အချစ်လေး
Vol. 9 Ch. 823
သခင်မလေးဟုန်ချိန်၏ လက်ချောင်းကျဆင်းလာသောအခါ သူမ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာသည်။ ထို့နောက် သူမ၏ အသိစိတ်နှင့် ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့သဖြင့် သတိမေ့မျောသွားတော့သည်။
မြေနီခယောင်းလမ်း၊
သခင်မလေးဟုန်ချိန်ပင်လျှင် သူမ၏ နတ်အဆင့်ကျင့်ကြံခြင်းအခြေခံနှင့် သက်တမ်းကို အလွန်အကြူးအသုံးချပြီးမှသာ ဤသိုင်းကွက်ကို အသုံးပြုနိုင်သည်။ သူမ၏ နှုတ်မှ နောက်ဆုံးစကားလုံးများထွက်ပေါ်လာပြီး သတိမေ့မျောကာ လဲကျသွားစဥ်တွင် သူမ၏ လက်ချောင်းထဲမှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အနီရောင်မီးခိုးများအသွင် ပြောင်းလဲသွားကာ ချက်ချင်းပင် ကုန်းစွန်းဝမ်အာကို ဖုံးလွှမ်းသွားတော့သည်။
ကုန်းစွန်းဝမ်အာမှာ တဖြည်းဖြည်း အရွယ်အစား သေးငယ်ကျုံ့ဝင်သွားပြီး မြို့ငယ်လေးထဲသို့ ရောက်သွားသည့်အထိ သံကြိုးများ၏ တရွတ်တိုက်ဆွဲခေါ်သွားခြင်းကိုခံလိုက်ရသည်။
ဘေးနားမှ လူတိုင်းအတွက်မူ ထိုမြို့တော်သည် လက်တစ်ချောင်းစာခန့်သာ အရွယ်အစားရှိသော်လည်း ကုန်းစွန်းဝမ်အာအတွက်မူ ၎င်းမှာ သာမန်မြို့တော်တစ်ခုနှင့် တူနေပြီဖြစ်သည်။ သူမက ဘေးဘီဝဲယာသို့ ကြည့်ရှုလိုက်သောအခါ ဒုန်းစိုင်းပြေးသွားသော မြင်းလှည်းတစ်စီးကြောင့် ဖုန်လုံးကြီးများ လွင့်ပျံလာသဖြင့် မြင်ကွင်းထဲရှိ အရာရာအားလုံး ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရသည်။
၎င်းမှာ မြေနီခယောင်းလမ်းပင် ဖြစ်သည်။
ထိုမြို့တော်ကြီးမှာ အတုအယောင်ဖြစ်နေသည့်ပုံစံပေါ်နေသော်လည်း တချိန်ထဲမှာပင် ဒြပ်ထုရှိနေသည့်အလား ဖြစ်နေသေးသည်။ အမှန်တွင် ၎င်းမှာ ကြောက်မက်ဖွယ် အချုပ်အနှောင် မှော်သိုင်းတစ်ခုဖြစ်သည်။
ထိုမြို့တော်ထဲတွင် ပိတ်လှောင်ခံထားရသူများသည် ထွက်ပြေးလွတ်မြောက်ရန်မဖြစ်နိုင်သည့် ပုံရိပ်ယောင်ကြီးတစ်ခုထဲတွင် ချုပ်နှောင်ခံထားရမည်ဖြစ်သည်။ ထိုမြို့တော်ထဲမှ ဖောက်ထွက်နိုင်ပါကလည်း လွတ်မြောက်သွားမည်မဟုတ်ပဲ ထိုအတုအယောင်ကမ္ဘာထဲရှိ မြို့အပြင်သို့ ရောက်နေကြောင်းသာ သိလိုက်ရမည်ဖြစ်သည်။
ဒုန်းစိုင်းဖြတ်သန်းသွားသည့် မြင်းလှည်းကြောင့် ထလာသောဖုန်မှုန့်များက ကုန်းစွန်းဝမ်အာ၏ မြင်ကွင်းထဲတွင်ပြည့်နှက်သွားသောအခါ သူမသည် ကောင်းကင်ယံရှိ ပိုင်ရှောင်ချန်းနှင့် သခင်မလေးဟုန်ချိန်တို့၏ ဧရာမပုံရိပ်များကို တည်ကြည်စွာဖြင့် မော့ကြည့်လိုက်သည်။ ထို့နောက် သူမက ပြုံးလိုက်သည်။
ပိုင်ရှောင်ချန်းကို သူ၏မျက်နှာဖုံးက ကာကွယ်ပေးထားပါသော်လည်း မကြာသေးမီက သူ၏တိုက်ခိုက်မှုကြောင့် သူမသည် သူ၏အငွေ့အသက်အစစ်အမှန်ကို အာရုံခံမိသွားပြီဖြစ်သည်။
" အချစ်လေး "
သူမက ထူးဆန်းစွာပြုံး၍ ဆိုလိုက်သည်။ ထို့နောက် သူမသည် တခစ်ခစ်ရယ်မောလိုက်သောအခါ ထိုချိုလွင်သော ရယ်မောသံက မြို့တော်ထဲသို့ ပျံ့နှံ့သွားပြီး တစ်နေရာလုံးသို့ ပြည့်နှက်သွားတော့သည်။
ထိုရယ်မောသံကြောင့် ပိုင်ရှောင်ချန်း၏ စိတ်နှလုံးထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်သွားရတော့သည်။ ဤစွမ်းအားကြီး အချုပ်အနှောင်မှော်အတတ်ပင်လျှင် ကုန်းစွန်းဝမ်အာကို အချိန်ကြာကြာ ထိန်းချုပ်ထားနိုင်မည် မဟုတ်သည်မှာ အသေအချာပင်။ ထို့အပြင် သူ၏လက်ရှိ တိုက်ပွဲစွမ်းရည်အရဆိုလျှင် သူမကို လုံးဝယှဥ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူက လုံးဝတွေဝေမနေတော့ပဲ သခင်မလေးဟုန်ချိန်ကို သူ၏ရင်ခွင်ထဲသို့ ထည့်ကာ လက်ဖျားခါလောက်သည့် အမြန်နှုန်းဖြင့် အဝေးသို့ထွက်ပြေးသွားတော့သည်။
သူပျောက်ကွယ်သွားသောအခါ မြို့ငယ်လေးထဲရှိ ကုန်းစွန်းဝမ်အာမှာ ဖုန်မှုန့်များ၏ လွှမ်းခြုံခြင်းကို ခံရတော့မည်ဖြစ်သည်။ သို့သော်လည်း သူမမှာ တခစ်ခစ်ရယ်မောနေဆဲပင်။ ထိုသို့ရယ်မောရင်း သူမ၏ ညာလက်ကိုဆန့်ထုတ်လိုက်ပြီး မန္တန်လက်ကွက်တစ်ခု ဖော်၍ သူမ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်တော့သည်။
ထိုအခါ အနီးအနားရှိ ကျဥ်းကြီးထဲတွင် တချိန်လုံး မလှုပ်မယှက် နေခဲ့သည့် လူသန်ကြီး လဲ့ရှန်မှာ ရုတ်တရက် မျက်လုံးများပွင့်လာတော့သည်။ ထိုမျက်လုံးများမှာ အသက်မဲ့ကာ မည်းမှောင်နေသည်။ ထို့နောက် သူက မတ်တတ်ထလာတော့သည်။
သူလေပေါ်သို့ ပျံတက်လာသောအခါ ထစ်ချုန်းသံများ မြည်ဟည်းလာပြီး သူ၏ရင်ဘတ်ပေါ်ရှိ ကြီးမားသောဒဏ်ရာကြီးမှာလည်း လျင်မြန်စွာ အနာကျက်လာတော့သည်။ ထို့နောက် သူသည် အသက်မဲ့နေသော မျက်နှာထားဖြင့် ပိုင်ရှောင်ချန်းထွက်ပြေးသွားသည့် အရပ်မျက်နှာသို့ ကြည့်နေတော့သည်။
" သူ့ကို ငါ့ဆီပြန်ခေါ်ခဲ့ "
ကုန်းစွန်ဝမ်အာကက မြို့ငယ်လေးထဲမှနေ၍ အမိန့်ပေးလိုက်သောအခါ သူမပေါ်သို့ ဖုန်မှုန့်များကျဆင်းလာတော့သည်။ သူမ၏ စကားသံများမှာ ကမ္ဘာကြီးထဲသို့ ပဲ့တင်ထွက်လာနေချိန်တွင် သူမ၏မျက်ဝန်းများမှာ ပထမဆုံးအကြိမ်အဖြစ် အနက်ရောင်သို့ပြောင်းလဲသွားတော့သည်။
ယခုအခါ သူမသည် မြေနီခယောင်းလမ်းသိုင်းကွက်၏ ချုပ်နှောင်ခြင်းထဲသို့ အပြီးတိုင်ရောက်ရှိသွားပြီဖြစ်သည်။
မြို့ငယ်၏အပြင်ဘက်တွင် လဲ့ရှန်၏မျက်ဝန်းများမှာ အနက်ရောင်အလင်းတန်းများဖြင့်တောက်ပလာပြီး သူသည် လုံးဝတွေဝေမနေပဲ အစွမ်းကုန်ထုတ်ကာ လျှပ်စီးတမျှ လျင်မြန်သော အမြန်နှုန်းဖြင့် ပိုင်ရှောင်ချန်းနောက်သို့ ပြေးလိုက်သွားတော့သည်။
သူပျံသန်းသွားရာ လမ်းတစ်လျှောက်တွင် တရွှီရွှီမြည်သံများ လေကိုခွင်း၍ ထွက်ပေါ်လာပြီး သူ၏ပတ်ပတ်လည်ရှိ လေထုမှာ တွန့်လိမ်စ ပြုလာတော့သည်။ သူ၏အရှေ့ ကီလိုမီတာ ထောင်ပေါင်းများစွာတွင် ပိုင်ရှောင်ချန်းမှာ ယဲ့ယဲ့လေး အသက်ရှူနေကာ သတိမေ့နေသော သခင်မလေးဟုန်ချိန်ကို နောက်ကျောပေါ်တွင် ထမ်း၍ ပြေးလွှားနေတော့သည်။
သူသည် လေကိုခွင်း၍ ထိုးဖောက်ပြေးလွှားနေသဖြင့် သူ၏နောက်ဘက်တွင် ပုံရိပ်ယောင်များ ပြန့်ကျဲကာ ကျန်ရစ်ခဲ့တော့သည်။
လမ်းခုလတ်တွင် သူသည် သတင်းပို့ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်၍ သရဲကြီးဘုရင်ထံသို့ သတင်းပို့ရန် ကြိုးပမ်းခဲ့သေးသည်။ သို့သော်လည်း ထိုတစ်နေရာလုံးကို ကုန်းစွန်းဝမ်အာအသုံးပြုထားသည့် မှော်အတတ်တစ်ခုက ချုပ်နှောင်ထားသည်။
သူ အသက်ရှူသံများ မြန်လာစဥ် သခင်မလေးဟုန်ချိန်၏ ပျော့ပျောင်းနူးညံ့သော ခန္ဓာကိုယ်လေးမှာ ရုတ်တရက် တောင့်တင်းသွားသည်ကို ခံစားမိလိုက်သည်။ ထိုအချိန်တွင် သူမ သတိပြန်ရလာပြီဖြစ်ကြောင်း သူကသိလိုက်သည်။
သခင်မလေးဟုန်ချိန်မှာ သတိပြန်ရလာချိန်တွင် ပိုင်ရှောင်ချန်း၏ နောက်ကျောပေါ်သို့ ရောက်နေကြောင်း သိလိုက်ရသောအခါ သူမ၏ ရင်ထဲတွင် ထူးဆန်းသောခံစားချက်များ ပေါ်ထွက်လာတော့သည်။ သူမသည် စကားပြောနိုင်ရန် အနည်းငယ်ရုန်းကန်ကြိုးစားလိုက်ပြီး လေသံမာမာဖြင့် ဆိုလိုက်တော့သည်။
" ငါ့ကို အောက်ချပေးစမ်း။ နင့်အကူအညီ ငါမလိုဘူး "
" ပါးစပ်ပိတ်ထား "
ပိုင်ရှောင်ချန်းက ဒေါသတကြီး ပြန်ဟောက်လိုက်သည်။
" ဒါ မင်းအမှားတွေချည်းပဲ။ ငါ့ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေတယ်လို့ မင်းကို မပြောခဲ့ဘူးလား။ ဒီမိန်းမတော့ကွာ၊ ငါ့အချိန်ကို လာဖြုန်းမနေစမ်းနဲ့။ ငါ့အကူအညီမလိုဘူး ဟုတ်လား။ မင်းတစ်ယောက်ထဲ မတ်တတ်တောင်ရပ်နိုင်လို့လား "
ထိုသို့ဆိုကာ သူသည် လက်ဆန့်၍ သူမ၏ တင်ပါးကို လှမ်းရိုက်လိုက်တော့သည်။
သူသည် စိုးရိမ်ခြောက်ခြားကာ တုန်လှုပ်နေပါသော်လည်း သူမကို ရိုက်လိုက်ရသည့်ခံစားချက်ကြောင့် သူ၏စိတ်နှလုံးထဲတွင် ထူးဆန်းသော အပူလှိုင်းတစ်ခု မြင့်တက်လာတော့သည်။
" နင် "
ကျိုးကျစ်မိုက ဒေါသတကြီး ရန်တွေ့လိုက်တော့သည်။ သူမသည် အလွန်အားအင်ချည့်နဲ့ကာ စိုးရိမ်သောကရောက်နေရသည့်အတွက် ပိုင်ရှောင်ချန်းက သူမကိုဆူပူကာ သူမ၏တင်ပါးကို ရိုက်လိုက်စဥ် သူမ၏စိတ်နှလုံးထဲတွင် ဒေါသမီးများ လောင်ကျွမ်းလာတော့သည်။ သို့သော်လည်း သူမသည် အသက်ပင်မှန်မှန် မရှူနိုင်လောက်အောင် အားနည်းလွန်းနေသဖြင့် ထိုစိတ်ခံစားချက် ရောပြွမ်းမှုများကြောင့် ထပ်မံသတိမေ့မျောသွားပြီး သူ၏နောက်ကျောပေါ်တွင် မလှုပ်မယှက် ငြိမ်ကျသွားတော့သည်။
" ဟမ့်၊ အစ်ကို သရဲကြီးကြောင့်သာ မဟုတ်ရင် မင်းကိုငါ ကယ်မယ်များထင်နေလား။ မင်းက အမြဲတမ်း ငါ့ကို သတ်ချင်နေတဲ့ အကြည့်နဲ့ ကြည့်ကြည့်နေတာလေ။ ဘာတုံး။ ငါ မင်းကို ပိုက်ဆံဆပ်စရာ ရှိနေလို့လား "
သူက နောက်ထပ်တစ်ကြိမ် အေးစက်စက် နှာမှုတ်လိုက်ပြီး သခင်မလေးဟုန်ချိန်ကို လျစ်လျူရှုကာ အရှိန်ကို တတ်နိုင်သမျှ အမြန်ဆုံးဖြစ်အောင် တင်လိုက်တော့သည်။
ထိုအချိန်တွင် သူ၏အနောက်ဘက် ကီလိုမီတာ ထောင်ဂဏန်းအနည်းငယ်ခန့်တွင် လဲ့ရှန်မှာ သူ၏နောက်သို့လိုက်လာနေပြီဖြစ်ကြောင်း သူက အာရုံခံမိသွားတော့သည်။ ပိုင်ရှောင်ချန်း၏ ရင်ထဲတွင် လဲ့ရှန်နှင့်ပတ်သတ်၍ ခံစားချက်ပေါင်းစုံ ရောယှက်နေသည်။ သူသေဆုံးသွားခဲ့သည့်အချက်မှာ လုံးဝသေချာနေပြီး သူ၏လက်အောက်ရှိ အလောင်းတပ်သားများနှင့် ဆင်တူသော အရာတစ်ခုအဖြစ် ပြောင်းလဲခံလိုက်ရခြင်းဖြစ်ကြောင်း သူကသိသည်။
အလောင်းတပ်သားများကို သတ်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်သည် မဟုတ်ပါလော။
၎င်းက အလောင်းတပ်သားတစ်ယောက်ထက် များစွာ စွမ်းအားကြီးမားနေပြီး ၎င်းကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင်ဖျက်ဆီး၍ ပြာပုံဘဝသို့ ရောက်အောင် မပြောင်းလဲနိုင်ပါက ၎င်းကို ပျက်သုဥ်းသွားအောင် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။
" အာ၊ လဲ့ရှန်ရာ... မင်းအသက်ရှိတုံးက ငါတို့ တစ်ကြိမ် ငြိခဲ့ဖူးသေးတယ်လေ။ အခုမင်းအသက်မရှိတော့တာတောင် ဆက်ရန်ဖြစ်ချင်တုံးလား။ ကြည့်ရတာ ငါ့မှာရွေးချယ်စရာဆိုလို့ အရှိန်တင်ဖို့ပဲ ရှိတော့မယ်နဲ့တူတယ် "
သူက သက်ပြင်းချလိုက်ပြီး သူ၏အိတ်ကိုပုတ်လိုက်၍ ကောင်းကင်လေသင်္ဘောတစ်စီးကို ထုတ်လိုက်ပြီး သရဲကြီးမြို့တော်ရှိရာအရပ်သို့ ဦးတည်သွားတော့သည်။
ကုန်းပတ်ပေါ်သို့ ခုန်တက်လိုက်သည်နှင့် တပြိုက်နက် သူသည် သခင်မလေးဟုန်ချိန်ကို ဘေးနားတွင်ချလိုက်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအင်အားလုံးကို လေသင်္ဘောထဲသို့ ထည့်သွင်းလိုက်တော့သည်။ ထိုအခါ ၎င်းမှာ ချက်ချင်းပင် တောက်ပစွာ လင်းလက်သွားပြီး သူပြေးလွှားနိုင်သော အမြန်နှုန်းထက် များစွာသာလွန်သည့် အမြန်နှုန်းဖြင့် ရှေ့သို့ပြေးထွက်သွားတော့သည်။
သို့သော် ပိုင်ရှောင်ချန်း ထိုသို့ အရှိန်တင်လိုက်ချိန်တွင် လဲ့ရှန်မှာ ခေါင်းကိုနောက်သို့ပစ်၍ ကြောက်မက်ဖွယ် ဟိန်းဟောက်လိုက်တော့သည်။ ထို့နောက် သူသည် ရုတ်တရက် မီးတောက်အသွင် ပြောင်းလဲသွားပြီး သူ၏အမြန်နှုန်းမှာလည်း သိသိသာသာ မြင့်တက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ထိုကောင်းကင်လေသင်္ဘောထက် များစွာပို၍ လျင်မြန်စွာ ပြေးလွှားနေပြီး စူးရှတောက်ပသော အလင်းတန်းတစ်တန်းအသွင်နှင့် ပိုင်ရှောင်ချန်းနောက်သို့ လိုက်ပါလာသည်။
အချိန်နှင့်အမျှ သူက ပို၍နီးကပ်လာတော့သည်။ ကီလိုမီတာ တစ်ထောင်၊ ခုနစ်ရာ့ငါးဆယ် ကီလိုမီတာ၊ ကီလိုမီတာ ငါးရာ၊ နှစ်ရာ့ငါးဆယ်ကီလိုမီတာ။ လျှပ်တစ်ပြက်အတွင်း သူသည် ကီလိုမီတာငါးဆယ် အကွာသို့ ရောက်ရှိသွားတော့သည်။
ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ ပန်းကန်ပြားများအလား ပြူးကျယ်သွားတော့သည်။ သူက တံတွေးများကို မျိုချ၍ တတွတ်တွတ် ရေရွတ်နေတော့သည်။
“ ဒီကောင်က ဘာဆေးတွေများ စားထားတာတုံး။ ဒီလောက်တောင် မြန်နေတာ ငါ့ဖြင့်မယုံနိုင်လောက်အောင်ပဲ "
ပိုင်ရှောင်ချန်း၏ စိုးရိမ်စိတ်များ ကြီးထွားလာနေချိန်တွင် သခင်မလေးဟုန်ချိန်မှာ သတိပြန်လည်လာပြီး ခံစားချက်ပေါင်းစုံ ရောယှက်နေသည့် မျက်ဝန်းများဖြင့် သူ့အားလှမ်းကြည့်လိုက်သည်။ ထို့နောက် လဲ့ရှန်မှာ သူတို့၏အနီးသို့ ကပ်လာနေသည်ကို သတိထားမိလိုက်သောအခါ သူမ၏ မျက်ဝန်းများထဲတွင် ပြတ်သားသော အလင်းရောင်များ တောက်လာတော့သည်။
" ဒီကောင်းကင် လေသင်္ဘောကို မြန်မြန်မောင်းနိုင်အောင်လုပ် ပိုင်ဟောက်။ အဲဒီရုပ်သေးရုပ်ထက် မြန်နေရင် သူ့ကိုဘာမှ စိတ်ပူနေစရာမလိုဘူး "
" မင်း ပါးစပ်ပိတ်ထားစမ်းပါ "
ပိုင်ရှောင်ချန်းက စိတ်ရှုပ်နေသည့်လေသံဖြင့် ပြန်အော်လိုက်သည်။ သခင်မလေးဟုန်ချိန်၏ အထက်စီးဆန်သော လေသံကြောင့် သူ စိတ်ရှုပ်နေပြီဖြစ်သည်။ ယခုတွင် သူသည် သူမကိုကယ်တင်ခဲ့သောသူဖြစ်ပါသော်လည်း သူမသည် ခေါင်းဆောင်တစ်ယောက်အလား အမိန့်များပေးဝံ့နေဆဲပင်။
ထို့ကြောင့် သူသည် အလွန် မကျေမနပ်ဖြစ်နေတော့သည်။
" နင် "
သူမက မျက်စောင်းထိုးလိုက်တော့သည်။ ယခုမှသာ သူမ၏ လေသံမှာ မသင့်တော်ကြောင်းကို ရိပ်မိသွားတော့သည်။ သို့သော်လည်း သူမသည် အလွန်မာနကြီးသောသူဖြစ်သည့်အတွက် ထိုအချက်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံမည်မဟုတ်ပေ။
သူမ မည်သည့်စကားမှ ထပ်မပြောနိုင်ခင်မှာပင် လဲ့ရှန်မှာ လျှပ်စီးတမျှ မြန်ဆန်သော အမြန်နှုန်းဖြင့် ရှေ့သို့ ပြေးလာသဖြင့် လေသင်္ဘော၏ အပေါ်တည့်တည့်သို့ ရောက်သွားတော့သည်။
ထိုနေရာအရောက်တွင် သူသည် သူ၏ညာလက်ကို ဆောင့်ချလိုက်လေသည်။
ထိုအခါ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ထဲမှ ကြီးမားသော အားကြီးတစ်ခုပေါ်ထွက်လာပြီး လေပြင်းတစ်ခုအသွင်ပြောင်းကာ လေသင်္ဘောပေါ်သို့ ကျဆင်းလာတော့သည်။
" သွားစမ်းကွာ "
ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်တော့သည်။ ယခုတွင် သူ၏ သွေးကြောကြီးများမှာ ထောင်ထနေပြီဖြစ်ပြီး သူ၏သတ်ဖြတ်လိုသော အငွေ့အသက်များမှာလည်း ဆူပွက်နေပြီဖြစ်သည်။ သူ၏ ညာလက်သီးကို ဆုပ်လိုက်ပြီး လေပေါ်သို့ခုန်တက်ကာ ထိုးနှက်လိုက်တော့သည်။
ထိုအခါ ကောင်းကင်နှင့် ကမ္ဘာကြီးကိုပင် တုန်ရီသွားစေနိုင်သည့် ထစ်ချုန်းသံများ ပျံ့နှံ့သွားတော့သည်။ လေပြင်းသိုင်းကွက်ကြီး ပြိုလဲသွားပြီး ပိုင်ရှောင်ချန်းကမူ အနည်းငယ်လေးမျှပင် အရှိန်လျော့နည်းမသွားပဲ လဲ့ရှန်ဆီသို့ဆက်၍ ဦးတည်သွားတော့သည်။
လဲ့ရှန်၏ မျက်ဝန်းများမှာမူ အနက်ရောင်အလင်းတန်းများဖြင့် တောက်ပသွားပြီး အောက်ဘက်သို့ဆင်းသက်၍ ပိုင်ရှောင်ချန်းကိုတိုက်ခိုက်ရန် သူ၏လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်တော့သည်။