အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း ၇၃ - အင်မော်တယ်အဆင့်ရှိ သုံးချောင်းထောက်အိုးဖြင့် ဝူမိသားစု၏ ကံတရားကို ဖိနှိပ်ထိန်းသိမ်းခြင်း
“ဘာ…အဖေက ဝူမိသားစုရဲ့ ကံတရားကို ဖိနှိပ်ထိန်းသိမ်းဖို့ သုံးချောင်းထောက်အိုးတစ်လုံး သွန်းလုပ်ဖို့ စီစဉ်နေတာလား”
ဝူရူလုံသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးပြီးချင်း ဝူဟောက်၏ စကားကို ကြားလိုက်ရသဖြင့် သူ၏ မျက်နှာထားတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
မည်သို့ပင်ဆိုစေကာမူ ၊ သူ၏ ဖခင်ကို သူ နားလည်ထားသလောက် ဖခင်သည် မိသားစု အတွင်းရေး ကိစ္စများနှင့်ပတ်သတ်၍ ထွေထွေထူးထူး မစိုးရိမ်တတ်ချေ။ ဝူချန်ကွန်းနှင့် အခြားသူများ မွေးဖွားလာပြီးနောက် ဝူဟောက်သည် ဝူမိသားစု၏ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခဲသည်ဟု ဆိုနိုင်သည်။
ဝူဟောက် က ခေါင်းညိတ်လိုက်သည်။
“မှန်တယ်… အခု ငါတို့ ဝူမိသားစုက အနည်းငယ် အင်အားကြီးတဲ့ မိသားစုတစ်ခုလို့ သတ်မှတ်လို့ ရနေပြီ ဆိုတော့ ငါတို့ ဝူမိသားစုရဲ့ ကံတရားကို ဖိနှိပ်ထိန်းသိမ်းဖို့နဲ့ ဝူမိသားစုရဲ့ သာယာဝပြောမှုကို အာမခံဖို့အတွက် ပိုမြင့်မားပြီး အဆင့်အတန်းရှိတဲ့ အရာတစ်ခု လိုအပ်တာ သဘာဝကျပါတယ်”
အချို့သော အင်အားကြီး ဧကရာဇ်မင်းဆက်များ သို့မဟုတ် အင်အားစုများတွင် ဧကရာဇ်မင်းဆက်ကို ထာဝရ သာယာဝပြောစေရန်အတွက် သူတို့၏ ဧကရာဇ်ကံတရားကို ဖိနှိပ်ထိန်းသိမ်းပေးသည့် အရာများ ရှိကြသည်။ ဥပမာအားဖြင့် အင်အားကြီးမားသော ဧကရာဇ်မင်းဆက်၊ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ စသည်တို့ ဖြစ်သည်။
ထို့အပြင် အနည်းဆုံး အာဏာရှင် အဆင့်ရှိသော ဝိညာဉ်ရတနာသာလျှင် ကံတရားကို ဖိနှိပ်ထိန်းသိမ်းနိုင်သည်။
သို့သော် ဝူရူလုံသည် သက်ပြင်းချလိုက်ပြီး သူ၏ လေသံတွင် လွမ်းဆွေးမှု အရိပ်အယောင်များ ပါဝင်နေသည်။
“အဖေ… သား မလုပ်ချင်တာတော့ မဟုတ်ပါဘူး… ပြီးခဲ့တဲ့ အခေါက်တုန်းက ဧကရာဇ်အဆင့် ဓားရှည်တစ်ချောင်း သွန်းလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်ရှာဖို့ အချိန်အကြာကြီး ယူခဲ့ရတယ်… အခု ထပ်ရှာမယ် ဆိုရင် အကုန်ရှာတွေ့ဖို့ အချိန်အတော်လေး ကြာလိမ့်မယ်”
ထိုစကားကို ကြားသောအခါ ဝူဟောက်သည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။
“အကောင်းဆုံး ကြိုးစားကြတာပေါ့… အဖေလည်း ပစ္စည်းတွေ လိုက်ရှာပေးမယ်… အကုန် စုဆောင်းမိပြီ ဆိုတာနဲ့ မိသားစု ကံတရားကို ဖိနှိပ်ထိန်းသိမ်းဖို့ ဝိညာဉ်ရတနာ တစ်ခု သွန်းလုပ်ကြမယ်”
ဝူရူလုံသည် ဝူမိသားစု၏ ကံတရားနှင့် ပတ်သက်သော ကိစ္စရပ်များကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ ဧကရာဇ်လက်နက်များ သွန်းလုပ်ရာတွင် အသုံးပြုနိုင်မည့် ပစ္စည်းများကို ရွှမ်ထျန်းကမ္ဘာ အတွင်း၌ ရှာဖွေရန် သူ၏ လူများကို အလျင်အမြန် အမိန့်ပေးလိုက်သည်။
သို့သော် အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ရွှမ်ထျန်းကမ္ဘာတွင် ဧကရာဇ် မရှိရုံသာမက ဧကရာဇ်လက်နက်များ သွန်းလုပ်နိုင်သော ပစ္စည်းများပင် အလွန် ရှားပါးလာခဲ့သည်။ အင်အားကြီးမားသော ဝူမိသားစု ကုန်သည်အသင်းပင်လျှင် လိုအပ်သော ပစ္စည်းများ အားလုံးကို စုဆောင်းရန် တစ်နှစ်ပတ်လုံး အချိန်ယူခဲ့ရသည်။
ယခုအခါ ဧကရာဇ်လက်နက် အသစ်တစ်ခုကို ပြန်လည် သွန်းလုပ်ရန်အတွက် ဝူဟောက် အနေဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိ ပေးရနိုင်သည်။
မကြာမီ သူတော်စင်လေးပါး ပြိုင်ပွဲ ကျင်းပရန် ငါးနှစ်သာ လိုတော့သည့်အချိန်တွင် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၌ ကာလကြာရှည်စွာ တံခါးပိတ်ကျင့်ကြံနေခဲ့သော လင်းထျန်းရီသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့သည်။
ဝူဟောက်၏ အကူအညီဖြင့် လင်းထျန်းရီသည် သူ အမြဲ အိပ်မက်မက်ခဲ့သော ဧကရာဇ်တပိုင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။ လင်းထျန်းရီသည် ဧကရာဇ်တပိုင်း ကနဦးအဆင့်သာ ရှိသေးသော်လည်း ၊ လင်းထျန်းရီကို မပြစ်မှားသင့်ကြောင်းကို ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရှိ လူတိုင်း သိထားကြသည်။
လင်းထျန်းရီ၏ နောက်ကွယ်တွင် စုချောင်ရန် ရှိပြီး စုချောင်ရန်၏ နောက်ကွယ်တွင် ထိုပုဂ္ဂိုလ် (ဝူဟောက်) ရှိကြောင်း သိထားကြသည်။
“သခင်ကြီး… သူတော်စင်လေးပါး ပြိုင်ပွဲ ကျင်းပတော့မယ်… ဒီတစ်ကြိမ်မှာ သခင်ကြီး တက်ရောက်မလားလို့ သိချင်ပါတယ်”
အကြီးအကဲချုပ်သည် လင်းထျန်းရီ၏ အနားသို့ ကပ်သွားပြီး မျက်နှာတွင် တုံ့ဆိုင်းမှု အချို့နှင့်အတူ မေးလိုက်သည်။
အကြီးအကဲချုပ်၏ မျက်နှာထားကို မြင်သောအခါ ၊ အကြီးအကဲချုပ်၏ အတွေးကို လင်းထျန်းရီ နားလည်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ၊ ယခင်က မူရုံဟွမ်သည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို ကိုယ်စားပြုခဲ့ပြီး ယခုအခါတွင် ဧကရာဇ်တပိုင်း ကနဦးအဆင့်သာ ရှိသေးသော သူက ကိုယ်စားပြုရမည် ဖြစ်ရာ လီထိုက်ပိုင်နှင့် အခြားသူများ၏ အထင်သေးမှုကို ခံရနိုင်ပေသည်။
သို့သော် လင်းထျန်းရီသည် ထိုစကားကို ကြားသောအခါ ခေါင်းအနည်းငယ် ခါလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
“အဲ့တာက အရေးမကြီးပါဘူး… ဘာပဲဖြစ်ဖြစ် ငါက မကြာခင်မှာ ပေါ်ထွက်လာရမှာပဲ… ပြီးတော့ မူရုံဟွမ် သေဆုံးသွားတဲ့ သတင်းက မကြာခင် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မယ်… အဲဒီအချိန်ကျရင် လျှို့ဝှက်ထားဖို့ မဖြစ်နိုင်တော့ဘူး… ဒါကြောင့် ဒီအခွင့်အရေးကို ယူပြီး ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ သခင်မြတ် နေရာကို ငါ အစားထိုးလိုက်ပြီ ဆိုတာ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံး သိအောင် လုပ်လိုက်တာ ပိုကောင်းမယ်”
လင်းထျန်းရီ၏ စကားကို ကြားသောအခါ အကြီးအကဲချုပ်သည် သက်ပြင်းချလိုက်ပြီး ထိုသို့သဘောတူလိုက်ရုံမှတစ်ပါး မတတ်နိုင်ချေ။ သို့သော် ထိုပုဂ္ဂ်ိုလ်သည် လင်းထျန်းရီကို ဒုက္ခရောက်အောင် ထားမည် မဟုတ်မှန်း သူ တွေးလိုက်မိသည်။
မကြာမီ လင်းရွှေရို၊ လီထိုက်ပိုင်နှင့် လေဝမ်ယွင်တို့သည် သူတို့၏ သက်ဆိုင်ရာ မြင့်မြတ်နယ်မြေများမှ ရောက်ရှိလာကြသည်။
မည်သို့ပင်ဆိုစေကာမူ ၊ ဖရိုဖရဲ လျှို့ဝှက်နယ်မြေသည် အလယ်ပိုင်းဒေသတွင် တည်ရှိသဖြင့် အလယ်ပိုင်းဒေသတွင် သူတော်စင်လေးပါး ပြိုင်ပွဲကို ကျင်းပပြီး ဆက်စပ်ကိစ္စရပ်များကို ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၌ ဆွေးနွေးခြင်းက အကောင်းဆုံး ဖြစ်ပေမည်။
မကြာမီ လေဝမ်ယွင်သည် မိုးထိအောင် မြင့်မားသော လျှပ်စီးများနှင့်အတူ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ ရှေ့တွင် ပေါ်ထွက်လာသည်။ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ နယ်နိမိတ် အတွင်းသို့ ဝင်ရောက်ပြီးမှသာ လေဝမ်ယွင်ပေါ်ရှိ လျှပ်စီးမိုးကြိုးများမှာ ငြိမ်သက်သွားခဲ့သည်။
လေဝမ်ယွင် ရောက်ရှိလာပြီး နောက်တစ်စက္ကန့်တွင် အရှေ့ဘက်မှ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ ဆီသို့ အလွန် မြန်ဆန်သော အရှိန်ဖြင့် ပြေးဝင်လာသော အစိမ်းရောင် ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။ ၎င်းမှာ သူ၏ ဓားနှင့်အတူ ပျံသန်းလာသော လီထိုက်ပိုင်မှတပါး အခြားသူ မဟုတ်ပေ။
လီထိုက်ပိုင် ရောက်ရှိလာပြီးနောက် တောက်ပသော အပြာရောင် ရေလုံးကြီးတစ်ခုသည် မြောက်ဘက်မှ ပေါ်ထွက်လာပြီး ချက်ချင်းပင် ပျောက်ကွယ်သွားကာ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေသို့ ရောက်ရှိလာသည်။ အတွင်းရှိ ကျက်သရေရှိသော ပုံရိပ်မှာ လင်းရွှေရိုမှတပါး အခြားသူမဟုတ်ပေ။
လူတိုင်း ရောက်ရှိလာသည်ကို မြင်သောအခါ လီထိုက်ပိုင်က ပြုံးရွှင်ပြီး ပြောလိုက်သည်။
“တာအိုရောင်းရင်းတို့… မတွေ့တာ ကြာပြီ”
“ဟုတ်တယ်… နောက်ဆုံး တွေ့ခဲ့တာက အဲဒီတုန်းကပဲ”
လေဝမ်ယွင်သည် ပြုံးပြီး ပြောလိုက်သော်လည်း သူတို့သုံးဦး၏ မျက်နှာအမူအယာများမှာ အနည်းငယ် သဘာဝမကျ ဖြစ်နေသည်။
သို့သော် သူတို့သည် ဤဖြစ်ရပ်ကို လျင်မြန်စွာ မေ့ပျောက်လိုက်ကြသည်။ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးသည် အလွန် ကျယ်ဝန်းလှပေရာ သူတို့သည် ဝူဟောက်နှင့် ထပ်မံ တွေ့ဆုံရလောက်အောင် ကံဆိုးမည် မဟုတ်ဟု ယူဆထားသည်။
“ဟို အဘိုးကြီး မူရုံဟွမ် ဘယ်မှာလဲ… သူ့ကို မတွေ့မိပါလား”
လေဝမ်ယွင် သည် တစ်စုံတစ်ခုကို သတိရသွားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ၊ အခြေအနေအရ မူရုံဟွမ်သည် သူတို့သုံးဦးထက် များစွာ စောစီးစွာ ပေါ်ထွက်လာသင့်သည်။
လီထိုက်ပိုင်နှင့် အခြားသူများ တွေးတောနေစဉ် လင်းထျန်းရီသည် သူတို့ရှေ့တွင် ဖြည်းညင်းစွာ ပေါ်ထွက်လာပြီး ဦးညွှတ် နှုတ်ဆက်လိုက်သည်။
“တာအိုရောင်းရင်း သုံးဦးကို တွေ့ဆုံရတာ ဝမ်းသာပါတယ်… ကျွန်တော်က လင်းထျန်းရီ ပါ… ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ သခင်မြတ်အသစ်ပါ”
လင်းထျန်းရီ၏ စကားကို ကြားသောအခါ လီထိုက်ပိုင်နှင့် အခြားသူများသည် ခဏတာ ကြောင်အမ်းသွားကြသည်။ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သခင်မြတ်သည် ဤမျှ တိုတောင်းသော အချိန်အတွင်း လူပြောင်းသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
လူပြောင်းသွားသည်မှာ တစ်ကဏ္ဍ ဖြစ်သော်လည်း ၊ သို့သော် အဘယ့်ကြောင့် ဧကရာဇ်တပိုင်း ကနဦးအဆင့် ဖြစ်နေရသနည်း။
“ခင်ဗျားက ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ သခင်မြတ်အသစ် ဟုတ်လား… ဒါဆို မူရုံဟွမ်ကရော”
လီထိုက်ပိုင်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သံသယအချို့ဖြင့် မေးလိုက်သည်။
လင်းထျန်းရီသည် တည်ငြိမ်သော အပြုံးဖြင့် ပြောလိုက်သည်။
“သခင်မြတ် မူရုံက ကိစ္စတချို့ကြောင့် လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကွယ်လွန်သွားခဲ့ပါပြီ… ဒါကြောင့် ကျွန်တော်က သခင်မြတ် ရာထူးကို လွှဲပြောင်းယူခဲ့တာပါ… တာအိုရောင်းရင်း သုံးဦးတို့ ထပ်ပြီး မေးစရာ ရှိပါသေးလား”
လင်းထျန်းရီသည် အတွင်းစိတ်ထဲတွင် အလွန် စိုးရိမ်နေသော်လည်း ၊ အပြင်ပန်းတွင် သက်သောင့်သက်သာ ရှိဟန်ဆောင်နေသည်။
သူသည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို ကိုယ်စားပြုပြီး ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ မျက်နှာကို အပျက်ခံ၍ မရပေ။
အရိပ်ထဲတွင် ရှိနေသော အကာအကွယ်ပေးသူ အကြီးအကဲ အများအပြားသည်လည်း ဤအရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ တစ်စုံတစ်ရာ မှားယွင်းပါက သူတို့သည် လင်းထျန်းရီကို ကူညီရန် ချက်ချင်း ထွက်လာကြမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသေည် သူတို့သည် လင်းထျန်းရီကို ထိခိုက်နာကျင်ရမည့် အဖြစ်မျိုး လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။
လီထိုက်ပိုင်နှင့် အခြားနှစ်ဦးတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ၊ မူရုံဟွမ် ကွယ်လွန်သွားခြင်းအပေါ် တုန်လှုပ်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ ၊ မူရုံဟွမ်သည် ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်တွင် ရှိပြီး ဗုဒ္ဓအမျက်ဒေါသကြာပန်း၏ အကူအညီဖြင့် ကနဦးအဆင့် ဧကရာဇ်တစ်ပါးကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။ မည်သူက သူ့ကို သေဆုံးအောင် လုပ်နိုင်မည်နည်း။
လင်းထျန်းရီသည် မူရုံဟွမ်မှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားသည်ဟု ပြောခဲ့သော်လည်း ၊ မျက်စိရှိသူတိုင်း မြင်နိုင်သည်။ မူရုံဟွမ်သည် တစ်စုံတစ်ယောက်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် မမျှော်လင့်ဘဲ သေဆုံးသွားခြင်း ဖြစ်နိုင်သည်။
မူရုံဟွမ်သည် အသက် ၃၀၀,၀၀၀ အောက်သာ ရှိသေးပြီး ဧကရာဇ်တပိုင်း အဆင့် ကျွမ်းကျင်သူ တစ်ဦးတွင် သက်တမ်း နှစ်ပေါင်း ၆၀၀,၀၀၀ ရှိသည်။
ထိုအကြောင်းကို တွေးမိသည်နှင့် လီထိုက်ပိုင်နှင့် အခြားနှစ်ဦးသည် စိတ်နှလုံးများ လေးလံသွားကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က မူရုံဟွမ်ကို အမှန်တကယ်ပင် သတ်ဖြတ်ခဲ့သည် ဆိုပါက ၊ ထိုသူသည် သူတို့ကိုလည်း သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်လော။
အခန်း (၇၄) - ရွှေခေတ်လား
ကွယ်လွန်သွားသော မူရုံဟွမ်အတွက် အနည်းငယ် ဝမ်းနည်းမိသော်လည်း သို့သော် ခဏတာမျှသာ ဖြစ်သည်။
မူရုံဟွမ်သည် သူတို့နှင့် ခေတ်ပြိုင် စွမ်းအားရှင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သဖြင့် သူ၏ကျဆုံးခြင်းသည် အနည်းငယ် နာကျင်စရာကောင်းပေသည်။
“ကောင်းပြီ… လင်းထျန်းရီ ဟုတ်လား… ဒါဆို ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ တစ်ခုလုံးကို ကိုယ်စားပြုမယ့်သူက ခင်ဗျားလား ဒါမှမဟုတ် တခြား ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့် ကျွမ်းကျင်သူကို စေလွှတ်မှာလား”
မကြာမီ လီထိုက်ပိုင်က ဦးစွာ စကားပြောလိုက်သည်။
လင်းထျန်းရီ က တည်ငြိမ်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော် ပြောခဲ့သလိုပါပဲ… ကျွန်တော်က ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ သခင်မြတ်ပါ… ဒါကြောင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အားလုံးကို ကျွန်တော်ကပဲ ဆုံးဖြတ်မှာပါ “
လင်းထျန်းရီသည် ဧကရာဇ်တပိုင်း ကနဦးအဆင့်သာ ရှိသေးသည်။ တစ်ဖက်က ကြည့်ပြန်ရင်လည်း ၊ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေသည် မူရုံဟွမ် ကျဆုံးပြီးနောက် ဧကရာဇ်တပိုင်း ကနဦးအဆင့်သာ ရှိသေးသော အကြီးအကဲတစ်ဦးကို သခင်မြတ်အဖြစ် ခန့်အပ်ရလောက်အောင် ဆင်းရဲမွဲတေနေလိမ့်မည်ဟု လီထိုက်ပိုင်နှင့် အခြားသူများ မယုံကြည်ကြပေ။
ထို့ကြောင့် မူရုံဟွမ်၏ သေဆုံးမှုသည် လင်းထျန်းရီနှင့် နီးကပ်စွာ ဆက်နွှယ်နေခြင်း သို့မဟုတ် လင်းထျန်းရီက မူရုံဟွမ်ကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် လင်းထျန်းရီနှင့် ဆက်ဆံရာတွင် သတိထားရန် လိုအပ်ပေသည်။
“ကောင်းပြီ… ဒီလိုဆိုရင်လည်း အထဲဝင်ပြီး ပြောကြတာပေါ့”
လေဝမ်ယွင်က ဖြည်းညင်းစွာ ပြောလိုက်သည်။
ထို့နောက် သူတို့သုံးဦးသည် လင်းထျန်းရီ၏ လမ်းပြမှုဖြင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ အတွင်းသို့ ဝင်ရောက်သွားကြသည်။ လီထိုက်ပိုင်နှင့် အခြားသူများသည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ အတွင်းသို့ သတ္တိရှိစွာဖြင့် ဝင်ရောက်နိုင်ခြင်းမှာ သူတို့တွင် သက်ဆိုင်ရာ မြင့်မြတ်နယ်မြေများ၏ ဧကရာဇ်လက်နက်များ ပါရှိသောကြောင့် ဖြစ်သည်။
လက်ထဲတွင် ဧကရာဇ်လက်နက် သုံးခု ရှိနေသဖြင့် ၊ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေသည် သူတို့ကို မိုက်ရူးရဲဆန်စွာ တိုက်ခိုက်ရဲလိမ့်မည် မထင်။
ဆွေးနွေးမှု အချို့ ပြုလုပ်ပြီးနောက် မဟာမြင့်မြတ်နယ်မြေကြီး လေးခုသည် သူတို့၏ သက်ဆိုင်ရာ မြင့်မြတ်နယ်မြေများမှ ပေးအပ်မည့် ဆုလာဘ်များကို လျင်မြန်စွာ ဆုံးဖြတ်လိုက်ကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ရွှမ်ထျန်းကမ္ဘာရှိ ပါရမီရှင် အားလုံး ပါဝင်ယှဉ်ပြိုင်ရန် ဖြစ်ပြီး ၊ ၎င်းတို့၏ စိတ်ဝင်စားမှုကို နှိုးဆွပေးရမည် ဖြစ်သည်။
သူတော်စင်လေးပါး ပြိုင်ပွဲတွင် ပါဝင်ရန် နည်းလမ်း နှစ်ခုသာ ရှိသည်။ သင့်နောက်ကွယ်တွင် ဧကရာဇ်တပိုင်း အဆင့် ကျွမ်းကျင်သူ ပါဝင်သော အင်အားစုတစ်ခု ရှိရမည် သို့မဟုတ် သင်သည် အသက် တစ်ထောင် မပြည့်မီ သူတော်စင် အဆင့်သို့ ရောက်ရှိထားသော ပါရမီရှင် ဖြစ်ရမည်။
ဤအချက်နှစ်ချက်အနက် တစ်ခုနှင့် ကိုက်ညီရုံဖြင့် ပါဝင်ခွင့်ရရှိမည် ဖြစ်သည်။
ထိပ်ဆုံး ၁၀၀ စာရင်းဝင်သူ အားလုံးသည် ဖရိုဖရဲ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သည်။ ဖရိုဖရဲ လျှို့ဝှက်နယ်မြေကို ထည့်သွင်းပြောကြားလိုက်သောအခါ ရှိနေသော လူလေးဦး၏ မျက်နှာထားများသည် အနည်းငယ် လေးနက်သွားကြသည်။ မည်သို့ပင်ဆိုစေကာမူ ၊ ဖရိုဖရဲ လျှို့ဝှက်နယ်မြေသည် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် သက်တမ်းကြာရှည်စွာ တည်ရှိခဲ့သော နေရာဖြစ်သည်။
၎င်းသည် ရွှမ်ထျန်းကမ္ဘာ၏ ပထမဆုံး ဧကရာဇ် ဖြစ်သော ဟွမ့်သွမ်ဧကရာဇ်မင်းက ရွှမ်ထျန်းကမ္ဘာမှ ထွက်ခွာစဉ် ၊ အမွေဆက်ခံမည့်သူကို ရွေးချယ်ရန်အတွက် ဖန်တီးခဲ့သော လျှို့ဝှက်နယ်မြေ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ဖရိုဖရဲ လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ချိန်မှစ၍ မည်သူမျှ ဟွမ့်သွမ်ဧကရာဇ်၏ အမွေအနှစ်ကို မရရှိခဲ့ကြပေ။
“ဒီတစ်ကြိမ် ရွှမ်ထျန်းကမ္ဘာက တစ်ယောက်ယောက် ဟွမ့်သွမ်ဧကရာဇ်ရဲ့ အမွေအနှစ်ကို ရယူနိုင်မလား ဆိုတာတော့ စဉ်းစားစရာပဲ”
လီထိုက်ပိုင် က သက်ပြင်းချလိုက်သည်။ သူ၏ လေသံထဲတွင် လွမ်းဆွေးမှု အရိပ်အယောင်များ ပါဝင်နေပြီး မိမိဘာသာ တီးတိုး ရေရွတ်လိုက်သည်။
သခင်မြတ် ဖြစ်လာနိုင်သူများသည် အသက် တစ်ထောင် မတိုင်မီ သူတော်စင် အဆင့်သို့ ရောက်ရှိနိုင်သော ပါရမီရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် လီထိုက်ပိုင်နှင့် အခြားသူများသည်လည်း ဖရိုဖရဲ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့ကြသော်လည်း ၊ ခြွင်းချက်မရှိ မည်သူမျှ ဟွမ့်သွမ်ဧကရာဇ်၏ အမွေအနှစ်ကို မရရှိခဲ့ကြပေ။
“ဟုတ်တယ်… ဒီရက်ပိုင်း ရွှမ်ထျန်းကမ္ဘာမှာ ပါရမီရှင်တွေ ပိုပိုများလာတယ်… ဒါက ကောင်းတဲ့ကိစ္စလား ဆိုးတဲ့ကိစ္စလား မသိပေမဲ့ တစ်ခုခု ဆိုးရွားတာ ဖြစ်လာတော့မယ်လို့ ခံစားနေရတယ်”
လေဝမ်ယွင်ကလည်း သက်ပြင်းချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူတို့ခေတ်တုန်းက အသက် တစ်ထောင်အောက် သူတော်စင်အဆင့်သို့ ရောက်ရှိနိုင်သူမှာ အလွန် ရှားပါးသော်လည်း၊ မကြာသေးမီ နှစ်များအတွင်း လူအတော်များများသည် အသက် တစ်ထောင် မပြည့်မီ မဟာသူတော်စင် သို့မဟုတ် သူတော်စင်ဘုရင်အဆင့်သို့ ရောက်ရှိလာကြသည်။
ထို့ကြောင့် တစ်စုံတစ်ခု ဖြစ်လာတော့မည်ကို ထက်မြက်သော လေဝမ်ယွင်သည် အာရုံခံမိနေသည်။
ထိုအချိန်တွင် လင်းထျန်းရီက ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဘာဆိုးတဲ့ကိစ္စ ဖြစ်နိုင်မှာလဲ… ပါရမီရှင်တွေ ပိုများလာတာက ငါတို့ ရွှမ်ထျန်းကမ္ဘာအတွက် မကောင်းတဲ့ကိစ္စ ဟုတ်ချင်မှ ဟုတ်မှာပါ… ပါရမီရှင်တွေ ပိုများလာတာက တစ်ယောက်ယောက် ဧကရာဇ် အဆင့်ကို ရောက်ရှိနိုင်ပြီး ဧကရာဇ် လမ်းကြောင်း မပြတ်တောက်သေးကြောင်း ငါတို့ကို သက်သေပြနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်”
လင်းထျန်းရီ၏ စကားကို ကြားသောအခါ လီထိုက်ပိုင်နှင့် အခြားသူများသည် အစပိုင်းတွင် အံ့သြသွားသော်လည်း ပြုံးမိလိုက်ကြသည်။
“ နောင်တော်လင်း ပြောတာ မှန်တယ်… ငါတို့ကပဲ အလွန်အကျွံ တွေးနေမိတာ ဖြစ်နိုင်တယ်”
“ကောင်းပြီ… အခု ပြိုင်ပွဲကို ဆုံးဖြတ်ပြီးပြီ ဆိုတော့ မနက်ဖြန်ကစပြီး ..ငါ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေက ရွှမ်ထျန်းကမ္ဘာကို သတင်းစကား ပေးပို့လိုက်တော့မယ်… သူတော်စင်လေးပါး ပြိုင်ပွဲအကြောင်း ရွှမ်ထျန်းကမ္ဘာက ပါရမီရှင်တွေကို အသိပေးလိုက်ကြတာပေါ့”
လင်းထျန်းရီ၏စကားသံ အဆုံးတွင် လီထိုက်ပိုင်နှင့် အခြားသူများသည် မတ်တတ်ထရပ်လိုက်ပြီး ဖုန်းများကို ထုတ်ကာ သူတော်စင်လေးပါး ပြိုင်ပွဲ သတင်းကို Weibo တွင် တင်လိုက်ကြသည်။ ၎င်းသည် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် ကြီးမားသော ရုတ်ရုတ်သဲသဲ ဖြစ်ရပ်ကို ချက်ချင်း ဖြစ်ပေါ်စေခဲ့သည်။
လူအများအပြားသည် အဓိက အဖွဲ့အစည်းများထဲသို့ ဝင်ရောက်ခဲ့ကြသော်လည်း ၊ သို့သော် ကျေးလက်နေ ကောင်လေး တစ်ယောက်ကဲ့သို့ပင် သူတော်စင်လေးပါး ပြိုင်ပွဲအကြောင်းနှင့် ပတ်သတ်၍ မသိကြသူ တော်တော်များများ ရှိနေဆဲပင်ဖြစ်သည်။
လီထိုက်ပိုင်နှင့် အခြားသူများမှ သတင်းတင်လိုက်ပြီးနောက် ၊ မှတ်ချက်ကဏ္ဍသည် 99+ သို့ လျင်မြန်စွာ ရောက်ရှိသွားပြီး လူတိုင်းက ၎င်းတို့၏ တုန်လှုပ်မှုနှင့် စိတ်လှုပ်ရှားမှုများကို ဖော်ပြနေကြသည်။
မည်သို့ပင်ဆိုစေကာမူ ၊ လေလွင့်ကျင့်ကြံသူ များစွာအတွက် သူတော်စင်လေးပါး ပြိုင်ပွဲတွင် ပါဝင်နိုင်ခြင်းသည် နာမည်ရနိုင်မည့် အခွင့်အရေးကောင်း တစ်ခု ဖြစ်သည်မှာ ထင်ရှားသည်။
“ဘာ… သူတော်စင်လေးပါး ပြိုင်ပွဲ ဆိုတာ ဘာလဲ… ငါ ဘာလို့ ဘာမှ မသိရတာလဲ”
“ မင်း ခေတ်နောက်ကျနေပြီပဲ… သူတော်စင်လေးပါး ပြိုင်ပွဲ ဆိုတာ မဟာမြင့်မြတ်နယ်မြေကြီး လေးခုက ရွှမ်ထျန်းကမ္ဘာရဲ့ တစိတ်တပိုင်းအဖြစ် တည်ထောင်ခဲ့တာလေ… သူတော်စင်လေးပါး ပြိုင်ပွဲရဲ့ ထိပ်ဆုံး ၁၀၀ ထဲ ဝင်ရောက်ခွင့်ရခဲ့ရင် ဒဏ္ဍာရီထဲက ဖရိုဖရဲ လျှို့ဝှက်နယ်မြေထဲကို ဝင်ခွင့်ရလိမ့်မယ်’
“နေပါဦး… ဖရိုဖရဲ လျှို့ဝှက်နယ်မြေ ဆိုတာ ဘာလဲ”
“အမ်… ထားလိုက်ပါတော့… မင်းဟာမင်း Baidu ထဲမှာ ရှာလိုက်တော့… အဲ့မှာ ဘာမဆို ရှာလို့ရတယ်”
အွန်လိုင်း အတင်းအဖျင်းကို ကြိုက်နှစ်သက်သော ကျင့်ကြံသူ အားလုံးသည် ဤသတင်းကို သိရှိသွားကြပြီး စိတ်လှုပ်ရှားလာကြသည်။ မည်သို့ပင်ဆိုစေကာမူ ၊ ၎င်းသည် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို သက်ရောက်မှု ရှိစေနိုင်သော အလွန်ကြီးမားသည့် ပွဲတော်ကြီး ဖြစ်သည်။
“ငါက အသက် ၅၀၀ ရှိတဲ့ သူတော်စင်ပါ… ပြိုင်ပွဲထဲ ပါဝင်လို့ ရနိုင်မလား”
“မင်းက ညံ့သေးတယ်… ငါဆို အသက် ၃၀၀ မှာကတည်းက သူတော်စင် အဆင့်ကို ရောက်ရှိခဲ့တာ… ဒါကြောင့် သူတော်စင်လေးပါး ပြိုင်ပွဲမှာ အဆင့်ကောင်းကောင်း ရနိုင်လောက်တယ်”
“မင်းတို့ကောင်တွေ အကုန်လုံး သိပ်မစွမ်းသေးပါဘူး… ငါဆို အသက် ၁၅၀ မှာကတည်းက သူတော်စင် အထွတ်အထိပ် အဆင့်ကို ရောက်ရှိခဲ့တာ… ဘယ်သူ က ငါ့ကို ယှဉ်နိုင်မလဲ”
သူတော်စင်လေးပါး ပြိုင်ပွဲ၏ ထွက်ပေါ်လာမှုသည် ရွှမ်ထျန်းကမ္ဘာရှိ ပါရမီရှင် အများအပြားကို ပေါ်ထွက်လာစေခဲ့သည်။ သူတို့အားလုံးသည် အသက် တစ်ထောင် အောက်တွင် သူတော်စင် အဆင့်သို့ ရောက်ရှိခဲ့သူများ ဖြစ်ကြရာ လီထိုက်ပိုင်နှင့် အခြားသူများကို ဆွံ့အသွားစေသည်အထိ ဖြစ်ခဲ့သည်။
ပုံမှန် အခြေအနေအောက်တွင် အသက် တစ်ထောင် မတိုင်မီ မြင့်မြတ်နယ်ပယ်သို့ ရောက်ရှိနိုင်သရွေ့ အာဏာရှင် အဆင့်သို့ ရောက်ရှိရန်မှာ ပြဿနာ မဟုတ်ပေ။ ဧကရာဇ်တပိုင်း အဆင့်ကိုပင် အနည်းငယ် ကြိုးစားရုံဖြင့် ရောက်ရှိနိုင်သည်။
ယနေ့ည လက်ရှိ အခြေအနေအရ ၊ လူသောင်းချီက သူတို့သည် အသက် တစ်ထောင် မတိုင်မီ မြင့်မြတ်နယ်မြေသို့ ရောက်ရှိခဲ့သည်ဟု အခိုင်အမာ ပြောဆိုနေကြသည်။ သူတို့ကြားတွင် မုသားများ ရှိနိုင်သော်လည်း အများစုမှာ အမှန်တရားကို ပြောနေကြခြင်း ဖြစ်နိုင်သည်။
“နောက်ထပ် ငါးနှစ်ကြာရင် ကျင်းပမယ့် သူတော်စင်လေးပါး ပြိုင်ပွဲကို ငါ တကယ် မျှော်လင့်မိတယ်”
လီထိုက်ပိုင်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း နက်ရှိုင်းသော နေရာတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် တစ်ခု ရှိနေခဲ့သည်။
အခြားတစ်ဖက်တွင် သူတော်စင်လေးပါး ပြိုင်ပွဲနှင့် ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးပြီးနောက် လင်းရွှေရိုသည် ရေမြင့်မြတ်နယ်မြေသို့ ပြန်ရောက်လာခဲ့သည်။ လင်းရွှေရို ပြန်ရောက်လာသည်နှင့် သူမထံ လျှောက်လာနေသော အကြီးအကဲချုပ်ကို တွေ့လိုက်ရသည်။
လင်းရွှေရို သည် အကြီးအကဲချုပ်ကို တွေ့လိုက်သည့်ခဏတွင် ဆိုးရွားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထင်ထားသည့်အတိုင်း သူတို့ တွေ့ဆုံသည်နှင့် အကြီးအကဲချုပ်သည် အလျင်စလို ပြောလာသည်။
“သခင်မ… နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ… သူတော်စင်မလေးကို သွားတွေ့ပါဦး… သူက သခင်မကို အခု တွေ့ချင်တယ်လို့ ပြောနေတယ်”
“ကောင်းပြီ… ငါ နားလည်ပြီ… အခုပဲ သွားလိုက်မယ်”
လင်းရွှေရို၏ မျက်လုံးများထဲတွင် ကူကယ်ရာမဲ့သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး၊ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ဖြစ်နေသည်။
သို့သော် သူမသည် မိမိ၏သမီးရင်းတစ်ယောက် ဖြစ်နေဆဲပင်။ သူမသည် သက်ပြင်းချကာ ရေမြင့်မြတ်နယ်မြေ၏ တားမြစ်နယ်မြေဆီသို့ ဦးတည်သွားလိုက်သည်။