အခန်း (၂၃၉၃-၂၃၉၄)
Vol. 180 Ch. 2393-2394
အခန်း(၂၃၉၃)
ရုတ်တရက် ပေါ်လာသည့် အဘိုးအိုကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
ထိုအဘိုးအိုသည် ရိုးရှင်းသော မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ ရှိနေကာ အတော်လေး အသက်ကြီးပုံရ၏။
သူ့ထံတွင် ကြယ်ကောင်းကင်ယံနှင့် သမုဒ္ဒရာ ကဲ့သို့ နက်ရှိုင်းသော မျက်ဝန်းတစ်စုံ ရှိသည်။
ထိုအဘိုးအို၏ စွမ်းအားသည် အလွန်တရာ အားကောင်းပြီး ရှချင်းလီထက်ပင် အနည်းငယ်မျှ မနိမ့်ကျပေ။
သို့သော်လည်း ထိုအဘိုးအို၏ အရှိန်အဝါသည် ရှချင်းလီတို့လို အင်မော်တယ် ကျင့်ကြံသူများနှင့် မတူဘဲ ကွဲပြားနေခဲ့၏။
ဆန့်ကျင်ဘက် အနေဖြင့် ထိုအဘိုးအိုသည် ဝူကျန့်ထျန်း တို့လို နတ်ဘုရင် နဝမအဆင့်ရှိ သိုင်းပညာကျင့်ကြံသူနှင့် ပိုတူနေခဲ့သည်။
ထို့ကြောင့် သူ့ရှေ့မှ အဘိုးအိုသည် ထာဝရသက်ရှည်တောင်တန်းတွင် နေထိုင်သည့် သိုင်းပညာ ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်မှာ ထင်ရှား၏။
ရှချင်းလီက သူ့ရှေ့မှ အဘိုးအိုကို ကြည့်ကာ ပြောလိုက်သည်။
“လဲ့ချမ်းယွမ်.. မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့.. ငါက မင်းမလာတော့ဘူးလို့တောင် ထင်နေတာ.. မင်းနဲ့ငါက ဒီအဆင့်မှာပဲ ပိတ်မိနေတာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်နေပြီ.. တကယ်လို့ အခွင့်အလမ်း ကြီးကြီးမားမားသာမရှိဘူးဆိုရင် ငါတို့ တစ်သက်လုံး ဒီအဆင့်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး"
“ဒီနေရာက ငါတို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲလေ.. ငါက ဘယ်လိုလုပ်ပြီး မလာဘဲ နေနိုင်မှာလဲ”
လဲ့ချမ်းယွမ်က ခေါင်းခါရမ်းလိုက်ပြီး သက်ပြင်းတစ်ချက် ချကာ ပြောလိုက်သည်။
ထိုစကားကို ပြောပြီးသည်နှင့် သူ၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး သူ၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“အဘိုးကြီးရှ...ဒီကောင်လေးက မင်းတို့ အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့က ခရမ်းရောင်လျှပ်စီးဝိညာဥ် ခန္ဓာကိုယ်ပိုင်ရှင်လည်း မဟုတ်ပါလား”
ပြီးခဲ့သည့် တစ်ကြိမ်က သူတို့ လက်ဗလာနှင့် ပြန်လာခဲ့ရစဥ်တွင် ရှချင်းလီသည် ဤတစ်ခေါက်တွင် အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ ခရမ်းရောင်လျှပ်စီးဝိညာဥ် ခန္ဓာကိုယ်ပိုင်ရှင်ကို ခေါ်လာမည်ဟု ပြောဆိုခဲ့သည်။
သို့ဆိုလျှင် အဘယ်ကြောင့် ရုတ်တရက် ပြောင်းလဲသွားရပါသနည်း။
လဲ့ချမ်းယွမ်၏ စကားကိုကြားလျှင် ရှချင်းလီက ပြုံး၍ ပြောလိုက်သည်။
“ဒါက ညီနောင်ကျန်းချန်ပါ.. သူက မင်းတို့ သိုင်းပညာ ကျင့်ကြံခြင်း လောကကပဲ...သူက ပိုပြီးသင့်တော်မယ်ထင်လို့ ငါတို့နဲ့အတူတူ လိုက်ခဲ့ဖို့ ငါဖိတ်ခေါ်ခဲ့တာပဲ”
“ဒီလိုကိုး”
လဲ့ချမ်းယွမ်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ယှက်သန်းသွားခဲ့သည်။
“သိုင်းပညာ ကျင့်ကြံခြင်းလောကက လူတစ်ယောက်က ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်လာနိုင်တာ ဆိုတော့ ပြင်ပကမ္ဘာမှ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားပုံပဲ”
ရှချင်းလီက တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ပြင်ပကမ္ဘာက ကိစ္စတွေက ငါတို့အတွက် ဘာမှ အဓိပ္ပါယ်မရှိဘူး...ဒီတစ်ကြိမ် အထဲက အခွင့်အရေးကို ဘယ်လိုရအောင် ယူမလဲ ဆိုတာပဲ စဥ်းစားကြရအောင်”
ထိုစကားကိုကြားလျှင် လဲ့ချမ်းယွမ်သည် ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဒါကတော့ ညီနောင်ကျန်းချန် အနေနဲ့ နတ်ဆိုးသားရဲ ပါရမီရှင်ရဲ့ အဆင့်ကို ကျော်ဖြတ်နိုင်မလား ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်”
“စီနီယာရဲ့ စကားက ဘာကို ဆိုလိုတာလဲ”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာထက်၌ ဇဝေဇဝါအမူအရာ ဖြစ်ပေါ်လာခဲ့သည်။
“ရေခဲမြစ်ပေါ်က နေရာလွတ်မုန်တိုင်း ပျောက်ကွယ်သွားပြီးနောက်မှာ ငါတို့ ရင်ဆိုင်ရမှာက အင်မော်တယ်နယ်မြေမှာ ရှိတဲ့ ခက်ခဲတဲ့ စမ်းသပ်မှုတွေပဲ.. စမ်းသပ်မှုတွေကို ကျော်ဖြတ်နိုင်မှပဲ အင်မော်တယ်နယ်မြေကို အမှန်တကယ် ဝင်ခွင့်ရလိမ့်မယ်"
"စမ်းသပ်မှုတွေထဲမှာ ရင်ဆိုင်ရမဲ့ အတားအဆီးတစ်ခုက အင်မော်တယ်နယ်မြေမှာ နေထိုင်တဲ့ နတ်ဆိုးသားရဲ မျိုးနွယ်စုရဲ့ ပါရမီရှင်ပဲ.. ဒီနှစ်တွေ တစ်လျှောက်လုံး ငါတို့ အဲဒီနေရာကို ရောက်တိုင်း အရှုံးနဲ့ပဲ ပြန်လာခဲ့ရတယ်”
ထိုစကားကို ပြောပြီးနောက်တွင် လဲ့ချမ်းယွမ်သည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်သည်။
ကျန်းချန်က အံ့အားသင့်သွားခဲ့ပြီး မေးလိုက်သည်။
“အင်မော်တယ်နယ်မြေထဲမှာ နတ်ဆိုးသားရဲ မျိုးနွယ်စုတွေတောင် ရှိနေတယ်လား.. သူတို့က အရမ်းသန်မာလို့လား”
“သန်မာရုံတင် ဘယ်ကမလဲ.. သူတို့က အင်မော်တယ်တိုက်ပေါ်မှာ ရှိတဲ့ အင်မော်တယ်ကျင့်ကြံသူတွေနဲ့ သိုင်းပညာ ကျင့်ကြံသူတွေကိုတောင် အဆင့်တူအတွင်း ဆိုရင် အသာစီးကနေ ယှဥ်ပြိုင်နိုင်စွမ်းရှိတယ်"
"ဒါ့အပြင် သူတို့ရဲ့အဆင့်က ကပ်ဘေးအဆင့်နဲ့ နတ်ဘုရင်အဆင့်ကိုတောင် ကျော်လွန်နေခဲ့ပြီ.. တကယ်လို့ သူတို့သာ အင်မော်တယ်နယ်မြေကို စောင့်ကြပ်ဖို့ မဟုတ်ဘဲ အဲဒီနေရာကနေ ထွက်သွားနိုင်မယ်ဆိုရင် အင်မော်တယ်တိုက် ဒါမှမဟုတ် နတ်ဘုရားနယ်မြေ တစ်ခုလုံးတောင် သူတို့ကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး”
ရှချင်းလီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် မှင်တက်သွားခဲ့၏။
ကပ်ဘေးအဆင့်နှင့် နတ်ဘုရင်အဆင့်ထက် ကျော်လွန်သည်ဆိုလျှင် မဟာယာနအဆင့်နှင့် အုပ်စိုးသူအဆင့် တို့နှင့်ပင် နှိုင်းယှဥ်၍ ရနေပြီ မဟုတ်ပါလော။
သိထားရမည့်အချက်မှာ ရှေးခေတ်ကာလက မဟာကပ်ဘေးအပြီးတွင် နတ်ဘုရားနယ်မြေသည် နှစ်ပေါင်းများစွာ အတွင်း အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဟူ၍ လူသားဧကရာဇ်ကျန်းချင်းထျန်းတစ်ယောက်သာ ပေါ်ထွက်ခဲ့သည်။
ကျန်းချင်းထျန်း နောက်ပိုင်းတွင် နတ်ဘုရားနယ်မြေ၌ အုပ်စိုးသူအဆင့် ကျင့်ကြံသူ မရှိတော့ပေ။
အကယ်၍ အင်မော်တယ်နယ်မြေထဲတွင် နတ်ဆိုးသားရဲမျိုးနွယ်စုတွေသာ အမှန်တကယ် ရှိနေပြီး ထိုနေရာက ထွက်လာခဲ့မည် ဆိုလျှင် နတ်ဘုရားနယ်မြေတစ်ခုလုံး အတွက် ကပ်ဘေးတစ်ခုပင် ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ထပ်မံ မေးလိုက်သည်။
“နတ်ဆိုးသားရဲ မျိုးနွယ်စုရဲ့ပါရမီရှင်က ဘယ်လောက်အထိ အစွမ်းထက်လဲ”
“အစွမ်းအထက်ဆုံး ဆိုရင် ငါ့ထက်တောင် မနိမ့်လောက်ဘူးလို့ထင်တယ်.. ဒါပေမဲ့ ဒီအဆင့်ရဲ့စမ်းသပ်မှုက ပါရမီနဲ့အလားအလာကို အဓိကထားတာပဲ.. ကပ်ဘေးအဆင့်နဲ့နတ်ဘုရင်အဆင့်ကို ရောက်နေတဲ့ လူငယ်ပါရမီရှင်တွေဆိုရင် သူတို့ကို စိန်ခေါ်ဖို့ အရည်အချင်း ပြည့်မီပါတယ်.. ဒါ့အပြင် နတ်ဆိုးသားရဲ မျိုးနွယ်စုရဲ့ ပါရမီရှင်ကလည်း သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို စမ်းသပ်မှုခံယူမဲ့သူနဲ့ အဆင့်တူပဲ ထားမှာပါ”
ထိုစကားကိုပြောရင်း ရှချင်းလီသည် အလေးအနက် သတိပေးလိုက်သည်။
“ညီနောင်ကျန်းချန်.. မင်းက အရမ်း ပါရမီ ထူးချွန်ပေမဲ့လည်း သူတို့ကို လုံးဝ လျှော့မတွက်မိစေနဲ့.. အင်မော်တယ်နယ်မြေထဲက နတ်ဆိုးသားရဲမျိုးနွယ်စုတွေက ထာဝရသက်ရှည်တောင်တန်းနဲ့အတူ မွေးဖွားလာတာ ဖြစ်ဖို့များတယ်.. ဒါ့အပြင် ငါတို့ထက် ပိုမြင့်တဲ့ ကမ္ဘာကနေ ရောက်လာတာလည်း ဖြစ်နိုင်တယ်”
ရှချင်းလီ၏ စကားကိုကြားလျှင် ကျန်းချန်၏ အမူအရာသည် ပို၍ပင် လေးနက်သွားခဲ့သည်။
သိုင်းပညာ ကျင့်ကြံခြင်း လမ်းစဥ်ပေါ် စတင် လျှောက်လှမ်းကတည်းကပင် စနစ်ကပေးသည့် စွမ်းအားများကြောင့် ကျန်းချန်သည် အဆင့်တူအတွင်း အမြဲတစေ ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည်။
ယနေ့အထိပင် ကျန်းချန်သည် နတ်ဘုရားနယ်မြေတွင် အဆင့်တူ နတ်ဘုရင်များကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိ၏။
သို့သော်လည်း အင်မော်တယ်နယ်မြေမှ နတ်ဆိုးသားရဲ မျိုးနွယ်စုသည် ပိုမိုမြင့်မားသော ကမ္ဘာက ဖြစ်ဖို့ များသောကြောင့် အဆင့်တူ အတွင်း အမြဲတစေ ပြိုင်ဘက်ကင်းဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည့် ကျန်းချန်ပင်လျှင် ယခုအချိန်၌ ထိုနတ်ဆိုးသားရဲ မျိုးနွယ်စု၏ ပါရမီရှင်ကို အနိုင်ယူရန် အပြည့်အဝ မသေချာတော့ပေ။
မည်သို့ပင်ဆိုစေကာမူ အဆင့်မြင့်ကမ္ဘာမှ ပါရမီရှင်များနှင့် အဆင့်နိမ့်ကမ္ဘာမှ ပါရမီရှင်များသည် အဆင့်တူများ မဟုတ်ကြပေ။
ဥပမာအားဖြင့် ပြောရလျှင် နတ်ဘုရားနယ်မြေ၏ အဆင့်နိမ့်နယ်မြေ ဖြစ်သည့် ရှန်းဝူတိုက်တွင် ဆိုလျှင် ထိပ်တန်းပါရမီရှင်၏ အဆုံးသတ်သည် နတ်သန္ဓေအင်ပါယာအဆင့် ဖြစ်သည်။
သို့သော် နတ်ဘုရားနယ်မြေတွင်မူ သာမန် ပါရမီရှင်အချို့ပင် ပကတိ နတ်ဘုရား အဆင့်နှင့် ကောင်းကင်နတ်ဘုရား အဆင့်ကို အလွယ်တကူ ထိုးဖောက်နိုင်ကြ၏။
ယင်းကြောင့် ကျန်းချန်သည် အဆင့်နိမ့်ကမ္ဘာနှင့် အထက်ကမ္ဘာကြားမှ ကွာဟချက်ကို ကောင်းစွာ သိထားခဲ့သည်။
အကယ်၍ အင်မော်တယ်နယ်မြေမှ နတ်ဆိုးသားရဲ မျိုးနွယ်စုသည် နတ်ဘုရားနယ်မြေထက် ပိုမို အဆင့်မြင့်မားသော ကမ္ဘာကနေ လာခြင်းက အမှန်ဆိုလျှင် ယင်းသည် သေချာပေါက် ကိုင်တွယ်ရခက်သော ဖြစ်တည်မှုပင်။
သို့သော်လည်း ကျန်းချန်သည် သူ့ကိုယ်သူ လုံးဝ ယုံကြည်မှုမရှိသည်တော့ မဟုတ်ပေ။
အကြောင်းရင်းမှာ သူ့ကျင့်ကြံထားသော အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်သည် နတ်ဘုရားနယ်မြေ၏ သိုင်းပညာအဆင့်ကို ကျော်လွန်နေသည့် အင်မော်တယ် ကျင့်စဥ်တစ်ခု ဖြစ်သောကြောင့်ပင်။
ရှင်းလင်းစွာဆိုရလျှင် အင်မော်တယ်နယ်မြေမှ နတ်ဆိုးသားရဲမျိုးနွယ်စုသည် ပိုမို အဆင့်မြင့်မားသော ကမ္ဘာကနေ လာခဲ့လျှင်ပင် သူ့အနေဖြင့် အဆင့်တူအတွင်း တိုက်ခိုက်နိုင်သည့် စွမ်းအားမျိုး ရှိနေခဲ့၏။
“ညီနောင်ကျန်းချန် အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့.. မင်းရဲ့ ပါရမီနဲ့ စွမ်းအားအရ ဆိုရင် နတ်ဆိုးသားရဲ မျိုးနွယ်စုရဲ့ပါရမီရှင်ကို ရင်ဆိုင်ရရင်တောင် အနိုင်ရဖို့ အခွင့်အလမ်း ရှိလောက်ပါတယ်”
ကျန်းချန်၏ စိတ်ထဲမှ အတွေးများကို ခန့်မှန်းမိနေသည့် ရှချင်းလီက ပြုံး၍ ပြောလိုက်သည်။
ကျန်းချန်၏ ပါရမီနှင့် ခွန်အားသည် ရှချင်းလီ ကြုံတွေ့ဖူးသမျှထဲတွင် အကောင်းဆုံးဟုပင် ဆို၍ ရ၏။
အကယ်၍ ကျန်းချန်သည်ပင် ထိုအဆင့်ကို မကျော်ဖြတ်နိုင်လျှင် သူတို့ တစ်သက်တာလုံး အင်မော်တယ်နယ်မြေထဲကို ဝင်ရန် မျှော်လင့်ချက် မရှိနိုင်တော့ပေ။
ကျန်းချန်တို့ သုံးယောက် စကားပြောဆိုနေစဥ်မှာပင် သူတို့ရှေ့ရှိ ရေခဲမြစ်ကနေ ဆန်းကြယ်သော နေရာလွတ်လှိုင်းနှုန်း လှုပ်ခတ်မှု တစ်ခု ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
သိပ်မကြာခင်မှာပင် ရေခဲမြစ်ကို ဖုံးလွှမ်းထားသည့် နေရာလွတ် မုန်တိုင်းများသည် ဆန်းကြယ်သော အရှိန်အဟုန်နှင့်အတူ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်အတွင်း ရေခဲမြစ်ပေါ်ရှိ နေရာလွတ် မုန်တိုင်းများသည် လုံးဝကို အစအနပင် မကျန်သည် အထိ ပျောက်ကွယ်သွားခဲ့၏။
ရှချင်းလီက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“အင်မော်တယ်နယ်မြေ ပွင့်သွားပြီ.. ငါတို့သွားကြစို့”
ထိုစကားကို ပြောပြီးသည်နှင့် ရှချင်းလီသည် ရှေ့ကနေ ဦးဆောင်ပြီး ရေခဲမြစ်ဆီကို ပျံသန်းသွားခဲ့သည်။
ကျန်းချန်နှင့် လဲ့ချမ်းယွမ် တို့သည်လည်း တုံ့ဆိုင်းမနေဘဲ နောက်ကနေ လိုက်ပါသွားခဲ့ကြ၏။
အခန်း(၂၃၉၃)ပြီး၏။
အခန်း(၂၃၉၄)
ရေခဲမြစ်ကို ဖြတ်ကျော်ပြီးနောက်တွင် ကျန်းချန်တို့ သုံးယောက်သည် အချိန်နှင့် နေရာလွတ်ကို ဖြတ်ကျော်လာသလို ခံစားခဲ့ရပြီး လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာ တစ်ခုထဲကို ရောက်ရှိလာခဲ့သည်။
ကောင်းကင်ယံကို ဖြတ်သန်း၍ သွယ်တန်းထားသည့် မီတာတစ်ရာ အကျယ် ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် ပျဥ်ပြားလမ်းတစ်ခုသည် သူတို့ ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုရှည်လျားသော ပျဥ်ပြားလမ်းသည် မည်သည့် အထောက်အပံ့မှ မရှိဘဲ လေထဲတွင် တည်ငြိမ်စွာ တွဲလောင်း တည်တံ့နေခဲ့သည်။
ပျဥ်ပြားလမ်း၏ ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ရာကောင်းသော လေပြင်းများနှင့် လျှပ်စီးစွမ်းအားများဖြင့် ပြည့်နှက်နေခဲ့၏။
ကျန်းချန်၏ လက်ရှိ စွမ်းအားဖြင့်ပင် ထိုလေပြင်းနှင့် လျှပ်စီးစွမ်းအားများဆီကနေ အလွန်အမင်း အန္တရာယ်ရှိသော အရှိန်အဝါကို ခံစားနေရသည်။
ဤပျဥ်ပြားလမ်း၏ ပတ်ဝန်းကျင်သည် ရေခဲမြစ်ပေါ်တွင် ရှိသည့် နေရာလွတ်မုန်တိုင်းထက်ပင် ပို၍ အန္တရာယ်များသည်မှာ ထင်ရှားနေခဲ့၏။
သူတို့အနေဖြင့် တစ်ဖက်ကို သွားဖို့ ဆိုလျှင် ထိုပျဥ်ပြားလမ်းကနေ ဖြတ်သွားဖို့က လွဲပြီး တခြား ရွေးချယ်စရာမရှိပေ။
ကျန်းချန် ရေခဲမြစ် အပြင်ဘက်ကနေ မြင်ခဲ့ရသည့် အင်မော်တယ်နယ်မြေသည် ပျဥ်ပြားလမ်း၏ အဆုံးတွင် တည်ရှိနေပုံရသည်။
သို့ရာတွင် ပျဥ်ပြားလမ်းက အလွန်အမင်း ငြိမ်သက်နေပြီး မည်သည့် အန္တရာယ်မှမရှိဟု ထင်ရသော်လည်း ရှချင်းလီ၏ လေးနက်သော အမူအရာအရ အပေါ်ယံ မြင်ရသလောက် မရိုးရှင်းသည်မှာ သိသာနေခဲ့သည်။
“ညီနောင်ကျန်းချန်.. ဒီပျဥ်ပြားလမ်းက အင်မော်တယ်နယ်မြေဆီကို သွားတဲ့ စမ်းသပ်လမ်းပဲ.. ငါတို့ ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကတော့ ဒီလမ်းကို ဘုံကိုးဆင့်နတ်လမ်းလို့ အမည်ပေးထားတယ်”
ရှချင်းလီက သူ့ရှေ့မှ ပျဥ်ပြားလမ်းကို ကြည့်ကာ ကျန်းချန်ကို အလေးအနက် ရှင်းပြလိုက်သည်။
ကျန်းချန်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။
“ဘုံကိုးဆင့်နတ်လမ်းလို့ ဘာလို့ခေါ်တာလဲ”
“ဘာလို့ အဲဒီလို ခေါ်တာလဲဆိုတော့ မတူညီတဲ့ စမ်းသပ်မှုကိုးခုကို ကိုယ်စားပြုလို့ပဲ.. ဘုံကိုးဆင့်နတ်လမ်းရဲ့ စမ်းသပ်မှုကိုးခုကို ကျော်ဖြတ်ပြီးမှပဲ အင်မော်တယ်နယ်မြေထဲကို ဝင်ခွင့်ရလိမ့်မယ်...ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ငါတို့တွေ ဘုံကိုးဆင့်နတ်လမ်းကို အကြိမ်ပေါင်း ဘယ်လောက်တောင် ဖြတ်ကျော်ဖို့ ကြိုးစားခဲ့လဲ မသိတော့ဘူး.. ပထမရှစ်ဆင့်က ငါတို့အတွက် အသားကျနေပါပြီ.. မင်းအနေနဲ့ နောက်ဆုံးအဆင့်မှာရှိတဲ့ နတ်ဆိုးသားရဲ ပါရမီရှင်ကို ရင်ဆိုင်ဖို့ အတွက်ပဲ အသင့်ပြင်ထားဖို့ လိုတယ်”
လဲ့ချမ်းယွမ်က ဖြည့်စွက်၍ ပြောဆိုလိုက်သည်။
“ကောင်းပြီ”
ကျန်းချန်က ခေါင်းညိတ်လိုက်၏။
ထိုနှစ်ယောက်၏ စီစဥ်မှုအပေါ်တွင် ကျန်းချန်သည် ကန့်ကွက်စရာ ဘာမှမရှိပေ။
အင်မော်တယ်နယ်မြေထဲမှ နတ်ဆိုးသားရဲ ပါရမီရှင်သည် မည်မျှ အစွမ်းထက်မှန်း ကျန်းချန် မသိသေးချေ။
ရှချင်းလီနှင့် လဲ့ချမ်းယွမ် တို့က ပထမရှစ်ဆင့်ကို ကိုင်တွယ်နိုင်သည် ဖြစ်ရာ နဝမအဆင့်ကို ရင်ဆိုင်ဖို့အတွက် သူ၏ ခွန်အားကို ချွေတာထားခြင်းသည် အကောင်းဆုံးသော နည်းလမ်းပင် မဟုတ်ပါလော။
“သွားကြစို့”
ပြောပြောဆိုဆိုဖြင့် ရှချင်းလီသည် ဘုံကိုးဆင့်နတ်လမ်းပေါ်သို့ ခုန်တက်လိုက်သည်။
သူတို့သုံးယောက်က ဘုံကိုးဆင့်နတ်လမ်း တစ်လျောက် မိုင်ရာချီ လျှောက်လာပြီးနောက်တွင် ဘုံကိုးဆင့်နတ်လမ်းပေါ်၌ လှံတစ်လက်ကို ကိုင်စွဲကာ ဝင့်ကြွားစွာ မတ်တတ်ရပ်နေသည့် ရွှေရောင်ပုံရိပ်ယောင် တစ်ခုသည် သူတို့၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
ထိုရွှေရောင်ပုံရိပ်ယောင်သည် ရွှေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ရွှေရောင်သံခမောက်ကို ဆောင်းထား၏။
၎င်းက ကောင်းကင်ဂိတ်တံခါးကို စောင့်ကြပ်နေသည့် နတ်စစ်သည် တစ်ယောက်ကဲ့သို့ပင် ကြောက်မက်ဖွယ် အစွမ်းထက် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။
“အဘိုးကြီးရှ.. အရင်စည်းမျဥ်းအတိုင်းပဲ...တစ်ယောက်တစ်ဆင့် တာဝန်ယူကြတာပေါ့.. ငါအရင်စလိုက်မယ်”
စကားဆုံးသည်နှင့် လဲ့ချမ်းယွမ်၏ လက်ထဲတွင် ခရမ်းရောင်လျှပ်စီးဓားတစ်လက် ပေါ်လာခဲ့သည်။
လဲ့ချမ်းယွမ်က ချက်ချင်းဆိုသလိုပင် လူနှင့်ဓားတစ်သားတည်း ပေါင်းစပ်ကာ ကြောက်မက်ဖွယ် ဓားချက်ကို ထုတ်ဖော်၍ ရွှေရောင်ပုံရိပ်ယောင်ကို ခုတ်ပိုင်းလိုက်၏။
ထိုဓားချက်သည် အမြင့်မြတ်ဆုံး ကန့်သတ်စွမ်းအားဖြင့် ဖိနှိပ်ထားသည့် ထာဝရသက်ရှည်တောင်တန်းထဲမှာပင် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။
ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်သည် လဲ့ချမ်းယွမ်၏ ဓားချက်ဆီမှ အန္တရာယ်ကို ပင်ကိုဗီဇအရ ခံစားမိခဲ့ပြီး လက်ထဲရှိ လှံဖြင့် အလျင်အမြန် ခုခံလိုက်သည်။
သို့ရာတွင် ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်က အားမနည်းသော်လည်း နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ်တွင် ရှိသည့် လဲ့ချမ်းယွမ်ကို ရင်ဆိုင်ရန် မလုံလောက်သေးပေ။
တစ်ခဏအတွင်းမှာပင် ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်သည် လဲ့ချမ်းယွမ်၏ ဓားချက်အောက်တွင် အစအနပင် မကျန်ရှိသည် အထိ ပျက်စီးသွားခဲ့သည်။
ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်ကို ဓားချက်တစ်ချက်တည်းဖြင့် ဖြေရှင်းပြီးနောက်တွင် ကျန်းချန် တို့သည် ဘုံကိုးဆင့်နတ်လမ်းတစ်လျှောက် မိုင်တစ်ရာခန့် ဆက်လက်လျှောက်လာခဲ့ရာ ဒုတိယမြောက် ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်နှင့် မကြာခင်မှာပင် တွေ့ဆုံခဲ့ကြသည်။
ဤရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်သည် ပထမအဆင့်တွင် တွေ့ရသော ပုံရိပ်ယောင်ထက် ပို၍ အစွမ်းထက်၏။
သို့သော်လည်း ရှချင်းလီ၏ အစွမ်းကုန် တိုက်ခိုက်ခိုက်မှုအောက်တွင် ၎င်းသည် ဖျက်ဆီးခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့သည်။
ဤသို့ဖြင့် တတိယအဆင့်၊ စတုတ္ထအဆင့်၊ ပဉ္စမအဆင့်များကို လဲ့ချမ်းယွမ်နှင့် ရှချင်းလီ တို့သည် တစ်လှည့်စီ တိုက်ခိုက်ခဲ့ကြပြီး အကြိမ်တိုင်းတွင် သူတို့၏ စွမ်းအားများကို အစွမ်းကုန် အသုံးပြုကာ ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်များကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။
သို့သော်လည်း ဘုံကိုးဆင့်နတ်လမ်းပေါ်မှ ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်များသည် တစ်ယောက်ထက် တစ်ယောက် ပို၍ အစွမ်းထက်လာခဲ့၏။
အထူးသဖြင့် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့်မှ ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်များ ဆိုလျှင် လဲ့ချမ်းယွမ်နှင့် ရှချင်းလီ တို့သည်ပင် ၎င်းတို့ကို သတ်ဖြတ်ရန် အတွက် အတော်လေး အားထုတ်ခဲ့ရသည်။
သူတို့ နှစ်ယောက်၏ အရှိန်အဝါသည် အတော်လေး အားနည်းသွားခဲ့ပြီး မျက်နှာတွင်ပင် ဖြူဖျော့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည် အထိပင်။
“စီနီယာနှစ်ယောက်.. ကျွန်တော်တို့ ခဏလောက် အနားယူသင့်တယ် ထင်တယ်”
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် အလျင်အမြန်ပင် ပြောလိုက်သည်။
သတ္တမအဆင့်နဲ့ အဋ္ဌမအဆင့်တွင်ရှိသည့် ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်များသည် ယခင် ပုံရိပ်ယောင်များထက် ပို၍ အစွမ်းထက်မည်မှာ သေချာသည်။
လဲ့ချမ်းယွမ်နှင့် ရှချင်းလီ တို့၏ လက်ရှိ အခြေအနေဖြင့် နောက်ထပ် အဆင့်နှစ်ဆင့်ကို ကိုင်တွယ်ရန်မှာ ဥာဏ်ရှိသော ရွေးချယ်မှု မဟုတ်ပေ။
“ဘုံကိုးဆင့်နတ်လမ်းပေါ်မှာ နားလို့မရဘူး...ဘာလို့လဲဆိုတော့ ငါတို့ရဲ့ အနိုင်ယူခံလိုက်ရတဲ့ ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်တွေက တစ်ခဏပဲ ပျောက်ကွယ်သွားမှာမို့လို့ပဲ.. မကြာခင်မှာ သူတို့တွေ ပြန်ပြီး စုစည်းလာလိမ့်မယ်.. ဒါကြောင့် ငါတို့တွေ နားနေမယ်ဆိုရင် ပိုပြီးတော့တောင် ဒုက္ခများသွားနိုင်တယ်.. ကဲ ငါတို့ သတ္တမအဆင့်ကို ဆက်သွားရအောင်”
ထိုစကားကို ပြောပြီးသည်နှင့် လဲ့ချမ်းယွမ်သည် ရှေ့ကနေ ဦးဆောင်ပြီး ဆက်လျှောက်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် ကျန်းချန်တို့သည် သတ္တမအဆင့်မှ ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်နှင့် တွေ့ဆုံခဲ့၏။
လဲ့ချမ်းယွမ်က လုံးဝ တုံ့ဆိုင်းမနေဘဲ ဆန်းကြယ်သောလက်ဟန်များကို ပြုလုပ်လိုက်ရာ သူ၏ မျက်နှာသည် တစ်ခဏအတွင်း ပို၍ ဖြူဖျော့သွားခဲ့သည်။
သို့သော်လည်း ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါကမူ ယခင်ထက်ပို၍ အားကောင်းလာခဲ့၏။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းစနစ်ပါလား”
လဲ့ချမ်းယွမ်သည် သူ၏ သွေးအဆီအနှစ်ကို လောင်ကျွမ်းစေခဲ့ပြီး သူ၏ ကိုယ်ပိုင်စွမ်းအားထက် များစွာ သာလွန်သည့် တိုက်ကွက် တစ်ခုကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
ထိုတိုက်ကွက်ကို တစ်ခါသုံးပြီးလျှင် လဲ့ချမ်းယွမ် အနေဖြင့် ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်အတွင်း သူ၏ အထွတ်အထိပ်အခြေအနေကို ပြန်လည် ရောက်ရှိရန် ခက်ခဲလိမ့်မည် ဖြစ်၏။
ဤအဘိုးအိုသည် အင်မော်တယ်နယ်မြေ အတွက် သိသိသာသာပင် အသက်နှင့်ရင်းပြီး ကြိုးစားနေခြင်း ဆိုလည်းမမှားပေ။
“ဝုန်း..”
လဲ့ချမ်းယွမ်က သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်ရာ လက်ထဲရှိ လျှပ်စီးဓားသည်ပင် အနီရောင်သန်းသွားခဲ့သည်။
ဤတစ်ခေါက် ဓားချက်သည် ယခင်က ဓားချက်များထက် အဆပေါင်း များစွာ ပို၍ အစွမ်းထက်နေခဲ့၏။
မျက်နှာချင်းဆိုင်မှ နတ်ဘုရင် နဝမအဆင့်နှင့် နှိုင်းယှဥ်၍ ရသည့် ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်ပင်လျှင် မည်သို့မှ ခုခံနိုင်စွမ်း မရှိဘဲ ထိုဓားချက်အောက်၌ ပေါက်ကွဲသွားခဲ့ရသည်။
လဲ့ချမ်းယွမ်သည် ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်ကို ဓားချက် တစ်ချက်တည်းဖြင့် ချေမှုန်းလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် အရှိန်အဝါ အလွန်အမင်း အားနည်းသွားခဲ့ပြီး ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရသည်။
“အချိန်ဖြုန်းလို့မဖြစ်ဘူး.. အဋ္ဌမအဆင့်ကို ဆက်သွားကြစို့”
လဲ့ချမ်းယွမ်က ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီး ကျန်းချန်ကို နှစ်ယောက်ကို အလျင်အမြန် ပြောလိုက်သည်။
ရှချင်းလီက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ရှေ့ကနေ ဦးဆောင်၍ သွားခဲ့သည်။
အလွန် လျင်မြန်စွာပင် အဋ္ဌမအဆင့်မှ ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်သည် သူတို့ သုံးဦး ရှေ့တွင် ပေါ်လာခဲ့သည်။
ရှချင်းလီသည်လည်း တွေဝေမနေဘဲ လျှို့ဝှက်နည်းစနစ် တစ်ခုဖြင့် သူ၏ စွမ်းအားကို မြှင့်တင်လိုက်၏။
ထို့နောက်တွင် လက်ဟန် တချို့ကို ပြုလုပ်လိုက်ရာ ကောင်းကင်ယံ၌ ဧရာမ လက်ညှိုးတစ်ချောင်း ထွက်ပေါ်လာခဲ့ပြီး ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်ကို ဖိချေလိုက်သည်။
ထိုလက်ညှိုးက ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် ပုံရိပ်ယောင်ကို ဖိချေလိုက်ပြီးသည့်နောက်တွင် ရှချင်းလီ၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် သွေးမရှိသကဲ့သို့ ဖြူရော်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး မြေပြင်ပေါ်သို့ ယိုင်လဲကျမတတ်ဖြစ်သွားခဲ့သည်။
“ညီနောင်ကျန်းချန်.. ငါ့ကို နောက်ဆုံးအဆင့်ဆီ ကူညီပြီး တွဲပေးပါဦး.. နောက်ဆုံးအဆင့်ကိုတော့ မင်းအပေါ်မှာပဲ ပုံအပ်လိုက်တော့မယ်”
ရှချင်းလီက အားမရှိသောလေသံဖြင့် ကျန်းချန်ကို ပြောလိုက်သည်။
အစောပိုင်းက တိုက်ကွက်ကြောင့် ရှချင်းလီသည် လဲ့ချမ်းယွမ်ထက်ပင် ပို၍ ကြီးမားသော အဖိုးအခကို ပေးဆပ်လိုက်ရသည်မှာ ထင်ရှားနေခဲ့၏။
“ကောင်းပြီ”
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ရှချင်းလီကို တွဲကာ ဘုံကိုးဆင့်နတ်လမ်း၏ အရှေ့ဘက်ဆီသို့ ခေါ်သွားခဲ့သည်။
အခန်း(၂၃၉၄)ပြီး၏။