ပင်လယ်ပြင်၌ ဉာဏ်အလင်းပွင့်ခြင်း ( ၁ )
Vol. 10 Ch. 142
ပင်လယ်ထဲရှိ ဝေလနဂါးမှတစ်ဆင့် ရွှီချင်းသည် ပင်လယ်ကြမ်းခင်း၌ ထိုကြောက်မက်ဖွယ်သတ္တဝါကြီး ယခုတိုင်အောင် ထွက်မသွားသေးကြောင်း ကောင်းစွာ မြင်နေရသည်။
၎င်းက ခပ်လှမ်းလှမ်းတွင် ရပ်နေပြီး ခန္ဓာကိုယ်ကို ရစ်ခွေထားသည်။ ၎င်း၏နဂါးလိုလို မိကျောင်းလိုလိုခေါင်းကြီးက သူတို့ဘက်သို့ မျက်နှာမူထားသည်။
၎င်းက သွေးအေးသောအကြည့်ဖြင့် ရွှီချင်း၏လှေနှင့် လှေအောက်ရှိ ဝေလနဂါးကြီးကို မမှိတ်မသုန် ကြည့်နေပြီး မသတ်ခင် သားကောင်၏အစွမ်းကို ချိန်ဆကြည့်နေဟန်တူသည်။
၎င်း၏ခန္ဓာကိုယ်က ဧရာမပင်ဂွင်းကြီးတစ်ကောင်ကဲ့သို့ ပေနှစ်ထောင်ကျော် မြင့်မားသည်။ ၎င်း၏ခံ့ညားထည်ဝါသောနဂါးရေယပ်ကြီးလေးခုက အနည်းငယ် လှုပ်ယမ်းနေပြီး ၎င်းတို့အပေါ်တွင် ရေညှိများ ကပ်နေကာ လက်သေးသေးလေးများလည်း မရေမတွက်နိုင်အောက် ထွက်နေသည်။ အံ့အားသင့်စရာအကောင်းဆုံးမှာ အနက်ရောင်ဆူးချွန်များ အတန်းလိုက်ရှိနေသည့် ရှည်လျားသွယ်လျသော လည်ပင်း ဖြစ်သည်။
၎င်းက အမှန်တကယ် ရှဲကျင်းလုံ ဖြစ်ပေသည်။
၎င်းသည် ပင်လယ်မှတ်တမ်းထဲတွင် ဖော်ပြထားသည့် တားမြစ်ပင်လယ်ထဲရှိ ရေမုဆိုးသတ္တဝါများအနက် တစ်ကောင် ဖြစ်သည်။
ရွှီချင်း၏ အသက်ရှူသံများ အနည်းငယ် ပြတ်တောင်း ပြတ်တောင်း ဖြစ်နေပါသော်လည်း ဟန်မပျက်ထိန်းထား၏။ တားမြစ်နယ်မြေတောအုပ်ထဲရှိ သူ၏အတွေ့အကြုံများအရ မည်မျှကြောက်မက်ဖွယ်ကောင်းသော သတ္တဝါဖြစ်ပါစေ ကြောက်ရွံ့ထိတ်လန့်သည့်အရိပ်အယောင် အနည်းငယ်မျှ မပြသင့်ကြောင်း သူ သိထားသည်။
အထူးသဖြင့် ပင်လယ်မှတ်တမ်းထဲတွင် ဖော်ပြထားသည့် ရှဲကျင်းလုံ၏အကြောင်းများကြောင့် ဖြစ်သည်။ ရှဲကျင်းလုံသည် သဘာဝအရ သတိကြီးတတ်သည့် သတ္တဝါဖြစ်ပြီး သွားရောက်နှောင့်ယှက်ရန်မသင့်တော်သည့် ရန်သူဖြစ်ပါက ၎င်းက ချက်ချင်း ထွက်ခွာသွားတတ်သည်။
ရွှီချင်း၏ မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။
“ အစ်မတို့နှစ်ယောက်လုံး ကျင့်ကြံခြင်းအခြေခံစွမ်းအားတွေ ထုတ်ဖော်ပြီး အဲဒီအကောင်ကြီးကို ခြိမ်းခြောက်လိုက်ကြ ”
ဂိုဏ်းတူအစ်မတင်းက တစ်ခွန်းမှ ပြန်မမေးဘဲ ပြောသည့်အတိုင်း ချက်ချင်း လုပ်လိုက်သည်။ သူမ၏ကျင့်ကြံံခြင်းအခြေခံစွမ်းအားများ ချက်ချင်း လည်ပတ်လာပြီး အရှိန်အဝါများ ဖြစ်တည်လာသည်။ ကျောက်ကျုံးဟန်က ဉာဏ်တုံးသော်လည်း မျှော်လင့်ချက်မဲ့ရလောက်အောင် အသိဉာဏ်ကင်းမဲ့နေသည်တော့ မဟုတ်။ သူက ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို အလျင်အမြန် ဖြန့်ကျက်လိုက်ပြီး ဖီးနစ်လှေကြီးကိုပင် တိုက်ခိုက်တော့မည့်အသွင် ထိန်းချုပ်လိုက်သည်။
ထိုအခြင်းအရာအားလုံးကြောင့် ရှဲကျင်းလုံမှာ ဂနာမငြိမ်ဖြစ်လာသည်။ ၎င်း၏ခန္ဓာကိုယ် အနည်းငယ် ရွေ့လျားသွားပါသော်လည်း လက်မလျော့ချင်သေးသည်မှာ ထင်ရှားသည်။
ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး အေးစက်စက်နှာမှုတ်လိုက်သည်။ ထို့နောက် ကုမုဒြာပုံသဏ္ဍာန် လက်ကွက်ဖော်၍ မှော်လှေပေါ်ရှိ ရွက်တိုင်ရှစ်ခုကို ချက်ချင်း ကျုံ့လိုက်သည်။ အကာအကွယ်အလွှာ အပြည့်အဝ အသက်ဝင်သွားသည်နှင့် သူ၏ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံခြင်းအခြေခံစွမ်းအားများက အရှိန်အဟုန်ပြင်းစွာ လည်ပတ်လာသည်။
တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ တောင်တန်းပင်လယ်အဆင့်ရှစ် အရှိန်အဝါများလည်း ပေါက်ကွဲထွက်လာပြီး သူ့နောက်တွင် အရိပ်တစ်ရိပ် ပေါ်လာသည်။
၎င်း၌ ခြောက်ကပ်ပြီး အက်ကြောင်းထနေသော အသားအရေ၊ အစိမ်းရောင်ခန္ဓာ၊ လိမ်ကောက်နေသော ဦးချိုနှင့် ရူးကြောင်နေသော အနီရောင်မျက်ဝန်းတစ်စုံ ရှိသည်။ ‘ ပါ ’ အရိပ်က ပါ်ထွက်လာသည်နှင့် ပင်လယ်ကြမ်းပြင်ကို ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
အပူချိန်များ ကြောက်ခမန်းလိလိ ပျံ့နှံ့သွးသည်။
ထိုအပူချိန်က ထူးဆန်းပြီး ငြိမ်းသက်ရန် မဖြစ်နိုင်သည့်အလားပင်။ ဘေးပတ်ဝန်းကျင်၌ ရေငွေ့များ တပွက်ပွက်ထလာပြီး မြူများ အုံ့ဆိုင်းလာသည်။ ရှဲကျင်းလုံမှာ ရုတ်ခြည်း အပြောင်းအလဲကြောင့် အလွန် စိတ်မသက်မသာဖြစ်လာသည့်အလား ချက်ချင်းပင် ဂနာမငြိမ်ဖြစ်လာသည်။ ၎င်းက နောက်ဆုတ်စပြုလာပါသော်လည်း လုံးလုံးလျားလျား ဆုတ်သွားသည်တော့ မဟုတ်ပေ။
ထိုမြင်ကွင်းကြောင့် ဂိုဏ်းတူအစ်မတင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး စူးရှသောအလင်းများဖြင့် ဝင်းလက်လာသည်။ ကျောက်ကျုံးဟန်သည်ပင် တအံ့တသြဖြစ်သွားရပြီး ရွှီချင်းကို ကြည့်သည့် သူ၏အကြည့်များထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များလည်း ယှက်သန်းနေသည်။
ရွှီချင်းက သူတို့နှစ်ယောက်ကို ဂရုမစိုက်ပေ။ ယခုအချိန်၌ သူ၏စိတ်အာရုံက ရှဲကျင်းလုံအပေါ်တွင်သာ ရှိနေသည်။ တောင်တန်းပင်လယ်ပညာရပ်ကို လှည့်ပတ်ပြီးနောက် ပင်လယ်အသွင်ပြောင်းပညာရပ်ကိုလည်း တွေဝေတွန့်ဆုတ်မနေဘဲ ထုတ်ဖော်လိုက်သည်။ ရုတ်တရက် မှော်လှေပတ်လည်ရှိ ပင်လယ်ရေက ရေစီးကြောင်းပြောင်းလဲ၍ စီးဆင်လာပြီး ဝေလနဂါး၏ အရှိန်အဝါများသည်လည်း ရှဲကျင်းလုံအပေါ်သို့ သက်ရောက်လာသည်။
ထိုမျှသာမကသေး၊ ရွှီချင်း၏မှော်လှေမှ ဦးချိုနှင့် ခြေလေးချောင်းတို့မှလည်း စူးရှတောက်ပသော အလင်းများ ဖြာထွက်ကာ ပြင်းထန်သောဖိအားတစ်ရပ် သက်ရောက်လာသည်။
ထိုအချိန်၌ ဦးချိုထဲ၌ ဝါးမျိုခြင်းစွမ်းအားများ စီးဆင်းလာပြီး ခြေတစ်ချောင်းစီရှိ ဓားသုံးထောင်သည်လည်း အချိန်မရွေး ပျံထွက်သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထိုကဲ့သို့ အေးစိမ့်စိမ့်အငွေ့အသက်များကြောင့် ရှဲကျင်းလုံမှာ တစ်ကိုယ်လုံး တုန်ရီလာသည်။ ပြင်းထန်သော အန္တရာယ်ကြောင့် ရွှီချင်းနှင့် ခပ်ကွာကွာနေရန် ၎င်းကို ခံစားသွားစေသည်။
ရွှီချင်း၏အကြည့်က ဝေလနဂါး၏မျက်လုံးများနှင့် ပေါင်းစပ်သွားပြီး အေးတိအေးစက်စိုက်ကြည့်လိုက်သည်။
ထိုသို့ဖြင့် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကြာသွားသည်။
ရွှီချင်းက သွားရောက်နှောင့်ယှက်သင့်သည့် လူစားမျိုး မဟုတ်ကြောင်း ရှဲကျင်းလုံ အာရုံခံမိလိုက်ပြီး စက်ဝိုင်းပုံစံလှည့်ပတ်၍ တဖြည်းဖြည်း ဆုတ်ခွာသွားသည်။ နောက်ဆုံး၌ ၎င်းသည် အမဲလိုက်ခြင်းကို စွန့်လွှတ်လိုက်ပြီး အဝေးသို့ တိုးဝှေ့ပျောက်ကွယ်သွားသည်။
ရွှီချင်းမှာ စိတ်ချလက်ချ မနေနိုင်သေးဘဲ တိုက်ခိုက်ရန် အသင့်ပြင်ထားသည့်အနေအထားဖြင့် မှော်လှေကို မောင်းလိုက်သည်။ ထိုနေရာမှ အဝေးသို့ မှော်လှေ ရောက်သွားသောအခါမှသာ သူ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
ဘေးရှိ ဂိုဏ်းတူအစ်မတင်းနှင့် ကျောက်ကျုံးဟန်တို့သည်လည်း သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။
“ အဲဒီပင်လယ်သတ္တဝါက သက်စွန့်ဆံဖျားလုပ်ရတာကို မကြိုက်ဘူး။ လုံးဝ ယုံကြည်မှုရှိနေမှ တိုက်ခိုက်တတ်တယ်လို့ ပင်လယ်မှတ်တမ်းထဲမှာ ပြောထားတယ်။ ခန့်မှန်းထားသလိုပါပဲလား ”
ရွှီချင်းက သူ့ရှေ့ရှိ ပင်လယ်ပြင်ကို ကြည့်လိုက်သည်။
ဤနေရာက ပင်လယ်နက်နှင့် အလွန်ဝေးနေသေးပြီး ကမ်းရိုးတန်းတစ်နေရာသာ ရှိသေးသည်ကို ရွှီချင်း သိသည်။
သို့တိုင်အောင် ကြောက်မက်ဖွယ်အန္တရာယ်များ ရှိနေ၏။ သို့ဖြစ်၍ ပင်လယ်ကြီးတစ်ခုလုံးက မည်မျှထူးဆန်းပြီး အန္တရာယ်များမည်ကို စိတ်ကူးဖြင့် မှန်းဆကြည့်နိုင်သည်။
ရွှီချင်း၏အကြည့်က ကောင်းကင်ယံရှိ နတ်ဘုရား၏ မျက်နှာပျက်ကြီးပေါ် ရောက်သွားသည်။
အရာအားလုံး ၎င်း ရောက်ရှိလာခဲ့ခြင်းကြောင့် ယခုလို ဖြစ်သွားရခြင်း ဖြစ်သည်။
သူ ရောက်ရှိလာခြင်းသည် သတ္တဝါအားလုံးကို ပို၍ ရက်စက်ကြမ်းတမ်းသွားစေခဲ့သည်။
ရွှီချင်းက ပင်လယ်ပြင်ကို တိတ်ဆိတ်စွာ ပြန်ကြည့်လိုက်သည်။ မကြာသေးခင်က ရှဲကျင်းလုံ၏ပုံရိပ် သူ့ခေါင်းထဲ ပေါ်လာပြီး သူ၏မျက်လုံးများထဲ စဉ်းစားဆင်ခြင်သည့်အရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။
“ အဲဒီရှဲကျင်းလုံရဲ့ပုံစံက တားမြစ်ပင်လယ်ထဲမှာ အသက်ရှင်ဖို့ ပိုပြီး သင့်တော်တယ် ”
ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။ သူက တင်ပျဉ်ခွေထိုင်ချလိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည်။ ရုတ်တရက် သူ၏ကြိုးစားအားထုတ်မှုအောက်တွင် မှော်လှေအောက်ရှိ ဝေလနဂါး၏ ပုံပန်းသွင်ပြင်က ပြောင်းလဲသွားသည်။
တချိန်တည်းမှာပင် အန္တရာယ်ထဲမှ လွတ်မြောက်လာခဲ့ပြီဖြစ်သော ဂိုဏ်းတူအစ်မတင်းနှင့် ကျောက်ကျုံးဟန်တို့သည်လည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများ ချလိုက်ကြပြီး ရွှီချင်းကို ကြည့်လိုက်ကြသည်။ ဂိုဏ်းတူအစ်မတင်း၏ မျက်လုံးများက ပို၍ ဝင်းလက်တောက်ပလာပါသော်လည်း ကျောက်ကျုံးဟန်၏မျက်နှာပေါ်တွင် နာကြည်းသောခံစားချက်များနှင့် ကြောက်ရွံ့ထိတ်လန့်စိတ်များ ရှိနေဆဲပင်။
ရွှီချင်း တိုက်ခိုက်သည်ကို သူတို့ မမြင်ခဲ့ရပါသော်ငြား ‘ ပါ ’ အရိပ်၏ ကြောက်မက်ဖွယ်ကောင်းမှု၊ သူ၏အရှိန်အဝါနှင့် တားမြစ်ပင်လယ်ဝေလနဂါးတို့ကြောင့် ရွှီချင်းသည် သူတို့ မှန်းဆထားသည်ထက် ပို၍ပင် အစွမ်းထက်နေသည်ကို ကောင်းစွာ နားလည်လိုက်ကြသည်။
“ သွေးနဲ့ချီက အရိပ်ဖြစ်နေတယ်။ အဲဒီရွှီဆိုတဲ့ငနဲက ပင်လယ်အသွင်ပြောင်းပညာရပ်နဲ့ တားမြစ်ပင်လယ်ဝေလနဂါးကို ဖန်တီးနိုင်ရုံတင်မကဘူး၊ အပြင်အားမှာလည်း အထွတ်အထိပ်ကို ရောက်နေတာပဲ။ သူ ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာတုံး ”
“ ဒီဂိုဏ်းတူမောင်လေးရွှီက ရုပ်ချောရုံတင်မကဘူး၊ သူ့ကျင့်ကြံခြင်းအဆင့်ကလည်း အစက ငါ ခန့်မှန်းထားတာထက်တောင် ပိုပြီး နက်နဲနေတာပဲ။ ပြီးတော့ အခုထိ သူ အသုံးမပြုရသေးတဲ့ ဝှက်ဖဲတွေလည်း ရှိလောက်တယ်။ နောက်ကျ အဲဒီလိုလူတစ်ယောက်က အခြေတည်အဆင့်ကို ရောက်ဖို့ အခွင့်အလမ်းများတယ် ”
သူတို့နှစ်ဦးသား ကိုယ်စီ တွေးတောနေကြစဉ် ရွှီချင်း၏မှော်လှေအောက်ရှိ ဝေလနဂါးကြီးက ကြီးမားသည်ထက် ကြီးမားလာသည်။