← Chapters

အခန်း (၂၃၉၁-၂၃၉၂)

Vol. 180 Ch. 2391-2392

အခန်း (၂၃၉၁-၂၃၉၂)

Vol. 180 Ch. 2391-2392

အခန်း(၂၃၉၁)

“စီနီယာ.. ဒီထာဝရသက်ရှည်တောင်တန်းက ဘယ်လိုဖြစ်တာလာခဲ့တယ် ဆိုတာကို စီနီယာသိလား”

ကျန်းချန်က သူ့ရှေ့ရှိ ရှချင်းလီကို မေးလိုက်သည်။

သူ၏မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရှေးခေတ်ကာလက နတ်ဘုရားနယ်မြေတွင် ထာဝရသက်ရှည်တောင်တန်း မရှိခဲ့ပေ။

တကယ်တမ်းသာ ရှိခဲ့လျှင် ထာဝရသက်ရှည်တောင်တန်းကဲ့သို့ နေရာမျိုးသည် နတ်ဘုရားနယ်မြေ၏ မှတ်တမ်းမှတ်ရာများတွင် မရှိသည်မှာ မဖြစ်နိုင်ပေ။

မဟာကပ်ဘေးကြီး အပြီးတွင် နတ်ဘုရားနယ်မြေ၏ မြောက်ပိုင်းနယ်မြေထဲကို ဤမျှအထိ လျှို့ဝှက်ဆန်းကြယ်သောတောင်ကြီး အဘယ်ကြောင့် ရောက်လာခဲ့မှန်း ကျန်းချန် အမှန်တကယ် နားမလည်နိုင် ဖြစ်နေခဲ့၏။

“ထာဝရသက်ရှည်တောင်တန်းက ဘယ်နေရာကနေ ရောက်လာတာလဲဆိုတာ ဒီလောကမှာ သိတဲ့သူက ခပ်ရှားရှားပဲ.. အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာနဲ့ နတ်ဘုရားနယ်မြေတို့ ကြားက တိုက်ပွဲကြောင့် နတ်ဘုရားနယ်မြေ ပြိုကွဲသွားပြီးတဲ့နောက်မှာ ဒီ ထာဝရသက်ရှည်တောင်တန်းက ရုတ်တရက် ပေါ်ထွက်လာခဲ့တာပဲ.. ဒါပေမဲ့ အင်မော်တယ် ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့ရဲ့ နှစ်ပေါင်းများစွာ စူးစမ်းလေ့လာမှု အရတော့ ဒီ ထာဝရသက်ရှည်တောင်တန်းက နတ်ဘုရားနယ်မြေက မဟုတ်ဘူး ဆိုတာ သိရှိခဲ့ရတယ်”

ရှချင်းလီက လေးနက်စွာ ပြောလိုက်သည်။

ကျန်းချန်က အံ့အားသင့်သွားခဲ့ပြီး ရှချင်းလီကို ကြည့်ကာ မေးလိုက်၏။

“နတ်ဘုရားနယ်မြေက မဟုတ်ဘူးဆိုရင် စီနီယာတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကရော မဖြစ်နိုင်ဘူးလား”

“ဒီ ထာဝရသက်ရှည်တောင်တန်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက မဟုတ်ပါဘူး”

ရှချင်းလီက ရှင်းပြလိုက်သည်။

“ငါတို့ရဲ့ ခန့်မှန်းချက်အရတော့ ဒီ ထာဝရသက်ရှည်တောင်တန်းက ငါတို့ စကြဝဠာထက် ပိုပြီး အဆင့်မြင့်မားတဲ့ စကြဝဠာ တစ်ခုကနေ ရောက်လာတာ ဖြစ်နိုင်တယ်”

“ပိုပြီး အဆင့်မြင့်မားတဲ့ စကြဝဠာ ဟုတ်လား”

ကျန်းချန်က အံ့ဩတုန်လှုပ်စွာဖြင့် မေးလိုက်သည်။

“ဒီလောကမှာ တကယ်ပဲ ပိုပြီး အဆင့်မြင့်မားတဲ့ စကြဝဠာတစ်ခု ရှိနေတာလား”

“ကျင့်ကြံခြင်းလမ်းစဥ် ဆိုတာက အဆုံးသတ်မရှိဘူး.. မင်းအနေနဲ့ အဆင့်တစ်ခုကို ရောက်တဲ့အခါမှပဲ ပိုပြီး မြင့်မားတဲ့ ရှုခင်းတွေကို ကြည့်ခွင့်ရလိမ့်မယ်”

ရှချင်းလီက ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“ဥပမာပြောရရင် မင်းတို့ နတ်ဘုရားနယ်မြေ စကြဝဠာမှာ အဆင့်နိမ့် နယ်မြေ အများအပြား ရှိကြတယ်.. အဲဒီမှာ နေထိုင်တဲ့သူတွေက နတ်ဘုရင်အဆင့် ဆိုတာ ရှိမှန်းတောင် သိကြလို့လား”

ထိုစကားကိုကြားလျှင် ကျန်းချန်သည် တိတ်ဆိတ်သွားခဲ့သည်။

အဆင့်နိမ့်နယ်မြေ ဖြစ်သည့် ရှန်းဝူတိုက်တွင် ရှိစဥ်က သူသိထားသည့် အမြင့်ဆုံးအဆင့်သည် နတ်သန္ဓေအင်ပါယာအဆင့်ထက် မကျော်ခဲ့ဘဲ ယင်းအဆင့်သည် သိုင်းပညာကျင့်ကြံခြင်း၏ အဆုံးသတ်ဟုပင် ထင်ခဲ့သည်။

ရွှယ်လင်ကုန်းမြေတိုက်သို့ ရောက်ရှိလာသည့်အခါတွင်မူ နတ်သန္ဓေအင်ပါယာ၏ အထက်တွင် ပကတိအင်ပါယာ အဆင့်နှင့်ပကတိ နတ်ဘုရားအဆင့် ဟူ၍ ရှိနေသေးမှန်း ကျန်းချန် သိခဲ့ရသည်။

နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာသောအခါတွင် ကျန်းချန်သည် သိုင်းပညာကျင့်ကြံခြင်းက အဆုံးမရှိမှန်း ရှာဖွေတွေ့ရှိခဲ့သည်။

ပကတိနတ်ဘုရားအဆင့်၏ အထက်တွင် ကောင်းကင်နတ်ဘုရားအဆင့်၊ နယ်မြေနတ်ဘုရားအဆင့်၊ နတ်ဘုရင်အဆင့်၊ အုပ်စိုးသူအဆင့်နှင့် ဒဏ္ဍာရီလာ အင်မော်တယ်အဆင့်တို့ ရှိသေးမှန်း သိခဲ့ရသည်။

နတ်ဘုရားနယ်မြေ၏ ကျင့်ကြံခြင်းစနစ်တွင် အင်မော်တယ်အဆင့်သည် အဆုံးသတ် ဖြစ်သော်လည်း အင်မော်တယ်အဆင့်၏ အထက်တွင် ပိုမိုမြင့်မားသည့် အဆင့် မရှိဟု မည်သူ အာမခံနိုင်ပါမည်နည်း။

“ငါတို့ အင်မော်တယ် ကျင့်ကြံသူတွေရဲ့ အမြင်မှာတော့ ဒီ ထာဝရသက်ရှည်တောင်တန်းက ဒဏ္ဍာရီလာ အင်မော်တယ်လောကကနေ ရောက်လာတာဖြစ်ဖို့ အလားအလာ အရမ်းများတယ်.. အဲဒါကြောင့်လည်း လူတိုင်းကလည်း ဒီနေရာမှာ အင်မော်တယ် ဖြစ်နိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ပြောကြတာပေါ့.. ဒါ့အပြင် ထာဝရသက်ရှည်တောင်တန်းကို အင်မော်တယ်တွေဖန်တီးထားဖို့က ဖြစ်နိုင်ခြေ အရှိဆုံးပဲ”

ထိုစကားကို ပြောပြီးနောက်တွင် ရှချင်းလီသည် ကျန်းချန်ကို ကြည့်ကာပြောလိုက်သည်။

“နောက်တစ်လနေရင် ထာဝရသက်ရှည်တောင်တန်းရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာ ပွင့်လိမ့်မယ်.. မင်း ငါနဲ့အတူ အဲဒီနေရာကို သွားပြီး စူးစမ်းချင်စိတ်ရှိလား”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏ ခံစားချက်ကို တည်ငြိမ်အောင် လုပ်ဆောင်လိုက်သည်။

ရှချင်းလီ၏ ခန့်မှန်းချက်က အနည်းငယ် ထူးဆန်းနေသော်လည်း ယင်းသည် ထာဝရသက်ရှည်တောင်တန်း၏ မူလအစ ဖြစ်နိုင်သည်ဟု ကျန်းချန် ခပ်ရေးရေး ခံစားမိခဲ့သည်။

ထာဝရသက်ရှည်တောင်တန်းထဲမှ ကန့်သတ်စွမ်းအားသည် နတ်ဘုရင်အဆင့်နှင့် ကပ်ဘေးအဆင့် ကျင့်ကြံသူများကိုပင် ဟန့်တားထားနိုင်စွမ်း ရှိ၏။

ထိုကဲ့သို့ လုပ်ဆောင်ရန်မှာ အုပ်စိုးသူအဆင့်နှင့် မဟာယာနအဆင့် ကျင့်ကြံသူများ အတွက် မဖြစ်နိုင်သော အရာတစ်ခုပင်။

ထိုအဆင့်ကို ကျော်လွန်သည့် စွမ်းအားသည် နတ်ဘုရားနယ်မြေ စကြဝဠာ၏ ဒဏ္ဍာရီထဲမှ အင်မော်တယ်အဆင့်သာလျှင် ရှိ၏။

ထိုကဲ့သို့ ဒဏ္ဍာရီလာ ဖြစ်တည်မှုများသည် နတ်ဘုရားနယ်မြေစကြဝဠာတွင် လုံးဝမရှိသင့်ပေ။

သို့ဆိုလျှင် အဘယ်ကြောင့် ထာဝရသက်ရှည်တောင်တန်းသည် နတ်ဘုရားနယ်မြေတွင် ပေါ်လာရပါသနည်း။

အကယ်၍ ဤ ထာဝရသက်ရှည်တောင်တန်းသာ အင်မော်တယ်တစ်ပါး ဖန်တီးထားခြင်း ဆိုလျှင် နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်သည် ဤနေရာတွင် ရှိနေသေးပါသလော။

ကောင်းကင်လမ်းစဥ်သာ ထာဝရသက်ရှည်တောင်တန်းထဲတွင် အမှန်တကယ် ရှိနေလျှင် ၎င်းသည် ထာဝရသက်ရှည်တောင်တန်းထဲတွင် ပုန်းကွယ်နေပါသလော သို့မဟုတ် ဤနေရာတွင် ပိတ်မိနေပါသလော။

ထာဝရသက်ရှည်တောင်တန်း၏ အခြေအနေက အမှန်တကယ်ပင် ပို၍ ရှုပ်ထွေးလာခဲ့ချေပြီ။

“ကောင်းပြီ.. နောက်တစ်လနေရင် ကျွန်တော် စီနီယာတို့နဲ့ အတူ အဲဒီနေရာကို လိုက်ခဲ့ပါ့မယ်”

ကျန်းချန်က သတိ ပြန်ဝင်လာပြီးနောက်တွင် ဘာမှစဥ်းစားမနေဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။

မည်သို့ပင် ဖြစ်စေကာမူ သူက ထာဝရသက်ရှည်တောင်တန်းကို ရောက်ရှိလာပြီဖြစ်ရာ ဤ ထာဝရသက်ရှည်တောင်တန်းကို အသေအချာ စူးစမ်းကြည့်ရလိမ့်မည် မဟုတ်ပါလား။

“ဒါဆို နောက်တစ်လနေရင် မင်းကို အကြောင်းကြားဖို့ လူလွှတ်လိုက်မယ်”

ထိုစကားကို ပြောပြီးသည်နှင့် ရှချင်းလီ၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့ကနေ ရိပ်ခနဲ ပျောက်ကွယ်သွားခဲ့၏။

ရှချင်းလီ၏ ပုံရိပ် ပျောက်ကွယ်သွားသောအချိန်မှာပင် တန်ကျွယ်ချန်က အခန်းထဲကို ရောက်လာခဲ့သည်။

“မိတ်ဆွေလေးကျန်းချန်.. ခုနက ဒီကိုတစ်ယောက်ယောက်ရောက်လာတာလား”

ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဟုတ်တယ်.. အင်မော်တယ်ကျင့်ကြံသူ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ရှချင်းလီ ရောက်လာတာပါ”

ထိုစကားကိုကြားလျှင် တန်ကျွယ်ချန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“သူက ဒီကို ဘာလာလုပ်တာလဲ”

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

“နောက်တစ်လနေရင် အင်မော်တယ်ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့က ရှာဖွေတွေ့ရှိထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာကို သွားရောက်စူးစမ်းဖို့ အတွက် သူက ကျွန်တော့်ကို အဖော်လာခေါ်တာပါ”

ထိုစကားကိုကြားလျှင် တန်ကျွယ်ချန်သည် အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

“အဲဒီနေရာက ဒဏ္ဍာရီထဲက အင်မော်တယ် ဖြစ်နိုင်တဲ့ အခွင့်အလမ်းရှိတဲ့ နေရာဖြစ်မယ် ထင်တယ်”

ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ”

“ငါက ချင်းရွမ် ပြောပြလို့ ကြားဖူးရုံပဲ ရှိတာပါ”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် တန်ကျွယ်ချန်က စကားလမ်းကြောင်းကို ချက်ချင်းပင် ပြောင်းလိုက်သည်။

“မိတ်ဆွေလေးကျန်းချန် မင်းသဘောတူလိုက်လား”

“တူလိုက်တယ်.. ထာဝရသက်ရှည်တောင်တန်း ထဲမှာ ဒီလိုနေရာမျိုး ရှိနေမှတော့ သေချာပေါက် သွားကြည့်ရမှာပေါ့”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

တန်ကျွယ်ချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်၏။

“မိတ်ဆွေ‌လေးကျန်းချန်.. ငါ မင်းကို တောင်းဆိုစရာရှိတယ်.. အဲဒီနေရာသွားရင် ငါ့ကိုပါ ခေါ်သွားပေးဖို့ မျှော်လင့်ပါတယ်”

အင်မော်တယ် ဖြစ်နိုင်သည့် အခွင့်အရေးရှိသော နေရာသည် အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံသူများအားလုံး၏ စိတ်ကူးအိပ်မက်ထဲမှ နေရာ ဖြစ်သောကြောင့် တန်ကျွန်ချယ်သည်လည်း သဘာဝကျစွာပင် သွားချင်ခဲ့သည်။

ထို့အပြင် သူနှင့် ချင်းစန်းလဲ့တို့ သားအဖကြားရှိ ရန်ငြိုးများသည် ဖြေရှင်းဖို့ ခက်ခဲနေခဲ့ချေပြီ။

ကျန်းချန်သာ ထွက်သွားခဲ့လျှင် ဤအင်မော်တယ် ကျင့်ကြံသူ မဟာမိတ်အဖွဲ့ထဲတွင် သူ၏ အခြေအနေသည် အန္တရာယ်ရှိနိုင်သည် မဟုတ်ပါလော။

“ဒီကိစ္စကို နောက်မှပဲ ဆွေးနွေးကြတာပေါ့”

ကျန်းချန်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်ပြီး အခန်းထဲတွင် ဆက်လက် ကျင့်ကြံနေခဲ့သည်။

အကယ်၍သာ ထာဝရသက်ရှည်တောင်တန်းသာ ရှချင်းလီပြောသလို ပိုမို အဆင့်မြင့်မားသည့် စကြဝဠာ တစ်ခုကနေ ရောက်လာခြင်း ဖြစ်ပြီး ဒဏ္ဍာရီလာ အင်မော်တယ် ဖြစ်နိုင်မည့် အခွင့်အလမ်း ရှိနေမည်ဆိုလျှင် ထိုနေရာ၏ အန္တရာယ်သည် သူထင်ထားသည်ထက်ပင် ပို၍ ကြီးမားနိုင်၏။

သူက သူ၏ စွမ်းအားကို ယုံကြည်မှု ရှိသော်လည်း ထာဝရသက်ရှည်တောင်တန်းထဲတွင်မူ လုံလောက်မည် မဟုတ်ပေ။

ထာဝရသက်ရှည်တောင်တန်းထဲမှ အန္တရာယ်များကို ပို၍ ကောင်းမွန်စွာ ရင်ဆိုင်နိုင်ရန်အတွက် ကျန်းချန်သည် တစ်လဟူသော အချိန်ကို အကျိုးရှိစွာ အသုံးချပြီး နတ်ဘုရင်ဆဋ္ဌမအဆင့်ကို ထိုးဖောက်ရန် ရည်ရွယ်ထားခဲ့သည်။

ကျန်းချန်က တင်ပျဥ်ခွေထိုင်လိုက်ပြီးနောက်တွင် အစွမ်းကုန် စတင် ကျင့်ကြံခဲ့သည်။

သိပ်မကြာခင်က သူသည် အင်မော်တယ်တိုက်၏ နံပါတ်တစ်မိသားစု ဖြစ်သော တန်မိသားစုကို ချေမှုန်းခဲ့ပြီး တန်မိသားစု၏ နှစ်ပေါင်းများစွာ စုဆောင်းထားသော အရင်းအမြစ် အားလုံးကို သိမ်းပိုက်ခဲ့သည်။

တန်မိသားစု၏ အရင်းအမြစ်များ အပြင် အဆတစ်ရာစနစ်၏ အရှိန်မြှင့်တင်မှုဖြင့်သာ ဆိုလျှင် တစ်လအတွင်း နတ်ဘုရင်ဆဋ္ဌမအဆင့်ကို ထိုးဖောက်ရန်မှာ သူ့အတွက် လုံလောက်၏။

ကျန်းချန် အခန်းအောင်းကာ ကျင့်ကြံနေစဥ်မှာပင် အချိန်က မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွားခဲ့သည်။

မသိလိုက် မသိဘာသာဖြင့်ပင် တစ်လဟူသော အချိန်သည် တစ်ခဏအတွင်း ကုန်ဆုံးသွားခဲ့ချေပြီ။

ဤတစ်လအတွင်း ကျန်းချန်သည် တန်မိသားစု၏ ကပ်ဘေးဆေးလုံးအချို့နှင့် အတူ အခြားသော ကျင့်ကြံခြင်းအရင်းအမြစ်များကို စားသုံးခဲ့ပြီး အဆုံးသတ်တွင် နတ်ဘုရင်ဆဋ္ဌမအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။

နတ်ဘုရင် ဆဋ္ဌမအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ရှချင်းလီကဲ့သို့ ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကို မယှဥ်နိုင်သေးသော်လည်း အနည်းဆုံးတော့ အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားကို အသုံးမပြုဘဲ အစွမ်းထက်ပုဂ္ဂိုလ်များကို ယှဥ်ပြိုင်ရန် အခြေခံတစ်ခု ရှိသွားခဲ့ချေပြီ။

အခန်း(၂၃၉၁)ပြီး၏။

အခန်း(၂၃၉၂)

ကျန်းချန်က နတ်ဘုရင် ဆဋ္ဌမအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ရှချင်းလီဆီမှ ဘာသတင်းမှ မကြားရသေးပေ။

သူ့စိတ်ထဲတွင် သံသယအချို့ ရှိနေသော်လည်း ကျန်းချန်သည် မလောခဲ့ချေ။

ရှချင်းလီက သူ့ကို လျှို့ဝှက်ဆန်းကြယ်သည့် နေရာအား စူးစမ်းရန် ဖိတ်ခေါ်ခဲ့ကတည်းကပင် ထိုနေရာကို စူးစမ်းရန်အတွက် သူက အရေးပါသော ကဏ္ဍတွင် ရှိနေသည်ကို သက်သေပြရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

ရှချင်းလီက ကတိဖျက်မည် မဟုတ်မှန်း သူ့အနေဖြင့် မှန်းဆ၍ ရသည်။

အမှန်တကယ်လည်း ကျန်းချန် နတ်ဘုရင် ဆဋ္ဌမအဆင့်ကို ထိုးဖောက်ပြီး တတိယမြောက်နေ့တွင် ရှချင်းလီသည် ကျန်းချန် နေထိုင်သည့် ခြံဝင်းထဲကို ရောက်လာခဲ့၏။

ရှချင်းလီ ရောက်ရှိလာသည်ကို ခံစားမိသည်နှင့် ကျန်းချန်သည် ရှချင်းလီ၏ ရှေ့တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

ကျန်းချန် ပေါ်လာသည်ကို မြင်လျှင် ရှချင်းလီသည် အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

“မိတ်ဆွေလေး.. လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာက မကြာခင် ပွင့်တော့မယ်.. ငါတို့အခုပဲ ထွက်သွားကြရအောင်”

ကျန်းချန်က အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ကျွန်တော်တို့ နှစ်ယောက်တည်းလား”

“ဟုတ်တယ် ငါတို့ နှစ်ယောက်တည်းပဲ”

ရှချင်းလီက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

“အဲဒီနေရာမှာ လူများရင် အဓိပ္ပါယ်မရှိဘူး.. ပိုပြီးတော့တောင် ဒုက္ခများစေလိမ့်မယ်.. ငါတို့နှစ်ယောက်ပဲ သွားတာ အကောင်းဆုံးပဲ”

ကျန်းချန်က စကားများစွာ ပြောမနေတော့ဘဲ ပြုံး၍ ပြောလိုက်သည်။

“ဒါဆိုရင်လည်း ကျွန်တော်တို့ သွားကြရအောင်”

“မိတ်ဆွေလေးကျန်းချန်.. ငါ့ကိုပါ ခေါ်သွားပေးပါ.. မင်းဒီလိုထွက်သွားရင် ငါဘယ်လိုလုပ်ရမှာလဲ”

ထိုအချိန်မှာပင် တန်ကျွယ်ချန်သည် ကျန်းချန်၏ ရှေ့သို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။

“စိတ်မရှိပါနဲ့.. ငါမင်းကို ခေါ်မသွားနိုင်ဘူး”

ကျန်းချန်က တန်ကျွယ်ချန်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့.. မင်းကို ဘေးကင်းအောင် ထားမယ်လို့ ငါကတိပေးထားတဲ့ အတိုင်း တည်မှာပါ...မင်းအနေနဲ့ အင်မော်တယ်ကျင့်ကြံသူ မဟာမိတ်အဖွဲ့ထဲကနေ ထွက်ပြီး ကိုယ့်ဘာသာကိုယ် သွားနိုင်ပါပြီ”

ကျန်းချန်သည် ကိုယ့်အကျိုးအတွက်ပဲ ကြည့်သည့် ထိုအဘိုးအို အပေါ်တွင် အထင်ကြီးမှု သိပ်မရှိပေ။

သူ့ကို အချိန်မရွေး ပြန်ကိုက်နိုင်သည့် ဤကဲ့သို့ ကျေးဇူးကန်းသော လူမျိုးကိုလည်း အတူ ခေါ်မသွားချင်ခဲ့ချေ။

သို့သော်လည်း ယောကျာ်းကောင်း ဆိုသည်မှာ ကတိတည်ရပေမည်။

အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ထဲတွင် တန်ကျွယ်ချန်၏ ဘေးကင်းမှုကို အာမခံမည်ဟု သူပြောခဲ့ပြီးသားဖြစ်၍ သူက ကတိမဖျက်ပေ။

သို့ရာတွင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ထဲက ထွက်သွားပြီးလျှင်မူ သေသေရှင်ရှင် သူနှင့် မဆိုင်တော့ချေ။

တန်ကျွယ်ချန်၏ မျက်နှာက ရုတ်တရက် အလွန်ပင် အကျည်းတန်သွားခဲ့သည်။

သူက ကျန်းချန်တို့ နှစ်ယောက် ထွက်သွားသည်ကိုမြင်လျှင် ရှည်ရှည်ဝေးဝေး စဥ်းစားမနေဘဲ အလျင်အမြန်ပင် နောက်က လိုက်ပါသွားခဲ့၏။

ကျန်းချန်တို့၏ နောက်ကနေ လိုက်သွားမှသာ အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ထဲကနေ ထိခိုက်ဒဏ်ရာ မရရှိဘဲ ထွက်သွားနိုင်လိမ့်မည် မဟုတ်ပါလား။

သို့မဟုတ်လျှင် ကျန်းချန် ထွက်သွားသည်နှင့် ချင်းစန်းလဲ့က သူ့ကို အလွယ်တကူ အလွှတ်ပေးမည် မဟုတ်၍ အင်‌မော်တယ် ကျင့်ကြံသူ မဟာမိတ်အဖွဲ့ထဲကနေ အသက်ရှင်လျက်ထွက်သွားနိုင်မည် မဟုတ်ပေ။

“တန်ကျွယ်ချန်.. မင်း ငါတို့နောက်ကို ဆက်မလိုက်နဲ့တော့.. ကိုယ့်ဘာသာကိုယ် သွားလို့ရပြီ”

အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ထဲကနေ ထွက်လာပြီး မြောက်ဘက်အရပ်ရှိ မိုင်ရာချီ အထိ လျှောက်လာပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး တန်ကျွယ်ချန်ကို လှည့်၍ ပြောလိုက်သည်။

တန်ကျွယ်ချန်၏ မျက်နှာ အမူအရာက ပြောင်းလဲသွားခဲ့သည်။

“မိတ်ဆွေလေး ကျန်းချန် ငါက..”

သို့သော်လည်း တန်ကျွယ်ချန်၏ စကားမဆုံးခင်မှာပင် ရှချင်းလီသည် စကားကို ကြားဖြတ်ကာ အေးစက်စက် ပြောလိုက်၏။

“ထွက်သွားစမ်း.. မင်းအပိုစကားတွေ ထပ်ပြောနေမယ်ဆိုရင် ငါ့ကို မညှာတာဘူး ဆိုပြီး အပြစ်မတင်နဲ့”

ရှချင်းလီ၏ စကားကိုကြားလျှင် တန်ကျွယ်ချန်သည် ခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီးနောက်တွင် အခြားတစ်ဖက်သို့ အလျင်အမြန်ပင် ပြေးထွက်သွားခဲ့သည်။

ပေထောင်ချီ ကွာဝေးသည့် အကွာအဝေးကို ရောက်သောအခါတွင် တန်ကျွယ်ချန်သည် အနောက်ကို လှည့်ကြည့်လိုက်ပြီး ကျန်းချန်တို့ ထွက်သွားသည့်ဘက်သို့ ကြည့်လိုက်သည်။

သူ၏ မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ထင်ဟပ်နေခဲ့၏။

“ကျန်းချန် မင်းစောင့်နေလိုက်.. မင်းနဲ့ငါ ဒီမှာတင် မပြီးသေးဘူး”

ထိုနှစ်က ချင်းရွမ်ကို အကောက်ကြံ တိုက်ခိုက်ပြီးနောက်တွင် သူက အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့နှင့် ခပ်ဝေးဝေးတွင် နေထိုင်ခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် သူ့ကို အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ဆီ အတင်း ခေါ်လာခဲ့ပြီး ချင်းရွမ် တို့၏ မျက်စိအောက်ကို အရောက်ပို့ခဲ့၏။

ယခုအခါတွင် ကျန်းချန်က ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်၍ သူ့ကို ကန်ထုတ်လိုက်ရာ တန်ကျွယ်ချန် အနေဖြင့် မည်ကဲ့သို့ စိတ်မဆိုးဘဲ နေနိုင်ပါမည်နည်း။

သို့သော်လည်း တန်ကျွယ်ချန် ဒေါသထွက်နေစဥ်မှာပင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ ရှိသည့် အရပ်ကနေ ကပ်ဘေးနှောင်းပိုင်း အဆင့်၏ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် သူ့ဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။

ထိုအရှိန်အဝါ၏ ပိုင်ရှင်မှာ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ချင်းစန်းလဲ့ပင် ဖြစ်၏။

တန်ကျွယ်ချန်၏ မျက်နှာအမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီး ထာဝရသက်ရှည်တောင်တန်း၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ရှိသမျှအင်အားကို အကုန်အစင်သုံးကာ ပြေးထွက်သွားခဲ့သည်။

တန်ကျွယ်ချန်ကို ချင်းစန်းလဲ့က လိုက်လံ ဖမ်းဆီးနေချိန်တွင် ရှချင်းလီ၏ လမ်းပြမှုနှင့်အတူ ကျန်းချန်သည် ထာဝရသက်ရှည်တောင်တန်း၏ အနက်ရှိုင်းဆုံး နေရာတွင် ရှိသည့် ဆီးနှင်းများ ဖုံးလွှမ်းနေသော ရေခဲမြစ်တစ်ခု ဆီသို့ ရောက်ရှိလာခဲ့၏။

ဤနေရာတွင် ရှိသမျှ အရာအားလုံးသည် ရေခဲမြစ်အောက်တွင် ပိတ်မိနေပြီး ပတ်ဝန်းကျင်က တိတ်ဆိတ် ငြိမ်သက်နေကာ သက်ရှိ ဆို၍ မရှိဘဲ တစပြင်ကဲ့သို့ ဖြစ်နေခဲ့သည်။

ရေခဲမြစ်၏ တစ်ဖက်ခြမ်းတွင်မူ ကျယ်ပြောပြီး ခမ်းနားလှသည့် ကမ္ဘာကြီးတစ်ခု ရှိနေခဲ့၏။

အဆုံးမဲ့ နေရာလွတ်မုန်တိုင်းများသည် ရေခဲမြစ် တစ်ခုလုံးကို ပိတ်ဆို့ထား၏။

သာမန် နတ်ဘုရင်အဆင့် သို့မဟုတ် ကပ်ဘေးအဆင့် ကျင့်ကြံသူများ ပင်လျှင် ထိုအထဲသို့ ကျရောက်သွားလျှင် တစ်ခဏအတွင်း အပိုင်းပိုင်း စုတ်ပြတ်သွားလိမ့်မည် ဖြစ်သည်။

ကျန်းချန်က ရေခဲမြစ်၏ တစ်ဖက်ခြမ်းရှိ ကမ္ဘာကြီးကို အသေအချာ အကဲခတ်လိုက်သည်။

ထိုကမ္ဘာကြီးသည် တောက်ပသော နတ်အလင်းများနှင့် ဖုံးလွှမ်းနေပြီး ကောင်းကင်ယံတွင် ကြိုးကြာငှက်များ ကခုန်နေကာ စစ်မှန်သော နဂါးများက ဝဲပျံနေခဲ့သည်။

ထို့အပြင် ဆန်းကြယ်သော တောင်ထိပ်များ၊ မြစ်များ၊ နတ်တောင်တန်းများနှင့် အရာအားလုံးသည် တကယ့် အင်မော်တယ် နယ်မြေတစ်ခုလို ဖြစ်နေခဲ့သည်။

“စီနီယာ.. ဒါက စီနီယာပြောတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့နေရာလား”

ရေခဲမြစ်၏ တစ်ဖက်ခြမ်းမှ ကမ္ဘာကြီးကို ကြည့်ပြီး ကျန်းချန်က ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။

ရှချင်းလီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။

“ဟုတ်တယ် ဒါက အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ နေရာပဲ.. ငါတို့အင်မော်တယ် ကျင့်ကြံသူတွေကတော့ အဲဒီနေရာကို အင်မော်တယ် နယ်မြေလို့ ခေါ်ကြတယ်.. ဒဏ္ဍာရီထဲက အင်မော်တယ်ဖြစ်နိုင်တဲ့ အခွင့်အရေးရှိတဲ့ နေရာပေါ့”

{အင်မော်တယ်နယ်မြေ၊ အင်မော်တယ်ဖြစ်နိုင်တဲ့အခွင့်အရေး}

ဤသည်မှာ မည်သည့် ကျင့်ကြံသူအတွက် မဆို အသေအလဲ ဆွဲဆောင်နိုင်သည့်အရာ ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်က ကပ်ဘေး အထွတ်အထိပ်အဆင့်ကို ရောက်ရှိပြီး အင်မော်တယ်ကျင့်ကြံသူ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဖြစ်လာကတည်းကပင် ရှချင်းလီသည် ဤနေရာကို အကြိမ်ကြိမ် လာရောက်ခဲ့သော်လည်း အကြိမ်တိုင်းတွင် ဘာမှ မရဘဲ ပြန်သွားခဲ့ရသည်။

ဤတစ်ခေါက်တွင်မူ ပါရမီရှင် ကျန်းချန်နှင့် အတူ ဖြစ်၍ အရင် အကြိမ်တွေလိုမျိုး ထိုနေရာသို့ ဝင်ပြီး ဘာမှမရဘဲ အလျင်အမြန် ပြန်ထွက်လာရခြင်းမျိုး ဖြစ်မည်မဟုတ်ပေ။

ကျန်းချန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ဒီနေရာရဲ့ နေရာလွတ်မုန်တိုင်းက အရမ်း ပြင်းထန်တယ်.. ကျွန်တော်တို့ နှစ်ယောက်လုံး ဒီရေခဲမြစ်ကို အလွယ်တကူ မဖြတ်ကျော်နိုင်လောက်ဘူး ထင်တယ်”

“အင်‌မော်တယ်နယ်မြေက နှစ်ခြောက်ဆယ်မှာ တစ်ခါ ပွင့်လေ့ရှိတယ်.. အင်မော်တယ်နယ်မြေ ပွင့်လာတာနဲ့ ရေခဲမြစ်ပေါ်မှာ ရှိတဲ့ နေရာလွတ်မုန်တိုင်းက တစ်ခဏတော့ ပျောက်ကွယ်သွားလိမ့်မယ်.. မင်း အခုတွေ့နေရတဲ့ နေရာလွတ်မုန်တိုင်းက တကယ်တော့ အများကြီး အားနည်းသွားခဲ့တယ်"

"တကယ်လို့သာ အားအပြင်းဆုံး အချိန်ဆိုရင် ငါ့ရဲ့စွမ်းအားနဲ့တောင် အဲဒီ နေရာလွတ်မုန်တိုင်းနဲ့ ထိတွေ့မိရုံနဲ့တင် ချက်ချင်းအမှုန့် ဖြစ်သွားနိုင်တယ်.. အကြာဆုံးသုံးရက်.. အမြန်ဆုံး တစ်ရက် အတွင်း အင်မော်တယ်နယ်မြေက အပြည့်အဝ ပွင့်လာလိမ့်မယ်.. အဲဒီအချိန်ကျရင် ငါတို့နှစ်ယောက် အထဲကို ဝင်လို့ရပြီ”

ရှချင်းလီက ပြုံး၍ ရှင်းပြလိုက်သည်။

“အဲဒီလိုကိုး”

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

ရေခဲမြစ်၏ တစ်ဖက်ခြမ်းကို ကြည့်နေသော သူ၏ အကြည့်တွင် ပို၍ စိတ်ဝင်စားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် ရေခဲမြစ်ထဲမှ နေရာလွတ်မုန်တိုင်းသည် လုံးဝ မပျောက်ကွယ်သေးသောကြောင့် ကျန်းချန်တို့သည် အထဲကို အလွယ်တကူ မဝင်ရဲကြသေးဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ စောင့်ဆိုင်းနေခဲ့ကြသည်။

ဤကဲ့သို့ ဆက်ဆံရေးဖြင့်ပင် နေ့တစ်ဝက် ဟူသော အချိန်သည် မသိလိုက် မသိဘာသာဖြင့် ကုန်ဆုံးသွားခဲ့သည်။

ရုတ်တရက် မူလက တိတ်ဆိတ်နေသော တောင်တောင်ထဲတွင် လေတိုးသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

သိပ်မကြာခင်မှာ ကျန်းချန်တို့၏ မလှမ်းမကမ်းနေရာ၌ ပုံရိပ်တစ်ခုသည် လေထဲကနေ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

“အဘိုးကြီးရှ.. မင်းကို မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီ နေကောင်းတယ် မဟုတ်လား”

အခန်း(၂၃၉၂)ပြီး၏။

All Chapters