အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း (၇၅) - လင်းတုံ
လင်းရွှေရိုသည် ရေမြင့်မြတ်နယ်မြေ၏ တားမြစ်နယ်မြေသို့ ရောက်ရှိသောအခါ ၊ တားမြစ်နယ်မြေ အတွင်း၌ လင်းရွှေရို ကိုယ်တိုင် ဖန်တီးထားသော ကမ္ဘာငယ်လေး တစ်ခုကို တွေ့လိုက်ရသည်။ ကမ္ဘာငယ်လေး၏ ဘေးပတ်ပတ်လည်တွင် တစ်စုံတစ်ခုကို ချုပ်နှောင်ထားပုံရသော အစီအရင်များ မရေမတွက်နိုင်အောင် ရှိနေသည်။
ထို့အပြင် အစီအရင်ထဲတွင် ရှိနေသူမှာ လင်းဇီရှင်းပင် ဖြစ်သည်။
ကမ္ဘာငယ်လေးသို့ ရောက်ရှိသောအခါ လင်းရွှေရိုသည် သူမ၏လက်က်ို ဝှေ့ယမ်းလိုက်ရာ ကမ္ဘာငယ်လေးကို ချုပ်နှောင်ထားသော အစီအရင်သည် ပျောက်ကွယ်သွားပြီး ထို့နောက် သူမသည် အထဲသို့ ဝင်ရောက်သွားခဲ့သည်။
ကမ္ဘာငယ်လေး အတွင်း၌ လင်းဇီရှင်းသည် တင်ပြင်ခွေလျက် ထိုင်နေသည်ကို တွေ့လိုက်ရပြီး၊ လင်းဇီရှင်းထံမှ ထွက်ပေါ်နေသော ချီအငွေ့အသက်အရ သူမသည် ဧကရာဇ်တပိုင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားသည်။
လင်းရွှေရို ရောက်လာသည်ကို အာရုံခံမိသကဲ့သို့ လင်းဇီရှင်းသည် သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ လင်းရွှေရိုကို ကြည့်နေသော သူမ၏အကြည့်များထဲတွင် တောင်းပန်မှုများဖြင့် ပြည့်နှက်နေသော်လည်း ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။
“အမေ… သမီး တုံအာကို တွေ့ချင်တယ်”
လင်းဇီရှင်း၏ စကားကို ကြားသောအခါ လင်းရွှေရိုသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“ဒီဆယ်နှစ်တာ ကာလလေးကိုတောင် မင်း မသည်းခံနိုင်ဘူးလား… မင်း သိထားသင့်တာက မင်းအမေက မင်းရဲ့ သူတော်စင်မလေး ရာထူးကို ထိန်းသိမ်းဖို့ ကြိုးစားနေတုန်းက ဒီဆယ်နှစ်တာ ချုပ်နှောင်မှု ဆိုတာ ဘာမှမပြောပလောက်တဲ့ အချိန်ကာလပဲ “
“ဒါပေမဲ့ ဆယ်နှစ် ကုန်သွားပြီလေ… ပြီးတော့ တုံအာလည်း ကြီးပြင်းလာပြီ… ကျွန်မ ကလေးရဲ့ ငယ်ဘဝကို ကျွန်မ မရှိဘဲ ဖြတ်သန်းခိုင်းလို့ မဖြစ်ဘူး”
လင်းဇီရှင်းသည် မိခင်မေတ္တာများဖြင့် တုံ့ဆိုင်းခြင်း မရှိ ပြောလိုက်သည်။
သို့သော် လင်းရွှေရို၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားပြီး လေသံမာမာဖြင့် ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာ… တုံအာ သူက ငါတို့ ရေမြင့်မြတ်နယ်မြေကို ဘုန်းကျက်သရေ တိုးတက်အောင် ဦးဆောင်မယ့်သူပဲ… ပြီးတော့ မင်း သိထားရမှာက တုံအာကို အရမ်း အလိုမလိုက်ဖို့ပဲ… တုံအာ အသက် ရှစ်နှစ်မပြည့်ခင် ခိုင်မာတဲ့ အခြေခံအုတ်မြစ် လိုအပ်တယ်… ဒါမှ ကျင့်ကြံခြင်း စတင်တာနဲ့ အမြင့်ဆုံးကို ပျံသန်းနိုင်မှာ”
လင်းဇီရှင်းသည် မိခင်ဖြစ်သူ၏ ဤကဲ့သို့ခက်ထန်သော အမူအရာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး ၊ အတိတ်က ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိကာ ခါးသက်သက် ပြုံးလိုက်မိသည်။
ဧကရာဇ်တပိုင်း အဆင့်သို့ တက်လှမ်းရန် တံခါးပိတ်ကျင့်ကြံဖို့ ပြင်ဆင်ပြီး မကြာမီမှာပင် လင်းဇီရှင်းသည် နေမကောင်း ဖြစ်လာပြီး စစ်ဆေးကြည့်ရာ ကိုယ်ဝန်ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။
လင်းဇီရှင်းသည် မူလက ထိုကိုယ်ဝန်ကို ဖျက်ချရန် ရည်ရွယ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၊ သူမသည် ရေမြင့်မြတ်နယ်မြေ တစ်ခုလုံးကို ပိုမို တောက်ပသော အနာဂတ်ဆီသို့ ဦးဆောင်သွားရမည် ဖြစ်ရာ အချစ်ရေး ကိစ္စများကို မည်သို့ ဂရုစိုက်နိုင်မည်နည်း။
သို့သော် လင်းဇီရှင်းသည် ကိုယ်ဝန်ဖျက်ချရန် ပြင်ဆင်နေစဉ် တုံ့ဆိုင်းသွားခဲ့သည်။ ကလေးသည် အပြစ်ကင်းစင်ပြီး သူမကြောင့် ကလေးကို အသေခံခိုင်းလို့မဖြစ်ချေ။ ကလေးငယ်ကို ရွေးချယ်ခွင့် ပေးရမည်သာ ။
ထူးဆန်းသော ကံကြမ္မာ၏ အလှည့်အပြောင်း တစ်ခုကြောင့် လင်းဇီရှင်းသည် တံခါးပိတ်ကျင့်ကြံနေစဉ် ကာလအတွင်း ကလေးကို မွေးဖွားခဲ့သည်။
မျက်လုံးများ မှိတ်ထားဆဲ ဖြစ်သော သူမ၏ ရင်ခွင်ထဲမှ ချစ်စရာကောင်းသော ကလေးငယ်ကို ကြည့်ရင်း လင်းဇီရှင်းသည် နေရာတွင်ပင် ကြက်သေသေသွားခဲ့သည်။ ကလေးတစ်ယောက်ကို ပထမဆုံးအကြိမ် ပွေ့ချီဖူးခြင်း ဖြစ်ပြီး ၊ ၎င်းမှာ သူမ၏ ကိုယ်ပိုင် ကလေး ဖြစ်သည်။ မိခင်မေတ္တာဟု ခေါ်သော ခံစားမှုတစ်ခုက သူမ၏ နှလုံးသားထဲတွင် မသိမသာ ပြည့်နှက်လာခဲ့သည်။
ဝူယီဖန် ပေးခဲ့သော နာမည်ကို မသိသောကြောင့် လင်းဇီရှင်းသည် ကလေးကို သူမ၏ မျိုးရိုးနာမည်ကို ယူစေပြီး တုံ ဟု အမည်ပေးခဲ့သည်။ ကလေးသည် တက်ကြွသော လူတစ်ယောက် ဖြစ်လာရန် မျှော်လင့်ချက်ဖြင့် လင်းတုံ ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် သူမ၏ ကံကောင်းမှုမှာ ကြာရှည်မခံခဲ့ပေ။ မကြာမီ လင်းဇီရှင်းသည် ဧကရာဇ်တပိုင်း အဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီး သူမ၏ ကပ်ဘေးဖြတ်ကျော်စဉ် ဤနေရာမှ ဆူညံသံများကို ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပေ။
လင်းရွှေရိုနှင့်အခြားသူများသည် လင်းတုံကို တွေ့မြင်လိုက်ရချိန်တွင် ချက်ချင်း ဒေါသထွက်သွားကြသည်။ လင်းဇီရှင်းသည် ရေမြင့်မြတ်နယ်မြေ၏ သူတော်စင်မ ဖြစ်ပေသည်။ ရေမြင့်မြတ်နယ်မြေ၏ သူတော်စင်မသည် လက်မထပ်ဘဲ ကိုယ်ဝန်ရှိနေကြောင်း သတင်းပေါက်ကြားသွားပါက ၊ ရေမြင့်မြတ်နယ်မြေအတွက် အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် လင်းရွှေရိုနှင့် အခြားသူများသည် ဆွေးနွေးပြီးနောက် လင်းဇီရှင်း၏ ပြစ်ဒဏ်မှာ ထောင်ဒဏ် ဆယ်နှစ် ဖြစ်ပြီး ၊ ထိုကာလအတွင်း သူမ၏ ကလေးကို တွေ့ခွင့်မရှိကြောင်း ဆုံးဖြတ်လိုက်ကြသည်။ ဤသည်မှာ လင်းဇီရှင်းအတွက် ကြီးမားသော နှိပ်စက်မှုတစ်ခု ဖြစ်သည်မှာ သေချာသော်လည်း အခြားနည်းလမ်း မရှိပေ။ ဤသည်မှာ အလွန် ပေါ့ပါးသော ပြစ်ဒဏ်ဟုပင် ဆိုရမည်။
အကယ်၍ အခြား သူတော်စင်မ တစ်ဦးသာ ဖြစ်ခဲ့ပါက ၊ သူမ၏စွမ်းအားများကို အရင်ကတည်းက ဖျက်ဆီးပစ်ခဲ့မည်မှာ သေချာသည်။ မည်သည့်နေရာမဆို ၊ အဖွဲ့အစည်း တစ်ခုအတွက် အရေးအကြီးဆုံးမှာ ၎င်း၏ ဂုဏ်သိက္ခာ ဖြစ်ပြီး မြင့်မြတ်နယ်မြေသည်လည်း ခြွင်းချက် မဟုတ်ပေ။
သို့သော် မကြာမီမှာပင် လင်းတုံ၏ ခန္ဓာကိုယ်သည် ဒဏ္ဍာရီလာ မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာ ဖြစ်ပြီး ၊ ဒဏ္ဍာရီထဲတွင် တာအိုနှင့် အနီးစပ်ဆုံး ခန္ဓာကိုယ် ဖြစ်ကြောင်း သူတို့ တွေ့ရှိခဲ့ကြသည်။ ဆိုလိုသည်မှာ အကယ်၍ လင်းတုံသာ ကျင့်ကြံခြင်း စတင်ပါက ၊ မဟာဧကရာဇ် အဆင့်ကို အသာလေး တတ်လှမ်းနိုင်ပေလိမ့်မည်။
ထို့ကြောင့် ဤအချက်ကို တွေ့ရှိပြီးနောက် ရေမြင့်မြတ်နယ်မြေသည် လင်းတုံကို တိတ်တဆိတ် လေ့ကျင့်သင်ကြားပေးခဲ့ပြီး သူ၏ ကျင့်ကြံခြင်း လုပ်ငန်းစဉ်ကို ပိုမို ချောမွေ့စေရန် မျှော်လင့်ခဲ့ကြသည်။
“ဒါပေမဲ့ ကျွန်မသားကို ရေမြင့်မြတ်နယ်မြေရဲ့ ကိရိယာတစ်ခု မဖြစ်စေချင်ဘူး”
လင်းဇီရှင်း၏ မျက်လုံးများမှာ နီရဲလာသည်။ ဤအခိုက်အတန့်တွင် သူမသည် ရေမြင့်မြတ်နယ်မြေ၏ သူတော်စင်မ တစ်ယောက် မဟုတ်ဘဲ မိခင်တစ်ယောက်အနေဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။
လင်းရွှေရိုသည် ခေါင်းလွှဲလိုက်ပြီး၊ အနည်းငယ် ဝန်လေးနေသော်လည်း ခိုင်မာစွာ ပြောလိုက်သည်။
“နည်းနည်းလောက် ထပ်သည်းခံလိုက်ပါ… ငါးနှစ်ပဲ လိုတော့တယ်… ငါးနှစ်နေရင် မင်း ထွက်လာရလိမ့်မယ်… ပြီးတော့ မင်းက သူတော်စင်လေးပါး ပြိုင်ပွဲမှာ ငါတို့ ရေမြင့်မြတ်နယ်မြေကို ကိုယ်စားပြုရလိမ့်မယ်”
ထိုသို့ ပြောပြီးနောက် လင်းရွှေရိုသည် လင်းဇီရှင်း၏ တုံ့ပြန်မှုကို လျစ်လျူရှုကာ ကမ္ဘာငယ်လေးမှ ထွက်ခွာသွားလေသည်။
ရေမြင့်မြတ်နယ်မြေသည် သူမ၏ ပုဂ္ဂလိက ပိုင်နက် တစ်ခု မဟုတ်ပေ။ သူမသည် အခြား အကြီးအကဲများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး သူတို့ကိုလည်း မျက်နှာသာ ပေးရမည်။ ထို့ကြောင့် ထောင်ဒဏ် ဆယ်နှစ်သည် အပေါ့ပါးဆုံး ပြစ်ဒဏ်ဟု သတ်မှတ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ၊ လင်းဇီရှင်းသည် ဧကရာဇ်တပိုင်း အဆင့်သို့ ရောက်ရှိကာစ ဖြစ်ပြီး ဤဆယ်နှစ်တာ ကာလတွင် သူမကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် ရင့်ကျက်လာစေမည် ဖြစ်သည်။
လင်းဇီရှင်းသည် သူမမိခင် ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်းတုံအပေါ် အပြစ်ရှိစိတ်များ ခံစားနေမိသည်။
“သားလေး… အမေ တောင်းပန်ပါတယ်… သားရဲ့ အနားမှာ မနေပေးနိုင်တာ အမေ့အမှားပါ… စောင့်နေပါ… အမေ မကြာခင် သားကို လာရှာပြီး အတူတူ နေပေးမယ်”
သို့သော် မကြာမီ လင်းဇီရှင်းသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး လွမ်းဆွေးမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ရှင် ဘယ်လိုနေလဲတော့ မသိဘူး… ဒါပေမဲ့ ကျွန်မတို့မှာ ကလေးတစ်ယောက် ရှိတယ်ဆိုတာ ရှင် သိမှာ မဟုတ်လောက်ဘူး…တကယ်လို့ ရှင် သိရင် ကျွန်မတို့ဆီ လာခဲ့မယ်လို့ မျှော်လင့်တယ်”
“ထားလိုက်ပါတော့… မလာတာ ပိုကောင်းပါတယ်… အမေက အရမ်း အစွမ်းထက်လွန်းတယ်… ရှင်က သူ့ပြိုင်ဘက် မဟုတ်ဘူး… ရှင် ရှင့်ဘဝ ရှင် နေသင့်တယ်”
တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ လင်းဇီရှင်းသည် မျှော်လင့်ချက်မဲ့မှုကို ခံစားလိုက်ရသည်။ မိခင်ဖြစ်သူသည် သူမကို မည်မျှ ချစ်ကြောင်း သိနေသဖြင့် အကယ်၍ ဝူယီဖန်သာ သူမ၏ ရှေ့မှောက်သို့ အမှန်တကယ် ရောက်ချလာပါက ၊ သူမသည် ဝူယီဖန်ကို သေချာပေါက် သတ်ပစ်နိုင်သည်။
ဝူယီဖန်၏ နောက်ကွယ်တွင် ရေမြင့်မြတ်နယ်မြေကို ယှဉ်ပြိုင်နိုင်သော အင်အားစုတစ်ခု ရှိနေခဲ့မည်ဆိုပါက ၊ အကြောင်းအရာသည် ကွဲပြားသွားနိုင်သည်။ သို့သော် လင်းဇီရှင်းသည် ထိုအတွေးကို အစကတည်းက ပယ်ဖျက်လိုက်သည်။ အကယ်၍ ဝူယီဖန်၏နောက်ခံတွင် ရေမြင့်မြတ်နယ်မြေကို ယှဉ်ပြိုင်နိုင်သော အင်အားစုတစ်ခု အမှန်တကယ် ရှိနေခဲ့မည်ဆိုပါက ၊ သူမ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရမည် မဟုတ်ပေ။
အခြားတစ်ဖက်တွင် ကမ္ဘာငယ်လေးမှ ထွက်ခွာလာပြီးနောက် လင်းရွှေရိုသည် တစ်စုံတစ်ခုကို တွေးမိကာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူမသည် မြင့်မြတ်နယ်မြေ အတွင်းရှိ နေရာတစ်ခုသို့ ဦးတည်သွားပြီး မကြာမီ တောင်ကြီးတစ်လုံးဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာသို့ ရောက်ရှိလာသောအခါ လင်းရွှေရိုသည် သူ့အလိုလို ပြုံးနေမိသည်။ မကြာမီ သူမသည် အိမ်ကြီးတစ်လုံးသို့ ရောက်ရှိလာပြီး ထိုနေရာတွင် သူတော်စင်ဘုရင်အဆင့်ရှိ အစောင့်နှစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် လင်းရွှေရိုကို မြင်သည်နှင့် ချက်ချင်း လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
“ဂါရဝပြုပါတယ် သခင်မ “
“အင်း… သခင်လေးသူတော်စင် အခု ဘယ်လိုနေလဲ”
လင်းရွှေရိုသည် တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
လင်းတုံတွင် မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာ ပိုင်ဆိုင်ကြောင်း သိရှိပြီးနောက် ၊ လင်းရွှေရိုသည် ကန့်ကွက်မှု အားလုံးကို ပယ်ချကာ လင်းတုံအား ရေမြင့်မြတ်နယ်မြေ၏ သူတော်စင်အဖြစ် ခန့်အပ်ခဲ့သည်။
“သခင်မ… သူတော်စင်လေးက ဒီနေ့လည်း အရမ်း ငြိမ်ပါတယ်… တစ်ယောက်တည်း ဆော့ကစားနေပါတယ်”
သူတော်စင်ဘုရင်အဆင့်ရှိ လက်အောင်ငယ်သားတစ်ဦးက ချက်ချင်း အစီရင်ခံလိုက်သည်။
လင်းရွှေရိုသည် ခေါင်းညိတ်လိုက်ပြီး အထဲသို့ ဝင်ရောက်သွားလေသည်။
အခန်း ၇၆ - အစ်ကိုတို့ အစ်မတို့ရေ… သားအဖေ ဘယ်မှာလဲဆိုတာ သိကြလား
လင်းရွှေရိုသည် ခြံဝင်းထဲသို့ ဝင်လာသည်နှင့် ၊ သူမသည် တရကြမ်း ပြေးလွှားနေသော ကလေးငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ကလေးငယ်၏နောက်တွင် လူကြီးနှစ်ယောက်က ထပ်ကြပ်မကွာ လိုက်ပါရင်း သတိပေးနေကြသည်။
“ သူတော်စင်သားတော်… သတိထားပါဦး”
ထိုမြင်ကွင်းကို ကြည့်ရင်း လင်းရွှေရိုမှာ သက်ပြင်းချလိုက်မိသည်။
“တုံအာ…”
လင်းရွှေရို၏ အသံကို ကြားလိုက်ရသည်နှင့် လင်းတုံ၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ပျောက်ကွယ်သွားပြီး မျက်နှာငယ်လေး ဖြစ်သွားရှာသည်။ သူသည် လင်းရွှေရိုကို ကြောက်ရွံ့အားငယ်စွာ ကြည့်လိုက်၏။
“ဘွားဘွား…”
လင်းရွှေရိုသည် လင်းတုံ၏ အနားသို့ လျှောက်သွားပြီး ဒူးထောက်ထိုင်ချလိုက်သည်။ ထို့နောက် လင်းတုံ၏ ပခုံးလေးကို ကိုင်၍ နူးညံ့စွာ ပြောလိုက်၏။
“တုံအာ… မင်းလည်း အသက်အရွယ် ရလာပြီလေ… ဘာလုပ်သင့်တယ်… ဘာမလုပ်သင့်ဘူး ဆိုတာ သိဖို့လိုပြီ… ရေမြင့်မြတ်နယ်မြေ တစ်ခုလုံးရဲ့ အနာဂတ်က မင်းရဲ့ပခုံးပေါ်မှာ ရှိနေတာ… ဒါကြောင့် မင်း မှတ်ထားရမယ်… မင်းက သူများတွေထက် ပိုပြီး ကြိုးစားရမယ်… နားလည်လား”
“သား နားလည်ပါပြီ ဘွားဘွား”
လင်းတုံသည် ခေါင်းငုံ့လျက်သားဖြင့် ကြောက်ရွံ့တုန်လှုပ်စွာ ပြန်ဖြေလိုက်သည်။
ထိုအဖြစ်အပျက်ကို ကြည့်ရင်း လင်းရွှေရိုမှာ စိတ်မကောင်း ဖြစ်မိသော်လည်း ၊ ထိုသို့ပြုလုပ်ရုံမှတစ်ပါး မတတ်နိုင်ချေ။ သူမသည် ရေမြင့်မြတ်နယ်မြေ၏ သခင်မ တစ်ဦး ဖြစ်သောကြောင့် အရာအားလုံးကို ဂိုဏ်း၏ အနာဂတ်အတွက် တွေးတော ဆုံးဖြတ်ရမည် ဖြစ်သည်။
လင်းတုံကို တွေ့ဆုံပြီးနောက် ၊ လင်းရွှေရိုသည် လင်းတုံကို စောင့်ရှောက်ရန်နှင့် ဆေးရေစိမ်ရန် တာဝန်ပေးထားသော သူတော်စင်ဘုရင်အဆင့် ကျွမ်းကျင်သူ နှစ်ဦးကို ကြည့်၍ ပြောလိုက်၏။
“ မင်းတို့နှစ်ယောက် သူတော်စင်သားတော်ရဲ့ လုံခြုံရေးကို သေချာတာဝန်ယူရမယ်… သူ တစ်ခုခု ဖြစ်သွားရင် မင်းတို့ကို တာဝန်ယူခိုင်းမယ်”
“ဟုတ်ကဲ့ပါ… သခင်မ”
လင်းရွှေရို၏ စကားကို ကြားလိုက်ရသည်နှင့် သူတော်စင်ဘုရင် နှစ်ဦးစလုံးသည် ကမန်းကတန်း ခေါင်းညိတ်လိုက်ကြသည်။ လင်းရွှေရိုတွင် အလုပ်ကိစ္စများစွာ ရှိနေသေးသဖြင့် သူမသည် လင်းတုံနှင့် တွေ့ပြီးသည်နှင့် ပြန်ထွက်သွားလေသည်။
လင်းရွှေရို ထွက်သွားသည်ကို မြင်ပြီးမှသာလျှင် လင်းတုံမှာ သက်ပြင်းချနိုင်တော့၏။ လင်းတုံသည် သူ့ဘေးနားက လူနှစ်ယောက်ကို ကြည့်၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အစ်မလင်းမု… အစ်မချန်ယွီ… သား မောနေပြီ… ပြန်ပြီး နားကြရအောင်”
“ မင်း မောနေပြီဆိုရင်လည်း အရင်ပြန်နားတာပေါ့… ဒါပေမဲ့ နောက်ထပ် သုံးနာရီကြာရင် ဆေးရေစိမ်ရဦးမယ်နော်… အဲ့တာတော့ မင်း ငြင်းလို့ မရဘူး”
လင်းမုသည် လင်းတုံကို ကြည့်၍ ပြတ်ပြတ်သားသား ပြောလိုက်သည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းတုံ၏ မျက်နှာလေးသည် နာကျင်ခံစားသွားရသည့် အမူအရာကဲ့သို့ ဖြစ်သွားခဲ့သော်လည်း သဘောတူလိုက်ရသည်။
သို့သော် တစ်စုံတစ်ခုကို သတိရသွားပုံရကာ လင်းတုံ၏ မျက်လုံးများသည် အရောင်တောက်သွားပြီး ၊ လင်းမုကို ကြည့်ကာ ချွဲနွဲ့သော လေသံဖြင့် ပြောလိုက်သည်။
“အစ်မလင်းမု… ဟိုလေ… အစ်မ ဖုန်းလေး ခဏလောက် ငှားဆော့လို့ ရမလားဟင်”
“အဲ့တာကို ဘာလုပ်ဖို့လဲ”
လင်းမုသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူမတို့အားလုံးသည် သူတော်စင်ဘုရင်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း၊ ဝူမိသားစု ကုန်သည်အသင်း၏ ကြော်ငြာအားကောင်းမှုကြောင့် ဖုန်းတစ်လုံးစီ ဝယ်ထားမိကြသည်။ ထို့နောက်တွင်မူ ဖုန်းသုံးရသည်ကို စွဲလမ်းသွားခဲ့သည်။
လင်းရွှေရိုကလည်း တားမြစ်ထားခြင်း မရှိသဖြင့် သူမတို့အားလုံးသည် ဖုန်းကိုယ်စီ ဆောင်ထားကြသည်။ လင်းတုံမှာ ပျင်းရိနေခိုက် သူမတို့ ဖုန်းသုံးနေသည်ကို မြင်ပြီး အကြံတစ်ခု ရသွားခြင်း ဖြစ်သည်။
“ဒီတိုင်းနေရတာ ပျင်းစရာ ကောင်းလွန်းတယ်… တစ်နေ့ကုန် ဆေးရေစိမ်လိုက် လေ့ကျင့်လိုက်နဲ့ပဲ အချိန်ကုန်နေတာ… စိတ်အပန်းဖြေစရာလေးမှ မရှိရင် သား စိတ်ဓာတ်ကျပြီး သေသွားနိုင်တယ်.. တကယ်လို့များ ကျင့်ကြံခြင်းလမ်းစဉ်ကို ထိခိုက်သွားရင် အစ်မတို့ တာဝန်ယူနိုင်မှာလား”
လင်းတုံ၏ မျက်နှာလေးမှာ သနားစရာကောင်းလှပြီး ၊ မြင်ရသူအဖို့ စိတ်မကောင်း ဖြစ်စေမိသည်။ သို့သော် လင်းမုမှာ ပါးနပ်ပြီး အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်ရာ လင်းတုံ၏ လှည့်ကွက်ကို လွယ်လင့်တကူ ယုံကြည်မည်မဟုတ်။
လင်းမုက ပြတ်ပြတ်သားသား ငြင်းဆန်ရန် ပြင်လိုက်စဉ်မှာပင် ချန်ယွီက ဝင်ပြောလိုက်၏။
“လင်းမုရယ်… ကလေး စိတ်မွန်းကျပ်ပြီး ကျင့်ကြံခြင်းကို ထိခိုက်သွားရင် သခင်မ သိသွားတဲ့အခါ ငါတို့ကို အပြစ်ပေးလိမ့်မယ်နော်… ပြီးတော့ ဒါက ကိစ္စကြီးကြီးမားမားမှ မဟုတ်တာ… လက်ကိုင်ဖုန်းလေးပဲဟာ… သူ့ကို ခဏလောက် ပေးဆော့လိုက်ပါ… ဘာမှမဖြစ်ပါဘူး”
ချန်ယွီ မှ ဝင်ပြောလာသဖြင့် လင်းမုမှာ ခဏမျှ တွေဝေသွားပြီးနောက် သဘောတူလိုက်ရသည်။ ခဏလောက် ပေးဆော့ရုံမျှဖြင့် ပြဿနာကြီးကြီးမားမား ဖြစ်လာမည် မဟုတ်ကြောင်း တွေးလိုက်မိသည်။
“ကောင်းပြီလေ… ခဏလေးပဲ ဆော့ရမယ်နော်… တစ်နာရီပြည့်ရင် ပြန်ပေးရမယ်”
နောက်ဆုံးတွင်မူ လင်းမုသည် အလျှော့ပေးလိုက်ပြီး ဖုန်းကို လော့ခ်ဖွင့်ကာ လင်းတုံ့၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ ဖုန်းရသွားသည်နှင့် လင်းတုံမှာ ပျော်ရွှင်သွားပြီး လင်းမုနှင့် ချန်ယွီတို့ကို ဖက်ကာ အကြိမ်ကြိမ် နမ်းရှုံ့လိုက်လေသည်။
“အစ်မလင်းမုနဲ့ အစ်မချန်ယွီက အကောင်းဆုံးပဲဆိုတာ သားသိတယ်”
“ကဲပါ… ကဲပါ… ဆော့စရာရှိတာ ဆော့… တစ်နာရီနေရင် ပြန်ယူမှာနော်”
လင်းမုနှင့် ချန်ယွီတို့မှာ စကားပြောပြီးနောက် ဆေးရေစိမ်ရန် လိုအပ်သည်များကို ပြင်ဆင်ဖို့ အောက်ထပ်သို့ ဆင်းသွားကြပြီး ၊ လင်းတုံ တစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့သည်။
သူတို့နှစ်ယောက် ထွက်သွားသည်နှင့် လင်းတုံသည် ဖုန်းကို လျင်မြန်စွာ ပွတ်ဆွဲလိုက်ပြီး မကြာမီ တစ်တော့ ကို ရှာတွေ့သွားသည်။ သူသည် ထိုအက်ပ်ကို နှိပ်ဖွင့်လိုက်ပြီး ရေရွတ်လိုက်သည်။
“ငါ မှတ်မိသလောက် ဒီလိုလုပ်ရမယ်ထင်တယ်”
မကြာမီ လင်းတုံသည် သူလုပ်ချင်သည့်အရာကို တွေ့ရှိသွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။
လင်းမုသည် အတိုင်းအတာ တစ်ခုထိ ပရိသတ်အမာခံ ရှိထားသော အွန်လိုင်းဆယ်လီ တစ်ယောက် ဖြစ်သောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် ကြည့်ရှုသူ အများအပြား ဝင်ရောက်လာကြသည်။
သို့သော် သူတို့သည် ချစ်ခင်လေးစားရသော လင်းမုကို မတွေ့ရဘဲ အလွန်ချစ်စရာကောင်းသည့် ကလေးငယ် တစ်ယောက်ကိုသာ တွေ့လိုက်ကြရသည်။
“အမ်… ငါ အခန်းမှားဝင်မိတာလား… ဒါ နတ်ဘုရားမ လင်းမုရဲ့ အကောင့် မဟုတ်ဘူးလား… ဘာလို့ ကလေးလေးတစ်ယောက် ဖြစ်နေရတာလဲ”
“တစ်ခုခုတော့ မှားနေပြီ… ဘယ်လိုလုပ်ပြီး ကလေးလေး ဖြစ်နေတာလဲ… ပြီးတော့ အရမ်းလည်း ချစ်ဖို့ကောင်းတာပဲ… ဖက်နမ်းပစ်ချင်စရာလေး”
“ခဏလေး… ဒီကလေးက နတ်ဘုရားမ လင်းမုရဲ့ အကောင့်ကနေ လွှင့်နေတာဆိုတော့ နတ်ဘုရားမ လင်းမုနဲ့ သိတဲ့လူ ဖြစ်ရမယ်… ကိစ္စပြတ်ပြီဟေ့… ဒါ နတ်ဘုရားမ လင်းမုရဲ့ ကလေးပဲ ဖြစ်မယ်”
“ဘာ… လင်းမုမှာ ကိုယ်ဝန်ရှိသွားပြီလား… ငါ့နှလုံးသားလေး ကွဲကြေသွားပြီ”
ကြည့်ရှုသူ အရေအတွက် တစ်သိန်းကျော်အထိ ရောက်ရှိလာသည်ကို မြင်သောအခါ အချိန်ကိုက်ပြီဟု လင်းတုံ တွေးလိုက်သည်။ သူသည် တမင်တကာ ချစ်စရာကောင်းအောင် ပြုမူလိုက်ပြီး ပြောလိုက်၏။
“မဟုတ်ပါဘူးဗျာ… ခင်ဗျားတို့ ထင်တာ မှားနေပြီ… သားက အစ်မလင်းမုရဲ့ သား မဟုတ်ပါဘူး… သားမှာ ကိုယ်ပိုင်ဖေဖေနဲ့ မေမေ ရှိပါတယ်… သားနာမည်က လင်းတုံပါ”
လင်းမု၏ ကလေး မဟုတ်ကြောင်း သိလိုက်ရသောအခါ ကြည့်ရှုနေကြသည့် အမျိုးသား ကျင့်ကြံသူများမှာ သက်ပြင်းချနိုင်သွားသည်။ လင်းမု၏ အွန်လိုင်းပုံရိပ်မှာ တစ်ကိုယ်တည်းသမား နတ်ဘုရားမ ဖြစ်သည့်အတွက် လင်းတုံသာ သူမ၏ ကလေး အစစ် ဖြစ်နေပါက ၊ ပရိသတ်များမှာ လိမ်ညာလှည့်ဖြားခံရသည်ဟု ထင်မှတ်ကာ ပေါက်ကွဲသွားနိုင်သည်။
လင်းတုံသည် လင်းမု၏ ဖုန်းကို သုံး၍ အဘယ့်ကြောင့် တိုက်ရိုက်ထုတ်လွှင့်နေရသည်ကို လူတိုင်း သံသယဖြစ်နေစဉ် ၊ လင်းတုံက ဆက်ပြောလိုက်သည်။
“ဟိုလေ… တကယ်တော့ သား အခုလို လွှင့်လိုက်တာက ခင်ဗျားတို့ကို အကူအညီ တောင်းချင်လို့ပါ… သားရဲ့ ဖေဖေ ပျောက်သွားလို့ပါ… မေမေကလည်း အဖမ်းခံထားရတယ်… သားဖေဖေ ဘယ်မှာလဲဆိုတာ သိချင်လို့ပါ… သားနဲ့ မေမေ့ကို လာကယ်ပေးကြပါလားဟင်”
“သားရဲ့ မေမေက ရေမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မ လင်းဇီရှင်းပါ”
လင်းတုံသည် ထိုသတင်းကို ထုတ်ပြောလိုက်သည်နှင့် အွန်လိုင်းတွင် ဂယက်ထသွားလေတော့သည်။