← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း ၉၁ - ကျင့်စဉ်ကို ဖန်တီးခြင်း

“ဘာတွေဖြစ်သွားတာလဲ... ချီလျန်ဂိုဏ်းတစ်ခုလုံး လုံးဝ သုတ်သင်ခံလိုက်ရပြီး သူတို့ရဲ့ အလယ်အလတ်အဆင့် အင်မော်တယ်သတ္တုတွင်းတောင် လုယူခံလိုက်ရတယ်တဲ့လား”

“ရှူး... ချီလျန်ဂိုဏ်းချုပ်က ရွှေအင်မော်တယ်အဆင့် စွမ်းအားရှင်လေ... ဒါတောင် သူ့ဆီက သတင်းစကား တစ်ခွန်းမှ မကြားလိုက်ရပါ့လား... လှုပ်ရှားသွားတဲ့သူက လျှိုထျန်းရွှေအင်မော်တယ် အဆင့်များလား”

“မသိဘူး... ချီလျန်ဂိုဏ်းက ဘယ်လို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်မျိုးကို သွားပြစ်မှားမိလို့ ခုလိုမျိုး သုတ်သင်ခံလိုက်ရတာလဲ”

ဝူဟောက်သည် ချီလျန်ဂိုဏ်းကို ဖျက်ဆီးပြီး လဝက်ခန့် အကြာတွင် ချီလျန်ဂိုဏ်းနှင့် ဆက်ဆံရေး ကောင်းမွန်သော အင်အားစု အနည်းငယ်သည် ချီလျန်ဂိုဏ်း၌ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလာကြသည်။

အဘယ်ကြောင့်ဆိုသော် ချီလျန်ဂိုဏ်းတွင် ထားရှိသော သူတို့၏ သူလျှိုများထံမှ အဆက်အသွယ် မရရှိသည်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့်ပင်။

သူတို့သည် ချီလျန်ဂိုဏ်းသို့ ရောက်ရှိလာချိန်တွင် လုံးဝ ပျက်စီးနေသော ချီလျန်ဂိုဏ်းတစ်ခုလုံးကို တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားကြသည်။ ချီလျန်ဂိုဏ်းအတွင်း၌ သက်ရှိဟူ၍ တစ်ကောင်တစ်မြီးမျှ မကျန်တော့ဘဲ နေရာတစ်ခုလုံးကို လွှမ်းခြုံထားသော ခြောက်ခြားဖွယ်ရာ အငွေ့အသက်များက ချီလျန်ဂိုဏ်း၌ ဘာဖြစ်ပျက်ခဲ့သည်ကို ရှင်းပြနေသဟန် ရှိသည်။

“ဒါဆို... ချီလျန်ဂိုဏ်း သုတ်သင်ခံလိုက်ရတဲ့ အမှန်တရားကို ငါတို့ ထုတ်ဖော်သင့်လား”

ချီလျန်ဂိုဏ်း၏ အပျက်အစီးများထံ ရောက်ရှိလာသူမှာ ချီလျန်ဂိုဏ်းနှင့် ဆက်ဆံရေး ကောင်းမွန်သော အနီးနားရှိ နတ်ဆိုးဓားဂိုဏ်းမှ ဂိုဏ်းချုပ် ချင်ဖုန်း ဖြစ်သည်။ ချင်ဖုန်းသည် ကျန်သူများကို တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

ချင်ဖုန်း အပါအဝင် ရွှေအင်မော်တယ်အဆင့် စွမ်းအားရှင် ငါးဦး ရောက်ရှိနေကြသော်လည်း ထိုကိစ္စကို ပြောလိုက်သည်နှင့် သူတို့အားလုံး၏ မျက်နှာထားများမှာ ရှောင်လွှဲလိုသည့် အမူအရာများ ဖြစ်သွားကြပြီး အတန်ကြာမှ ခေါင်းခါလိုက်ကြသည်။

“ ထားပါလေ.. ဒီကိစ္စက လျှိုထျန်းရွှေအင်မော်တယ် တစ်ဦးဦး ပါဝင် ပတ်သက်နေနိုင်တယ်... ဒါကြောင့် ငါ့ရဲ့ ချွမ်းရီဂိုဏ်းက ဒီကိစ္စထဲ ဝင်မပါတော့ဘူး”

“ငါလည်း အတူတူပဲ... လျှိုထျန်းရွှေအင်မော်တယ်သာ လက်တုံ့ပြန်ချင်ရင် ငါတို့ ဂိုဏ်းကြီးငါးဂိုဏ်း ပေါင်းတိုက်ရင်တောင် ယှဉ်နိုင်မှာ မဟုတ်ဘူး”

“ဒါဆိုရင် ချီလျန်ဂိုဏ်းက ပြောမပြနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ပဲ မှတ်ယူလိုက်ကြတာပေါ့... ငါတို့က ဘာမှ မသိဘဲ ဒီအတိုင်း ဖြတ်သွားဖြတ်လာ လုပ်မိရုံ သက်သက်ပဲ”

မကြာမီ ဂိုဏ်းကြီးငါးဂိုဏ်းသည် သူတို့၏ အစီအစဉ်ကို အတည်ပြုလိုက်ကြပြီး ဘာမှ မဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ကာ ထွက်ခွာသွားကြလေသည်။

ဝူဟောက်မှာမူ ဤမြင်ကွင်းကို မသိရှိခဲ့ပေ။ ချီလျန်ဂိုဏ်းမှ မထွက်ခွာမီ သူသည် သူရှိနေခဲ့သည့် ခြေရာလက်ရာ အားလုံးကို တမင်တကာ ဖုံးကွယ်ထားခဲ့သည်။ ကောင်းကင်လျှို့ဝှက်ချက်များနှင့် ပတ်သက်၍ ဆိုရလျှင်ဖြင့် ၊ ဝူဟောက် ကိုယ်တိုင်က ဤကမ္ဘာမှ မဟုတ်သည့်အတွက် အင်မော်တယ်ဧကရာဇ်မှ ဝင်ရောက်စွက်ဖက်မည်ဆိုတောင် စနစ်၏ တည်ရှိမှုကြောင့် ဝူဟောက်၏ ဇာစ်မြစ်ကို တွက်ချက်ရန် လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် မည်သူမဆို ချီလျန်ဂိုဏ်းဘက်မှ ရပ်တည်ပေးလိုတောင် လုပ်နိုင်မည့်အရာ မရှိပေ။

ချီလျန်ဂိုဏ်း၏ ဖမ်းဆီးခြင်း ခံထားရသော လူသားအင်မော်တယ်များအတွက်မူ ၊ ဝူဟောက်သည် သနားကြင်နာစွာဖြင့် လွှတ်ပေးခဲ့သည်။ သို့သော် သူတို့ကို မလွှတ်ပေးမီ ကောင်းကင်တာအိုအပေါ် သစ္စာဆိုခိုင်းကာ သူ၏ တည်ရှိမှုကို ထုတ်ဖော်ပြောကြားခြင်း မပြုရန် တားမြစ်ခဲ့သည်။ သို့မဟုတ်ပါက ဝူဟောက်သည် သူတို့ကို ထွက်ခွာခွင့် ပြုမည် မဟုတ်ပေ။

ဝူဟောက်သည် ခေါင်းပုံဖြတ် အမြတ်ထုတ်စရာ ပစ္စည်းမရှိလောက်အောင် ဆင်းရဲလွန်းသောကြောင့် သူတို့ကို လွှတ်ပေးခဲ့ခြင်း မဟုတ်မှန်း သင်သိထားရမည်။

“အရင်ဆုံး ပြန်ကြတာပေါ့... ပြီးမှ ဆက်ပြောကြမယ်... ဝူမိသားစုကို ရောက်မှ ကျင့်စဉ်ကိစ္စကို တွက်ချက်လို့ ရတယ်... ဘာပဲဖြစ်ဖြစ် ငါ့မှာ လေးနှစ် အချိန်ရသေးတာပဲ”

ဝူဟောက်သည် စိတ်ထဲတွင် ထိုသို့တွေးလိုက်သည်။

သူသည် လက်ရှိတွင် အောက်ဘက် ရွှမ်ထျန်းကမ္ဘာ၏ အထက်ဘုံတွင် ရှိနေသည်။ သူ၏ လက်နှစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး အနည်းငယ် ပိုင်းဖြတ်လိုက်ရာ သူ့ရှေ့တွင် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဤသည်မှာ အထက်ဘုံမှ အောက်ဘုံသို့ သွားသော ဟင်းလင်းပြင် အက်ကွဲကြောင်း ပင်ဖြစ်သည်။ အထက်ဘုံ ဟင်းလင်းပြင်၏ တောင့်တင်းခိုင်မာမှုကြောင့် အင်မော်တယ်အရှင်မြတ် အဆင့်သို့ မရောက်ရှိပါက အထက်ဘုံ၏ ဟင်းလင်းပြင်ကို ဆွဲဖြဲရန် မဖြစ်နိုင်ပေ။

ဝူဟောက်သည် အများကြီး စဉ်းစားမနေတော့ဘဲ ရိုးရှင်းစွာပင် အောက်သို့ ဆင်းသက်လိုက်ပြီး အထက်ဘုံမှ ပျောက်ကွယ်သွားလေသည်။ သူ ပြန်လည် ထွက်ပေါ်လာချိန်တွင် ရွှမ်ထျန်းကမ္ဘာသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။

နှစ်လမပြည့်သော အချိန်ကာလသာ ကုန်ဆုံးသွားသော်လည်း ဝူဟောက်သည် အိမ်နှင့် ဝေးကွာနေခဲ့ရသည်မှာ ကြာမြင့်နေပြီဖြစ်သကဲ့သို့ လွမ်းဆွတ်မှုကို ခံစားလိုက်ရသည်။

ဝူဟောက်သည် ဝူမိသားစုသို့ ပြန်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် စုချောင်ရန်မှာ အလွန် ဝမ်းသာသွားသည်။

“ယောကျ်ား... ပြန်ရောက်လာပြီလား”

“အင်း... ကျင့်စဉ်နဲ့ ပတ်သက်ပြီး ပြဿနာတချို့ ရှိနေတယ်... ကိုယ့်ဘာသာကိုယ်ပဲ ဖန်တီးယူမှ ရတော့မယ် ထင်တယ်”

ဝူဟောက်သည် အမှန်တိုင်းပြောလိုက်သည်။ သူသည် စုချောင်ရန်အပေါ် ဖုံးကွယ်ထားစရာ မရှိပေ။

ထိုစကားကို ကြားသောအခါ စုချောင်ရန်၏ မျက်နှာတွင် စိုးရိမ်ပူပန်သော အမူအရာများ ဖြစ်ပေါ်လာပြီး ဂရုတစိုက် ပြောလိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် အရမ်း ပင်ပန်းအောင် မလုပ်ပါနဲ့... အကောင်းဆုံး ကြိုးစားနေတာနဲ့တင် လုံလောက်နေပါပြီ “

“အင်း... ကိုယ် ကြိုးစားပါ့မယ်”

ဝူဟောက် အတင်းဟန်ဆောင် ပြုံးလိုက်ပြီးနောက် ၊ စုချောင်ရန်ကို အနည်းငယ် မှာကြားလိုက်ပြီး အထဲသို့ ဝင်ကာ မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာ၊ သန့်စင်ယန် သူတော်စင်ခန္ဓာ နှင့် ကောင်းကင်ဝါးမြို နတ်ဆိုးခန္ဓာတို့ ကျင့်ကြံမည့် ကျင့်စဉ်များကို ဖန်တီးရန် ပြင်ဆင်လိုက်သည်။

ဝူဟောက် ထွက်ခွာသွားသည်ကို ကြည့်ရင်း စုချောင်ရန်၏ မျက်လုံးများထဲတွင် စိတ်မကောင်းသော အမူအရာများဖြင့် ပြည့်နှက်နေသော်လည်း သူမအနေဖြင့် လုပ်ပေးနိုင်သည့်အရာ မရှိပေ။

သူမ လုပ်နိုင်သည်မှာ သူမ၏ စွမ်းရည်များကို အကောင်းဆုံး ကျင့်ကြံကာ ဝူဟောက် လိုအပ်လာသည့်အချိန်တွင် အကူအညီ ပေးနိုင်ဖို့ မျှော်လင့်ထားရုံသာ ရှိသည်။

ဝူဟောက်သည် အင်မော်တယ်လိုဏ်ဂူထဲသို့ ဝင်ရောက်ပြီးနောက် မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာ၊ သန့်စင်ယန် သူတော်စင်ခန္ဓာ နှင့် ကောင်းကင်ဝါးမြို နတ်ဆိုးခန္ဓာတို့၏ ကျင့်စဉ်များကို စတင် ဖန်တီးလေသည်။

ဝူဟောက်သည် ပေါင်းစပ်မှုကို စတင်လိုက်သည်နှင့် စနစ်၏ အသံသည် အချိန်ကိုက် ထွက်ပေါ်လာသည်။

[ ဒင်း... ပိုင်ရှင်တွင် ကျင့်စဉ် တွက်ချက်ဖန်တီးရန် လိုအပ်ချက် ရှိနေသည်ကို တွေ့ရှိရပါသည်... ကျင့်စဉ် တွက်ချက်ဖန်တီးမှု လုပ်ဆောင်ချက်ကို စတင်ပါမည် ]

[ ပိုင်ရှင်သည် မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာ၊ သန့်စင်ယန် သူတော်စင်ခန္ဓာ နှင့် ကောင်းကင်ဝါးမြို နတ်ဆိုးခန္ဓာတို့အတွက် ကျင့်စဉ် လိုအပ်နေကြောင်း တွေ့ရှိရပါသည်... ပိုင်ရှင်အား အကူအညီ ပေးထားပါသည်... ကျေးဇူးပြု၍ စစ်ဆေးပါ ]

စနစ်၏ စကားကို ကြားသည်နှင့် ဝူဟောက်၏ မျက်လုံးများမှာ အရောင်တောက်လာသည်။ စနစ်သည် တုံ့ပြန်မှု ပေးရုံသာ ရှိမည်ဟု ထင်ထားခဲ့သော်လည်း ဤကဲ့သို့ ပေါ်ထွက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

စနစ်မှ ပေးအပ်သော လုပ်ဆောင်ချက်များကို မြင်တွေ့ပြီးနောက် ဝူဟောက်သည် ယေဘုယျ သဘောတရားကို နားလည်သွားသည်။ ဆိုလိုသည်မှာ ကျင့်စဉ်ကို သူကိုယ်တိုင် ဖန်တီးရမည် ဖြစ်သော်လည်း ၊ စနစ်သည် ပလက်ဖောင်းတစ်ခုအနေဖြင့် သူ၏ ပေါင်းစပ်မှုများကို သီးသန့် ခန္ဓာကိုယ်များနှင့် ကိုက်ညီသော အဖြေများ ရရှိစေရန် ကူညီပေးမည် ဖြစ်သည်။

ကိုက်ညီမှုနှုန်း မြင့်မားလေ ကျင့်ကြံနှုန်း ပိုမြန်လေ ဖြစ်သည်။ အကယ်၍ ထပ်မံ တွက်ချက်၍ ဖန်တီးနိုင်မည်ဆိုပါက ၊ အထူးခန္ဓာကိုယ်များအတွက် ရည်ရွယ်ထားသော ကျင့်စဉ်များထက်ပင် သာလွန်ကောင်းမွန်သော ကျင့်စဉ်ကို သေချာပေါက် ရရှိပေလိမ့်မည်။

ထိုအကြောင်းကို တွေးမိသည်နှင့် ဝူဟောက်သည် ရုတ်တရက် တက်ကြွလာပြီး ဝူတုံနှင့် အခြားနှစ်ယောက်အတွက် လိုအပ်သော ကျင့်စဉ်များကို ဖန်တီးရန် အင်မော်တယ်လိုဏ်ဂူ အတွင်း၌ နေ့ရောညပါ စတင် လုပ်ဆောင်လေတော့သည်။

အပြင်ဘက်တွင် ဝူရှန်းနီနှင့် ဝူမိုဝူတို့သည်လည်း သူတို့နှင့် ရွယ်တူများထက် များစွာ သာလွန်သော ပါရမီများကို ပြသနေကြသည်။ သူတို့သည် တစ်လအတွင်း စကားပြောနိုင်ပြီး နှစ်လအတွင်း ပြေးလွှားနိုင်ကာ သုံးလအကြာတွင် ကိစ္စအများစုကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ပြီ ဖြစ်သည်။

ဤသည်မှာ မလွန်ဆန်နိုင်သော အကြောင်းရင်းများ (စာရေးသူ) ကြောင့်လော သို့မဟုတ် ကျင့်ကြံခြင်း ပတ်ဝန်းကျင်ကြောင့်လော ဆိုသည်ကို မသိနိုင်သော်လည်း ၊ ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် ကျင့်ကြံခြင်းကို ချက်ချင်း မစတင်ခဲ့ကြပေ။

သူတို့နှစ်ဦးစလုံးသည် အသက် ရှစ်နှစ် ပြည့်သည်အထိ စောင့်ဆိုင်းပြီးမှ ကျင့်ကြံခြင်းကို စတင်ကြမည် ဖြစ်သည်။

သို့သော် သူတို့သည် ကံတရား၏ သားတော်များ ဖြစ်နေခြင်းကြောင့်လား မသိသော်လည်း ၊ နေ့စဉ်ဘဝတွင် အလွန် ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ကြပြီး လုပ်သမျှ အရာတိုင်းတွင် မည်သူက ပိုတော်ကြောင်း အဆုံးအဖြတ် ပေးရန် အမြဲ ကြိုးစားနေကြသည်။

သို့သော် ဝူရှန်းနီသည် အစ်ကိုကြီးဟူသော အဆင့်အတန်းဖြင့် ဖိနှိပ်ထားသောကြောင့် ဝူမိုဝူသည် အမြဲတမ်း ရှုံးနိမ့်လေ့ ရှိသည်။ ထို့အပြင် ဝူရှန်းနီ၏ ပါရမီသည် အမှန်တကယ်ပင် ထိပ်တန်းအဆင့် ဖြစ်သည်။ သို့မဟုတ်ပါက သူသည် နှစ်ပေါင်း သုံးသန်းအတွင်း အင်မော်တယ်ဧကရာဇ် ဖြစ်လာနိုင်မည် မဟုတ်ပေ။ ကောင်းကင်ဝါးမြို နတ်ဆိုးဧကရာဇ်သည်ပင် အင်မော်တယ်ဧကရာဇ် ဖြစ်လာရန် နှစ်ပေါင်း ငါးသန်းနီးပါး ကျင့်ကြံခဲ့ရသည်။

သို့သော် ဤဘဝတွင်မူ သူတို့နှစ်ဦးစလုံးသည် ယခင်ဘဝမှ အတွေ့အကြုံများကို အခြေခံ၍ အင်မော်တယ်ဧကရာဇ် အဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်မည်ဟု ယုံကြည်မှု အပြည့်ရှိကြသည်။

တဖက်တွင်မူ ၊ ဝူယီဖန်သည် သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် ကိုးခုမြောက် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး လင်းဇီရှင်းနှင့် လက်ထပ်ပြီးကာစ ဖြစ်သောကြောင့် ဝူမိသားစုတွင် ရှားရှားပါးပါး အချိန်ကြာမြင့်စွာ နေထိုင်လျက် ရှိသည်။

သို့သော် ဝူယီဖန်၏ တွက်ချက်မှုအရ သူသည် သူတော်စင်လေးပါး ပြိုင်ပွဲအပြီးတွင် မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းရန် နည်းလမ်းရှာဖွေရန်အတွက် ဝူမိသားစုမှ ထွက်ခွာရမည် ဖြစ်သည်။

ဝူယီဖန်၏ လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် မဟာဧကရာဇ်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်သော်လည်း ၊ သို့သော် သူသည် မဟာဧကရာဇ်အဆင့်သို့ မရောက်ရှိသေးပေ။ ထို့ကြောင့် မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းရန် နည်းလမ်း ရှာဖွေရဦးမည်။ ထို့အပြင် အရိပ်ထဲတွင် ပုန်းအောင်းနေသော သွေးဝိညာဉ်ဂိုဏ်းလည်း ရှိနေသေး၏။

ဤသို့သော ငြိမ်းချမ်းသည့် ပျော်ရွှင်မှုများကြားတွင် သူတော်စင်လေးပါး ပြိုင်ပွဲ ဖွင့်လှစ်မည့်ရက်သည် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်ပြီး၊ ကာလကြာရှည် တိတ်ဆိတ်နေခဲ့သော ရွှမ်ထျန်းကမ္ဘာသည် တဖြည်းဖြည်း သက်ဝင်လှုပ်ရှားလာခဲ့ချေပြီ။

အခန်း ၉၂ - မဟာတာအိုကျမ်းကို တွက်ချက်ရရှိခြင်းနှင့် ကမ္ဘာဦးကျမ်း ပြန်လည်ရရှိခြင်း

“ဟားဟားဟား... ငါလုပ်နိုင်ပြီ... နောက်ဆုံးတော့ ငါလုပ်နိုင်ခဲ့ပြီ”

သူတော်စင်လေးပါး ပြိုင်ပွဲ မစတင်မီ တစ်လအလို ၊

ဝူတုံ ကျင့်ကြံခြင်း စတင်တော့မည့် နေ့တွင် ဝူဟောက်သည် ပြင်းထန်သော တွက်ချက်မှုများ ပြုလုပ်ပြီးနောက် မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာ ကျင့်ကြံရန်အတွက် အသင့်တော်ဆုံး ကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့သည်။

[ မဟာတာအိုကျမ်း - မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာနှင့် ၁၀၀ ရာခိုင်နှုန်း ကိုက်ညီမှုရှိသည် ]

စနစ်၏ ဟင်းလင်းပြင်ထဲတွင် သူ တွက်ချက်ထားသော မဟာတာအိုကျမ်းကို ကြည့်ရင်း ဝူဟောက်သည် ကျေနပ်သော အမူအရာဖြင့် ရှိနေသည်။

ထို့နောက် သူသည် မဟာတာအိုကျမ်းကို ဝူမိသားစု၏ ကျင့်စဉ်မျှော်စင် အတွင်းသို့ ပို့ဆောင်မည် ဖြစ်ပြီး ၊ ထိုနေရာတွင် သူသည် ကျင့်စဉ်ထံမှ တုံ့ပြန်မှုကို ရရှိမည် ဖြစ်သည်။

ထို့နောက်တွင် ကျင့်စဉ်များကို ပေါင်းစပ်ခြင်းဖြင့် သူသည် မဟာတာအိုကျမ်းထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော ကျင့်စဉ်တစ်ခုကို သေချာပေါက် ရရှိပေလိမ့်မည်။

သန့်စင်ယန် သူတော်စင်ခန္ဓာနှင့် ကောင်းကင်ဝါးမြို နတ်ဆိုးခန္ဓာတို့၏ ကျင့်စဉ်များမှာ ကိုက်ညီမှုနှုန်း ၇၀ ရာခိုင်နှုန်းသာ ရောက်ရှိသေးသည်ကို ကြည့်ရှုပြီးနောက် ၊ ဝူဟောက်သည် ခေါင်းခါလိုက်သည်။ ကျင့်ကြံရာတွင် သင့်လျော်သော အချိန်အခါ လိုအပ်သကဲ့သို့ ကျင့်စဉ် တွက်ချက်ခြင်းသည်လည်း အလျင်လို၍ မရပေ။

“အချိန်တန်ပြီ... အရင်ဆုံး အပြင်ထွက်ကြတာပေါ့... သူတော်စင်လေးပါး ပြိုင်ပွဲကို မိန်းမနဲ့အတူ လိုက်ခဲ့မယ်လို့ ကတိပေးထားသေးတယ်”

ထိုအတွေးဖြင့် ဝူဟောက်သည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး အင်မော်တယ်လိုဏ်ဂူမှ ထွက်ခွာကာ ဝူမိသားစု၏ ကျင့်စဉ်မျှော်စင်သို့ ရောက်ရှိသွားသည်။

ဝူမိသားစု၏ ကျင့်စဉ်မျှော်စင်ကို စောင့်ကြပ်သော ဂိုဏ်းသားမှာ ဝူကျစ်ချန် ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာ ဟင်းလင်းပြင်သန့်စင်ခြင်း အဆင့်တွင် ရှိပြီး သူ၏ ပါရမီမှာ အဆင့်မြင့် ဝိညာဉ်အမြစ် ဖြစ်သည်။ ကျင့်စဉ်မျှော်စင် အပါအဝင် ဤစီမံကိန်းကို ဝူဟောက်နှင့် ဝူရူလုံတို့ ဆွေးနွေးပြီးနောက် စတင်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ၊ ဝူမိသားစုသည် တဖြည်းဖြည်း အင်အားကြီးမားလာပြီး အဖွဲ့ဝင်အရေအတွက်လည်း တိုးပွားလာနေသည်။ ကျင့်စဉ်မျှော်စင် ရှိနေခြင်းက မိသားစုဝင်များကို သူတို့ ကျင့်ကြံလိုသော ကျင့်စဉ်များကို ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေနိုင်သည်။

ဝူဟောက် ပေါ်လာသည်ကို မြင်သောအခါ ဝူကျစ်ချန်သည် လန့်သွားပြီး ချက်ချင်းပင် မတ်တတ်ထရပ်လိုက်သည်။

“ဘိုးဘေးကို ဂါရဝပြုပါတယ်”

“အင်း... ဒီကျင့်စဉ်ကို ဝူမိသားစုရဲ့ ကျင့်စဉ် စုဆောင်းမှုထဲ ထည့်လိုက်”

ဝူဟောက်သည် မဟာတာအိုကျမ်းကို ဝူကျစ်ချန်ထံသို့ ပေါ့ပေါ့ပါးပါး ပေးလိုက်သည်။ ကျင့်စဉ်မျှော်စင်ဟု ခေါ်သော်လည်း အမှန်အားဖြင့် အီလက်ထရောနစ် စာအုပ်နှင့် ဆင်တူသည်။ ကျင့်စဉ်မျှော်စင်ထဲသို့ ဝင်ရောက်ပြီး အမည်ရိုက်ထည့်လိုက်ရုံဖြင့် ရှာဖွေနိုင်သည်။

ဝူကျစ်ချန်သည် ခေါင်းညိတ်ပြီးနောက် ဝူဟောက်ထံမှ မဟာတာအိုကျမ်းကို ယူလိုက်ပြီး ဝူမိသားစု၏ ကျင့်စဉ်မျှော်စင်ထဲသို့ ထည့်သွင်းလိုက်သည်။

[ ဒင်း... ပိုင်ရှင် ပေးပို့သော မဟာတာအိုကျမ်းကို တွေ့ရှိရပါသည်... မဟာတာအိုကျမ်း အုပ်ရေ တစ်ထောင် ရရှိပါသည်... ပေါင်းစပ်လိုပါသလား ]

“ပေါင်းစပ်မယ်”

[ ဒင်း... ပေါင်းစပ်မှု အောင်မြင်ပါသည်... ဂုဏ်ယူပါတယ်... သင်သည် ကမ္ဘာဦးကျမ်း ကျင့်စဉ်ကို ရရှိခဲ့ပါသည် ]

“ ဘာ ကမ္ဘာဦးကျမ်း ... မဟာတာအိုကျမ်းထက် မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာနဲ့ ပိုပြီး ပြီးပြည့်စုံစွာ ကိုက်ညီတဲ့ ကျင့်စဉ် ရှိသေးတာလား... ကိုက်ညီမှုနှုန်းက ၂၀၀ ရာခိုင်နှုန်းတဲ့လား “

စနစ်မှ ပေါင်းစပ်ပေးလိုက်သော ကမ္ဘာဦးကျမ်းကို မြင်လိုက်ရချိန်တွင် ဝူဟောက်သည် ကျေနပ်သော အမူအရာကို ပြသလိုက်သည်။ ထို့နောက် ဝူကျစ်ချန်ကို ကြည့်ကာ ပြောလိုက်လေသည်။

“ဒီကျင့်စဉ်စာအုပ်ကိုလည်း ထည့်လိုက်”

ထိုသို့ ပြောပြီးနောက် သူသည် ကမ္ဘာဦးကျမ်းကို ဝူကျစ်ချန်အား ပေးလိုက်ပြီး လှည့်ထွက်သွားရာ ၊ ဝူကျစ်ချန်မှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့သည်။

ဘိုးဘေးက ဘာကြောင့် သူ့ကို ကျင့်စဉ်ကို နှစ်ခါခွဲပြီး ပေးရတာလဲ...

သို့သော် ထိုအရာသည် သူ စိတ်ပူရမည့် ကိစ္စမဟုတ်ပေ။ ဘိုးဘေးတွင် သူ့ကိုယ်ပိုင် အကြောင်းပြချက်များ ရှိပေလိမ့်မည်။ သူ့အနေဖြင့် လိုက်နာရုံသာ ရှိသည်။

ကျင့်စဉ်မျှော်စင်မှ ထွက်ခွာပြီးနောက် ဝူဟောက်သည် ဝူယီဖန်၏ နေအိမ်သို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။ ဝူယီဖန်သည် သားဖြစ်သူကို ကျင့်ကြံနည်း သင်ကြားပေးရန် ပြင်ဆင်နေစဉ် ဝူဟောက် ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူသည် ရပ်တန့်လိုက်ပြီး ဝူဟောက်ကို ရိုသေလေးစားစွာဖြင့် မေးမြန်းလိုက်သည်။

“ဘိုးဘေး... လိုအပ်တာ ရှိလို့လား”

“ ငါ့မှာ ဝူတုံကျင့်ကြံဖို့အတွက် သင့်လျော်တဲ့ ကျင့်စဉ်တစ်ခု ရှိတယ်”

ဝူဟောက်သည် လက်ဝှေ့ယမ်းလိုက်ပြီး ကမ္ဘာဦးကျမ်းကို ဝူယီဖန်ထံ ပေးလိုက်သည်။

ဝူဟောက်၏ စကားကို ကြားလိုက်ရချိန်တွင် ဝူယီဖန်၏ မျက်လုံးများမှာ အရောင်တောက်လာသည်။

အမှန်အားဖြင့် သူသည်လည်း သားဖြစ်သူ၏ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ခေါင်းကိုက်နေခဲ့သည်။

သားဖြစ်သူသည် မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာ ပိုင်ဆိုင်ထားကြောင်း သိရှိပြီးနောက် ဝူယီဖန်သည်လည်း ရွှမ်ထျန်းကမ္ဘာအတွင်း သင့်လျော်သော ကျင့်စဉ်များကို လိုက်လံရှာဖွေခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာ၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်ပေးနိုင်သည့် ကျင့်စဉ်မျိုး မတွေ့ရှိခဲ့ပေ။

အချိန်အကန့်အသတ်ကြောင့် ဝူယီဖန်သည် ဝူတုံ ကျင့်ကြံရန်အတွက် မသင့်လျော်သော အရာများထဲမှ အနည်းငယ် ပိုကောင်းမွန်သော တစ်ခုကို ရွေးချယ်ပေးခဲ့ရပြီး ၊ နောက်ပိုင်းမှ ပိုမိုသင့်လျော်သော တစ်ခုဖြင့် အစားထိုးရန် စီစဉ်ထားခဲ့သည်။

သို့သော် ယခု ဝူဟောက်သည် သားဖြစ်သူ ကျင့်ကြံရန်အတွက် သင့်လျော်သော ကျင့်စဉ်ကို ပေးအပ်လာခဲ့သဖြင့် ဝူယီဖန်အနေဖြင့် သဘာဝကျစွာပင် ဇီဇာကြောင်နေမည် မဟုတ်ပေ။

ထို့အပြင် သူသည် မဟာဧကရာဇ်နှင့် ယှဉ်နိုင်သော စွမ်းအားဖြင့် ဝူဟောက်၏ ရှေ့တွင် ရပ်နေလျှင်ပင် ၊ ဝူဟောက်၏ စစ်မှန်သော စွမ်းအားကို မြင်နိုင်စွမ်း မရှိသေးပေ။ ထို့အပြင် ဤအရာကို ငြင်းဆန်ရဲပါက ချက်ချင်း သေဆုံးသွားနိုင်သည် ဟူသော သတိပေးချက်တစ်ခုက သူ့စိတ်ထဲတွင် ဝင်ရောက်လာသည်။

“သားလေး... ဘိုးဘေးကို ကျေးဇူးတင်ကြောင်း မြန်မြန် ပြောလိုက်လေ”

ဘေးနားတွင် ရပ်နေသော လင်းဇီရှင်းကလည်း ရှေ့သို့ တိုးလာပြီး ဝူတုံကို ပြောလိုက်သည်။

ဝူတုံက ဝူဟောက်ကို ကြည့်ကာ ချိုသာစွာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဘိုးဘေး”

“ကောင်းပြီ... ကျင့်ကြံခြင်းကို အာရုံစိုက်ပြီး အမြန်ဆုံး သန်မာလာအောင် လုပ်... အဲဒါက ဘိုးဘေးအတွက် အကောင်းဆုံး ဆုလာဘ်ပဲ”

ဝူဟောက်သည် လက်လှမ်းလိုက်ပြီး ဝူတုံ၏ ခေါင်းကို ပုတ်ပေးလိုက်သည်။ ထို့နောက် ဝူယီဖန်အား နောက်ထပ် ခုနစ်ရက်အကြာတွင် ကျင်းပမည့် သူတော်စင်လေးပါး ပြိုင်ပွဲကို တက်ရောက်ရန် သတိပေးပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် လင်းဇီရှင်းက ဝင်ပြောလိုက်ပြီး အနည်းငယ် တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

“ဘိုးဘေး... ကျွန်မ ရေမြင့်မြတ်နယ်မြေကို ပြန်သွားပြီး သူတော်စင်လေးပါး ပြိုင်ပွဲမှာ ရေမြင့်မြတ်နယ်မြေ ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်လို့ ရမလား”

ထို့နောက် သူမသည် တစ်စုံတစ်ခုကို အလျင်အမြန် သတိရသွားပြီး ဆက်ပြောလိုက်သည်။

“ဒီတစ်ကြိမ် သူတော်စင်လေးပါး ပြိုင်ပွဲမှာ ရေမြင့်မြတ်နယ်မြေ ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်မယ်လို့ အမေ့ကို ကတိပေးခဲ့မိလို့ပါ”

ထိုစကားကို ကြားသောအခါ ဝူဟောက်သည် တုံ့ဆိုင်းခြင်း မရှိဘဲ လက်ဝှေ့ယမ်းကာ သဘောတူလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ လင်းဇီရှင်းသည် ရေမြင့်မြတ်နယ်မြေ၏ သူတော်စင်မ တစ်ဦး ဖြစ်ပြီး ဝူမိသားစုနှင့် လက်ထပ်လိုက်လျှင်ပင် ထိုအထောက်အထားကို ပြောင်းလဲ၍ မရပေ။

ထို့အပြင် ဤသူတော်စင်လေးပါး ပြိုင်ပွဲ၌ လင်းရွှေရိုသည် ဝူမိသားစုကို ကိုယ်စားပြုမည် မဟုတ်သောကြောင့် သူမအား ရေမြင့်မြတ်နယ်မြေသို့ ပြန်သွားစေပြီး ပြိုင်ပွဲတွင် ပါဝင်စေခြင်းက ပြဿနာ မရှိပေ။

ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းဇီရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ပြီး ၊ ဝူဟောက်သည် ပြုံးရုံသာ ပြုံးပြပြီး ထွက်ခွာသွားလေသည်။

အခြားတစ်ဖက်တွင်မူ ၊ စုချောင်ရန်သည် ကျင့်ကြံခြင်း၌ တိုးတက်မှု မရှိခဲ့ပေ။ အချိန် လေးနှစ်သာ ကုန်ဆုံးသွားခဲ့ပြီး ဝူယီဖန်ကဲ့သို့သော ပါရမီရှင်မျိုးပင် သိသာထင်ရှားသော တိုးတက်မှုမရရှိခဲ့ပေ။

“လက်ရှိ အခြေအနေအရ သူတော်စင်ဘုရင် နှောင်းပိုင်းအဆင့်ကို မရောက်ခင် ဖရိုဖရဲ လျှို့ဝှက်နယ်မြေကနေ ထွက်လာရမယ့်ပုံပဲ... ဒီနှုန်းထားနဲ့ဆိုရင် မဟာဧကရာဇ် ဖြစ်လာဖို့က အဝေးကြီး လိုသေးပုံရတယ်”

စုချောင်ရန်၏ မျက်နှာတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေပြီး သက်ပြင်းချနေလေ၏။

ထိုအချိန်တွင် ဝူဟောက်သည် စုချောင်ရန်၏ နောက်တွင် ပေါ်လာပြီး သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ စုချောင်ရန်သည် ပထမတွင် လန့်သွားသော်လည်း သူမနောက်တွင် ရှိနေသူမှာ ဝူဟောက် ဖြစ်ကြောင်း လျင်မြန်စွာ သိရှိသွားသည်။

“ယောကျ်ား... ကျွန်မက ကျရှုံးသူ တစ်ယောက်လို့ ထင်လား... သူတော်စင်ဘုရင် နှောင်းပိုင်းအဆင့်ကိုတောင် မရောက်သေးဘူး”

“ဘယ်မှာလဲ... ဘယ်သူက ငါ့မိန်းမကို ကျရှုံးသူလို့ ပြောရဲတာလဲ... ငါ့မိန်းမက ရွှမ်ထျန်းကမ္ဘာရဲ့ နံပါတ်တစ် ပါရမီရှင်ကွ... ဘယ်သူက ငါ့မိန်းမ ကျရှုံးတယ်လို့ ပြောရဲလဲ... ရှေ့ထွက်ခဲ့စမ်း”

ဝူဟောက်သည် တည်ကြည်လေးနက်ချင်ယောင်ဆောင်ကာ မျက်နှာသေဖြင့် ပြောလိုက်ရာ ၊ စုချောင်ရန်၏ ပူပန်မှုများမှာ ပျောက်ကွယ်သွားပြီး ရယ်လိုက်မိသည်။

ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ ဝူဟောက် ပြောသည်မှာ အမှန်တရား ဖြစ်သည်။ စုချောင်ရန်သည် ဝူဟောက်ကို ပစ်မှတ်ထားသောကြောင့် စိတ်ပျက်အားလျော့နေခြင်း ဖြစ်ပေသည်။ အမှန်အားဖြင့် ကံတရား၏ သားတော်များ ဖြစ်ကြသော ဝူဟောက်နှင့် ဝူယီဖန်မှလွဲလျှင် စုချောင်ရန်၏ ပါရမီသည် ရွှမ်ထျန်းကမ္ဘာတွင် ထိပ်တန်းအဆင့် ဖြစ်သည်။

ဝူဟောက်၏ ခန့်မှန်းချက်အရ စုချောင်ရန်သည် အသက် သုံးရာ မတိုင်မီ ဧကရာဇ်တပိုင်း အဆင့်သို့ တက်လှမ်းနိုင်ပြီး အသက် တစ်ထောင် မတိုင်မီ မဟာဧကရာဇ် ဖြစ်လာနိုင်ဖွယ် ရှိသည်။

ဤသည်မှာ ရွှမ်ထျန်းကမ္ဘာ၏ ပါရမီရှင်များထက် များစွာ ပိုမို ထူးကဲသည်။

သို့သော် ဝူဟောက်သည် တစ်စုံတစ်ခုကို အလျင်အမြန် သတိရသွားပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။

“ချစ်ရေ... ကိုယ် မင်းကို ပေးစရာ တစ်ခု ရှိတယ်”

All Chapters