← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း ၈၁ - ဒီအင်မော်တယ်လက်နက်ကို တင်တောင်းလက်ဆောင်အဖြစ် သတ်မှတ်လိုက်

"စီနီယာဝူ... ဇီရှင်းလေးက ဝူမိသားစုထဲကို ဝင်ရောက်ခွင့်ရတာ ဝမ်းသာစရာ ကောင်းပေမဲ့ မင်္ဂလာပွဲကို ဒီထက်ပိုပြီး ခမ်းနားအောင် လုပ်သင့်တယ် မဟုတ်လား”

လင်းရွှေရိုက ဝူဟောက်ကို ကြည့်ကာ မေးလိုက်သည်။

ဝူဟောက်သည် လင်းရွှေရိုကို တစ်ချက် လှမ်းကြည့်လိုက်ရာ လင်းရွှေရိုမှာ ကြောက်ရွံ့မှုကြောင့် ချွေးစေးများပင် ပြန်လာသည်။ လင်းရွှေရို၏ အကြံအစည်ကို ဝူဟောက် ကောင်းကောင်း သိသည်။ သူမသည် ရေမြင့်မြတ်နယ်မြေနှင့် အင်အားကြီးမားလှသော ဝူမိသားစုတို့ မဟာမိတ်ပြုလိုက်ကြောင်း ရွှမ်ထျန်းကမ္ဘာတစ်ခုလုံး သိစေရန်အတွက် မင်္ဂလာပွဲကို ခမ်းနားကြီးကျယ်စွာ ကျင်းပချင်နေခြင်း ဖြစ်သည်။

ဝူဟောက်အနေဖြင့် လင်းရွှေရို၏ လုပ်ရပ်ကို ကန့်ကွက်စရာ မရှိပေ။ သူမသည် ရေမြင့်မြတ်နယ်မြေကို ပိုမို အင်အားကြီးမားလာစေချင်ရုံသာ ဖြစ်ပြီး ၎င်းမှာ ရှက်စရာကိစ္စ မဟုတ်ချေ။

ခေတ္တမျှ စဉ်းစားပြီးနောက် ဝူဟောက်က ဝူယီဖန်ကို ကြည့်လိုက်သည်။

"ဒီကိစ္စအပေါ် မင်းဘယ်လိုမြင်လဲ”

"ဘိုးဘေး... ကျွန်တော် လင်းဇီရှင်းကို တရားဝင် လက်ထပ်ပေါင်းသင်းပြီး အိမ်ခေါ်သွားချင်ပါတယ်”

ဝူယီဖန်သည် လေးနက်သော အမူအရာဖြင့် သူ၏ ဆုံးဖြတ်ချက်ကို ပြောလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ လင်းတုံလေးကို မွေးဖွားပြီးနောက် သူနှင့် လင်းဇီရှင်းတို့ကြားတွင် ဖြတ်တောက်၍မရသော သံယောဇဉ်ကြိုး ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် လင်းဇီရှင်းကို တရားဝင် လက်ထပ်၍ အိမ်သို့ ခေါ်ဆောင်သွားရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ သူတို့နှစ်ဦး အတူတကွ ကုန်ဆုံးခဲ့သည့်အချိန်မှာ နည်းပါးခဲ့သော်လည်း လင်းဇီရှင်းသည် မိန်းမကောင်းလေးတစ်ဦး ဖြစ်သည်ကို သူ မြင်နိုင်သည်။ သွေးဝိညာဉ်ဂိုဏ်းမှ တမန်တော်နှင့် ရင်ဆိုင်ရစဉ်က သူမအနေဖြင့် လှည့်ထွက်သွားနိုင်သော်လည်း သို့သော် သူ့ကို ကူညီပေးခဲ့သည်။

ထို့ကြောင့် ဝူယီဖန်သည် လင်းဇီရှင်းနှင့် အရင်းနှီးဆုံး ဖြစ်လာရန် ကြိုးစားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဝူယီဖန်၏ ခိုင်မာပြတ်သားသော အဖြေကို ကြားလိုက်ရချိန်တွင် လင်းဇီရှင်း၏ နားရွက်ဖျားလေးများသည် ရဲတက်သွားပြီး ရှက်သွေးဖြာနေကြောင်း သိသာစေသည်။

ထိုစကားကို ကြားပြီးနောက် ဝူဟောက်သည် ခေါင်းညိတ်လိုက်ပြီး လင်းရွှေရိုကို ကြည့်ကာ ပြောလိုက်လေသည်။

"ဒါဆိုရင် နောက် ခုနစ်ရက်ကြာတဲ့နေ့ကို ရက်သတ်မှတ်လိုက်ကြတာပေါ့... နောက်ခုနစ်ရက်ကြာရင် ငါ့ဝူမိသားစုက သတို့သမီးကို လာကြိုမယ်... ပြီးတော့ ဒါက ငါ့ဝူမိသားစုရဲ့ တင်တောင်းလက်ဆောင်ပဲ”

ဝူမိသားစုသည် အမျိုးသမီးတစ်ဦးကို လက်ထပ်ယူသည့်အခါ ထိုအမျိုးသမီးတွင် လက်မထပ်မီ ကိုယ်ဝန်ရှိနေသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ တင်တောင်းလက်ဆောင်နှင့် မင်္ဂလာပစ္စည်းများကို အမြဲတမ်း ပေးအပ်လေ့ရှိသည်။

ထိုသို့ ပြောပြီးနောက် ဝူဟောက်သည် လင်းရွှေရိုထံသို့ သိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်သည်။ အတွင်းရှိ ပစ္စည်းကို မြင်လိုက်ရသောအခါ လင်းရွှေရိုမှာ နေရာတွင်ပင် ကြက်သေသေသွားပြီး အသက်ရှူသံများ မြန်ဆန်လာ၏။

သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်ပြီးနောက် ဝူဟောက်အပေါ် ကြည့်သည့် လင်းရွှေရို၏ အကြည့်များမှာ ပြောင်းလဲသွားသည်။ ယခင်က ကြောက်ရွံ့ရိုသေမှုသည် ယခုအခါ ရာနှုန်းပြည့် ကြည်ညိုလေးစားသွားခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"စီနီယာ... မဟုတ်ဘူး... ဝူဘိုးဘေး... ဒီနေ့ကစပြီး ရေမြင့်မြတ်နယ်မြေက ဝူမိသားစုရဲ့ ဦးဆောင်မှုကို ခံယူပါ့မယ်... ဝူမိသားစုမှာ အခက်အခဲ တစ်စုံတစ်ရာ ရှိခဲ့ရင် အမိန့်သာ ပေးလိုက်ပါ... ရေမြင့်မြတ်နယ်မြေက ဘယ်တော့မှ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး”

လင်းရွှေရို၏ စကားကို ကြားလိုက်ရသောအခါ နေရာတွင်ရှိနေသည့် အကြီးအကဲများမှာ ချက်ချင်းပင် ဂနာမငြိမ် ဖြစ်သွားကြသည်။

"သခင်မ... မဖြစ်ဘူး... ရေမြင့်မြတ်နယ်မြေက ရွှမ်ထျန်းကမ္ဘာရဲ့ အရှင်သခင်တွေလေ... ဒီသတင်းသာ ပေါက်ကြားသွားရင် မျက်နှာပျက်စရာ ဖြစ်မနေဘူးလား”

"ဟုတ်ပါတယ် သခင်မ... အမိန့်ကို ပြန်ရုပ်သိမ်းပေးပါ”

အကြီးအကဲ အများစုက လင်းရွှေရိုအား သူမ၏ ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းပန်ကြသော်လည်း ဧကရာဇ်တပိုင်းအထွတ်အထိပ်အဆင့် ရှိကြသည့် အကြီးအကဲအနည်းငယ်ကမူ လင်းရွှေရိုကို လေးနက်သော အမူအရာဖြင့် ကြည့်နေကြသည်။ လင်းရွှေရိုသည် အကြောင်းပြချက် မရှိဘဲ ဤကဲ့သို့ ဆုံးဖြတ်ချက်ချမည် မဟုတ်ကြောင်း သူတို့ သိသည်။

ထို့ကြောင့် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။ သိုလှောင်လက်စွပ်ထဲတွင် အလွန်တန်ဖိုးရှိသော ပစ္စည်းတစ်ခု တစ်နည်းအားဖြင့် သူတို့၏ ရေမြင့်မြတ်နယ်မြေကို မဟာမြင့်မြတ်နယ်မြေကြီး လေးခု၏ ခေါင်းဆောင်နေရာသို့ ပို့ဆောင်ပေးနိုင်မည့် ပစ္စည်းတစ်ခု ပါဝင်နေခြင်း ဖြစ်ပေလိမ့်မည်။

ထိုစကားများကို ကြားသည်နှင့် လင်းရွှေရိုသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အာဏာစက် ပြင်းထန်သော လေသံဖြင့် ဟိန်းဟောက်လိုက်၏။

"ပါးစပ်ပိတ်ထားကြစမ်း... ဘယ်သူက သခင်လဲ... နင်တို့လား ငါလား... ငါ့ဆုံးဖြတ်ချက်ကို သဘောမတူရင် ရေမြင့်မြတ်နယ်မြေကနေ ထွက်သွားလို့ရတယ်... ငါ အပြစ်မယူဘူး”

ထိုစကားကို ကြားလိုက်ရချိန်တွင် ကန့်ကွက်ခဲ့ကြသည့် အကြီးအကဲများမှာ လိမ္မာပါးနပ်စွာဖြင့် ပါးစပ်ပိတ်သွားကြသည်။ သူတို့အနေဖြင့် ရေမြင့်မြတ်နယ်မြေမှ ထွက်ခွာနိုင်သော်လည်း၊ သို့သော် ဤသတင်းသာ ပေါက်ကြားသွားပါက မည်သည့် အင်အားစုက ရေမြင့်မြတ်နယ်မြေကို ပြစ်မှားခံပြီး သူတို့ကို လက်ခံရဲမည်နည်း။

သူမ၏ နောက်မှ အကြီးအကဲများကို ဆူပူကြိမ်းမောင်းပြီးနောက် လင်းရွှေရိုသည် ဝူယီဖန်ကို ကျေနပ်အားရသော အပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဒီလိုဆိုမှတော့ ဒီနေ့ကစပြီး မောင်ရင်က ငါ့ရဲ့ သားမက်ကောင်းပဲ... ဇီရှင်းလေးက မောင်ရင့်ကို စိတ်ဆိုးအောင် လုပ်ခဲ့ရင် ဒီယောက္ခမကိုသာ ပြောလိုက်... သူမကိုအစား ဆုံးမပေးမယ်”

လင်းဇီရှင်း: ???

ဝူယီဖန်သည် ခေါင်းခါလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။

"ယောက္ခမ... ကျွန်တော် ဇီရှင်းကို လက်ခံလိုက်ကတည်းက သူ့အပေါ် ဘာမှ မကျေနပ်စရာ မရှိပါဘူး... စိတ်မပူပါနဲ့"

ဝူယီဖန်သည် အခြေအနေအလိုက် ပြောင်းလဲပြောဆိုရာတွင် အတော်လေး ကျွမ်းကျင်သည်ဟု ဆိုရပေမည်။ ယောက္ခမဟု ချက်ချင်းပင် ပြောင်းလဲခေါ်ဝေါ်လိုက်လေသည်။

ထို့နောက် ဝူဟောက်က ဝင်ပြောလိုက်၏။

"ကောင်းပြီ... ဒါဆိုရင် ငါ ဝူယီဖန်ကို အရင်ခေါ်သွားနှင့်မယ်... နောက်ထပ် ၇ ရက်နေမှ လင်းဇီရှင်းကို လာလက်ထပ်ဖို့ ရေမြင့်မြတ်နယ်မြေကို ပြန်လာခဲ့မယ်”

ဘိုးဘေး၏စကားကို ကြားပြီးနောက် ဝူယီဖန်သည် သူ၏ ရင်ခွင်ထဲမှ လင်းတုံကို ကြည့်၍ တီးတိုး ပြောလိုက်သည်။

"သားလေး... အမေနဲ့အတူ နေခဲ့နော်... ဖေဖေက နောက် ၇ ရက်နေရင် သားတို့ကို အိမ်ပြန်ဖို့ လာခေါ်မယ်”

"ဟင့်အင်း... သား ဖေဖေနဲ့ လိုက်မယ်"

လင်းတုံ၏ စကားကြောင့် ဝူယီဖန်မှာလည်း ခွဲခွာရမည်ကို ဝန်လေးနေမိသည်။ သို့သော် လင်းဇီရှင်း၏ မည်းမှောင်နေသော မျက်နှာထားကို မြင်လိုက်ရသဖြင့် စိတ်ကို တင်းကာ ဆက်ပြောလိုက်ရ၏။

"သားရယ်... အမေကလည်း သားကို လိုအပ်တယ်လေ... ဖေဖေ နောက် ၇ ရက်နေရင် လာခေါ်မယ် အဲ့ရက်ထိ စောင့်နေကြနော်”

ဝူယီဖန်က စိတ်ပါလက်ပါဖြင့် ရှင်းပြမှသာ လင်းတုံသည် ဝူယီဖန်၏ လက်မောင်းများကို လွှတ်ပေးလိုက်ပြီး သနားစရာကောင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဒါဆို ဖေဖေ... သားနဲ့ အမေက ဖေဖေ လာခေါ်မယ့် နောက် ၇ ရက်ကို စောင့်နေမယ်နော်... မမေ့နဲ့နော်”

"အင်း... ဖေဖေ ကတိပေးတယ်”

ဝူယီဖန်သည် လေးနက်စွာ ခေါင်းညိတ် ကတိပေးလိုက်ပြီးနောက် သူ၏ ဘိုးဘေးလင်မယားစုံတွဲနှင့်အတူ ထွက်ခွာသွားလေသည်။

ဝူဟောက်နှင့် အခြားသူများ ထွက်ခွာသွားသည်ကို မြင်ပြီးမှသာလျှင် လင်းရွှေရိုမှာ သက်ပြင်းချနိုင်တော့သည်။ ထိုအချိန်တွင် ရေမြင့်မြတ်နယ်မြေမှ ဧကရာဇ်တပိုင်းအထွတ်အထိပ်အဆင့် အကြီးအကဲလေးဦးက လင်းရွှေရို၏ ဘေးနားသို့ ရောက်လာပြီး လေးနက်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်ကြ၏။

"အဲဒီ သိုလှောင်လက်စွပ်ထဲမှာ ဘာတွေများ ပါလို့... သခင်မကို ခုလိုဆုံးဖြတ်ချက်ကို ချစေခဲ့တာလဲ”

"အင်မော်တယ်လက်နက်... ဧကရာဇ်လက်နက်ထက်တောင် သာလွန်တဲ့ အင်မော်တယ်လက်နက် တစ်ခုပဲ”

လင်းရွှေရိုသည် သူမ၏ တုန်လှုပ်မှုကို ငြိမ်သက်သွားစေရန် အသက်ပြင်းပြင်း ရှူလိုက်ပြီးမှ တစ်လုံးချင်း ပြောလိုက်သည်။

လင်းရွှေရို၏ စကားကို ကြားလိုက်ရသောအခါ ဧကရာဇ်တပိုင်းလေးဦးမှာ ချက်ချင်းပင် ဂနာမငြိမ် ဖြစ်သွားကြပြီး မေးခွန်းများ မေးရန် လင်းရွှေရိုကို ကြည့်လိုက်ကြ၏။

"သခင်မ... အဲဒါ အင်မော်တယ်လက်နက်တဲ့လား... သခင်မ အာရုံခံတာ မှားပြီး တကယ်တမ်းကျတော့ ဧကရာဇ်လက်နက် ဖြစ်နေတာမျိုးရော မဖြစ်နိုင်ဘူးလား”

အကြီးအကဲတစ်ဦးက အနည်းငယ် တုံ့ဆိုင်းစွာဖြင့် လင်းရွှေရိုကို ကြည့်ရင်း မေးလိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် နှုတ်ဆိတ်သွားသည်။

ဟုတ်ပေသည်... အကယ်၍ အင်မော်တယ်လက်နက် မဟုတ်ဘဲ ဧကရာဇ်လက်နက် ဖြစ်ဆိုတောင် ဘာဖြစ်သနည်း။

လက်ရှိ ရွှမ်ထျန်းကမ္ဘာတွင် ဧကရာဇ်လက်နက် လေးခုသာ ရှိသည်ကို သင် သိထားရမည်။ လင်းရွှေရိုနှင့် အခြားသူများက လက်ရှိ အခြေအနေကို မသိကြသေးသောကြောင့်သာ ဤသို့ တွေးနေခြင်း ဖြစ်သည်။ အမှန်အားဖြင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ ဧကရာဇ်လက်နက်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ အကယ်၍ ဝူဟောက်သည် ဧကရာဇ်လက်နက် တစ်ခုကိုပင် တင်တောင်းလက်ဆောင်အဖြစ် ပေးနိုင်သည် ဆိုပါက ၊ ဝူဟောက်တွင် ဧကရာဇ်လက်နက် တစ်ခုမက ရှိနေသည်ဟု ဆိုလိုသည်။ သို့မဟုတ် ထိုထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ခြေတစ်ခုမှာ ဧကရာဇ်လက်နက် ဆိုသည်မှာ ဝူဟောက်အတွက် ဘာမျှ မဟုတ်သော အရာတစ်ခု ဖြစ်နေနိုင်သည်။

လင်းရွှေရိုက လေးနက်သော မျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး... ဒါက ဧကရာဇ်လက်နက်ရဲ့ စွမ်းအားမျိုး လုံးဝ မဟုတ်ဘူး... ဒါက သေချာပေါက် အင်မော်တယ်လက်နက်ပဲ... ရေငြိမ်နတ်ဘုရားပုလဲသာ အဲဒီ အင်မော်တယ်လက်နက်နဲ့ ထိပ်တိုက်တွေ့ရင် ရေငြိမ်နတ်ဘုရားပုလဲက သေချာပေါက် ကွဲကြေပျက်စီးသွားလိမ့်မယ်လို့ ငါ ခံစားမိတယ်”

လင်းရွှေရို၏ လေးနက်သော စကားများကို ကြားသောအခါ အခြားသူများမှာ နှုတ်ဆိတ်သွားကြသည်။

ထို့နောက် လင်းရွှေရိုက ဆက်ပြောလိုက်၏။

"အရင်တုန်းက ငါနဲ့ တခြား သခင်မြတ်ကြီး သုံးပါးတို့ တောင်ပိုင်းဒေသမှာ စီနီယာဝူနဲ့ တွေ့ခဲ့ကြတယ်... ငါတို့ သခင်မြတ်ကြီး လေးပါးပေါင်းပြီး ဧကရာဇ်လက်နက်တွေနဲ့ အစွမ်းကုန် ထုတ်သုံးတာတောင် သူ့ရဲ့ ပြိုင်ဘက် မဖြစ်ခဲ့ဘူး... အဲဒါကြောင့် ငါ ဒဏ်ရာတွေနဲ့ ပြန်လာခဲ့ရတာ”

လင်းရွှေရို၏ စကားကို ကြားသောအခါ အခြားသော မဟာအကြီးအကဲ လေးဦးသည် လွန်ခဲ့သော နှစ်အနည်းငယ်က လင်းရွှေရို ပြန်ရောက်လာစဉ် ဒဏ်ရာဒဏ်ချက်များနှင့် ဖြစ်နေသည်ကို ပြန်လည်အမှတ်ရသွားကြသည်။ ထိုစဉ်က သူတို့သည် အကြောင်းရင်းကို မေးမြန်းခဲ့သော်လည်း လင်းရွှေရိုသည် နှုတ်ဆိတ်နေခဲ့သည်။

"ဒါ့အပြင် ငါတို့ ဧကရာဇ်အဆင့်ကို တက်လှမ်းချင်တယ်ဆိုရင် စီနီယာဝူကို အမှီပြုပြီး ဝူမိသားစုနဲ့ လက်ထပ်လိုက်ခြင်းက ငါတို့ကို ဧကရာဇ်အဆင့် ရောက်စေနိုင်လိမ့်မယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် မဟာအကြီးအကဲ လေးဦး၏ အသက်ရှူသံများမှာ မြန်ဆန်လာခဲ့သည်။ အမှန်အတိုင်းဆိုရလျှင်ဖြင့် သူတို့ထက် ဧကရာဇ်အဆင့်သို့ တက်လှမ်းချင်သူ မည်သူမျှ မရှိပေ။ ယခုအခါ အခွင့်အရေးက မျက်စိရှေ့မှောက်သို့ ရောက်ရှိလာပြီ ဖြစ်ရာ သူတို့ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

အခန်း ၈၂ - မိမိ၏ မိသားစုဝင်များက ကူညီပေးခြင်းကို လိမ်လည်သည်ဟု ခေါ်ဆိုနိုင်သလော

ထိုအချိန်တွင် ဝူဟောက်သည် ဝူယီဖန်ကို ဝူမိသားစုသို့ ပြန်လည် ခေါ်ဆောင်လာခဲ့ပြီး ဝူချန်ကွန်းနှင့် အခြားသူများကို အကျိုးအကြောင်း ရှင်းပြလိုက်သည်။

"ဒါဆို... မင်းက လက်မထပ်ဘဲ ကိုယ်ဝန်ရစေခဲ့ပြီး လေးနှစ်အရွယ် ကလေးတစ်ယောက်တောင် ရှိနေပြီပေါ့လေ”

ဝူချန်ကွန်းသည် ဝူယီဖန်ကို ကြည့်ကာ ပြောရင်းဆိုရင်း ခါးပတ်ကို ဖြုတ်ရန် ပြင်လိုက်သည်။ ထိုအခြေအနေကို မြင်သည်နှင့် ဝူယီဖန်က အလျင်အမြန် ပြန်ပြောလိုက်သည် ။

"အဖေ... ကျွန်တော့်စကားကို နားထောင်ပါဦး... ကျွန်တော် ဒီကိစ္စကို ဘာမှ မသိခဲ့ရဘူး... အဲဒီတုန်းက ဘာမှန်းညာမှန်း မသိဘဲ ဖြစ်သွားခဲ့တာ... ပြီးတော့ သူကလည်း ဘာမှမပြောဘဲ ထွက်သွားခဲ့တာလေ”

"ညီလေး... ဘေးကနေ ဒီအတိုင်း ရပ်ကြည့်မနေနဲ့လေ”

သူ၏ ညီသုံးယောက်သည် ဘေးမှနေ၍ ပွဲကြည့်နေကြသည်ကို မြင်သောကြောင့် ဝူယီဖန်က အလျင်အမြန် ပြောလိုက်သည်။

(မှတ်ချက်။ ။ ဝူယီဖန် မွေးဖွားပြီးနောက် ဝူချန်ကွန်းနှင့် သူ့ဇနီးတို့သည် ထိုမျှနှင့် ရပ်မတန့်ခဲ့ပေ။ သူတို့တွင် ဝူယီကျန့်၊ ဝူယီလိနှင့် ဝူယီထျန်း ဟူသော နောက်ထပ် သားသုံးယောက် ထွန်းကားခဲ့ပြီး အားလုံးမှာ အဆင့်မြင့် ဝိညာဉ်အမြစ်များ ရှိကြသည်။ သို့သော် ထူးခြားသော ခန္ဓာကိုယ်များ မရှိကြပေ။)

"ညီလေး... ငါတို့မှာ ရွေးချယ်စရာ မရှိဘူး... အဖေ့ကို ငါတို့ မနိုင်ဘူးလေ... မင်းဘာသာမင်းပဲ ဂရုစိုက်ပေတော့”

ဝူယီကျန့်က ဝူယီဖန်ကို ကြည့်၍ သက်ပြင်းချကာ ပြောလိုက်သည်။ ဝူချန်ကွန်းသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဝူယီဖန်လောက် ပါရမီမပါကြသော ညီသုံးယောက်အဖို့ ဒေါသထွက်နေသည့် ဝူချန်ကွန်းကို ရှေ့ထွက်၍ မတားဆီးရဲသည်မှာ သဘာဝကျပေသည်။

ဝူယီဖန်၏ ကျင့်ကြံမှုအဆင့်သည် ဝူမိသားစုအတွင်း ဝူဟောက်မှလွဲ၍ မည်သူမျှ ယှဉ်ပြိုင်နိုင်ခြင်း မရှိသော်လည်း ၊ သို့ဆိုတောင် ဝူယီဖန်အနေဖြင့် မိမိ၏ ဖခင်အရင်းကို မည်သို့ လက်တုံ့ပြန်ရဲမည်နည်း။ ထို့ကြောင့် ရှောင်တိမ်းရန်သာ ကြိုးစားနိုင်ရှာသည်။

သို့သော် ထိုအချိန်တွင် ဝူဟောက်က ဝင်ပြောလိုက်၏။

"ကဲ... တော်ကြတော့... ဘယ်လို အပြုအမူတွေ လုပ်နေကြတာလဲ... ဒီလောက်ထိ ဖြစ်နေကြတာ”

"ဘိုးဘိုး ဝင်ပြောလိုက်လို့ပေါ့... မဟုတ်ရင် မင်းကို ကောင်းကောင်းကြီး ကျွေးပြီးပြီ”

ဝူချန်ကွန်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး ခါးပတ်ကို ပြန်တပ်လိုက်မှသာ ဝူယီဖန်ခမျာ သက်ပြင်းချနိုင်တော့သည်။

သူသည် အလွန် စွမ်းအားကြီးမားသော်လည်း ကိုယ့်ဖခင်အရင်းကို မည်သို့ လက်ပါနိုင်မည်နည်း။

"ဘိုးဘိုး... ဒီကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ”

ဝူချန်ကွန်းက ဝူဟောက်ကို ကြည့်ကာ မေးလိုက်သည်။

ထို့နောက် ဝူဟောက်က သူ၏ အစီအစဉ်ကို ရှင်းပြလိုက်သည်။

"ဝူမိသားစု ကုန်သည်အသင်းက ရွှမ်ထျန်းကမ္ဘာတစ်ခုလုံးမှာ နံပါတ်တစ် ကုန်သည်အဖွဲ့အစည်းလို့ နာမည်ကြီးနေပေမဲ့ တကယ်တမ်းကျတော့ နောက်ကွယ်က အာဏာပိုင်ဖြစ်တဲ့ ငါတို့ ဝူမိသားစုအကြောင်း လူသိပ်မသိကြဘူး... ဒါကြောင့် ယီဖန်ကို လင်းဇီရှင်းဆီ ခမ်းခမ်းနားနားနဲ့ သွားကြိုခိုင်းဖို့ ငါ စီစဉ်ထားတယ်... ဒါဆိုရင် ရွှမ်ထျန်းကမ္ဘာက လူထုကြားမှာ ငါတို့ ဝူမိသားစု ပေါ်ထွက်လာနိုင်လိမ့်မယ်”

ဝူဟောက်သည် သိုသိုသိပ်သိပ် နေရသည်ကို ကြိုက်သူ မဟုတ်ပေ။ သူ့အင်အား နည်းနေစဉ်က သိုသိုသိပ်သိပ် နေခဲ့သည်ကို နားလည်ပေးနိုင်သော်လည်း ယခုအခါ လျှိုထျန်းရွှေအင်မော်တယ်အဆင့်သို့ တက်လှမ်းရန် နီးစပ်နေပြီ ဖြစ်ရာ ဆက်လက်၍ သိုဝှက်နေစရာ အကြောင်းမရှိချေ။

ဝူဟောက်၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ ဝူချန်ကွန်းနှင့် အခြားသူများက ခေါင်းညိတ်သဘောတူလိုက်သည်။ အမှန်အားဖြင့် အခြားသူများ၏ သားသမီးများမှာလည်း အိမ်ထောင်ကျကုန်ကြပြီ ဖြစ်သောကြောင့် ဝူချန်ကွန်းနှင့် အခြားသူများမှာ ဝူယီဖန်၏ မင်္ဂလာရေးကို စိတ်ပူနေခဲ့ကြသည်။ ယခုအခါ ဝူယီဖန်၏ သတို့သမီးလောင်းမှာ မြင့်မြတ်နယ်မြေတစ်ခု၏ သူတော်စင်မ တစ်ဦး ဖြစ်သည်ကို သိလိုက်ရချိန်တွင် သူတို့အနေဖြင့် သဘာဝကျစွာပင် ငြင်းဆန်ကြမည် မဟုတ်ပေ။

"ဟေ့ကောင်လေး... ဇီရှင်းလေး စိတ်ထိခိုက်အောင် လုပ်ရဲလုပ်ကြည့်... မင်းကို ငါ အရင်ဆုံး အပြစ်ပေးမှာ”

ဝူချန်ကွန်းသည် အလွန်အမင်း လေးနက်စွာ ပြောနေသည်ကို ကြည့်ရင်း ဝူယီဖန်မှာ ခါးသက်သက် ပြုံးလိုက်မိသည်။ လင်းဇီရှင်း ရောက်လာပြီးနောက် မိသားစုအတွင်း သူ၏အဆင့်အတန်းမှာ ထိုးကျသွားနိုင်ပြီး အနာဂတ်တွင် သနားစရာကောင်းမည့် သူ့အဖြစ်ကို ကြိုမြင်နေမိသည်။

ကံကောင်းစွာဖြင့် ဝူယီဖန်သည် သူ၏ ကျင့်ကြံခြင်းကို အလျင်အမြန် တိုးတက်စေရန် အာရုံစိုက်ထားသည်။ ထို့ကြောင့် မင်္ဂလာဆောင်ပြီး မကြာမီအချိန်တွင် ဝူယီဖန်သည် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ကိုးခုမြောက် ပိတ်ပင်ထားမှုကို ဖွင့်ရန်အတွက် နောက်ဆုံး လိုအပ်သော ကောင်းကင်နှင့်မြေကြီး ရတနာကို ရှာဖွေရန် အကြောင်းပြချက်ဖြင့် ဝူမိသားစုမှ ထွက်ခွာသွားမည်ဟု ခန့်မှန်းထားသည်။

ဝူယီဖန်၏ အတွေးများကို ကြိုသိနေသကဲ့သို့ပင် ဝူဟောက်က တည်ငြိမ်စွာ ပြောလိုက်၏။

"ဒါ မင်းလိုအပ်တဲ့ ပစ္စည်းပဲ"

ထိုသို့ ပြောပြီးနောက် ဝူဟောက်သည် အနံ့ပြင်းပြင်း ထွက်နေသေးသည့် မီးကျွမ်းနေသော သစ်သားချောင်း တစ်ချောင်းကို တိုက်ရိုက် ထုတ်ပေးလိုက်သည်။

မီးကျွမ်းနေသော သစ်တုံးကို မြင်လိုက်ရသောအခါ ဝူယီဖန်၏ အသက်ရှူသံများမှာ မြန်ဆန်လာခဲ့သည်။

"ဒါက နှစ်တစ်သိန်းရင့် မိုးကြိုးပစ် မိုးမခသားပဲ"

"ဟုတ်တယ်... ဒါက ဘိုးဘေး မင်းအတွက် အထူး ရှာဖွေပေးထားတာ... ဒီ နှစ်တစ်သိန်းရင့် မိုးကြိုးပစ် မိုးမခသားနဲ့ဆိုရင် မင်းရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာမှာ ရှိနေတဲ့ ကိုးခုမြောက် ပိတ်ပင်ထားမှုကို ဖွင့်နိုင်လိမ့်မယ်... ဒါကြောင့် ဒီ ၇ ရက်အတွင်း မင်းရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပိတ်ပင်ထားမှုကို အရင်ဖွင့်ရမယ်... ပြီးမှ ငါ့ရဲ့ မြစ်လေးကို သွားပြန်ခေါ်ချေ”

ဝူဟောက်က ဖြည်းညင်းစွာ ပြောလိုက်၏။ အကယ်၍ ဝူယီဖန်သာ သူ့အရှိန်နှင့်သူ ရှာဖွေနေမည် ဆိုပါက ဤနှစ်တစ်သိန်းရင့် မိုးကြိုးပစ် မိုးမခသားကို တွေ့ရှိရန် အလွန် ကြာမြင့်ပေလိမ့်မည်။ ထို့ကြောင့် ဝူဟောက်က သူ၏ စွမ်းအားများကို အသုံးပြု၍ နှစ်တစ်သိန်းရင့် မိုးကြိုးပစ် မိုးမခသားကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဝူယီဖန်အနေဖြင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ကိုးခုမြောက် ပိတ်ပင်ထားမှုကို ဖွင့်လှစ်နိုင်မည်မှာ သေချာနေပြီ ဖြစ်သောကြောင့် ၊ သူသည် ဝူယီဖန်အား အခွင့်အရေးကို စောစီးစွာ ပို့ဆောင်ပေးလိုက်ခြငိးသည် ပြသနာမရှိနိုင်ပေ။

[ ဒင်... ပိုင်ရှင်သည် ကံတရားသားတော် မျိုးဆက်အား နှစ်တစ်သိန်းရင့် မိုးကြိုးပစ် မိုးမခသားကို လက်ဆောင်ပေးအပ်ခဲ့သည် ဂုဏ်ယူပါတယ်...သင်သည် နှစ်တစ်သိန်းရင့် မိုးကြိုးပစ် မိုးမခသား တစ်သန်းကို ပြန်လည် ရရှိခဲ့ပါသည် ]

[ ပေါင်းစပ်လိုပါသလား ]

"ပေါင်းစပ်မယ်”

ဝူဟောက်သည် စိတ်ထဲမှ တီးတိုး ရွတ်ဆိုလိုက်သည်။

[ ဒင်း... ပေါင်းစပ်မှု အောင်မြင်ပါသည်... ဂုဏ်ယူပါတယ် ... သင်သည် နတ်ဘုရားမိုးကြိုးသစ်သား ၁၀,၀၀၀ ကို ရရှိခဲ့ပါသည် ]

[ နတ်ဘုရားမိုးကြိုးသစ်သား - ကျင့်ကြံသူများကို မိုးကြိုးမဟာတာအိုနှင့် ပတ်သတ်၍ လျင်မြန်စွာ နားလည်သဘောပေါက်စေရန် ကူညီပေးသည့် အကောင်းစား ပစ္စည်း]

"နတ်ဘုရားမိုးကြိုးသစ်သားက ပစ္စည်းကောင်း တစ်ခုဆိုပေမဲ့ ငါမလိုအပ်ဘူးလေ “

ဝူဟောက်သည် ခေါင်းခါလိုက်ပြီး နတ်ဘုရားမိုးကြိုးသစ်သားအကြောင်း မတွေးတော့ပေ။ နောက်ပိုင်းတွင် မိုးကြိုးစွမ်းအားသုံးသည့် ကံတရားသားတော်တစ်ဦး ပေါ်ထွက်လာပါက ၊ ဤပစ္စည်းများကို ပေးလိုက်ရုံသာ ရှိသည်။

"ဘိုးဘေး မျှော်လင့်ထားသလို ဖြစ်လာအောင် ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ်... ကျွန်တော်တို့ ဝူမိသားစုကို အထွတ်အထိပ်ဆီ ရောက်အောင် သေချာပေါက် ဦးဆောင်သွားပါ့မယ်”

ဝူယီဖန်မှာ အလွန် စိတ်လှုပ်ရှားသွားသည်။ ဝူဟောက်ကို ပြောပြီးနောက် သူသည် လှည့်ထွက်သွားပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ကိုးခုမြောက် ပိတ်ပင်ထားမှုကို ချိုးဖျက်ရန် ပြင်ဆင်တော့သည်။

ဝူဟောက်မှာ ကြောင်တောင်တောင် ဖြစ်သွားသော်လည်း ကိစ္စများကို သဘောပေါက်သွားပြီးနောက် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"အားလုံးပဲ ကြိုးစားကြတာ ကောင်းပါတယ်... မင်းတို့ မကြိုးစားရင် ငါဘယ်လိုလုပ် အားလုံးကို အနိုင်ယူနိုင်မှာလဲ”

အခြားတစ်ဖက်တွင်မူ ကိစ္စရပ်များ ပြေလည်သွားပြီးနောက် ရေမြင့်မြတ်နယ်မြေမှ သူတော်စင်မလေး လင်းဇီရှင်းသည် ဝူမိသားစုနှင့် လက်ထပ်မည့် သတင်းကို မကြာမီ ကြေညာတော့မည် ဖြစ်သည်။

ထိုအချိန်တွင် လင်းဇီရှင်းနှင့် ဝူယီဖန်တို့သည် သူတို့၏ ကိုယ်ပိုင်အကောင့်များထဲသို့ တစ်ပြိုင်နက် ဝင်ရောက်လိုက်ကြပြီး ဇာတ်လမ်းကို မျှဝေလိုက်ကြသည်။

အင်တာနက် အသုံးပြုသူများက မေးမြန်းလာကြသဖြင့် လင်းဇီရှင်းက ရှင်းလင်းစွာ ဖြေကြားလိုက်သည်။

"ဟုတ်ပါတယ်... ကျွန်မတို့မှာ ကလေးတစ်ယောက် ရှိပါတယ်"

ကိစ္စများကို ချက်ချင်း အတည်ပြုလိုက်သဖြင့် လင်းဇီရှင်းကို တိတ်တခိုး ချစ်နေကြသော ပါရမီရှင်များ၏ နှလုံးသားများမှာ ကြေကွဲသွားလေသည်။ လင်းဇီရှင်းသည် လှပသည်၊ ကြင်နာသည်၊ ပါရမီရှိသည် ဖြစ်ရာ သူမကို မချစ်ဘဲနေရန် ခက်ခဲလှပေသည်။

သို့သော် ဝူမိသားစု ကုန်သည်အသင်းက ဝူယီဖန်သည် သူတို့ ဝူမိသားစု၏ ပါရမီရှင် ဖြစ်ကြောင်းနှင့် အသက် ၁၀၀ ပင် မပြည့်သေးဘဲ အဓိပတိအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အထူးတလည် ထုတ်ပြန်လိုက်သောအခါ သူတို့၏ နှလုံးသားကြေကွဲမှုသည် မျှော်လင့်ချက်မဲ့ခြင်းအဖြစ်သို့ ပြောင်းလဲသွားကြသည်။

အင်တာနက် အသုံးပြုသူများ၏ စိုးရိမ်မှုများသည် နောက်ဆုံးတွင် ငြိမ်သက်သွားသည်။ သူတို့သည် လိုက်ဖက်ညီသော စုံတွဲဖြစ်ကြပြီး ကန့်ကွက်ရန်မှာ သူတို့ အလုပ် မဟုတ်ပေ။ ထို့ကြောင့် ယခုအခါ သူတို့ လုပ်နိုင်သည်မှာ လင်းဇီရှင်း ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးရန်သာ ရှိတော့သည်။

All Chapters