← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း ၇၇ - ဝူဟောက် သတင်းရရှိခြင်း

“ဘာ… ရေမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မမှာ ကလေးတစ်ယောက် ရှိနေတယ် ဟုတ်လား”

“သောက်ကျိုးနည်း… ရေမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မဆိုတာ လင်းဇီရှင်း မဟုတ်ဘူးလား… သူမရဲ့ အိပ်မက်က ရေမြင့်မြတ်နယ်မြေ တစ်ခုလုံးကို ဦးဆောင်ပြီး ဘုန်းတံခိုးကြီးမားအောင် စွမ်းဆောင်မယ်ဆို… ဘယ်လိုလုပ်ပြီး တိတ်တိတ်ပုန်း ကလေးရသွားတာလဲ”

“ဘယ်သူလဲဆိုတာ ငါ တကယ် သိချင်သွားပြီ… မာနကြီးပြီး ဘဝင်မြင့်တဲ့ လင်းဇီရှင်းကို ကလေးမွေးပေးချင်လောက်အောင် လုပ်နိုင်တဲ့သူက ဘယ်သူလဲကွ”

မိမိသည် လင်းဇီရှင်း၏ သားဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၊ ဖခင်ဖြစ်သူကို ရှာဖွေပေးရန် အသနားခံလိုက်သောအခါ အွန်လိုင်းပေါ်တွင် ပွက်လောရိုက်သွားပြီး လင်းတုံ၏ ဖခင်အရင်းမှာ မည်သူဖြစ်ကြောင်း ထင်ကြေးပေးမှုများ ထွက်ပေါ်လာတော့သည်။

မကြာမီတွင် ရေမြင့်မြတ်နယ်မြေမှ ဂိုဏ်းသားများသည်လည်း သူတို့၏ သူတော်စင်မမှာ အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့ကြောင်း အတည်ပြု ပြောကြားလာသဖြင့် ၊ လင်းဇီရှင်းသည် အမှန်တကယ်ပင် ကလေးမွေးခဲ့ကြောင်း လူတိုင်း ကောက်ချက်ချလိုက်ကြသည်။

လင်းမုနှင့် အခြားသူများ ပြန်လာသည်ကို မြင်သောအခါ လင်းတုံသည် တိုက်ရိုက်ထုတ်လွှင့်မှုကို အလျင်အမြန် ပိတ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုပင် ဟန်ဆောင်နေလိုက်သည်။

“ဘာတွေ ဆော့နေတာလဲ”

လင်းမုသည် အနားသို့ လျှောက်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ လင်းတုံသည် ဂိမ်းကစားနေသည့် ပုံကို ဖြစ်သလို ဖွင့်ပြလိုက်သည်။

“ဂိမ်းဆော့နေတာပါ”

လင်းတုံသည် လေးနှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်သောကြောင့် မည်သည့် မကောင်းသော ရည်ရွယ်ချက်မှ ရှိမည် မဟုတ်ဟု တွေးထင်ကာ လင်းမုသည် သံသယ မဖြစ်ခဲ့ချေ။ လင်းတုံတွင် ရည်ရွယ်ချက်များစွာ ရှိနေသည်ကို သူမ မသိလိုက်ရှာ‌ပေ။

တစ်ဖက်တွင်မူ ၊ လင်းရွှေရိုသည် လင်းတုံ၏ အနားမှ ထွက်ခွာသွားပြီး မကြာမီပင် သတင်းရရှိသွားခဲ့သည်။ လင်းတုံ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို မြင်လိုက်ရပြီးနောက် လင်းရွှေရိုမှာ ဒေါသတကြီး ပေါက်ကွဲကာ လင်းတုံရှိရာသို့ အပြေးပြန်လာခဲ့သည်။

လင်းတုံသည် ဆေးရေစိမ်ရန် ပြင်ဆင်နေချိန် ၊ လင်းရွှေရိုသည် အပြေးအလွှား ရောက်ရှိလာခဲ့သည်။ လင်းရွှေရိုကို မြင်လိုက်ရသည်နှင့် လင်းမုနှင့် ချန်ယွီတို့မှာ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာကြသည်။ ပုံမှန်အားဖြင့် လင်းရွှေရိုသည် ဤနေရာသို့ ရောက်ခဲလှပြီး ၊ နှစ်ပတ်မှ တစ်ခါသာ ရောက်လာတတ်သည်။ ယခုလို ချက်ချင်း ပြန်ရောက်လာသည်မှာ တစ်စုံတစ်ခု မှားယွင်း‌နေပြီမှန်း သေချာသည်။

“သခင်မ… ဘာဖြစ်လို့လဲ”

လင်းမုသည် ရှေ့သို့တိုး၍ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သော်လည်း ၊ လင်းရွှေရို၏ ဖိအားပေးမှုကို ခံလိုက်ရပြီး မြေကြီးပေါ်သို့ ဝပ်ဆင်းသွားရသည်။ ချန်ယွီလည်း ထိုနည်းတူပင် ဖြစ်၏။

ရုတ်တရက် အပြောင်းအလဲကြောင့် လူတိုင်း ကြောင်အမ်းသွားကြသည်။ ထိုစဉ် ၊ လင်းရွှေရိုက ခက်ထန်သော မျက်နှာထားဖြင့် မေးလိုက်၏။

“လင်းတုံကို ဖုန်းပေးဆော့ပြီး တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ခိုင်းတာ ဘယ်သူလဲ”

လင်းရွှေရို၏ စကားကို ကြားသည်နှင့် လင်းမုနှင့် ချန်ယွီတို့မှာ စိတ်ထဲတွင် ဘုရားတမိလိုက်ကြသည်။

“သခင်မ… ကျွန်မပါ”

လင်းမုက ထိုကိစ္စကို ဦးဆောင်၍ တာဝန်ယူလိုက်သည်။ သူမနှင့် လင်းရွှေရိုမှာ လင်းမျိုးနွယ်ချင်း တူသဖြင့် သွေးသားတော်စပ်မှု ရှိသော်လည်း ၊ ချန်ယွီမှာမူ လင်းရွှေရိုနှင့် မည်သည့် သွေးသားတော်စပ်မှုမှ မရှိချေ။

အကယ်၍ ချန်ယွီသာ ဝန်ခံလိုက်ပါက ပြစ်ဒဏ် အနည်းငယ်သာ ခံရမည် မဟုတ်ဘဲ အသက်အန္တရာယ်ပါ စိုးရိမ်ရနိုင်သည်။ သွေးသားတော်စပ်သူတစ်ယောက်အဖြစ် သူမ၏ ဝန်ခံမှုသည် လင်းရွှေရိုအနေဖြင့် သက်ညှာပေးကောင်း ပေးနိုင်လိမ့်မည်။

လင်းမု၏ ဝန်ခံမှုကို ကြားသည်နှင့် လင်းရွှေရိုသည် ပို၍ ဒေါသထွက်သွားပြီး ၊ လင်းမုအပေါ်တွင် သက်ရောက်နေသော ဖိအားသည် ပို၍ ပြင်းထန်လာခဲ့သည်။

“အခု ဘာဖြစ်သွားပြီလဲဆိုတာ နင် သိရဲ့လား… လင်းတုံကို ဖုန်းပေးလိုက်လို့ လင်းတုံက တိုက်ရိုက် ထုတ်လွှင့်လိုက်တာ… အခုဆို အင်တာနက် တစ်ခုလုံးက ရေမြင့်မြတ်နယ်မြေရဲ့ သူတော်စင်မ မှာ တိတ်တိတ်ပုန်း ကလေးရှိနေတဲ့အကြောင်းကို သိကုန်ကြပြီ”

ထိုစကားကို ကြားသောအခါ လင်းမုမှာ ပို၍ ထိတ်လန့်သွားသည်။ လင်းတုံသည် အလွန် ဉာဏ်များပြီး သူမ တိုက်ရိုက်လွှင့်ခဲ့သည့် နည်းလမ်းကို မှတ်သားခဲ့သည်။ ထို့နောက် သူမ၏ဖုန်းကို အသုံးပြုကာ ဤသို့ပြုလုပ်ခဲ့လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။

သို့သော် ဖြစ်ပြီးခဲ့သည့် ကိစ္စကို ပြန်ပြင်၍ မရနိုင်တော့ချေ။ လင်းမုမှာ သက်ပြင်းချ၍ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် ၊ ဆေးရေစိမ်ရန် ပြင်ဆင်နေသော လင်းတုံသည် ခုန်ဆင်းလာပြီး လင်းမု၏ ရှေ့မှ ကာရပ်လိုက်သည်။

“ဘွားဘွား… ဒါ က သားသဘောနဲ့ သား လုပ်တာ… အစ်မလင်းမုတို့နဲ့ ဘာမှမဆိုင်ဘူး… အပြစ်ပေးချင်ရင် သားတစ်ယောက်တည်းကိုပဲ ပေးပါ”

လင်းတုံသည် ခေါင်းမော့ ရင်ကော့ကာ ပြောလိုက်ပြီး ၊ သူ၏ ရဲရင့်သော ပုံစံကြောင့် လင်းရွှေရိုမှာ သက်ပြင်းချလိုက်ရသည်။

သူမ၏ မြေးအရင်း ဖြစ်နေသည့်အပြင် မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်နေသဖြင့် လင်းတုံကို သူမ မည်သို့ အပြစ်ပေးနိုင်မည်နည်း။ ထို့ကြောင့် လင်းရွှေရိုသည် စိတ်လျှော့ပြီး ပြောလိုက်၏။

“လင်းမု… နင်က လင်းတုံကို ပြုစုစောင့်ရှောက်ရာမှာ အမှားလုပ်ခဲ့တယ်… အပြစ်ပေးတဲ့ အနေနဲ့ နင့်ကို လေပြင်းကမ်းပါးမှာ နှစ်တစ်ရာ အကျဉ်းချထားမယ်”

လင်းရွှေရို၏ စကားကို ကြားသောအခါ လင်းမု၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားသော်လည်း ၊ သူမသည် သက်ပြင်းချ၍ လက်ခံလိုက်ရသည်။ နှစ်တစ်ရာ အကျဉ်းချခံရခြင်းက သေဒဏ်ထက်စာလျှင် ပိုကောင်းသည် မဟုတ်လော။

သို့သော် လေပြင်းကမ်းပါး ဆိုသည်မှာလည်း ကောင်းမွန်သော နေရာတစ်ခု မဟုတ်ပေ။ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများက အဆက်မပြတ် တိုက်ခတ်နေပြီး သာမန် သူတော်စင်ဘုရင် အဆင့်ရှိသူများအတွက် ဝင်သွားရန် မကြောက်ရွံ့သော်လည်း၊ သို့သော် သူမ၏ ကျင့်ကြံစွမ်းအားများကို ချိတ်ပိတ်ထားမည် ဖြစ်သည်။ ဆိုလိုသည်မှာ သေမျိုးခန္ဓာကိုယ်ဖြင့် လေပြင်းဒဏ်ကို နှစ်တစ်ရာတိုင်တိုင် ခံစားရမည် ဖြစ်သဖြင့် ဤသည်မှာ ကြီးမားသော နှိပ်စက်မှုကြီး ဖြစ်ပေသည်။

လင်းတုံမှာ ငိုမဲ့မဲ့လေး ဖြစ်သွားပြီး အသနားခံရန် ကြိုးစားသော်လည်း လင်းရွှေရိုသည် လက်မခံတော့ချေ။ ဤသည်မှာ အလွန် ပေါ့ပါးသော ပြစ်ဒဏ်တစ်ခု ဖြစ်ပြီး ၊ ထပ်၍ လျှော့ပေးလိုက်ပါက ရေမြင့်မြတ်နယ်မြေမှ အကြီးအကဲများကို ရှင်းပြရန် မျက်နှာပူစရာ ဖြစ်လာပေ‌တော့မည်။

သူမသည် ချန်ယွီကိုလည်း ထိုနေရာမှ ပြောင်းရွှေ့ပစ်လိုက်သည်။ ဤကိစ္စကြောင့် လင်းတုံနှင့် ပတ်သက်သော အစီအစဉ်များကို ပြန်လည် ဖွဲ့စည်းရန် လိုအပ်လာပြီ ဖြစ်သည်။

“ဘွားဘွားကို အငြိုးမထားပါနဲ့… မင်း ကြီးလာရင် ဘွားဘွား လုပ်ခဲ့သမျှ အရာအားလုံးက မင်းကောင်းဖို့အတွက်ပဲ ဆိုတာ နားလည်လာပါလိမ့်မယ်”

ထိုသို့ ပြောပြီးနောက် လင်းရွှေရိုသည် လှည့်ထွက်သွားပြီး လင်းတုံတစ်ယောက်တည်း ကျန်ရစ်ကာ ငိုကြွေးနေရှာတော့သည်။

ဤသတင်း ထွက်ပေါ်လာပြီးနောက် အွန်လိုင်းတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့သည်။ မဟာမြင့်မြတ်နယ်မြေကြီး လေးခုမှ သူတော်စင်မ တစ်ပါး ဖြစ်သည့်အပြင် လင်းဇီရှင်းကဲ့သို့ ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်နေသဖြင့် ပို၍ ဂယက်ထသွားခြင်း ဖြစ်သည်။

ထိုအချိန်၌ စုချောင်ရန်သည် အဆင့်တက်ခြင်း ပြီးဆုံးသွားပြီး သူတော်စင်ဘုရင် အလယ်အလတ်အဆင့်မှ ထွက်ခွာလာခဲ့သည်။ သူမ ထွက်လာသောအခါ ဝူဟောက်သည် တစ်တော့ကို ကြည့်ရင်း မျက်မှောင်ကြုတ်နေသဖြင့် တစ်စုံတစ်ခု ဖြစ်ပျက်နေ‌ကြောင်း ရိပ်မိလိုက်သည်။

“ဘာဖြစ်လို့လဲ… ယောက်ျား”

စုချောင်ရန်သည် ဝူဟောက်၏ ဘေးသို့ ရောက်လာပြီး မေးလိုက်၏။ ဝူဟောက်သည် ဖုန်းမျက်နှာပြင်ကို စုချောင်ရန်ဘက်သို့ လှည့်ပြလိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် လင်းတုံ၏ ဓာတ်ပုံ ရှိနေ၏။

စုချောင်ရန်သည် လင်းတုံ၏ ဓာတ်ပုံကို မြင်သောအခါ စူးစမ်းလိုစိတ် ဖြစ်သွားသော်လည်း ဝူဟောက်က ချက်ချင်း ပြောလိုက်သည်။

“ဒါ ငါတို့ ဝူမိသားစုရဲ့ သွေးသားပဲ”

“ဘာ …”

စုချောင်ရန်မှာ ‌ဆွံ့အသွားသည်။ ဝူမိသားစုဝင် တစ်ယောက်သည် ယခုလို သားမယားကို စွန့်ပစ်ထားခဲ့သည့် အလုပ်မျိုး လုပ်ရက်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။ အကယ်၍ ထိုတရားခံကို သိရသည်နှင့် ၎င်းအား ဝူမိသားစုထဲမှ မောင်းထုတ်ပစ်မိမည်ဟု တွေးလိုက်သည်။

“ဟေ့ကောင်…ဒါ ဘယ်လိုဖြစ်တာလဲ… သောက်ကျိုးနည်း…”

ထိုအချိန်၌ အရှေ့ပိုင်းဒေသတွင် ဝူယီဖန်သည် သူ့နောက်မှ အသည်းအသန် လိုက်လာသော လရိပ်ဝံပုလွေကို ကြည့်ရင်း မကျေမနပ် ဖြစ်နေသည်။

သူ့နောက်ကို လိုက်လာနေသော လရိပ်ဝံပုလွေသည် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

“သောက်ကျိုးနည်း လူသား… ငါ အနားယူနေတုန်း အလစ်ဝင်တိုက်ရဲတယ်ပေါ့… သေစမ်း…”

“ဟေ့လူ… ခင်ဗျားရဲ့ သွားတစ်ချောင်းပဲ ယူတာလေ… ဒီလောက်ထိ ဒရာမာခင်းနေဖို့ လိုလို့လား”

ဝူယီဖန်မှာ ထိတ်လန့်တကြား ထွက်ပြေးနေရသည်။ သူ့နောက်မှ လိုက်လာသည်မှာ သာမန် လရိပ်ဝံပုလွေ မဟုတ်ဘဲ ဧကရာဇ်တစ်ပိုင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသော လရိပ်ဝံပုလွေ တစ်ကောင် ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

ဝူယီဖန်သည် အနားယူနေသော လရိပ်ဝံပုလွေကို မတော်တဆ တွေ့ရှိခဲ့သည်။ သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကိုးခုမြောက် ချိတ်ပိတ်မှုကို ဖွင့်လှစ်ရန်အတွက် လရိပ်ဝံပုလွေ၏ အစွယ်ကို လိုအပ်နေသည်ဖြစ်ရာ ၊ သူသည် ဝင်ရောက် လှုပ်ရှားခဲ့သည်။

သို့သော် လရိပ်ဝံပုလွေသည် ဤမျှ အငြိုးကြီးပြီး အနောက်ပိုင်းဒေသမှ အရှေ့ပိုင်းဒေသအထိ သူ့နောက်သို့ တောက်လျှောက် လိုက်လာလိမ့်မည်ဟု လုံးဝမှ ထင်မှတ်မထားခဲ့ပေ။

အခန်း ၇၈ - ငါနဲ့ လိုက်ခဲ့… လူလိုတယ်

“ဟူး… နောက်ဆုံးတော့ လရိပ်ဝံပုလွေကို ခါထုတ်နိုင်ခဲ့ပြီ… အဲဒီကောင်သာ မီလာရင် အတော်လေး တိုက်ယူရမှာ”

ခဏကြာပြီးနောက် ဝူယီဖန်သည် လရိပ်ဝံပုလွေ၏ ရန်မှ လွတ်မြောက်လာခဲ့သည်။

ထိုစဉ် သူ၏သို‌လှောင်လက်စွပ်ထဲမှ ဖုန်းသည် ရုတ်တရက် တုန်ခါသွားသည်။ မည်သူမှ စာပေးပို့လာသည်ကို ဝူယီဖန် မသိသော်လည်း၊ သို့သော် ထိုအရာကို ကြည့်ရှုပြီးနောက် ဝူယီဖန်သည် ကျောက်ရုပ်တစ်ရုပ်လို တောင့်ခဲသွားသည်။

ဖုန်းမျက်နှာပြင်ပေါ်တွင် ဝူဟောက် ပို့လိုက်သော ဗီဒီယိုတစ်ခု ရှိနေပြီး ၊ ထိုဗီဒီယိုထဲ၌ လင်းတုံသည် သူ၏မိခင်ဖြစ်သူမှာ လင်းဇီရှင်း ဖြစ်ကြောင်းနှင့် ဖခင်ကို မသိကြောင်း ပြောပြ‌နေသည်။

လင်းတုံကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ဝူယီဖန်၏ ရင်ထဲ၌ ဖော်ပြမရနိုင်သော နွေးထွေးမှုနှင့် ရင်းနှီးမှုတို့ကို ခံစားလိုက်ရပြီး ၊ လင်းတုံသည် သူ့သားအရင်း ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။

“လင်းတုံက ငါ့သား ဟုတ်လား… ငါ ဘယ်လိုလုပ်ပြီး ဒီလို ထူးဆန်းတဲ့ အတွေးမျိုး ဝင်လာရတာလဲ… ငါက လင်းဇီရှင်းနဲ့ ဘာပတ်သက်မှုမှ မရှိဘူးလေ… သူက ငါ့ကလေး မွေးပေးဖို့နေနေသာသာ ငါ့ကို သတ်ချင်နေတာ… ပြီးတော့ ငါလည်း ဘာမှ မခံစားလိုက်ရပါဘူး”

ဝူယီဖန်မှာ သံသယများဖြင့် ပြည့်နှက်နေပြီး ထိုရူးမိုက်သော အတွေးကို ဖိနှိပ်ထားရန် ပြင်လိုက်စဉ်မှာပင် ဝူဟောက်က ဖုန်းခေါ်လာသည်။ အတော်ကြာ တွေဝေနေပြီးနောက် ၊ ဝူယီဖန်သည် ဖုန်းကို ကိုင်လိုက်၏။

ဖုန်းကိုင်လိုက်သည်နှင့် ခက်ထန်သော အမူအရာများဖြင့် ရှိနေသော ဝူဟောက်နှင့် စုချောင်ရန်တို့ကို တွေ့လိုက်ရသဖြင့် ဝူယီဖန်တစ်ယောက် စိတ်ထင့်သွားသည်။ ဘိုးဘေးဝူဟောက်သည် သူ့ကို အကြောင်းမဲ့ ဆက်သွယ်မည် မဟုတ်သလို ကလေးတစ်ယောက်၏ ဗီဒီယိုကိုလည်း ရုတ်တရက်ကြီး ပေးပို့လာမည် မဟုတ်ပေ။

ဒီကလေးက တကယ်ပဲ သူ့ကလေး ဖြစ်နေတာများလား…

နောက်တစ်စက္ကန့်တွင် ဝူဟောက်က စကားပြောလာပြီး ဝူယီဖန်၏ အတွေးကို အတည်ပြုပေးလိုက်သည်။

“မင်း မြင်ပြီးပြီ မဟုတ်လား… အဲဒီကလေးက ငါတို့ ဝူမိသားစုရဲ့ သွေးသားပဲ”

“ဒါပေမဲ့ ဘိုးဘေး… ကျွန်တော် ဘာမှမလုပ်ခဲ့ဖူးဘူး… ဘယ်လိုလုပ်ပြီး ကလေးက ရလာတာလဲ… ပြီးတော့ လင်းဇီရှင်းနဲ့တဲ့လား”

ဝူယီဖန်မှာ မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်သော အမူအရာဖြင့် ပြန်ပြောလိုက်၏။

“သောက်ကျိုးနည်း… ရုတ်တရက်ကြီး ကလေးတစ်ယောက် ထွက်လာတယ်… ငါလည်း ဘာမှ မသိလိုက်ရပါလား… ငါတောင် မသိဘဲ ကလေးအဖေဖြစ်သွားသတဲ့လား “

ဝူဟောက်က ခေါင်းယမ်းလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“ဒါ ငါတို့ ဝူမိသားစုရဲ့ သွေးသားပဲ… မင်း ဘယ်လို လုပ်မလဲ”

မည်သို့ ကလေးရလာသည်ကို သူကိုယ်တိုင်ပင် မသိသော်လည်း ၊ သို့သော် ဤကိစ္စအတွက် ဝာာဝန်ယူရမည် ဖြစ်ကြောင်းနှင့် အနည်းဆုံးတော့ ဘာဖြစ်ခဲ့သည်ကို စုံစမ်းရမည် ဖြစ်ကြောင်း နားလည်လိုက်သည်။

“ဘိုးဘေး… ကျွန်တော် သွားပြီး လင်းတုံကို ပြန်ခေါ်လာခဲ့မယ်”

“ကောင်းပြီ… ဒါဆိုရင် ရဲရဲတင်းတင်းသာ လုပ်… ဘိုးဘေး ကိုယ်တိုင် မင်းကို လိုက်ပို့ပေးမယ်”

ဝူဟောက်သည် တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏လေသံထဲတွင် အာဏာစက်များ လွှမ်းမိုးနေ၏။

ထိုစကားကို ကြားမှသာလျှင် ဝူယီဖန်သည် စိတ်သက်သာရာ ရသွားသည်။ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ကိုးခုမြောက် ချိတ်ပိတ်မှုကို ဖွင့်ရန် နှစ်တစ်သိန်းရင့် မိုးကြိုးပစ် မိုးမခသား လိုအပ်နေသေးသဖြင့် ရေမြင့်မြတ်နယ်မြေကို ရင်ဆိုင်ရန် သူ့အနေဖြင့် ယုံကြည်ချက်မရှိပေ။ နောက်ဆုံး လိုအပ်သော ကောင်းကင်နှင့် မြေကြီး ရတနာကို ရှာတွေ့မှသာ ကိုးခုမြောက် ချိတ်ပိတ်မှုကို ဖယ်ရှားနိုင်မည် ဖြစ်ပြီး ၊ ထိုမှသာလျှင် သူသည် ခန္ဓာကိုယ် စွမ်းအားသက်သက်ဖြင့် ဧကရာဇ်ကို ယှဉ်ပြိုင်နိုင်သော ကြောက်မက်ဖွယ် စွမ်းအားကို ရရှိလာမည် ဖြစ်သည်။

ထိုအချိန်ရောက်လာပါက ၊ ရေမြင့်မြတ်နယ်မြေတစ်ခုလုံး တားဆီးမည်ဆိုလျှင်ပင် တားဆီးနိုင်တော့မည် မဟုတ်ပေ။

“ကျေးဇူးတင်ပါတယ် ဘိုးဘေး… ဒါဆိုရင်တော့ ဘိုးဘေးကို ဒုက္ခပေးရတော့မယ်”

ဝူယီဖန်သည် ချက်ချင်း သဘောတူလိုက်သည်။ အဓိက အကြောင်းအရင်းမှာ ရေမြင့်မြတ်နယ်မြေသည် လက်ရှိအချိန်တွင် အလွန် အင်အားကြီးမားသည်။ သူသည် ရေမြင့်မြတ်နယ်မြေနှင့် ယှဉ်နိုင်မည့် အဆင့်ရောက်ချိန်တွင် အရာအားလုံးသည် နောက်ကျသွားနိုင်သည်။

ဝူဟောက်က ခေါင်းညိတ်ပြီး ဖုန်းချလိုက်၏။

“လင်းဇီရှင်း… အဲဒီတုန်းက တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ… ဘာလို့ ငါတို့ကြားမှာ ကလေးတစ်ယောက် ရလာတာလဲ”

ဝူယီဖန် သည် ခေါင်းငုံ့၍ လေးနက်စွာ တွေးတောနေသည်။ ဘုရားသခင်သည် ဝူယီဖန်ကို အလွန် အစွမ်းထက်သော ပါရမီကို ပေးသနားခဲ့သော်လည်း သူသည် ရိုးအလွန်းကာ ဤမျှ ရိုးရှင်းသော ကိစ္စကိုပင် နားမလည်နိုင် ဖြစ်နေရှာသည်။

ဝူဟောက်သည် ဖုန်းချလိုက်ပြီးနောက် သူ့ကို ကြည့်နေသော စုချောင်ရန်ကို လှည့်ကြည့်လိုက်သည်။ စုချောင်ရန်သည် ဝူယီဖန်ကို တစ်ခုခု လုပ်ချင်နေကြောင်း သူ နားလည်လိုက်သည်။

“ယောက်ျား…ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်”

“ကောင်းပြီ… ဒါဆိုရင်လည်း သွားကြတာပေါ့”

ဝူဟောက် သည် ခေါင်းညိတ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းပင် သူနှင့် စုချောင်ရန်တို့သည် ဝူမိသားစုထဲမှ ပျောက်ကွယ်သွားကြသည်။

ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော ဝူဟောက်၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်ဖြင့် ကောင်းကင်ရော မြေကြီးပါမကျန် သူ မသွားနိုင်သော နေရာဟူ၍ မရှိပေ။ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို ဖျက်ဆီးပစ်ချင်ရင်တောင် ၊ ဝူဟောက်သည် တစ်ချက်တည်းဖြင့် ဖျက်‌ဆီးပစ်နိုင်သည်။

မကြာမီ ဝူဟောက်သည် စုချောင်ရန်ကို ခေါ်၍ ဝူယီဖန် ရှိရာသို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင် ဝူယီဖန်သည် အနောက်ပိုင်းဒေသ၌ ရှိနေပြီး ဝူဟောက်နှင့် စုချောင်ရန်ကို မြင်သည်နှင့် ချက်ချင်း နှုတ်ဆက်လိုက်၏။

“ဘိုးဘေး… ဘိုးအဘွား…”

“ကောင်းပြီ… ဘာဖြစ်ခဲ့လဲဆိုတာ မသိရသေးပေမဲ့ လက်ရှိ အရေးအကြီးဆုံးက လင်းဇီရှင်းနဲ့ လင်းတုံကို ပြန်ခေါ်လာပြီး ဘာဖြစ်ခဲ့လဲဆိုတာ စုံစမ်းဖို့ပဲ… ငါတို့ ဝူမိသားစုရဲ့ သွေးသားကို အပြင်မှာ ဒုက္ခမခံခိုင်းနိုင်ဘူး”

ဝူဟောက်၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး စကားသံများက အေးစက်နေသော်လည်း ငြင်းဆန်၍ မရနိုင်သော ပြတ်သားမှုများ ပါဝင်နေသည်။

ဝူယီဖန်သည် သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။ သူ့သားနှင့် ပတ်သက်နေသော ကိစ္စကို သူ မည်သို့ လျစ်လျူရှုနိုင်မည်နည်း။

မျက်စိတစ်မှိတ် အတွင်းမှာပင် ၊ ဝူဟောက်သည် ဝူယီဖန်အား ရေမြင့်မြတ်နယ်မြေ၏ ရှေ့သို့ ခေါ်ဆောင်သွားခဲ့သည်။ ဤမြင်ကွင်းကြောင့် ဝူယီဖန်မှာ လန့်ဖျပ်သွားသည်။ သူတို့သည် အနောက်ပိုင်းဒေသတွင် ရှိနေပြီး ရေမြင့်မြတ်နယ်မြေသည် မြောက်ပိုင်းဒေသတွင် ရှိသည်။

သို့သော် ဝူဟောက်သည် သူတို့ကို အနောက်ပိုင်းဒေသမှ မြောက်ပိုင်းဒေသသို့ မျက်စိတစ်မှိတ်အတွင်း ပို့ဆောင်ပေးခဲ့သောကြောင့် ဝူယီဖန်ခမျာ ဘာမှ မတုံ့ပြန်နိုင်လိုက်ချေ။ မဟာဧကရာဇ်ပင်လျှင် ထိုသို့ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း သူ ယူဆမိသည်။

ထိုအကြောင်းကို တွေးမိပြီး ဝူယီဖန်သည် ဝူဟောက်ကို တွန့်ဆုတ်စွာ ကြည့်၍ မေးလိုက်သည်။

“ဘိုးဘေး… ဘိုးဘေးက ဘယ်အဆင့်ကို ရောက်နေတာလဲဟင်”

“မမေးနဲ့… အဖြေကတော့ ဧကရာဇ်ထက် နည်းနည်းလေး ပိုသန်မာတယ် ဆိုတာပဲ”

ဝူဟောက်သည် တည်ငြိမ်စွာ ပြောလိုက်၏။ သူ၏ ကိုယ်ပိုင်လက္ခဏာ အစစ်အမှန်ကို မည်သူ့ကိုမျှ ထုတ်ဖော်ပြသမည် မဟုတ်ပေ။ ဤသည်မှာ ဝှက်ဖဲ တစ်ချပ် ချန်ထားခြင်း ဖြစ်ပြီး၊ ရန်သူသည် သူ့ကို တိုက်ခိုက်လာပါက ၊ သူသည် အမိအရဖမ်းဆုပ်နိုင်‌ပေလိမ့်မည်။

ဝူဟောက်၏ စကားကို ကြားသောအခါ ဝူယီဖန်မှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားသော်လည်း ဆက်မမေးတော့ဘဲ နေလိုက်သည်။

သို့သော် ဝူယီဖန်၏ တိုက်ခိုက်လိုစိတ်မှာ ဤအကြောင်းကြောင့် ငြိမ်းသတ်သွားခြင်း မရှိပေ။ သူ၏ရည်မှန်းချက်မှာ ဝူမိသားစု၏ အသန်မာဆုံးသူ ဖြစ်လာရန် ဖြစ်သည်။

ရေမြင့်မြတ်နယ်မြေသို့ ရောက်ရှိသောအခါ ဝူဟောက်သည် ဖုံးကွယ်ထားခြင်း မရှိဘဲ သူ၏စွမ်းအား အနည်းငယ်ကို ထုတ်လွှတ်လိုက်ရာ ရေမြင့်မြတ်နယ်မြေ တစ်ခုလုံး လှုပ်ခါသွားသည်။

“ဘာ… ဒီအရှိန်အဝါက ကြောက်စရာ ကောင်းလိုက်တာ… ငါတို့ ရေမြင့်မြတ်နယ်မြေကို ဘယ်လို တန်ခိုးရှင်မျိုး ဆင်းသက်လာတာလဲ”

“ဟူး… ဧကရာဇ်တစ်ပိုင်း နှောင်းပိုင်းအဆင့် ရောက်နေတဲ့ ငါတောင် အားမရှိတော့သလို ခံစားနေရတယ်… ဧကရာဇ်အဆင့် စွမ်းအားရှင်များလား”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… အခု ရွှမ်ထျန်းကမ္ဘာမှာ မဟာဧကရာဇ်က ဘယ်ကနေ ထွက်လာမှာလဲ… မဟာမြင့်မြတ်နယ်မြေကြီး လေးခုမှာတောင် မဟာဧကရာဇ် မရှိဘူး”

ရေမြင့်မြတ်နယ်မြေမှ အကြီးအကဲများအားလုံး ဝူဟောက်၏ အရှိန်အဝါကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြသလို ၊ လင်းရွှေရိုလည်း ထိုနည်းတူပင် ဖြစ်သည်။ ရွှမ်ထျန်းကမ္ဘာတွင် ဤမျှ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်မျိုး ရှိနေလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။ ထို့ပြင် တစ်ဖက်လူသည် ရေမြင့်မြတ်နယ်မြေကို ပစ်မှတ်ထားနေသည်မှာ ထင်ရှားသဖြင့် ရှောင်လွှဲလို့ရနိုင်မည် မဟုတ်ချေ။

လင်းရွှေရိုသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမရှေ့မှ အကြီးအကဲများကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။

“အကြီးအကဲတို့… ကျုပ်နဲ့ လိုက်ခဲ့ကြ… အဲ့ဒီလူကြီးမင်းကို သွားတွေ့ကြမယ်”

All Chapters