← Chapters

လှုပ်ရှားလာသော ရှောင်ချန်း

Vol. 9 Ch. 822

လှုပ်ရှားလာသော ရှောင်ချန်း

Vol. 9 Ch. 822

သိသာထင်ရှားသော သေရေးရှင်ရေး အခြေအနေ ဖြစ်သည့်တိုင် ယခု သူသာ လူလုံးပြလိုက်လျှင် မည်သို့မျှ ကောင်းမည်မဟုတ်ကြောင်း ပိုင်ရှောင်ချန်း နားလည်သည်။ သခင်မလေးဟုန်ချိန်ကို သူ မကယ်နိုင်ရုံသာမက သေခြင်းနှင့်ပါ အဆုံးသတ်သွားပေလိမ့်မည်။

သို့သော် သခင်လေးဟုန်ချိန်က ကုန်းစွန်းဝမ်အာ၏ တိုက်ကွက်များကြောင့် တရစပ် နောက်ဆုတ်နေရသည်ကို မြင်နေရသည်မှာ အလွန်ဒုက္ခများသည်။ သခင်လေးဟုန်ချိန်မှာ သိသိသာသာ အားနည်းလာပြီး သေအံ့ဆဲဆဲ ဖြစ်နေသည်။

ပိုင်ရှောင်ချန်းမှာ မည်သို့လုပ်ရန် လွန်ဆွဲနေစဥ် ကုန်းစွန်းဝမ်အာက သခင်မလေးဟုန်ချိန်နှင့် နီးကပ်လာပြီး နောက်ထပ်တိုက်ခိုက်တော့မည့်အချိန်မှာပင် ရုတ်တရက် တုန့်ခနဲ ရပ်လိုက်သည်။ ထို့နောက် သူမ၏မျက်လုံးများ တလက်လက်တောက်ပလာကာ နောက်ဆုတ်လိုက်သည်။

ထိုအချိန်တွင် အားနည်းပြီးဖိနှိပ်ခံနေရသော သခင်မလေးဟုန်ချိန်က ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူမ၏ လှပသော ပုံပန်းသွင်ပြင်လေးမှာ ဖြူဖပ်နေသော်လည်း သူမ၏ မျက်လုံးများမှာမူ ရက်စက်ကြမ်းကြုတ်ကာ ရေခဲတမျှအေးစက်စက်အရိပ်အယောင်များဖြင့် တောက်ပသွား၏။

" နင် နောက်ဆုံးတော့ နီးလာပြီပေါ့ "

သခင်မလေးဟုန်ချိန်က ပြောသည်။ ထို့နောက် သူမက လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ သူငယ်အိမ်တစ်ဖက်စီတွင် ပုံရိပ်နှစ်ခု ပေါ်လာ၏။ ၎င်းတို့က လူတစ်ယောက်မဟုတ်ဘဲ မြို့တစ်မြို့ကို ထင်ဟပ်နေသော ပုံရိပ်များ ဖြစ်သည်။

၄င်းက သရဲကြီးမြို့တော်နှင့် အရွယ်အစား၊ ခန့်ညားထည်ဝါမှုအားဖြင့် ဆင်တူသော မြို့တစ်မြို့ဖြစ်သည်။ ၄င်းကို ထည်ဝါသော တံတိုင်းကြီးလေးခုနှင့် အခိုင်အမာ တည်ဆောက်ထားပြီး အနီးကပ်ကြည့်လိုက်လျှင် ယောက်ယက်ခတ်နေသော မြို့သူမြို့သားများအား တွေ့နိုင်သည်။

" မြေနီ "

သခင်မလေးဟုန်ချိန်က ပြောလိုက်၏။ သူမ၏နှုတ်ခမ်းဖျားမှ ထိုစကားလုံးများ ထွက်ကျသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံတွင် ထစ်ခြုန်းသံများ မြည်ဟည်းသွားပြီး သူမ၏မျက်လုံးများထဲမှ အံသြတုန်လှုပ်ဖွယ်စွမ်းအင်များ ထွက်ပေါ်လာတော့သည်။

တချိန်တည်းမှာပင် ကုန်းစွန်ဝမ်အာ၏ ခြေဖဝါးအောက်ရှိ လေထုက ရုတ်တရက် ပြောင်းလဲလာ၏။ သခင်မလးဟုန်ချိန်၏ မျက်လုံးများအတွင်းရှိ မြို့များနှင့် တစ်ထပ်တည်းပုံတူဖြစ်သည့် ပုံရိပ်ယောင် လက်ဖဝါးအရွယ်ရှိ မြို့တစ်မြို့ ပေါ်ပေါက်လာသည်။ မြို့ထဲမှ မရေမတွက်နိုင်သော ပုံရိပ်ယောင် သံကြိုးများ ထွက်လာကာ ကုန်းစွန်းဝမ်အာကို ချက်ချင်း ရစ်ပတ်လိုက်သည်။

ကုန်းစွန်းဝမ်အာသည် ချုပ်နှောင်ခံလိုက်ရပြီး မရုန်းနိုင်တော့ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်နှာပျက်သွားလေသည်။ ထို့နောက် မြို့တော်သည် သူမကို သံကြိုးများဖြင့် အထဲသို့ ဆွဲခေါ်ရင်း မြေပြင်ပေါ်သို့ ဆင်းသက်လာတော့သည်။

သူမ နိမ့်ဆင်းလာစဥ် သူမ၏ခန္ဓာကိုယ်မှာ ကျုံ့လာသည်။

၄င်းကို ကြည့်ခြင်းအားဖြင့် မကြာမီ သူမက မြို့တော်နှင့် ကိုက်ညီတော့မည်အထိ အလွန်သေးငယ်လာကာ ၄င်းအတွင်း ထာဝရပိတ်လှောင်ခံရတော့မည်။ ဤမှော်အတတ်မှာ သခင်မလေးဟုန်ချိန်၏ ဝှက်ဖဲဖြစ်လေသည်။

သို့သော် ဤမျှအထိ ထုတ်လွှတ်လိုက်သည်က ဝှက်ဖဲ၏တစ်ဝက်မျှသာ ဖြစ်သည်။ ၄င်း၏ စွမ်းအားအစစ်အမှန် အပြည့်အဝ မပေါ်လွင်ခင်မှာပင် နောက်ထပ်လာမည့် အရာများ ရှိသေးသည်။

ဤဝှက်ဖဲသည် စောစောက မှော်ဝင်သွေးစက်ထက် များစွာ ကြောက်စရာကောင်းပြီး သခင်မလေးဟုန်ချိန်မှာလည်း အဖိုးအခများစွာ ပေးဆပ်လိုက်ရသည်။ သူမမှာ ၄င်းကိုထုတ်ဖော်ရန် သူမသက်တမ်း၏ ပမာဏများစွာ ပေးဆပ်လိုက်ရသည့်အပြင် အပြင်းအထန်ထိခိုက်ခံရပြီးမှ အသုံးပြုနိုင်ခြင်းဖြစ်သည်။ သူမ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး ပို၍ အားနည်းသွားပုံရသည်။ သူမက သတိလွတ်မသွားရန် လျှာကို ဖိကိုက်ရင်း လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ကာ မှော်သိုင်းကို အပြီးသတ်ရန် ပြင်လိုက်သည်။

ပိုင်ရှောင်ချန်းမှာမူ တိုက်ပွဲလှိုင်းလုံးများ၏ ရုတ်တရက် ပြောင်းလဲမှုကြောင့် လဲလျောင်းလျက် ကြက်သေသေနေတော့သည်။

ထိုအခိုက်အတန့်တွင် မြို့ထဲသို့ နိမ့်ဆင်းနေရင်း ဆက်လက်ကျုံ့နေသော ကုန်းစွန်းဝမ်အာက ရုတ်တရက် ပြုံးလိုက်သည်။

" သရဲကြီး လျှို့ဝှက်မှော်သိုင်း၊ ကောင်းတယ်။ မြေနီခယောင်းလမ်း၊ အကုန်ထုတ်နေပြီပဲ။ သိပ်ကောင်းတယ်။ မင်း ဒါကို ထုတ်ပြီးရင် အသက်ဓာတ်လုံလုံလောက်လောက်ကျန်ဦးမလား ကြည့်ကြသေးတာပေါ့ "

သူမက စကားပြောပြီးသည်နှင့် လေထဲသို့ လက်ကို မြှောက်လိုက်သည်။ သူမ ထိုသို့ လုပ်လိုက်စဥ် သူမ၏လက်ညှိုးက မည်းနက်သွားပြီး သခင်မလေးဟုန်ချိန်ထံ လှမ်းထိုးလိုက်သည်။

မြေပြင် တုန်ခါသွားပြီး ကောင်းကင်ယံမှ တဝီဝီမြည်သံများ လွင့်ပျံလာကာ အနက်ရောင်အလင်းစက်ကွင်းကြီးတစ်ခု သခင်မလေးဟုန်ချိန်ပတ်လည်တွင် ရုတ်ချည်း ပေါ်ထွက်လာသည်။ သခင်မလေးဟုန်ချိန်မှာ တဆတ်ဆတ်တုန်ယင်သွားပြီး သူမ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်ပေါက်များထံမှ သက်စောင့်အားများ စီးထွက်လာလေသည်။ သူမ၏ မွှေးညှင်းပေါက်များမှ အဖြူရောင်မြူခိုးတစ်ခုက အနက်ရောင်အကွင်းထံ ဦးတည်သွားလေသည်။ သူမမှာ ခက်ခက်ခဲခဲ အသက်ရှူနေရပြီး သူမ၏မျက်နှာမှာ လူသေကောင်အလောင်းအလား ဖြူဆုတ်နေတော့သည်။ သူမက လက်ကွက်တစ်ကွက်ကို အလျင်အမြန်ဖော်လိုက်ကာ အနီရောင်အလင်းတစ်ခုကို အနက်ရောင်စက်ကွင်းထံ ပို့လွှတ်လိုက်သော်လည်း အားနည်းသွားစေရုံသာဖြစ်ပြီး မဖျက်စီးနိုင်လိုက်ပေ။

သူမအနေဖြင့် မည်မျှ ရုန်းကန်ပြီး တိုက်ခိုက်စေကာမူ ၎င်းက သူမကို ဆက်လက်ဆွဲငင်နေတော့သည်။ ၄င်းကို သူမ ဖျက်စီးနိုင်သည့် ပုံမပေါ်ပေ။

သူမမှာ အပြင်းအထန် ဒဏ်ရာရထားသည့်အပြင် သူမ၏အကန့်အသတ်ကို ရောက်နေလေပြီ။ သူမ၏ ဝှက်ဖဲကို အသုံးပြုလိုက်ခြင်းက သူမ၏ အသက်ကို မီးစာကုန်တော့မည့် ဖယောင်းတိုင်အလား ဖြစ်သွားစေပြီး အားအင်ကုန်ခမ်းသွားစေသည်။

ထိုစဥ် သခင်မလေးဟုန်ချိန်က ခါးခါးသီးသီးပြုံးလိုက်သည်။ သူမက သတိလက်လွှတ်ပြုမူခဲ့ကြောင်း သိလိုက်သည့်အပြင် ထောင်ချောက်ထဲ တိုက်ရိုက်တိုးဝင်လာသည့်တိုင် သရဲကြီးတပ်ဖွဲ့မှ တပ်သား တစ်သောင်းကျော်နှင့် အသာစီးရမည်ဟု ယုံကြည်ထားခဲ့သည်။ ထိုတပ်သားများ၏ သေဆုံးခြင်းက သူမရန်သူကို စွမ်းအားများစွာ ပေးလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မတွေးထားခဲ့မိပေ။

သရဲကြီးတပ်သားများအားလုံးကို မစားသုံးခင်က ကုန်းစွန်းဝမ်အာတွင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံ ရှိခဲ့သည်။ ထို့နောက်တွင် သူမက နတ်အဆင့်ထိ တက်သွားကာ သခင်မလေးဟုန်ချိန်ကို အနိုင်ယူနိုင်ရုံသာမက သူမကို ထွက်မပြေးနိုင်အောင် လုပ်နိုင်သည်အထိ အစွမ်းထက်လာသည်။

ဤနေရာသို့ ရောက်လာစဥ်က သူမ၏အဆုံးသတ်နေရာ ဖြစ်လိမ့်မည်ဟု သခင်မလေးဟုန်ချိန် မည်သည့်နည်းနှင့်မျှ မထင်ထားခဲ့ပေ။

သူမ သေသွားလျှင်တောင်မှ အနည်းဆုံးတော့ မြေနီခယောင်းလမ်းသိုင်းြဖင့် သူမ၏ရန်သူကို ပိတ်လှောင်ထားနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့စေကာမူ ယခုအခါ သူမမှာ ၄င်း၏ တစ်ဝက်ကိုသာ အသုံးပြုနိုင်ခဲ့သည်။

အနက်ရောင်အလင်းစက်ကွင်းက ထုတ်လွှတ်နေသည့် ဆွဲငင်အားမှာ အလွန်အားကောင်းလွန်း၍ သူမ၏ သက်စောင့်အားများမှာ တရစပ် စုပ်ယူခံနေရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ ဆံပင်များ ဖြူဆွတ်သွားပြီး သူမ၏အရေပြား ကျုံ့လာသည်။ ယခု သူမအသွင်က အဖွားအိုကြီးအလား။

သူမ၏သက်စောင့်အား၊ ဝိညာဥ်၊ ကျင့်ကြံခြင်းအခြေခံ၊ သူမနှင့်ပတ်သက်သည့် အရာအားလုံး ယခု စုပ်ယူခံနေရလေပြီ။ သူမ၏ အမြင်အာရုံများ ဝေဝါးလာပြီး သူမမှာ အသက်ကိုပင် မနည်းရှူနေရလေသည်။ သူမ လက်မလျှော့နိုင်သည့်တိုင် ရွေးချယ်စရာ မရှိပေ။ သူမမှာ ဝှက်ဖဲ၏ တစ်ဝက်ကိုသာ ထုတ်လွှတ်နိုင်လိုက်သည်။

" ငါ တကယ် ဒီလိုသေတော့မှာလား "

သူမက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူမ၏ မျက်ခွံများ စတင်လေးလံလာပြီး အချိန်အနည်းငယ်သာ ခံတော့မည် ဖြစ်ကြောင်း သိလိုက်သည်။

ကုန်းစွန်းဝမ်အာမှာ ဆက်လက် ကျုံ့လာနေသည့်တိုင် သူမ၏ ကြောက်မက်ဖွယ် ရယ်မောသံကြီးက ပဲ့တင်ထပ်နေသည်။

ထို့အပြင် ပတ်ဝန်းကျင်တစ်ခုလုံးတွင် တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးထားသည်။ အသက်ရှင်ကျန်ရစ်သူ ဒါဇင်အနည်းငယ်သာ ရှိပြီး အကုန်လုံးမှာ မျှော်လင့်ချက်များ ပျောက်ဆုံးနေလေပြီ။ သို့သော် ပိုင်ရှောင်ချန်း၏ မတည်ငြိမ်သော အသက်ရှူသံများအရ သူမည်မျှဒွိဟဖြစ်နေကြောင်း ပြောနိုင်သည်။ သူ့မျက်လုံးများက သခင်မလေးဟုန်ချိန် အိုမင်းရင့်ရော်လာသည်ကို စူးစိုက်ကြည့်နေရာမှ သူက ဆုံးဖြတ်ချက် ချလိုက်သည်။ သူမအတွက် ဖြစ်စေ၊ သူ့အတွက်ဖြစ်စေ ဆက်လက် သေချင်ယောင်ဆောင်နေ၍ မရကြောင်း သိလိုက်သည်။

သူ၏ သရုပ်မှန်ကို ဖော်ပြလိုက်ရမည်ဆိုခဲ့လျှင်ပင် တစ်ခုခုတော့ သူ လုပ်ရမည်။ သူ မလုပ်လျှင် သခင်မလေးဟုန်ချိန် သေသွားရမည်ဖြစ်ပြီး ကုန်းစွန်းဝမ်အာ လွတ်သွားလိမ့်မည်။ ထို့နောက် သူမက အသက်ရှင်ကျန်ရစ်သော မည်သူ့ကို မဆို သေချာပေါက် သတ်ဖြတ်လိမ့်မည်။

" ချီး၊ ချီး၊ ချီးပဲကွာ "

သူ့မျက်လုံးများ နီရဲလာပြီး သူ တွေးလိုက်သည်။ ရုတ်တရက် သူက အဆုတ်ကွဲလုမတတ် ဟိန်းဟောက်လိုက်ရင်း ထရပ်လိုက်သည်။ သူ့မျက်နှာနှင့် လည်ပင်းတွင် သွေးကြောပြာကြီးများ ထောင်ထနေပြီး သူက အရှိန်ကုန်တင်လျက် ကျုံ့နေသော ကုန်းစွန်းဝမ်အာထံ တဟုန်ထိုး ပြေးဝင်သွားသည်။

သူက လက်သီးဆုပ်လိုက်ရာ ၄င်းပတ်လည်တွင် အနက်ရောင် လေပွေကြီး ပေါ်လာတော့သည်။ သူက သူ၏အပြင်အားများအားလုံးနှင့် သူ၏သက်စောင့််အားများအားလုံးကို ဆင့်ခေါ်လိုက်သည့်အတွက် သူ့နောက်တွင် ကောင်းကင်နှင့် မြေပြင်မှာ စံတင်လောက်သော သီးခြားဖြစ်တည်နေသည့်အရာတစ်ခုအလား အင်ပါယာဝတ်ရုံနှင့် အင်ပါယာသရဖူတစ်ခုကို ဆောင်းထားသော အရိပ်တစ်ခု ပေါ်လာ၏။

အထက်စီးဆန်သော အရှိန်အဝါများ သူ့ပတ်လည်တွင် ပေါ်လာကာ သူက ဟိန်းဟောက်လိုက်ရင်း သခင်မလေးဟုန်ချိန် ပိတ်မိနေသည့် နေရာရောက်သည့်တိုင်အောင် ကမူးရှုးထိုးသွားလိုက်သည်။ ထိုနေရာအရောက်တွင် သူက လက်သီးတိုက်ကွက်ကို ထုတ်ေဖာ်လိုက်သည်။

၎င်းသည်ကား ...... ထာဝရဧကရာဇ်လက်သီးမှလွဲ၍ တခြားမဟုတ်ပေ။

ထိုလက်သီးချက်တွင် နေရာတစ်ခုလုံးကို တုန်လှုပ်သွားစေပြီး ကောင်းကင်ယံရှိ တိမ်တိုက်များကို အလိပ်လိပ်ထသွားစေနိုင်သည့် ပြင်းထန်သော အပြင်အားနှစ်ဆပါဝင်သည်။ ဧရာမ လေဆင်နှာမောင်းကြီးတစ်ခုပေါ်လာသဖြင့် ဖုန်လုံးများ ၊ ကျောက်တုံးကျောက်ခဲများ လေပေါ်သို့ မြင့်တက်လာတော့သည်။

ပိုင်ရှောင်ချန်းနောက်ရှိ အရိပ်ဧကရာဇ်ကြီးနှင့် ထုတ်လွှတ်လိုက်သော လက်သီးချက်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ထီမထင်ဟန်ရှိသော စိတ်ဆန္ဒတစ်ခုက လွှမ်းခြုံသွားတော့သည်။

" ပျက်စီးစေ "

ဝုန်းး

ဧရာမပေါက်ကွဲသံကြီး ထွက်ပေါ်လာသဖြင့် ကုန်းစွန်းဝမ်အာ၏ မျက်နှာပျက်သွား၏။ သခင်မလေးဟုန်ချိန်ကို ဝိုင်းရံနေသော အနက်ရောင်အလင်းစက်ကွင်းများမှာ အားနည်းနေခဲ့ပြီး ဖြစ်သောကြောင့် ပိုင်ရှောင်ချန်းက နတ်အဆင့်လက်သီးချက်တစ်လုံး ပစ်သွင်းလိုက်သောအခါ ချက်ချင်းပင် အပိုင်းပိုင်းအစစဖြစ်ကာ ကွဲကြေသွားတော့သည်။

သခင်လေးဟုန်ချိန်ထံမှ စုပ်ယူထားသော သက်စောင့်အားများအားလုံး လွင့်ပျံထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အများစုက သူမ၏ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားပြီး နောက်ထပ် များပြားသော ပမာဏက ပိုင်ရှောင်ချန်းခန္ဓာကိုယ်ထဲ ဝင်သွား၏။ ထိုအကြောင်းကြောင့် ပိုင်ရှောင်ချန်း၏ ထာဝရအရိုးများမှာ ချက်ချင်းပင် စွမ်းအားအရိုး၏ တတိယအဆင့်ထိ တဟုန်ထိုး အဆင့်တက်သွားတော့သည်။

သခင်မလေးဟုန်ချိန်၏ဆံပင်များမှာ ယခင်အတိုင်း အနက်ရောင်ပြန်ပြောင်းသွားပြီး သူမ၏အရေပြားပေါ်မှ အရေးအကြောင်းများလည်း ပျောက်ကွယ်သွား၏။ သူမက ပြန်လည်လှပလာပြီး သူမ၏မျက်လုံးများမှာ သေရေးရှင်ရေးအခြေအနေမှ လွတ်မြောက်လာသောကြောက့် စိတ်လှုပ်ရှားမှုများဖြင့် တဖျပ်ဖျပ်လက်နေတော့သည်။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူမက လက်နှစ်ဖက်ကို ဖြန့်ကား၍ မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် မြေကြီးပေါ်ရှိ မြို့ငယ်လေးထံသို့ လက်ညှိုးလှမ်းထိုးလိုက်သည်။

" ခယောင်းလမ်း "

All Chapters