← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း ၉၉ - မဟာသခင်မြတ်ကြီး လေးပါး၏ မျက်နှာထားများ ပြောင်းလဲသွားခြင်း

ပန်းတစ်သောင်းမြင့်မြတ်နယ်မြေတွင် ဧကရာဇ်လက်နက် မရှိတော့သော်လည်း လီထိုက်ပိုင်နှင့် အခြားသူများက ၎င်းကို အရေးယူရန် ရည်ရွယ်ချက် မရှိကြပေ။

ပထမအချက်မှာ ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို အရေးယူခြင်းသည် သူတို့အတွက် အကျိုးအမြတ် မရှိပေ။ ဒုတိယအချက်မှာ မူရုံဟွမ်ကို သတ်ဖြတ်ခဲ့သော စွမ်းအားရှင်ကြီးသည် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို သိမ်းပိုက်လိုက်ပြီ ဖြစ်နိုင်ပြီး လင်းထျန်းရီသည် သူတင်မြှောက်ထားသော ရုပ်သေးရုပ် ဖြစ်နိုင်သည်။ သို့မဟုတ်ပါက သူသည် ဧကရာဇ်တပိုင်း ကနဦးအဆင့် ကျင့်ကြံမှုဖြင့် ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သခင်မြတ်အသစ် ဖြစ်လာနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် လီထိုက်ပိုင်နှင့် အခြားသူများသည် အောင်မြင်ရန် ရာနှုန်းပြည့် မသေချာမချင်း ပန်းတစ်သောင်းမြင့်မြတ်နယ်မြေကို အရေးယူမည် မဟုတ်ပေ။

“မူရုံဟွမ်ကို သတ်ခဲ့တဲ့ စွမ်းအားရှင်နဲ့ ငါ့ယောက္ခမဘက်က စွမ်းအားရှင်နဲ့ ဘယ်သူက ပိုတော်မလဲ ဆိုတာတော့ စဉ်းစားစရာပဲ...”

ထိုအချိန်တွင် လင်းရွှေရိုသည် သူမ၏ စိတ်ထဲ၌ တွေးတောလိုက်သည်။ သို့သော် ယခုအချိန်သည် သူတို့အနေဖြင့် အတွေးများရန် အချိန်မရှိသေးပေ ။ အစီအရင် ပြီးဆုံးသွားပြီ ဖြစ်ရာ ၎င်းကို အမြန်ဆုံး ဖျက်ဆီးပစ်ရမည်။ သို့မဟုတ်ပါက အစီအရင် အသက်ဝင်ပြီးနောက် ဘာဆက်ဖြစ်မည်ကို သူတို့ မသိနိုင်ပေ။

“ဒါဆိုရင် ငါတို့သုံးယောက်ပဲ လှုပ်ရှားလိုက်ကြစို့”

လီထိုက်ပိုင် စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ် အတွင်းမှ ဧကရာဇ်ဓား ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အပြာရောင် ဓားအရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။

လေဝမ်ယွင်နှင့် လင်းရွှေရိုတို့သည်လည်း သူတို့၏ သက်ဆိုင်ရာ ဧကရာဇ်လက်နက်များကို ဆင့်ခေါ်လိုက်ကြသည်။ လင်းရွှေရိုတွင် ပိုမို စွမ်းအားကြီးသော အင်မော်တယ်ဓား ရှိနေသော်လည်း ၎င်းသည် ဝှက်ဖဲဖြစ်ပြီး မဖြစ်မနေ အခြေအနေ မဟုတ်လျှင် သူမ အသုံးပြုမည် မဟုတ်ပေ။

“သွားစမ်း”

လင်းရွှေရိုနှင့် အခြားနှစ်ဦးသည် ဧကရာဇ်လက်နက်များကို ထိန်းချုပ်ကာ အစီအရင် အကာအရံ ဆီသို့ ပစ်လွှတ်လိုက်ရာ နောက်တစ်စက္ကန့်တွင် တိုက်ရိုက် ထိတွေ့သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ တုန်ခါမှုများသည် အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး ၊ ဧကရာဇ်တပိုင်းများသည် ထိုအရာကို တားဆီးရန် တုံ့ဆိုင်းခြင်း မရှိ ရှေ့ထွက်လာကြသည်။

ဤကြောက်မက်ဖွယ် စွမ်းအားသည် ခုခံနေကြသော ဧကရာဇ်တပိုင်းများကိုပင် ဖြူဖပ်ဖြူရော် ဖြစ်သွားစေသည်။ မဟာသခင်မြတ်ကြီး သုံးပါးသည် ယခုအခါ စစ်မှန်သော ဧကရာဇ်အဆင့်ရှိ တိုက်ခိုက်ရေး စွမ်းအားကို ပြသနေကြသည်။

( T/N - ဧကရာဇ်တစ်ပိုင်း ပြီးရင် မဟာဧကရာဇ် ဆိုပေမယ့် အဲ့ကြားထဲမှာ ဧကရာဇ်တစ်ပိုင်း- ဧကရာဇ်အဆင့် (ကနဦး၊အလယ်အလတ်၊နှောင်းပိုင်း)- နောက်ဆုံးကြမှ မဟာဧကရာဇ် အဆင့်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ် ၊ တချို့ engစာမှာ လွဲမှားမှုလေးတွေ ရှိနေလို့ ခုမှသတိထားမိတဲ့အတွက် တောင်းပန်ပါရစေ)

ဧကရာဇ်တပိုင်းနှင့် ဧကရာဇ်ကြားတွင် နယ်ပယ်တစ်ခုသာ ကွာခြားသော်လည်း တိုက်ခိုက်ရေး စွမ်းအား ကွာခြားချက်မှာ ကြီးမားလှသည်။ ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်ရှိ စွမ်းအားရှင် အယောက်တစ်ရာ ပေါင်းစည်းလျှင်ပင် ဧကရာဇ်ကနဦး အဆင့် တစ်ဦးကို ယှဉ်နိုင်မည် မဟုတ်ပေ။

ဤသည်မှာ နောက်ဆက်တွဲ တုန်ခါမှုမျှသာ ဖြစ်သည်။ အကယ်၍ မဟာသခင်မြတ်ကြီး သုံးပါးသာ သူတို့၏ ဧကရာဇ်လက်နက်များဖြင့် သူတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့လျှင် တစ်စက္ကန့်ပင် ခံနိုင်မည် မဟုတ်ပေ။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအောက်တွင် အစီအရင်သည် ပျက်စီးသွားမည်ဟု လူတိုင်း ယုံကြည်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ ရွှမ်ထျန်းကမ္ဘာတွင် မဟာဧကရာဇ် မရှိကြောင်း အများက လက်ခံထားသော အချက်ကြောင့် ဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူတို့ကို အဆုံးမဲ့ တုန်လှုပ်သွားစေသော မြင်ကွင်းတစ်ခု ဖြသ်ပေါ်လာခဲ့သည်။ ခေတ္တမျှ ထိပ်တိုက်တွေ့ပြီးနောက် ဧကရာဇ်လက်နက် သုံးခုစလုံး ပြန်ကန်ထွက်လာသည်။

“ဘာ...”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မဟာသခင်မြတ်ကြီး သုံးပါး ပါဝင်တာတောင် မဖြေရှင်းနိုင်တဲ့ ပြဿနာ ရှိသေးတာလား”

“ရှူး... မဟာဧကရာဇ် တစ်ပါး ဝင်မပါရင် ဒီအစီအရင်ကို ချိုးဖျက်ဖို့ နည်းလမ်း မရှိဘူးလား”

မဟာသခင်မြတ်ကြီး သုံးပါးပင် အရာမထင်သည်ကို မြင်သောအခါ လူတိုင်း စိုးရိမ်ထိတ်လန့်သွားသည်။

မည်သို့ပင်ဆိုစေကာမူ ၊ သခင်မြတ်များပင် မဖြေရှင်းနိုင်လျှင် သူတို့အားလုံး ဤနေရာတွင် သေဆုံးရဖွယ် ရှိသည်။

ထိုအခြေအနေကို မြင်ပြီးနောက် ၊ လီထိုက်ပိုင်နှင့် အခြားသူများသည် အလွန် လေးနက်သော အမူအရာများ ဖြစ်သွားကြသည်။ ဤသို့ ဖြစ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားသည်။

“သောက်ကျိုးနည်း... ငါတို့ ရွှမ်ထျန်းကမ္ဘာက စွမ်းအားရှင် အများကြီးကို ဘယ်သူကများ တိုက်ခိုက်ရဲတာလဲ... ငါသိသလောက်ဆိုရင် ရွှမ်ထျန်းကမ္ဘာမှာ ဒီလောက် အင်အားကြီးတဲ့ အဖွဲ့အစည်း မရှိပါဘူး”

လေဝမ်ယွင်သည် ဒေါသထွက်နေပြီး ကျိန်ဆဲလိုက်သည်။

သို့သော် လီထိုက်ပိုင်က ခေါင်းခါလိုက်သည်။

“ဘယ်သူလဲဆိုတာ ငါ မသိဘူး... ဒါပေမဲ့ ဒီမှာ အစီအရင်တစ်ခု တည်ဆောက်ထားတယ် ဆိုတော့ တည်ဆောက်တဲ့သူက ဒီမှာ ရှိနေရမယ်... ကျေးဇူးပြုပြီး ထွက်လာတွေ့ပါဦး လူကြီးမင်း”

“ဟားးး... မျှော်လင့်ထားတဲ့အတိုင်းပဲ... ချင်းလျန်မြင့်မြတ်နယ်မြေရဲ့ သခင်မြတ်က တကယ်ကို ဉာဏ်ကောင်းတာပဲ”

လီထိုက်ပိုင် စကားဆုံးသည်နှင့် နောက်တစ်စက္ကန့်တွင် သွေးဝိညာဉ်ဂိုဏ်း ဝတ်စုံများ ဝတ်ဆင်ထားသော တမန်တော် ငါးဦးသည် အစီအရင် အပြင်ဘက်တွင် ပေါ်လာကြသည်။

သွေးဝိညာဉ်ဂိုဏ်း တမန်တော်များကို မြင်လိုက်ရသောအခါ လူတိုင်း အံ့သြသွားကြသည်။ ရွှမ်ထျန်းကမ္ဘာ အတွင်းရှိ မည်သည့် အဖွဲ့အစည်းက ထိုကဲ့သို့ ဝတ်ဆင်ကြသည်ကို သူတို့လည်း မသိကြပေ။

သို့သော် မကြာမီ လင်းရွှေရိုက တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောလိုက်သည်။

“ရှင်တို့ရဲ့ အစီအရင်က ငါတို့ ရွှမ်ထျန်းကမ္ဘာက ကျင့်ကြံသူတွေကို ပစ်မှတ်ထားနေတာပဲ... ပြီးတော့ ဒီအစီအရင်မှာ ပျံ့နှံ့နေတဲ့ နတ်ဆိုးလမ်းစဉ် စွမ်းအားတွေအရ ရှင်တို့က နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတွေ ဖြစ်ရမယ်... ဒါပေမဲ့ ဒီအစီအရင် နည်းစနစ်က သေစေလောက်တဲ့အထိ မပြင်းထန်တာ ငါ သတိထားမိတယ်... ရှင်တို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ”

“ဟားးး... ခင်ဗျားတို့ အားလုံး က သေတော့မယ့်လူတွေ ဖြစ်နေတာကို ထောက်ထားပြီး ပြောပြလိုက်မယ်... ကံမကောင်းတာက ကျွန်တော်တို့ နောက်ကွယ်က လူကြီးက ပြောပြခွင့် မပေးထားဘူး... ဒါကြောင့် ခင်ဗျားတို့ မကြာခင် သိရပါလိမ့်မယ်”

သွေးဝိညာဉ်ဂိုဏ်း တမန်တော်များထဲမှ တစ်ဦးက စိတ်ပျက်စရာကောင်းသော ရယ်သံဖြင့် ပြောလိုက်ရာ လူတိုင်း စိတ်မသက်မသာ ဖြစ်သွားကြသည်။

လီထိုက်ပိုင်နှင့် အခြားသူများလည်း ကျောချမ်းသွားသည်။ အစီအရင်ဖြင့် ခြားနားထားသော်လည်း အပြင်ဘက်ရှိ လူငါးဦးသည် ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်ရှိ ကျင့်ကြံမှုကို ပိုင်ဆိုင်ထားကြောင်း သူတို့ အာရုံခံမိနိုင်သည်။

ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်သည် ရွှမ်ထျန်းကမ္ဘာ၌ ထိပ်တန်း အင်အားစုတစ်ခု တည်ထောင်ရန် လုံလောက်သော အင်အားဖြစ်သော်လည်း ထိုကဲ့သို့ အင်အားကြီးသော အဖွဲ့အစည်း၏ နောက်ကွယ်တွင် အခြားသူများ ရှိနေသေးသည် ဆိုပါက ထိုလူများသည် မည်မျှ အစွမ်းထက်မည်ကို ပြသနေသည်။

ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်များကို လိုလိုလားလား အစေခံနိုင်သူသည် အနည်းဆုံး ဧကရာဇ်အဆင့် စွမ်းအားရှင်တစ်ဦး ဖြစ်ရမည်။ ဆိုလိုသည်မှာ နောက်ကွယ်မှ လူသည် အနည်းဆုံး ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

‘ အဲ့ပုဂ္ဂိုလ်ကရော ယှဉ်နိုင်ပါ့မလား...’

လင်းရွှေရိုနှင့် အခြားသူများသည် ထိုသို့ တွေးမိသော်လည်း လျင်မြန်စွာ ပယ်ဖျက်လိုက်ကြသည်။

ယခု အရေးအကြီးဆုံးမှာ အစီအရင်ကို အရင် ချိုးဖျက်ရန် ဖြစ်သည်။ အစီအရင်၏ တိကျသော ရည်ရွယ်ချက်ကို မသိရသော်လည်း ဒီအတိုင်း ထားလိုက်ပါက သေချာပေါက် ထိန်းချုပ်မရသော အခြေအနေသို့ ရောက်သွားလိမ့်မည်။

ထိုအတွေးဖြင့် လီထိုက်ပိုင်က မထီမဲ့မြင် ပြုကာ ပြောလိုက်သည်။

“မင်းတို့ရဲ့ အစီအစဉ်က တော်တော်လေး စေ့စပ်သေချာတယ်လို့ ငါ ဝန်ခံပါတယ်... ငါတို့ မဟာသခင်မြတ်ကြီး သုံးပါး ဝင်ရောက်စွက်ဖက်ရင်တောင် အစီအရင်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ ငါ့တွက်ချက်မှုအရ ငါတို့သာ နည်းနည်းလေး ပိုသန်မာရင် အစီအရင်ကို ဖျက်ဆီးနိုင်လောက်တယ် မဟုတ်လား”

ဧကရာဇ်လက်နက်များ ပြန်ကန်ထွက်လာသော်လည်း လီထိုက်ပိုင်နှင့် အခြားနှစ်ဦးက သူတို့၏ စွမ်းအားသာ အနည်းငယ် ပိုသန်မာပါက အစီအရင် ပျက်စီးသွားနိုင်ကြောင်း သဘောပေါက်လိုက်သည်။

သို့သော် သူတို့၏ စွမ်းအားကို အပြည့်အဝ အသုံးပြုခဲ့ပြီး ဖြစ်သော်လည်း ၊ အစီအရင်ကို မဖျက်ဆီးနိုင်ခဲ့သဖြင့် ယခု ဝူဟောက်အပေါ်တွင်သာ မျှော်လင့်ချက် ထားနိုင်တော့သည်။

ထိုစကားကို ကြားသောအခါ သွေးဝိညာဉ်ဂိုဏ်း တမန်တော် ငါးဦးက မထီမဲ့မြင် ပြုကာ ပြောလိုက်သည်။

“မှန်တယ်... ခင်ဗျားတို့ စွမ်းအား နည်းနည်းလေး ပိုသန်မာရင် အစီအရင်ကို ဖျက်ဆီးနိုင်လိမ့်မယ်... ဒါပေမဲ့ အစီအရင် ပြီးသွားပြီ ဖြစ်တဲ့အတွက် ဧကရာဇ် အလယ်အလတ်အဆင့် စွမ်းအား မရှိရင် ဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး”

“ဒါကြောင့် စောင့်နေလိုက်တော့... အစီအရင်က ခင်ဗျားတို့ကို ပြောင်းရွေ့ပေးမယ့်အချိန်ကို စောင့်ပြီး မလွဲမသွေ သေဆုံးရမယ့် ကံကြမ္မာနဲ့ ရင်ဆိုင်လိုက်‌တော့”

သွေးဝိညာဉ်ဂိုဏ်း တမန်တော်၏ စကားကို ကြားသောအခါ လီထိုက်ပိုင်နှင့် အခြားသူများ၏ မျက်လုံးများသည် အရောင်တောက်သွားသည်။ သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် သူ ပါးစပ်သရမ်းမိသွားကြောင်း ရှင်းလင်းစွာ သတိပြုမိသွားပြီး ပါးစပ်ပိတ်ကာ စကားမပြောတော့ပေ။

သွေးဝိညာဉ်ဂိုဏ်းသည် လောကထဲသို့ ပေါ်ထွက်လာသည်နှင့် သူတို့သည် သွေးဝိညာဉ်ဂိုဏ်း၏ တမန်တော်များ အဖြစ် အထူးတလည် အာရုံစိုက်ခံရမည် ဖြစ်ပြီး ကြီးကျယ်သော အမြင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

အခန်း ၁၀၀ - စီနီယာ... ကျေးဇူးပြုပြီး နတ်ဆိုးကို နှိမ်နင်းပေးပါ

“ အဘိုး... ဒီအစီအရင် တံခါးပေါက်ကို ဖျက်ဆီးနိုင်မလား”

အစီအရင် ပြီးဆုံးသွားပြီးနောက် ဝူချန်ကွန်းသည် ဝူဟောက်၏ အနားသို့ ကပ်သွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

သူ့ရှေ့မှ မြင်ကွင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းနေသော်လည်း ဝူမိသားစုဝင် တစ်ဦးအနေဖြင့် သူ့အဘိုးသည် မည်မျှ စွမ်းအားကြီးကြောင်း သူ သိထားသဖြင့် သူ့ရှေ့မှ အစီအရင်သည် ကြောက်စရာ မဟုတ်သင့်ပေ။

ဝူရူလုံနှင့် အခြားသူများသည်လည်း သိပ်မစိုးရိမ်ကြပေ။ ဝူရူလုံသည် ဖခင်ဖြစ်သူမှာ ဧကရာဇ်လက်နက်ကိုပင် တစ်ကိုယ်တည်း သွန်းလုပ်ခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ဖူးသဖြင့် သူ၏ အင်အားသည် အနည်းဆုံး မဟာဧကရာဇ်အဆင့် ဖြစ်ပေလိမ့်မည်။

စုချောင်ရန်သည်လည်း ဝူဟောက်နှင့် နေ့စဉ်နေ့တိုင်း အတူရှိနေသူ ဖြစ်သဖြင့် သူ့ရှေ့မှ ပုဂ္ဂိုလ်သည် မည်မျှသန်မာသည်ကို သူ ကောင်းကောင်း သိသည်။

ထိုစကားကို ကြားသောအခါ ဝူဟောက်သည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“ငါ သေချာပေါက် ဖျက်ဆီးနိုင်တာပေါ့... ဒါပေမဲ့ ငါ့အစီအရင် မပါဘဲနဲ့လည်း ဖျက်ဆီးလို့ ရနိုင်တယ်”

“ဘိုးဘိုး... ဘာကို ဆိုလိုတာလဲ... မဟာသခင်မြတ်ကြီး လေးပါးထက် ပိုအစွမ်းထက်တဲ့သူ ဒီမှာ ရှိနေလို့လား”

ဝူချန်ကွန်းသည် ဇဝေဇဝါ ဖြစ်နေသော်လည်း ဝူဟောက်သည် ပြုံးရုံသာ ပြုံးပြီး နှုတ်ဆိတ်နေလိုက်သည်။

မည်သို့ပင်ဆိုစေ ဝူချန်ကွန်းသည် မကြာမီ သိရတော့မည် ဖြစ်သည်။ ဝူဟောက်၏ စကားကို ကြားပြီးနောက် ဝူယီဖန်သည် ဂနာမငြိမ် ဖြစ်လာသည်။ ဘိုးဘေးသည် သူ့ကို လှုပ်ရှားစေချင်ကြောင်း သူ သိလိုက်သည်။

အခြားတစ်ဖက်တွင် ဝူယိတောက်၏ အဖွဲ့၌ လျူရူယန်နှင့် အခြားသူများသည် ရုတ်တရက် အပြောင်းအလဲကို မြင်တွေ့လိုက်ရသောအခါ အလွန် ကြောက်ရွံ့လာကြသည်။

“အာ... ငါက သူတော်စင်လေးပါး ပြိုင်ပွဲ လာပြိုင်ရုံလေးပါ... ဘာလို့ ဒီလိုတွေ ဖြစ်ရတာလဲ”

ကျီပေါ်တာသည် ခေါင်းကုတ်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ခန်းရှီဖုနှင့် အခြားသူများသည်လည်း မျက်နှာထား မကောင်းကြပေ။ လက်ရှိ အခြေအနေအရ သူတို့ သေဆုံးရတော့မည်ဟု ယုံကြည်နေကြသည်မှာ ထင်ရှားသည်။

မဟာသခင်မြတ်ကြီး လေးပါးပင် အစီအရင်ကို မဖျက်ဆီးနိုင်ခဲ့ပေ။ အပြင်ဘက်မှ သွေးဝိညာဉ်ဂိုဏ်း တမန်တော် ငါးဦး၏ စကားများကိုလည်း သူတို့ ကြားခဲ့ရသည်။ ၎င်းတို့သည် သူတို့၏ အသက်ကို လာယူခြင်း ဖြစ်သည်။

လျူရူယန်သည် အလွန် တုန်လှုပ်နေသော်လည်း ဝူယိတောက်ကို လှမ်းကြည့်လိုက်မိသည်။ ဝူယိတောက်၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် စူးစမ်းလိုစိတ်ဖြင့် မမေးဘဲ မနေနိုင်တော့ပေ။

“သူတော်စင်... လက်ရှိ ခက်ခဲတဲ့ အခြေအနေကို မကြောက်ဘူးလား”

“ကြောက်တယ်... ဘာကို ကြောက်ရမှာလဲ... ငါတို့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး”

ဝူယိတောက်၏ လေသံမှာ လုံးဝ တည်ငြိမ်နေသည်။ သူ့ရှေ့မှ ဖြစ်ရပ်များသည် သာမန်ကိစ္စများ ဖြစ်ပြီး သူတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှု မရှိသကဲ့သို့ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လျူရူယန် ပြန်လည် ချေပရန် ပြင်လိုက်သည်။ မဟာသခင်မြတ်ကြီး လေးပါးပင် မဖြေရှင်းနိုင်သော ပြဿနာကို သူသည် အဘယ့်ကြောင့် ဖြေရှင်းနိုင်မည်ဟု ပြောနိုင်သနည်း။

သို့သော် ဝူယိတောက်သည် လျူရူယန်ကို တစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲရှိ ယုံကြည်မှုများက လျူရူယန်ကို ပါးစပ်ပိတ်သွားစေသည်။

“ထားလိုက်ပါတော့... ကံတရားအတိုင်းပဲ ထားလိုက်တော့မယ်... ပြီးတော့ သူတော်စင်က ဒီလိုပြောရဲတယ် ဆိုတော့ တကယ်ပဲ ယုံကြည်မှု တစ်ခုခု ရှိလို့ ဖြစ်မှာပေါ့ “

ဝူလီဘက်တွင်မူ ၊ ချိုက်ထျန်းခွင်နှင့် နန်ကုန်းယာတို့သည်လည်း ရုတ်တရက် အပြောင်းအလဲကြောင့် ထိတ်လန့်တကြား ဖြစ်နေကြသည်။ သူတို့ နှစ်ဦးစလုံးသည် လူပျိုရည် မပျက်သေးဘဲ သေရတော့မည်ဟု အော်ဟစ်နေကြသည်။

သူတို့၏ စိတ်ပျက်စရာ စကားများကို နားထောင်ရင်း ဝူလီသည် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ကြောက်နေလို့ ဘာထူးမှာလဲ... ဘယ်လိုလုပ်တာက အသက်ရှင်မလဲ ဆိုတာ စဉ်းစားတာ ပိုကောင်းမယ်... အစီအရင်က ငါတို့ကို ဘယ်ခေါ်သွားမလဲ မသိဘူး”

ထိုသို့ ပြောသော်လည်း ဝူလီသည် သိပ်မစိုးရိမ်ပေ။ သူ၏ ဘိုးဘေးကို စောစောက တွေ့လိုက်ပြီး လိုအပ်လျှင် ဘိုးဘေးင ဝင်ရောက် စွက်ဖက်လိမ့်မည်ဟု တွက်ဆထားသည်။

ဘိုးဘေးသည် သူတို့၏ရှေ့တွင် တစ်ခါမှ အစွမ်းမပြဖူးသော်လည်း သို့သော် ဘိုးဘေးသည် အလွန် စွမ်းအားကြီးမားကြောင်း ဝူလီ ခံစားမိသည်။ ဤသည်မှာ သူ၏ ပင်ကိုယ်အသိစိတ် သက်သက်သာ ဖြစ်သည်။

ဧကရာဇ်တပိုင်း အထွတ်အထိပ် အဆင့်ရှိသော ဆရာနှင့် ရင်ဆိုင်ရစဉ်ကပင် ဝူလီသည် ဘိုးဘေးထံမှ ခံစားရသော ဖိအားမျိုး မခံစားရပေ။

ဝူလီသည် ယနေ့လိုအဆင့်ထိ တိုးတက်လာနိုင်ခြင်းမှာ သူ၏ စိတ်ဓာတ်နှင့် ပါရမီကြောင့် မဟုတ်ဘဲ သူ၏ ဆဋ္ဌမအာရုံကြောင့်သာ ဖြစ်သည်။

ထိုအတွေးဖြင့် ဝူလီသည် ဝူဟောက် ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး ဝူဟောက် လှုပ်ရှားသည်ကို မြင်တွေ့ရရန် မျှော်လင့်နေမိသည်။

ထိုအချိန်တွင် လင်းရွှေရိုနှင့် အခြားသူများသည် ကောင်းကင်ပေါ်ရှိ သွေးဝိညာဉ်ဂိုဏ်း တမန်တော် ငါးဦးနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ပြီး သတင်းအချက်အလက်များကို ပိုမို ရရှိရန် ကြိုးစားနေကြသည်။

ကံမကောင်းစွာဖြင့် သွေးဝိညာဉ်ဂိုဏ်း တမန်တော်များ အားလုံးတွင် ပိတ်ပင်ထားမှုများ ရှိနေပြီး ထုတ်ဖော်ပြောကြားပါက သေဆုံးသွားမည် ဖြစ်သည်။ ဝူယီဖန် ယခင်က ကြုံတွေ့ခဲ့ရသော အခြေအနေမျိုး မဟုတ်လျှင် သွေးဝိညာဉ်ဂိုဏ်း အကြောင်း မည်သည့် သတင်းအချက်အလက်မှ ထုတ်ဖော်မည် မဟုတ်ပေ။

“အချိန်မဖြုန်းနဲ့... စောင့်ကြည့်လိုက်တော့... မကြာခင် အမှန်တရားကို သိရလိမ့်မယ်.. ဒါပေမဲ့ အဲ့တာက ခင်ဗျားတို့ သေမယ့်နေ့လည်း ဖြစ်လိမ့်မယ်”

သွေးဝိညာဉ်ဂိုဏ်း တမန်တော် တစ်ဦးက အထင်သေးသော လေသံဖြင့် အေးစက်စွာ ပြောဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ လင်းရွှေရိုနှင့် အခြားသူများသည် သက်ပြင်းချလိုက်ကြပြီး မျက်နှာများတွင် စိတ်ပျက်မှုများ ဖြစ်ပေါ်လာသည်။

သူတို့အနေဖြင့် အခြေအနေ ပိုဆိုးမလာစေရန် ဝူဟောက်ကို အစီအရင် ဖျက်ဆီးပြီး နတ်ဆိုးကို နှိမ်နင်းပေးရန် တောင်းဆိုရုံသာ ရှိတော့သည်။

ထိုအတွေးဖြင့် လင်းရွှေရိုသည် အစီအရင် အပြင်ဘက်ရှိ သွေးဝိညာဉ်ဂိုဏ်း တမန်တော်များကို ကြည့်ကာ လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

“ရှင်တို့က တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ... ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးက အစွမ်းထက် ပုဂ္ဂိုလ်တွေကို လုပ်ကြံဖို့ ကြံစည်ရဲတယ်ပေါ့... ဝမ်းနည်းစရာ ကောင်းတာက ကိန်းရှင်တွေ ရှိနေသေးတာပဲ”

“ကိန်းရှင်တွေ ဟုတ်လား... ဘာကို ဆိုလိုတာလဲ”

သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် မျက်မှောင်ကြုတ်သွားပြီး ဇဝေဇဝါ ဖြစ်သွားသည်။

လင်းရွှေရိုသည် အေးစက်စွာ ရယ်မောလိုက်သည်။

“ဘာကို ဆိုလိုတာလဲ ဆိုတော့ ငါတို့ကြားမှာ မဟာဧကရာဇ် တစ်ပါး ရှိနေတယ် ဆိုတာပဲ”

“ဘာ...”

လင်းရွှေရို၏ စကားကို ကြားသောအခါ သွေးဝိညာဉ်ဂိုဏ်း တမန်တော် ငါးဦးသာမက ရှိနေသူ အားလုံး တုန်လှုပ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ရွှမ်ထျန်းကမ္ဘာတွင် မဟာဧကရာဇ် ရှိနေသည်ကို သူတို့ လုံးဝ မသိထားကြသောကြောင့်ပင်။

သွေးဝိညာဉ်ဂိုဏ်း တမန်တော်သည် ခေတ္တမျှ ကြောင်အသွားပြီး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသော်လည်း လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်ပြီး မထီမဲ့မြင် ပြုကာ ပြောလိုက်သည်။

“ခင်ဗျား နောက်နေတာလား... ရွှမ်ထျန်းကမ္ဘာရဲ့ လက်ရှိ ဧကရာဇ်တာအို စည်းမျဉ်းတွေက တံဆိပ်ခတ်ခံထားရပြီးသား... မဟာဧကရာဇ် တစ်ပါး ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ”

ထိုစကားကို ကြားသောအခါ လင်းရွှေရိုနှင့် အခြားသူများလည်း အံ့သြသွားကြသည်။

ဧကရာဇ်တာအို စည်းမျဉ်းတွေက တံဆိပ်ခတ်ခံထားရတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ...

သို့သော် ထိုအရာအတွက် စိုးရိမ်နေရန် အချိန်မရှိပေ။ လင်းရွှေရိုသည် လီထိုက်ပိုင်နှင့် အခြားသူများကို တစ်ချက် ကြည့်လိုက်ပြီး နောက်တစ်စက္ကန့်တွင် သူတို့ သည် ပြိုင်တူ ပြောလိုက်ကြသည်။ သူတို့၏ အသံများမှာ အလွန် လေးစားသမှု ရှိလှသည်။

“စီနီယာ... ကျေးဇူးပြုပြီး နတ်ဆိုးကို နှိမ်နင်းပေးပါ”

လင်းရွှေရိုနှင့် အခြားသူများသည် သွေးဝိညာဉ်ဂိုဏ်း၏ တမန်တော်များကို လှည့်စားနေခြင်းလော သို့မဟုတ် မဟာဧကရာဇ် အမှန်တကယ် ရှိနေသလော ဆိုသည်ကို မသိရသော်လည်း ၊ အခြားသူများအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာနိုင်သေးသည်။

မကြာမီ နေရာတွင်ရှိနေကြသူတိုင်း အော်ဟစ်လိုက်ကြသည်။ သူတို့၏ သဘောထားမှာ အလွန် ကြည်ညိုလေးစားမှု ရှိလှသည်။

“စီနီယာ... ကျေးဇူးပြုပြီး နတ်ဆိုးကို နှိမ်နင်းပေးပါ”

သူတို့၏ စကားများကို ကြားသောအခါ ဝူရူလုံနှင့် အခြားသူများသည် သူတို့နောက်ရှိ ဝူဟောက်ကို မကြည့်ဘဲ မနေနိုင်တော့ပေ။

မမျှော်လင့်ဘဲ ဝူဟောက်သည် ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“ဒီအကျပ်အတည်းက ငါ ဝင်ပါစရာ မလိုပါဘူး... ယီဖန် ဖြေရှင်းနိုင်တယ်”

ဘိုးဘေးဖြစ်သူ၏ စကားကို ကြားသောအခါ ဝူယီဖန်၏ မျက်လုံးများမှာ အရောင်တောက်လာသည်။ ထင်ထားသည့်အတိုင်းပင် ဘိုးဘေးသည် သူ့ကို လှုပ်ရှားစေချင်နေသည်။

ဝူချန်ကွန်းသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီး သံသယ ဖြစ်နေပုံ ရသည်။

“ဘိုးဘိုး... ယီဖန်ကို မယုံလို့ မဟုတ်ဘူး... ဒါပေမဲ့ လက်ရှိ အခြေအနေမှာ ယီဖန် က တကယ်ပဲ ဖြေရှင်းနိုင်ပါ့မလား”

“ဖြစ်နိုင် မဖြစ်နိုင် ဆိုတာ အတည်ပြုကြည့်လိုက်ရင် လုံလောက်ပြီ မဟုတ်လား”

ဝူဟောက်သည် တည်ငြိမ်စွာ ပြောလိုက်သည်။ ဝူယီဖန်ကို ကြည့်သော သူ၏ မျက်လုံးများထဲတွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

ဝူယီဖန်သည်လည်း လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခုကို လက်ခံရရှိလိုက်သကဲ့သို့ အသက်ပြင်းပြင်း ရှူရှိုက်ကာ ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် ဘိုးဘေး... ကျွန်တော် လှုပ်ရှားလိုက်ပါ့မယ်”

All Chapters