← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း ၈၉ - အထက်ဘုံက သတ္တုကို တူးရမယ်

“ရှင် ဘယ်သွားမလို့လဲ”

ဝူဟောက်သည် ခဏလောက် ထွက်ခွာစရာရှိသေးသည်ဟု ပြောလာသဖြင့် စုချောင်ရန်သည် ဝူဟောက်၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ စိုးရိမ်တကြီး ကြည့်လိုက်သည်။

သူမ နားလည်ထားသလောက် ၊ ဝူဟောက်သည် သူမကိုပါ တစ်ပါးတည်း ခေါ်ဆောင်မသွားနိုင်သောကြောင့်သာ ဤစကားမျိုး ပြောလာခြင်း ဖြစ်သည်။

ဝူဟောက်သည် စုချောင်ရန်၏ ဆံပင်များကို ညင်သာစွာ သပ်ပေးရင်း ပြောလိုက်သည်။

“ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး… ဝူတုံ၊ ရှန်းနီနဲ့ မိုဝူတို့အတွက် ကျင့်စဉ်တွေ သွားရှာမလို့ပါ… ဒါကြောင့် အချိန်နည်းနည်း ကြာလိမ့်မယ်… စိတ်မပူနဲ့… လေးနှစ်ထက် ပိုမကြာပါဘူး… ကိုယ် ပြန်လာရင် မင်းနဲ့အတူ သူတော်စင်လေးပါး ပြိုင်ပွဲကို တတ်ရောက်မယ်လို့ ကတိပေးတယ်”

ဝူဟောက်သည် ထပ်ခါတလဲလဲ အာမခံနေသော်လည်း၊ စုချောင်ရန်မှာ စိတ်ပူနေဆဲ ဖြစ်ပြီး အဆုံးတွင် သဘောတူလိုက်ရသည်။

“ရှင် သတိထားရမယ်နော်… ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့လုံခြုံရေးက ပထမပဲ… နားလည်လား”

“ကောင်းပါပြီ… ကိုယ် နားလည်ပါတယ်”

ဝူဟောက်သည် ခေါင်းညိတ်လိုက်ပြီး စုချောင်ရန်၏ မှာကြားချက်များကို နှလုံးသွင်းလိုက်သည်။ ထို့နောက် သူသည် စုချောင်ရန်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

နောက်အခိုက်အတန့်တွင် ဝူဟောက်သည် ဝူမုန့်သယ်နှင့် အခြားသူများ၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။

“သခင်ကြီး”

ဝူဟောက် ပေါ်လာသည်ကို မြင်သောအခါ ဝူမုန့်သယ်သည် ချက်ချင်း ဒူးတစ်ဖက်ထောက်လိုက်ပြီး အခြား အစောင့် ၉၉ ယောက်ကလည်း ထိုနည်းတူစွာ ပြုလုပ်လိုက်ကြသည်။

ဝူဟောက်သည် ခေါင်းညိတ်လိုက်သည်။ သုံးရက်မပြည့်မီ အချိန်အတွင်း ၊ အစောင့် ၉၉ ယောက်သည် သွေးဧကရာဇ်ဆေးလုံးကို မျိုချပြီးနောက် ဧကရာဇ်အစစ်( မဟာဧကရာဇ်)များ ဖြစ်လာကြပြီ ဖြစ်သည်။

“ငါ ရွှမ်ထျန်းကမ္ဘာကနေ ခဏလောက် ထွက်သွားရဦးမယ်… ဒီအချိန်အတွင်း ဝူမိသားစုကို ကာကွယ်ထား… ဝူမိသားစုမှာ တစ်စုံတစ်ခု ဖြစ်ခဲ့ရင် မင်းဘာလုပ်ရမယ်ဆိုတာ သိမှာပါ “

ဝူဟောက်သည် သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောလိုက်သည်။

ထိုစကားကို ကြားသည်နှင့် ဝူမုန့်သယ်သည် လေးနက်သော အမူအရာဖြင့် ပြန်ပြောလိုက်၏။

“သခင်ကြီး… စိတ်ချပါ… ဝူမိသားစုမှာ တစ်စုံတစ်ခု ဖြစ်ခဲ့ရင် ကျွန်မ ကိုယ့်အသက်ကို စွန့်လွှတ်ပါ့မယ်”

“အင်း…”

ရှင်းပြပြီးနောက် ဝူဟောက်သည် ဝူမိသားစုအတွင်း တာအိုအစီအမံ အများအပြား ချန်ထားခဲ့သည်။ ရွှေအင်မော်တယ် အဆင့် စွမ်းအားရှင် တစ်ဦး ရောက်လာလျှင်ပင် ဝူမိသားစုကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

အရာအားလုံးကို လုပ်ဆောင်ပြီးနောက် ဝူဟောက်သည် သူ့ရှေ့မှ ဟင်းလင်းပြင်ကို ဂရုတစိုက် အာရုံခံလိုက်ပြီး ဆွဲဖြဲကာ ရွှမ်ထျန်းကမ္ဘာမှ ပျောက်ကွယ်သွားလေသည်။

ဝူဟောက်သည် ဟင်းလင်းပြင် အက်ကွဲကြောင်း၏ အခြားတစ်ဖက်၌ ပေါ်ထွက်လာချိန်တွင် သူသည် အထက်ဘုံသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

“ဒါက အထက်ဘုံလား”

ခဏတာ တွေ့ကြုံခံစားပြီးနောက် ဝူဟောက်သည် အထက်ဘုံတွင် ရွှမ်ထျန်းကမ္ဘာ၌ မရှိသော စွမ်းအင်တစ်ခုကို အာရုံခံမိလိုက်သည်။ ထိုအရာကို အင်မော်တယ်ချီ ဟု ခေါ်သည်။

ထို့အပြင် အထက်ဘုံ၏ ဝိညာဉ်ချီ သိပ်သည်းဆမှာ ရွှမ်ထျန်းကမ္ဘာထက် သိသိသာသာ မြင့်မားလေသည်။ ထို့ကြောင့် အထက်ဘုံတွင် မွေးဖွားသူများအတွက် ဧကရာဇ်အဆင့်သို့ တက်လှမ်းခြင်းသည် လုံးဝ မခက်ခဲပေ။ အမှန်အားဖြင့် အထက်ဘုံတွင် ဧကရာဇ်ဆိုသည်မှာ အစပြုခြင်းသာ ဖြစ်သည်ဟု ဆိုနိုင်သည်။

“ကောင်းပြီ… အနီးအနားက ဂိုဏ်းတစ်ခုလောက် ရှာပြီး အထက်ဘုံအကြောင်း စုံစမ်းကြည့်ရမယ်”

လျှိုထျန်းရွှေအင်မော်တယ်၏ ဝိညာဉ်အာရုံသည် ဝူဟောက်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်လျှောက် ပျံ့နှံ့သွားပြီး ၊ ၎င်းသည် ရွှမ်ထျန်းကမ္ဘာ သောင်းချီစာရှိသော ဧရိယာကို လွှမ်းခြုံသွားကာ သင့်လျော်သော ဂိုဏ်းတစ်ခုကို လျင်မြန်စွာ ရှာတွေ့နိုင်ခဲ့သည်။

အတွေးတစ်ချက်ဖြင့် ခြေတစ်လှမ်း လှမ်းလိုက်ရာ ၊ ဝူဟောက်သည် စက္ကန့်ပိုင်းအတွင်း ထိုဂိုဏ်း၏ ရှေ့သို့ ရောက်ရှိသွားသည်။

ချီလျန်ဂိုဏ်း။

သူ့ရှေ့မှ ချီလျန်ဂိုဏ်း၏ အသန်မာဆုံးသူမှာ ရွှေအင်မော်တယ် ကနဦးအဆင့်သာ ရှိကြောင်း အာရုံခံမိပြီးနောက် ဝူဟောက်သည် ဂိုဏ်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထိုအချိန်တွင် ချီလျန်ဂိုဏ်း အတွင်း၌ ၊ ဂိုဏ်းချုပ်၏ ရှေ့တွင် အစစ်အမှန်အင်မော်တယ် နှောင်းပိုင်းအဆင့်ရှိသော အကြီးအကဲတစ်ဦး က ကိစ္စအချို့ကို လျှောက်တင်နေသည်။

“ဂိုဏ်းချုပ်… လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း ကျွန်တော်တို့ ချီလျန်ဂိုဏ်းက ထိန်းချုပ်ထားတဲ့ အောက်ဘုံက ကျင့်ကြံသူတွေဟာ အရေအတွက်အားဖြင့် အယောက် သုံးရာလောက်ပဲ တက်လာနိုင်သေးတယ်… တက်လှမ်းလာသူတွေ နည်းပါးလာတာနဲ့အမျှ အင်မော်တယ် သလင်းကျောက် သတ္တုတွင်းကနေ တူးဖော်ရရှိတဲ့ ပမာဏကလည်း သိသိသာသာ လျော့ကျလာပါတယ်… ဒီအတိုင်းသာ ဆက်သွားရင် ကျွန်တော်တို့ ချီလျန်ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်ပါတယ်”

ထိုစကားကို ကြားသောအခါ ချီလျန်ဂိုဏ်းချုပ်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ အထက်ဘုံ မှ အင်အားစုများသည် အောက်ဘုံမှ တတ်လှမ်းလာသော ကျင့်ကြံသူများကို တတ်လှမ်းလာရာ ဂိတ်ပေါက်အနီးတွင် စောင့်ဆိုင်းပြီး ဖမ်းဆီးလေ့ ရှိကြသည်။

အောက်ဘုံမှ တက်လှမ်းလာသော လူသားအင်မော်တယ်များကို သတ္တုတူးဖော်ရာတွင် အသုံးပြုနေကြသည်မှာ အထက်ဘုံ၌ လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်နေပြီး အထူးအဆန်း မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ၊ ကျင့်ကြံမှု နိမ့်ပါးသူများသည် အင်မော်တယ် သလင်းကျောက်များကို တူးဖော်နိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် အောက်ဘုံမှ တက်လှမ်းလာသော လူသားအင်မော်တယ်များသည် သတ္တုတူးဖော်ရန်အတွက် အသင့်တော်ဆုံး ဖြစ်သည်။

မှန်၏။ သို့ဆိုတောင် သူတို့ကို သေသည်အထိ ခိုင်းစေခြင်းမျိုးတော့ မဟုတ်ပေ။ ချီလျန်ဂိုဏ်းသည် သူတို့၏ အင်မော်တယ်သလင်းကျောက် သတ္တုတွင်းတွင် နှစ်ပေါင်း တစ်သိန်းခန့် အလုပ်အကျွေးပြုပြီးသည်နှင့် ထွက်ခွာခွင့် ပြုလေ့ရှိသည်။ လူသားအင်မော်တယ်များအတွက် နှစ်ပေါင်း တစ်သိန်း ဆိုသည်မှာ သာမန်လူတစ်ယောက်၏ ငါးနှစ်ခန့်သာ ရှိသည်။

ထို့ကြောင့် ချီလျန်ဂိုဏ်း၏ လက်ထဲတွင် အသက်ရှင်ရပ်တည်နိုင်ရန်အတွက် သူတို့အနေဖြင့် မည်မျှပင် ဒေါသထွက်စေကာမူ သဘောတူလိုက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိကြပေ။

အောက်ဘုံမှ တက်လှမ်းလာသူ မလုံလောက်ပါက ၊ အချို့ကို စုဆောင်းရုံသာ ရှိတော့သည်။ သတ္တုတူးဖော်ခြင်းသည် တစ်နေ့လျှင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ရရှိစေပြီး ၊ ကျင့်ကြံသူ တစ်ဦးကို အဓိပတိအဆင့်မှ ဧကရာဇ်တပိုင်း အဆင့်သို့ တက်လှမ်းရန် လုံလောက်သည်။

သက်ပြင်းချလိုက်ပြီးနောက် ၊ ချီလျန်ဂိုဏ်းချုပ်သည် ထိုသို့ အမိန့်ပေးလိုက်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။

အကြီးအကဲသည် သဘောတူချက်ရယူပြီးနောက် ထွက်ခွာသွားသည်။ အကြီးအကဲ ထွက်သွားပြီး မကြာမီမှာပင် အရှိန်အဝါကို ဖုံးကွယ်ထားသော ဝူဟောက်သည် ချီလျန်ဂိုဏ်းချုပ်၏ အခန်းထဲတွင် ပေါ်ထွက်လာခဲ့သည်။

“ဘယ်သူလဲ”

ချီလျန်ဂိုဏ်းချုပ်သည် မလှမ်းမကမ်းတွင် ရှိနေသော ဝူဟောက်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် လန့်ဖျပ်သွားသည်။

ရွှေအင်မော်တယ် အဆင့်ရှိသော သူ့ကိုပင် သတိမထားမိစေဘဲ ချဉ်းကပ်လာနိုင်သည်။ ထိုလူ၏ ကျင့်ကြံမှုအဆင့်မှာ မည်မျှရှိလေသနည်း။

ဝူဟောက်သည်လည်း အံ့အားသင့်နေသည်။ အထက်ဘုံ၏ အင်အားစုများသည် တတ်လှမ်းလာရာ ဂိတ်ပေါက်အနီးတွင် ပုန်းအောင်း စောင့်ဆိုင်းကာ အောက်ဘုံမှ တက်လှမ်းလာသော ကျင့်ကြံသူများကို ဖမ်းဆီး၍ သတ္တုတူးခိုင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သို့သော်လည်း ဤကိစ္စသည် သူနှင့် မဆိုင်ချေ။သူသည် အထက်ဘုံသို့ ရောက်လာစဉ်က ၊ ရွှမ်ထျန်းကမ္ဘာ၏ တက်လှမ်းလာရာဂိတ်ပေါက် အနီးတွင် မည်သူမျှ စောင့်ဆိုင်းနေခြင်း မရှိသည်ကို သတိပြုမိခဲ့သည်။

ရွှမ်ထျန်းကမ္ဘာ၏ ဧကရာဇ်စည်းမျဉ်း ပျောက်ဆုံးသွားပြီးနောက် အထက်ဘုံသို့ တတ်လှမ်းလာသူ မရှိသည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်ပေလိမ့်မည်။ အထက်ဘုံ ရှိ အင်အားစုများသည် ရွှမ်ထျန်းကမ္ဘာသည် ပျက်စီးသွားပြီဟု ယူဆထားကြပုံရပြီး ၊ ထို့ကြောင့် တတ်လှမ်းလာရာ ဂိတ်ပေါက်တွင် လူချထားခြင်း မရှိကြပေ။

ဝူဟောက်သည် ခေါင်းခါလိုက်ပြီး ၊ နောက်ထပ် မေးခွန်းများကို မမေးတော့ချေ။ ယင်းအစား သူသည် ချီလျန်ဂိုဏ်းချုပ်ကို ကြည့်ကာ အက်ရှရှလေသံဖြင့် ပြောလိုက်သည်။

“ငါ မင်းကို မေးစရာရှိတယ်… မင်း ပူးပေါင်းဆောင်ရွက်ရင် ရပြီ… ငါ မင်းကို အခက်တွေ့အောင် မလုပ်ဘူး”

“ လူကြီးမင်း… ပြောပါ”

ထိုစကားကို ကြားသည်နှင့် ချီလျန်ဂိုဏ်းချုပ်သည် အလျင်အမြန် ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူသည် ဝူဟောက်၏ ပြိုင်ဘက် မဟုတ်ကြောင်း သူကိုယ်တိုင်လည်း သိထားသည်။ လိမ္မာပါးနပ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းက အသက်ရှင်ရန် အခွင့်အလမ်း ရှိပေလိမ့်မည်။

“ငါသိချင်တာက အထက်ဘုံရဲ့ အခြေအနေနဲ့ မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာ၊ သန့်စင်ယန် သူတော်စင်ခန္ဓာ နဲ့ ကောင်းကင်ဝါးမြို နတ်ဆိုးခန္ဓာတွေအတွက် သီးသန့် ကျင့်စဉ်တွေကို အထက်ဘုံရဲ့ ဘယ်နေရာမှာ ရနိုင်မလဲ ဆိုတာပဲ”

ဝူဟောက်သည် အက်ရှရှလေသံဖြင့် ပြောလိုက်သည်။ ထိုစကားကို ကြားသည်နှင့် ချီလျန်ဂိုဏ်းချုပ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် အထက်ဘုံ၏ လက်ရှိ အခြေအနေ အားလုံးကို တွန့်ဆုတ်ခြင်း မရှိ ထုတ်ဖော်ပြောပြလိုက်သည်။

ချီလျန်ဂိုဏ်းချုပ် သိထားသော အချက်အလက်များသည် သိပ်အများကြီး အသုံးမဝင်လှပေ။ သူ့ထံမှ ဝူဟောက် သိလိုက်ရသည်မှာ လက်ရှိ အထက်ဘုံသည် ရွှမ်ထျန်းကမ္ဘာကဲ့သို့ပင် နယ်မြေငါးခု ခွဲခြားထားသည်။

ဤနယ်မြေငါးခုကို မြင့်မြတ်နယ်မြေ တစ်ခုစီက ထိန်းချုပ်ထားသည်။ ၎င်းတို့မှာ ဓာတ်ကြီးငါးပါး မြင့်မြတ်နယ်မြေ၊ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၊ အချိန်နှင့် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ၊ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ နှင့် နတ်ဘုရားဆန့်ကျင်ခြင်းမြင့်မြတ်နယ်မြေ တို့ ဖြစ်ကြသည်။

ဤမဟာမြင့်မြတ်နယ်မြေ ငါးခု၏ သခင်မြတ်များသည် အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့် ရှိသော စွမ်းအားရှင်ကြီးများ ဖြစ်ကြသည်။

မဟာမြင့်မြတ်နယ်မြေ ငါးခုအကြောင်း ပြောပြချိန်တွင် ချီလျန်ဂိုဏ်းချုပ်၏ မျက်လုံးများထဲတွင် အားကျမှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်နိုင်သည်။

“ဒီမဟာမြင့်မြတ်နယ်မြေ ငါးခုကို တည်ထောင်ခဲ့သူတွေ အားလုံးက အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့်ရှိတဲ့ စွမ်းအားရှင်ကြီးတွေပဲ… ဒါပေမဲ့ ကံမကောင်းစွာနဲ့ ဖြစ်ရပ်တချို့ကြောင့် အားလုံး ပျောက်ကွယ်သွားကြတယ်”

“ဒါကြောင့် လက်ရှိ အထက်ဘုံမှာ အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့် စွမ်းအားရှင် မရှိတော့ဘူး… အသန်မာဆုံးဆိုလို့ မဟာသခင်မြတ် ငါးပါး ဖြစ်ပြီး သူတို့အားလုံးက အင်မော်တယ်ဧကရာဇ် နှောင်းပိုင်းအဆင့်ရှိတဲ့ စွမ်းအားရှင်တွေပဲ”

စကားအဆုံးတွင် ချီလျန်ဂိုဏ်းချုပ်သည် စိတ်ပျက်သွားသော အရိပ်အယောင်အချို့ကို ထုတ်ဖော်ပြသခဲ့သည်။ ဤသည်မှာ သူနှင့် သက်ဆိုင်သော ပြဿနာ မဟုတ်သော်လည်း၊ သို့သော် အထက်ဘုံတွင် အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင် တစ်ဦး ထွက်ပေါ်လာသည်ကို မြင်တွေ့လိုပုံရသည်။

ထိုစကားကို ကြားပြီးနောက် ဝူဟောက်၏ မျက်နှာထားမှာ လေးနက်သွားသည်။ အင်မော်တယ်ဧကရာဇ်ကို သူ၏ လက်ရှိအင်အားဖြင့် ရင်ဆိုင်ပါက သေချာပေါက် ကျရှုံးပေလိမ့်မည်။

ကောင်းကင်ဧကရာဇ်၏ လမ်းစဉ်တစ်သောင်း ကျမ်းစာ၏ အထောက်အပံ့ ရှိသော်လည်း ၊ သို့သော် သူတို့ကြားမှ ကွာဟချက်ကို ကျော်လွှားနိုင်လိမ့်မည် မဟုတ်ပေ။

သူသည် အင်မော်တယ်ဧကရာဇ် ဖြစ်လာရန် အဆင့်လေးဆင့် လိုသေးသည်။ အင်မော်တယ်ဘုရင်၊ အင်မော်တယ်သခင် နှင့် အင်မော်တယ်အရှင်မြတ်အဆင့်တို့ပင် ဖြစ်သည်။ အစွမ်းထက်ဆုံး ကျင့်စဉ်များပင်လျှင် ဤကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်။

( T/ N - မဟာဧကရာဇ်နောက်ပိုင်းအဆင့်များ

လူသားအင်မော်တယ် ၊ အစစ်အမှန်အင်မော်တယ် ၊ ရွှေအင်မော်တယ် ၊ လျိုထျန်းအင်မော်တယ် ၊ အင်မော်တယ်ဘုရင်၊ အင်မော်တယ်သခင် ၊ အင်မော်တယ်အရှင်မြတ် ၊ အင်မော်တယ်ဧကရာဇ်အဆင့် )

သူသည် လက်ရှိတွင် လျှိုထျန်းရွှေအင်မော်တယ် ကနဦးအဆင့်သာရှိသေပြီး ၊ တကယ်တန်း တိုက်ခိုက်ကြမည် ဆိုပါက အင်မော်တယ်ဘုရင်ကိုသာ ကပ်သီလေး အနိုင်ယူနိုင်မည် ဖြစ်သည်။

အခန်း ၉၀ - တောင်းပန်တယ်… မင်းသိတာတွေက များလွန်းနေပြီ

နောက်ပိုင်းတွင် ဝူဟောက်သည် ချီလျန်ဂိုဏ်းချုပ်ထံမှ လက်ရှိ အထက်ဘုံတွင် အင်မော်တယ်ဧကရာဇ် တစ်ရာကျော် ရှိကြောင်း သိလိုက်ရသဖြင့် မိမိ၏ အင်အားကို သိုသိပ်စွာ တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။

“ လက်ရှိ ငါ့အင်အားနဲ့ဆိုရင် သိုသိုသိပ်သိပ် နေဖို့ လိုသေးတယ်… အနည်းဆုံးတော့ ငါ အင်မော်တယ်ဧကရာဇ် ဖြစ်တဲ့အထိ စောင့်ပြီးမှ ဝူမိသားစုကို အထက်ဘုံမှာ လူသိရှင်ကြား ဖြစ်လာအောင် လုပ်ရမယ်… မဟုတ်ဘူး… အင်မော်တယ်ဧကရာဇ် အဆင့်လောက်နဲ့ အရာအားလုံးကို ကိုင်တွယ်ဖို့ မလုံလောက်ဘူး… အင်မော်တယ်ဧကရာဇ် အထက်ကို ရောက်အောင် အရင် ကျင့်ကြံရမယ်”

ဝူဟောက်သည် စိတ်ထဲတွင် ထိုသို့ တွေးလိုက်မိသည် ။ သို့သော် သူသည် အင်မော်တယ်ဧကရာဇ် အဆင့်ထိ မကျင့်ကြံရသေးသော အကြောင်းရင်းကြောင့်လော သို့မဟုတ် ထိန်းချုပ်မရသော အကြောင်းရင်း (စာရေးသူ) ကြောင့်လော အတပ်မပြောနိုင်သော်လည်း ၊ အင်မော်တယ်ဧကရာဇ် အထက်ရှိ နယ်ပယ်သည် မည်သည့်အရာ ဖြစ်သည်ကို သူ မသိပေ။

အထက်ဘုံအကြောင်း ယေဘုယျ ရှင်းပြပြီးနောက် ချီလျန်ဂိုဏ်းချုပ်သည် ဝူဟောက်ကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“စီနီယာ… အကယ်၍ စီနီယာက မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာ၊ သန့်စင်ယန် သူတော်စင်ခန္ဓာ နဲ့ ကောင်းကင်ဝါးမြို နတ်ဆိုးခန္ဓာတို့နဲ့ အသင့်လျော်ဆုံး ကျင့်စဉ်တွေကို လိုချင်တယ် ဆိုရင်တော့ ရူဖုန်း နားနေဆောင်ကို သွားဝယ်ဖို့ အကြံပြုလိုပါတယ်… စျေးမှန်မှန် ပေးနိုင်သရွေ့ သူတို့က ဘာမဆို ရှာပေးနိုင်ပါတယ်”

ချီလျန်ဂိုဏ်းချုပ်ထံမှ ရူဖုန်း နားနေဆောင် ဟူသော အမည်ကို ကြားလိုက်ရသောအခါ ဝူဟောက်သည် မျက်မှောင်ကြုတ်လိုက်သည်။

တိုက်ဆိုင်မှုများလား မသိနိုင်သော်လည်း ၊ အလယ်ပိုင်းဒေသတွင်လည်း ရူဖုန်း နားနေဆောင် ဟူ၍ တစ်ခုရှိသည်။

သို့သော် ဝူဟောက်သည် ရွှမ်ထျန်းကမ္ဘာရှိ ရူဖုန်း နားနေဆောင်သို့ သွားရောက် မေးမြန်းခဲ့ဖူးသော်လည်း ၊ ကံမကောင်းစွာဖြင့် ထိုရူဖုန်း နားနေဆောင်တွင် မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာ၊ သန့်စင်ယန် သူတော်စင်ခန္ဓာ သို့မဟုတ် ကောင်းကင်ဝါးမြို နတ်ဆိုးခန္ဓာတို့အတွက် ကျင့်ကြံရန် သင့်တော်သည့် ကျင့်စဉ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို တစ်စုံတစ်ရာမှ မရရှိခဲ့ပေ။

“ကောင်းပြီ… ငါ နားလည်ပြီ”

ဝူဟောက် သည် ခေါင်းညိတ်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

သူသည် လက်ရှိတွင် အထက်ဘုံ၏ တောင်ပိုင်းဒေသ၌ ရှိနေပြီး အထက်ဘုံ၏ ရူဖုန်း နားနေဆောင်မှာ အလယ်ပိုင်းဒေသတွင် ရှိသည်။ သို့သော် သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် အလယ်ပိုင်းဒေသရှိ ရူဖုန်း နားနေဆောင်သို့ သွားရောက်ရန်မှာ သေချာပေါက် အချိန်မမီနိုင်တော့ပေ။

“ မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာ၊ သန့်စင်ယန် သူတော်စင်ခန္ဓာ နဲ့ ကောင်းကင်ဝါးမြို နတ်ဆိုးခန္ဓာတို့အတွက် သင့်လျော်တဲ့ ကျင့်စဉ်ကို ငါ့ဘာသာ တွက်ချက်ပြီး တိုက်ရိုက် ပေါင်းစပ်လိုက်တာ ပိုကောင်းမယ် ထင်တယ်… ရူဖုန်း နားနေဆောင်က ရတဲ့ ကျင့်စဉ်ထက် ပိုကောင်းချင် ကောင်းနိုင်တယ်”

ဝူဟောက်သည် ထိုသို့ တွေးလိုက်သည်။ သူ၏လက်ရှိ ကျင့်ကြံစွမ်းအားဖြင့် ရွှေအင်မော်တယ် အဆင့်ထိ ကျင့်ကြံရန် လုံလောက်သော ကျင့်စဉ်တစ်ခုကို တွက်ချက်ဖန်တီးရန်မှာ သူ့အတွက် ခက်ခဲသောကိစ္စ မဟုတ်ပေ။ ပေါင်းစပ်ပြီးနောက်တွင် အင်မော်တယ်ဧကရာဇ် အဆင့်ထိပင် ကျင့်ကြံနိုင်ခြေ ရှိသည်။

လက်ရှိတွင် အဓိက အရေးအကြီးဆုံးအချက်မှာ ဝူဟောက်သည် သတိကြီးသူဖြစ်သည်နှင့်အလျောက် သူသည် ဝူတုံ နှင့် အခြားသူများ၏ တည်ရှိမှုကို ဘယ်သောအခါမှ ထုတ်ဖော်လိမ့်မည် မဟုတ်။ ကျယ်ပြောလှသော ဤအထက်ဘုံ၌ပင် သူတို့သုံးယောက် ပိုင်ဆိုင်ထားသော ခန္ဓာကိုယ်များမှာ အလွန် ရှားပါးလှသည်။

ထို့အပြင် မဟာမြင့်မြတ်နယ်မြေ ငါးခုသည် ၎င်းတို့ကို တွေ့ရှိသွားပါက အဖိုးတန် ကုန်ပစ္စည်း တစ်ခုကဲ့သို့ ဆက်ဆံပေလိမ့်မည်။ ဝူဟောက်သည် ၎င်းတို့ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသရွေ့ ၊ မဟာမြင့်မြတ်နယ်မြေ ငါးခုနှင့် ထိပ်တိုက်တွေ့ဆုံရန် စိတ်ကူးမရှိချေ။

“ လူကြီးမင်း… ကျွန်တော် သိသမျှ အကုန် ပြောပြပြီးပြီလို့ ထင်ပါတယ်”

ချီလျန်ဂိုဏ်းချုပ်သည် သတိထားပြီး ပြောလိုက်သည်။

ဝူဟောက်သည် ‌အတွေးများထဲမှ ပြန်လည်ရုန်းထွက်လာပြီး ခေတ္တမျှ စဉ်းစားပြီးနောက် ချီလျန်ဂိုဏ်းချုပ်ကို ကြည့်ကာ ထပ်ပြောလိုက်သည်။

“ငါ မင်းကို နောက်ထပ် မေးခွန်းတစ်ခု မေးမယ်… မင်း အမှန်အတိုင်း ဖြေနိုင်ရင် ငါ မင်းကို လွှတ်ပေးမယ်”

“ လူကြီးမင်း… မေးပါ”

ချီလျန်ဂိုဏ်းချုပ်သည် အလျင်အမြန် ပြောဆိုလိုက်သည်။

“ကောင်းပြီ… ငါ့မေးခွန်းက တစ် အပေါင်း တစ် ဘယ်လောက်လဲ”

“နှစ်…”

ချီလျန်ဂိုဏ်းချုပ်သည် တုံ့ဆိုင်းခြင်း မရှိဘဲ အဖြေပေးလိုက်သည်။

ထိုအဖြေကို ကြားပြီးနောက် ဝူဟောက်၏ မျက်နှာထားသည် ရုတ်တရက် ပြောင်းလဲသွားပြီး ချီလျန်ဂိုဏ်းချုပ်ကို သတ်ဖြတ်လိုသော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။

“ တောင်းပန်တယ်… မင်းသိတာတွေက များလွန်းနေပြီ”

ချီလျန်ဂိုဏ်းချုပ်ကို တုံ့ပြန်ချိန်မပေးဘဲ ဝူဟောက်သည် သူ့ဓားဖြင့် ခုတ်ချလိုက်ရာ ၊ တဖက်လူမှာ အသံပင် မထွက်လိုက်ဘဲ သေဆုံးသွားခဲ့ရသည်။

ချီလျန်ဂိုဏ်းချုပ်သည် ဝူဟောက်၏ လျင်မြန်သော အရှိန်နှုန်းကို သတိမထားမိဘဲ ၊ ထူးဆန်းသော မေးခွန်းတစ်ခု မေးခံရပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ချီလျန်ဂိုဏ်းချုပ်အနေဖြင့် မသိခဲ့သည်မှာ ဝူဟောက်သည် အစကတည်းက သူ့ကို အသက်ရှင်ခွင့်ပေးရန် ရည်ရွယ်ချက် မရှိခဲ့ခြင်းပင်။ ဝူဟောက်သည် သူ ထွက်ခွာသွားပြီးနောက် ၊ ချီလျန်ဂိုဏ်းချုပ်သည် သူ၏ဖြစ်တည်မှု နှင့် ခန္ဓာကိုယ်သုံးခုနှင့် ပတ်သတ်သော အချက်အလက်များကို ရှာဖွေရန်ကြိုးစားလာခဲ့ပါက မည်သို့ လုပ်မည်နည်း။

ဤခန္ဓာကိုယ် သုံးခုအနက် တစ်ခုသည်ပင် မဟာမြင့်မြတ်နယ်မြေ ငါးခုကို လှုပ်ခတ်သွားစေနိုင်သည် ။ သုံးခုစလုံးကို ပိုင်ဆိုင်ထားမည်ဆိုပါက ၊ ပြောစရာစကားပင် မရှိတော့ချေ။

ဤဖြစ်နိုင်ခြေမှာ အလွန် နည်းပါးသော်လည်း သို့သော် ဝူဟောက်သည် ဖြစ်နိုင်ခြေအနည်းငယ်မျှပင် ခွင့်ပြုမည် မဟုတ်။ ချီလျန်ဂိုဏ်းချုပ်ကို သတ်ဖြတ်ပြီးနောက် ၊ ဝူဟောက်သည် ချီလျန်ဂိုဏ်းချုပ်၏ သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ချီလျန်ဂိုဏ်း၏ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ပြီး ချီလျန်ဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးသင့်၊ မသင့် စဉ်းစားလိုက်သည်။

သေချာ စဉ်းစားပြီးနောက် ဝူဟောက်သည် ဆုံးဖြတ်ချက် ချလိုက်သည်။

“ ဒီချီလျန်ဂိုဏ်းက အောက်ဘုံက တက်လာတဲ့ လူသားအင်မော်တယ်တွေကို ဖမ်းပြီး သတ္တုတူးခိုင်းနေတာပဲ… ငါ ချီလျန်ဂိုဏ်းကို ဖျက်ဆီးလိုက်တာက အောက်ဘုံက ကျင့်ကြံသူတွေအတွက် ကုသိုလ်ကောင်းမှု တစ်ခု လုပ်ပေးလိုက်တာပဲ “

ဝူဟောက်သည် ဤသို့ဆုံးဖြတ်ခဲ့သည်မှာ အထက်ဘုံရှိ စွမ်းအားရှင်များ၏ သိုလှောင်လက်စွပ်များ သို့မဟုတ် ချီလျန်ဂိုဏ်း၏ အလယ်အလတ်အဆင့် အင်မော်တယ် သတ္တုတွင်းကို မက်မော၍ မဟုတ်ကြောင်း ကျိန်ဆိုနိုင်သည်။

သူသည် ချီလျန်ဂိုဏ်း၏ လုပ်ရပ်များကို သည်းမခံနိုင်တော့သဖြင့် ကောင်းကင်ဘုံကိုယ်စား ဝင်ရောက် စီရင်ပေးလိုခြင်းသာ ဖြစ်သည်။ သူတို့၏ သိုလှောင်လက်စွပ်များနှင့် ပတ်သတ်၍ ၊ ၎င်းတို့ကို စစ်နိုင်ပစ္စည်းများအဖြစ် သတ်မှတ်နိုင်ပြီး ၊ သူ ယူသွားခဲ့မည်‌ဆို‌တောင် အပြစ်မရှိချေ။

ထိုအတွေးဖြင့် ဝူဟောက်သည် စတင် လှုပ်ရှားလိုက်သည်။ လျှိုထျန်းရွှေအင်မော်တယ်အဆင့်ရှိ ကျင့်ကြံစွမ်းအားဖြင့် သူသည် ချီလျန်ဂိုဏ်း၏ ဘေးပတ်ပတ်လည်တွင် တာအိုအစီအမံ တစ်ခုကို လျင်မြန်စွာ ချမှတ်လိုက်သည်။

ဝူဟောက်သည် ပြိုင်ဘက်များကို အနိုင်ယူနိုင်သော အဆင့်သို့ မရောက်မချင်း သူ၏ လှုပ်ရှားမှုများကို ပေါက်ကြားခွင့်ပြုမည် မဟုတ်။ ထို့ကြောင့် ချီလျန်ဂိုဏ်းသားများ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်မသွားစေရန် သေချာစီစဉ်လိုက်ပြီး ချီလျန်ဂိုဏ်း တစ်ခုလုံးကို သုတ်သင်ရှင်းလင်းရန် ကြံစည်လိုက်သည်။

ဝူဟောက်သည် တာအိုအစီအမံကို အသက်သွင်းလိုက်ပြီးနောက်တွင် မမြင်နိုင်သော အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ချီလျန်ဂိုဏ်း တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်သွားသည်။ ချီလျန်ဂိုဏ်း အတွင်းရှိ အစစ်အမှန်အင်မော်တယ် အကြီးအကဲများသည် ထိုအရှိန်အဝါကို အာရုံခံမိကာ မျက်နှာအမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြသည်။

စကားနည်းပြီး ရက်စက်သော သဘာဝရှိသည့် ဝူဟောက်သည် သူ၏ အင်မော်တယ်ဓားကို တိုက်ရိုက် အသက်သွင်းလိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားသည် ချီလျန်ဂိုဏ်း အတွင်းသို့ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားပြီး ၊ ၎င်းနှင့် ထိတွေ့မိသော နေရာတိုင်းရှိ ချီလျန်ဂိုဏ်း၏ စွမ်းအားရှင်များစွာ သေကြေ ပျက်စီးခဲ့ရသည်။

ချီလျန်ဂိုဏ်း၏ ဂိုဏ်းသားများအပေါ်တွင် ဝူဟောက်သည် သနားညှာတာခြင်း မရှိခဲ့ပေ။ သူတို့သည် ချီလျန်ဂိုဏ်းသို့ ဝင်ရောက်ပြီးကတည်းက ချီလျန်ဂိုဏ်းနှင့် ပူးပေါင်းကြံစည်နေကြသူများ ဖြစ်ရာ သနားစရာ မလိုပေ။

မကြာမီ ဝူဟောက်သည် ချီလျန်ဂိုဏ်းရှိ လူတိုင်းကို သတ်ဖြတ်ပစ်ခဲ့သည်။ ခွေးများကိုပင် ချမ်းသာမပေးဘဲ မြေကြီးထဲရှိ တီကောင်များကိုပင် ခုနစ်ပိုင်း ရှစ်ပိုင်း ပြတ်အောင် ခုတ်ပိုင်းလိုက်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ဝူဟောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဝိညာဉ်အာရုံ၏ ထိန်းချုပ်မှုအောက်တွင် ချီလျန်ဂိုဏ်းသား အားလုံး ပိုင်ဆိုင်သော သိုလှောင်လက်စွပ်များ၊ အဖိုးတန်ပစ္စည်းများသည် ဝူဟောက်၏ လက်ဝါးထဲသို့ ပျံသန်းရောက်ရှိလာပြီး သူ၏ ကိုယ်ပိုင်ကမ္ဘာထဲသို့ သိမ်းဆည်းလိုက်သည်။

ထိုအချိန်တွင် ချီလျန်ဂိုဏ်း၏ ဖမ်းဆီးခြင်း ခံထားရသော အောက်ဘုံမှ ကျင့်ကြံသူများမှာ ‌ဇဝေဇဝါ ဖြစ်နေကြသည်။ ချီလျန်ဂိုဏ်းသည် စွမ်းအားရှင် တစ်ဦးဦးကို ပြစ်မှားမိ၍ သုတ်သင်ခံရခြင်း ဖြစ်မည်ဟု ထင်မှတ်နေကြပြီး သူတို့ကိုပါ ထိခိုက်လာမည်ကို ကြောက်ရွံ့တုန်လှုပ်နေကြသည်။

ဝူဟောက်သည် သူတို့ကို အာရုံမစိုက်ဘဲ သူတို့နောက်ရှိ အလယ်အလတ်အဆင့်ရှိ အင်မော်တယ် သတ္တုတွင်းကို ကြည့်လိုက်သည်။

ဝိညာဉ်ကျောက်တုံးများ ထုတ်လုပ်သော သတ္တုသိုက်များကို ဝိညာဉ်ကျောက်တုံးမိုင်းတွင်းများဟု ခေါ်ပြီး ၊ အင်မော်တယ် သလင်းကျောက်များ ထုတ်လုပ်သော သတ္တုသိုက်များကို အင်မော်တယ် သတ္တုတွင်းများဟု ခေါ်သည်။

ဝိညာဉ်ကျောက်တုံးမိုင်းတွင်းများနှင့် အင်မော်တယ် သတ္တုတွင်းများကို တိုက်ရိုက် ယူဆောင်သွားနိုင်သော်လည်း ထိုသို့ ပြုလုပ်ခြင်းက နောက်ပိုင်း ထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် မဖြစ်မနေ အခြေအနေမျိုး မဟုတ်လျှင် မည်သူမျှ ဝိညာဉ်ကျောက်တုံးမိုင်းတွင်းများနှင့် အင်မော်တယ် သတ္တုတွင်းများကို တိုက်ရိုက် ယူဆောင်သွားလေ့ မရှိကြပေ။

သို့သော် ယခုအချိန်၌ ဝူဟောက်တွင် ရွေးချယ်စရာ မရှိပေ။ သူသည် ချီလျန်ဂိုဏ်းတွင် နေထိုင်ရန် မရွေးချယ်နိုင်သဖြင့် အင်မော်တယ် သတ္တုတွင်းကို ယူဆောင်သွားခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်မှာ ထင်ရှားသည်။

“ကြွတက်စမ်း”

ဝူဟောက်မှ စကားတစ်ခွန်း ဆိုလိုက်သည်နှင့် ချီလျန်ဂိုဏ်း တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာပြီး ၊ ကီလိုမီတာပေါင်းများစွာ ရှည်လျားသော အင်မော်တယ် သတ္တုတွင်းကြီးသည် ဝူဟောက်၏ ထိန်းချုပ်မှုအောက်တွင် မြေကြီးထဲမှ ကြွတက်လာတော့သည်။

All Chapters