← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း ၈၇ - ငါက အစ်မကြီး ဖြစ်ချင်တာ

ဝူချင်လုံ၏ ရင်ခွင်ထဲမှ ကလေးနှစ်ယောက်ကို ကြည့်ရင်း ဝူဟောက်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဒီလိုဆိုရင် အစ်ကိုကြီးကို ဝူရှန်းနီ… ညီမလေးကို ဝူမိုဝူ လို့ နာမည်ပေးလိုက်မယ်”

ဝူဟောက် ပေးလိုက်သော အမည်များကို ကြားရသောအခါ ချူယန် အင်မော်တယ်ဧကရာဇ်နှင့် ကောင်းကင်ဝါးမြို နတ်ဆိုးဧကရာဇ်တို့သည် စိတ်ထဲတွင် ညည်းတွားလိုက်ကြသည်။

“ဒါက ဘယ်လို နာမည်ကြီးတွေလဲ”

သို့သော် သူတို့အားလုံးသည် မွေးကင်းစ ကလေးငယ်များ ဖြစ်နေကြပြီး၊ ယခင်ဘဝက အင်မော်တယ်ဧကရာဇ် အဆင့်ရှိသော စွမ်းအားရှင်များ ဖြစ်ခဲ့ကြသော်လည်း ယခုတွင်မူ အစကနေ ပြန်လည်စတင်ရမည်သာ ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးသည် မကျေမနပ် ဖြစ်နေကြသော်လည်း ဗလုံးဗထွေး အသံများသာ ပြုလုပ်နိုင်ရှာသည်။

သို့သော် ဝူချင်လုံသည် ဝူဟောက် ပေးသော နာမည်များကို အလွန် သဘောကျနှစ်သက်နေပြီး ၊ စိတ်လှုပ်ရှားနေပုံရသော ကလေးနှစ်ယောက်၏ အမူအရာကို ကြည့်ရင်း ပြောလိုက်သည်။

“ဘိုးဘေး… ဘိုးဘေးပေးတဲ့ နာမည်ကို သူတို့ အရမ်း သဘောကျနေသလိုပဲ “

“အင်း”

ဝူဟောက်သည် ခေါင်းညိတ်လိုက်သည်။

ချူယန် အင်မော်တယ်ဧကရာဇ်နှင့် ကောင်းကင်ဝါးမြို နတ်ဆိုးဧကရာဇ်တို့သည် ယခင်က ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြသော်လည်း ဘာမူစရာရှိမည်နည်း။ ယခုအခါ သူတို့သည် မိမိ၏ မြစ်များ ဖြစ်လာကြပြီ ဖြစ်ရာ ၊ မိမိ၏ ဖိနှိပ်မှုကို ခံရရန် ကံပါလာပြီးသား ဖြစ်သည်။

“အင်မော်တယ်ဧကရာဇ်တဲ့လား… ငါ တကယ်ကို မျှော်လင့်နေမိတယ်”

ဝူဟောက်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူတို့၏ ကန့်ကွက်မှုများမှာ အရာမထင်ကြောင်း တွေ့လိုက်ရသောအခါ ဝူချင်လုံ၏ ရင်ခွင်ထဲမှ ချူယန် အင်မော်တယ်ဧကရာဇ်နှင့် ကောင်းကင်ဝါးမြို နတ်ဆိုးဧကရာဇ်တို့သည် ထိုနာမည်များကို လက်ခံလိုက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

သို့သော် ဝူမိုဝူသည် တစ်စုံတစ်ခုကို လျင်မြန်စွာ သဘောပေါက်သွားပြီး စိတ်ထဲမှ အော်ဟစ်လိုက်မိသည်။

ကောင်းကင်ဝါးမြို နတ်ဆိုးဧကရာဇ် အနေဖြင့် သူမသည် မည်သည့်နေရာတွင် ရှိစေကာမူ ၊ တစ်ချိန်က လူတိုင်း၏ အထက်တွင် ရှိခဲ့သူတစ်ယောက်ဖြစ်သည်။ သူမ ဝင်စားလာရသည် ဆိုလျှင်တောင် တစ်စုံတစ်ယောက်၏ ညီမလေး မဖြစ်နိုင်ပေ။ သူမသာလျှင် အစ်မကြီး တစ်ယောက် ဖြစ်ရမည်။

သို့သော် သူမ၏ ကန့်ကွက်မှုမှာ အကျိုးသက်ရောက်မှု မရှိကြောင်း ထင်ရှားလှသည်။ ထို့အပြင် ဝူချင်လုံသည် သူမ ဗိုက်ဆာနေသည်ဟု အထင်မှားကာ ကလေးနှစ်ယောက်ကို တိရစ္ဆာန်နို့ တိုက်ကျွေးရန် ဝူဟောက်ကို ခွင့်တောင်းပြီး အောက်ထပ်သို့ ဆင်းသွားလေသည်။

ဝူမိသားစု အတွင်း၌ ဧကရာဇ်တပိုင်းအဆင့်သို့ ရောက်ရှိနေသော သားရဲမ တစ်ကောင် ရှိလေသည်။ သူမသည် ဝူမိသားစု၏ မွေးကင်းစ ကလေးငယ်များအတွက် တိရစ္ဆာန်နို့ ထုတ်လုပ်ပေးရန် အထူးတာဝန်ယူထားပြီး ၊ ၎င်းက ကလေးငယ်များ၏ ပါရမီကို ခိုင်မာစေကာ ပိုမို သန်စွမ်းလာစေရန် ကူညီပေးသည်။ ဝူမိုဝူနှင့် ယှဉ်လျှင် ဝူရှန်းနီသည် ဤအခြေအနေကို လက်ခံရန် ရွေးချယ်လိုက်သည်။

‘ငါ့ရဲ့ အရင်ဘဝတုန်းက အင်မော်တယ်ဧကရာဇ် ပလ္လင်ပေါ်ကို ငါတစ်ယောက်တည်း တက်လှမ်းနိုင်ခဲ့တယ်… ဒီဘဝမှာတော့ မိသားစုရဲ့ အကူအညီနဲ့ဆိုရင် အင်မော်တယ်ဧကရာဇ် ပလ္လင်ပေါ်ကို မတက်လှမ်းနိုင်စရာ အကြောင်းမရှိဘူး… ငါ့ညီမလေးအတွက်တော့ ငါ တကယ် မျှော်လင့်မိပါရဲ့’

ဝူရှန်းနီ သည် ထိုသို့တွေးနေမိသည်။

‘သောက်ကျိုးနည်း…’

ထိုအချိန်တွင် ဝူချင်လုံက သူ့ကို ဆွဲယူလိုက်ပြီး နို့တိုက်ကျွေးလိုက်လေသည်။

ဝူချင်လုံ ထွက်သွားပြီးနောက် ဝူဟောက်သည် အဝေးသို့ လှမ်းကြည့်လိုက်ရာ ၊ ဝူယီဖန်သည် လင်းဇီရှင်း၊ ဝူတုံတို့နှင့်အတူ ဝူမိသားစုထံသို့ ပြန်လာနေသည်ကို တွေ့လိုက်ရသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ၊ ဝူဟောက်သည် မျိုးနွယ်စု ခန်းမဆောင်သို့ ပြန်ရောက်လာခဲ့သည်။ ဝူဟောက် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသည်ကို မြင်သောအခါ စုချောင်ရန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ယောကျ်ား… ဘာဖြစ်လို့လဲ”

“ဘာမှ မဟုတ်ပါဘူး… နဂါးဖီးနစ် အမြွှာပူး မြစ်နှစ်ယောက်ရဲ့ ပါရမီက အတော်လေး ကောင်းမွန်တာ တွေ့လို့ သွားကြည့်လိုက်တာပါ”

ဝူဟောက်၏ ရှင်းပြမှုကြောင့် စုချောင်ရန်သည် ချက်ချင်း နားလည်သွားသည်။

သူမ၏ ခင်ပွန်းဖြစ်သူသည် ဤသို့အထူးတလည် ဂရုစိုက်ရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ နဂါးဖီးနစ် အမြွှာပူး မြစ်နှစ်ယောက်စလုံးသည် ထူးကဲသော ပါရမီရှင်များ ဖြစ်ကြပြီး ၊ အနည်းဆုံး ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်စွမ်း ရှိသောကြောင့် ဖြစ်ပေလိမ့်မည်။

ဤဖြစ်ရပ်လေးသည် နောက်ပိုင်း ဖြစ်ပျက်မည့် ကိစ္စရပ်များကို သက်ရောက်မှု မရှိစေခဲ့ပေ။ ဝူယီဖန်သည် လင်းဇီရှင်းနှင့် အခြားသူများကို ခေါ်ဆောင်၍ ပြန်ရောက်လာပြီးနောက် ဝူချန်ကွန်းနှင့် ကျန်သူများသည် လင်းဇီရှင်းနှင့် ဝူတုံတို့ကို ချစ်ခင်ကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသော်လည်း ၊ ဝူယီဖန်ကိုမူ အပြစ်တင်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဝူယီဖန်ကြောင့်သာ မဟုတ်ပါက လင်းဇီရှင်းအနေဖြင့် ဤငါးနှစ်တာ ကာလအတွင်း အလကားသက်သက် ဒုက္ခခံခဲ့ရမည် မဟုတ်ပေ။

“သမီးလေး… ဒီနှစ်တွေမှာ သမီး ပင်ပန်းခဲ့ရပြီ”

ပိုင်ယွီယိုသည် လင်းဇီရှင်း၏ အနားသို့ လျှောက်သွားပြီး လက်ကို ဆုပ်ကိုင်ကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသော အမူအရာဖြင့် ဆိုလိုက်သည်။

လင်းဇီရှင်းသည် ပိုင်ယွီယို၏ နွေးထွေးမှုကြောင့် အံ့အားသင့်သွားသော်လည်း ၊ အလျင်အမြန် ပြန်လည် ထိန်းချုပ်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။

“ယောက္ခမ… ရပါတယ်… ဒါတွေအားလုံးကို သမီး လိုလိုလားလား လုပ်ခဲ့တာပါ”

“ကြည့်ပါဦး… ဘယ်လောက် လိမ္မာတဲ့ ကလေးမလေးလဲ… ယီဖန်က သမီးကို အနိုင်ကျင့်ရဲရင် အမေ့ကိုသာ တိုင်ပြော… သူ့ကို ပညာပေးလိုက်မယ်”

လင်းဇီရှင်း၏ စကားကို ကြားသောအခါ ပိုင်ယွီယိုမှာ သူမအတွက် ပို၍ပင် စိတ်မကောင်း ဖြစ်မိပြီး ၊ ဝူယီဖန်ကို အပြစ်တင်သော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

ဝူယီဖန်မှာ အနေခက်စွာဖြင့် နှာခေါင်းကို ပွတ်သပ်လိုက်မိသော်လည်း ရှိနေသူ အားလုံးကို အလျင်အမြန် ကြည့်လိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။

“အားလုံးပဲ… ကျွန်တော် ဝူယီဖန် ဒီဘဝမှာ လင်းဇီရှင်းကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူးလို့ ကျိန်ဆိုပါတယ်… ဒီကတိကို ဖောက်ဖျက်ခဲ့ရင် ကျွန်တော့်ရဲ့ ကျင့်ကြံမှုအားလုံး ပျက်စီးပါစေ”

ဝူယီဖန်၏ စကားကို ကြားသောအခါ အားလုံး တုန်လှုပ်သွားကြသည်။ ဝူယီဖန်အနေဖြင့် ဤကဲ့သို့ ပြုလုပ်နိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြသလို ရင်ထဲဟက်ထိသွားခဲ့ရသည်။

လင်းဇီရှင်းသည်လည်း ထိုနည်းတူစွာ ခံစားလိုက်ရပြီး ၊ ဝူယီဖန်အပေါ် ကြည့်သည့် သူမ၏ အမြင်မှာ အနည်းငယ် ပြောင်းလဲသွားသည်။

“ ဖေဖေ… မေမေ… ဘာဖြစ်လို့လဲ”

ထိုအချိန်တွင် ဝူတုံက ဝူယီဖန်နှင့် လင်းဇီရှင်းကို ကြည့်ကာ လက်များကို ဆွဲ၍ ရိုးသားစွာ မေးလိုက်သည်။

လင်းဇီရှင်းက ဝူတုံကို ပြုံး၍ ကြည့်လိုက်သည်။

“ဘာမှ မဖြစ်ပါဘူး… ပျော်စရာ ကိစ္စတွေကို တွေးနေလို့ပါ”

“ဖေဖေနဲ့ မေမေ ပျော်ရမယ်နော်… ဖေဖေတို့ မပျော်ရင် သားလည်း မပျော်ဘူး”

ဝူတုံ၏ အလွန် လေးနက်သော စကားများကို ကြားရသောအခါ လင်းဇီရှင်းနှင့် ဝူယီဖန်တို့သည် ခေါင်းညိတ်ပြကာ သဘောတူလိုက်သည် ။

“ကဲ ဝူမိသားစုရဲ့ ဘိုး‌ဘေး တစ်ယောက် အနေနဲ့ ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်ကို လင်မယားအဖြစ် တရားဝင် ကြေညာလိုက်တယ်… သဘောတူကြရဲ့လား”

ထိုအချိန်တွင် ဝူဟောက်သည် မတ်တတ်ထရပ်လိုက်ပြီး ဝူယီဖန်နှင့် လင်းဇီရှင်းကို အလွန် လေးနက်စွာ ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် ဝူဟောက်သည် နတ်ဘုရားတစ်ပါးကဲ့သို့ ခမ်းနားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်ပြသကာ သူ့စကားကို လူတိုင်း ယုံကြည်လက်ခံလာအောင် လုပ်နေသကဲ့သို့ပင်။

ဝူယီဖန်နှင့် လင်းဇီရှင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ၊ သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့ကြားတွင် အချစ်ရှိကောင်း ရှိနိုင်သော်လည်း လက်ထပ်သည့် အဆင့်ထိ ရောက်ရှိရန်မှာ ဝေးလွန်းသေးသည်။သို့သော် သူတို့နှစ်ဦးသည် ကလေးအတွက် ကြိုးစားကြည့်ရန် ဆန္ဒရှိကြသည်။

ထိုအကြောင်းကို တွေးပြီးနောက် ဝူယီဖန်နှင့် လင်းဇီရှင်းတို့ သည် ပြိုင်တူ ပြောလိုက်ကြသည်။

“သဘောတူပါတယ်”

ထိုအချိန်မှစ၍ ဝူယီဖန်နှင့် လင်းဇီရှင်းတို့မှာ တရားဝင် ဇနီးမောင်နှံများ ဖြစ်သွားခဲ့ချေပြီ။ ကိစ္စရပ်များ ပြီးဆုံးသွားပြီးနောက် ဝူဟောက်သည် ဝူတုံ၊ ဝူရှန်းနီနှင့် ဝူမိုဝူတို့ ကျင့်ကြံရန်အတွက် သင့်လျော်သော ကျင့်စဉ်များကို စတင်ရှာဖွေလေသည်။

“ဝူတုံရဲ့ ခန္ဓာကိုယ်က မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာ… ဝူရှန်းနီက သန့်စင်ယန် သူတော်စင်ခန္ဓာ… ဝူမိုဝူက ကောင်းကင်ဝါးမြို နတ်ဆိုးခန္ဓာ… သူတို့အတွက် သင့်လျော်တဲ့ ကျင့်စဉ်မျိုး ရွှမ်ထျန်းကမ္ဘာမှာ ရှိချင်မှ ရှိမှာ… အထက်ဘုံကို သွားရှာမှ ဖြစ်လောက်မယ်… လျှိုထျန်းရွှေအင်မော်တယ် အဆင့်ကို ရောက်တဲ့အထိ စောင့်ပြီးမှ အထက်ဘုံကို သွားရှာရမယ်”

“ဒါ့အပြင် အထက်ဘုံကို မသွားခင် ဝူမုန့်သယ်က ဧကရာဇ်အဖြစ် လေ့ကျင့်ပေးထားတဲ့ ကျွန် ၉၉ ယောက်ကို ခေါ်လာပြီး ဝူမိသားစုကို ကာကွယ်ဖို့ အရိပ်ထဲမှာ ထားခဲ့ရဦးမယ်”

သူတို့သုံးယောက်အတွက် သင့်လျော်သော ကျင့်စဉ်များကို ရှာဖွေခဲ့သော်လည်း ၊ ရှာဖွေမရဖြစ်ပြီးနောက် ဝူဟောက်သည် ဆက်လက် မရှာဖွေတော့ဘဲ အဆင့်တက်ရောက်ရန် စောင့်ဆိုင်းနေလိုက်သည်။

လျှိုထျန်းရွှေအင်မော်တယ် အဆင့်သို့ ရောက်ပြီးနောက် အထက်ဘုံတွင် အစီအမံတစ်ခု ချထားရန် လိုအပ်သဖြင့် သူသည် လျှိုထျန်းရွှေအင်မော်တယ် ဖြစ်လာသည်အထိ စောင့်ပြီးမှ ရှာဖွေတော့မည် ဖြစ်သည်။

ဝူဟောက်သည် ကြာရှည် စောင့်ဆိုင်းစရာ မလိုလိုက်ပေ။ တစ်နှစ်အကြာတွင် ဝူမုန့်သယ်သည် လက်အောက်ငယ်သား ၉၉ ဦးနှင့်အတူ သူ့ရှေ့သို့ ရောက်ရှိလာခဲ့သည်။

“သခင်ကြီး… ဒီ သေမျိုး ၉၉ ယောက်ကို ကျွန်မ ကိုယ်တိုင် ရွေးချယ်ထားတာပါ… သူတို့က သခင်ကြီးအပေါ် လုံးဝ သစ္စာရှိပါတယ်”

ဝူမုန့်သယ်က ဝူဟောက်ကို ကြည့်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ ဝူဟောက်သည် ဝူမုန့်သယ်၏ နောက်တွင် ရပ်နေသော သေမျိုး ၉၉ ယောက်ကို ကြည့်လိုက်၏။ အမျိုးသား၊ အမျိုးသမီးများ ပါဝင်သော်လည်း ခြွင်းချက်မရှိ သူတို့၏ မျက်လုံးများထဲတွင် ဝူဟောက်အပေါ် လေးစားကြည်ညိုမှုနှင့် သစ္စာရှိမှုများ ကိန်းအောင်းနေသည်။

ဝူမုန့်သယ်သည် သူတို့ကို မည်သို့ သစ္စာရှိအောင် လုပ်ခဲ့သည်ကို ဝူဟောက် မသိသလို သိလည်း မသိချင်ပေ။ ဝူမုန့်သယ်အနေဖြင့် သူတို့ကို ထိန်းချုပ်နိုင်သမျှ ကာလပတ်လုံး အဆင်ပြေသည်။

အခန်း ၈၈ - ဝူမိသားစု၏ သီးသန့် မဟာဧကရာဇ်အစောင့်တပ်ဖွဲ့

ဝူဟောက်သည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး သူတို့၏ အနားသို့ လျှောက်သွားလိုက်သည်။

ဝူမုန့်သယ်၏ နောက်မှ သေမျိုး ၉၉ ယောက်သည် ဝူဟောက်ကို ကြည့်နေကြပြီး ၊ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ရိုသေမှုနှင့် သစ္စာတရားများ ပြည့်နှက်နေသည်။

ဝူဟောက်သည် ထိုအရာများကို ဂရုမစိုက်ဘဲ ရိုးရှင်းစွာ ပြောလိုက်သည်။

“ဒီနေ့ကစပြီး မင်းတို့ရဲ့ အသက်တွေကို မင်းတို့မပိုင်တော့ဘူး…. ငါနဲ့ ဝူမိသားစု က ပိုင်ဆိုင်သွားပြီ… ဝူမိသားစုမှာ တစ်စုံတစ်ခု ဖြစ်ခဲ့ရင် မင်းတို့ အသက်ကို လက်လွှတ်ရမယ် ဒါ့အပြင် ဝူမိသားစုအတွက် အချိန်မရွေး စွန့်လွှတ်အနစ်နာခံဖို့ အဆင်သင့် ဖြစ်နေရမယ်… မင်းတို့ ဆန္ဒရှိကြရဲ့လား”

“ဆန္ဒမရှိရင် အခုပဲ ဒီနေရာကနေ ထွက်သွားလို့ ရတယ်”

အသံသည် မကျယ်လောင်သော်လည်း ၊ ယင်း၌ ပြတ်သားမှုကို ခံစားနိုင်သည်။

သေမျိုး ၉၉ ယောက်သည် တုံ့ဆိုင်းခြင်း မရှိဘဲ အော်ဟစ်လိုက်ကြသည်။

“သခင်ကြီး… ဒီနေ့ကစပြီး ကျွန်တော်တို့က ဝူမိသားစုရဲ့ ကျွန်တွေပါ… ဝူမိသားစုကို မထိခင် ကျွန်တော်တို့ကို အရင် ကျော်ဖြတ်သွားရပါလိမ့်မယ်”

“ကောင်းပြီ… မင်းတို့အားလုံး ဆုံးဖြတ်ချက် ချပြီးပြီဆိုတော့ ဒီသွေးဧကရာဇ်ဆေးလုံးက မင်းတို့ကို အချိန်တိုအတွင်း မဟာဧကရာဇ်တွေ ဖြစ်လာအောင် ကူညီပေးလိမ့်မယ်… ဒါ့အပြင် မင်းတို့က ဝူမိသားစုရဲ့ အစောင့်တွေ ဖြစ်လာပြီဆိုတောင် မဟာဧကရာဇ်နဲ့တင် ရပ်မသွားဘူးဆိုတာ ငါ ကတိပေးတယ်”

“တစ်နေ့ကျရင် ငါ့ဝူမိသားစုက အင်မော်တယ်လောကရဲ့ အထွတ်အထိပ်ကို ရောက်တဲ့အခါ မင်းတို့အားလုံး အင်မော်တယ် အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်”

ဝူဟောက်သည် ရည်မှန်းချက်ကြီးသူ ဖြစ်ပြီး ၊ သူ ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် အောက်မှ ကျွန် ၉၉ ယောက်ကို လွှမ်းမိုးသွားရာ ၊ ၎င်းတို့၏ အကြည့်များသည် ပို၍ ပြင်းထန်လာသည်။

မကြာမီ ဝူဟောက်သည် သွေးဧကရာဇ်ဆေးလုံး ၉၉ လုံးကို ထုတ်ယူပြီး ဝူမုန့်သယ်ကို ပေးလိုက်သည်။

“အခုကစပြီး မင်းတို့ သူ့အမိန့်ကို နာခံရမယ်… သူခိုင်းတာ ဘာမဆို လုပ်ရမယ်”

“ဟုတ်ကဲ့ပါ သခင်ကြီး”

အစောင့် ၉၉ ယောက်သည် သံပြိုင် အော်ဟစ်လိုက်ကြသည်။ ဝူဟောက်သည် သွေးဧကရာဇ်ဆေးလုံး ၉၉ လုံးကို ဝူမုန့်သယ်အား ပေးလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဒီနေ့ကစပြီး မင်းက ငါ့ဝူမိသားစု အစောင့်တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်သွားပြီ… ငါ့ဝူမိသားစုရဲ့ လုံခြုံရေးကို အာမခံနိုင်မလား”

“သခင်ကြီး… ဝူမိသားစုရဲ့ လုံခြုံရေးအတွက် ကျွန်မ အသက်ကို ပေးဆပ်ဖို့ ဝန်မလေးပါဘူး”

ဝူမုန့်သယ်သည် ရိုသေလေးစားမှုအပြည့်ဖြင့် ဒူးထောက်လိုက်သည်။

ထိုစကားကို ကြားပြီးနောက် ဝူဟောက်သည် ခေါင်းညိတ်လိုက်ပြီး ဝူမုန့်သယ်ကို ကြည့်ကာ ပြောလိုက်လေသည်။

“ကောင်းပြီ… ဒီက ကိစ္စတွေကို မင်းကို လွှဲခဲ့ပြီ… ဒီအစောင့် ၉၉ ယောက်အတွက် အလုပ်တွေကို မင်း သတ်မှတ်ပေးလို့ ရတယ်… ဒါပေမဲ့ အဓိက အချက်က သူတို့ ကို အပြင်လောကမှာ ပေါ်ထွက်စေလို့မဖြစ်ဘူး… ငါနဲ့ ချောင်ရန်ကလွဲရင် ဝူမိသားစုထဲက ဘယ်သူမှ မင်းတို့ ရှိနေတာကို သိစရာ မလိုဘူး… နားလည်လား”

“ဟုတ်ကဲ့ပါ သခင်ကြီး”

မကြာမီ ဝူဟောက်သည် အရာအားလုံးကို ရှင်းပြပြီးနောက် ထွက်ခွာသွားလေသည်။ ဝူမုန့်သယ်သည် ဝူဟောက် ထွက်ခွာသွားသည်ကို ကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။

“သခင်ကြီး… ကျွန်မ သခင်ကြီးကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ပါဘူး… လုံးဝ မလုပ်ဘူး”

ဝူဟောက်သည် စုချောင်ရန်၏ ဘေးနားသို့ ပြန်သွားကာ ဧကရာဇ်အစောင့်တပ်ဖွဲ့အကြောင်း ပြောပြပေးခဲ့သည်။

စုချောင်ရန်သည် ခေါင်းညိတ်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ဝူဟောက်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ၊ သူမသည် စကားပြောရန် ဆုံးဖြတ်လိုက်၏။

“ယောကျ်ား… ရှင်က တကယ်ပဲ အသက် တစ်ရာကျော်ပဲ ရှိသေးတာလား”

“အင်း… ဘာဖြစ်လို့လဲ”

ဝူဟောက်သည် ဇဝေဇဝါဖြင့် ခေါင်းညိတ်လိုက်သည်။

“ဘာမှ မဟုတ်ပါဘူး….. ကျွန်မက ရှင့်အတွက် မကောင်းဘူးလို့ ထင်လို့ပါ …ကျွန်မက အသက် တစ်ရာကျော်နေပြီ… ဒါပေမဲ့ သူတော်စင်ဘုရင် အလယ်အလတ်အဆင့်ပဲ ရှိသေးတယ်”

စုချောင်ရန်သည် ဤအခိုက်အတန့်တွင် အနည်းငယ် သိမ်ငယ်နေမိသည်။ သူမသည် အသက် တစ်ရာကျော်ဖြင့် သူတော်စင်ဘုရင် အလယ်အလတ်အဆင့်သို့ ရောက်ရှိခဲ့သည့်အပေါ် ဂုဏ်ယူနေမိသော်လည်း ၊ သို့သော် သူမ၏ ခင်ပွန်းဖြစ်သူမှာ အသက် တစ်ရာကျော်ဖြင့် မဟာဧကရာဇ်တစ်ပါး ဖြစ်နေကြောင်း သိလိုက်ရချိန်တွင် သူမ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုသည် လုံးဝ ပျက်စီးသွားခဲ့သည်။

ဇနီးဖြစ်သူ၏ သိမ်ငယ်စိတ်ကို ခံစားမိသော ဝူဟောက်သည် သူမကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

“ မင်းက ငါ့အတွက် မကောင်းဘူးလို့ ဘယ်သူက ပြောလဲ… ရွှမ်ထျန်းကမ္ဘာတစ်ခုလုံးမှာ မင်းကလွဲပြီး ငါနဲ့ ထိုက်တန်တဲ့သူ မရှိဘူး… အချစ်ဆိုတာ လူနှစ်ယောက်ရဲ့ လက်တွေ့ဘဝတွေနဲ့ မဆိုင်ပါဘူး… လက်တွေ့ဘဝတွေနဲ့သာ ဆိုင်မယ်ဆိုရင် အားနည်းသူနဲ့ အားကြီးသူ အတူရှိမနေသင့်ဘူးပေါ့”

“ အဲ့တော့ အရမ်းကြီး တွေးမနေပါနဲ့… ဒီဘဝမှာ ငါချစ်တာ မင်းတစ်ယောက်တည်းပါ”

“အင်း…”

ဝူဟောက်၏ စကားကို ကြားပြီးနောက် စုချောင်ရန်သည် ပျော်ရွှင်သွားပြီး ခေါင်းညိတ်လိုက်သည်။

သို့သော် ထိုအချိန်တွင် ဝူဟောက်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး စုချောင်ရန်ကို စကားတစ်ခွန်း ပြောကာ ထွက်ခွာသွားလေသည်။ စုချောင်ရန်မှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်‌နေခဲ့သည် ။

သို့သော် အလွန်လျင်မြန်စွာပင်၊ မိနစ်အနည်းငယ် ကြာပြီးနောက် ဝူဟောက်သည် ပြန်ရောက်လာခဲ့သည်။

“ယောကျ်ား… ဘာဖြစ်လို့လဲ”

“ဘာမှ မဟုတ်ပါဘူး… နည်းနည်းလေး အဆင့်တက်လိုက်တာပါ”

ဝူဟောက်၏ အလွန် တည်ငြိမ်သော စကားများသည် စုချောင်ရန်၏ ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်ထားသော ယုံကြည်မှုကို နောက်တစ်ကြိမ် ရိုက်ချိုးပစ်ခဲ့သည်။ သူမ ဆုံးဖြတ်ချက် ချလိုက်သည်။ သူမအနေဖြင့် ကောင်းကောင်း ကျင့်ကြံပြီး ၊ အဓိပတိအဆင့်သို့ အမြန်ဆုံး ရောက်အောင် ကျင့်ကြံရမည်။ မဟုတ်ဘူး… မဟာဧကရာဇ်အဆင့်ထိ ရောက်အောင် ကျင့်ကြံရပေမည်။

ထိုအချိန်တွင် ဝူဟောက်သည် လျှိုထျန်းရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ၊ ဝူမိသားစုတွင် ယခုအခါ ဝူယီဖန်သာမက ဝူယိတောက်၊ ဝူလီနှင့် ကံတရားသားတော် သုံးဦးတို့က ဝူဟောက်ကို တုံ့ပြန်မှုများ ပေးစွမ်းနေကြပြီး ဝူရူလုံနှင့် အခြားသူများကလည်း တုံ့ပြန်မှုများ ပေးနေကြသည်။

၎င်းတို့သည် ဝူယီဖန်နှင့် အခြား ကံတရားသားတော်များလောက် မပေးစွမ်းနိုင်သော်လည်း သို့သော် အနည်းငယ်ချင်းစီ အထောက်အကူ ပြုနေသည်။ ဤသို့ဖြင့် ဝူဟောက်သည် နောက်ဆုံးတွင် လျှိုထျန်းရွှေအင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး အင်မော်တယ် ဖြစ်ကြောင်း တရားဝင် သက်သေပြနိုင်ခဲ့သည်။

“လျှိုထျန်းရွှေအင်မော်တယ်က တကယ်ပဲ ယုံနိုင်စရာမရှိအောင် စွမ်းအားကြီးတာပဲ… ရွှမ်ထျန်းကမ္ဘာတစ်ခုလုံးကို တစ်ချက်တည်းနဲ့ အလွယ်တကူ ဖျက်ဆီးပစ်နိုင်မယ်လို့ ခံစားနေရတယ်… ဒါပေမဲ့ ရွှမ်ထျန်းကမ္ဘာမှာ ထူးဆန်းတာတချို့ ရှိနေသလိုပဲ”

ရွှေအင်မော်တယ် အဆင့်တွင် ရှိစဉ်က ၊ ဝူဟောက်သည် မူမမှန်သော အခြေအနေများကို မတွေ့ခဲ့ရသော်လည်း သို့သော် လျှိုထျန်းရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိပြီးနောက် ရွှမ်ထျန်းကမ္ဘာတွင် ထူးဆန်းသော အရာတချို့ ရှိနေကြောင်း ဝေဝေဝါးဝါး အာရုံခံစားမိခဲ့သည်။

သို့သော် ဝူဟောက်သည် သေချာ စဉ်းစားကြည့်သောအခါ ဤအရာမှာ ပုံမှန်ဖြစ်သည်ဟု ယူဆလိုက်သည်။ ပုံမှန်အခြေအနေအောက်တွင် နေရာတစ်ခုစီ၌ ကံတရားသားတော် တစ်ဦးသာ ပေါ်ထွက်လေ့ ရှိသော်လည်း ၊ သို့သော် ဝူမိသားစုတွင် ယခုအခါ စုစုပေါင်း ကံတရားသားတော် ငါးဦး ရှိနေပြီ ဖြစ်သည်။ ရွှမ်ထျန်းကမ္ဘာသည် သာမန်ကမ္ဘာတစ်ခု ဖြစ်သည်ဟု မည်သူကမှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

“ဒါပေမဲ့ အဲဒီ ထူးဆန်းတဲ့ နေရာတွေမှာ ဘာလှုပ်ရှားမှုမှ မရှိသေးဘူး… ယီဖန်နဲ့ တခြားသူတွေ ဖြေရှင်းဖို့ စောင့်ရမယ် ထင်တယ်… ဘိုးဘေး တစ်ယောက်အနေနဲ့ ငါ စိတ်ပူစရာ မလိုသေးဘူး… သူတို့ တောင့်မခံနိုင်တော့တဲ့ အချိန်ကျမှ ငါဝင်ပြီး ဖြေရှင်းပေးလိုက်မယ်”

ဝူဟောက်သည် ထိုအရာများနှင့်ပတ်သတ်၍ လျစ်လျူရှုလိုက်သည်။ သူသည် ကံတရားသားတော်များ ကြုံတွေ့ရမည့် အရာများကို ကြားကနေ ဝင်ရောက်စွက်ဖက်ကာ ဖယ်ရှားပေးလိုက်ခြင်းသည် ၎င်းတို့၏ ကြီးထွားမှုကို အဟန့်အတား ဖြစ်စေရုံသာ ရှိသည်။ သူသည် နောက်မှ ပံ့ပိုးပေးပြီး ၎င်းတို့အနေဖြင့် တောင့်မခံနိုင်တော့မှသာလျှင် ဝင်ရောက်စွက်ဖက်ခြင်းက ပိုကောင်းပေမည်။

ယခု သူသည် လျှိုထျန်းရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိပြီ ဖြစ်ရာ ၊ အထက်ဘုံသို့ သွားရန် အချိန်တန်ချေပြီ။ ဝူရှန်းနီနှင့် ဝူမိုဝူတို့၏ ကျင့်စဉ်များအတွက် အချိန်ရှိသေး၏။ သူတို့နှစ်ဦးစလုံးသည် မွေးဖွားခါစ ကလေးအရွယ်မျှသာ ရှိသေးပြီး အသက် ရှစ်နှစ်အရွယ်ရောက်မှ ကျင့်ကြံနိုင်မည် ဖြစ်ရာ ထိုအချိန်ထိ ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ရန် လိုအပ်သည်။

သို့သော် ဝူတုံသည် သုံးနှစ်အတွင်း ကျင့်ကြံခြင်းကို စတင်တော့မည် ဖြစ်ရာ သူ့အတွက် ကျင့်စဉ်ကို အမြန်ဆုံး စီစဉ်ပေးရန် လိုအပ်သည်။ မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာကိုယ်နှင့် တွဲဖက်ရမည့် ကျင့်စဉ်ကို ပေါ့ပေါ့တန်တန် ရွေးချယ်လို့ မဖြစ်ချေ။

မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာသည် စွမ်းအားကြီးမားပြီး မည်သည့် ကျင့်စဉ်ကိုမဆို အလွန် မြန်ဆန်သော အရှိန်အဟုန်ဖြင့် ကျင့်ကြံနိုင်သော်လည်း ခန္ဓာကိုယ်နှင့် အကိုက်ညီဆုံး ကျင့်စဉ်ကို ရှာဖွေခြင်းက အသင့်လျော်ဆုံး ဖြစ်ပေမည်။

ထိုအကြောင်းကို တွေးပြီးနောက် ဝူဟောက်သည် စုချောင်ရန်ကို ကြည့်ကာ တီးတိုး ပြောလိုက်သည်။

“ချစ်ရေ… ကိုယ် ဝူမိသားစုကနေ ခဏလောက် ထွက်သွားရမယ် ထင်တယ်”

All Chapters