← Chapters

အန္တရာယ်နှင့် ရင်ဆိုင်ခြင်း

Vol. 9 Ch. 825

အန္တရာယ်နှင့် ရင်ဆိုင်ခြင်း

Vol. 9 Ch. 825

ကောင်းကင်လေသင်္ဘောက လေကိုခွင်း၍ တရိပ်ရိပ်သွားနေစဥ် သခင်မလေးဟုန်ချိန်သည် ခံစားချက်များ ရောထွေးနေသည့်မျက်ဝန်းများနှင့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။ စောစောက သူ ထုတ်ဖော်ခဲ့သည့် အတိုက်အခိုက်စွမ်းရည်နှင့် သိုင်းကွက်များကို ပြန်တွေးနေသည့်အတွက် သူမ၏ မျက်လုံးများထဲတွင် ဒွိဟဖြစ်နေသော ခံစားချက်အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

နောက်ဆုံးတွင် သူမက ဘာမှမပြောရန် ဆုံးဖြတ်လိုက်ပြီး ထိုအစား မျက်လုံးများကို မှိတ်လိုက်ကာ တတ်နိုင်သမျှ မြန်မြန် ပြန်လည်သက်သာလာရန် အာရုံစိုက်လိုက်သည်။ သူမမှာ ပြင်းထန်သော ဒဏ်ရာများ ရခဲ့သည့်အတွက် နဂိုအတိုင်းြပန်ဖြစ်ရန်မှာ ကြန့်ကြာလိမ့်မည်။ ယခု သူမက ဒဏ်ရာများကို ယာယီ ဖိနှိပ်ထားနိုင်သော်လည်း အချိန်ကြာလာလျှင် ခန္ဓာကိုယ်ကို ထိခိုက်လာလိမ့်မည်။

သူမက ခါးသီးနာကျည်းစွာ သက်ပြင်းချနေစဥ် ပိုင်ရှောင်ချန်းက ကောင်းကင်လေသင်္ဘောကို ပဲ့ကိုင်ရာတွင် အာရုံစိုက်ထား၏။ တစ်နေရာတွင် သူက လဲ့ရှန်ရှိရာအရပ်သို့ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် အံသြတုန်လှုပ်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါလှိုင်းများ ပျံနှံ့လာသဖြင့် ကောင်းကင်လေသင်္ဘောနောက်ရှိ အရာအားလုံးမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။

အနောက်ရှိ ကီလိုမီတာများစွာ ကွာဝေးသောနေရာ၌ ထာဝရပြုစားခြင်းသိုင်း ပျက်စီးသွားသောကြောင့် ကျောက်တောင်ကြီး ပေါက်ကွဲသွားပြီး အရပ်မြင့်မြင့် ထွားကြိုင်းသော ပုံရိပ်တစ်ခု ပေါ်လာ၏။

ယင်းကား လဲ့ရှန်က လွဲ၍ တခြားမဟုတ်ပေ။

သူ၏မျက်နှာပေါ်တွင် မည်သည့် အရိပ်အယောင်ကိုမှ မမြင်ရသော်လည်း ပြင်းထန်သော ဒဏ်ရာရထားမှန်း သိသာသည်။ သူ့တစ်ကိုယ်လုံး၌ စုတ်ပြဲနေသော အပေါက်များကို မြင်ရပြီး တချို့က တိုးလျှိုပေါက် ဖြစ်နေလေသည်။ ဤတစ်ကြိမ်တွင် ဒဏ်ရာများက အလိုအလျောက် သက်သာလာပါသော်လည်း သူ့မျက်လုံးများထဲရှိ အနက်ရောင်အလင်းများ ပျောက်ကွယ်လာသည်။ သို့သော် သူက ရပ်နားခြင်းမရှိဘဲ ပျံသန်းလျက် နောက်မှ လိုက်ပါလာသည်။

" မဖြစ်နိုင်ဘူး "

သခင်မလေးဟုန်ချိန်မှာ တအံ့တဩဖြစ်ကာ နှုတ်မှလွှတ်ခနဲ ထွက်သွား၏။

" နင်က ငါ့ထက်တောင် ပိုပြီး အဲဒီအလောင်းကို ဒဏ်ရာရအောင်လုပ်ခဲ့တာလေ။ ငါတို့နောက်ကို ဘယ်လိုလုပ် ဆက်လိုက်နိုင်သေးတာတုံး "

ပိုင်ရှောင်ချန်းက ဘာမှပြန်မပြောသော်လည်း သူ၏မျက်နှာ ပို၍ တင်းမာခက်ထန်လာ၏။ စိတ်ထဲတွင် ထိုမေးခွန်းအတွက် အဖြေကို သူ သိထားပြီး ဖြစ်သည်။ ၎င်းက ကုန်းစွန်းဝမ်အာနှင့် သက်ဆိုင်နေလိမ့်မည်။ အသေးစိတ်အတိအကျကို သူ မသိပါသော်လည်း ထိုသည်က အကြောင်းရင်း ဖြစ်မည်ဟု ယုံကြည်နေသည်။

" ကုန်းစွန်းဝမ်အာက အခုထိ မလွတ်လောက်သေးဘူးလို့ မျှော်လင့်ရတာပဲ "

သို့သော် သူ သေချာမပြောနိုင်ပေ။ စိုးရိမ်ကြောင့်ကြမှုများကြောင့် သူ့မျက်လုံးများ နီရဲနေပြီး ကောင်းကင်လေသင်္ဘော၏ပဲ့ကို သူ လွှတ်လိုက်ရာ တဖြည်းဖြည်း ရပ်သွားတော့သည်။ ထို့နောက် သူက သင်္ဘောပဲ့ပိုင်းတွင် ရပ်ကာ မီတာရာပေါင်းများစွာ အကွာအဝေးမှ သူတို့ဆီသို့ နီးကပ်လာနေသော လဲ့ရှန်ကို လှမ်းကြည့်လိုက်သည်။

" ငါ သူ့ကို မသတ်ရင် "သူက တွေးသည်။

" ထွက်ပြေးရ ခက်လိမ့်မယ်။ ဒီလိုမျိုး ငါတို့နောက်ကို ဆက်လိုက်လာရင် ငါတို့အတွက် ပိုပြီး အန္တရာယ်များလာလိမ့်မယ် "

သူ၏အငွေ့အသက်ကို တည်ငြိမ်စေလိုက်ရင်း သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ့မျက်လုံးများ တလက်လက်တောက်ပလာပြီး သူက သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ဆင့်ခေါ်လိုက်ကာ တစ်ဆက်တည်းမှာပင် စိတ်ထဲရေရွတ်လိုက်၏။

" ရွှယ်ကျဲ "

အရပ်မျက်နှာတစ်ခွင်တွင် မြူများ တလိပ်လိပ်တက်လာကာ ကောင်းကင်လေသင်္ဘောကို ဖုံးလွှမ်းသွားပြီး ကီလိုမီတာ ၅၀၀ အကျယ်အထိ ပျံ နှံ့သွား၏။

တချိန်တည်းမှာပင် လေသင်္ဘော ရပ်သွားသောကြောင့် လဲ့ရှန်သည် ထိုကီလိုမီတာ ၅၀၀ အတွင်း ဝင်ရောက်လာကာ မြူကမ္ဘာထဲသို့ ရောက်ရှိသွားတော့သည်။

သူဝင်ရောက်လာသည်နှင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် ဖျတ်ခနဲလက်သွား၏။ သူက သူ့လက်များကို ချလိုက်ရင်း စိတ်ထဲမှ နောက်ထပ်စကားတစ်ခွန်း ရေရွတ်လိုက်သည်။

" ကော်တု "

ရွှယ်ကျဲကော်တု

ကျင့်စဥ်အပြည့်ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် ကီလိုမီတာ ၅၀၀ တစ်ခုလုံးက ဧရာမ ရေအိုင်ကြီး ဖြစ်သွားတော့သည်။ တချိန်တည်းမှာပင် ခပ်လှမ်းလှမ်းမှ ပဲ့တင်လာဟန်တူေသာ ကြားလိုက်ရသည့် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည့် သားရဲကောင် တစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

လဲ့ရှန်က တုန့်ခနဲ ရပ်လိုက်ပြီး သူ့မျက်လုံးများတွင် အနက်ရောင်အလင်းများ တောက်ပလာကာ နောက်ဆုတ်ရန် ပြင်လိုက်သည်။ သို့သော် သူ နောက်သို့ မဆုတ်ခွာနိုင်ခင်မှာပင် သားရဲကြီး၏ ဟိန်းဟောက်သံက ပို၍ ကျယ်လောင်လာပြီး ဧရာမတောင်ထိပ်ကြီးများကဲ့သို့ ဆူးချွန်ကြီးများ ကီလိုမီတာ ၅၀၀ အကျယ်အဝန်းအတွင်းမှ ထိုးထွက်လာ၏။

ဆူးချွန်တစ်ခုစီတိုင်းတွင် ကောင်းကင်တစ်ခွင် ထစ်ခြုန်းမြည်ဟည်းသံများ ပြည့်နှက်သွားစေကာ တောင်တန်းများ ပြိုလဲ၍ ပင်လယ်တို့ ခမ်းခြောက်သွားစေနိုင်သော စွမ်းအားများ ပါဝင်နေပြီး လဲ့ရှန်ထံ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်သွား၏။

လဲ့ရှန်မှာ ပြင်းပြင်းထန်ထန် တုန်ရီသွားပြီး ပြန်လည်သက်သာနေဆဲဖြစ်သည့် ဒဏ်ရာများအားလုံး ကွဲထွက်သွားရာ သွေးများ နေရာအနှံ့ ပန်းထွက်သွားတော့သည်။ သူက နောက်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း သူနောက်မဆုတ်နိုင်ခင်မှာပင် ကောက်ကွေးနေသော ဆူးချွန်ကြီးငါးခု၏ ဝန်းရံခြင်း ခံလိုက်ရလေသည်။

ထိုဆူးချွန်ကြီးငါးခုသည် တောင်ထိပ်များနှင့် တူပြီး စနစ်တကျ စီတန်းထားခြင်းမျိုးမဟုတ်ဘဲ ယိမ်းယိုင်နေသည်။ ထိုမျှသာမက ဆူးချွန်ကြီးများ လေထဲ မြောက်တက်လာသည်နှင့် တစ်ပြိုင်နက် တွဲဆက်နေသော ခန္ဓာကိုယ် ဖြစ်ဟန်တူသည့် အရာကြီးတစ်ခု လိုက်ပါလာ၏။

လူတစ်ယောက်က သေချာစိုက်ကြည့်လျှင် ဧရာမသားရဲကြီးတစ်ကောင်၏ စူးရှသောလက်သည်းချွန်များရှိေသာ လက်ကြီးကို မြင်နိုင်သည်။

တောင်ထိပ်များဖြစ်သော အရိုးချွန်ကြီးများက လက်ကြီးထံမှ တိုးထွက်လာပြီး ၎င်းတို့မည်မျှ ကြီးမားကြောင်း စဥ်းစားလိုက်လျှင် လက်ကြီးသာ ဆိုပါက မည်မျှကြီးလိမ့်မည်ကို စိတ်ကူးသာကြည့်နိုင်တော့သည်။

ထိုတောင်ထိပ်များဟုခေါ်သော အရာသည် အမှန်တကယ်တော့ လက်သည်းများ ဖြစ်၏။

" ခန္ဓာကိုယ် " မှာမူ အမှန်တကယ်တော့ လက်ဝါးကြီးဖြစ်သည်။ ၄င်းကို သိသာရှင်းလင်းစွာ မြင်ရသော်လည်း သတ္တဝါကြီး၏ အစိတ်အပိုင်းလေးတစ်ခုမျှသာ ဖြစ်သည်။ ပိုင်ရှောင်ချန်းသည် သူ၏ သက်စောင့်ဝိညာဥ်ကို ကြိမ်ဖန်များစွာ မြင်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်တော့ ယခင်ကအတိုင်း တုန်လှုပ်သွားရသည်။

ထိုအခိုက်အတန့်တွင် ထိုဧရာမလက်ကြီးက ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းလိုက်သည့်အလား လဲ့ရှန်ဆီသို့ တရွေ့ရွေ့ ချဥ်းကပ်သွား၏။

အဖြစ်အပျက်များက ဖော်ပြရန်ပင် ခဲယဥ်းနေတော့သည်။ လဲ့ရှန် မည်မျှ ရုန်းကန်ပြီး ထွက်ပြေးရန် ကြိုးစားလင့်ကစား မလွတ်မြောက်နိုင်ပေ။ သူက ခံပြင်းစွာ ဟိန်းဟောက်လိုက်ပြီး သူ့မျက်လုံးများထဲရှိ အနက်ရောင်အလင်းက ပို၍ ပြင်းထန်လာ၏။ သူ့ခန္ဓာကိုယ်မှ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး မိန်းကလေးတစ်ယောက်၏ ခေါင်းသဏ္ဍာန်ဖြစ်ပေါ်လာကာ သူ့အပေါ်တွင် လွင့်မျောနေလေသည်။

ဧရာမသားရဲလက်ကြီးက လဲ့ရှန်ကို ရိုက်ချလိုက်ရာ ထိုခေါင်းက နာကျင်စွာ အော်ဟစ် မြည်တမ်းလိုက်လေသည်။

နားကွဲလုမတတ် ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်နေသည်။ မြေပြင်မှာ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။ ပိုင်ရှောင်ချန်းမှာမူ သွေးတစ်ပွက်အန်လိုက်ရပြီး နောက်သို့ ယိမ်းယိုင်သွား၏။ သူသည် သခင်မလေးဟုန်ချိန်ကို ကယ်တင်ရန် ထာဝရဧကရာဇ်လက်သီးကို သုံးခဲ့ရပြီး ဤနတ်ဘုရားစွမ်းရည်ကို သုံးနေရလေသည်။ ဤပေါင်းစပ်မှုက သူ့ကို လုံးလုံးလျားလျား အားအင်ကုန်ခမ်းသွားစေပြီး ပင်ပန်းနွမ်းနယ်သွားစေသည်။

လက်သည်းလက်ကြီး ပျောက်ကွယ်သွားပြီး ဧရာမအက်ကြောင်းကြီးတစ်ခုသာ ကျန်ခဲ့တော့သည်။

ထိုအက်ကြောင်းကြီးက မီတာပေါင်းများစွာ ကျယ်ဝန်းပြီး တောင်တန်းများ၊ သစ်ပင်များနှင့် မည်သည့်အရာမဆို ဆိတ်သုဥ်းနေကာ လုံးဝ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေပြီး လဲ့ရှန်၏ အလောင်းမှလွဲ၍ ပြောင်တလင်းခါနေ၏။

လဲ့ရှန်သည်ကား လုံးဝ စုတ်ပြတ်သွားလေပြီ။ သူ၏ ခြေထောက်များ ကျိုးကြေနေပြီး ခေါင်းက ဘေးသို့ ဆိုးရွားစွာ လိမ်ဖယ်သွားကာ သူ့ခန္ဓာကိုယ်မှာ လူရုပ်ပင်မပေါ်တော့ဘဲ မလှုပ်မယှက် လဲနေ၏။ သို့သော် သူ့မျက်လုံးများထဲတွင် အနက်ရောင်အလင်းက တောက်ပနေသေးသည်။ သားရဲကြီး၏ ထိုးနှက်ချက်က လဲ့ရှန်ကို နှိုးဆွပေးလိုက်သည့်အလား ဖြစ်သွားပြီး ပို၍လျင်မြန်စွာ သက်သာလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက လေပေါ်သို့ နောက်တစ်ကြိမ် ပျံတက်လာ၏။

အနက်ရောင်အလင်းက မှိန်ဖျော့ဖျော့သာ လင်းလက်နေ၏။ ထိုမျှသာမက သူ၏အရှိန်အဝါမှာ ယခင်နှင့် နှိုင်းယှဥ်လျှင် များစွာ အားနည်းသွားသည်။ သို့ရာတွင် သူ တိုက်ခိုက်နေနိုင်သေးသည့်အချက်က ပိုင်ရှောင်ချန်း၏နှလုံးသားထဲတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားစေတော့သည်။

" သူ့မှာ ဘယ်လိုမျိုး ပြန်သက်သာနိုင်တဲ့အစွမ်း ရှိနေတာလဲ "

သူ့မျက်လုံးများထဲတွင် ဒေါသများဖြင့် မီးဝင်းဝင်းတောက်နေပြီး သူ တွေးလိုက်သည်။ လဲ့ရှန်ကို သူ အလွယ်တကူ အနိုင်ယူနိုင်သော်လည်း သတ်မရပေ။ ထိုသည်က မည်သူ့ကိုမဆို ဒေါသများဆူဝေသွားစေရန် လုံလောက်၏။ ထိုသို့ ဒဏ်ရာများသာ ရရှိထားပါက နတ်တစ်ပါးဖြစ်သည့်တိုင် အလွယ်တကူရှင်းပစ်နိုင်သည်။ သို့သော် လဲ့ရှန်ကား လျင်မြန်စွာ ပြန်လည်သက်သာလာနေသည်။

သခင်မလေးဟုန်ချိန်သည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး အက်ကြောင်းထဲမှ ပျံထွက်လာကာ အလျင်အမြန်ပြန်လည်သက်သာနေသော လဲ့ရှန်ကို ကြည့်လိုက်သည်။ ယခုအခါ သူ့ကို သတ်၍ ရမည်မဟုတ်သောကြောင့် သူ့ထံမှ ထွက်ပြေးရန်မှာ ခက်ခဲမည် ဖြစ်ကြောင်း သူမ သိသွားသည်။ အချိန်က အရေးကြီးနေပြီး မြေနီခယောင်းလမ်း၏ချုပ်နှောင်ခြင်း အာနိသင်က မည်မျှ ကြာရှည်ခံမည် ဖြစ်ကြောင်း သူမ သေချာမတွက်ဆနိုင်ပေ။

ပိုင်ရှောင်ချန်း အယောင်ဆောင်ထားသော ထိုလူပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမနှင့် ပိုင်ဟောက် အသတ်ခံရမည်မှာ သံသယပင် ဝင်စရာမလိုကြောင်း သခင်မလေးဟုန်ချိန် သိသည်။

သူမ၏ခေါင်းထဲတွင် ထိုအတွေးများဖြင့် ပြည့်နှက်နေပြီး သူမက ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။ သူ အသုံးပြုခဲ့သည့် ရွှယ်ကျဲကော်တုအပါအဝင် မှော်စွမ်းရည်များနှင့် မှော်ကျင့်စဥ်အတတ်များကြောင့် သူမ၏ခေါင်းထဲတွင် အတွေးစများဖြစ်ပေါ်နေသည်။ သို့သော် ယခုအချိန်က ထိုပြဿာနာကို နက်နက်နဲနဲ စဥ်းစားနေရမည့် အချိန်မဟုတ်ပေ။ ယခုအခိုက်အတန့်က သူတို့နှစ်ယောက်လုံး၏ အသက်အတွက် စိုးရိမ်နေရသည်။ သူမက အချိန်အနည်းငယ်ကြာသည်အထိ မျက်လုံးများကို မှိတ်လိုက်ပြီးနောက် အားတင်းကာ ပြန်ဖွင့်လိုက်သည်။ ထို့နောက် သူမ၏မျက်လုံးများမှာ တိုက်ခိုက်လိုစိတ်များဖြင့် စူးရှတောက်ပနေတော့သည်။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူမက သူမ၏ဒဏ်ရာများအားလုံးကို အတင်းအကြပ်ဖိနှိပ်လိုက်ပြီး လေပေါ်ပျံတက်လိုက်သည်။

ချက်ချင်းပင် သူမ၏ နတ်အဆင့်ကျင့်ကြံခြင်းအခြေခံ လှုပ်ရှားသက်ဝင်လာ၏။ ရုတ်တရက် သူမက သရဲကြီးတပ်ဖွဲ့၏ တပ်ကြပ်ကြီးပမာ ပုံမှန်ပြန်ဖြစ်သွားသည်။ သူမက အင်္ကျီလက်စကို ခါယမ်းကာ တည်ငြိမ်စွာ ပြောသည်။

" ဒီက ထွက်သွားတော့ ပိုင်ဟောက်။ အတော်ကွာဝေးတဲ့နေရာအထိ အဆက်အသွယ်လုပ်လို့ရမှာမဟုတ်သေးဘူး။ ဒီကိစ္စကို ငါ့အဖေ သရဲကြီးဘုရင်ဆီ နင် သေချာပေါက် သတင်းပို့ရမယ်။ ပြီးရင် မဟာကောင်းကင်သခင်ကိုပါ အသိပေးလိုက်။ ဒီရုပ်သေးရုပ်ကို ထိန်းချုပ်နေတဲ့ လူက သက်စောင့်အားအများကြီးကို စားသုံးတော့ မြေရိုင်းဒေသကို ဘေးဒုက္ခဖြစ်စေမှာ သေချာတယ် "

ပိုင်ရှောင်ချန်းထံမှ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ သူမက ကောင်းကင်လေသေင်္ဘာထဲမှ ပျံထွက်ကာ လဲ့ရှန်ဆီ ဦးတည်သွားလေသည်။

ပိုင်ရှောင်ချန်း တစ်ကိုယ်လုံး တုန်တက်သွား၏။ ရုတ်တရက် သူ့ရင်ထဲတွင် ရင်းနှီးသော ခံစားချက်တစ်ခု ပြည့်နှက်သွားတော့သည်။ သခင်မလေးဟုန်ချိန် ပျံထွက်သွားသည်ကို ကြည့်နေရခြင်းက သူ ချီစုစည်းမှုအဆင့်မှာ ရှိစဥ် လောချိန်တောင်တန်းမှာ ဖြစ်ပျက်ခဲ့သည်များကို ပြန်သတိရသွားစေသည်။

တခဏကြာသော် တိကျပြတ်သားသောလေသံဖြင့် သူက ပြောလိုက်သည်။

" ကျစ်မို၊ ငါ့ကို အမွှေးတိုင်တစ်တိုင်စာလောက် အချိန်ဆွဲထားပေး။ ပြီးရင် ငါအကုန်လုံး ရှင်းပေးမယ် "

ကောင်းကင်လေသင်္ဘောအား အဝေးကို နှင်မည့်အစား သူက ပင်မကုန်းပတ်အောက်ရှိ သီးသန့်အခန်းထဲ ခပ်သုတ်သုတ်ဝင်လိုက်ကာ မန္တန်ဝင်္ကပါတစ်ခု ဖန်တီးလိုက်ပြီး တင်ပျဥ်ခွေထိုင်လိုက်သည်။ ထို့နောက် သူ၏ လိပ်ဒယ်အိုးကို ထုတ်လိုက်လေသည်။

All Chapters