← Chapters

အခန်း (၄၁၁-၄၁၂)

Vol. 42 Ch. 411-412

အခန်း (၄၁၁-၄၁၂)

Vol. 42 Ch. 411-412

အခန်း (၄၁၁) ပရိုမိုးရှင်းဗီဒီယို

"မရီး... ခယ်ဟယ်တို့မိသားစုကိစ္စက မရီးလက်ချက်တော့ မဟုတ်ပါဘူးနော်"

ခယ်ဟယ့်မိသားစုအပေါ် ကျရောက်ခဲ့တဲ့ ကံကြမ္မာဆိုးတွေအတွက် ကျန်ကျွင်းတစ်ယောက် စိတ်မကောင်းဖြစ်မိသည်။

သူသည် ကျန်တီ့ကို ထိုကောင်လေးနှင့် မပတ်သက်စေချင်ခဲ့သော်လည်း ယခုကဲ့သို့ လူသေဆုံးသည့်အထိ ဖြစ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

"ဘာဖြစ်လို့လဲ"

မင်ယွဲ့သည် ခန္ဓာကိုယ်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းလုပ်ပြီးကာစ ဖြစ်သဖြင့် အမောမပြေနိုင်သေးဘဲ အသက်ရှူသံပြင်းပြင်းနှင့် ပြန်ထူးလိုက်သည်။

ထိုအချိန်တွင် ကျန်ကျွင်းက ဖုန်းဆက်ကာ ဤအကြောင်းကို လာရောက်မေးမြန်းနေခြင်းဖြစ်သည်။

"ခယ်ကျွင်းရှန်းရဲ့ အငယ်အနှေးနဲ့ ကလေးဓာတ်ပုံတွေက ခယ်ဟယ့်အမေလက်ထဲ ဘယ်လိုရောက်သွားတာလဲ"

"ဒါကို ငါလုပ်တယ်လို့ မင်းထင်နေတာလား"

မင်ယွဲ့သည် အံ့အားသင့်သွားဟန်ဖြင့်

“ငါက အလံနီအောက်မှာမွေးပြီး နွေဦးလေညင်းထဲမှာ ကြီးပြင်းလာတဲ့သူပါ၊ ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ မလုပ်ဘူး"

ဟု ပြန်ပြောလိုက်သည်။

"ဒါဆိုရင်တော့ တော်သေးတာပေါ့"

ကျန်ကျွင်း သက်ပြင်းချနိုင်သွားသည်။

တကယ်လို့သာ မင်ယွဲ့က သူ့အတွက်ကြောင့် ဤကိစ္စကို လုပ်ခဲ့ခြင်းဆိုလျှင် သူ အပြစ်မကင်းသလို ခံစားနေရမည်ဖြစ်သည်။

"ကျန်ကျွင်းရဲ့ ဦးနှောက်က ဘာဖြစ်နေတာလဲ၊ ငါလုပ်တယ်လို့တောင် သူထင်နေတယ်"

မင်ယွဲ့သည် မိုဟန်ကျီထံ ဖုန်းဆက်ကာ ဗျစ်တောက်ဗျစ်တောက် ပြောဆိုညည်းတွားလိုက်သည်။

"အတိအကျပဲ၊ ကျန်ကျွင်းက ဝက်ဦးနှောက်ပဲရှိတာ ယွဲ့ယွဲ့က ကမ္ဘာပေါ်မှာ အကြင်နာဆုံးသူလေ၊ ဒီလိုမျိုး ဘယ်လုပ်ပါ့မလဲ"

မိုဟန်ကျီက ချက်ချင်းပင် ထောက်ခံချီးမွမ်းစကား ဆိုလိုက်သည်။

"အဟမ်း... အဲဒီလောက်အထိ ချီးကျူးဖို့ မလိုပါဘူး"

တစ်ဖက်လူက ရက်ရက်ရောရော ချီးမွမ်းလိုက်သဖြင့် မင်ယွဲ့ပင် အံ့ဩသွားရသည်။

"ယွဲ့ယွဲ့ရေ... တို့တွေ နောက်ဆုံးအကြိမ်က ရိုက်ထားတဲ့ ပရိုမိုးရှင်းဗီဒီယို ဒီနေ့ထွက်ပြီနော်"

မုနီယန်ဆီမှ သတင်းစကားရောက်လာသဖြင့် မင်ယွဲ့ အမှန်တကယ် စိတ်ဝင်စားသွားမိသည်။

သူမသည် တည်းဖြတ်ပြီးသား ဗီဒီယိုကို မြင်ဖူးသော်လည်း နောက်ဆုံးအချောသတ်လုပ်ထားသည့် ဗားရှင်းကိုမူ မမြင်ဖူးသေးပေ။

မုနီယန်ဒီဇိုင်နာရဲ့ တရုတ်ရိုးရာဖက်ရှင်ရှိုး မကြာမီ စတင်တော့မည်#

စောင့်မျှော်ကြည့်ရှုပေးကြပါဦး#

မုနျန်စတူဒီယို၏ တရားဝင် ဝေပိုင် (Weibo) အကောင့်မှ ပရိုမိုးရှင်းဗီဒီယိုကို ထုတ်လွှင့်လိုက် သည်။

"အား... စောင့်နေရတာ ကြာလှပြီ၊ ငါတော့ လက်မှတ်တစ်စောင် ရထားတယ်ဟေ့"

အချို့က ပျော်ရွှင်နေကြသော်လည်း အချို့မှာမူ ဝမ်းနည်းနေကြသည်။

"မင်းတို့ လက်ကွက်ရိုက်တာ မြန်လိုက်တာ၊ လူပျိုကြီးတွေ ဖြစ်နေလို့လား ငါ ကွန်ပျူတာဖွင့်လိုက်တဲ့ စက္ကန့်ပိုင်းအတွင်းမှာတင် မဲတွေက ကုန်သွားပြီ"

မင်ယွဲ့အတွက်မူ မုနျန်က VIP လက်မှတ်များကို ကြိုတင်ဖယ်ထားပေးပြီးသားဖြစ်သည်။

ပရိုမိုးရှင်းဗီဒီယိုသည် သစ်တော်သီးခြံတစ်ခုမှ စတင်ဖွင့်လှစ်ထားသည်။ သစ်တော်ပန်းများ ဝေဝေဆာဆာ ပွင့်လန်းနေပြီး သစ်ကိုင်းများပေါ်တွင် အဖြူရောင်ပန်းပွင့်လေးများ အပြိုင်အဆိုင် ဖူးပွင့်နေကြသည်။

အပေါ်စီးရိုက်ချက် သည် တဖြည်းဖြည်း ချဉ်းကပ်လာပြီး ပုံရိပ်ကို အနီးကပ်ပြသလိုက် သည်။

လူတစ်ယောက်သည် ဓားသိုင်းလေ့ကျင့်နေသည်။

"အို... ဘုရားရေ၊ ဒီခန့်ညားတဲ့ လူငယ်လေးက ဘယ်သူလဲ ငါ့နှလုံးသားကို ဖမ်းစားသွားပြီ"

"တောက်ပတဲ့ လမင်းနဲ့ နူးညံ့တဲ့ လေပြေဆိုတာ ဘာလဲဆိုတာ အခုမှပဲ ငါနားလည်တော့တယ်"

"ကြည်လင်ဝင်းပတဲ့ လူငယ်လေး၊ တကယ့်ကို ယဉ်ကျေးသိမ်မွေ့တဲ့ စံပြပုဂ္ဂိုလ်ပဲ"

"ငါက သိပ်ပညာမတတ်တော့ ဒါပဲ ပြောနိုင်တယ်၊ မင်း တကယ်တော်တယ်၊ ရုပ်ကလည်း တော်သလို ဓားကိုင်တာကလည်း တကယ့်ကို အံ့မခန်းပဲ"

မင်ယွဲ့သည် အမျိုးသားဝတ်စုံနှင့်ဖြစ်သော်လည်း မည်သူကမျှ သူမ၏ လိင်အမျိုးအစားကို သံသယမဝင်ကြပေ။

သူမ၏ မျက်နှာသည် မည်သည့်ပုံစံနှင့်မဆို လိုက်ဖက်လှပြီး လခြမ်းကွေးမျက်ခုံးများနှင့် ပေါ့ပါးသွက်လက်သော ဓားခုတ်ချက်များမှာ သူရဲကောင်းပီသသည့် စိတ်ဓာတ်ကို ထင်ဟပ်နေစေသည်။

အရပ်အမောင်း သိပ်မမြင့်သော်လည်း ခန္ဓာကိုယ်အချိုးအစား ညီညာသဖြင့် သိသာခြင်းမရှိပေ။ လူတို့က သူသည် နုပျိုနေသေးသည့် ဆယ်ကျော်သက်လေးတစ်ဦးဟုသာ ထင်မြင်မိကြပေမည်။

မင်ယွဲ့၏ ရုပ်ရည်သည် အရွယ်မရောက်သေးသည့် ဆယ်ကျော်သက်လေးနှင့် တူညီနေသည်မှာ အမှန်ပင်။

သူသည် မာန်နဝါကြီးသော်လည်း မျက်နှာမှာမူ ကလေးဆန်မှု အနည်းငယ်ရှိနေသည်။

အမှန်စင်စစ် ကလေးဆန်နေရခြင်းမှာ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦး၏ ထင်ရှားပြတ်သားသော အမူအရာနှင့်ယှဉ်လျှင် မင်ယွဲ့၏ မျက်နှာသွင်ပြင်က ပိုမိုနူးညံ့နေသောကြောင့်ပင် ဖြစ်သည်။

"အင်တာနက် အက်ဒမင်တွေ ဘယ်ရောက်ကုန်ပြီလဲ၊ ဒီလူက ဘယ်သူလဲဆိုတာ သုံးစက္ကန့်အတွင်း အချက်အလက်တွေ ရှာပေးစမ်းပါ"

"ဒါ ဘယ်သူ့မောင်လေးလဲ၊ လာသိမ်းသွားကြဦး"

မင်ယွဲ့သည် ဖျော်ဖြေရေးလောက သို့မဟုတ် ဖက်ရှင်လောကမှ ဖြစ်ရမည်ဟု လူတိုင်းက ထင်မှတ်နေကြသည်။

မုနီယန်သည် ဖက်ရှင်လောကမှ ဖြစ်သဖြင့် မည်မျှပင် ကျော်ကြားသည်ဖြစ်စေ ထိုအသိုင်းအဝိုင်းအတွင်းက လူများကိုသာ ဆွဲဆောင်နိုင်လေ့ရှိသည်။

သို့သော်လည်း ယခု ပရိုမိုးရှင်းဗီဒီယိုသည် ထွက်ရှိလာပြီးနောက် အွန်လိုင်းပေါ်တွင် လျင်မြန်စွာ အာရုံစိုက်ခြင်း ခံလိုက်ရသည်။

"ဟိုလေ... ဒီလူက မင်ယွဲ့လေးနဲ့ နည်းနည်းတူနေသလားလို့"

အချို့က မင်ယွဲ့၏ တီဗီအစီအစဉ်များမှ ပုံရိပ်များကို စခရင်ရှော့ရိုက်ကာ နှိုင်းယှဉ်ပြကြသည်။ အခြားပုံများ ရှာရခက်သဖြင့် ထိုပုံများကိုသာ အားကိုးနေကြရသည်။

"ငါလည်း အဲဒါကို သဘောတူတယ်"

တစ်ယောက်က မင်ယွဲ့နှင့် မိုဟန်ကျီတို့ အတူရှိနေစဉ်က ရိုက်ထားသည့် ဓာတ်ပုံကို တင်လိုက်သည်။

"ဒီအမျိုးသမီးလေးက လှတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ လူတွေကို လိမ်ဖို့ မကြိုးစားပါနဲ့လားလိင်တောင် မတူတာကို ဒီလိုလုပ်ရပ်မျိုးက နည်းနည်းတော့ မတင့်တယ်ဘူး"

"ဟုတ်တယ်၊ ငါ အခုမှ တစ်ယောက်ယောက်ကို အမာခံပရိသတ် ဖြစ်ခါစရှိသေးတယ်၊ မင်းတို့က လာပြီး စိတ်ပျက်အောင် လုပ်နေပြီ"

"--- အပေါ်ကလူ နေမကောင်းလို့ ဆေးမသောက်ရသေးဘူးလား ရယ်စရာပဲ၊ မင်ယွဲ့က ဖျော်ဖြေရေးလောကထဲ ဝင်ဖို့ မလိုဘူး၊ သူ့မှာ ပိုက်ဆံတွေ အများကြီးရှိတာ ဘာလို့ သူများနောက်ကနေ ကပ်လိုက်နေမှာလဲ"

မင်ယွဲ့သည် မိမိကြောင့်နှင့် အွန်လိုင်းတွင် အချေအတင် စကားများကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် ဗီဒီယိုကို ဆက်ကြည့်လျှင် အဖြေပေါ်မည်ဖြစ်၍ ရှင်းပြရန် အားထုတ်မနေတော့ပေ။

"မရန်ကြနဲ့တော့၊ ဟိုမှာကြည့်၊ နောက်ထပ် လှပတဲ့ မိန်းကလေးတစ်ယောက် ထွက်လာပြီ၊ တကယ့်ကို ရှုမဝနိုင်အောင် လှတာပဲ"

အမျိုးသမီးဝတ်စုံနှင့် မင်ယွဲ့သည် ချင်းလီနှင့်အတူ ပြေးလွှားနေပြီး သစ်တော်ပန်းလေးများ လွင့်ပျံကျလာသည့် ပုံရိပ်မှာ မြင်ရသူအဖို့ စိတ်အေးချမ်းသာယာစရာ ကောင်းလှသည်။

"တကယ်ပြောတာ၊ ဒီအမျိုးသမီးက မင်ယွဲ့လေးလို့ ငါပြောရင် ဘယ်သူမှ ကန့်ကွက်မှာမဟုတ်ဘူး မဟုတ်လား"

--- "+၁!"

......

အမျိုးသမီးဝတ်စုံကို မြင်လိုက်ရချိန်တွင်မူ မုနျန်သည် ဗီဒီယိုကို ပိုမိုလိုက်ဖက်ညီစေရန် ရုပ်ရည်နှင့် အမူအရာချင်း ဆင်တူသည့် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးကို အထူးတလည် ရွေးချယ်ထားခြင်း ဖြစ်မည်ဟု လူတိုင်းက တစ်သံတည်း ထင်မြင်သွားကြသည်။

ဗီဒီယို၏ အဆုံးသတ်တွင် ဓာတ်ပုံဆရာနှင့် တည်းဖြတ်သူများ၏ အမည်များကို ဖော်ပြထားသည်။

ထိုနေရာတွင် အမျိုးသားနှင့် အမျိုးသမီး ဇာတ်ဆောင်နှစ်ဦးစလုံး၏ အမည်နေရာ၌ "မင်ယွဲ့" ဟူသော အမည်ကို ထင်ရှားစွာ ပြသထားသည်။

ဤအချက်က တစ်လောကလုံးကို ပွက်လောရိုက်သွားစေသည်။

"ဒါ ငါထင်သလိုပဲလား"

"ဟုတ်တယ်၊ ငါလည်း အဲဒီလိုပဲ ထင်တယ်"

"ငါ တကယ် မျက်စိကန်းခဲ့တာပဲ မင်ယွဲ့လေးက အနှိုင်းမဲ့လှပတယ်ဆိုတာပဲ သိခဲ့တာ၊ အမျိုးသားဝတ်စုံနဲ့ဆိုရင်လည်း ဒီလောက်အထိ ယဉ်ကျေးသိမ်မွေ့ပြီး ခန့်ညားမယ်လို့ မသိခဲ့ဘူး"

"ငါသဘောကျတဲ့ မိန်းကလေးနဲ့ ယောက်ျားလေးက တစ်ယောက်တည်း ဖြစ်နေတယ်၊ စိတ်မကောင်းလိုက်တာ"

"ဒါက ပိုမကောင်းဘူးလား၊ တစ်ယောက်တည်းနဲ့ အားလုံးပြည့်စုံသွားတာပေါ့"

"—..."

မင်ယွဲ့၏ အလှတရားက လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး ပရိုမိုးရှင်းဗီဒီယိုမှာလည်း တည်းဖြတ်မှု အလွန်ကောင်းမွန်လှသည်။

နိုင်ငံတကာအဆင့်မီ ဖက်ရှင်ဒီဇိုင်နာဖြစ်သည်နှင့်အညီ မုနီယန်၏ ပရိုမိုးရှင်းဗီဒီယိုသည် ဖက်ရှင်ရှိုး မစတင်မီကပင် အင်တာနက်စာမျက်နှာထက်၌ မီးဟုန်းဟုန်းတောက်သွားခဲ့သည်။

#ယခုနှစ် တရုတ်ရိုးရာဝတ်စုံပြပွဲရဲ့ အဓိကအကြောင်းအရာကတော့ 'ပန်းများပွင့်လန်းခြင်း' ဖြစ်ပါတယ်။

ယွဲ့ယွဲ့ကို ဧည့်သည်ဖျော်ဖြေရေးသမားအဖြစ် ဖိတ်ကြားထားပြီး သူမက သစ်တော်ပန်းစီးရီးကို ပြသသွားခဲ့ပါတယ်။

ဒီစီးရီးကို ပြပွဲမှာ ပြသမှာမဟုတ်ပါဘူး၊ စိတ်ဝင်စားရင် တရားဝင်ဝဘ်ဆိုက်မှာ ကြည့်ရှုနိုင်ပြီး အခုပဲ ဝယ်ယူလို့ရပါပြီ#

မုနီယန် weiboအကောင့်က အရှိန်အဟုန်ကို ဆက်လက်ထိန်းထားလိုက်သည်။

"ငါတော့ နှစ်စုံဝယ်မယ်၊ ငါ့ရည်းစားနဲ့ ငါနဲ့ ဝတ်ဖို့ အမျိုးသားရော အမျိုးသမီးဆိုဒ်ပါ အတော်ပဲ"

"ငါ့မှာတော့ ရည်းစားမရှိဘူး"

"ဒါဆို အမျိုးသမီးဝတ်ပဲ ဝယ်ပေါ့"

"ငါ့မှာ ပိုက်ဆံလည်း မရှိဘူး"

"ဒါဆိုရင်တော့ ဘာမှလျှောက်မပြောနဲ့တော့"

မုနီယန်၏ အဝတ်အစားများမှာ ငြင်းပယ်စရာမရှိအောင် ကောင်းမွန်လှသည်။ စုစုပေါင်း စီးရီးရှစ်ခုရှိပြီး တစ်စီးရီးလျှင် အဝတ်အစား ဆယ့်နှစ်စုံ (အမျိုးသားဝတ် ခြောက်စုံနှင့် အမျိုးသမီးဝတ် ခြောက်စုံ) ပါဝင်သည်။

သစ်တော်ပန်းစီးရီးနှင့် မင်ယွဲ့ပြသမှုတစ်ခုလုံး ပြီးမြောက်သွားခြင်းက ဤဗီဒီယိုတိုလေးကို တန်ဖိုးဖြတ်မရနိုင်အောင် ဖြစ်စေခဲ့သည်။

ပြသထားသော စီးရီးရှစ်ခုမှာ အဓိကထုတ်ကုန်များဖြစ်ပြီး အခြားဒီဇိုင်းဆင်တူသော်လည်း စျေးနှုန်းအနည်းငယ်သက်သာသည့် စုစည်းမှုများလည်း ရှိသေးသည်။

မင်ယွဲ့ဝတ်ဆင်ပြခဲ့သည့် အဝတ်အစားများမှာ တစ်သိန်းမှ ငါးသိန်းကြား စျေးနှုန်းရှိသည်။

သို့သော် မုနီယန်၏ ကိုယ်ပိုင်ဒီဇိုင်းများအပြင် စတူဒီယိုရှိ အခြားဒီဇိုင်နာများ၏ လက်ရာများကိုမူ သုံးထောင်ခန့်ဖြင့်ပင် ဝယ်ယူနိုင်သည်။

ယွမ်ပေါ့သည် မင်ယွဲ့၏ စိတ်ထဲတွင် ရွှေဒင်္ဂါးပြားလေးများ ကျလာသည့် အသံကို ပျော်ရွှင်စွာ အတုခိုးနေသည်။

မင်ယွဲ့အနေဖြင့်လည်း ဤကိစ္စက သူမ၏ ဂုဏ် သတင်းတန်ဖိုး ကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိထားသည်။

သူမ စစ်ဆေးကြည့်လိုက်သောအခါ ဂုဏ်သတင်းတန်ဖိုးမှာ ငါးသိန်းသုံးသောင်းအထိ ရောက်ရှိနေပြီဖြစ်သည်။

သူမသည် မကြာသေးမီကပင် ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခု တည်ထောင်ရန် စတင်နေပြီဖြစ်သည်။

သို့သော် အရေအတွက်ထက် အရည်အသွေးကိုသာ အဓိကထားမည်ဖြစ်သဖြင့် လောလောဆယ်တွင် ထုတ်လုပ်မှုပမာဏကို အတင်းအကျပ် လိုက်မလုပ်သေးပေ။

မူလက မြို့မြောက်ပိုင်းရှိ စီးပွားရေးလမ်းမပေါ်တွင် ဆိုင်ခန်းတစ်ခုဖွင့်ရန် စီစဉ်ထားသော်လည်း ပြန်လည်စဉ်းစားပြီးနောက် မင်ယွဲ့က ထိုအစီအစဉ်ကို လက်လျှော့လိုက်လေသည်။

အခန်း (၄၁၂) ဘယ်လိုရပ်တည်ချက်မျိုးလဲ

မင်ယွဲ့သည် ဤအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူမဟုတ်သကဲ့သို့ ဆူညံပူလောင်သော ပတ်ဝန်းကျင်များသို့လည်း သွားရောက်လိုစိတ်မရှိပေ။

အသေအချာ စဉ်းစားပြီးနောက် သူမ၏ ဦးနှောက်ထဲတွင် အကြံတစ်ခု လက်ခနဲ ပေါ်လာသည်။

【ယွမ်ပေါ့... တို့ရဲ့ လေးဘက်ပတ်ခြံဝင်းပါတဲ့ အိမ်ကြီး ကို သွားကြည့်ဖို့ အချိန်တန်ပြီ】

ပြီးခဲ့သည့်အကြိမ်က စနစ် မှ ပေးအပ်ထားသော ဆုလာဘ်ကို သူမ သွားရောက်၍ မစစ်ဆေးရသေးပေ။

【ကောင်းပါပြီ... အရာရာတိုင်းကို စွမ်းဆောင်နိုင်တဲ့ ယွမ်ပေါ့က လမ်းပြပေးပါ့မယ်】

မင်ယွဲ့သည် ကားသော့ကို ဆွဲယူကာ အပြင်သို့ ထွက်လာခဲ့သည်။

သူမ၏ ကားလေးသည် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာသည့်အခါ လမ်းညွှန်မြေပုံ ကို ကြည့်ရန်ပင် မလိုတော့ဘဲ ရောက်လုနီးပြီဖြစ်ကြောင်း သူမ သိလိုက်သည်။

ပတ်ဝန်းကျင်တွင် အခြားသော အဆောက်အအုံများ မရှိဘဲ ရှည်လျားလှသော တံတိုင်းကြီးတစ်ခုသာ တည်ရှိနေပြီး အဝေးတစ်နေရာတွင်မူ ရှေးဟောင်းပုံစံ အဆောက်အအုံများကို လှမ်း၍ မြင်တွေ့နေရသည်။

အိမ်ရှေ့တွင် ကားရပ်ရန် အလွန်အဆင်ပြေသဖြင့် မင်ယွဲ့သည် ကားပေါ်မှ ဆင်းကာ ရှေးဆန်ပြီး မြင့်မားလှသော အနီရောင်တံခါးကြီးကို တွန်းဖွင့်လိုက်သည်။

လေးလံလှသော သစ်သားတံခါးကြီး ပွတ်တိုက်သံသည် သမိုင်းဘီးတစ်ခုကို နောက်ပြန်လှည့်လိုက်သကဲ့သို့ ခံစားရစေသည်။

သူမ၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာသော ခြံဝင်းကြီးသည် သူမအား ရှေးဟောင်းခေတ်ကာလတစ်ခုဆီသို့ ချက်ချင်းပင် ခေါ် ဆောင်သွားသယောင် ရှိ၏။

ဤခြံဝင်းကြီး၏ ဟန်ပန်ကို ကြည့်ခြင်းအားဖြင့် မူလပိုင်ရှင်သည် အလွန်တရာ ကြွယ်ဝချမ်းသာသူ ဖြစ်ရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

မင်ယွဲ့သည် တံခါးဝမှ ဖြတ်ကျော်ဝင်ရောက်လာသည့်အခါ ခြံဝင်းအဆုံးသို့ ရောက်ပြီဟု ထင်မှတ်ခဲ့သော်လည်း အမှန်စင်စစ်တွင်မူ လုံးဝခြားနားသော မြင်ကွင်းသစ်တစ်ခုကို ထပ်မံတွေ့ရှိလိုက်ရပြန်သည်။

၁၂၀ဝ စတုရန်းမီတာ ကျယ်ဝန်းသော ဤခြံဝင်းကြီးသည် ဝင်းအတွင်းချင်း ဆက်စပ်နေသော ခြံဝင်းသုံးခုဖြင့် ဖွဲ့စည်းထားသည်။

ထွင်းထုထားသော ထုတ်တန်းများ၊ ဆေးရောင်ခြယ်ထားသော ဒိုင်းမြားများ၊ အလှဆင်ထားသော နံရံကပ်ပန်းချီများနှင့် ခမ်းနားလှသော ကန့်လန့်ကာများဖြင့် ပြည့်နှက်နေသည်။

အကွေးပုံစံ တံခါးပေါက်များ၊ ပိုးထည်များဖြင့် အလှဆင်ထားသော ပြတင်းပေါက်များသာမက ကြမ်းပြင်ရှိ ကျောက်ပြားများပေါ်တွင်ပင် လက်ရာမြောက်လှသော ပန်းမန်များနှင့် ငှက် ရုပ်များကို ထွင်းထုထားလေသည်။

မင်ယွဲ့သည် အဓိကခြံဝင်းသို့ ရောက်ရှိလာသည့်အခါ ပုံမှန်သန့်ရှင်းရေး လုပ်ထားသယောင် ရှိသဖြင့် အလွန်အမင်း ဖုန်ထူခြင်းမျိုး မရှိသည်ကို တွေ့ရသည်။

သို့သော် လူမနေသည်မှာ ကြာပြီဖြစ်၍ အိမ်ထဲတွင် အနည်းငယ် အိုက်စပ်စပ် ဖြစ်နေသည်။

သစ်သားပြတင်းပေါက်ကို တွန်းဖွင့်လိုက်သောအခါ အပြင်ဘက်ရှိ အမိုးခုံးဝင်ပေါက်မှတစ်ဆင့် ခြံဝင်းအတွင်းရှိ လှပသော မြင်ကွင်းကို ဝေဝေဝါးဝါး မြင်တွေ့လိုက်ရသည်။

ခြံဝင်းတစ်ခုလုံးကို ခြုံငုံကြည့်လျှင် ညီညာမျှတမှု နှင့် ဟန်ချက်ညီသော အလှတရား ကို အထူးပြုထားကြောင်း သိသာလှသည်။

မင်ယွဲ့သည် ဤနေရာကို သူမ၏ ကိုယ်ပိုင်အဝတ်အထည် ဒီဇိုင်းစတူဒီယို အဖြစ် အသုံးပြုရန် အကောင်းဆုံးဖြစ်သည်ဟု ခံစားလိုက်ရသည်။

သူမအတွက် အကူအညီပေးမည့်သူ အများကြီး မလိုပေ။ အပ်တစ်ချက်၊ ချည်တစ်မျှင်ချင်းစီမှတစ်ဆင့် လှပသော ဝတ်စုံတစ်ခု သူမ၏ လက်ထဲတွင် ပုံပေါ်လာသည့် ခံစားချက်ကို သူမ မြတ်နိုးသည်။ ထိုအရာက သူမအား ကြီးမားသော အောင်မြင်မှုရသကို ပေးစွမ်းသည်။

ခြံဝင်းကြီးက အလွန်ကျယ်ဝန်းသဖြင့် ဘေးဘက်အခန်းတစ်ခုကို သူမ၏ လက်ရာများကို ပြသထားသည့် ပြခန်းအဖြစ် အလွယ်တကူ အသုံးပြုနိုင်သည်။

ယခုအခါ ဆောင်းရာသီ ဖြစ်နေသဖြင့် တစ်စုံတစ်ယောက်က ပြုစုစောင့်ရှောက်ပေးနေသော်လည်း ဥယျာဉ်ထဲရှိ အပင်များမှာ အနည်းငယ် ညှိုးနွမ်းနေကြသည်။

မင်ယွဲ့သည် ဤနေရာ၌ အနေအထား အခြေချတော့မည် ဖြစ်သဖြင့် ကျွမ်းကျင်သော အိမ်ထိန်းတစ်ဦးကို ငှားရမ်းလိုက်သည်။

"ကျွန်မ နာမည်က မင်ယွဲ့ပါ၊ ဒီမှာ ခဏခဏ လာနေဖြစ်မှာ မဟုတ်ဘူး ရှင် အကူအညီပေးမယ့်သူ နည်းနည်း ထပ်ငှားလိုက်ပါ ရှင့်ရဲ့ လစာကိုတော့ တစ်လ ငါးသောင်း (၅၀၀၀၀) ပေးမယ်၊ အဆင်ပြေရဲ့လား"

မင်ယွဲ့သည် ရှေ့တွင်ရှိနေသော အိမ်ထိန်းကို မြင်မြင်ချင်း သဘောကျသွားသဖြင့် လစာအကြောင်းကို တန်း၍ ဆွေးနွေးလိုက်ခြင်း ဖြစ်သည်။

"ဟုတ်ကဲ့ပါ မမလေး"

အိမ်ထိန်းသည် တည်ငြိမ်အေးဆေးပြီး ချဉ်းကပ်ရလွယ်ကူသော ပုံစံရှိသော်လည်း သူမ၏ အမူအရာတွင် ပြတ်သားမှု အနည်းငယ် ရှိနေသည်။ ဤသို့သော စရိုက်မျိုးသည် ဤနေရာကို စီမံခန့်ခွဲရန် အလွန်သင့်လျော်ကြောင်း မင်ယွဲ့ ခံစားမိသည်။

"အစ်မချန်... ကျွန်မ ဒီဘဏ်ကတ်ထဲကို အိမ်အသုံးစရိတ်အတွက် လစဉ် ပိုက်ဆံထည့်ပေးထားပါ့မယ်"

အိမ်ထိန်းမှာ အသက် ၃၈ နှစ် ရှိပြီဖြစ်သော်လည်း မင်ယွဲ့က သူမအား အသက်ကြီးသလို မခံစားရစေရန် "အစ်မ" ဟုသာ ရင်းရင်းနှီးနှီး ခေါ်ဆိုလိုက်သည်။

သူတို့နှစ်ဦးသည် စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးလိုက်ကြပြီး မင်ယွဲ့က ဘဏ် ကတ်တစ်ခုကို သူမ၏ ရှေ့သို့ တိုးပေးလိုက် သည်။

မင်ယွဲ့ အေးအေးလူလူ ထွက်ခွာသွားသည့်တိုင်အောင် အစ်မချန်မှာ အံ့အားသင့်ကာ ကျန်ရစ်ခဲ့သည်။

အိမ်ရှင်မလေးမှာ အလွန်ပင် အလုပ်တွင်ကျယ်ပြီး ပြတ်သားလှသည်။ အစမှအဆုံး ကန့်ကွက်စရာ တစ်ခုမှ မရှိသည့်အပြင် ရရှိသည့် ခံစားခွင့်မှာလည်း ထိပ်တန်းဖြစ်သည်။ ထို့ပြင် အိမ်ရှင်မှာ ငယ်ရွယ်ပြီး စကားပြောဆိုရသည်မှာလည်း အလွန်အဆင်ပြေလှသည်။

ဤရက်ပိုင်းအတွင်း မင်ယွဲ့သည် သူမ၏ ကိုယ်ပိုင်စတူဒီယိုကို တည်ဆောက်ရန်သာ အာရုံစိုက်နေသည်။

ဆိုင်းဘုတ် မတင်ရသေးသော်လည်း အတွင်းပိုင်း ပြင်ဆင်မှုများမှာမူ ပြီးစီးလုနီးပြီ ဖြစ်သည်။ သူမသည် လိုအပ်သော ကိရိယာများနှင့် ကုန်ကြမ်းပစ္စည်းများကို တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့သည်။

မင်ယွဲ့ နောက်တစ်ခေါက် ရောက်လာသည့်အခါ အစ်မချန်သည် လူ ၈ ဦးကို ငှားရမ်းထားပြီးဖြစ်ကာ ခြံဝင်းကြီးတစ်ခုလုံးကို စနစ်တကျ စီမံခန့်ခွဲထားသည်ကို တွေ့လိုက်ရသည်။

ပါမောက္ခရန်ကလည်း မင်ယွဲ့အတွက် လူမှုကွန်ရက် အဆက်အသွယ်များကို ကူညီချိတ်ဆက်ပေးခဲ့သည်။

တက္ကသိုလ်ပတ်ဝန်းကျင်သည် သူမအား ထိန်းချုပ်ထားနိုင်မည် မဟုတ်သကဲ့သို့ သူမသည်လည်း သုတေသနနှင့် ပညာရေးလောကတွင်သာ တစ်သက်လုံး မြှုပ်နှံထားမည့်သူ မဟုတ်ကြောင်း သူ သိထားသည်။

ထို့ကြောင့် ဆရာတစ်ယောက်အနေဖြင့် သူမအတွက် တာဝန်ကျေပွန်အောင် ကူညီပေးခဲ့သည်။

မိမိ၏ ကိုယ်ပိုင်ကိစ္စများကို အခြေချပြီးနောက် မင်ယွဲ့သည် ရှင်းယောင်းလုပ်ငန်းစု သို့ ရောက်ရှိလာခဲ့သည်။

"မင်္ဂလာပါ ဥက္ကဋ္ဌကတော်ကြီးရှင့်"

မိုဟန်ကျီ၏ ခွင့်ပြုချက်ကြောင့် ကုမ္ပဏီရှိ ဝန်ထမ်းအားလုံးက မင်ယွဲ့ကို ထိုသို့ပင် ခေါ်ဝေါ်ကြသည်။

"အားလုံးပဲ မင်္ဂလာပါ"

မင်ယွဲ့ကလည်း ပြုံးရွှင်စွာ ပြန်လည်နှုတ်ဆက် လိုက်သည်။

ထိုစဉ် ဧည့်ကြိုဝန်ထမ်းလေး ဝတ်ဆင်ထားသော အဝတ်အစားမှာ သူမကိုယ်တိုင် ဒီဇိုင်းထုတ်ထားသည့် အထည်ဖြစ်နေသည်ကို မင်ယွဲ့ သတိထားမိလိုက်သည်။

"ကတော်... ကျွန်မဝတ်ထားတဲ့ အင်္ကျီကို ကြည့်နေတာလားဟင်၊ ဒါ 'ဟယ်ယို' ရဲ့ ဒီဇိုင်းလေ၊ တကယ်လှတယ်မလား"

ဧည့်ကြိုဝန်ထမ်းက မင်ယွဲ့၏ အကြည့်ကို သတိပြုမိသဖြင့် ဂုဏ်ယူစွာဖြင့် လှမ်းပြောလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ်... တကယ်လှတာပဲ"

မိမိလက်ရာကို မိမိ ပြန်လည်ချီးမွမ်းနေခြင်း ဖြစ်သော်လည်း အဆိုပါ ဒီဇိုင်းများကို သူမ ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း မည်သူမျှ မသိကြပေ။

ကံမကောင်းစွာဖြင့် မိုဟန်ကျီမှာ ထိုအချိန်တွင် အစည်းအဝေး တက်နေသည်။

မင်ယွဲ့သည် သူ၏ ရုံးခန်းထဲသို့ တန်းဝင်သွားပြီး အအေးဗူးထဲမှ ဒိန်ချဉ်တစ်ဗူးကို ထုတ်ယူကာ သူ၏ ရုံးခန်းထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။

ထိုင်ခုံကို တစ်ပတ်လှည့်လိုက်သည့်အခါ ကြီးမားလှသော ကြမ်းပြင်မှ မျက်နှာကြက်အထိ မှန်ပြတင်းပေါက်ကြီးမှတစ်ဆင့် မြင်တွေ့ရသည့် မြင်ကွင်းကြောင့် သူမ၏ စိတ်ထဲတွင် ခမ်းနားထည်ဝါမှု တစ်ရပ်က ပေါ်ပေါက်လာသည်။

နေဝင်ရိုးရီ အချိန်ဖြစ်သဖြင့် လိမ္မော်ဝါရောင် နေမင်းကြီးသည် ပြာလွင်သော ကောင်းကင်ယံ၌ ဘဲဥအနှစ်ရောင်ကဲ့သို့ ဝင်းပစွာ တည်ရှိနေသည်။

ရှင်းယောင်းလုပ်ငန်းစု၏ ပတ်ဝန်းကျင်တွင်လည်း မြင့်မားသော အဆောက်အအုံကြီးများစွာ ဝန်းရံလျက် ရှိသည်။

ဤနေရာတွင် ထိုင်ကြည့်နေရသည်မှာ တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်ထားရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းသည်။

အလုပ်ရှင်ကြီးများက သူတို့၏ ရုံးခန်းကို အထပ်မြင့်များတွင် အဘယ်ကြောင့် ထားရှိကြသည်ကို ယခုမှပင် သူမ နားလည်တော့သည်။

မြင်ကွင်းက ကောင်းမွန်သလို ရှုထောင့်ကလည်း ကျယ်ပြန့်လှသဖြင့် စိတ်ကို ကြည်လင်လန်းဆန်းစေသည်။

သူမသည် စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် ဗူးအဖုံးကို ဖွင့်ကာ ရေတစ်ငုံ သောက်လိုက်သည်။

ထိုစဉ် ရုံးခန်းတံခါးဆီမှ အသံတစ်ခု ကြားလိုက်ရသည်။

မိုဟန်ကျီ ပြန်လာပြီဟု ထင်မှတ်သဖြင့် မင်ယွဲ့သည် ထိုင်ခုံကို ပြန်မလှည့်ဘဲ သူလာအထိ စောင့်နေလိုက်သည်။

သို့သော် မင်ယွဲ့ မျက်မှောင်ကြုတ်လိုက်မိသည်၊ ဤခြေသံများသည် မိုဟန်ကျီ၏ ခြေသံများ မဟုတ်ပေ။

ရုံးခန်းထိုင်ခုံကို လှည့်ကြည့်လိုက်သောအခါ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ ကုမ္ပဏီ ဝန်ထမ်းတစ်ဦး ဖြစ်ဟန်တူသည်။

"နင်က ဘယ်သူလဲ ဘယ်သူ့ခွင့်ပြုချက်နဲ့ မစ္စတာမိုရဲ့ ရုံးခန်းထဲကို ဝင်လာတာလဲ အခုချက်ချင်း ထွက်သွားစမ်း"

ပြုံးပြုံးရွှင်ရွှင်နှင့် ဝင်လာသော ထိုသူသည် မင်ယွဲ့ကို မြင်လိုက်ရသည့်အခါ မျက်နှာထား ချက်ချင်းပင် ပြောင်းလဲသွားသည်။

"နင်ကရော ဘယ်သူမို့လို့ ငါ့ကို နှင်ထုတ်ရတာလဲ"

မင်ယွဲ့သည် သူမ၏ အအေးဗူးကို ပြန်ချလိုက်ပြီး တစ်ဝက်တစ်ပျက် အပြုံးဖြင့် ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်လေသည်။

All Chapters