အခန်း (၄၀၇-၄၀၈)
Vol. 41 Ch. 407-408
အခန်း (၄၀၇) ၎င်းသည် သဘာဝတရားပင် ဖြစ်တော့သည်
"အင်း"
ဖန်သားပြင်ကြီးထက်၌ မော်ဒယ်များ၏ ပုံရိပ်မှာ တစ်ခုပြီးတစ်ခု ပြောင်းလဲနေသည်။
ဟေးယိုးအနေဖြင့် သူမ၏ ဒီဇိုင်းများကို အလွန်တန်ဖိုးထားကြောင်း ထိုအဝတ်အစားများက သက်သေထူနေ၏။
အကြောင်းမှာ ပြသသမျှ အဝတ်အထည် အားလုံးမှာ သူမ ကိုယ်တိုင် ဖန်တီးခဲ့ခြင်းကြောင့် ဖြစ်သည်။
"ဒီဇိုင်နာအသစ် ခန့်လိုက်တယ်လို့တော့ ကြားတယ်၊ ဒါပေမဲ့ ဘယ်သူမှန်းတော့ ဘယ်သူမှ မသိကြဘူး မင်း အဲဒီအဝတ်တွေကို ကြိုက်ရင် ကိုယ် ဝယ်ပေးမယ်လေ"
မိုဟန်ကျီသည် သူမ၏ စူးစိုက်ကြည့်နေမှုကို သတိပြုမိသဖြင့် သူမက ထိုအဝတ်အစားများကို နှစ်သက်နေသည်ဟု ယူဆကာ ဆိုလိုက်သည်။
"မလိုပါဘူး... အဲဒီအဝတ်တွေကို ကျွန်မကိုယ်တိုင် ဒီဇိုင်းထုတ်ထားတာလေ၊ ကိုယ့်အဝတ်ကိုယ် ပိုက်ဆံပေးဝယ်ရအောင် ကျွန်မက အရူးမှ မဟုတ်တာ"
မင်ယွဲ့သည် သူမ၏ အခြားသော အမှတ်အသားတစ်ခုကို ပေါ့ပေါ့ပါးပါးပင် ထုတ်ဖော်လိုက်ပြန်သည်။ သူမ၏ စကားကြောင့် ဘေးနားရှိလူများ မည်မျှ ထိတ်လန့်သွားမည်ကို သူမ လုံးဝ သတိမမူမိပုံရသည်။
"ဒါဆို... မင်းက ဒီဇိုင်နာ Y လား"
"အင်းလေ... မတူလို့လား"
ကားမှန်မှာ အလိုအလျောက် တက်သွားပြီးနောက် မင်ယွဲ့က မိုဟန်ကျီကို ပြုံးစစဖြင့် ကြည့်လိုက် သည်။
"တူပါတယ်"
ဟု မိုဟန်ကျီက တိုတိုတုတ်တုတ်ပင် ပြန်လည် တုံ့ပြန်လိုက်တော့သည်။
သူတို့နှစ်ဦး အိမ်သို့ ပြန်ရောက်သည့်အခါ ယွမ်ပေါ့မှာ သူ၏ အခန်းငယ်လေးထဲ၌ အိပ်မောကျနေပြီ ဖြစ်သည်။
ရေချိုးသန့်စင်ပြီးချိန်တွင် ကျန်ကျွင်းထံမှ ဖုန်းဝင်လာခဲ့သည်။
"ယွဲ့ယွဲ့... ဖုန်းမြည်နေတယ်"
ဟု ရေချိုးခန်းထဲမှ ထွက်လာသော မင်ယွဲ့ကို မိုဟန်ကျီက လှမ်းပြောလိုက်သည်။
"ရှင်ပဲ ကိုင်လိုက်ပါ"
သူမသည် ဆံပင်များကို တဘက်ဖြင့် ပတ်ကာ တံခါးဖွင့်၍ ထွက်လာခဲ့သည်။
"မရီးလား..."
"အင်း"
မိုဟန်ကျီ၏ အေးစက်သော အသံကို ကြားသည်နှင့် ကျန်ကျွင်းသည် တစ်ဖက်မှနေ၍ မကျေနပ်မှုကို ချက်ချင်း ခံစားလိုက်ရသည်။
"မိုကော... မရီး ရှိလားဟင် ကျွန်တော် နှောင့်ယှက်မိသွားပြီလား မသိဘူး"
အချိန်ကို ကြည့်ကာ ကျန်ကျွင်းမှာ အနည်းငယ် အားနာသွားမိသည်။
သူငယ်ချင်းဖြစ်သူ၏ ကြည်နူးစရာ အချိန်များကို ဖျက်ဆီးမိပြီလားဟု သူ တွေးပူသွားခြင်း ဖြစ်သည်။ ဖခင်ဖြစ်သူက ဖုန်းဆက်ခိုင်းသဖြင့် သူလည်း မစဉ်းစားမိဘဲ ဆက်လိုက်မိခြင်းပင်။
"ဒီလောက် ညဉ့်နက်မှ ဘာကိစ္စရှိလို့လဲ၊ ပြောစမ်း"
ဟု မိုဟန်ကျီက ခပ်ပြတ်ပြတ် ဆိုလိုက်သည်။
"နောက်ခါကျရင် တစ်ခုခုရှိရင် ငါ့ဆီကိုပဲ တိုက်ရိုက်ဆက်ပါ"
ထိုစကားမှာ ကျန်ကျွင်းကို အတော်လေး ထိခိုက်သွားစေသည်။
သူက အလျင်အမြန်ပင် ရှင်းပြလိုက်၏။
"ဟုတ်ကဲ့... သိပါပြီ အရေးကြီးတာ မဟုတ်ပါဘူး၊ မနက်ဖြန်မှပဲ ပြောတော့မယ်"
သူသည် သဝန်တိုနေသော သူငယ်ချင်းဖြစ်သူကို ဖုန်းအဝေးမှပင် အတိုင်းသား ခံစားနေရသည်။
"ဘယ်သူလဲဟင်"
မင်ယွဲ့က အနားသို့ တိုးကပ်လာသည်။
မင်ယွဲ့၏ အသံကို ကြားလိုက်ရသည့်အခါ ကျန်ကျွင်းသည် ဖုန်းချရန် ပြင်ရာမှ ရပ်တန့်လိုက် သည်။
"မရီး... ကျွန်တော် မေးချင်တာက မရီး 'ခယ် ဟယ်' ကို သိသလားလို့ပါ"
မိုကောအနေဖြင့် ထိုကဲ့သို့ အဆင့်မရှိသူကို သိလိမ့်မည် မဟုတ်ကြောင်း ကျန်ကျွင်း သိသည်။
ထို့ကြောင့် မင်ယွဲ့သည် လုပ်ငန်းများစွာ ပိုင်ဆိုင်ထားသူဖြစ်ရာ သူမ သိနိုင်မည်ဟု ယူဆကာ မေးလိုက်ခြင်း ဖြစ်သည်။
"ဟေးယိုးဂရုက ခယ်ဟယ်ကို ပြောတာလား၊ သိတာပေါ့"
ထိုလူ၏ ပုံရိပ်မှာ မင်ယွဲ့၏ အာရုံထဲ၌ ချက်ချင်း ပေါ်လာသည်။ သူမနှင့် ရန်ငြိုးရှိထားသူကို သူမ မေ့နိုင်စရာ အကြောင်းမရှိပေ။
"ကျွန်မ သူ့အဖေကို ထောင်ထဲ ပို့လိုက်တာလေ"
မင်ယွဲ့က ဗုံးတစ်လုံးကို ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်တော့သည်။
မိုဟန်ကျီသည် ချက်ချင်းပင် အနားသို့ ရောက်ရှိ လာပြီး
“ဘာဖြစ်ခဲ့လို့လဲ၊ သူတို့ ဘာလုပ်ကြလို့လဲ"
ဟု စိုးရိမ်တကြီး မေးမြန်းတော့သည်။
မင်ယွဲ့သည် အကြောင်းမရှိဘဲ မည်သူ့ကိုမျှ ဒုက္ခပေးမည့်သူ မဟုတ်ကြောင်း သူ ကောင်းကောင်း သိသည်။
"ဘာမှ အရေးကြီးတာ မဟုတ်လို့ ရှင့်ကို မပြောပြဖြစ်တာပါ"
မင်ယွဲ့က စိုးရိမ်နေသော မိုဟန်ကျီကို အနမ်းတစ်ပွင့်ဖြင့် ချော့မော့လိုက်ပြီး ကျန်ကျွင်းကို ဆက်ပြောလိုက်သည်။
“ဘာလို့ ခယ်ဟယ်အကြောင်း မေးတာလဲ သူက လူကောင်းမဟုတ်ဘူး သူနဲ့ သူ့အဖေက ကျွန်မကို ရှယ်ယာရှင်အစည်းအဝေး တက်ခွင့်မရအောင် ဟန့်တားခဲ့ကြတာလေ"
ကျန်ကျွင်းသည်လည်း ဦးနှောက်မရှိသူ မဟုတ်ပေ။
“ဟုတ်ကဲ့... မရီး အဲဒီကောင်က အခုတလော ကျွန်တော့်ရဲ့ ညီမဝမ်းကွဲနဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်နေလို့ တစ်ခုခုတော့ မှားနေပြီလို့ ခံစားရတယ်၊ ဒါပေမဲ့ အပြင်မှာတော့ သူ့နာမည်က အတော်လေး ကောင်းနေတာ"
"သူက ရှင့်ကတစ်ဆင့် ဟန်ကျီနဲ့ တွေ့ချင်နေတာ ဖြစ်လိမ့်မယ်၊ ပြီးတော့ သူ ကျွန်မကိုလည်း မှတ်မိနေပုံရတယ်"
ဟု မင်ယွဲ့က မှတ်ချက်ပေးလိုက်သည်။
"နားလည်ပါပြီ... သတိပေးတဲ့အတွက် ကျေးဇူးပါ မရီး မိုကောနဲ့ မရီးကို မနှောင့်ယှက်တော့ပါဘူး"
ဖုန်းပြောဆိုမှု ပြီးဆုံးသွားသော်လည်း မင်ယွဲ့နှင့် မိုဟန်ကျီတို့ကြားတွင်မူ နွေးထွေးသော လေထုမှာ ပိုမို ပြင်းထန်လာခဲ့သည်။
"အိပ်တော့မယ်"
မိုဟန်ကျီက မင်ယွဲ့ကို ပွေ့ချီကာ အိပ်ရာပေါ်သို့ တင်လိုက်သည်။ စင်စစ်တွင် သူ၏ 'အိပ်ခြင်း' မှာ ကရိယာတစ်ခုအဖြစ် အသုံးချခြင်းသာ ဖြစ် တော့သည်။
"ရှင် ခဏလောက် ငြိမ်ငြိမ်မနေနိုင်ဘူးလား”
နောက်ဆုံးတွင် မင်ယွဲ့က စိတ်မရှည်တော့ဘဲ သူ့ကို ကန်ကျောက်မိတော့သည်။ မိုဟန်ကျီက သူမ၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်ကာ အသံနိမ့် နိမ့်ဖြင့် ဆိုလိုက်၏။
"ကိုယ့်ဇနီးလေးနဲ့ ချစ်ရည်လူးရတာက သဘာဝတရားပဲလေ၊ ကိုယ် မရပ်တန့်နိုင်ဘူး"
သူ၏ လေသံထဲတွင် လျော့ပါးမသွားသော စိတ်ဆန္ဒများနှင့် စိတ်အားထက်သန်မှုများ ပြည့် နှက်နေဆဲ ဖြစ်သည်။
"ကျွန်မ အိပ်ချင်ပြီလို့"
ဟု မင်ယွဲ့က တိုးတိုးလေး ညည်းတွားလိုက်သည်။
"အင်း... မင်း အိပ်တော့လေ၊ ချစ်ရတဲ့သူလေး"
အပြင်ဘက်မှ လမင်းကြီးမှာမူ ထိုမြင်ကွင်းကို ရှက်ရွံ့သကဲ့သို့ တိမ်တိုက်များနောက်ကွယ်တွင် ပုန်းကွယ်သွားတော့သည်။
ကျန်ကျွင်းသည် ခယ်ဟယ်နှင့် ပတ်သက်သော အချက်အလက်များကို မင်ယွဲ့ထံမှ ရရှိခဲ့သော်လည်း ၎င်းတို့မှာ ခန့်မှန်းချက်များသာ ဖြစ်နေသေးသည်။
သို့သော် မင်ယွဲ့သည် ယွမ်ပေါ့၏ အကူအညီဖြင့် ထိုဟန်ဆောင်ကောင်းသူ၏ အထောက်အထားများကို အလျင်အမြန်ပင် ရှာဖွေတွေ့ရှိခဲ့သည်။
ထောင်အတွင်းရှိ ခယ်ကျွန်းစန်းမှာမူ သူ၏သား ခယ်ဟယ်အား ဟေးယိုးလုပ်ငန်းစုကို မည်သို့ပင် ဖြစ်စေ အရယူရန် မှာကြားနေသည်။
ခယ်ဟယ်သည် သူ၏ ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားသူဖြစ်ရာ ထောင်ထဲသို့ လာရောက်ရန် ဝန်လေးနေသော်လည်း စိတ်မနှံ့သော မိခင် ဖြစ်သူကြောင့် လာရောက်ခဲ့ခြင်း ဖြစ်သည်။
"ဖေဖေ... ကျွန်တော် အခု ကျန်မိသားစုက မစ္စ ကျန်နဲ့ အဆက်အသွယ် လုပ်နေပါတယ် သူမကတစ်ဆင့် မိုမိသားစုနဲ့ နီးစပ်အောင် ကြိုးစားနေတယ်"
ဟု ခယ်ဟယ်က ရှင်းပြလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင်မူ ပြင်းပြသော ရည်မှန်းချက်များနှင့်အတူ အေးစက်သော အရိပ်အယောင်များ ကိန်းအောင်းနေတော့သည်။
မိန်းကလေးတစ်ဦးကို အသုံးချကာ လှေကားထစ်သဖွယ် အသုံးချရခြင်းမှာ သူ၏ မူလစရိုက် မဟုတ်သော်လည်း အောင်မြင်မှုအတွက်မူ သူ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် အသင့်ရှိနေခဲ့လေပြီ။
အခန်း (၄၀၈) ဘာကိစ္စရှိလို့လဲ
"ကျန်မိသားစုရဲ့ သမီးအရင်းမဟုတ်တဲ့သူကိုလား..."
ခယ်ကျွန်းစန်းသည် မျက်မှောင်ကြုတ်ကာ မထီမဲ့မြင်ပြုဟန်ဖြင့် ဆိုလိုက်သည်။
"ကျန်မိသားစုက နောက်ခံကောင်းပေမဲ့ ဒါက လက်ခံနိုင်ရုံ အဆင့်ပဲရှိတာ၊ မင်းကိုယ်တိုင်လည်း သိမှာပါ"
၎င်းတို့သည် တကယ့်ကို သားအဖအရင်းအချာများပီပီ အတွေးအခေါ်ချင်း ထပ်တူကျလှသည်။
"ကျွန်တော် အမေ့ကို ဖေဖေ့ဆီ လာတွေ့အောင် လုပ်ပေးခဲ့ပြီးပြီ၊ ဒါပေမဲ့ နောက်နောင်မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း နေဖို့ သတိပေးလိုက်မယ်"
ထောင်တံခါးဝမှ ထွက်လာသည်နှင့် ခယ်ဟယ်သည် သူ၏ မိခင်ဖြစ်သူအား အေးစက်စွာ ပြောဆိုလိုက်သည်။
အမျိုးသမီးတစ်ဦး၏ နူးညံ့သိမ်မွေ့သော ရုပ်သွင်နောက်ကွယ်၌ ခန့်မှန်းရခက်သော စိတ်နေသဘောထားများ ရှိနေတတ်သည် မဟုတ်ပါလား။
"နင်က ငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့ အစကတည်းက နင့်ကို မမွေးခဲ့သင့်ဘူး၊ ဒါဆို နင့် အဖေလည်း ဒီလို ဒုက္ခမျိုး ရောက်မှာ မဟုတ်ဘူး"
ယခုရက်ပိုင်းအတွင်း ထိုအမျိုးသမီးသည် ဤစကားကိုပင် ထပ်တလဲလဲ ရွတ်ဆိုနေသဖြင့် ခယ်ဟယ်မှာ အတော်ပင် စိတ်ကုန်နေပြီ ဖြစ်သည်။
"အမေ... ကျွန်တော်သာ မရှိရင် အမေက ခယ်ကျွန်းစန်းရဲ့ ဇနီးအဖြစ် ဆက်ရှိနေနိုင်မယ် ထင်နေတာလား အိပ်မက်မက်မနေပါနဲ့ အခု အမေ့မှာ အားကိုးစရာဆိုလို့ ကျွန်တော်ပဲ ရှိတာကို သတိထားပါဦး"
ခယ်ဟယ်သည် ငယ်စဉ်ကတည်းက မိခင်ဖြစ်သူကို လေးစားမှု ကင်းမဲ့ခဲ့သူ ဖြစ်သည်။
သူ၏ မျက်ဝန်းထဲတွင်မူ ချမ်းသာကြွယ်ဝသော အမျိုးသမီးများနှင့် ပေါင်းသင်းဆက်ဆံကာ အဆင့်အတန်းမြင့်ရန်ဟူသော ရည်မှန်းချက်များသာ ပြည့်နှက်နေ၏။
"ငရဲသွားစမ်း နင် သေသွားတာကမှ အေးဦးမယ် ကျန်မိသားစုက မစ္စကျန်နဲ့ တွဲနေရုံနဲ့ ငါ့အပေါ် လွှမ်းမိုးနိုင်မယ် မထင်နဲ့ နင် မင်္ဂလာဆောင် ရင်တောင် သူက ငါ့ကို 'အမေ' လို့ ခေါ်ရမှာပဲနင်က ဟိုစုန်းမကြီး အဘွားနဲ့ တထပ်တည်းပဲ၊ ငါ ကောင်းစားမှာကို မကြည့်ရက်ကြဘူး နင်သာ ငါ့ကို စိတ်ကျန်းမာရေးဂေဟာ ပို့ရဲရင်... နင် ကျန်မိသားစုကို အသုံးချပြီး မိုမိသားစုဆီ ကပ်ဖို့ ကြိုးစားနေတာကို အကုန်ဖွပစ်မယ် အဲဒီကျရင် ကျန်မိသားစုက နင့်ကို လွှတ်ထားမှာ မဟုတ်ဘူး... ဟားဟားဟား”
ထိုအမျိုးသမီးမှာ အမှန်တကယ်ပင် စိတ် ဖောက်ပြန်နေပြီ ဖြစ်သည်။
ခယ်ဟယ်ကို ကိုယ်ဝန်ဆောင်စဉ်က ပျော်ရွှင်ခဲ့သော်လည်း ယောက္ခမဖြစ်သူ၏ နှိပ်စက်မှုများကြောင့် သူမ၏ စိတ်အခြေအနေမှာ ပျက်စီးခဲ့ရသည်။
သူမ မွေးထုတ်ခဲ့သော သားဖြစ်သူမှာလည်း သူမအား မချစ်ဘဲ အဘွားဖြစ်သူကိုသာ ကပ်နေခဲ့ခြင်းက သူမ၏ ရင်ထဲ၌ နာကျင်ဖွယ် ရန်ငြိုးများကို ပျိုးထောင်ပေးခဲ့သည်။
ခယ်ဟယ်သည် မိခင်ဖြစ်သူ၏ အမုန်းတရားများကို ခံစားလိုက်ရသည့်အခါ ကျောချမ်းသွားရသည်။ ဤသည်မှာ ဖခင်ကို ကယ်တင်ခိုင်းရုံသက်သက် မဟုတ်ဘဲ သူ့အပေါ် ထားရှိသော အမြစ်တွယ်နေသည့် အမုန်းတရားများသာ ဖြစ်တော့သည်။
"ဒေါက်..."
မင်ယွဲ့၏ ဖုန်းထဲသို့ ဗီဒီယိုတစ်ခု ရောက်ရှိလာသည်။
"တကယ့်ကို လွယ်လွယ်လေးပါပဲလား၊ ယွမ်ပေါ့က ဒါကို ဖမ်းမိလိမ့်မယ်လို့ မထင်ထားဘူး"
သူမသည် ထိုဗီဒီယိုကို သိမ်းဆည်းကာ ကျန်ကျွင်းထံသို့ တိုက်ရိုက် ပေးပို့လိုက်သည်။
ထိုအချိန်တွင် ကျန်ကျွင်းသည် အိမ်ဟောင်း၌ သူ၏ ဖခင်ဖြစ်သူထံမှ ဆုံးမစကားများကို နားထောင်နေရချိန် ဖြစ်သည်။
"မင်းက မစ္စတာမိုနဲ့ နေ့တိုင်း တွဲနေပြီး ဘာလို့ သူ့ဆီက ဘာမှ မသင်ယူတာလဲ အမြဲတမ်း ပေါ့ပေါ့ပါးပါးနဲ့ တာဝန်မဲ့နေရင် မိသားစု စီးပွားရေးကို ဘယ်လို ဆက်ခံမှာလဲ"
ဖခင်ဖြစ်သူ စကားမဆုံးမီမှာပင် ကျန်ကျွင်းသည် ဖုန်းကို ထုတ်ကြည့်လိုက်သည်။
"မင်း... မင်းကတော့ ငါ့ကို ရူးအောင် လုပ်နေတာပဲ ဒီလိုအချိန်မှာတောင် ဖုန်းကစားနေရသလား"
ကျန်တီး၏ မိခင်က သစ်သီးများ ယူလာရင်း
"ရှင်လည်း စကားကို ညင်ညင်သာသာ ပြောပါဦး၊ ကလေးက ခဲရာခဲဆင် ပြန်လာတာကို"
ဟု ဝင်ရောက် ဖျန်ဖြေပေးသည်။
"ခဏလေး... ကျွန်တော် ပြစရာ ရှိလို့ပါ"
ကျန်ကျွင်းသည် ဗီဒီယိုကို ဖွင့်ပြလိုက်သည်။
ဖုန်းထဲမှ စိတ်နောက်နေသော အမျိုးသမီး၏ အော်ဟစ်သံနှင့်အတူ ခယ်ဟယ်၏ အကြံအစည်များကို အတိုင်းသား ကြားလိုက်ရသည်။
သစ်သီးပန်းကန်ကို ကိုင်ထားသော ကျန်တီး၏ မိခင်မှာ ဒေါသကြောင့် တုန်ရင်သွားကာ သူမ၏ သမီးဖြစ်သူအား အသုံးချခံနေရသည်ကို သိလိုက်ရသည့်အခါ အလွန်ပင် ခံပြင်းသွားတော့သည်။
"ဒီတိရစ္ဆာန်ကောင် ကျန်မိသားစုကို အသုံးချရဲတယ်ပေါ့၊ ငါ မင်းကို နောင်တရအောင် လုပ်ပြမယ်"
ဟု ကျန်အဖိုးကြီးက စားပွဲကို ဒေါသတကြီး ထုရိုက်လိုက်သည်။
ကျန်တီး အိမ်ပြန်ရောက်လာသည့်အခါ လေထုမှာ တင်းမာနေသည်ကို သတိပြုမိလိုက်သည်။
"ခယ်ဟယ်က ဘယ်လိုလူစားလဲဆိုတာ ကြည့် စမ်း”
ကျန်တီးသည် သူမရှေ့သို့ ပစ်ချလိုက်သော ဖုန်းထဲမှ မြင်ကွင်းများကို မြင်လိုက်ရသည့်အခါ မျက်နှာမှာ ဖြူလျော်သွားသည်။
သို့သော် သူမသည် ခယ်ဟယ်ကို အတင်းအကျပ် ကာကွယ်ပြောဆိုနေမိဆဲ ဖြစ်သည်။
"ဖေဖေ... မေမေ... ခယ်ဟယ်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး သူ့အမေက စိတ်မနှံ့လို့ လျှောက်ပြောနေတာ နေမှာပါ"
ကျန်အဖိုးကြီးက ဒေါသတကြီး အော်ဟစ် လိုက်သည်။
“မင်းမှာ ဦးနှောက်မရှိဘူးလား သူ မင်းကို တကယ်ချစ်ရင် ဘာလို့ အရင်က ဝန်မခံတာလဲ အခုမှ ရုတ်တရက်ကြီး လိုက်လာပြီး လူကြီးချင်း တွေ့ဖို့အထိ လောနေတာကို မစဉ်းစားမိဘူးလားမင်းသာ သူ့ဘက်က ဆက်ရပ်တည်မယ်ဆိုရင် ကျန်မိသားစုမှာ မင်းလို သမီးမျိုး မရှိဘူးလို့ မှတ်လိုက်တော့"
ကျန်တီးသည် မျက်ရည်များကြားမှ သူမ၏ ဖခင်ဖြစ်သူအား စိုက်ကြည့်လိုက်သည်။
သူမသည် အချစ်ကြောင့် မျက်စိကန်းနေခဲ့သော်လည်း ဖခင်ဖြစ်သူ၏ ပြတ်သားသော စကားလုံးများကြောင့် တုန်လှုပ်သွားရသည်။
"နားလည်ပါပြီ"
သူမသည် အပေါ်ထပ်သို့ တိတ်ဆိတ်စွာ တက်သွားတော့သည်။
သူမ၏ ရင်ထဲတွင်မူ နာကျင်မှုနှင့်အတူ သစ္စာဖောက်ခံရခြင်း၏ အရသာကို စတင် ခံစားနေရပြီ ဖြစ်တော့သည်။