အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း ၉၇ - သုံ့ရွှမ်တိုက်ကြီး
“မင်းရဲ့ အင်အားကို တိုးတက်ချင်ရင် ငါ့မှာ အကြံကောင်း တစ်ခု ရှိတယ်”
လင်းထျန်းရီသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သခင်မြတ် တစ်ဦးအနေဖြင့် သူသည် သန်မာလိုသည့် ဂိုဏ်းသားများ၏ ဆန္ဒကို လျစ်လျူရှုထားမည် မဟုတ်ပေ။
လင်းထျန်းရီ၏ စကားကို ကြားသောအခါ လင်းယာဟွမ်၏ မျက်လုံးများသည် အရောင်တောက်လာပြီး အလျင်အမြန် မေးလိုက်သည်။
“သခင်မြတ်ရဲ့ အကြံပြုချက်က ဘာလဲဟင်”
“ငါနဲ့ လိုက်ခဲ့”
ထိုသို့ ပြောပြီးနောက် လင်းထျန်းရီသည် လှည့်ထွက်သွားပြီး ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ တားမြစ်နယ်မြေ နောက်ဘက်သို့ လျှောက်သွားလေသည်။ လင်းယာဟွမ်လည်း တုံ့ဆိုင်းခြင်း မရှိဘဲ နောက်မှ လိုက်ပါသွားသည်။
စုချောင်ရန်နှင့် မူရုံရွှယ်ကဲ့သို့ ပါရမီရှင် သူတော်စင်မ နှစ်ဦးသည် သူမရှေ့တွင် ရှိနေသဖြင့် သူမသာ ပိုမို ကြိုးစားခြင်း မရှိပါက လူအများ၏ လေးစားမှုကို ရရှိရန် ခက်ခဲပေလိမ့်မည်။
မကြာမီ လင်းထျန်းရီ၏ နောက်မှ လိုက်ပါရင်း လင်းယာဟွမ်သည် တောင်ကြီးတစ်လုံးသို့ ရောက်ရှိလာသည်။ ထိုတောင်ကြီး၏ရှေ့တွင် ဂူပေါက်ဝတစ်ခု ထွက်ပေါ်လာပြီး လင်းထျန်းရီ ဝင်ရောက်သွားသည်ကို မြင်သောအခါ လင်းယာဟွမ်သည်လည်း အံကြိတ်၍ နောက်မှ လိုက်ပါသွားလေသည်။
လင်းယာဟွမ် လိုက်ပါလာသည်ကို မြင်သောအခါ လင်းထျန်းရီသည် စတင် ရှင်းပြလိုက်သည်။
“ငါတို့ရဲ့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို ဘာကြောင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေလို့ ခေါ်လဲဆိုတာ မင်းသိလား”
လင်းထျန်းရီ၏ ရုတ်တရက် မေးခွန်းကြောင့် လင်းယာဟွမ်သည် အံ့အားသင့်သွားသော်လည်း သက်ဆိုင်ရာ အချက်အလက်များကို မှတ်ဉာဏ်ထဲတွင် အလျင်အမြန် ရှာဖွေလိုက်ပြီး မကြာမီ တွေ့ရှိသွားသည်။
“ကျွန်မ မှတ်မိသလောက်ဆိုရင် ကျွန်မတို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့တဲ့သူက ကျွန်မတို့ ရွှမ်ထျန်းကမ္ဘာက မဟုတ်ဘဲ တခြားကမ္ဘာတစ်ခုက လာတာလို့ ဆိုကြတယ်”
“မှန်တယ်... ငါတို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးက သုံ့ရွှမ်တိုက်ကြီး လို့ခေါ်တဲ့ ကမ္ဘာတစ်ခုက လာတဲ့ ထန်ယန် အမည်ရ ပြိုင်ဘက်ကင်း စွမ်းအားရှင် တစ်ဦးပဲ... သူက တခြား စွမ်းအားရှင်တွေနဲ့ တိုက်ခိုက်ရင်း ရွှမ်ထျန်းကမ္ဘာကို မတော်တဆ ရောက်လာခဲ့တာပဲ”
“ခဏလောက် ပြန်လို့မရ ဖြစ်နေတဲ့အတွက် ရွှမ်ထျန်းကမ္ဘာမှာ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့တာပေါ့”
လင်းထျန်းရီ၏ စကားကို ကြားသောအခါ လင်းယာဟွမ်သည် ခေါင်းညိတ်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဒါပေမဲ့ ဘိုးဘေးက သက်တမ်းကုန်ပြီး ကွယ်လွန်သွားပြီလို့ ကျွန်မ မှတ်မိတယ်... သခင်မြတ်... ကျွန်မကို ဘာလို့ ဒီကို ခေါ်လာခဲ့တာလဲ”
လင်းထျန်းရီသည် လင်းယာဟွမ်ကို လှည့်ကြည့်ကာ အလွန် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“မှန်တယ်... ငါတို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ ဘိုးဘေးက သက်တမ်းကုန်ပြီး ကွယ်လွန်သွားခဲ့တယ်... ဒါပေမဲ့ မကွယ်လွန်ခင်မှာ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ မျိုးဆက်သစ်တွေအတွက် အမွေအနှစ်တစ်ခု ချန်ထားခဲ့တယ်... သူ့ရဲ့ စမ်းသပ်မှုကို အောင်မြင်မှသာ အဲဒီ အမွေအနှစ်ကို ရနိုင်လိမ့်မယ်”
“ငါ သခင်မြတ် ဖြစ်လာပြီးမှ ဒီအကြောင်းကို သိခဲ့ရတာ”
“ဝမ်းနည်းစရာ ကောင်းတာက ဘိုးဘေး ကွယ်လွန်ပြီးနောက် ငါတို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေက လူအများအပြားကို စေလွှတ်ပြီး ဘိုးဘေးရဲ့ အမွေအနှစ်ကို ရယူဖို့ ကြိုးစားခဲ့ပေမဲ့ အားလုံး ကျရှုံးခဲ့ကြတယ်”
“ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ ငါတို့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေက ဒါကို ဘိုးဘေး ချန်ထားခဲ့တဲ့ ဟာသတစ်ခုလို့ပဲ သတ်မှတ်လိုက်ကြပြီး ဘယ်သူမှ ထပ်မကြိုးစားကြတော့ဘူး”
ထိုအချိန်တွင် လင်းယာဟွမ်၏ စိတ်ထဲ၌ အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။ သခင်မြတ်သည် သူမကို စမ်းသပ်မှုတွင် ပါဝင်စေပြီး အမွေအနှစ်ကို ရယူစေလို၍ ဤနေရာသို့ ခေါ်ဆောင်လာခြင်း ဖြစ်နိုင်သည်။
ထင်ထားသည့်အတိုင်း နောက်တစ်စက္ကန့်တွင် လင်းထျန်းရီ က ဆက်ပြောလိုက်သည်။
“မင်းက မင်းရဲ့ အင်အားကို တိုးတက်ချင်တဲ့ ဆန္ဒ က အရမ်းပြင်းပြနေတော့ ငါ မင်းကို စမ်းကြည့်ခိုင်းဖို့ ခေါ်လာခဲ့တာပဲ”
“ကျေးဇူးတင်ပါတယ် သခင်မြတ်... ပန်းတစ်သောင်းမြင့်မြတ်နယ်မြေအတွက် ဘိုးဘေးရဲ့ အမွေအနှစ်ကို ရအောင် ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်”
လင်းယာဟွမ်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ပန်းတစ်သောင်းနယ်မြေ၏ ဘိုးဘေးသည် ရွှမ်ထျန်းကမ္ဘာ၏ နံပါတ်တစ်နှင့် အစွမ်းထက်ဆုံး မဟာဧကရာဇ်တစ်ပါး ဖြစ်ခဲ့ပြီး မရေမတွက်နိုင်သော ပါရမီရှင်များကို ဖိနှိပ်ခဲ့သည်ဟု ဆိုလျှင် ပိုလွန်းရာ မကျပေ။
ထိုအချိန်က ပန်းတစ်သောင်းမြင့်မြတ်နယ်မြေသည် လူတိုင်း ဝင်ရောက်လိုသည့် အဖွဲ့အစည်းတစ်ခု အဖြစ် ချီးကျူးခံခဲ့ရသည်။
သို့သော် ထန်ယန် ကွယ်လွန်သွားပြီးနောက် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေသည် တစ်ချိန်က ဘုန်းကျက်သရေများကို ဆုံးရှုံးခဲ့ရသည်။
“အင်း... အကောင်းဆုံး ကြိုးစား”
လင်းထျန်းရီသည် ခေါင်းညိတ်လိုက်သော်လည်း သူ၏ လေသံအရ လင်းယာဟွမ်အပေါ်တွင် မျှော်လင့်ချက် သိပ်မထားကြောင်း သိသာနေသည်။
လင်းယာဟွမ်ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်များစွာ ရှိခဲ့သော်လည်း မည်သူမျှ ဘိုးဘေး၏ အမွေအနှစ်ကို မရရှိခဲ့ကြပေ။ လင်းယာဟွမ်အတွက်မူ မသေချာပေ။
သို့သော် လင်းထျန်းရီသည် စိတ်ဓာတ်ကျစေမည့် စကားများကို မပြောခဲ့ပေ။ သူသည် လင်းယာဟွမ်ကို ကမ္ဘာငယ်လေ တစ်ခု၏ ဝင်ပေါက်ဆီသို့ လျင်မြန်စွာ ခေါ်ဆောင်သွားလေသည်။
ကမ္ဘာငယ်လေးမှ ထွက်ပေါ်နေသော အသက်ရှူသံများကို ခံစားရင်း လင်းယာဟွမ်မှာ စိတ်လှုပ်ရှားနေမိသည်။ မည်သူမျှ သူမကို မယုံကြည်ကြကြောင်း သူမ သိသော်လည်း အားလုံးကို အံ့အားသင့်သွားစေရမည်ဟု သူမ သန္နိဋ္ဌာန် ချထားသည်။
လင်းယာဟွမ်သည် သူတော်စင်မ ဟူသော ဘွဲ့ထူးနှင့် အမှန်တကယ်ပင် ထိုက်တန်သူ ဖြစ်သည်။
ကမ္ဘာငယ်လေး၏ ဝင်ပေါက်သို့ ရောက်သောအခါ လင်းထျန်းရီသည် လက်သင်္ကေတများကို ဖော်ဆောင်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ် အတွင်းမှ သခင်မြတ် တံဆိပ်ပြား တစ်ခု ပေါ်ထွက်လာခဲ့သည်။
လင်းထျန်းရီသည် သခင်မြတ် တံဆိပ်ပြား အတွင်းသို့ စွမ်းအားများကို ပို့လွှတ်လိုက်ရာ ၊ တံဆိပ်ပြား အတွင်းမှ နက်မှောင်သော အနီရောင် စွမ်းအား အငွေ့အသက်များ ထွက်ပေါ်လာပြီး ကမ္ဘာငယ်လေး၏ ဝင်ပေါက်ဆီသို့ ပျံသန်းသွားလေသည်။
သခင်မြတ် တံဆိပ်ပြား အတွင်းမှ စွမ်းအားနှင့် ထိတွေ့ပြီးနောက် ကမ္ဘာငယ်လေး ဝင်ပေါက် အထက်ရှိ ပိတ်ပင်ထားမှုသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။
အချိန်ကာလ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေမှ လူများသည် ထိုနေရာတွင် ဘိုးဘေး၏ အမွေအနှစ်များ ရှိနေသည်ဟု သိပ်မယုံကြည်ကြသော်လည်း ၊ အကယ်၍ ရှိနေခဲ့လျှင်ဖြင့် ...
ထို့ကြောင့် လုံခြုံရေး နှင့် ပြင်ပလူများ မဝင်ရောက်နိုင်စေရန် ဘိုးဘေးဖြစ်သူသည် သူ၏ စွမ်းအားဖြင့် ပိတ်ပင်မှုတစ်ခု ပြုလုပ်ထားခဲ့သည်။ ထို့အပြင် အစွမ်းထက်သော မဟာဧကရာဇ်တစ်ပါး၏ ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန် သခင်မြတ် တံဆိပ်ပြားဖြင့်သာ ဝင်ရောက်နိုင်ရန် ပြုလုပ်ထားခဲ့သည်။
ပိတ်ပင်ထားမှု ပွင့်သွားသည်နှင့် လင်းထျန်းရီသည် လင်းယာဟွမ်ကို ကြည့်ကာ ပြောလိုက်လေသည်။
“ကဲ... ပိတ်ပင်ထားမှု ပွင့်သွားပြီ... မင်း ဝင်သွားလို့ ရပြီ”
“ဟုတ်ကဲ့ပါ သခင်မြတ်... သခင်မြတ်ရဲ့ မျှော်လင့်ချက်တွေနဲ့ ထိုက်တန်အောင် ကျွန်မ သေချာပေါက် ကြိုးစားပါ့မယ်”
လင်းယာဟွမ်သည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ကမ္ဘာငယ်လေး အတွင်းသို့ ပြတ်ပြတ်သားသား ဝင်ရောက်သွားခဲ့သည်။
လင်းထျန်းရီသည် ခဏတာ နေပြီးနောက် လှည့်ထွက်သွားသည်။ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သခင်မြတ် တစ်ဦးအနေဖြင့် သူသည် သူတော်စင်လေးပါး ပြိုင်ပွဲ၌ ရှိနေရန် လိုအပ်သည်။
အခြားတစ်ဖက်တွင်မူ ၊ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ပြိုင်ပွဲဝင်များ၏ အချက်အလက်များကို လျင်မြန်စွာ စစ်ထုတ်ပြီး သက်ဆိုင်ရာ ပြိုင်ဘက်များကို သတ်မှတ်ပေးလိုက်သည်။ အစောပိုင်း အဆင့်တွင် တူညီသော အဆင့်ရှိသည့် ကစားသမားများသာ အချင်းချင်း ယှဉ်ပြိုင်ခွင့် ရှိသည်။
လူအများအပြားသည် သူတို့၏ ပြိုင်ဘက်များကို မြင်တွေ့ပြီးနောက် ညည်းတွားကြလေသည်။ ပြိုင်ဘက်များသည် သန်မာလွန်းသူများ ရှိသလို အားနည်းသူများလည်း ရှိသည်။
သို့သော် ရှောင်လွှဲစရာ နည်းလမ်း မရှိပေ။ သူတော်စင်လေးပါး ပြိုင်ပွဲသည် ဘက်လိုက်မှု အကင်းဆုံး ပြိုင်ပွဲ ဖြစ်သည့်အားလျော်စွာ သူတို့ကို စိတ်တိုင်းကျ လုပ်ဆောင်ခွင့် ပြုမည် မဟုတ်ပေ။ ထို့ကြောင့် သတ်မှတ်ပေးထားသော ပြိုင်ဘက်များကို မည်မျှပင် ကန့်ကွက်စေကာမူ မဟာမြင့်မြတ်နယ်မြေကြီး လေးခုသည် ပြန်လည် သတ်မှတ်ပေးမည် မဟုတ်ပေ။
“စိတ်ဝင်စားစရာပဲ... ငါ့ပြိုင်ဘက်က မဟာသူတော်စင် အလယ်အလတ်အဆင့်ရှိတဲ့ ဝူရူလုံတဲ့လား”
ထျန်းဝူတောင်ဘက်တွင် ချိုက်ထျန်းကွန်း၏ မျက်နှာတွင် အံ့သြမှု အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ သူ၏ ပြိုင်ဘက်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေဖြစ်စေ ၊ သူသည် မဟာသူတော်စင် အထွတ်အထိပ် အဆင့်တွင် ရှိသည်။ ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ အစောပိုင်း အဆင့်များတွင် သူသည် အဆင့်တူချင်းဖြစ်သည့် မဟာသူတော်စင် အထွတ်အထိပ် အဆင့်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း ၊ အဘယ်ကြောင့် မဟာသူတော်စင် အလယ်အလတ်အဆင့်နှင့် တွဲပေးထားသနည်း။
သို့သော် ကမ်းလှမ်းလာသော လူသစ်များကို အခွင့်ကောင်းယူလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ ဖရိုဖရဲ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်နိုင်သရွေ့ အရာအားလုံး အဆင်ပြေသည်။
ဝူရူလုံ၏ အမည်ကို မြင်လိုက်ရသောအခါ ဝူလီ၏ နှုတ်ခမ်းများသည် အနည်းငယ် တွန့်သွားသည်။ ပထမအချီတွင် သူ၏ စီနီယာအစ်ကိုကြီးသည် ဝူရူလုံနှင့် ရင်ဆိုင်ရမည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
တစ်ဖက်က သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးသော စီနီယာအစ်ကိုကြီး ဖြစ်ပြီး တစ်ဖက်က သူ၏သွေးသားရင်းဖြစ်သည်။ ဤအခြေအနေက ဝူလီကို အတော်လေး အခက်တွေ့စေသည်။
သို့သော် အတန်ကြာပြီးနောက် ဝူလီသည် သက်ပြင်းချလိုက်ပြီး သတိပေးလိုက်သည်။
“စီနီယာအစ်ကိုကြီး... သတိထားသင့်တယ်... တစ်ဖက်လူက ရိုးရှင်းမယ့်ပုံ မပေါ်ဘူး”
“ကိစ္စမရှိပါဘူး ဂျူနီယာညီလေး... မင်း အစ်ကိုကြီးရဲ့ ဓားသိုင်းကို မြင်ချင်တယ်ဆို... ဒီတစ်ခါ အစ်ကိုကြီး မင်းကို ပြမယ်”
ချိုက်ထျန်းကွန်းသည် လုံးဝ ဂရုမစိုက်ဘဲ ရင်ဘတ်ကို တဘုန်းဘုန်းပုတ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
ထိုအခြေအနေကို မြင်ပြီး ဝူလီသည် ဘာမှ ထပ်မပြောနိုင်တော့ဘဲ သူ၏ စီနီယာအစ်ကိုကြီး ကံကောင်းပါစေဟု ဆုတောင်းပေးလိုက်သည်။
အခန်း ၉၈ - နေဝင်ချိန်အောက် ပြေးလွှားခဲ့တဲ့ ငါ့ရဲ့လူငယ်ဘဝ
မျက်စိတစ်မှိတ် အတွင်းမှာပင် ပြိုင်ပွဲစတင်မည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။
“ယုံကြည်မှု ရှိကြရဲ့လား”
ဝူဟောက်သည် ဝူယီဖန်နှင့် အခြားသူများထံ ရောက်လာပြီး ထုံးစံအတိုင်း စိတ်ဓာတ်ခွန်အား ပေးလိုက်သည်။
ဝူယီဖန်သည် ရင်ဘတ်ကို ပုတ်လိုက်ပြီး ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ဘိုးဘေး... ကျွန်တော့်မှာ ယုံကြည်မှု အပြည့်ရှိတယ်”
ဝူချန်ကွန်းနှင့် အခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။ ထိုအခြေအနေကို မြင်ပြီးနောက် ဝူဟောက်သည် သူတို့ကို ထွက်ခွာခွင့် ပြုလိုက်သည်။
သူတို့အားလုံး သူတော်စင်လေးပါး ပြိုင်ပွဲကွင်းသို့ ရောက်ရှိချိန်တွင် လူအများအပြားသည် စတင် ယှဉ်ပြိုင်နေကြပြီ ဖြစ်သည်။ ပြိုင်ပွဲများကို တစ်ရက်တည်းဖြင့် အပြီးသတ်ရန် စီစဉ်ထားပြီး အချိန်ကန့်သတ်ချက် မရှိပေ။
ဝူယီဖန်နှင့် လင်းဇီရှင်းတို့အတွက် ပြိုင်ဘက်များမှာ ရှားပါးလှသည်။ အမှန်အားဖြင့် ၊ အသက် ၁၀၀၀ မတိုင်မီ အဓိပတိအဆင့်သို့ တက်လှမ်းနိုင်သော ရွှမ်ထျန်းကမ္ဘာမှ ပါရမီရှင်များမှာ အလွန် ရှားပါးလှသည်၊ ဧကရာဇ်တပိုင်း အဆင့်ဆိုလျှင်ဖြင့် ဆိုဖွယ်ရာ မရှိပေ။
ထို့ကြောင့် အစပိုင်းတွင် လင်းဇီရှင်း၌ ပြိုင်ဘက် မရှိသလောက် ဖြစ်ပြီး အဓိပတိ အထွတ်အထိပ် အဆင့်ရှိသော ပါရမီရှင် တစ်ဦးနှင့်သာ တွဲပေးနိုင်သည်။ ထိုအနှီလူမှာ သူသည် သူတော်စင်လေးပါး ပြိုင်ပွဲ၌ ထိပ်ဆုံး ၁၀ ဦးတွင် စာရင်းဝင်မည်ဟု မူလက ထင်မှတ်ထားခဲ့သည်။
သို့သော် သူ၏ ပြိုင်ဘက်မှာ ဧကရာဇ်တပိုင်း ကနဦးအဆင့်ရှိသော လင်းဇီရှင်း ဖြစ်နေကြောင်း သိလိုက်ရချိန်တွင် သူ၏ မျက်နှာမှာ အိုးမဲသုတ်ထားသကဲ့သို့ မည်းမှောင်သွားလေသည်။
သို့သော် သူသည် လက်မလျှော့ခဲ့ပေ။ ထို့နောက်တွင် ၎င်းမှာ လင်းဇီရှင်း၏ တိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်သွားလေသည်။
ဝူယီဖန်၏ ပြိုင်ဘက်မှာလည်း အဓိပတိ အထွတ်အထိပ် အဆင့်ရှိသော ဖုန်းသာ့ထျန်း အမည်ရ ပါရမီရှင် တစ်ဦး ဖြစ်သည်။ ဝူယီဖန် ဝင်ရောက်လာသောအခါ သူသည် ဝူယီဖန်ကို အကဲခတ်သော အကြည့်ဖြင့် ကြည့်လိုက်သော်လည်း လျင်မြန်စွာပင် အထင်သေးစွာဖြင့် ပယ်ချလိုက်သည်။
“မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး... မင်းဘာသာ ဆင်းသွားမလား... ဒါမှမဟုတ် ငါ ဆင်းခိုင်းရမလား”
“အို... စိတ်ဝင်စားစရာပဲ... ငါ မြို့တော်ကနေ ထွက်လာပြီးကတည်းက ဒီလို မောက်မာတဲ့သူမျိုးကို ပထမဆုံး မြင်ဖူးတာပဲ”
ဝူယီဖန်သည် ဖုန်းသာ့ထျန်း၏ စကားများကြောင့် အံ့အားသင့်သွားသည်။
“ဟေး... ဒီနေ့ တွေ့ပြီသာမှတ်”
ဖုန်းသာ့ထျန်း သည် ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်သည်။ ဝူယီဖန် လွယ်လင့်တကူ အရှုံးပေးရန် ရည်ရွယ်ချက် မရှိကြောင်း သူ သိလိုက်သည်။
ဒါဆိုလည်း ဘယ်သူက ပါရမီရှင် အစစ်လဲ ဆိုတာ ပြလိုက်ရတာပေါ့...
ထိုအတွေးဖြင့် ဖုန်းသာ့ထျန်းသည် ဝူယီဖန်ထံသို့ တစ်လှမ်းချင်း လျှောက်လာပြီး ပြောလိုက်သည်။
“ငါ ဖုန်းသာ့ထျန်းက မွေးမွေးချင်း စကားပြောတတ်တယ်... တစ်ပတ်ကြာတော့ လမ်းလျှောက်တတ်တယ်... တစ်လကြာတော့ ပြေးတတ်တယ်”
“အသက် ရှစ်နှစ်မှာ ကျင့်ကြံခြင်း စတင်ခဲ့ပြီး ချီစုစည်းမှု အထွတ်အထိပ် အဆင့်ကို ရောက်ဖို့ တစ်ပတ်ပဲ ကြာခဲ့တယ်”
“ဆယ်နှစ်မှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်... အသက် ၁၅ နှစ်မှာ ဝိညာဉ်ပင်လယ် အဆင့်... အသက်၂၅ နှစ်မှာ ရွှေအမြုတေ အဆင့်... အသက် ၄၀ မှာ ခြေတည်စိတ်ဝိညာဉ် အဆင့်... အသက် ၆၀ မှာ ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်... အသက် ၇၀ မှာ ဟင်းလင်းပြင်သန့်စင်ခြင်း အဆင့်... အသက် ၉၀ မှာ ကပ်ဘေးဖြတ်ကျော်ခြင်း အဆင့်... အသက် ၁၁၀ မှာ သူတော်စင် အဆင့်... အသက် ၁၅၀ မှာ မဟာသူတော်စင် အဆင့်... အသက်၂၀၀ မှာ သူတော်စင်ဘုရင် အဆင့်”
“အခုဆိုရင် အသက် ၉၃၀ မှာ အဓိပတိ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ... ဒီလို ပါရမီမျိုးနဲ့ မင်းက ဘယ်လိုလုပ် ငါ့ပြိုင်ဘက် ဖြစ်လာနိုင်မှာလဲ... ပြောစမ်း...”
ဖုန်းသာ့ထျန်းသည် သူ၏စကားမဆုံးခင် ၊ သူ့ရှေ့၌ ရုတ်တရက် ပေါ်လာသော ဝူယီဖန်ကြောင့် လန့်ဖျပ်သွားသည်။
သို့သော် သူ ပြန်လည် မတုံ့ပြန်နိုင်ခင်မှာပင် ၊ ဝူယီဖန်၏ ကြီးမားလာသော လက်သီးကို တွေ့လိုက်ရပြီး ကမ္ဘာကြီး တစ်ခုလုံး အမှောင်ကျသွားတော့သည်။
“အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ တော်လောက်ပြီ... တိုက်မယ်ဆိုရင် တိုက်... စကားတွေ လာများမနေနဲ့”
“အနိုင်ရသူ... ဝူယီဖန်”
ပြိုင်ပွဲကို တာဝန်ယူသော ဒိုင်လူကြီးမှာ ဧကရာဇ်တပိုင်း အလယ်အလတ်အဆင့် အကြီးအကဲ တစ်ဦး ဖြစ်သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူသည်ပင် အသက်ရှူမှားမတတ် ဖြစ်သွားသည်။
သူ၏ စွမ်းရည်ဖြင့်ပင် ဝူယီဖန် မည်သို့ လှုပ်ရှားလိုက်သည်ကို သေချာ မမြင်လိုက်ရပေ။ ဝူယီဖန်သည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာသည်။
ဝူယီဖန် ထွက်ခွာသွားပြီး မကြာမီ ဖုန်းသာ့ထျန်းသည် သတိပြန်လည်လာပြီး အေးစက်သော မြေပြင်ပေါ်တွင် လဲကျနေသည်။ ဖုန်းသာ့ထျန်းသည် ကောင်းကင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး အတန်ကြာမှ ခါးသက်သက် ပြုံးလိုက်သည်။
“ငါ ရှုံးသွားပြီ ထင်တယ်... အဲဒီနေ့တုန်းက နေဝင်ချိန်အောက်မှာ ပြေးလွှားခဲ့တာကို ငါ မှတ်မိတယ်... အဲဒါက ငါ့ရဲ့ ပျောက်ဆုံးသွားတဲ့ လူငယ်ဘဝပဲ”
“ဝူယီဖန် ဟုတ်လား... ငါ မှတ်ထားလိုက်မယ်... ငါ ဧကရာဇ်တပိုင်း အဆင့်ကို ရောက်ရင် မင်းကို လာရှာပြီး နောက်တစ်ပွဲ ထပ်နွှဲမယ်”
ကံမကောင်းစွာဖြင့် ဖုန်းသာ့ထျန်း၏ စကားများသည် ဝူယီဖန်၏ နားထဲသို့ လုံးဝ မရောက်ရှိခဲ့ပေ။
သူနှင့် ယှဉ်လျှင် ဖုန်းသာ့ထျန်း၏ အောင်မြင်မှုများမှာ ဘာမျှ မဟုတ်ပေ။ ဖုန်းသာ့ထျန်းသည် ဧကရာဇ်တပိုင်း အဆင့်သို့ ရောက်ရှိချိန်တွင် သူသည် မဟာဧကရာဇ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေလိမ့်မည်။
အခြားတစ်ဖက်တွင် ချိုက်ထျန်းခွင်သည်လည်း အသက်မရှိသော မျက်လုံးများဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ မဟာသူတော်စင် အလယ်အလတ်အဆင့်ရှိသော ဝူရူလုံသည် အဘယ်ကြောင့် ဧကရာဇ်လက်နက်ကို ထုတ်သုံးနိုင်ပြီး သူ၏ ဂုဏ်ယူဖွယ်ရာ ဓားသိုင်းပညာကို ဓားချက်တစ်ချက်တည်းဖြင့် ချိုးဖျက်ပစ်နိုင်သည်ကို သူ နားမလည်နိုင်ခဲ့ပေ။
“ငါ ပိုသန်မာလာဖို့ လိုသေးပုံရတယ်... ဝူရူလုံ ဟုတ်လား... ငါ ပိုသန်မာလာရင် သေချာပေါက် လက်စားပြန်ချေမယ်”
ဝူလီသည် ဘေးမှနေ၍ သူ၏ စီနီယာအစ်ကိုကြီး၏ သနားစရာ အဖြစ်အပျက်ကို ကြည့်ရင်း စက္ကန့်အနည်းငယ်မျှ တိတ်တဆိတ် ဝမ်းနည်းပေးလိုက်သည်။
အခြားတစ်ဖက်ရှိ စုချောင်ရန်နှင့် အခြားသူများမှာလည်း အေးအေးလူလူဖြင့် ပြီးဆုံးသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၊ သူတို့သည် မွေးရာပါ ပါရမီရှင်များ ဖြစ်ကြပြီး ဝူဟောက်၏ လမ်းညွှန်မှုဖြင့် ပွဲတစ်ပွဲ အနိုင်ရရန်မှာ ပြဿနာ မဟုတ်ပေ။
“ယောကျ်ား... ကျွန်မ နိုင်ပြီ”
ပြိုင်ဘက်ကို အနိုင်ယူပြီးနောက် စုချောင်ရန်သည် စာမေးပွဲတွင် အမှတ်ပြည့် ရပြီး ဆုအဖြစ် သကြားလုံး လိုချင်သော ကလေးတစ်ယောက်ကဲ့သို့ ဝူဟောက်ထံသို့ ပြုံးရွှင်စွာဖြင့် ပြေးလာသည်။
ဝူဟောက်သည် ပြုံးလိုက်ပြီး စုချောင်ရန်၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ်... ငါ့မိန်းမက အတော်ဆုံးပဲ”
ဝူဟောက်၏ စကားကို ကြားသောအခါ စုချောင်ရန်သည် အလွန် ကျေနပ်သွားသော်လည်း မျက်နှာတစ်ခုလုံးရ နီမြန်းသွားပြီး ပြောလိုက်သည်။
“ဟေး... ဘာလုပ်တာလဲ... လူတွေ ဒီလောက် အများကြီး ကြည့်နေတာကို... မရှက်ဘူးလား”
“ဘာရှက်စရာ ရှိလို့လဲ... မင်းက ငါ့မိန်းမပဲလေ”
ဝူဟောက်၏ ယုံကြည်မှုရှိပြီး ခိုင်မာပြတ်သားသော စကားများက စုချောင်ရန်ကို ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားစေသည်။
ကံကောင်းထောက်မစွာ ထိုအချိန်တွင် ဝူရူလုံက ဝင်ပြောလိုက်သည်။
“အဖေ... အမေ... အရင် ပြန်ကြရအောင်... နေ့ခင်းကြောင်တောင်ကြီး ဒီလိုလုပ်နေတာ မကောင်းပါဘူး”
ဝူဟောက်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် ၊ သူ၏မျက်လုံးများသည် သူတော်စင်လေးပါး ပြိုင်ပွဲ ကွင်းပြင်၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။
နောက်တစ်စက္ကန့်တွင် အလင်းတန်းများစွာသည် ကွင်းပြင်၏ ပတ်ပတ်လည်ရှိ မြေကြီးထဲမှ ထိုးထွက်လာပြီး အနီရောင် အကာအကွယ် အလွှာတစ်ခုအဖြစ် ဖွဲ့စည်းသွားကာ သူတော်စင်လေးပါး ပြိုင်ပွဲတွင် ပါဝင်နေသော ပါရမီရှင်များကို ဝိုင်းရံလိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အံ့အားသင့်ကာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤအစီအရင်၏ ကြီးမားသော စွမ်းအားကို သူတို့အားလုံး ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
“ဘယ်သူက ဒီလိုလုပ်ရဲတာလဲ... ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ”
မဟာသခင်မြတ်ကြီး လေးပါးသည်လည်း ထိုအချိန်တွင် ရောက်ရှိနေကြပြီး အစီအရင် စတင်ချိန်တွင် ကွင်းပြင်၏ အထက် ကောင်းကင်၌ ချက်ချင်းပင် ထွက်ပေါ်လာကြသော်လည်း အစီအရင် မပြီးဆုံးမီ တားဆီးနိုင်ခြင်း မရှိခဲ့ကြပေ။
သို့သော် မဟာသခင်မြတ်ကြီး လေးပါးမှာ သိပ်စိုးရိမ်ခြင်း မရှိကြပေ။
ပထမအချက်အနေဖြင့် သူတို့တွင် ဧကရာဇ်လက်နက်များ ရှိနေသေးသည်။ သူတို့ရှေ့မှ အစီအရင်သည် စွမ်းအားကြီးမားသော်လည်း ဧကရာဇ်လက်နက်များ၏ အကူအညီဖြင့် ၎င်းကို ချိုးဖျက်နိုင်ကောင်း ချိုးဖျက်နိုင်ပေလိမ့်မည်။
ဒုတိယအချက်မှာ ဝူဟောက်ရှိနေသေးသည်။ သူသည် မဟာဧကရာဇ် သို့မဟုတ် ထိုထက်ပို၍ မြင့်မားသော အဆင့်တွင် ရှိနေကြောင်းကို သူတို့အားလုံး သိထားကြသည်။ အကယ်၍ သူသာ ဝင်ရောက်စွက်ဖက်မည်ဆိုပါက အစီအရင်ကို သေချာပေါက် ချိုးဖျက်နိုင်ပေလိမ့်မည်။
“မိတ်ဆွေတို့... အရင်ဆုံး ငါတို့ ပူးပေါင်းပြီး အစီအရင်ကို ဖျက်ဆီးကြမလား”
လီထိုက်ပိုင်သည် လင်းရွှေရို၊ လေဝမ်ယွင်နှင့် လင်းထျန်းရီတို့ကို ကြည့်ကာ ပြောလိုက်သည်။
သို့သော် လင်းထျန်းရီ ဖြည်းညင်းစွာ ခေါင်းခါလိုက်သည်။
“မိတ်ဆွေတို့... ငါ့ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေရဲ့ ဧကရာဇ်လက်နက်က လွန်ခဲ့တဲ့ အချိန်တုန်းက မတော်တဆမှုတစ်ခုကြောင့် ပျက်စီးသွားခဲ့ပြီ... ဒါကြောင့် မပါဝင်နိုင်တာကို ခွင့်လွှတ်ပေးပါ”
လင်းထျန်းရီ၏ စကားကို ကြားသောအခါ လီထိုက်ပိုင်နှင့် အခြားသူများမှာ နောက်တစ်ကြိမ် တုန်လှုပ်သွားကြသည်။ ဧကရာဇ်လက်နက်များသည် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်စွမ်းအားကြောင့် ကျော်ကြားရုံသာမက ခံစစ်စွမ်းအားမှာလည်း လျှော့တွက်၍ မရပေ။
မဟာဧကရာဇ်တစ်ပါး၏ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် အခြား ဧကရာဇ်လက်နက် တစ်ခုကို အသုံးပြုခြင်း မပြုဘဲ ဧကရာဇ်လက်နက်ကို ဖျက်ဆီးရန်မှာ မဖြစ်နိုင်ပေ။
ဒါဆိုရင် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေက တကယ်ပဲ မဟာဧကရာဇ် တစ်ပါးနဲ့ တွေ့ကြုံခဲ့ရတာလား...