← Chapters

အခန်း (၂၃၉၅-၂၃၉၆)

Vol. 180 Ch. 2395-2396

အခန်း (၂၃၉၅-၂၃၉၆)

Vol. 180 Ch. 2395-2396

အခန်း(၂၃၉၅)

ဘုံကိုးဆင့်နတ်လမ်း၏ အဋ္ဌမအဆင့်ကို ဖြတ်ကျော်ပြီးနောက်တွင် ကျန်းချန်တို့ သုံးယောက်သည် ဆက်လက်လျှောက်လာခဲ့ကြသည်။

သိပ်မကြာခင်မှာပင် ဘုံကိုးဆင့်နတ်လမ်း၏ အဆုံးသတ်သည် ကျန်းချန်တို့၏ မြင်ကွင်းထဲတွင် ပေါ်ထွက်လာခဲ့၏။

ထိုနေရာတွင် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးသုံးလုံးနှင့် လူငယ်တစ်ယောက်သည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။

ထိုခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် အင်မော်တယ်နယ်မြေထဲမှ နတ်ဆိုးသားရဲ မျိုးနွယ်စု၏ ပါရမီရှင် ဖြစ်ပြီး ဤဘုံကိုးဆင့်နတ်လမ်း၏ နောက်ဆုံး အစောင့်အကြပ် ဆိုလည်းမမှားပေ။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ အရှိန်အဝါသည် အလွန်တရာပင် ဆန်းကြယ်ပြီး မြင်ရသူကို အနှိုင်းမဲ့နက်ရှိုင်းသော ခံစားချက်အား ပေးစွမ်းနေခဲ့၏။

ကျန်းချန်၏ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်ဆီကနေ ရှချင်းလီထက်ပင် ပို၍ အန္တရာယ်ရှိသည့် အရှိန်အဝါကို ခံစားမိခဲ့သည်။

“မင်းတို့ အဘိုးကြီးနှစ်ယောက်.. နောက်တစ်ခါ လာပြန်ပြီလား.. မင်းတို့နှစ်ယောက်ရဲ့ ဇွဲကတော့ တကယ်ကို သာမန်မဟုတ်ဘူးပဲ”

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီးနောက်တွင် ရှချင်းလီ တို့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ ဒီကို အများကြီးပေးဆပ်ပြီး လာပေမဲ့ လက်ဗလာနဲ့ ပြန်သွားရတာချည်းပဲ.. မင်းတို့တွေ အဲလောက်ထိ ပေးဆပ်ဖို့ တန်လို့လား”

ရှချင်းလီက တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း အဲဒီအတွက် စိတ်မပူနဲ့.. ဒီတစ်ကြိမ်တော့ မင်းစောင့်ကြပ်နေတဲ့ အတားအဆီးကို ငါတို့သေချာပေါက် ကျော်ဖြတ်နိုင်လိမ့်မယ်”

ထိုစကားကိုကြားလျှင် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ထို့နောက်တွင် သူ၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့၏။

“ဒီတစ်ခေါက် မင်းတို့ ခေါ်လာတဲ့လူက အရင်ခေါ်လာတဲ့ အမှိုက်တွေထက်တော့ အများကြီး ပိုသာတာတော့ အမှန်ပဲ”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ရှေ့သို့ လှမ်းထွက်ကာ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်ကို ဂါဝရပြု၍ ပြောလိုက်သည်။

“ကျွန်တော်က ကျန်းချန်ပါ.. စီနီယာ ညှာတာပေးဖို့ တောင်းဆိုပါတယ်”

ခရမ်းရောင် ဝတ်စုံဝတ် လူငယ်က နေရာမှာတင် မလှုပ်မယှက်ထိုင်နေရင်း အေးအေးလူလူပင် ပြောလိုက်သည်။

“ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မင်းနဲ့ အဆင့်တူအထိ နှိမ့်ထားပေးမယ်.. မင်း ငါ့ကို စတိုက်လို့ရပြီ”

“ကောင်းပြီ”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။

သူ့ရှေ့မှ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် သူ့တစ်သက်တာတွင် ရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်များထဲတွင် အသန်မာဆုံးပြိုင်ဘက် ဖြစ်၏။

ဤအချိန်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ရှေးဟောင်း ရွှေရောင်ဓားသည် လေထဲမှတစ်ဆင့် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

“ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်း”

ကျန်းချန်၏ ဦးခေါင်းအထက်တွင် ခုနစ်စဥ်ကြယ် ထွက်ပေါ်လာခဲ့ပြီး ခုနစ်စဥ်ကြယ်မှ ကြယ်စွမ်းအားများသည် တောက်ပသော ကြယ်တာရာ ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်ဆီသို့ သက်ရောက်လာခဲ့၏။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က တည်ငြိမ်သော အမူအရာဖြင့်ပင် နေရာမှာပင် ဆက်လက် ထိုင်နေခဲ့သည်။

ကျန်းချန်၏ ဓားချက်က သူ၏ ဦးခေါင်းနှင့် သုံးပေအကွာသို့အရောက်တွင် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် သူ၏ လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ ဖြူစင်ဝင်းပနေသောလက်ဖဝါးသည် သာမန် လူတစ်ယောက်၏ လက်ဖဝါးကဲ့သို့ပင်။

သို့သော်လည်း သူ့ထံသို့ သက်ရောက်လာသည့် ကြယ်တာရာဓားကို သစ်ရွက်တစ်ရွက်ကို ကိုင်ထားသလိုမျိုး လက်ထဲတွင် ဖမ်းကိုင်ထားလိုက်သည်။

ထို့နောက်တွင် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် အသာအယာ ဖျစ်ညှစ်လိုက်ရာ ကြယ်တာရာဓားသည် ရုတ်တရက် ပြိုကွဲသွားခဲ့ပြီး ကြယ်အလင်းစက်များ အဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

သူက ကျန်းချန်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါရမ်း၍ ပြောလိုက်သည်။

“ကောင်လေး ဒီလောက် စွမ်းရည်မျိုးနဲ့တော့ ငါ့ကို ယှဥ်လို့ရမှာမဟုတ်ဘူး.. မင်းရဲ့ တကယ့် စွမ်းရည်အစစ်အမှန်တွေကို ငါ့ကို ထုတ်ပြစမ်းပါ”

သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်၏ အမူအရာသည် ပို၍ပင် လေးနက်သွားခဲ့သည်။

ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းသည် သာမန် နတ်ဘုရင်အဆင့် ကျင့်စဥ်တစ်ခု ဖြစ်သော်လည်း ကျန်းချန်၏ လက်ရှိစွမ်းအားဖြင့် ဆိုလျှင် သာမန် နတ်ဘုရင်ဆဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပင် စက္ကန့်ပိုင်းအတွင်း အလွယ်တကူ သတ်ဖြတ်နိုင်၏။

သို့သော်လည်း သူ့ရှေ့မှ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်ကမူ တင်ပျဥ်ခွေ၍ ထိုင်နေရင်းကပင် အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။

ဤကဲ့သို့ စွမ်းအားမျိုးသည် အမှန်တကယ်ပင် အတိုင်းအဆမရှိ နက်ရှိုင်းလှ၏။

“အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်.. လူသားအဖြစ်ပြောင်းလဲစေသော ဓားချက်”

သာမန် တိုက်ကွက်က ခရမ်းရောင်ဝတ်စုံဝတ်လူငယ် အတွက် မည်သည့် ခြိမ်းခြောက်မှုမှ မဖြစ်စေနိုင်သည်ကို မြင်လျှင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ်မှ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် လက်တစ်ဖက်ကို အသာအယာ ဆန့်ထုတ်ကာ ခုခံရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ခရမ်းရောင်ဝတ်စုံဝတ် လူငယ် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။

ကျန်းချန်၏ ဓားချက်သည် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ လက်ဖဝါးကို ဖြတ်သန်းသွားခဲ့ပြီး ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ချက်ချင်းဆိုသလို ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် သူ၏ ကျင့်ကြံခြင်းအဆင့်က ထိုထူးဆန်းသည့် ဓားချက်ကြောင့် ဝါးမျိုခြင်း ခံလိုက်ရသလို ခပ်ရေးရေး ခံစားလိုက်ရသည်။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်မှ စွမ်းအားကို ဖိနှိပ်ရန်အတွက် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အလျင်အမြန် ထုတ်ဖော်လိုက်ရသည်။

သူက ကျန်းချန်ကို တအံ့တဩ အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ငါမင်းကို အထင်သေးမိသွားတယ်.. မင်းက စစ်မှန်တဲ့ အင်မော်တယ် ဓားကျင့်စဥ်ကို တတ်မြောက်ထားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ မြင်နိုင်စွမ်းဖြင့် ဆိုလျှင် ကျန်းချန်၏ ဓားကျင့်စဥ်က အင်မော်တယ်အဆင့် ဓားကျင့်စဥ်ဖြစ်မှန်း တစ်ချက်ကြည့်ရုံဖြင့်ပင် သိနိုင်ခဲ့သည်။

ထို့အပြင် ဤဓားကျင့်စဥ်သည် သူတို့ အင်မော်တယ်လောကမှာပင် အလွန်တရာ အစွမ်းထက်သည့် ဓားကျင့်စဥ်တစ်ခု ဖြစ်နိုင်၏။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် အဆင့်နိမ့်ကမ္ဘာတွင် ရှိသည့် လူတစ်ယောက်က ဤမျှလောက် နက်ရှိုင်းသည့် အင်မော်တယ် ဓားကျင့်စဥ်ကို တတ်မြောက်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူက တင်ပျဥ်ခွေထိုင်နေရာကနေ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်ကို စိုက်ကြည့်ကာ အလေးအနက် ပြောလိုက်၏။

“နှစ်ပေါင်းများစွာ အတွင်းမှာ မင်းက ငါ့ကို အလေးအနက်ထားအောင် လုပ်နိုင်တဲ့ ပထမဆုံးသူပဲ.. မင်း ငါ့ကို စိတ်မပျက်စေဖို့ ငါမျှော်လင့်ပါတယ်”

“စိတ်မပူပါနဲ့.. စီနီယာ စိတ်မပျက်စေရပါဘူး”

စကားဆုံးသည်နှင့် ကျန်းချန်သည် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ ဒုတိယဓားကွက် ဖြစ်သည့် အချိန်ကဓားတစ်လက် တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။

ကျန်းချန်၏ ကြောက်မက်ဖွယ်ဓားချက်ကို မြင်လျှင် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် သူ၏ မျက်ခုံးနှစ်ခုကြားမှ တတိယမျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ကာ ခရမ်းရောင်အလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်ပြီး ကျန်းချန်၏ ဓားချက်ကို ချေမှုန်းပစ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့၏။

အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ ဆန်းကြယ်နက်နဲမှုသည် အနှိုင်းမဲ့ဟုပင် ဆို၍ရသည်။

နတ်ဘုရားနယ်မြေတွင် ရှိသည့် မရေမတွက်နိုင်သော အစွမ်းထက် ပြိုင်ဘက်များကို ရင်ဆိုင်ရာတွင် ကျန်းချန်သည် ထိုဓားကွက်ကို အကြိမ်ပေါင်း မည်မျှ ထုတ်သုံးခဲ့မှန်းပင် မသိတော့ပေ။

သို့သော်လည်း သူ့ရှေ့မှ ခရမ်းရောင် ဝတ်စုံဝတ်လူငယ် ကဲ့သို့ ဓားချက်ကို ချေမှုန်းနိုင်သည့်သူ တစ်ယောက်မှ မရှိခဲ့ဖူးချေ။

သူ့ရှေ့မှ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် ပိုမို မြင့်မားသော ကမ္ဘာကနေ လာသည့် ဖြစ်တည်မှု တစ်ခု ဖြစ်သည့် အလျောက် အမှန်တကယ်ပင် ထူးခြားနေခဲ့သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်းကာ တတိယမြောက်ဓားကွက် ဖြစ်သည့် အပြာရောင်ဧကရာဇ် ဓားကွက်ကို ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

တောက်ပသော အပြာရောင်အလင်းတန်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး အလင်းတံခါး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ထို့နောက်တွင် အနှိုင်းမဲ့ ဓားသမားတစ်ယောက်သည် ထိုအလင်းတံခါးကနေ ထွက်လာခဲ့ပြီး အောက်ဘက်တွင် ရှိသည့် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်ဆီသို့ ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

ထိုဓားချက်၏ စွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းပြီး လောကကြီး တစ်ခုလုံးကိုပင် လွှမ်းမိုးသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်ပင်လျှင် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရ၏။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က ထိတ်လန့်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဧရာမ ခရမ်းရောင်သားရဲကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုခရမ်းရောင်သားရဲသည် ဒဏ္ဍာရီလာ ယူနီကွန်းနှင့် အနည်းငယ် ဆင်တူနေခဲ့၏။

ခရမ်းရောင်သားရဲကြီးသည် ကောင်းကင်ကို မော့ကြည့်ပြီး အသားကုန် ဟိန်းဟောက်လိုက်ရာ သူ၏ ကြေးခေါင်းလောင်းကဲ့သို့ ကြီးမားသော မျက်ဝန်းထဲကနေ ကြောက်မက်ဖွယ်ရာကောင်းသည့် ခရမ်းရောင်လျှပ်စီး နတ်အလင်းတန်း နှစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ့ထံသို့ သက်ရောက်လာသည့် ဓားအလင်းကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားနှစ်ခုသည် လေထဲတွင် ထိပ်တိုက် ဆုံတွေ့သွားကြပြီးနောက်တွင် ဘုံကိုးဆင့်နတ်လမ်း၏ အထက်ကောင်းကင်ယံ၌ စွမ်းအင်လှိုင်းများ ပရမ်းပတာ ဖြစ်သွားခဲ့ကာ ဧရာမ အနက်ရောင်တွင်းပေါက်ကြီး တစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။

အကယ်၍ ထာဝရသက်ရှည်တောင်တန်း၏ အမြင့်မြတ်ဆုံး ကန့်သတ်စွမ်းအားကသာ ဖိနှိပ်မထားခဲ့လျှင် ဤအချိန်တွင် ဘုံကိုးဆင့်နတ်လမ်း တစ်ခုလုံးသည် အစအနပင် မကျန်ရှိသည်အထိ ပျက်စီးသွားလောက်၏။

ကျန်းချန်ဆီကနေ ညည်းညူသံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးက ခြေဆယ်လှမ်းထက် မနည်း နောက်သို့ ဆုတ်သွားခဲ့ရသည်။

သူက သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်၏။

ထို့‌နောက်တွင် တောင်ကုန်းတစ်ခု ကဲ့သို့ ကြီးမားလှသည့် ခရမ်းရောင်သားရဲကြီးကို ကြည့်ကာ သူ၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ လေးနက်သွားခဲ့သည်။

အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ တတိယမြောက်ဓားကွက် ဖြစ်သည့် အပြာရောင်ဧကရာဇ် ဓားကွက် ပင်လျှင် ထိုခရမ်း‌ရောင်သားရဲကြီးကို ဘာမှ မတတ်နိုင်ခဲ့ပေ။

သူ့ရှေ့မှ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် အမှန်တကယ်ပင် သာမန် မဟုတ်သည့် ကြောက်မက်ဖွယ်ရာကောင်းသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေခဲ့သည်။

အခန်း(၂၃၉၅)ပြီး၏။

အခန်း(၂၃၉၆)

ကျန်းချန်က အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းလိုက်သည်။

သူက ဆက်လက် တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း မျက်နှာချင်းဆိုင်မှ ခရမ်းရောင်သားရဲကြီးသည် ခရမ်းရောင်ဝတ်စုံဝတ်လူငယ်လေး အဖြစ် ပြောင်းလဲသွားခဲ့သည်။

“ဒီမှာပဲ ရပ်လိုက်ရအောင်.. အခုလေးတင် ငါက စည်းမျဥ်းတွေကို ဖောက်ဖျက်ပြီး မင်းရဲ့ ကျင့်ကြံခြင်း အဆင့်ထက် ပိုမြင့်တဲ့စွမ်းအားကို အသုံးပြုမိသွားတယ်.. ဒီတိုက်ပွဲမှာ မင်းအနိုင်ရပါတယ်”

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်ကို မေးလိုက်သည်။

“မင်း ခုနတုန်းက အသုံးပြုသွားတဲ့ဓားသိုင်းရဲ့ နာမည်ကို ငါ့ကို ပြောပြလို့ရမလား”

“အပြာရောင်ဧကရာဇ် ဓားကွက်ပါ”

ကျန်းချန်က ဖုံးကွယ်မထားဘဲ ပြောပြလိုက်သည်။

ကျန်းချန်ထံမှ ဓားသိုင်း၏ အမည်ကို ကြားလျှင် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ အမူအရာသည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

“အပြာရောင်ဧကရာဇ်ဓားကွက်.. ဒါက အင်မော်တယ်ဧကရာဇ်ရှချင်းရဲ့ ဓားပညာရပ်ပဲ.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဓားအင်မော်တယ်ဧကရာဇ် ရှချင်းသည် သူတို့ အင်မော်တယ်လောကတွင် အားလုံးက လေးစားရသည့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ရှချင်းသည် ဓားတစ်လက်တည်းဖြင့် တိုက်ပွဲပေါင်း သောင်းချီ အနိုင်ရခဲ့ပြီး‌ ခေတ်တစ်ခေတ်ကို စိုးမိုးထားသည့် အနှိုင်းမဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။

ကျန်းချန်၏ ဓားကွက်နာမည်က အပြာရောင်ဧကရာဇ်ဓားကွက် ဖြစ်နေလိမ့်မည်ဟု ခရမ်းရောင်ဝတ်စုံဝတ် လူငယ် မမျှော်လင့်ထားခဲ့ပေ။

ဤဓားပညာရပ်သည် ဓားအင်မော်တယ်ဧကရာဇ် ရှချင်း၏ ဓားပညာရပ် အစစ်အမှန် ဖြစ်နိုင်ပါသလော။

သို့သော်လည်း ထိုကဲ့သို့သော အနှိုင်းမဲ့ ပုဂ္ဂိုလ်ကြီး၏ ဓားပညာရပ်သည် ဤကဲ့သို့ အဆင့်နိမ့်ကမ္ဘာတွင် မည်ကဲ့သို့ ပေါ်လာနိုင်ပါမည်နည်း။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် အပြာရောင်ဧကရာဇ်ဓားကွက်ကို ကျန်းချန် ထုတ်ဖော်လိုက်သည့် အခြေအနေအား အလျင်အမြန်ပင် ပြန်တွေးကြည့်လိုက်သည်။

အလင်းတံခါးကနေ လှမ်းထွက်လာသည့် ပုံရိပ်ယောင်သည် ဒဏ္ဍာရီထဲမှ ဓားအင်မော်တယ်ဧကရာဇ် ရှချင်းနှင့် အတော်လေး ဆင်တူနေခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် သူ့ရှေ့မှ ကောင်လေး တတ်မြောက်ထားသည့် အပြာရောင်ဧကရာဇ် ဓားကွက်သည် ဓားအင်မော်တယ်ဧကရာဇ်ရှချင်းနှင့် အမှန်တကယ်ပင် ပတ်သက်မှု ရှိနေနိုင်၏။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ ရေရွတ်သံကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

အင်မော်တယ်ကျောက်တိုင်ကို ရရှိပြီးနောက်တွင် ကျောက်တိုင်ထဲမှ ပုဂ္ဂိုလ်သည် သူ့ကို အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ် လွှဲပြောင်းပေးခဲ့ပြီး သူ့ကိုယ်သူ ဓားအင်မော်တယ်ဧကရာဇ် ရှချင်းဟု ပြောဆိုခဲ့သည်။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ နှုတ်ကနေ ဓားအင်မော်တယ်ဧကရာဇ် ရှချင်း၏ အမည်ကို ကြားလိုက်ရမည်ဟု ကျန်းချန် မထင်ထားခဲ့ပေ။

တစ်နည်းအားဖြင့် ပြောရလျှင် သူ့ရှေ့မှ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် ဓားအင်မော်တယ်ဧကရာဇ် ရှချင်းနှင့် တစ်နေရာထဲမှ လာသည်မှာ ဖြစ်နိုင်ခြေ အလွန်များ၏။

ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး မမေးဘဲ မနေနိုင်ခဲ့ပေ။

“စီနီယာပြောတဲ့ ဓားအင်မော်တယ်ဧကရာဇ် ရှချင်းက ဘယ်သူလဲဆိုတာ သိလို့ရမလား”

“သူက အနှိုင်းမဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ.. ထားပါ.. အပိုစကားတွေ မပြောနဲ့တော့”

ခရမ်းရောင်ဝတ်စုံဝတ်လူငယ် ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက ထူးခြားတဲ့ပါရမီတွေ ရှိတဲ့အပြင် ကောင်းကင်ကိုတောင် ဆန့်ကျင်နေတဲ့ အခွင့်အလမ်းတွေကို ပိုင်ဆိုင်ထားတယ်.. မင်းက ငါ့သခင် ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်ကို ဆက်ခံဖို့အတွက် အရည်အချင်း ပြည့်မီသွားပြီ.. ငါနဲ့လိုက်ခဲ့ပါ”

“သခင်.. ဟုတ်လား.. စီနီယာရဲ့ သခင်က ဘယ်သူလဲ ဆိုတာ သိပါရစေ”

ကျန်းချန်က ခရမ်းရောင်ဝတ်စုံဝတ် လူငယ်ကို မေးလိုက်သည်။

“ငါ့ရဲ့သခင်က ဒီထာဝရသက်ရှည်တောင်တန်းရဲ့ အရှင်သခင်ပဲ”

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် နောက်ထပ် မေးခွန်းများကို မမေးဘဲ မနေနိုင်ခဲ့ပေ။

“ကျွန်တော် သိသလောက် ဆိုရင် ထာဝရသက်ရှည်တောင်တန်းက ကျွန်တော်တို့ နတ်ဘုရားနယ်မြေက မဟုတ်ဘူး.. စီနီယာတို့က တကယ်ပဲ နတ်ဘုရားနယ်မြေထက် ပိုပြီး အဆင့်မြင့်မားတဲ့ ကမ္ဘာတစ်ခုကနေ လာတာလား”

“အဲဒီလို ပြောလို့လည်းရတယ်.. ငါတို့နေထိုင်တဲ့ကမ္ဘာကို အင်မော်တယ် လောကလို့ ခေါ်ဆိုကြတယ်”

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

“အင်မော်တယ်လောကက စကြဝဠာထဲမှ အမြင့်ဆုံးကမ္ဘာပဲ.. အဲဒီနေရာက အုပ်စိုးသူအဆင့်နဲ့ မဟာယာနအဆင့် ကျင့်ကြံသူတွေရဲ့ နောက်ဆုံးပန်းတိုင်ပဲ”

“စီနီယာတို့က အင်မော်တယ်လောကက ဆိုရင် ဘာလို့ နတ်ဘုရားနယ်မြေကို ရောက်လာရတာလဲ”

ကျန်းချန်၏ မျက်ဝန်းထဲတွင် သံသယ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

လူသားများသည် ပိုမို မြင့်မားသော နေရာကို သွားချင်ကြပြီး ရေကမူ မြင့်ရာမှ နိမ့်ရာကိုသာ စီးဆင်းသည်မှာ ထာဝရတည်မြဲသော နိယာမ ဖြစ်သည်။

ဥပမာအားဖြင့် နတ်ဘုရားနယ်မြေမှ သိုင်းပညာ ကျင့်ကြံသူများသည် အတင်းအကျပ် တွန်းအားပေး မခံရသရွေ့ အဆင့်နိမ့် နယ်မြေသို့ မည်သူမျှ မသွားချင်ကြပေ။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် ပိုမို အဆင့်မြင့်သည့် အင်မော်တယ် လောကမှ လာသည် ဆိုလျှင် အဘယ်ကြောင့် နတ်ဘုရားနယ်မြေ ကဲ့သို့ အဆင့်နိမ့်ကမ္ဘာကို ရောက်လာရပါသနည်း။

“ဒါက ပြောရရင် အရှည်ကြီးပဲ”

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် လေးနက်စွာ ပြောလိုက်သည်။

“မင်းက သခင်ချန်ထားတဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီဆိုတော့ မင်းကို ပြောပြရင်လည်း ဖြစ်ပါတယ်”

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က ကျန်းချန်ကို ရှင်းပြလိုက်သည်။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ ဘိုးဘေးသည် အင်မော်တယ်လောကမှ ယူနီကွန်း သွေးမျိုးဆက် ဖြစ်သည့် ကျိလင်သားရဲ ဖြစ်သည်။

ကျိလင်သားရဲ၏ သခင်ကမူ အင်မော်တယ် လောကတွင် နာမည်ကျော်ကြားသော အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်သည့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ဖြစ်၏။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် အလွန်တရာအစွမ်းထက်သော်လည်း အစွမ်းထက် ရန်သူ အများအပြား ရှိပြီး အဆုံးသတ်တွင် အစွမ်းထက် ရန်သူတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ထိုရန်သူနှင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ပြီး အဆုံးသတ်တွင် ရှုံးနိမ့်ခဲ့ရသည်။

ယင်းနောက်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် သူ၏ အမြင့်မြတ်ဆုံး မှော်စွမ်းအားများဖြင့် သူ၏ ကျင့်ကြံခြင်းနယ်မြေ ဖြစ်သည့် ထာဝရသက်ရှည်တောင်တန်းကို အင်မော်တယ်လောကကနေ စကြဝဠာ အသီးသီး ရွှေ့ပြောင်းခဲ့ပြီး အဆုံးသတ်၌ နတ်ဘုရားနယ်မြေဆီ ရောက်ရှိလာခဲ့သည်။

တိုက်ပွဲအတွင်း ပြင်းထန်သည့် ဒဏ်ရာများကို ရရှိသည့်အပြင် ထာဝရသက်ရှည်တောင်တန်းကို အင်မော်တယ်လောကကနေ နတ်ဘုရားနယ်မြေဆီ အတင်းအကျပ် ရွှေ့ပြောင်းခဲ့သောကြောင့် ထာဝရရှင်သန်ခြင်း နတ်ဘုရင်သည် ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရ၏။

သူ၏ သက်တမ်း သိပ်မကျန်တော့မှန်း သိလိုက်ရသောအခါတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ထာဝရသက်ရှည်တောင်တန်းထဲတွင် သူ၏ အမွေအနှစ်များကို ချန်ထားရစ်ခဲ့ပြီး ဆက်ခံမည့်သူကို စောင့်ဆိုင်းနေခဲ့သည်။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် ဤနေရာမှာပင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ် ဘုရင်၏ အမွေအနှစ်ကို စောင့်ကြပ်ပေးနေခဲ့ခြင်း ဖြစ်သည်။

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ ရှင်းပြမှုကို ကြားလျှင် ကျန်းချန်သည် မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ထာဝရသက်ရှည်တောင်တန်း၏ မူလအစသည် ဤမျှအထိ ဆန်းကြယ်နေလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

မည်သို့ပင် ဖြစ်စေကာမူ သူ ဤတစ်ခေါက် လာရသည့် အဓိကရည်ရွယ်ချက်မှာ နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေဖို့သာ ဖြစ်၏။

ဤထာဝရသက်ရှည်တောင်တန်းကို ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က အင်မော်တယ်လောကကနေ အတင်းအကျပ် ရွှေ့ပြောင်းလာသည် ဆိုလျှင် နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်သည် ဤထာဝရသက်ရှည်တောင်တန်းထဲတွင် ရှိနေနိုင်ပါသလော။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မတွေးတောတော့ပေ။

သူ့အနေဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် မည်မျှအစွမ်းထက်မှန်း မသိသော်လည်း အုပ်စိုးသူ အဆင့်ထက် များစွာ သာလွန်သည့် ဖြစ်တည်မှု ဆိုသည်မှာ သေချာ၏။

မည်သို့ပင် ဖြစ်စေ သူက ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်ရာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချန်ထားရစ်ခဲ့သည့်အမွေအနှစ်ကို လျစ်လျူမရှုနိုင်ပေ။

“ဒီထာဝရသက်ရှည်တောင်တန်းထဲမှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်အပြင် အင်မော်တယ်ဖြစ်လာဖို့ အတွက် အခွင့်အလမ်းတွေရော မရှိဘူးလား”

ထိုအချိန်တွင် ရှချင်းလီသည် မမေးဘဲ မနေနိုင်ခဲ့ပေ။

ဤနှစ်များအတွင်း သူနှင့် လဲ့ချမ်းယွမ် တို့သည် ဒဏ္ဍာရီထဲမှ အင်မော်တယ် ဖြစ်လာရန် အတွက် အင်မော်တယ်နယ်မြေထဲကို ဝင်ရောက်ခွင့်ရရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။

ယခုအခါ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်သည် သူတို့ နှစ်ယောက်နှင့် မည်သို့မျှ မသက်ဆိုင်မှန်း ထင်ရှားနေခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကလွဲ၍ တခြား အခွင့်အလမ်းမရှိလျှင် သူတို့နှစ်ယောက်သည် ဝါးခြင်းတောင်းနှင့် ရေခတ်သလိုပင် မည်သည့်အရာမှ ရရှိတော့မည် မဟုတ်ပေ။

“အင်မော်တယ်ဖြစ်ဖို့ အခွင့်အလမ်းက ဘာများဆန်းကြယ်နေလို့လဲ.. မင်းတို့ပြောနေတဲ့ အင်မော်တယ်တွေက သခင့်ရဲ့ ရှေ့မှာ ပုရွက်ဆိတ် အဆင့်ထက် မပိုဘူး”

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က မထီမဲ့မြင် ပြုံး၍ ပြောလိုက်သည်။

“သူသာ သခင်ရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်သရွေ့ သူက မင်းတို့ကို အကျိုးအမြတ် အနည်းငယ်ပဲ ပေးမယ် ဆိုရင်တောင် မင်းတို့အနေနဲ့ အင်မော်တယ်ဖြစ်ဖို့ ဆိုတာ အလွယ်လေးပဲ”

ထိုစကားကို ကြားလျှင် ရှချင်းလီတို့၏ အကြည့်သည် ကျန်းချန်ဆီသို့ မရည်ရွယ်ဘဲ ကျရောက်သွားခဲ့သည်။

သူတို့ နှစ်ယောက်က စိတ်လှုပ်ရှားသော အမူအရာဖြင့် ကျန်းချန်ကို ပြောလိုက်ကြသည်။

“ညီနောင်ကျန်းချန်.. ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့အမွေအနှစ်ကို မြန်မြန်ဆန်ဆန် ဆက်ခံလိုက်ပါ”

“အင်မော်တယ်ဘုရင်ရဲ့အမွေအနှစ်ကို ဘယ်လိုလုပ်ပြီး မြန်မြန်ဆန်ဆန် ဆက်ခံလို့ရမှာလဲ.. မင်းတို့တွေ ကတ်သီးကတ်သတ် လာပြောမနေနဲ့.. ကဲ ငါ့နောက်ကနေ လိုက်လာခဲ့ကြ”

ထိုစကားကို ပြောပြီးသည်နှင့် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် လှည့်ထွက်သွားခဲ့ပြီး ဘုံကိုးဆင့်နတ်လမ်း၏ အဆုံးသတ် ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်တို့ သုံးယောက်သည် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ နောက်သို့ လိုက်ပါသွားခဲ့ပြီး ဘုံကိုးဆင့်နတ်လမ်း၏ အဆုံးသတ်ရှိ အင်မော်တယ် နယ်မြေဆီသို့ အလျင်အမြန်ပင် လိုက်ပါသွားကြသည်။

အခန်း(၂၃၉၆)ပြီး၏။

All Chapters