အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အခန်း ၈၅ - လေကျင်းကျန့်ကို တစ်ချက်တည်းနှင့် အနိုင်ယူလိုက်သော ဝူယီဖန်
“ဟွန့်... ငါ့ကို လာဖမ်းချင်တာလား... လေကျင်းကျန့် ဆိုတဲ့ ငါ့ကို ဖမ်းဖို့ အဲဒီလောက် မလွယ်ဘူး”
ထိုအချိန်တွင် ရေမြင့်မြတ်နယ်မြေ၌ ရောင်စုံမီးအိမ်များနှင့် အလှဆင်ထားကာ စည်ကားသိုက်မြိုက်နေသည်။ ရွှမ်ထျန်းကမ္ဘာ၏ မဟာမြင့်မြတ်နယ်မြေကြီး လေးခုအနက်မှ တစ်ခုဖြစ်သည်နှင့် အလျောက် ၊ ရေမြင့်မြတ်နယ်မြေတွင် မဟာမိတ်အင်အားစုများစွာ ရှိသည်။
လင်းရွှေရိုသည် ဤဖြစ်ရပ်ကို အသုံးပြု၍ သူမ၏ ရေမြင့်မြတ်နယ်မြေသည် ဝူမိသားစုနှင့် မဟာမိတ်ပြုလိုက်ကြောင်း လူတိုင်းအား ပြသရန် ရည်ရွယ်ထားသဖြင့် ဧည့်သည်များစွာကို ဖိတ်ကြားထားလေသည်။
လေဝမ်ယွင်အနေဖြင့် မျှော်လင့်မထားသည်မှာ လေကျင်းကျန့်သည် အကြီးအကဲ၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားပြီး ရေမြင့်မြတ်နယ်မြေသို့ ရောက်ရှိလာခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင် လေကျင်းကျန့်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဝှေ့ယမ်းကြည့်ရှုလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ဒေါသမီးလျှံများ တောက်လောင်နေသည်။
“စိတ်မပူပါနဲ့ ဇီရှင်း... မင်း မကြိုက်တဲ့သူနဲ့ အတင်းအကျပ် ပေးစားနေတာကို... ငါ လေကျင်းကျန့်က လုံးဝခွင့်ပြုမှာ မဟုတ်ဘူး... မင်းနဲ့ ထိုက်တန်တာ ငါတစ်ယောက်တည်း ရှိတယ်ဆိုတာ လူတိုင်းသိအောင် ငါ လေကျင်းကျန့် ပြောပြလိုက်မယ်”
ဝူယီဖန်ခမျာ တစ်စုံတစ်ယောက်သည် မိမိ၏ ဇနီးသည်အပေါ်တွင် ကြံစည်နေပြီး ပြန်ပေးဆွဲရန် စီစဉ်နေကြောင်းကို မသိဘဲ ဤအခိုက်အတန့်တွင်၊ သူသည် ကျောက်နဂါးကိုးကောင်ကို စီးနင်းလျက် ရေမြင့်မြတ်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။ မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသော ကျောက်နဂါးကိုးကောင်ကို မြင်လိုက်ရသဖြင့် ပွဲအခမ်းအနားသို့ တတ်ရောက်လာကြသော ဧည့်သည်တိုင်း အံ့သြမှင်သက်၍ အသက်ရှူမှားသွားကြသည်။
နဂါးများကို တွေ့ရှိနိုင်သော်လည်း ဧကရာဇ်နယ်ပယ်အဆင့်နီးပါး ရှိသော နဂါးများကို တွေ့ရှိရန်မှာ မလွယ်ကူပေ။ အထူးသဖြင့် ကိုးကောင်ဆိုလျှင် ပို၍ မလွယ်ကူချေ။
ဧကရာဇ်တပိုင်းအဆင့်ရှိ ကျောက်နဂါး ကိုးကောင်အပြည့်နှင့် တတ်ရောက်လာသည်ကို ကြည့်လျှင်ဖြင့် ၊ ဝူမိသားစု၏ အင်အားသည် အနည်းဆုံး မြင့်မြတ်နယ်မြေအဆင့် ရှိသည်မှာ ထင်ရှားသည်။ မဟုတ်ဘူး... မြင့်မြတ်နယ်မြေထက်ပင် ပို၍ အင်အားကြီးမားပေလိမ့်မည်။
မဟာမြင့်မြတ်နယ်မြေကြီး လေးခု၌ပင် ဧကရာဇ်တပိုင်းအဆင့်ရှိသော ကျောက်နဂါး ကိုးကောင် မရှိသောကြောင့် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ၊ ဧကရာဇ်နယ်ပယ်အဆင့်နီးပါး ရှိသော ကျောက်နဂါးကိုးကောင်၏ အရှိန်အဝါကို အာရုံခံမိပြီးနောက် လူအုပ်ကြားထဲတွင် ပုန်းအောင်းနေသော လေကျင်းကျန့်မှာ အသက်ရှူမှားမတတ် ဖြစ်သွားသည်။ သူသည် သာမန် အဓိပတိအထွတ်အထိပ်အဆင့် တစ်ယောက်သာ ဖြစ်သည်။
( T/N - အာဏာရှင် ကို အဓိပတိအဆင့်ဟု ပြောင်းလဲသုံးနှုန်းသွားပါ့မည် )
နဂါးသည် သားရဲများကြားတွင် စွမ်းအားအကြီးမားဆုံး သတ္တဝါများအဖြစ် သတ်မှတ်ခံထားရပြီး ၊ ၎င်းတို့သည် လေကျင်းကျန့်ကိုပင် ဖိအားပေးနိုင်ရန် လုံလောက်သည်။သို့သော် လေကျင်းကျန့်သည် စိတ်ဓာတ်ကျမသွားချေ။
“ နဂါးက နဂါးကိစ္စပဲ... ဝူယီဖန်နဲ့ ငါက အဓိပတိအထွတ်အထိပ်အဆင့်ချင်း တူတူပဲ... တကယ်တန်း တိုက်ခိုက်ကြရင် သူက ငါ့ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်မှာ”
လေကျင်းကျန့်သည် ထိုသို့ တွေးလိုက်သည်။
လင်းဇီရှင်းသည် မည်သည့်နေရာတွင် ရှိနေသည်ကို မသိသောကြောင့် ၊ သူသည် လင်းဇီရှင်း ပေါ်လာသည်အထိ စောင့်ပြီးမှ ဝူယီဖန်ကို တိုက်ခိုက်ရန် ရှေ့ထွက်လာမည် ဖြစ်သည်။ ထို့နောက် ဝူယီဖန်ကို အနိုင်ယူ၍ မိန်းမလှလေးကို ကယ်တင်သော သူရဲကောင်းပမာ လင်းဇီရှင်းကို ခေါ်ထုတ်သွားရန် စီစဉ်ထားလိုက်သည်။
ဤရွှမ်ထျန်းကမ္ဘာတစ်ခုလုံးတွင် သူတစ်ယောက်တည်းကသာ လင်းဇီရှင်းနှင့် ထိုက်တန်ကြောင်း ပြောပြလိုသည်။ ထို့အပြင် ဝူယီဖန်ကို အနိုင်ယူနိုင်မည်ဟု ယခုလို ယုံကြည်ချက်ရှိနေရသည့် အကြောင်းရင်းမှာ သူနှင့် လင်းဇီရှင်းတို့သည် ငယ်ချစ်ဦးများ ဖြစ်ကြသောကြောင့်ပင်။
သို့သော် လေကျင်းကျန့်သည် ဤအမှန်တရားကို မသိခဲ့ပေ။ ယခင်ကတည်းက ငယ်ချစ်ဦးများသည် ကံတရားသားတော်များနှင့် ရင်ဆိုင်ရာတွင် မည်သည့်အခါမျှ ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။
ထို့အပြင် လင်းဇီရှင်းသည် လေကျင်းကျန့်ကို သူမ၏ငယ်ချစ်ဦးအဖြစ် တစ်ခါမျှပင် သဘောမထားခဲ့ဖူးရာ အစကတည်းက သူတို့နှစ်ဦး အတူရှိရန်မှာ မဖြစ်နိုင်ခဲ့ပေ။
အခြားတစ်ဖက်တွင်မူ ဝူယီဖန် ရောက်ရှိလာသည်ကို မြင်သောအခါ လင်းရွှေရိုသည် ရေမြင့်မြတ်နယ်မြေမှ အကြီးအကဲများကို ခေါ်ဆောင်၍ သူ့ထံသို့ သွားရောက်ကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
“ငါ့ရဲ့ သားမက်တော်... မောင်ရင် ရောက်လာပြီပဲ... ဇီရှင်းလေးက ကလေးနဲ့အတူ မင်္ဂလာခန်းမထဲမှာ စောင့်နေတယ်”
“ယောက္ခမကို ဒုက္ခပေးမိပြီီ”
ဝူယီဖန်သည် ပြုံး၍ အသိအမှတ်ပြု ခေါင်းညိတ်လိုက်ပြီးနောက် ၊ အကြီးအကဲ၏ လမ်းပြမှုဖြင့် မင်္ဂလာခန်းမသို့ ဦးတည်သွားလေသည်။လေကျင်းကျန့်သည် တိတ်တဆိတ် နောက်မှ လိုက်ပါသွားသည်။
ဝူယီဖန်သည် လေကျင်းကျန့် အမီလိုက်လာသည့် အခိုက်အတန့်တွင် ၎င်း၏အရှိန်အဝါကို အာရုံခံမိသော်လည်း ၊ စိတ်ထဲ မထားခဲ့ပေ။ သို့မဟုတ် လေကျင်းကျန့်သည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်သည်ဟု ယူဆမထားခြင်းကြောင့် ဖြစ်နိုင်သည်။
မကြာမီ အကြီးအကဲ၏ ဦးဆောင်မှုဖြင့် ဝူယီဖန်သည် မင်္ဂလာခန်းမသို့ ရောက်ရှိလာခဲ့သည်။
“သခင်လေး... ကျန်တာ သခင်လေးကိုပဲ လွှဲလိုက်ပါတော့မယ်... ကျွန်တော် မနှောင့်ယှက်တော့ပါဘူး”
အကြီးအကဲသည် လိမ္မာပါးနပ်စွာဖြင့် လှည့်ထွက်သွားလေသည်။ ဝူယီဖန်သည် တံခါးကို တွန်းဖွင့်၍ မဝင်မီ သူ့စိတ်ကို တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူလိုက်သည်။
ဝူယီဖန် အထဲသို့ ဝင်ရောက်လာသည်နှင့် ၊ ဝူတုံသည် သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။
“ဖေဖေ”
“ဟေး... သတိထားဦး”
ဝူယီဖန်သည် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လန့်ဖျပိသွားပြီး ဝူတုံကို အလျင်အမြန် ဖမ်းထိန်းလိုက်သည်။
ဝူတုံကို ပွေ့ချီထားရင်း ဝူယီဖန်သည် လင်းဇီရှင်း၏ အနားသို့ လျှောက်သွားပြီး လက်ကမ်းပေးလိုက်သည်။
“ကိုယ်နဲ့ လိုက်ခဲ့”
လင်းဇီရှင်းသည် ခဏတာ တုံ့ဆိုင်းနေသော်လည်း ဝူယီဖန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
လင်းဇီရှင်း၏ လက်ကို ထိလိုက်သည့် အခိုက်အတန့်တွင် ၊ ဝူယီဖန်သည် အနည်းငယ် တုန်လှုပ်သွားသည်ကို သူမ သိသိသာသာ ခံစားလိုက်ရသည်။ ဝူယီဖန်သည် အမှန်တကယ် စိတ်လှုပ်ရှားနေကြောင်း ပြသနေခြင်း ဖြစ်သည်။
ထိုအခြေအနေကို မြင်လိုက်သော်လည်း လင်းဇီရှင်း၏ မသိစိတ်က ဝူယီဖန်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်မိလိုက်သည်။
မကြာမီ ဝူယီဖန်သည် လင်းဇီရှင်းကို မင်္ဂလာခန်းမ၏ အပြင်ဘက်သို့ ခေါ်ဆောင်လာခဲ့သော်လည်း ၊ အပြင်ဘက်တွင် လမ်းပိတ်ရပ်နေသော လေကျင်းကျန့်ကို တွေ့လိုက်ရသည်။
“ခင်ဗျားက ဘယ်သူလဲ”
ဝူယီဖန်သည် ကြောင်အမ်းသွားပြီး သူ့ဘေးမှ လင်းဇီရှင်းကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
လင်းဇီရှင်းမှ စကားမပြောရသေးခင် ၊ လေကျင်းကျန့်က စိတ်လှုပ်ရှားနေသော လေသံဖြင့် ဦးအောင် ပြောလိုက်၏။
“ဇီရှင်း... စိတ်မပူနဲ့... ဒီနေ့ မင်းမချစ်တဲ့သူကို လက်ထပ်ရမယ့် အဖြစ်မျိုး ငါ လုံးဝ ခွင့်မပြုဘူး... မင်းနဲ့ ထိုက်တန်တာ ငါ လေကျင်းကျန့် တစ်ယောက်တည်း ရှိတယ်ဆိုတာ ရွှမ်ထျန်းကမ္ဘာက လူတိုင်းသိအောင် ငါ သက်သေပြမယ်”
လင်းဇီရှင်း: ???
ဝူယီဖန်: ???
လင်းဇီရှင်းနှင့် ဝူယီဖန်တို့မှ ဘာမျှမပြောရသေးမီ ၊ လေကျင်းကျန့်သည် ဝူယီဖန်အား စတင်တိုက်ခိုက်လိုက်သည်။
ထိုအခြေအနေကို မြင်လိုက်ရချိန်တွင် ဝူယီဖန်သည် တုံ့ဆိုင်းမနေတော့ပေ။ တစ်ဖက်လူသည် သူ့ရှေ့သို့ တန်းတန်းမတ်မတ် ရောက်လာသဖြင့် သူသည် ပြင်းထန်သော ပါးရိုက်ချက် တစ်ချက်ကို လက်ဆောင်ပေးလိုက်သည်။
ဤလူငယ်လေးသည် ကျန်းမာရေး ကောင်းလွန်းသဖြင့် လဲကျသည်နှင့် တန်းပြီး အိပ်ပျော်သွားရှာသည်။
တစ်နည်းအားဖြင့် လေကျင်းကျန့်မှာ ဝူယီဖန်၏ ပါးရိုက်ချက်ကြောင့် သတိလစ်မေ့မြောသွားလေသည်။
“မင်း သူ့ကို သိလား”
ဝူယီဖန်က လင်းဇီရှင်းကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
လင်းဇီရှင်းက တစ်စုံတစ်ခုကို သတိရသွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“သိတယ်... သူက မိုးကြိုးမြင့်မြတ်နယ်မြေရဲ့ သခင်ကြီး လေဝမ်ယွင်ရဲ့ သားလေ... ဒါပေမဲ့ သူနဲ့ မတွေ့တာ ရာချီနေပြီ”
“သွားကြစို့... အရေးမပါတဲ့ လူတွေကို ဒီနေ့ ငါတို့ရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးခွင့် ပေးစရာ မလိုဘူး”
ဝူယီဖန်သည် ခေါင်းခါလိုက်ပြီး မြေကြီးပေါ်တွင် သတိလစ်ကာ ဒဏ်ရာအပြင်းအထန် ရနေသော လေကျင်းကျန့်ကို လျစ်လျူရှုလိုက်သည်။ အမှန်အားဖြင့် ၊ လင်းဇီရှင်းနှင့် သားဖြစ်သူကို သူ၏ ရိုင်းစိုင်းသော ဘက်ခြမ်းကို မမြင်စေလိုသောကြောင့်သာ ယခုလောက်ဖြင့် ပြီးသွားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ၊ ဝူယီဖန်သည် အရင်ကတည်းက သူ့ကို အသက်ရှင်နိုင်မည့် အခွင့်အရေး ပေးခဲ့မည် မဟုတ်။
ထိုအချိန်တွင် လေဝမ်ယွင်သည် လေကျင်းကျန့် လွတ်မြောက်သွားသည့် သတင်းကို ရရှိလိုက်ပြီး သူ၏ မျက်နှာမှာ ချက်ချင်းပင် မီးခိုးရောင် သန်းသွားသည်။
“ဒီကောင်စုတ်... ပြဿနာ လာရှာတာများလား”
ထိုသို့ ဖြစ်နိုင်ခြေ ရှိမရှိ လေဝမ်ယွင် စဉ်းစားနေစဉ် ၊ ဝူယီဖန်သည် လင်းဇီရှင်း၏ လက်ကို ကိုင်လျက် ထွက်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ ဧည့်သည်များက မတ်တတ်ရပ်ကာ ဝူယီဖန်ကို ဂုဏ်ပြုခွက်များ မြှောက်ပြလိုက်ကြသည်။
“လူကြီးမင်းတို့... ဒီနေ့ တာအိုရောင်းရင်းဝူနဲ့ တာအိုရောင်းရင်းလင်းတို့ရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုလိုက်ကြရအောင်”
“တာအိုရောင်းရင်းဝူနဲ့ တာအိုရောင်းရင်းလင်းတို့ရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ်ဗျာ”
ဝူယီဖန်သည် ဝူမိသားစု ကုန်သည်အသင်းမှ အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း သိလိုက်ရပြီးနောက်တွင် ၊ တတ်ရောက်လာသူတိုင်းက ဝူယီဖန်ကို မျက်နှာလိုမျက်နှာရ ပြုလာကြသည်။
အဓိက အရေးအကြီးဆုံးအချက်မှာ ဝူယီဖန်၏ ပါရမီပင် ဖြစ်သည်။ အသက် တစ်ရာပင် မပြည့်သေးဘဲ အဓိပတိအဆင့်သို့ ရောက်ရှိထားသောကြောင့် ၊ ဤကဲ့သို့လူမျိုးနှင့် မိတ်ဖွဲ့ထားလိုသည်မှာ သဘာဝကျပေသည်။
ဝူယီဖန်သည် ပြုံးလိုက်ပြီး သူတို့ တစ်ဦးချင်းစီတိုင်းကို တုံ့ပြန်လိုက်သည်။ ထို့နောက် လေဝမ်ယွင်၏ အနားသို့ ရောက်လာပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“ခင်ဗျားရဲ့ သားက အခု မင်္ဂလာခန်းမရှေ့မှာ လဲနေတယ်... နောက်နောင် ဒီလိုကိစ္စမျိုး ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်”
အခန်း ၈၆ - နဂါးဖီးနစ် အမြွှာပူး၊ ကံတရား၏ သားတော်များလော
ဝူယီဖန်၏ စကားကို ကြားလိုက်ရသောအခါ လေဝမ်ယွင်သည် ကိုယ့်တံတွေးကို မျိုချလိုက်မိလေသည်။ အမည်မသိအကြောင်းရင်းကြောင့် ဤအခိုက်အတန့်တွင် သူသည် ဝူယီဖန်ထံမှ အလွန်ပြင်းထန်သော ခြိမ်းခြောက်မှု အငွေ့အသက်ကို ခံစားလိုက်ရသည်။
အကယ်၍ သူသည် ဝူယီဖန်ကို လက်ဖျားနှင့်ပင် ထိဝံ့ပါက ၊ သေဆုံးသွားလိမ့်မည်ဟူသော အသိစိတ်က သူ့ကို သတိပေးနေသကဲ့သို့ ရှိသည်။
လေဝမ်ယွင်သည် ထိုအတွေးကြောင့် တုန်လှုပ်သွားသည်။ ဝူယီဖန်သည် နှစ်တစ်ရာပင် မပြည့်သေးသော အချိန်ကာလအတွင်း ၊ ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားကို မည်သို့ ကျင့်ကြံအားထုတ်နိုင်ခဲ့သနည်း။
သို့သော် သူသည် အခြေအနေကို လျင်မြန်စွာ သဘောပေါက်သွားပြီး ဝူယီဖန် ပြောခဲ့သည်များကို ပြန်လည်ကြားယောင်ကာ လေးစားသမှုဖြင့် ကမန်းကတန်း ပြောလိုက်၏။
“ဝူသခင်လေး… နောက်နောင် ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရပါဘူး”
ထိုသို့ ပြောပြီးနောက် လေဝမ်ယွင်သည် အလျင်အမြန် လှည့်ထွက်သွားပြီး မကြာမီ မင်္ဂလာခန်းမဆောင်၏ အရှေ့သို့ ရောက်ရှိသွားရာ ၊ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လေကျင်းကျန့်ကို တွေ့လိုက်ရသည်။
ယခုအချိန်တွင် လေကျင်းကျန့်၏ အခြေအနေမှာ ဆိုးရွားလွန်းသည်ဟု ဖော်ပြရပေလိမ့်မည်။ လေဝမ်ယွင်၏ အာရုံခံနိုင်စွမ်းအရ ၊ လေကျင်းကျန့်၏ ဒဏ်ရာများမှာ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ အကယ်၍ သူသာ နောက်ကျပြီးမှ ရောက်လာခဲ့ပါက လေကျင်းကျန့်၏ အသက်မှာ ပြတ်တောက်သွားနိုင်သည်။
သို့သော် လေဝမ်ယွင်သည် ဤကိစ္စကြောင့် ဝူယီဖန်အပေါ် အာဃာတ မထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သားဖြစ်သူနှင့် ပတ်သတ်၍ သူ နားလည်ထားသလောက် ၊ ဤသည်မှာ ဝူယီဖန်ဘက်မှ စတင်တိုက်ခိုက်ခြင်း မဟုတ်ဘဲ လေကျင်းကျန့်ကသာ စတင်လှုပ်ရှားခဲ့ခြင်း ဖြစ်ပေမည်။ ထို့ကြောင့်သာ ဝူယီဖန်သည် လေကျင်းကျန့်ကို ဤမျှအထိ ဒဏ်ရာရအောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
သို့သော် လေဝမ်ယွင် မသိခဲ့သည့်အချက်မှာ လင်းဇီရှင်းနှင့် သူမ၏ သားလေးသာ ရှိမနေခဲ့ပါက ၊ လေကျင်းကျန့်၏ အခြေအနေမှာ ယခုလောက်ထိ ကောင်းမွန်နေမည် မဟုတ်ပေ။
ထိုအကြောင်းများကို တွေးတောရင်း လေဝမ်ယွင်သည် သက်ပြင်းချလိုက်ပြီး လေကျင်းကျန့်ကို ခေါ်ဆောင်၍ ရေမြင့်မြတ်နယ်မြေမှ ထွက်ခွာသွားတော့သည်။
ဝူယီဖန်သည် လင်းဇီရှင်းနှင့် သားဖြစ်သူတို့ကို ခေါ်ဆောင်ပြီးနောက် ၊ လင်းဇီရှင်းအား ကောင်းကောင်းမွန်မွန် ဆက်ဆံရန် လင်းရွှေရို၏ အတန်ကြာအောင် မှာကြားမှုများကို နားထောင်လိုက်ရသေးသည်။ ဝူယီဖန်မှ အထပ်ထပ် အခါခါ ကတိပေးပြီးမှသာ သူတို့သည် ဝူယီဖန်ကို ထွက်ခွာခွင့်ပြုခဲ့သည်။
ထိုအခါမှသာ ဝူယီဖန်သည် လင်းဇီရှင်း၊ ဝူတုံတို့နှင့်အတူ ရေမြင့်မြတ်နယ်မြေမှ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့ပြီး ဝူမိသားစုထံသို့ ပြန်လာနိုင်ခဲ့သည်။
ထိုအချိန်တွင် ဝူမိသားစု၌ ဝူဟောက်နှင့် အခြားသူများသည် ဝူယီဖန်တို့ မိသားစု ပြန်ရောက်လာမည့် အချိန်ကို စောင့်မျှော်နေကြ၏။ ထိုသို့ မျှော်လင့်တကြီး ဖြစ်နေကြစဉ်၊ ဝူဟောက်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး နေရာမှ ရုတိတရက် ပျောက်ကွယ်သွားသည်။
ဝူဟောက် ပြန်လည် ပေါ်လာချိန်တွင် သူသည် သူ၏ လေးယောက်မြောက် မြေးဖြစ်သူ ဝူချင်လုံ၏ ခြံဝင်းထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအချိန်တွင် ဝူချင်လုံသည် အခန်းတစ်ခန်း၏ ရှေ့၌ စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေလေသည်။ သူသည် ဝူဟောက်ကို တွေ့လိုက်ရသောအခါ သူ၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး အလျင်အမြန် လျှောက်လာခဲ့သည်။
“ဘိုးဘေး… ဘာများ ဖြစ်လို့ပါလဲ”
ဝူဟောက်သည် အရေးကြီးကိစ္စ မရှိဘဲ ဤနေရာသို့ ရောက်လာမည် မဟုတ်ကြောင်း ဝူချင်လုံ သိထားသည်။
ထိုအချိန်တွင် ဝူဟောက်၏ မျက်နှာထားမှာ အလွန် လေးနက်နေပြီး ဝူချင်လုံ၏ နောက်ဘက်ရှိ အခန်းကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။
“မင်းရဲ့ ကလေးတွေက သာမန် မဟုတ်ဘူး”
ဝူဟောက်၏ စကားကို ကြားသောအခါ ဝူချင်လုံမှာ အတန်ကြာမှ သတိဝင်လာပြီး ထိန်းချုပ်မရနိုင်သော စိတ်လှုပ်ရှားမှုများဖြင့် ဝူဟောက်ကို ကြည့်လိုက်မိသည်။
“ ဘိုးဘေး ဆိုလိုတာက ကျွန်တော့် ကလေးတွေက ယီဖန်တို့မိသားစုလိုပဲ စွမ်းအားကြီးမယ်လို့ ပြောတာလား”
“အင်း”
ဝူဟောက်သည် ခေါင်းညိတ်လိုက်သည်။
သူ၏ အာရုံခံနိုင်စွမ်းအရ ဝူချင်လုံ၏ မျိုးဆက်များသည် နဂါးဖီးနစ် အမြွှာပူးများ ဖြစ်ကြပြီး နှစ်ယောက်စလုံးသည် ကံတရား၏ သားတော်များ ဖြစ်ကြပေသည်။
ဝူဟောက် အာရုံခံမိလိုက်သည့် အခိုက်အတန့်မှာပင် ၊ ထိုလျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် ချက်ချင်း လှုပ်ရှားလိုက်သည်။ သို့မဟုတ်ပါက ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်နိမိတ် ဖြစ်စဉ်ကြီးကြောင့် ရွှမ်ထျန်းကမ္ဘာရှိ အစွမ်းထက် ပုဂ္ဂိုလ်များသည် ဤအရာအားလုံးကို သတိပြုမိသွားနိုင်သည်။
ဝူဟောက်ထံမှ အတည်ပြုချက် ရရှိပြီးနောက်တွင် ၊ ဝူချင်လုံ၏ စိတ်လှုပ်ရှားမှုများမှာ ပိုမို ပြင်းထန်လာလေသည်။ သူသည် အခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသော်လည်း ၊ အခန်းထဲမှ ကလေးငယ် နှစ်ဦး၏ စူးရှသော ငိုသံကို ကြားလိုက်ရချိန်တွင် သူ၏ စိုးရိမ်ပူပန်မှုများမှာ ပျောက်ကွယ်သွားသည်။
မကြာမီ လက်သည်အဒေါ်ကြီး နှစ်ဦးသည် ကလေးငယ် တစ်ဦးစီ ပွေ့ချီလျက် ထွက်လာကြပြီး ဝူချင်လုံကို ကြည့်ကာ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
“သခင်လေး… သားလေး တစ်ယောက်နဲ့ သမီးလေး တစ်ယောက်ပါ”
“ကောင်းတယ်… အရမ်းကောင်းတယ်… ဆုလာဘ်ကြီးကြီး ချီးမြှင့်လိုက်”
ဝူချင်လုံမှာ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
လက်သည်အဒေါ်ကြီးများသည် ထိုစကားကို ကြားသောအခါ အလွန်ပင် ပျော်ရွှင်သွားကြပြီး ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုကြလေသည်။
ဝူချင်လုံမှာမူ အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် လက်သည်အဒေါ်ကြီးများ၏ လက်ထဲမှ ကလေးနှစ်ယောက်ကို အလျင်အမြန် လွှဲပြောင်းယူလိုက်ပြီး အကြီးဆုံးမှာ သားဖြစ်ပြီး အငယ်ဆုံးမှာ သမီး ဖြစ်ကြောင်း သိလိုက်ရသည်။
ကလေးနှစ်ယောက်သည် မွေးကာစတွင် ငိုနေကြသော်လည်း ၊ ဝူချင်လုံ၏ ပွေ့ချီမှုကိုခံရပြနောက် အငိုရပ်သွားကြသည်။ သူတို့သည် ဝူချင်လုံကို ဝိုင်းစက်သော မျက်လုံးလေးများဖြင့် စိုက်ကြည့်နေကြရာ ၊ ထိုအခိုက်အတန့်တွင် ဝူချင်လုံ၏ ဖခင်မေတ္တာမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။
ဝူဟောက်သည် ဘေးမှနေ၍ ထိုမြင်ကွင်းကို ကြည့်နေပြီး ကလေးနှစ်ယောက်၏ သတင်းအချက်အလက်များက သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
[အမည် - ယာယီ] [လိင် - ကျား] [အထောက်အထား - အင်မော်တယ်ဧကရာဇ် ဝင်စားသူ] [ပါရမီ - ထိပ်တန်း ဝိညာဉ်အမြစ်] [ခန္ဓာကိုယ် - သန့်စင်ယန်သူတော်စင်ခန္ဓာ]
[အမည် - ယာယီ] [ လိင် - မ] [အထောက်အထား - နတ်ဆိုးဧကရာဇ် ဝင်စားသူ] [ပါရမီ - ထိပ်တန်း ဝိညာဉ်အမြစ်] [ခန္ဓာကိုယ် - ကောင်းကင်ဝါးမြို နတ်ဆိုးခန္ဓာ]
“ဒီမောင်နှမ နှစ်ယောက်က ရန်ဘက်တွေ ဖြစ်ခဲ့ပုံပဲ”
ဝူဟောက်သည် သူတို့၏ အချက်အလက်များကို ကြည့်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
ဝူချင်လုံ၏ ရင်ခွင်ထဲရှိ ကလေးနှစ်ယောက်မှာလည်း ထိုနည်းလည်းကောင်းပင် စိတ်မငြိမ်မသက် ဖြစ်နေကြသည်။
‘ဒါဘာလဲ… ငါ မသေသေးဘူးလား… ဘာတွေ ဖြစ်ကုန်တာလဲ… ဝင်စားတာလား… ဟို နတ်ဆိုးဧကရာဇ်ကောင် ဘယ်လိုနေလဲတော့ မသိဘူး… ငါ အထွတ်အထိပ်ကို ပြန်ရောက်ရင် အဲဒီကောင်ကို ပေးဆပ်ခိုင်းရမယ်”
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ၊ အစ်ကိုဖြစ်သူသည် ဘာဖြစ်ခဲ့သည်ကို လျင်မြန်စွာ တွေးတောရင်း ဆင်ခြင်လိုက်သည်။
သူသည် အထက်ဘုံရှိ ချန်ချူယန် အမည်ရသော အင်မော်တယ်ဧကရာဇ် တစ်ပါးဖြစ်သည်။ အထက်ဘုံ၏ အသက်အငယ်ဆုံး အင်မော်တယ်ဧကရာဇ် အဖြစ် ချန်ချူယန်သည် အင်မော်တယ်ဧကရာဇ် အဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်း သုံးသန်းသာ အချိန်ယူခဲ့ရပြီး အင်မော်တယ်ဧကရာဇ် အဆင့်ကို ကျော်လွန် ဖောက်ထွက်နိုင်ခြေ အရှိဆုံးသော အထက်ဘုံ၏ ပါရမီရှင်အဖြစ် ချီးကျူးခံခဲ့ရသည်။
သို့သော် သူ၏ ကံကောင်းမှုမှာ ကြာရှည်မခံခဲ့ပေ။ သူ၏ ထူးကဲသော ပါရမီကြောင့် မကြာမီမှာပင် နတ်ဆိုးဧကရာဇ် တစ်ပါး၏ မျက်စိကျခြင်းကို ခံခဲ့ရသည်။ ထို့နောက်တွင် သူသည် ရန်သူကို မိမိနှင့်အတူ ခေါ်ဆောင်သွားရန်အတွက် ကိုယ့်ကိုယ်ကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ရန်သူ၏ လက်ရှိ အခြေအနေမှာ မည်သို့ ရှိသည်ကိုတော့ မသိရပေ။သို့သော် သိပ်ပြီး အခြေအနေကောင်းမည် မဟုတ်ကြောင်း သူ တွေးလိုက်မိသည်။
ဘေးနားရှိ ကောင်းကင်ဝါးမြို နတ်ဆိုးဧကရာဇ်မှာလည်း ထပ်တူထပ်မျှ တုန်လှုပ်နေလေသည်။
“ ဒါဘာတွေ ဖြစ်ကုန်တာလဲ… ငါ တကယ်ကြီး ဝင်စားခံလိုက်ရတာလား… ဟိုသောက်ကျိုးနည်း ချူယန် အင်မော်တယ်ဧကရာဇ်က ငါ့ကို အကြောင်းပြချက် မရှိဘဲ တိုက်ခိုက်လို့ ငါမှာ ပြန်တိုက်ခိုက်ရုံပဲ ရှိသေးတယ်… သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး ငါ့ကိုပါ ဆွဲခေါ်သွားတယ်”
ကောင်းကင်ဝါးမြို နတ်ဆိုးဧကရာဇ်၏ အမြင်အရ ၊ သူသည် ချူယန် အင်မော်တယ်ဧကရာဇ်နှင့် အပြင်တွင် မတော်တဆ တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ချူယန် အင်မော်တယ်ဧကရာဇ်က ဘာမှမပြောဘဲ သူ့ကို စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကောင်းကင်ဝါးမြို နတ်ဆိုးဧကရာဇ်သည် အင်မော်တယ်ဧကရာဇ် နယ်ပယ်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်ပြီ ဖြစ်ရာ အင်မော်တယ်ဧကရာဇ် နယ်ပယ်သို့ ရောက်ရှိခါစသာ ရှိသေးသော ချူယန် အင်မော်တယ်ဧကရာဇ်အနေဖြင့် ယှဉ်ပြိုင်နိုင်စရာအကြောင်းမရှိပေ။
သူ မျှော်လင့်မထားခဲ့သည်မှာ ချူယန် အင်မော်တယ်ဧကရာဇ်သည် မျှော်လင့်ချက်မဲ့သွားပြီး မိမိကိုယ်ကို ဖောက်ခွဲပစ်လိုက်ခြင်းပင်။
သူတို့အားလုံးသည် အင်မော်တယ်ဧကရာဇ် ကနဦးအဆင့်များ ဖြစ်ကြရာ ၊ ကောင်းကင်ဝါးမြို နတ်ဆိုးဧကရာဇ်သည် တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ ချူယန် အင်မော်တယ်ဧကရာဇ်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုထဲတွင် ပါသွားခဲ့ရသည်။
“ ထားလိုက်ပါတော့… ဒီထိ ရောက်လာမှတော့လည်း အကောင်းဆုံး ဖြစ်အောင် နေရတော့မှာပေါ့… ဒါ့အပြင် ကောင်းကင်ဝါးမြို နတ်ဆိုးခန္ဓာက ငါနဲ့အတူ ပါလာတယ်ဆိုတော့ ဒီတစ်ကြိမ် ပိုမြင့်တဲ့ အထွတ်အထိပ်ကို ရောက်ဖို့ အခွင့်အရေးသစ်တစ်ခု ရလိုက်တယ်လို့ ယူဆရမှာပဲ “
“ထားလိုက်ပါတော့လေ… ဖြစ်ပြီးတာတွေလည်း ပြီးပါစေတော့… သန့်စင်ယန် သူတော်စင်ခန္ဓာကလည်း ငါနဲ့အတူ ပါလာတာပဲ… အရင်ဘဝတုန်းက ငါ အဆင့်တက်တာ မြန်လွန်းတော့ အခြေခံ ကောင်းကောင်း မချနိုင်ခဲ့ဘူး… မဟုတ်ရင် အဲဒီ နတ်ဆိုးဧကရာဇ်က ငါ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး… စောင့်နေလိုက်… ငါ အင်မော်တယ်ဧကရာဇ် အဆင့်ကို သေချာပေါက် ပြန်တက်လှမ်းပြီး မင်းကို ပြန်လာသတ်မယ်”
ထိုအချိန်တွင် ချူယန် အင်မော်တယ်ဧကရာဇ်နှင့် ကောင်းကင်ဝါးမြို နတ်ဆိုးဧကရာဇ်တို့သည် တိတ်တခိုး ကြံစည် တွေးတောနေကြသော်လည်း ၊ နောက်တစ်စက္ကန့်တွင် ဝူချင်လုံသည် ဝူဟောက်ကို ကြည့်၍ အလွန် လေးနက်သော အမူအရာဖြင့် မေးလိုက်လေသည်။
“ဘိုးဘေး… ကျွန်တော့် ကလေးနှစ်ယောက်ကို နာမည် ပေးပါဦး”