ငါ့ကို မမြင်လောက်ပါဘူး
Vol. 9 Ch. 821
ပိုင်ရှောင်ချန်းက ချီတုံချတုံ ရပ်နေစဥ် လှံဆယ်စင်းက ကုန်းစွန်းဝမ်အာထံ ထပ်ကာထပ်ကာ ထိုးစိုက်နေလေသည်။ သွေးများ နေရာအနှံ့ပန်းထွက်သွားပြီး သူမသည် လုံးဝ ပေါက်ကွဲလုနီးပါး ဖြစ်နေချေပြီ။ သူမ၏ အော်ဟစ်သံများမှာ ပို၍ ပြင်းထန်လာပြီး သူမထံမှ စွမ်းအားကြီးသော အခိုးအငွေ့များ တလိပ်လိပ်ထွက်လာလေသည်။
လူအုပ်ကြီးထဲရှိ လူတိုင်းမှာ ဖြစ်ပျက်နေသာအရာများကြောင့် ပို၍ စိတ်အားတက်ကြွလာဟန်တူသည်။
" သေစမ်း ပိုင်ရှောင်ချန်း "
သခင်လေးဟုန်ချိန်က အံတင်းတင်းကြိတ်လျက် ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူမက လျှာကို ကိုက်လိုက်ပြီး သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။ မန္တန်လက်ကွက်တစ်ကွက်ဖော်ရင်း သူမ၏ လက်ချောင်းကို ဝှေ့ယမ်းကာ လှံဆယ်ချောင်းကို မီးများ ပွင့်လာသည်အထိ အလွန်လျင်မြန်သော အရှိန်နှင့် ပစ်လွှတ်လိုက်သည်။
သွေးရောင်လှံများက ပြိုလဲတော့မည့်ဆဲဆဲ ဖြစ်နေသော ကုန်းစွန်းဝမ်အာထံ ပြေးဝင်သွားပြီးနောက် ကြောက်ခမန်းလိလိ ဖျက်စီးခြင်းအားလှိုင်းတစ်ခု ထုတ်လွှတ်ကာ ပေါက်ကွဲသွား၏။
လူတိုင်း စောင့်ကြည့်နေကြစဥ် ကုန်းစွန်းဝမ်အာ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ ပျက်စီးသွားတော့သည်။
ပေါက်ကွဲအားမှာ အလွန်ပြင်းထန်လှသောကြောင့် သခင်မလေးဟုန်ချိန်ပင်လျှင် အပြည့်အဝမထိန်းချုပ်နိုင်ပေ။ ပတ်ဝန်းကျင်ရှိ အရာများအားလုံး ပျက်စီးသွားပြီး သရဲကြီးတပ်သားများအားလုံး လွင့်ကုန်ြကသည်။
အများစုမှာ သွေးများပင် အန်နေကြရသည်။ ပိုင်ရှောင်ချန်းမှာ မထိခိုက်သော်လည်း မသိသာစေချင်သောကြောင့် မချိတင်ကဲ အော်ဟစ်လိုက်ပြီး သူ့ကိုယ်သူ နောက်သို့ လွင့်ထွက်သွားစေလိုက်ကာ ယိုင်နဲ့နဲ့ ရပ်လိုက်သည်။
သို့သော် သူ၏မျက်လုံးများထဲတွင် စိတ်သက်သာမှုနှင့် စိုးရိမ်မှုများ ရောထွေးနေသည့် အမူအရာတစ်ခုကို မြင်နိုင်သည်။ ကုန်းစွန်းဝမ်အာ အပိုင်းပိုင်းအစစ ဖြစ်သွားသည့်နေရာကို လှမ်းကြည့်ရင်း သူက ရေရွတ်လိုက်သည်။
" သူ တကယ် သေပြီလား။ ဒီလောက် မရိုးရှင်းနိုင်ဘူး "
သူ့ပတ်ပတ်လည်တွင် ဝမ်းသာအားရကြွေးကြော်သံများ ထွက်လာစဥ် သူ့နှလုံးသားမှာ သံသယများဖြင့် တဒိန်းဒိန်းခုန်နေတော့သည်။
သခင်မလေးဟုန်ချိန်မှာမူ ဖြူဖပ်ဖြူလျော် ဖြစ်နေသော်လည်း အားတင်း၍ ပြုံးလိုက်သည်။ ထို့နောက် သူမက အသက်တစ်ချက်ရှူလိုက်ပြီး သေသွားသောပိုင်ရှောင်ချန်းကို သွားစစ်ဆေးတော့မည့်အချိန် ရုတ်တရက် မျက်နှာပျက်သွားပြီး နောက်ဆုတ်လိုက်သည်။
" နင် "
သတိပေးချက်တစ်စုံတရာမရှိဘဲ ပြင်းထန်သော အနီရောင်အလင်းတန်းတစ်ခု ကုန်းစွန်းဝမ်အာ ပျက်စီးသွားသည့်နေရာမှ လေထဲ ပေါ်ထွက်လာတော့သည်။ ၄င်းသည်ကား အမျက်ဒေါသများ အသက်ဝင်နေဟန်တူေသာ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုပါဝင်သည့် ရက်စက်ကြမ်းကြုတ်သော အလင်းတစ်ခု ဖြစ်ပေသည်။
မိုးကောင်းကင်တစ်ခွင် အနီရောင်စွန်းထင်းလာသည့်အတွက် တစ်လောကလုံး စက်ဆုပ်ဖွယ်ကောင်းသော သွေးပင်လယ်ကြီးတစ်ခုအလား ဖြစ်သွားသည်။
သခင်မလေးဟုန်ချိန်မှာ အလွန်နောက်ကျပြီးမှ လှုပ်ရှားခဲ့သည်ဖြစ်၍ အလင်းတန်း၏ သက်ရောက်ခြင်းခံလိုက်ရကာ သူမ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး တဆတ်ဆတ်တုန်ရီသွားလေသည်။
ပတ်ဝန်းကျင်တစ်ခွင် အော်ဟစ်သံများ ပြည့်နှက်သွားသောကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ဦးခေါင်းခွံထဲက ထွက်ကျတော့မတတ် ဝိုင်းစက်ပြူးကျယ်သွားသည်။ စောစောက သူသည် ယိမ်းယိုင်နေဟန်ဆောင်ခဲ့သော်လည်း ယခုတွင် အမှန်တကယ် ခက်ခက်ခဲခဲ ရပ်နေရသည်။ သူက ရင်တဒိန်းဒိန်းခုန်လျက် သေသွားသည့်ပုံပေါ်အောင် ကြိုးစားလိုက်ကာ စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး နောက်သို့လှဲချပစ်လိုက်သည်။
ပိုင်ရှောင်ချန်း သေချင်ယောင်ဆောင်ရန် ကြိုးစားနေစဥ် သွေးရောင်အလင်းတန်းကြီး ကျုံ့လာ၏။ မျက်စိတစ်မှိတ်တွင်းမှာပင် ယင်းသည် ကုန်းစွန်းဝမ်အာ အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့သည့် နေရာတည့်တည့်တွင် မားမားမတ်မတ်ရပ်နေသည့် သွေးရောင်အရိပ်တစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက် ထိုအရိပ်က အနီးနားရှိ သရဲကြီးတပ် ကျင့်ကြံသူတစ်ယောက်ထံ မည်သည့်အရာမဆိုထက် များစွာသာလွန်သော အမြန်နှုန်းဖြင့် ခုန်အုပ်လိုက်သည်။
အလင်းတန်းက ဝိညာဥ်ကျင့်ကြံသူအား ထိုးစိုက်သွားသည်နှင့် ထိုလူ တုန်ရီသွားပြီး ဆံပင်များ ဖြူသွားလေသည်။ ထို့နောက် သွားများ ကျွတ်ကျလာကာ သူ၏အရေပြားတွင် အရေးအကြောင်းများ ထွက်ပေါ်လာပြီး တခဏကြာသော် ခြောက်ကပ်နေသော အလောင်းတစ်လောင်း ဖြစ်သွားတော့သည်။
သူ၏ဝိညာဥ်၊ သက်စောင့်အားနှင့် ကျင့်ကြံခြင်းအခြေခံများအားလုံး သွေးရောင်အရိပ်၏ စုပ်ယူခြင်း ခံလိုက်ရလေပြီ။ သို့စေကာမူ ထိုသည်က အစသာရှိသေးသည်။ အရိပ်က အနီရောက်အလင်းတန်းတစ်ခုဖြစ်လာပြီး ဝိညာဥ်ကျင့်ကြံသူများအား တစ်ယောက်ပြီးတစ်ယောက် ထိုးဖောက်လာတော့သည်။
၄င်းနှင့်ေတွ့ဆုံသွားသည့် ကျင့်ကြံသူတိုင်းမှာ စူးစူးဝါးဝါးအော်လိုက်ကြရပြီးနောက်ဆုံး အလောင်းများအဖြစ် ရှုံ့တွသွားတော့သည်။
ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း အမှန်တွင် မျက်စိတစ်မှိတ်အတွင်းသာ ဖြစ်ပျက်သွားလေသည်။ အချိန်တိုအတွင်း ကုန်းစွန်းဝမ်အာဖြစ်သည့် သွေးရောင်အရိပ်သည် ဝိညာဥ်ကျင့်ကြံသူပေါင်းများစွာအား ထိုးဖောက်သွားလေသည်။
၁၀၀၀၊ ၂၀၀၀၊ ၃၀၀၀....
၅၀၀၀၊ ၆၀၀၀၊ ၇၀၀၀....
အနီရောင်အလင်းတန်းက မရေမတွက်နိုင်သော ဝိညာဥ်ကျင့်ကြံသူများကို ထိုးဖောက်နေသည်မှာ ပန်းပွင့်များကို ထိုးဖောက်နေသော ချည်မျှင်တစ်မျှအလား။
ပိုင်ရှောင်ချန်းမှာ မြေကြီးပေါ်တွင် သေချင်ယောင်ဆောင်နေသော်လည်း အကုန်လုံးကို ပြတ်ပြတ်သားသား မြင်နေရသည်ဖြစ်ရာ သူ၏ဦးရေပြားမှာပေါက်ကွဲတော့မတတ် ကျိန်းစပ်လာတော့သည်။ စောစောက ကုန်းစွန်းဝမ်အာ သေသွားသဖြင့် ခံစားခဲ့ရသော ရောထွေးနေသည့် ခံစားချက်များကား ယခု ပျောက်ကွယ်သွားလေပြီ။
" သူ ငါ့ကို မမြင်နိုင်ဘူး ။ ငါ့ကိုမမြင်နိုင်ဘူး။ ငါက သေသွားပြီလေ "
ထိုသည်က သူတစ်ယောက်ထဲ ရေရွတ်နေခြင်းသာဖြစ်ပြီး သေချင်ယောင်ဆောင်နေသည်ကို ပိုမိုပီပြင်စေရန် မျက်နှာဖုံးအား သေချာတပ်ဆင်လိုက်သည်။ ယခုတွင် ကုန်းစွန်းဝမ်အာက သခင်မလေးဟုန်ချိန် တိုက်ခိုက်နိုင်သော လူတစ်ယောက် မဟုတ်ကြောင်း လုံးဝသေချာသွားလေပြီ။
" သေစမ်း၊ တစ်သောင်းနီးပါးမှာ နည်းနည်းပဲ ကျန်တော့တယ်။ မင်းတို့ကောင်တွေကို ငါပြောသားပဲ။ ငါပြောတာကို နားထောင်ခဲ့သင့်တာကွ "
ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားနေသောကြောင့် မထိန်းချုပ်နိုင်လုနီးပါး ဖြစ်နေတော့သည်။ လူများစွာအား ကုန်းစွန်းဝမ်အာ သတ်ဖြတ်နေသော မြင်ကွင်းက သူ့စိတ်ထဲတွင် တုန်လှုပ်သွားစေပြီး သေစေနိုင်သော အန္တရာယ်အငွေ့အသက်ကြီးတစ်ခုဖြင့် ပြည့်နှက်သွားစေသည့်အတွက် ကုန်းစွန်းဝမ်အာ သူ့ကို သတိမပြုမိစေရန် မျှော်လင့်ရင်း မလှုပ်မယှက်သာ လှဲနေတော့သည်။
မျက်နှာဖုံးကြောင့်မဟုတ်ဘဲ သူ၏ ထူးချွန်ပြောက်မြောက်သော သရုပ်ဆောင်စွမ်းရည်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ကုန်းစွန်းဝမ်အာဖြစ်သည့် အနီရောင်တန်းသည် သူ့ကို ဂရုပင်မစိုက်ချေ။ သူမက စောစောက ဒဏ်ရာရသွားပြီး မြေပြင်တွင် မလှုပ်ယှက်လဲနေသော လူများအား လှည့်ပင်မကြည့်ပေ။
နောက်ဆုံးတွင် အနီရောင်အလင်းတန်းက လေထဲ ပျံတက်သွားကာ ပိုင်ရှောင်ချန်း၏ ပုံရိပ် ပြန်ဖြစ်သွားလေသည်။
သို့သော် ထိုအချိန်တွင် တလွင့်လွင့် ထွက်ပေါ်နေသော အခိုးအငွေ့များသည်ကား ယင်ယန်ဝိညာဥ်အဆင့်မဟုတ်တော့ဘဲ နတ်အဆင့် ဖြစ်နေလေပြီ။
မိုးကောင်းကင်သည် မှေးမှိန်သွားပြီး လေပြင်းမုန်တိုင်းများ တိုက်ခတ်လာ၏။ ကောင်းကင်၏ တစ်ဝက်သည် ပန်းခရမ်းရောင်ဖြစ်နေပြီး သွေးရောင်ဖြစ်သည့် အခြားကောင်းကင်တစ်ဝက်ကို ဝါးမျိုရန် ကြိုးစားနေလေသည်။
အမှန်တကယ်တော့ ကောင်းကင်တစ်ခုလုံးသည် စောစောက သခင်မလေးဟုန်ချိန်၏စိတ်ဆန္ဒအောက်တွင် ထိန်းချုပ်ခံထားရသော်လည်း ယခုတွင် လုယူခြင်းခံလိုက်ရလေပြီ။
" ပိုင်ရှောင်ချန်း "
သခင်မလေးဟုန်ချိန်က တဆတ်ဆတ် တုန်ရီလျက် အော်လိုက်သည်။ သူမ၏ စိတ်ကို ကောင်းကင်နှင့် မြေကြီးမှ ဖယ်ထုတ်ခြင်းခံလိုက်ရသည်က တန်ပြန်သက်ရောက်မှုဖြစ်သွားစေ၍ သူမပါးစပ်မှ သွေးများ ပန်းထွက်လာလေသည်။ သူမ၏ မျက်လုံးများမှာ သတ်ဖြတ်လိုသော အလင်းများဖြင့် တောက်ပနေတော့သည်။ သူမက သူမတပ်ဖွဲ့ရှိ လူများကို မကယ်ချင်၍မဟုတ်။ သူမမှာ အလွန်နှေးလွန်းသည်။ ထိုမျှသာမက အနီရောင်အလင်းတန်းကြောင့် သူမ ဒဏ်ရာရသွားခဲ့ရာ သူမ၏ချီနှင့် သွေးများ မတည်မငြိမ်ဖြစ်နေသည်။ သူမအတွက် ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်ရန် အချိန်မရှိသလောက်ဖြစ်နေသောကြောင့် အခြားလူများအား ကာကွယ်ရန် လက်လျှော့လိုက်ရခြင်း ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် သခင်မလေးဟုန်ချိန်က သူ့နာမည်အား အော်ဟစ်လိုက်သည်ကို ကြားသောအခါ သူ့စိတ်ထဲတွင် သူများအပြစ်ကို ကြားကခံနေရသည့်အဖြစ်ကြောင့် မည်မျှတရားမမျှတကြောင်းတွေးတောကာ ခါးခါးသီးသီး သက်ပြင်းချလိုက်သည်။
" ငါ ဒီက ထွက်သွားရမယ် "
သူက ရင်တဒိန်းဒိန်းခုန်လျက် တွေးလိုက်သည်။
" ချီးပဲ။ ငါရဲ့ ယင်ယန်ဝိညာဥ်ကို နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်ဆီ တိုးရမယ်။ ဒါမှ ငါ့သနားစရာအသက်လေးကို အန္တရာယ်ကြားထဲက ထိန်းသိမ်းနိုင်မှာ "
သူ့အတွက် ကုန်းစွန်းဝမ်အာ ပေါ်လာခြင်းက များသောအားဖြင့် မကောင်းသော်လည်း အနည်းဆုံးတော့ အကျိုးအမြတ်နည်းနည်း ရသင့်သည်။
ဥပမာ သူ၏ယင်ယန်ဝိညာဥ်အဆင့်ကို မြှင့်တင်လျှင် လူအနည်းစုသာ သူ၏သရုပ်မှန်ကို သံသယဝင်ကြလိမ့်မည်။ သူတို့က သူဖြစ်သည်ဟု ယုံကြည်ရသော လူတစ်ယောက်ကို မြင်ပြီးသွားပြီ မဟုတ်ပါလော။
" ကဲ ဘာတွေ ဖြစ်လာမလဲဆိုပြီး စိတ်ကူးယဥ် အိပ်မက်မက်နေလို့ မရဘူး။ အခုကိစ္စ အခုရှင်းရမယ်။ ငါ ထွက်ပြေးဖို့ နည်းလမ်းရှာရမယ် "
ကံဆိုးစွာပင် လက်ရှိအချိန်တွင် သူက အလောင်းများအဝိုင်းခံထားသဖြင့် သူလှုပ်လိုက်လျှင် ယခင်ကထက်ပို၍ သိသာသွားလိမ့်မည်။
သူ ဆက်လက်၍ သေချင်ယောင်ဆောင်ကာ မကြာခင် ပြီးသွားပါစေဟုသာ ဆုတောင်းနိုင်တော့သည်။ ကုန်းစွန်းဝမ်အာထွက်သွားသည်နှင့် သူထွက်ပြေးနိုင်လောက်ပေမည်။ ထိုသို့မဟုတ်ခဲ့လျှင် တချို့အခြေအနေများတွင် သူထွက်ပြေးရန် အခွင့်အရေးကောင်း ရနိုင်ပေလိမ့်မည်။
ပိုင်ရှောင်ချန်းမှာ စိုးရိမ်သောကများဖြင့် ထိတ်ထိတ်ပျာပျာ ဖြစ်နေချိန် ကုန်းစွန်းဝမ်အာက ခေါင်းမော့လိုက်ပြီး တုန်ရီနေသော သခင်မလေးဟုန်ချိန်ကို ပြုံးပြလိုက်သည်။
" တကယ့်ကို ကျေးဇူးတင်ပါတယ်။ အခုတော့ နည်းနည်း အာသာပြေသွားပြီ။ မင်းကိုသာ ထပ်စားရရင်တော့ ဗိုက်ပြည့်မှာပဲ "
ထို့နောက် သူမက သခင်မလေးဟုန်ချိန်ထံ တဟုန်ထိုး ပြေးဝင်လိုက်သည်။
သူမက အနီရောင်အလင်းတန်းဖြစ်စဥ်ကကဲ့သို့ လျင်မြန်စွာ မလှုပ်ရှားသော်လည်း လျှပ်စီးလက်သည့်အလား လှုပ်ရှားလိုက်သေးသည်။ သူမ နီးကပ်လာစဥ် သခင်မလေးဟုန်ချိန်က လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်သောကြောင့် သူမ၏ပတ်လည်တွင် အနီရောင်ကြာပန်းလည်ပတ်လာ၏။ သို့သော် ကုန်းစွန်းဝမ်အာ၏ လက်တစ်ချက်ဝှေ့လိုက်သည်ကပင် သခင်မလေးဟုန်ချိန်၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး နောက်သို့ မီတာ ဒါဇင်ပေါင်းများစွာအထိ တွန်းထုတ်ခံလိုက်ရတော့သည်။
" မင်း သွေးတွေ အများကြီး ဆုံးရှုံးသွားပြီပဲ " ကုန်းစွန်းဝမ်အာက ပြောသည်။
" မကောင်းတော့ဘူး။ ငါ အခု မင်းကိုစားရင် သိပ်အရသာရှိမှာ မဟုတ်တော့ဘူး " ကုန်းစွန်းဝမ်အာ၏ အသံက တိုက်ပွဲကွင်းပြင်တွင် ချောက်ချားစဖွယ် လွင့်ပျံ့လာစဥ် ပိုင်ရှောင်ချန်း၏နှလုံးသားထဲတွင် အေးစက်စက်အငွေ့အသက်များ ကြီးစိုးလာကာ လှဲနေနေရင်းမှ မျက်လုံးထောင့်စွန်းမှနေ၍ သူမကို လှမ်းကြည့်လိုက်သည်။
သခင်မလေးဟုန်ချိန်သည် ကုန်းစွမ်းဝမ်အာအတွက် လုံးဝ ပြိုင်ဘက်မဟုတ်ပေ။ သူမမှာ နောက်သို့ ထပ်ခါထပ်ခါ တွန်းထုတ်ခံနေရသဖြင့် ပေါက်ကွဲသံများ တရစပ်ထွက်ပေါ်လာတော့သည်။ သူမပါးစပ်မှ သွေးများလည်း အဆက်မပြတ်ပန်းထွက်လာပြီး ပြင်းထန်စွာ ဒဏ်ရာရသည်အထိတိုင်အောင် နောက်သို့ တွန်းထုတ်ခံနေတော့သည်။
အနီရောင်ကြာပန်းဖြစ်သည့် မှော်ပစ္စည်းမှာ ကုန်းစွန်းဝမ်အာကြောင့် အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားပြီး နောက်ဆုံးတွင် ပြာဖြစ်သွားတော့သည်။ ယခုအခါ သခင်မလေးဟုန်ချိန်မှာ ဖြူဖပ်ဖြူလျော်မျက်နှာနှင့် ရှေ့နောက်ယိမ်းထိုးနေသည်။ သူမမှာ ထွက်ပြေးချင်နေသည့်တိုင် ကုန်းစွန်းဝမ်အာက လျင်မြန်လွန်းလှသဖြင့် ထွက်ပြေးရန်မှာ မဖြစ်နိုင်ကြောင်း သိလိုက်သည်။