဲမှုကို ဝူမိသားစု၏ ကျန်ရှိသော သူများထံ လွှဲပြောင်းပေးသင့်သည်ဟု တွေးမိသည်။ မည်သို့ပင်ဆိုစေကာမူ မိသားစု ခေါင်းဆောင် တစ်ဦးအနေဖြင့် သူ၏ ကျင့်ကြံမှုသည် မဟာသူတော်စင် အဆင့်၌ ရှိနေခြင်းမှာ အတော်လေး ရှက်စရာ ကောင်းလှသည်။

သို့သော် ဝူရူလုံသည် သူ၏ အသက်အရွယ်ကို ထည့်သွင်းမစဉ်းစားခဲ့ပေ။ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် အသက် ၁၀၀ ကျော်ဖြင့် မဟာသူတော်စင် အဆင့်သို့ ရောက်ရှိနိုင်သူမှာ အလွန် ရှားပါးလှသည်။

ဝူရူလုံသည် ကျင့်ကြံရန် ထွက်ခွာသွားချိန်တွင် စုချောင်ရန်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ယောကျ်ား... ကျွန်မလည်း ကျင့်ကြံဖို့ ကြိုးစားရတော့မယ်... ဆယ်နှစ်အတွင်း သူတော်စင်ဘုရင် အလယ်အလတ်အဆင့်ကို ရောက်အောင် လုပ်ချင်တယ်”

“ကောင်းပြီ... ကိုယ် ထောက်ခံတယ်”

ဝူဟောက်သည် သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ပြောလိုက်သည်။

“မင်းမှာ မေးစရာရှိရင် ကိုယ့်ကို မေးလို့ရတယ်”

ဝူဟောက်သည် ရွှေအင်မော်တယ်အဆင့် ရှိသူတစ်ဦး ဖြစ်သည်။ သူတော်စင်ဘုရင် တစ်ပါးကို လမ်းညွှန်ရန်မှာ သူ့အတွက် အလွန် လွယ်ကူသော ကိစ္စ ဖြစ်သည်။

စုချောင်ရန်သည် ခေါင်းညိတ်လိုက်သော်လည်း နောက်ဆုံးတွင် ဝူဟောက်ကို မမေးခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ၊ သူမသည် သဘာဝအလျောက် ဉာဏ်ကောင်းသူ ဖြစ်ပြီး အရင်းအမြစ်များစွာ ပံ့ပိုးပေးထားသဖြင့် ကျင့်ကြံခြင်း လမ်းကြောင်းတွင် အခက်အခဲ တစ်စုံတစ်ရာမှ ကြုံတွေ့ရမည် မဟုတ်ပေ။

ထိုအချိန်တွင် သူတော်စင်လေးပါး ပြိုင်ပွဲ နီးကပ်လာသည်နှင့်အမျှ ရွှမ်ထျန်းကမ္ဘာ အတွင်းရှိ အဖွဲ့အစည်း အများအပြား လှုပ်ရှားလာကြသည်။

သူတော်စင်လေးပါး ပြိုင်ပွဲတွင် နာမည်ရနိုင်ရုံသာမက အရေးအကြီးဆုံးမှာ သူတော်စင်လေးပါး ပြိုင်ပွဲ၌ ထိပ်ဆုံးအဆင့် အယောက်၁၀၀ ဝင်သူများကို ဟွမ့်သွမ်ဧကရာဇ် တည်ထောင်ခဲ့သော ဖရိုဖရဲ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ခွင့် ပြုမည် ဖြစ်သည်။

ထိုနေရာတွင် ဟွမ့်သွမ်ဧကရာဇ်၏ အမွေအနှစ်ကို ရရှိနိုင်ကောင်း ရရှိနိုင်ပေလိမ့်မည်။ သို့မဟုတ် ဧကရာဇ်အဆင့်သို့ ကိုယ်တိုင် တက်လှမ်းနိုင်မည် ဖြစ်သည်။

ဖရိုဖရဲ လျှို့ဝှက်နယ်မြေကို ယခုအခါ မဟာမြင့်မြတ်နယ်မြေကြီး လေးခုက ထိန်းချုပ်ထားသဖြင့် ဖရိုဖရဲ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ သူတော်စင်လေးပါး ပြိုင်ပွဲ၌ အဆင့် ၁၀၀ အတွင်း ဝင်ရောက်ရန် ဖြစ်သည်။

ဤသတင်းကို သိရှိလိုက်ရသည်နှင့် ဝူယိတောက်၏ တည်ငြိမ်သော မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားပြီး တီးတိုး ရေရွတ်လိုကသည်။

“ဟွမ့်သွမ်ဧကရာဇ်... သူက ငါ့ရဲ့ ဖရိုဖရဲ တာအိုကို ပိုပြီး ပြည့်စုံလာအောင် ကူညီပေးနိုင်လောက်တယ်”

ထိုအတွေးဖြင့် ဝူယိတောက်သည် သူ့ မျက်လုံးများကို မှိတ်လိုက်ပြီး ကျင့်ကြံခြင်းကို ပြန်လည် စတင်လိုက်သည်။ သူသည် ဤတစ်ခေါက် သူတော်စင်လေးပါး ပြိုင်ပွဲတွင် ထိပ်ဆုံး ၁၀၀ မှ တစ်နေရာကို ရယူရန် ဆုံးဖြတ်ထားခဲ့သည်။

သဘာဝကျစွာဖြင့် ရွှမ်ထျန်းကမ္ဘာရှိ အခြားသော အင်အားစုများသည်လည်း ဤကဲ့သို့ အကြံအစည်များ ရှိကြသော်လည်း ၊ သို့သော် သူတော်စင်လေးပါး ပြိုင်ပွဲ မစတင်မီ မည်သူကမှ ကြိုတင် ကောက်ချက်ချနိုင်ခြင်း မရှိပေ။

‘ငါလည်း သူတော်စင်လေးပါး ပြိုင်ပွဲမှာ ပါဝင်ရမှာလား”

ဝူရူလုံ မိသားစုဂရုထဲတွင် တင်ထားသော စာကို မြင်ပြီးနောက် ဝူယီဖန်သည် မျက်မှောင်ကြုတ်သွားသည်။ သူသည် အာဏာရှင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် အသက် ၁၀၀၀ အောက်နှင့် အာဏာရှင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနိုင်သူမှာ လက်ချိုးရေနိုင်လောက်သည်။

ထို့အပြင် ဝူယီဖန်သည် မကြာမီ ဧကရာဇ်တပိုင်း အဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သောကြောင့် ၊ သူ့ကို ဝင်ပြိုင်ခိုင်းခြင်းသည် အနိုင်ကျင့်ရာ မရောက်ပေလော။

သို့သော် ဤသည်မှာ ဝူဟောက်၏ တောင်းဆိုချက်ဖြစ်သောကြောင့် သူ့အနေဖြင့် မလိုလားသော်လည်း သဘောတူရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

ထိုအချိန်တွင် အခြားတစ်ဖက်ရှိ သွေးဝိညာဉ်ဂိုဏ်း အတွင်း၌ ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေခဲ့သည်။

အခန်း ၇၂ - သွေးအနှစ်သာရ၊ သူတော်စင်လေးပါး ပြိုင်ပွဲ စတင်ခြင်း

“ဟားး... စိတ်ဝင်စားစရာပဲ... မင်း ဆိုလိုတာက အပြင်မှာ အာဏာရှင်အဆင့်ရှိတဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာ တစ်ယောက်နဲ့ ဆန်းကြယ်ယင်သူတော်စင်ခန္ဓာ တစ်ယောက်ကို တွေ့ခဲ့တယ် ဟုတ်လား

ထိုအချိန်တွင် သွေးဝိညာဉ်ဂိုဏ်း အတွင်း၌ လင်းရွှေရိုနှင့် အခြားသူများ၏ လိုက်လံဖမ်းဆီးမှုမှ ထွက်ပြေးလွတ်မြောက်လာသော သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် သွေးဝိညာဉ်ဂိုဏ်းသို့ ပြန်ရောက်လာပြီး ၊ အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး၏ ရှေ့တွင် ဒူးထောက်ကာ အလွန် ကြောက်ရွံ့ရိုသေသော အမူအရာဖြင့် ကြည့်နေလေသည်။

ထိုလူငယ်၏ မျက်နှာမှာ သေလုမျောပါး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး နှုတ်ခမ်းများမှာ သွေးကဲ့သို့ နီရဲနေကာ ၊ ဆံပင်များမှာ နီတောက်တောက် ဖြစ်နေသဖြင့် ကြည့်ရသည်မှာ အတော်လေး ထူးဆန်း‌နေသည်။

“ဟုတ်ပါတယ်..သူတော်စင်သားတော် ”

“စိတ်ဝင်စားစရာပဲ... မင်းလို ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့် တစ်ယောက်က အာဏာရှင် အဆင့် နှစ်ယောက်ကို လက်လွတ်လိုက်ရတယ်ပေါ့... ပြီးတော့ သွေးဝိညာဉ်ဂိုဏ်းကို ပြန်လာပြီး‌ ပုန်းအောင်းရဲသေးတယ်... မင်းကို အမှိုက်လို့ ခေါ်ရမလား... ဒါမှမဟုတ် အမှိုက်စစ်စစ် လို့ ခေါ်ရမလား”

ထိုလူငယ်မှာ သွေးဝိညာဉ်ဂိုဏ်း၏ သူတော်စင်သားတော် ရွှယ်ယွမ်ဖြစ်ပြီး ၊ ဝူယီဖန် သတ်ဖြတ်ခဲ့သည့် သွေးဝိညာဉ်ဂိုဏ်း တမန်တော် သုံးဦးကို စေလွှတ်ခဲ့သူမှာ သူပင် ဖြစ်သည်။

ရွှယ်ယွမ်၏ စကားကို ကြားလိုက်ရချိန်တွင် သွေးဝိညာဉ်ဂိုဏ်း တမန်တော်မှာ တုန်လှုပ်သွားပြီး သနားညှာတာပေးရန် တောင်းပန်လုနီးပါး ဖြစ်သွားသည်။

“သားတော်...ဆန်းကြယ်ယင်သူတော်စင်ခန္ဓာက ဘာမှ ထူးခြားတာ မရှိပါဘူး... ဒါပေမဲ့ အဲဒီ ရှေးဟောင်းမြင့်မြတ်ခန္ဓာက အရမ်း ထူးဆန်းတယ်... သူက တားမြစ်နည်းလမ်းကို သုံးပြီး အာဏာရှင် အထွတ်အထိပ် အဆင့်ကို ယာယီမြှင့်တင်ခဲ့ပေမယ့် ဒါပေမဲ့ သူ့ရဲ့ အခြေခံအုတ်မြစ်က အလွန် နက်ရှိုင်းတယ်... တကယ်လို့ ဆက်တိုက်မယ်ဆိုရင် ကျွန်တော် သူ့ကို သေချာပေါက် ဖမ်းမိမှာပါ... ဒါပေမဲ့ ရေမြင့်မြတ်နယ်မြေနဲ့ မိုးကြိုးမြင့်မြတ်နယ်မြေက သခင်မြတ်တွေ ရောက်လာကြလို့ သူတော်စင်သားတော်ရဲ့ အစီအစဉ်ကို ပျက်စီးသွားမှာ စိုးရိမ်ပြီး ထွက်ခွာဖို့ ရွေးချယ်ခဲ့တာပါ... ကျေးဇူးပြုပြီး ကျွန်တော့်အမှားကို ခွင့်လွှတ်ပေးပါ သူတော်စင် သားတော်”

ထိုသို့ ပြောပြီးနောက် သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် ခေါင်းငုံ့နေလေ၏။ သူသည် အတော်လေး ကြောက်ရွံ့နေပုံရပြီး ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ယင်နေသည်။

အတန်ကြာသည်အထိ ရွှယ်ယွမ်သည် နှုတ်ဆိတ်နေခဲ့သည်။ သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် ဘာတွေဖြစ်နေမှန်း အတွေးများနေစဉ် ၊ ရွှယ်ယွမ်သည် နောက်ဆုံးတွင် လှုပ်ရှားလာခဲ့သည်။

“ငါ သူတော်စင်သားတော်က မင်းအပေါ် မျှော်လင့်ချက်တွေ အများကြီး ထားခဲ့တာ... ဒါပေမဲ့ မင်းက ငါ့ကို စိတ်ပျက်အောင် လုပ်ခဲ့တယ်... မင်းက ငါ့ကို အခက်တွေ့အောင် လုပ်နေတာပဲ... ဘာပဲဖြစ်ဖြစ် သွေးဝိညာဉ်ဂိုဏ်းက အသုံးမကျတဲ့ လူတွေကို သည်းမခံဘူး... ဒါကြောင့် မင်း သေလိုက်တော့”

ရွှယ်ယွမ်၏ စကားဆုံးသည်နှင့် ကြောက်မက်ဖွယ်ရာ ကောင်းသော စုပ်ယူအားတစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားပြီး လှည့်ထွက်ပြေးရန် ပြင်လိုက်သော်လည်း ၊ သွေးဝိညာဉ်ဂိုဏ်း၏ သူတော်စင်သားတော်သည် ရိုးရှင်းသူတစ်ယောက် မဟုတ်ချေ။

စက္ကန််အနည်းငယ် အတွင်းမှာပင် ၊ သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ သွေးများကို ရွှယ်ယွမ်သည် အပြည့်အဝ စုပ်ယူလိုက်ပြီး ဖြစ်ရာ ချက်ချင်းပင် သေဆုံးသွားခဲ့သည်။

ရွှယ်ယွမ်၏ မျက်နှာတွင် ရွံရှာသော အမူအရာ တစ်ခု ဖြစ်ပေါ်လာသည်။

“အမှိုက်က အမှိုက်ပဲ”

“ သူတော်စင်သားတော် စိတ်ဆိုးနေပြန်ပြီ... ဘယ်သူကများ စိတ်ဆိုးအောင် လုပ်လိုက်တာလဲ”

ထိုအချိန်တွင် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးသည် အပြင်ဘက်မှ ဝင်ရောက်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် စနောက်လိုက်သည်။

ရွှယ်ယွမ်သည် အနီရောင် ဝတ်စုံနှင့် အမျိုးသမီး၏ အပြုအမူကြောင့် အနည်းငယ် အံ့သြသွားသော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ၊ သူ့ရှေ့မှ အမျိုးသမီးသည် သွေးဝိညာဉ်ဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်ပြီး ၊ အတိအကျဆိုရလျှင်ဖြင့် သူ၏ အစောင့်အရှောက် ဖြစ်သည်။

“အကြီးအကဲက နောက်နေပြန်ပြီ... ထားလိုက်ပါတော့... ဒါကို ခဏ ဘေးဖယ်ထားလိုက်ဦး... သွေးနတ်ဘုရားရဲ့ ပြင်ဆင်မှု ဘယ်လိုနေလဲ... ငါ အောက်ဘုံမှာ ထာဝရ ပိတ်မိမနေချင်ဘူး”

ရွှယ်ယွမ်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး မေးလိုက်သည်။

အလုပ်ကိစ္စကို ပြောလာသဖြင့် အကြီးအကဲဟွာသည် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“သွေးနတ်ဘုရားရဲ့ အနှစ်သာရက ပြီးလုနီးပါး ဖြစ်နေပြီ... ပြီးပြည့်စုံဖို့အတွက် နောက်ထပ် အထူးခန္ဓာကိုယ် အနှစ်သာရ ငါးခုလောက် လိုအပ်တယ်... အဲဒီအချိန်ကျရင် ငါတို့ ရွှမ်ထျန်းကမ္ဘာရဲ့ ပိတ်ပင်ထားမှုကနေ လွတ်မြောက်ပြီး နယ်နိမိတ်ကို ဖောက်ထွက်နိုင်လိမ့်မယ်”

ထိုစကားကို ကြားပြီးနောက် ၊ ရွှယ်ယွမ် ခေါင်းညိတ်လိုက်ကာ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ပြောလိုက်သည်။

“ ငါ မှတ်မိသလောက် နောက်ဆယ်နှစ်ကြာရင် အပြင်မှာ သူတော်စင်လေးပါး ပြိုင်ပွဲ ကျင်းပတော့မယ်မလား... အဲဒီအချိန်ကျရင် ရွှမ်ထျန်းကမ္ဘာက ပါရမီရှင်တွေ အကုန်လုံး ပေါ်လာကြလိမ့်မယ်... အဲဒီထဲမှာ အထူးခန္ဓာကိုယ် ပါရမီရှင် ငါးယောက်လောက် ရှာတွေ့နိုင်လောက်တယ်”

“နားလည်ပြီ... ဒါပေမဲ့ အခုလောလောဆယ် ကျွန်မတို့ လူအင်အား နည်းပါးနေတယ်... ကျွန်မတို့သွေးစုပ်ကောင်တွေရဲ့ စွမ်းအားကို ခံနိုင်ရည်ရှိပြီး ဧကရာဇ်တပိုင်း အဆင့်ကို တက်လှမ်းနိုင်တဲ့ ရွှမ်ထျန်းကမ္ဘာကသတ္တဝါတွေ(ပါရမီရှင်) က အရမ်း နည်းလွန်းတယ်... အခုအချိန်အထိ ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်ကို ရောက်နိုင်တာဆိုလို့ ရွှမ်ထျန်းကမ္ဘာက သတ္တဝါငါးကောင်ပဲ ကျွန်မတို့ လက်အောက်မှာ ရှိသေးတယ်”

အကြီးအကဲဟွာသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ၊ တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

သို့သော် ရွှယ်ယွမ်က လက်ဝှေ့ယမ်းကာ ပယ်ချလိုက်သည်။

“ကိစ္စမရှိဘူး... အဆင်ပြေသွားရင် ငါတို့ ဒီငရဲတွင်းကနေ ထွက်သွားလို့ ရပြီ”

“နားလည်ပါပြီ”

သူမသည် ခေါင်းညိတ်သဘောတူလိုက်ပြီးနောက် စစ်ဆင်ရေးအတွက် ပြင်ဆင်ရန် ထွက်ခွာသွားလေသည်။

အကြီးအကဲဟွာ ထွက်ခွာသွားပြီးနောက် ရွှယ်ယွမ်၏ မျက်လုံးများသည် မှေးကျဉ်းသွားပြီး ၊ နတ်သင်္ချိုင်းတောင်ကြား အထက်ရှိ ကောင်းကင်ကို မော့ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။

“အဖေ... အဖေ့ဆီမှာ ဘာတွေ ဖြစ်ခဲ့လဲ ကျွန်တော် မသိပေမဲ့... ဟိုလူလေးယောက်က အဖေ့ကို ဘာမှ မလုပ်နိုင်ဘူး ဆိုတာ သေချာတယ်... စောင့်နေလိုက်... ကျွန်တော် ပြန်လာပြီး သူတို့ကို သတ်ပစ်မယ် “

အချိန်သည် ကျင့်ကြံခြင်း အတွင်း၌ အမြဲတမ်း တိတ်တဆိတ် ကုန်ဆုံးသွားလေ့ ရှိပြီး ဤကာလအတွင်း ဝူဟောက်၏ ကျင့်ကြံမှု အဆင့်သည် ရွှေအင်မော်တယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားကာ လျှိုထျန်းရွှေအင်မော်တယ် အဆင့်နှင့် ပိုမို နီးကပ်လာခဲ့သည်။

စုချောင်ရန်သည်လည်း သူတော်စင်ဘုရင် အလယ်အလတ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၊ ဝူဟောက်၏ အထူးအကူအညီဖြင့် သူမ၏ အဆင့်တက်လှမ်းမှုသည် မည်သို့ မမြန်ဆန်ဘဲ နေမည်နည်း။

ပြိုင်ပွဲအတွက် ရွေးချယ်ထားသော အခြားသူနှစ်ဦးမှာ ဝူချန်ကွန်းနှင့် ဝူချီထျန်း တို့ ဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံးသည် လက်ရှိတွင် သူတော်စင် အဆင့်၌ ရှိနေကြသဖြင့် သူတော်စင်လေးပါး ပြိုင်ပွဲ၌ တိုက်ခိုက်ရေး အတွေ့အကြုံ ရယူခြင်းသည် သူတို့၏ အနာဂတ် ကျင့်ကြံမှုအတွက် အကျိုးရှိစေမည် ဖြစ်သည်။

ဝူချန်ကွန်းနှင့် ဝူချီထျန်းသည်လည်း သဘောတူခဲ့ကြပြီး ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၌ တွေ့ဆုံရန် စီစဉ်လိုက်ကြသည်။

ဝူချီထျန်းသည် မြောက်ပိုင်းဒေသရှိ ဝူမိသားစု ကုန်သည်အသင်း၌ ရှိနေသဖြင့် အတူသွားသည်ထက် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၌ တွေ့ဆုံခြင်းက ပိုကောင်းပေလိမ့်မည်။

“ဝူမိသားစုမှာ လိုအပ်တာတွေ အများကြီး ရှိသေးတယ်... ပြောရရင် မိသားစု ကာကွယ်ရေး ကျောက်တိုင်”

ဝူဟောက်သည် ဝူမိသားစု နောက်ဘက်ရှိ တောင်ကုန်းပေါ်တွင် ထိုင်နေပြီး သူ့ဘေးတွင် ပျင်းရိနေသော မြေခွေးငယ်လေး တစ်ကောင် လဲလျောင်းနေသည်။ ၎င်းမှာ ဝူဟူ ဖြစ်သည်။

ဝူမိသားစုသို့ ပြန်ရောက်ပြီးနောက် ဝူဟောက်သည် ဝူဟူကို ဝူမိသားစုနှင့်အတူ ကျင့်ကြံရန် ထားခဲ့သည်။ ဝူဟောက်၏ ထက်သန်သော ပြုစုပျိုးထောင်မှုအောက်တွင် ဝူဟူသည် ၎င်း၏ အမြီးခုနစ်ချောင်း ပုံစံကို ဖွင့်လှစ်နိုင်ခဲ့ပြီး သူတော်စင်ဘုရင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အမြီးကိုးချောင်းစလုံး အပြည့်အဝ ထွက်ပေါ်လာပါက ဧကရာဇ်တစ်ပါး၏ စွမ်းအားကိုပင် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ သို့သော် ကိုးချောင်း‌မြေခွေးတွင် အခြားသော စွမ်းရည်များ ရှိမရှိကို မသိရသေးချေ။

“သခင်ကြီး... ဒါဆို သခင်ကြီးက မိသားစု ကာကွယ်ရေး ကျောက်တိုင် တည်ဆောက်ဖို့ စီစဉ်နေတာလား”

ဝူဟူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ရာ၊ ဝူဟောက်သည် ခေါင်းညိတ်ပြီး သူ၏ အတွေးများကို မျှဝေလိုက်သည်။

“ဝူမိသားစုက ပိုပိုပြီး အင်အားကြီးလာတယ်... အရာများစွာအတွက် ရှင်းလင်းတဲ့ အမိန့်တစ်ခု ရှိဖို့ အချိန်တန်ပြီ... စတုတ္ထမြောက် မျိုးဆက် သားမြေး အများအပြားက လက်မထပ်ရသေးသလို ကလေးမရသေးကြပေမဲ့ ဆဋ္ဌမနဲ့ သတ္တမမြောက် မျိုးဆက် သားမြေးတွေ ပေါ်ထွက်လာကြပြီ... ဒါကြောင့် ဝူမိသားစုရဲ့ ကံတရားကို ဖိနှိပ်ထိန်းသိမ်းဖို့အတွက် ဝူမိသားစု အတွင်းမှာ မိသားစု ကျောက်တိုင်တစ်ခု ဖန်တီးဖို့ ဆုံးဖြတ်ထားတယ်”

ဝူဟောက်သည် ဖြည်းညင်းစွာ ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ဝူယီဖန်သည် သုံးချောင်းထောက်အိုး တစ်လုံး လိုချင်ကြောင်း ပြောခဲ့ဖူးသည်ကို သတိရသွားသည်။ ၎င်းသည် မိသားစု ကာကွယ်ရေး ကျောက်တိုင်ကိစ္စကို ပြီးမြောက်စေရန် အခွင့်ကောင်း တစ်ခု ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ၊ သုံးချောင်းထောက်အိုး တစ်လုံးနှင့် ကျောက်တိုင် တစ်ခု၏ အကျိုးသက်ရောက်မှုများမှာ အမှန်အားဖြင့် အတော်လေး ဆင်တူကြပြီး သုံးချောင်းထောက်အိုးသည် ကံတရားကို ဖိနှိပ်ထိန်းသိမ်းပေးနိုင်သော အကျိုးသက်ရောက်မှု ရှိသည်။ ပွဲတော်များတွင် ယဇ်ပူဇော်ရန်အတွက်လည်း အသုံးပြုနိုင်သည်။

ထို့အပြင် သူသည် အနာဂတ်တွင် ရွှမ်ထျန်းကမ္ဘာ၌ နေထိုင်မည် မဟုတ်သည်မှာ သေချာသည်။ သူ၏ အလားအလာသည် အလွန် မြင့်မားသော်လည်း ၊ သို့သေည် ရွှမ်ထျန်းကမ္ဘာ၏ အလားအလာမှာ ဧကရာဇ်အဆင့်တွင် ကန့်သတ်ထားသည်။ သူသည် အနာဂတ်တွင် ရွှမ်ထျန်းကမ္ဘာမှ သေချာပေါက် ထွက်ခွာရမည် ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ဝူဟူသည် ခေါင်းညိတ် သဘောတူလိုက်သည်။

သို့သော် ဝူရူလုံသည် လောလောဆယ်တွင် မဟာသူတော်စင် အလယ်အလတ်အဆင့်သို့ ရောက်ရှိရန် ရည်မှန်းချက်ဖြင့် တံခါးပိတ်ကျင့်ကြံနေသဖြင့် ထိုအကြောင်းနှင့်ပတ်သတ်၍ နောက်မှ ဆွေးနွေးကြမည် ဖြစ်သည်။

All Chapters