← Chapters

ဆုတ်ခွာခြင်း

Vol. 9 Ch. 824

ဆုတ်ခွာခြင်း

Vol. 9 Ch. 824

သူတို့နှစ်ယောက် ထိပ်တိုက်ဆုံတွေ့ကြသောအခါတွင် ကောင်းကင်ကြီးကိုပင် ဆုတ်ပြဲသွားနိုင်လောက်သည့်နီးပါး ပြင်းထန်ကျယ်လောင်သော ဝုန်းခနဲအသံကြီး တစ်သံ လွင့်ပျံ့လာသည်။ ထို့နောက် ထိုတွေ့ဆုံရာမှ ထွက်ပေါ်လာသော ပြင်းအားကြောင့် ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားရပြီး ကောင်းကင်လေသင်္ဘော၏ ကုန်းပတ်ပေါ်သို့ ထိုးကျသွားတော့သည်။ ထိုအခါ ထိုလေသင်္ဘောကြီးမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။

အငွေ့အသက်များ မတည်မငြိမ်ဖြစ်နေသည့် ပိုင်ရှောင်ချန်းမှာ အပေါ်သို့ မော့ကြည့်လိုက်သောအခါတွင် လဲ့ရှန်အား နောက်ဘက်သို့ ခြေလှမ်းအနည်းငယ်မျှသာ တွန်းထုတ်နိုင်လိုက်သည်ကို တွေ့လိုက်ရသည်။

သူသည် တစ်ခဏလေးမျှပင် မရပ်ပဲ လဲ့ရှန်ဆီသို့ ဦးတည်သွားပြီးနောက် သူတို့နှစ်ယောက်မှာ အပြင်းအထန် တိုက်ခိုက်နေကြတော့သည်။ သူတို့ ထိုသို့တိုက်ခိုက်နေကြစဥ် ကောင်းကင်လေသင်္ဘောကြီးမှာ အဝေးတစ်နေရာသို့ ရောက်သွားသည်အထိ လျင်မြန်စွာ မောင်းနှင်သွားတော့သည်။

ထိုအချိန်တွင် သခင်မလေး ဟုန်ချိန်မှာ ကြိုးစားရုန်းကန်၍ တက်မကြီးကိုကိုင်လိုက်ပြီး လေသင်္ဘောကို ရပ်တန့်စေလိုက်တော့သည်။ ထိုသို့ ရပ်တန့်ရာတွင် သူမဆီမှ ပေါ်ထွက်လာသည့် မောပန်းနွမ်းနယ်နေသော အသက်ရှူသံများကိုကြည့်ပါက သူမ မည်မျှအထိ အားအင်နည်းပါးနေသည်ကို သိနိုင်သည်။ သူမသည် နောက်သို့လှည့်၍ လေထဲတွင် တိုက်ခိုက်နေကြသည့် ပိုင်ရှောင်ချန်းနှင့် လဲ့ရှန်တို့အား စိုးထိတ်စွာ ကြည့်လိုက်တော့သည်။

ကောင်းကင်ယံတစ်ခွင်လုံးတွင် ထစ်ချုန်းသံများ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ လဲ့ရှန်သည် မှော်အတတ်များမသုံးပဲ သူ၏အပြင်အားကို အသုံးချနေသည်။ သို့သော် ထိုအားတစ်ခုထဲနှင့်ပင် ပိုင်ရှောင်ချန်းမှာ သူကဲ့သို့ ပြိုင်ဘက်မျိုးကို တစ်ခါမှ ရင်မဆိုင်ဖူးလောက်သည့် အဆင့်အထိ ရောက်နေပြီဖြစ်သည်။

" နတ်အဆင့် အပြင်ခန္ဓာကိုယ်ပဲ "

ပိုင်ရှောင်ချန်းသည် တိုက်ကွက်တစ်ခုပြီးတိုင်း နောက်သို့ အတွန်းခံနေရသဖြင့် သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များ ပို၍အားပြင်းလာတော့သည်။ လဲ့ရှန်အပေါ်ကျရောက်သွားသော သူ၏တိုက်ကွက်တိုင်းမှာ အကျိုးသက်ရောက်မှု ရှိသည့်ပုံ လုံးဝမပေါ်သော်လည်း သူအပေါ်ကျရောက်လာသည့် တိုက်ကွက်များမှာ ကြောက်မက်ဖွယ်ကောင်းသည့် ဖျက်ဆီးနိုင်စွမ်းများ ပါဝင်နေသည်။

" ဒီ လဲ့ရှန်ဆိုတဲ့ကောင်ဆီမှာ အတော်လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ ရှိတာပဲ။ ဒီအတိုင်း ဆက်သွားလို့မဖြစ်ဘူး။ မြန်မြန်လက်စသတ်မှရမယ်။ သူ့ကို မသတ်နိုင်ရင်တောင် အနည်းဆုံးတော့ သူ့ကိုနှေးသွားအောင် လုပ်မှရမယ် "

ဤဖြစ်ရပ်များသာ ကြန့်ကြာသွားပါက ကုန်းစွန်းဝမ်အာ လွတ်မြောက်လာပြီး သူပိုင်ဆိုင်ထားသည့် အရေးသာမှုများ ပျက်ပြားသွားမည်ကို သူကစိုးရိမ်နေသည်။ ထိုအခါ သူအသက်ဆုံးရှုံးနိုင်ချေမှာ သေချာသလောက်ရှိသွားမည် ဖြစ်သည်။

သူ၏ သရုပ်အမှန်ကို ဖော်ပြသင့်သလား၊ မဖော်ပြသင့်သလား တွေးတောသုံးသပ်နေရင်း သူ၏မျက်ဝန်းများ နီမြန်းလာတော့သည်။ သူ၏သရုပ်အမှန်ကို လျှို့ဝှက်ရင်း သူ၏သနားစဖွယ် အသက်ကလေးကို ဆုံးရှုံးလိုက်ရမည်ဆိုလျှင် လုံးဝအဓိပ္ပါယ် ကင်းမဲ့နေမည် မဟုတ်ပါလော။

ထို့အပြင် ကုန်းစွန်းဝမ်အာမှာ သူ၏ ပုံပန်းသွင်ပြင်အတိုင်း ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် သူ၏သရုပ်မှန်ကို ဖော်ပြပါက ပြဿနာများ ချက်ချင်းပေါ်ထွက်လာမည်တော့ မဟုတ်ပေ။

ထိုသို့ အဆင့်ဆင့် တွေးတောလိုက်ပြီးနောက် သူသည် ခေါင်းကိုနောက်ပစ်၍ အော်ဟစ်လိုက်ပြီး သူသုံးနေကျမဟုတ်သော မန္တန်လက်ကွက်တစ်ခုကို လက်နှစ်ဖက်သုံးကာ ဖော်လိုက်တော့သည်။ ထိုအခါ ချက်ချင်းပင် သူ၏ကောင်းကင်တာအို ယင်ယန်ဝိညာဥ် လင်းလက်တောက်ပလာပြီး သမုဒ္ဒရာတစ်စင်းနီးပါးရှိသော စိတ်စွမ်းများ သူ၏ခန္ဓာကိုယ်တစ်လျှောက်သို့ စီးဆင်းသွားကာ အပြင်ဘက်သို့ ထွက်ပေါ်လာတော့သည်။

ထိုစိတ်စွမ်းအင်မှာ ချက်ချင်းပင် အေးစိမ့်မှုများအသွင် ပြောင်းလဲသွားသည်။ အရပ်မျက်နှာအနှံ့တွင် အက်ကွဲသံများ ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်း၏ ဘေးပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်မှာ အေးခဲသွားတော့သည်။ ထိုတစ်နေရာလုံးမှာ အေးခဲနေသည့် ရေကန်တစ်ကန်အသွင်သို့ ချက်ချင်းပြောင်းလဲသွားသည်။

၎င်းသည်ကား သူ၏ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်ပင်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ သူ့မျက်နှာဖုံး၏ စွမ်းအားကိုသုံးကာ ဖုံးကွယ်ထားနိုင်ပါသော်လည်း ထိုနတ်ဘုရားစွမ်းရည်ကို လုံးဝအသုံးမပြုရဲခဲ့ပေ။ သို့သော် ယခုတွင်မူ သူ၏ပတ်ပတ်လည်တွင် အေးစိမ့်ချီများ စိမ့်ထွက်နေပြီး သူ၏မျက်ဝန်းများထဲတွင်လည်း ဒေါသများဖြင့် တောက်ပနေတော့သည်။

" ချုပ်နှောင်စေ "

ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်လေသည်။ ထိုအခါ ထိုနေရာရှိ အေးစိမ့်ချီ အားလုံး လှစ်ခနဲ လှုပ်ရှားသွားကြပြီး လဲ့ရှန်ဆီသို့ဦးတည်သွားကြသည်။ တစ်ခဏလေးအတွင်း သူ့အား လွှမ်းခြုံသွားကြပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် ဆီးနှင်းခဲများက လျင်မြန်စွာဖုံးအုပ်သွားသဖြင့် တစ်ခဏအကြာတွင် သူသည် အချုပ်အနှောင်ရေခဲလွှာတစ်လွှာ၏ ဖုံးကွယ်ခြင်းကို ခံလိုက်ရတော့သည်။

အသက်ရှူကြိမ်အနည်းငယ်တိုင်အောင် အက်ကွဲသံများ ထပ်မံပေါ်ထွက်လာသည်။ ခဏအကြာတွင် လဲ့ရှန်မှာ ရေခဲလွှာများစွာ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီဖြစ်သည်။ သူ၏ ရုန်းကန်မှုကြောင့် အလွှာအနည်းငယ်မှာ ထိခိုက်ပျက်စီးသွားပါသော်လည်း အခြားရေခဲလွှာများမှာ အထက်တွင် ဆက်လက် စုဝေးလာကြသဖြင့် နောက်ဆုံးတွင် သူသည် ဧရာမ ရေခဲရုပ်ထုကြီးတစ်ခုပုံစံ ဖြစ်သွားတော့သည်။

သူသည် မလှုပ်မယှက်နှင့် လေပေါ်တွင် ရစ်ဝဲနေသည့် မီတာရာပေါင်းများစွာ မြင့်မားသော ဧရာမ ရေခဲတုံးကြီးတစ်တုံး ဖြစ်နေပြီဖြစ်သည်။ အနီးကပ်ကြည့်ရှု လိုက်ပါက ရေခဲထုထဲတွင် အက်ကွဲကြောင်းများစွာ ပြည့်နှက်နေသည်ကို မြင်နိုင်သည်။ ဤအချုပ်အနှောင်မှာ အချိန်အနည်းငယ်မျှသာ တောင့်ခံနိုင်မည်မှာ အသေအချာပင်။

သခင်မလေးဟုန်ချိန်မှာ သူမ မြင်နေရသည့် အရာများကြောင့် အံ့အားသင့်နေသော်လည်း ထိုသိုင်းကွက်ကြောင့် သူမသည် ပိုင်ရှောင်ချန်းအကြောင်းကို မတွေးမိသေးပေ။

ပိုင်ရှောင်ချန်းကမူ ခေါင်းကိုနောက်ပစ်၍ ကြောက်မက်ဖွယ် အမူအရာနှင့် အော်ဟစ်လိုက်သောအခါ သူ၏အပြင်အားများ တဟုန်ထိုး တိုးတက်သွားတော့သည်။ အရပ်မျက်နှာအနှံ့သို့ အားကောင်းသော အခိုးအငွေ့များနှင့်အတူ ကြောက်မက်ဖွယ် စွမ်းအင်များ ပျံ့လွင့်သွားကြသည်။

ထိုနေရာတစ်ဝိုက်ရှိ အရာရာတိုင်း အပြင်းအထန်တုန်ခါနေပြီး ကျောက်တုံးသေးသေးလေးများမှာ လေပေါ်သို့ မြင့်တက်လာကြသည်။ အချို့သော ဧရာမကျောက်တုံးကြီးများပင်လျှင် လေပေါ်တွင် လွင့်မျောနေကြတော့သည်။ အနီးအနားရှိ တောင်ကုန်းနိမ့်လေးများပေါ်တွင် အက်ကွဲကြောင်းများပေါ်ထွက်လာပြီး ၎င်းတို့မှာ ကျောက်စကျောက်နများအသွင် ပြိုကွဲသွားကြကာ လေထဲတွင် မျောလွင့်သွားကြတော့သည်။

အနည်းငယ်အကြာတွင် ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်မှာ အရာအားလုံး သူ့ထံသို့ ဆွဲငင်နေသည့် အနက်ရောင်ကျဥ်းကြီးတစ်ခုအလား ဖြစ်လာပြီး ကျောက်ဆောင်ကြီးများမှာလည်း မြင့်တက်လာကြတော့သည်။

ဂျုန်းဂျုန်းဂျုန်း

မျက်စိတစ်မှိတ်အတွင်း ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်တွင် ကျောက်တုံးများ တစ်လွှာပြီးတစ်လွှာ စုဝေးလာကြတော့သည်။ ထို့နောက် မြေရိုင်းဒေသ၏ အလယ်တည့်တည့်တွင် မီတာသုံးရာထိ မြင့်မားသော ဘီလူးကြီးတစ်ကောင်ပေါ်ထွက်လာတော့သည်။

၎င်းမှာ အသက်ဝင်တောင် ဂါထာတော်ပင် ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ မြေရိုင်းဒေသထဲတွင် ယခုချိန်အထိ ထိုသိုင်းကွက်ကို အသုံးမပြုရဲခဲ့ပေ။ သို့သော် ယခုသည် ထိုသို့သောအရာများကို တွေးပူနေရမည့် အချိန်မဟုတ်တော့ပေ။ ထိုသိုင်းကွက်အား သူ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအားများဖြင့် အားဖြည့်လိုက်သောအခါ သူသည် ပို၍ကြီးမားလာပြီး မီတာသုံးရာမဟုတ်တော့ပဲ မီတာ နှစ်ထောင့်တစ်ရာအမြင့်ထိ ရောက်ရှိသွားတော့သည်။

လက်ရှိတွင် သူသည် ကောင်းကင်နှင့် မြေပြင်ကို လှုတ်ခတ်ပစ်နိုင်လောက်သည်အထိ စွမ်းအားမကြီးမားသေးပါသော်လည်း ထိုအဆင့်နားသို့ ရောက်ရှိနေပြီဖြစ်သည်။ အသက်ဝင်တောင် ဂါထာတော်နှင့်ပေါင်းစည်းထားသည့် သူ၏ အပြင်အားကြောင့် သူ၏ စွမ်းအားအကြီးမားဆုံး အခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။

ယခုလောလောဆယ်တွင် သူက ထာဝရဧကရာဇ်လက်သီးကို ထုတ်လွှတ်နိုင်စွမ်းမရှိသော်လည်း သူ၏စွမ်းအင်အဆင့်နှင့်လဲ့ရှန်၏ စွမ်းအင်အဆင့်တို့အကြားရှိ ကွာဟမှုကို လျှော့ချရန် လိုအပ်နေသည်။ ထိုသို့လျှော့ချနိုင်ရန်အတွက် ဤတစ်နည်းသာ ရှိတော့သည်လည်းဖြစ်သည်။

" သေဖို့ ပြင်ထားလိုက်တော့ "

သူ၏အော်ဟစ်သံက ဧရာမကျောက်ဘီလူးကြီး၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ချုပ်နှောင်ခံထားရသော လဲ့ရှန်အား ရိုက်နှက်ရန် ရှေ့သို့ ခုန်လိုက်တော့သည်။

၎င်းမှာ တောင်ဖြိုသိုင်းပင်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ တောင်ဖြိုသိုင်း၏ အကျိုးသက်ရောက်မှုများကို အချိန်ပေး၍ မဖုံးကွယ်နိုင်တော့ပေ။ သူသည် တတ်နိုင်သမျှ စွမ်းအားအကုန် ထုတ်လွှတ်၍ ကျောက်သားရဲကြီးတစ်ကောင်အလား ရူးသွပ်မှုအပြည့်နှင့် ရှေ့သို့ ခုန်အုပ်လိုက်ခြင်းဖြစ်သည်။

ထိုစဥ် ရေခဲထုထဲရှိ အက်ကွဲကြောင်းများမှာ ပို၍ များပြားလာသည်။ ပိုင်ရှောင်ချန်းက ၎င်းအနားသို့ရောက်ရှိသွားသောအခါ ထိုရေခဲထုကြီးမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ အသက်ဝင်တောင် ဂါထာတော်၏ သရုပ်သကန်ဖြစ်သော ကျောက်ဘီလူးကြီးတစ်ကောင်အသွင်နှင့် ရောက်ရှိလာသောအခါတွင် လဲ့ရှန်မှာ အပြင်ဘက်သို့ ဝုန်းခနဲထွက်လာသည်။

ထို တိုက်ခိုက်မှုကြောင့် ထိုနေရာတစ်ဝိုက်ရှိ အရာအားလုံးကိုပင် တုန်ရီသွားစေနိုင်သည့် အုန်းခနဲ အသံကြီးတစ်သံ ပေါ်ထွက်လာသည်။ ကောင်းကင်ယံထဲရှိ နက္ခတ်တာရာများ မှေးမှိန်သွားကြပြီး လူသန်ကြီးလဲ့ရှန်မှာ နောက်ဘက်သို့ ပြင်းထန်စွာလွင့်စင်သွားကာ လမ်းတစ်လျှောက်တွင် ကျယ်လောင်သော အက်ကွဲသံများ ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့သည်။ သို့သော် ထိုမျှလောက်နှင့် မပြီးသေးပေ။ ပိုင်ရှောင်ချန်းသည် အသက်ဝင်တောင် ဂါထာတော်နှင့် တောင်ဖြိုသိုင်းကွက်၏ နတ်ဘုရားစွမ်းရည်ကိုအသုံးချ၍ သူ၏လက်ညှိုးနှင့် လက်မကို ဆန့်ထုတ်ကာ ရှေ့သို့ပြေးသွားတော့သည်။ ထိုအခါ အနက်ရောင် အလင်းတန်းများပေါ်ထွက်လာပြီးနောက် သူသည် လဲ့ရှန်၏ လည်မျိုရှိရာသို့ သူ၏လက်ချောင်းများကို ညှပ်လိုက်တော့သည်။

၎င်းမှာ လည်မျိုဖမ်းဆုပ်ကွက်ပင်ဖြစ်သည်။

ထိုဖြစ်ရပ်များမှာ ဖော်ပြရသည်သာ အနည်းငယ်ကြာသော်လည်း လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခဲ့သည်သာ ဖြစ်သည်။ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်တော်မှစ၍ သူသည် သိုင်းကွက်ပေါင်းစုံကို ချောချောမွေ့မွေ့ လျင်လျင်မြန်မြန် အသုံးပြုသွားခဲ့သည်။ ယခုတွင် လည်မျိုးဖမ်းဆုပ်ကွက်က လဲ့ရှန်အပေါ်ကျဆင်းလာပြီဖြစ်သဖြင့် လဲ့ရှန်က အော်ဟစ်လိုက်ပြီး ကျောက်ဘီလူးကြီးတစ်ဖြစ်လဲ ပိုင်ရှောင်ချန်း၏ လက်ညှိုးနှင့် လက်မကို ခုခံရန် သူ၏လက်များကို ရှေ့သို့ဆန့်ထုတ်လိုက်သည်။

လဲ့ရှန်၏ ခန္ဓာကိုယ်ထဲမှ အက်ကွဲသံများပေါ်ထွက်လာပြီး သူ၏မျက်ဝန်းများထဲရှိ အနက်ရောင်အလင်းတန်းများမှာ ပို၍ အားကောင်းလာတော့သည်။ သူသည် ပြန်လည် ခုခံနေချိန်တွင် ပိုင်ရှောင်ချန်းသည် လည်မျိုဖမ်းဆုပ်ကွက်၏ စွမ်းအားအကုန်လုံးကို ထုတ်လွှတ်လိုက်တော့သည်။

ထို့နောက် သူသည် တွေဝေမနေပဲ သူ၏လက်ကို ဘေးဘက်သို့ ဆတ်ခနဲ ခါယမ်းလိုက်သောအခါ လဲ့ရှန်မှာ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး မြေသားနှင့် ဗိုင်းခနဲမြည်အောင် ရိုက်ခတ်သွားကာ ကျဥ်းကြီးတစ်ကျဥ်း ပေါ်ထွက်လာတော့သည်။ လဲ့ရှန် တုံ့ပြန်ချိန်ပင် မရလိုက်သေးခင်မှာပင် ပိုင်ရှောင်ချန်းက အောက်သို့ဆင်းသက်လာပြီး လက်သီးချက်ဆယ်ချက်ကို ဆက်တိုက် ထိုးနှက်လိုက်သည်။

မြေပြင်ကြီးမှာ သိမ့်သိမ့်တုန်သွားပြီး ကျဥ်းကြီးထဲမှ အက်ကွဲကြောင်းများ ပျံ့ထွက်လာတော့သည်။

ထိုအချိန်တွင် လဲ့ရှန်သည် ပိုင်ရှောင်ချန်း၏ နောက်ဆုံးလက်သီးချက်ကို ကာကွယ်လိုက်ပြီး ကြောက်မက်ဖွယ်အော်ဟစ်သံကြီးတစ်သံ ကျဥ်းကြီးထဲမှ ပေါ်ထွက်လာသည်။ ထိုခုခံမှု၏ တန်ပြန်အားကြောင့် ပိုင်ရှောင်ချန်း၏ လက်သီးမှာ နောက်သို့လွင့်စင်သွားသည်။ သို့သော်လည်း ယခုတွင်မူ လဲ့ရှန်မှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီဖြစ်ပြီး သူ၏ဆံနွယ်များမှာလည်းရှုပ်ပွကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှလည်း အနက်ရောင်သွေးများ စိမ့်ထွက်နေပြီဖြစ်သည်။ သို့သော်လည်း သူ၏မျက်ဝန်းထဲရှိ အနက်ရောင်အလင်းတန်းကြောင့် သူ၏အပြင်အားမှာ အသစ်တစ်ဖန် မြင့်တက်လာပြန်သည်။

သူသည် လေပေါ်သို့ခုန်တက်ရန် ပြင်လိုက်စဥ် ပိုင်ရှောင်ချန်း၏ ကျောက်ဘီလူးကြီး နဖူးပေါ်တွင် အမှတ်အသားတစ်ခု ရုတ်တရက်ပေါ်ထွက်လာသည်။ ထိုစဥ် ကျောက်ဘီလူးကြီး၏အတွင်းရှိ ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်အစစ် နဖူးပေါ်တွင်လည်း ပုံစံတူ အမှတ်အသားတစ်ခု ပေါ်ထွက်လာပြီး တတိယမြောက်မျက်လုံးအသွင်ဖြင့် ပွင့်လာတော့သည်။

ကောင်းကင်တံတားဓမ္မမျက်လုံး ဖြစ်သည်။

ချက်ချင်းပင် ထိုတတိယမြောက်မျက်လုံး၏ စွမ်းအားမှာ ကျောက်ဘီလူးကြီး၏ နဖူးမှပေါ်ထွက်လာပြီး လဲ့ရှန်ကို ကပ်တွယ်လိုက်တော့သည်။

လဲ့ရှန်မှာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖော်ပြ၍မရနိုင်သော အားကြီးတစ်ခုက လွှမ်းခြုံသွားပြီး တစ်ကိုယ်လုံးကိုထိန်းချုပ်သွားသကဲ့သို့ ခံစားလိုက်ရ၍ တုန်ရီသွားတော့သည်။ သူသည် ရုတ်တရက် လေထဲတွင် လှုပ်ရှား၍မရတော့ပဲ ရပ်တန့်သွားသဖြင့် သူ တုန်ရီသွားတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ သူ၏ ကျောက်ဘီလူးကြီးကို ခုန်တက်စေလိုက်သည်။ အော်ဟစ်သံကြီးတစ်သံနှင့်အတူ သူသည် လက်ကိုဆန့်ထုတ်၍ လဲ့ရှန်အား ရိုက်နှက်လိုက်သဖြင့် သူသည် မြေပြင်ပေါ်သို့ ထပ်၍ လွင့်စင်သွားရပြန်သည်။

ထိုသို့ ရိုက်နှက်လိုက်သောအချိန်တွင် ပိုင်ရှောင်ချန်းမှာ ထာဝရပြုစားခြင်းသိုင်းကို ထုတ်ဖော်လိုက်သည်။

ထို ထာစရပြုစားခြင်းသိုင်းမှာ မရေမတွက်နိုင်သော အနက်ရောင်ချည်မျှင်များအသွင်ဖြင့် သူ၏လက်ဖဝါးထဲမှ ပေါ်ထွက်လာပြီး လဲ့ရှန် အပေါ်သို့ကျရောက်သွားသည်။ လဲ့ရှန်မှာ အောက်ဘက်ရှိကျဥ်းကြီးထဲသို့ ကျဆင်းသွားချိန်တွင် ပိုင်ရှောင်ချန်း၏ ကျောက်ဘီလူးကြီးမှာ ပြိုကွဲသွားပြီး မရေမတွက်နိုင်သော ကျောက်တုံးများနှင့် ကျောက်ဆောင်များမှာ အောက်သို့ကျဆင်းသွားတော့သည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်း ထိုကျောက်တုံးများမှာ တောင်တစ်လုံးအသွင်ဖြစ်ကာ လဲ့ရှန်ကို ဖုံးအုပ်သွားကြတော့သည်။

ထိုတောင်ထဲတွင် အနက်ရောင်ချည်မျှင်များက ရစ်ပတ်ကာ လဲ့ရှန်အားမလှုပ်နိုင်အောင် ချုပ်နှောင်ထားသည်။

ထိုအချင်းအရာများကို စွမ်းဆောင်ပြီးနောက် ပိုင်ရှောင်ချန်းမှာ နောက်သို့ခြေလှမ်းအနည်းငယ်မျှ ယိမ်းယိုင်သွားပြီးနောက် ကောင်းကင်လေသင်္ဘောဆီသို့ ပြန်၍ဆုတ်ခွာသွားတော့သည်။ ထိုသင်္ဘောပေါ်တွင် သခင်မလေးဟုန်ချိန်မှာ ပါးစပ်ဟောင်းသားဖြစ်ကာ ရပ်နေချိန်တွင် ပိုင်ရှောင်ချန်းမှာ သင်္ဘောကို ထိန်းချုပ်၍ သားရဲတစ်ကောင်အလား လေကိုခွင်း၍ မောင်းနှင်လိုက်တော့သည်။

All Chapters