အခန်း (၂၃၉၇-၂၃၉၈)
Vol. 180 Ch. 2397-2398
အခန်း(၂၃၉၇)
ထာဝရသက်ရှည်တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာရှိ အင်မော်တယ်နယ်မြေတွင် အဆုံးမဲ့ နတ်အလင်းများသည် လောကတစ်ခုလုံး ပြည့်နှက်နေခဲ့သည်။
မြေပြင်ကနေ ပေပေါင်းသောင်းချီမြင့်မားသော တောင်များ ထိုးထွက်နေခဲ့ပြီး ကြီးမားသော မြစ်ကြီးများသည် နဂါးများကဲ့သို့ တောင်များ အထက်တွင် ဝဲပျံနေကာ ရေတံခွန်များသည်လည်း ငွေရောင်မြွေများ ကဲ့သို့ ကောင်းကင်ကိုးလွှာကနေ စီးကျနေခဲ့သည်။
ဤနေရာတွင် အလွန်တရာ ကြွယ်ဝသော စွမ်းအင်များ ရှိနေပြီး စွမ်းအင်များသည် ဒြပ်ထုတစ်ခု နီးပါး ဖြစ်ကာ ကောင်းကင်နှင့် မြေကြီး ကြားတွင် နဂါးနှင့် မြွေများလို ပျံသန်းနေခဲ့၏။
ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ နောက်ကို လိုက်လာရင်း ကျန်းချန်တို့ သုံးယောက်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
မူလက သူတို့သည် ပြင်ပလောကကနေ ထာဝရသက်ရှည်တောင်တန်းသို့ ဝင်လာခဲ့ကြခြင်း ဖြစ်ပြီး ထာဝရသက်ရှည်တောင်တန်း၏ ပတ်ဝန်းကျင်ကို မြင်ပြီးသည့် နောက်တွင် အလွန်တရာ အံ့ဩခဲ့ကြသည်။
ယခု သူတို့ရှေ့မှ အင်မော်တယ်နယ်မြေသည် ထာဝရသက်ရှည်တောင်တန်း၏ တခြားနေရာများထက် ဆယ်ဆ သို့မဟုတ် အဆပေါင်း တစ်ရာမက ပို၍ အံ့အားသင့်စရာ ကောင်းနေခဲ့သည်။
ကျန်းချန်က သူ့ရှေ့မှ ပတ်ဝန်းကျင်ကြောင့် ထိတ်လန့်နေစဥ်မှာပင် သူ၏ စိတ်ထဲတွင် စနစ်၏ သတိပေးသံက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
“ဒင်..သင်က အင်မော်တယ်ဝိညာဥ် စွမ်းအားကို တစ်ချက် ရှူရှိုက်လိုက်တဲ့ အတွက် ဓားလမ်းစဥ် အတွေ့အကြုံရမှတ် တစ်သိန်းကို အဆ ၁၀၀ ရရှိပါတယ်”
ကျန်းချန်က လုံးဝကို မှင်တက်သွားခဲ့သည်။
အသက်တစ်ချက် ရှုရှိုက်လိုက်ရုံဖြင့်ပင် ဓားလမ်းစဥ်၏ စွမ်းအားကို တိုးတက်စေသည်မှာ နည်းနည်းတော့ လွန်လွန်းနေသည် မဟုတ်ပါလော။
အကယ်၍ သူသာ ဤနေရာတွင် အမြဲတစေ နေထိုင်၍ ကျင့်ကြံမည် ဆိုလျှင် နတ်ဘုရင် နဝမအဆင့်ကို အလွယ်တကူရောက်ရှိနိုင်ပြီး အုပ်စိုးသူ အဆင့်ကိုပင် ထိုးဖောက်နိုင်လိမ့်မည် ဖြစ်သည်။
“အဘိုးကြီးရှ.. ငါ့ရဲ့အတားအဆီးက နည်းနည်း လျော့ရဲလာသလို ငါခံစားနေရတယ်”
လဲ့ချမ်းယွမ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
“ငါလည်းအတူတူပဲ”
ရှချင်းလီကလည်း ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
ဤနေရာသည် သူတို့အတွက် အမှန်တကယ်ပင် နတ်ဘုံတစ်ခုလို ဖြစ်နေခဲ့၏။
ဤနှစ်များ တစ်လျှောက်လုံးတွင် သူတို့သည် ဘုံကိုးဆင့်နတ်လမ်းကို အကြိမ်ပေါင်းများစွာ ကျော်ဖြတ်ရန် ကြိုစားခဲ့ကြသည်။
မည်သို့သော အဖိုးအခမျိုး ပေးဆပ်ရပါစေ၊ ဤနေရာသို့ ရောက်လာခဲ့၍ အဆုံးသတ်တွင် ပေးဆပ်ရသည်မှာ တန်သွားခဲ့ချေပြီ။
တခြား အခွင့်အလမ်းများ မရခဲ့လျှင်ပင် ဤနေရာတွင် အချိန်အတိုင်းတစ်ခုအထိ အာရုံစိုက်၍ ကျင့်ကြံနေသရွေ့ နှစ်ပေါင်းများစွာ ပိတ်ဆို့နေသော အတားအဆီးကို ချိုးဖျက်ကာ ပိုမိုမြင့်မားသော နယ်ပယ်အဆင့်သို့ ထိုးဖောက်နိုင်မည်ဟု သူတို့ နှစ်ယောက်လုံး ခံစားနေကြရသည်။
“မင်းတို့က ရေအိုင်ထဲက ဖားလေးတွေလိုပဲ.. ဒီလောက်လေးကို အထူးအဆန်း ဖြစ်နေကြတယ်.. ဒီနေရာက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ ကျင့်ကြံတဲ့နယ်မြေပဲ.. အင်မော်တယ်လောကကနေ ခွဲထွက်လာခဲ့တယ် ဆိုရင်တောင်မှ ဒီနေရာမှာ အင်မော်တယ် ဝိညာဥ်တွေကို ချိတ်ပိတ်ထားတယ်.. မင်းတို့တင် မဟုတ်ဘူး.. အင်မော်တယ်တွေ အတွက် ဆိုရင်တောင် ဒီနေရာက မြင့်မြတ်တဲ့ ကျင့်ကြံခြင်းနယ်မြေပဲ”
ရှချင်းလီတို့ စိတ်လှုပ်ရှားနေသည်ကို မြင်လျှင် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က အထင်အမြင်သေးစွာ ပြောလိုက်သည်။
ခရမ်းရောင်ဝတ်စုံဝတ် လူငယ်၏ စကားကိုကြားသော်လည်း ရှချင်းလီတို့သည် ဘာမှ ပြန်မပြောခဲ့ပေ။
ဤအချိန်တွင် သူတို့သည် စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာပီတိများ အပြည့်အဝ ဖြစ်နေသောကြောင့် ခရမ်းရောင်ဝတ်စုံဝတ်လူငယ်နှင့် စကားများရန် ဆန္ဒမရှိကြချေ။
ထို့အပြင် သူတို့သည် ထိပ်တန်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း သူတို့ရှေ့မှ ခရမ်းရောင်ဝတ်စုံဝတ် လူငယ်နှင့် နှိုင်းယှဥ်လျှင် သူတို့သည် ရေအိုင်ထဲက ဖားများနှင့် အမှန်တကယ် မခြားနားပေ။
ဤသို့ဖြင့်ပင် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်သည် ကျန်းချန်တို့ သုံးယောက်ကို ဦးဆောင်၍ ခေါ်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် မယုံနိုင်လောက်အောင် မြင့်မားပြီး ခမ်းနားထည်ဝါလှသည့် နန်းတော်ကြီး တစ်ခုသည် သူတို့၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
ထိုနန်းတော်ကြီးသည် ကောင်းကင်ထောက်တိုင် ကဲ့သို့ပင် ကောင်းကင်နှင့် မြေကြီးကြားတွင် တည်ရှိနေခဲ့ပြီး ပတ်ဝန်းကျင်ရှိ တောင်များထက်ပင် များစွာ ပို၍ မြင့်မားနေခဲ့သည်။
နန်းတော် တစ်ခုလုံးကို အစိမ်းဖျော့ဖျော့ ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး အလွန်တရာ ရှေးကျသော လျှို့ဝှက်ဆန်းကြယ်သည့် အစီအရင်များကို ထွင်းထား၏။
ဆိုရလျှင် နန်းတော် တစ်ခုလုံးသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျသော စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့ကာ တောက်ပသော နတ်အလင်းများဖြင့် လွှမ်းခြုံနေခဲ့သည်။
နန်းတော်၏ အလယ်ဗဟိုတွင်မူ ထာဝရရှင်သန်ခြင်း နန်းတော်ဟု ထင်ထင်ရှားရှားပင် ထွင်းထုထား၏။
သူ့ရှေ့မှ နန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ နန်းတော် ဆိုသည်မှာ ထင်ရှားနေခဲ့သည်။
ကျန်းချန်တို့ လူစု ထာဝရရှင်သန်ခြင်းနန်းတော်၏ အပြင်ဘက်တွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထာဝရရှင်သန်ခြင်းနန်းတော်၏ ပိတ်ထားသော တံခါးသည် ရုတ်တရက် ပွင့်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်နှင့် အရှိန်အဝါ အတော်လေး ဆင်တူသည့် ပုံရိပ်အချို့သည် ထာဝရရှင်သန်ခြင်း နန်းတော်ထဲကနေ အလျင်အမြန် ပျံထွက်လာခဲ့ကြသည်။
ထိုပုံရိပ်များ၏ အရှိန်အဝါသည် အလွန်တရာပင် ထူးခြား၏။
အားလုံးနီးပါးသည် ကပ်ဘေးအဆင့်ကို ရောက်ရှိနေကြပြီး ထိုအထဲမှ အနည်းဆုံး သုံးယောက်လောက်သည် ရှချင်းလီထက် မနိမ့်ကျပေ။
အထူးသဖြင့် ခေါင်းဆောင်ဖြစ်သည့် အနီရောင်မျက်ခုံးနှင့် အဘိုးအို၏ အရှိန်အဝါသည် ကြယ်တာရာကောင်းကင်ယံ ကဲ့သို့ ကျယ်ပြောလှပြီး အတိုင်းအဆမရှိ နက်ရှိုင်းသည်။
ထိုပုဂ္ဂိုလ်၏ ရှေ့သို့ ရောက်သွားသည်နှင့် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလိုပင် ခံစားရလိမ့်မည် ဖြစ်၏။
လနတ်နန်းတော်၏ နန်းတော်သခင်မနှင့် ရင်ဆိုင်ခဲ့ရစဥ်ကပင် ကျန်းချန်သည် ထိုကဲ့သို့ ခံစားချက်မျိုးကို မခံစားခဲ့ရဖူးပေ။
ဤကျိလင် နတ်ဆိုး သားရဲ မျိုးနွယ်စု၏ အဘိုးအိုသည် ကပ်ဘေးအဆင့် သို့မဟုတ် နတ်ဘုရင်အဆင့်ထက် ကျော်လွန်သော ပုဂ္ဂိုလ် ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိပေ။
“ကျိယောင်.. အင်မော်တယ်ဘုရင် ချန်ထားရစ်ခဲ့တဲ့ စမ်းသပ်မှုကို တစ်ယောက်ယောက်က အောင်မြင်သွားတာလား”
ခေါင်းဆောင်ဖြစ်သည့် မျက်ခုံးအနီရောင်နှင့် အဘိုးအိုက ကျန်းချန်တို့ သုံးဦးကို သူ၏ မျက်ဝန်းများဖြင့် အသာအယာ ဝေ့ကြည့်လိုက်ပြီးနောက်တွင် ခရမ်းရောင်ဝတ်စုံဝတ် လူငယ်ကို မေးလိုက်သည်။
ကျိယောင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။
“မျိုးနွယ်စုခေါင်းဆောင်ကျိ.. ဒီကျန်းချန် ဆိုတဲ့ တစ်ယောက်က ထူးခြားတဲ့ ပါရမီရှိတယ်.. အဆင့်တူအတွင်း ဆိုရင် ကျွန်တော်တောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
ထိုစကားကိုကြားလျှင် မျက်ခုံးအနီရောင်နှင့် အဘိုးကြီး၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူတို့ ကျိလင်နတ်ဆိုးသားရဲ မျိုးနွယ်စု၏ ဘိုးဘေးများသည် ထာဝရရှင်သန်ခြင်း နန်းတော်သခင် လက်အောက်ရှိ နတ်သားရဲများ ဖြစ်ကြပြီး သူတို့၏ စွမ်းအားသည် အလွန်တရာပင် သန်မာကြသည်။
သူတို့က သူတို့ ဘိုးဘေးများလောက် မသန်မာကြသော်လည်း ဤကမ္ဘာမှ ကျင့်ကြံသူများသည် သူတို့ကို သေချာပေါက် ယှဥ်နိုင်မည် မဟုတ်ပေ။
ဤနှစ်များ တစ်လျှောက်လုံးတွင် သူတို့သည် ဤကမ္ဘာမှ ပါရမီရှင် အများအပြားကို မြင်ဖူးခဲ့ကြသည်။
အဆင့်တူအတွင်း ဆိုလျှင်ပင် သူတို့ ကျိလင်နတ်ဆိုးသားရဲမျိုးနွယ်စုဝင်များထက် များစွာ ပို၍ ညံ့ဖျင်းကြ၏။
မျက်ခုံးအနီရောင်နှင့် အဘိုးကြီးသည် ဤကမ္ဘာတွင် အင်မော်တယ်ဘုရင် အတွက် သင့်တော်သည့် အမွေဆက်ခံသူ တစ်ယောက်ကို ရှာဖွေရန်မှာ မဖြစ်နိုင်ဟု မူလက ထင်ခဲ့သော်လည်း ကျိယောင်က တစ်စုံတစ်ယောက်ကို ခေါ်လာနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ကောင်လေး.. မင်းက ကျိယောင်ကို အနိုင်ရခဲ့တာဆိုတော့ အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ အရည်အချင်းရှိတယ်.. ငါနဲ့အတူ ထာဝရရှင်သန်ခြင်းနန်းတော်ထဲကို လိုက်လာခဲ့ပါ”
မျက်ခုံးအနီရောင်နှင့် အဘိုးကြီးက ကျန်းချန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
ကျိလင်နတ်ဆိုးသားရဲ မျိုးနွယ်စုသည် သူတို့ ဘိုးဘေးများ၏ တာဝန်ကို ဆက်ခံခဲ့ကြသည်။
သူတို့ မျိုးဆက်ပေါင်း များစွာသည် အမွေဆက်ခံသူကို ရှာဖွေရန်အတွက် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ကိုယ်စား အမွေအနှစ်ကို စောင့်ကြပ်ပေးခဲ့ကြ၏။
အကယ်၍ သူတို့ရှေ့မှ ကောင်လေးသာ အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို အမှန်တကယ် ရနိုင်မည် ဆိုလျှင် ယင်းသည် သူတို့ ကျိလင်နတ်ဆိုးသားရဲ မျိုးနွယ်စု အတွက် ကောင်းမွန်သော ကိစ္စပင် မဟုတ်ပါလော။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အနီရောင်မျက်ခုံးနှင့် အဘိုးအိုကို ဂါဝရပြုလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
သူ ဤတစ်ခေါက် ထာဝရသက်ရှည်တောင်တန်းကို ရောက်လာသည်မှာ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန် ဖြစ်သော်လည်း ဤကဲ့သို့ အခွင့်အရေးမျိုးနှင့် ကြုံကြိုက်နေရပြီဖြစ်၍ ကျန်းချန်သည် သဘာဝကျစွာပင် အလွယ်တကူ လက်လွှတ်ခံမည် မဟုတ်ပေ။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် အင်မော်တယ်လောကမှ အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ပြီး အင်မော်တယ်ဧကရာဇ် ရှချင်းထက်ပင် မနိမ့်ကျသည့် ပုဂ္ဂိုလ်တစ်ပါးပင် ဖြစ်နိုင်ပေသည်။
အကယ်၍ သူသာ ထိုပုဂ္ဂိုလ်၏ အမွေအနှစ်ကို ရရှိနိုင်မည် ဆိုလျှင် သူ၏ ခွန်အားသည် သေချာပေါက် မြင့်တက်လာမည်ဖြစ်ပြီး အုပ်စိုးသူ အဆင့်ကို ထိုးဖောက်ရန်ပင် ခက်ခဲမည် မဟုတ်ပေ။
ထိုအချိန်သို့ ရောက်လျှင် နတ်ကုန်းမြေတိုက်ကို ကျူးကျော်လာသည့် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် သူ့ကို မည်သည့် ခြိမ်းခြောက်မှုမှ ပေးနိုင်တော့မည် မဟုတ်ချေ။
သို့သော်လည်း ကျန်းချန်တို့ သုံးယောက်က ထာဝရရှင်သန်ခြင်း နန်းတော်ထဲကို ဝင်ရန် ပြင်နေစဥ်မှာပင် ကောင်းကင်နှင့်မြေကြီး ကြားတွင် ပြင်းထန်သော စွမ်းအား လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့သည်။
သိပ်မကြာခင်မှာပင် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် အနက်ရောင်ပုံရိပ်တချို့သည် အဝေးရှိ ကောင်းကင်ယံကနေ ထာဝရ ရှင်သန်ခြင်းနန်းတော် ဆီသို့ အလျင်အမြန် ပျံသန်းလာခဲ့ကြသည်။
တစ်ခဏအတွင်းမှာပင် အနက်ရောင်ပုံရိပ် အချို့သည် ထာဝရရှင်သန်ခြင်းနန်းတော်နှင့် ပေတစ်ထောင် အကွာတွင် ပေါ်လာခဲ့ပြီး အေးစက်စက် အသံတစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
“ကျိထျန်းမိန်.. မင်း အဲဒီကောင်လေးကို အင်မော်တယ်ဘုရင်ရဲ့အမွေအနှစ် ဆက်ခံခိုင်းချင်တယ် ဆိုရင် ငါတို့ အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုက သဘောတူ မတူ အရင်မေးရလိမ့်မယ်”
အခန်း(၂၃၉၇)ပြီး၏။
အခန်း(၂၃၉၈)
ကျန်းချန်က တုန်လှုပ်သွားခဲ့ပြီး လေထဲမှ အနက်ရောင်ပုံရိပ်ကို ခေါင်းမော့၍ ကြည့်လိုက်သည်။
ကြောက်မက်ဖွယ်ရာကောင်းသော အနက်ရောင်ပုံရိပ်များမှာ အနက်ရောင်မီးလျှံများဖြင့် ပြည့်နှက်နေသော ဖီးနစ်များဖြစ်နေသည်ကို သူ မြင်လိုက်ရသည်။
ထိုအနက်ရောင်ဖီးနစ်များသည် ဝေဟင်ကနေ ထိုးဆင်းလာခဲ့ပြီး ကျန်းချန်တို့ ရှေ့သို့ မဆင်းသက်မီတွင် အနက်ရောင်ဝတ်စုံဝတ်ပုံရိပ်များ အဖြစ် ပြောင်းလဲသွားကြ၏။
အထူးသဖြင့် ခေါင်းဆောင်ဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ခန္ဓာကိုယ်ပေါ်မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ကျိလင် နတ်ဆိုးသားရဲ မျိုးနွယ်စုမှ အနီရောင်မျက်ခုံးနှင့် အဘိုးအိုထက် မနိမ့်ကျပေ။
ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
“မင်းတို့ ကျိလင်နတ်ဆိုးသားရဲ မျိုးနွယ်စု အပြင် ဒီနေရာမှာ တခြား နတ်ဆိုးသားရဲတွေလည်း ရှိနေသေးတယ်လား”
“ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ လက်အောက်မှာ အရင်က နတ်သားရဲနှစ်ကောင် ရှိခဲ့ဖူးတယ်.. တစ်ကောင်က ငါတို့ ကျိလင်နတ်ဆိုးသားရဲမျိုးနွယ်စုရဲ့ ဘိုးဘေး ဖြစ်ပြီး နောက်တစ်ကောင်ကတော့ အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲမျိုးနွယ်ရဲ့ ဘိုးဘေးပဲ"
"ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ကျဆုံးသွားတဲ့အခါ ငါတို့ဘိုးဘေးနဲ့ အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုရဲ့ ဘိုးဘေးတို့က သဘောထား ကွဲလွဲခဲ့ကြတယ်.. ငါတို့ဘိုးဘေးက အင်မော်တယ်ဘုရင်ရဲ့ ဆန္ဒအတိုင်း လိုက်နာချင်ပေမဲ့ အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုရဲ့ ဘိုးဘေးကတော့ အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို သူ့ရဲ့အပိုင်အဖြစ် သိမ်းပိုက်ချင်ခဲ့တယ်"
"နောက်ဆုံးမှာတော့ ဘိုးဘေးနှစ်ယောက်က တိုက်ခိုက်ခဲ့ကြတယ်.. ဒီတိုက်ပွဲမှာ ငါတို့ရဲ့ဘိုးဘေးက အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုရဲ့ဘိုးဘေးကို အနိုင်ရပြီး ထာဝရရှင်သန်ခြင်း နန်းတော်ကနေ နှင်ထုတ်ခဲ့တယ်.. ဒါပေမဲ့ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို ရယူဖို့အတွက် ဘယ်တုန်းကမှ လက်မလျော့ခဲ့ဘူး”
ကျိယောင်ဟု အမည်ရသော ကျိလင် နတ်ဆိုးသားရဲ မျိုးနွယ်စုဝင် လူငယ်သည် သူ့ရှေ့မှ အနက်ရောင်ပုံရိပ်များကို ကြည့်ရင်း ရှင်းပြလိုက်သည်။
သူ၏ အမူအရာသည် တစ်ခဏအတွင်း ပို၍ လေးနက်သွားခဲ့၏။
ကျိယောင်၏ စကားကိုကြားလျှင် ကျန်းချန်သည် ချက်ချင်းဆိုသလို နားလည်သွားခဲ့သည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ကျဆုံးသွားပြီးနောက်တွင် အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စု၏ ဘိုးဘေးသည် သူ့ကို မည်သူမျှ မခြိမ်းခြောက်နိုင်တော့ဟု ထင်မြင်ကာ သူ၏ စိတ်နှလုံးထဲရှိ ရည်မှန်းချက်များ ကြီးထွားလာခဲ့ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်၏။
ယခုအခါတွင် ကျိလင် နတ်ဆိုးသားရဲ မျိုးနွယ်စုသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ဆန္ဒကို လိုက်နာပြီး အမွေဆက်ခံသူကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ရာ အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုသည် အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို တခြားလူ ရရှိသွားမည်ကို သဘာဝကျစွာပင် မလိုလားခဲ့ပေ။
ဆိုရလျှင် အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုမှ လူများသည် အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို သူ မရရှိစေရန်အတွက် တားဆီးရန် ရောက်လာသည်မှာ ထင်ရှားနေခဲ့၏။
“ရွမ်ရှောင်.. အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ် ဆိုတာ မင်းနဲ့ငါ လက်လှမ်းမီနိုင်တဲ့အရာ မဟုတ်ဘူး. အင်မော်တယ်ဘုရင်မှာ နောက်ဆုံးလက်ကျန် အစီအစဥ် မရှိဘူးလို့ မင်းတကယ်ပဲ ထင်နေတာလား.. မင်းတို့ အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုက အင်မော်တယ်ဘုရင်ရဲ့ လက်အောက်ငယ်သားဖြစ်ဖူးတာကို ထောက်ထားပြီး ငါမင်းကို အကြံပေးချင်တယ်.. အခုပဲ မင်းလုပ်ရပ်ကို ရပ်တန့်လိုက်ပါ.. ဒါဆိုရင် အချိန်မီပါသေးတယ်”
ကျိထျန်းမိုင်က အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုကို ဦးဆောင်လာသော အဘိုးအိုအား ကြည့်ကာ ပြောလိုက်သည်။
သူ့အမူအရာက အနည်းငယ် ပျက်ယွင်းနေခဲ့၏။
သူတို့က အင်မော်တယ်ဘုရင်၏ အမွေဆက်ခံနိုင်မည့် အရည်အချင်းရှိသူ တစ်ဦးကို ရှာတွေ့ရုံသာ ရှိသေးသော်လည်း အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုမှ အဖွဲ့ဝင်များသည် ထာဝရရှင်သန်ခြင်း နန်းတော် ဆီသို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့ကြ၏။
အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုသည် သူတို့ကို တားဆီးရန်နှင့် အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံခြင်းအား ဟန့်တားရန် ဆုံးဖြတ်ထားပုံ ရသည်။
“ကျိထျန်းမိုင်...တကယ်တော့ မင်းတို့ ကျိလင်နတ်ဆိုးသားရဲမျိုးနွယ်စုက အရမ်းကို တုံးအတဲ့ မျိုးနွယ်စုပဲ.. ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ကျဆုံးသွားခဲ့ပြီ.. ငါတို့ မျိုးနွယ်စုနှစ်ခုသာ လက်တွဲလိုက်မယ်ဆိုရင် အင်မော်တယ်ရဲ့အမွေအနှစ်က ငါတို့ရဲ့ လက်ထဲကို ရောက်လာမှာ အသေအချာပဲ.. ဘာလို့ မင်းက အင်မော်တယ်ဘုရင်ရဲ့ နောက်ဆုံးစကားတွေကို မိုက်မိုက်မဲမဲ လိုက်နာပြီး အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ အပြင်လူကို ရှာနေရတာလဲ”
ရွမ်ရှောင်က ကျိထျန်းမိုင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“တကယ်လို့ ငါတို့သာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချန်ထားရစ်ခဲ့တဲ့ အရာအားလုံးကို ရနိုင်မယ်ဆိုရင် အင်မော်တယ် လောကကို ပြန်သွားချင်ရင်တောင် အလွယ်လေးပဲဆိုတာ မင်းသိပါတယ်”
ကျိထျန်းမိုင်၏ အကြည့်များက အေးစက်သွားခဲ့သည်။
“ရွမ်ရှောင်.. လမ်းမတူရင် အတူတူသွားလို့မရဘူး.. ငါ့ကိုလာပြီး ဖြားယောင်းမနေနဲ့.. ငါတို့ ကျိလင် နတ်ဆိုးသားရဲ မျိုးနွယ်စုက အင်မော်တယ်ဘုရင်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး”
“မင်းက အရမ်းကို မိုက်မဲတဲ့ကောင်ပဲ”
ရွမ်ရှောင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
“ကောင်းပြီလေ.. ဒီနေ့ မင်းတို့ သူတို့ကို ထာဝရရှင်သန်ခြင်းနန်းတော်ထဲ ဘယ်လိုခေါ်သွားမလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”
စကားဆုံးသည်နှင့် ရွမ်ရှောင်၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အဖြူနှင့်အမည်း ရောယှက်နေသော မီးလျှံများ တောက်ပလာခဲ့ပြီး သူ၏ လက်ဖဝါးထက်၌ အနက်ရောင် လှံရှည်တစ်လက် ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုလှံရှည်တွင် အနက်ရောင် ဖျက်ဆီးခြင်း မီးလျှံများ တောက်ပနေခဲ့၏။
ရွမ်ရှောင်က အနက်ရောင်လှံရှည်ဖြင့် ကျိထျန်းမိုင်ကို တိုက်ခိုက်လိုက်သည်။
ထိုလှံ၏ စွမ်းအားသည် လေထုကို တိုက်ရိုက် လောင်ကျွမ်းစေပြီး မြေပြင်ပေါ်တွင် ရှည်လျားသော ဓားရာ တစ်ခုပင် ဖြစ်သွားစေခဲ့သည်။
သိထားရမည့်အချက်မှာ ဤထာဝရသက်ရှည်တောင်တန်းတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချမှတ်ထားသည့် အမြင့်မြတ်ဆုံး ကန့်သတ်စွမ်းအားများ ရှိ၏။
ယင်း ကန့်သတ်စွမ်းအားသည် အချိန်ကြာလာသည်နှင့်အမျှ အတော်လေး အားနည်းသွားပြီ ဖြစ်သော်လည်း အလွန်တရာအစွမ်းထက်နေဆဲပင်။
နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူတစ်ဦး ပင်လျှင် ဤနေရာရှိ အပင်များကို အနည်းငယ်မျှပင် ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။
ဤအချက်ကို ကြည့်ချင်းအားဖြင့် ရွမ်ရှောင်၏ လှံချက်သည် မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်သို့ ရောက်ရှိနေမှန်း သိနိုင်ပေသည်။
ကျိထျန်းမိုင်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏ ကျောဘက်တွင် ကြီးမားသော ခရမ်းရောင် ယူနီကွန်း ပုံရိပ်ယောင် တစ်ခု စုစည်းလာခဲ့သည်။
ခရမ်းရောင် ယူနီကွန်း ပုံရိပ်ယောင်သည် ကောင်းကင်ယံသို့ မော့ကြည့်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက်တွင် ဖိအားပေးနိုင်သော ခရမ်းရောင်စွမ်းအားများ အဖြစ်သို့ ပြောင်းလဲသွားကာ ကျိထျန်းမိုင်၏ လက်သီးထဲတွင် စုစည်းသွားခဲ့သည်။
ထို့နောက်တွင်မူ ကျိထျန်းမိုင်သည် ရွမ်ရှောင်၏ လှံချက်ကို လက်သီးချက်ဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
“ဝုန်း..”
ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားနှစ်ခုသည် လေထုထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
သူတို့နှစ်ဦး၏ တိုက်ခိုက်မှုကို ဗဟိုပြု၍ ကြီးမားသော အနက်ရောင် တွင်းပေါက်ကြီး တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း ထိုအနက်ရောင် တွင်းပေါက်ကြီးကို ပတ်ဝန်းကျင်ရှိ ကန့်သတ်စွမ်းအားများသည် မကြာမီမှာပင် ပြန်လည် ဖိနှိပ်လိုက်ကြသည်။
အကယ်၍သာ ကန့်သတ်စွမ်းအားများဖြင့် ဖိနှိပ်မထားခဲ့လျှင် ဤနှစ်ယောက်၏ အစွမ်းကုန် တိုက်ခိုက်မှုသည် ထာရသက်ရှည်တောင်တန်း၏ ထက်ဝက်ခန့်ကို လုံးဝ ဖျက်ဆီးပစ်ရန် လုံလောက်၏။
“ဒါက နတ်ဘုရင်အဆင့် အထက်က စွမ်းအားလား.. တကယ်ကို ကြောက်စရာပဲ”
ကျန်းချန်က တိုက်ပွဲကို မျက်တောင်မခတ်ဘဲ ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဤအဘိုးအို နှစ်ယောက်၏ ခွန်အားသည် အမှန်တကယ်ပင် သန်မာလွန်း၏။
သူ၏ လက်ရှိခွန်အားဖြင့် အင်မော်တယ်ကျောက်တိုင်ကို အစွမ်းကုန် အသုံးပြုလျှင်ပင် ထိုနှစ်ယောက်ကို ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။
ကျန်းချန်၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် ကျိထျန်းမိုင်၏ ကြောက်မက်ဖွယ် လက်သီးချက်သည် ရွမ်ရှောင်၏ လှံချက်နှင့် ခဏမျှ အားပြိုင်ပြီးနောက်တွင် အဆုံးသတ်၌ အရေးနိမ့်သွားခဲ့သည်။
ခရမ်းရောင် လက်သီး အလင်းကို ရွမ်ရှောင်၏ လှံပေါ်ရှိ အနက်ရောင် ဖျက်ဆီးခြင်း မီးလျှံက တိုက်ရိုက် ဝါးမျိုသွားသည်ကို သူ မြင်လိုက်ရ၏။
သိပ်မကြာခင်မှာပင် ကျိထျန်းမိုင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မြေပြင်ပေါ်တွင် ခြေဆယ်လှမ်းထက် မနည်း နောက်ဆုတ်သွားခဲ့ရပြီး မျက်နှာတစ်ခုလုံးသည်လည်း ချက်ချင်းဆိုသလို အလွန်အမင်း ဖြူဖျော့သွားခဲ့၏။
သူက နေရာမှာပင် မလှုပ်မယှက် ဝံ့ကြွားစွာ ရပ်နေဆဲ ဖြစ်သော ရွမ်ရှောင်ကို ထိတ်လန့်တကြား အမူအရာဖြင့် ကြည့်ကာမေးလိုက်သည်။
“အင်မော်တယ်စွမ်းအား.. မင်း.. မင်း.. အင်မော်တယ်လမ်းစဥ်ကို ထိတွေ့နိုင်ခဲ့ပြီလား”
“ဟုတ်တယ်.. ငါအင်မော်တယ်လမ်းစဥ်ကို တကယ်ပဲ ထိတွေ့နိုင်ခဲ့ပြီ”
ရွမ်ရှောင်က အေးစက်သော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ကျိထျန်းမိုင်.. မင်းအခု ထွက်သွားမယ်ဆိုရင် အချိန်မီသေးတယ်.. ငါထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို ရယူပြီးရင် အင်မော်တယ် အဆင့်ကို သေချာပေါက် ထိုးဖောက်နိုင်မှာပဲ.. အဲဒီအချိန်ကျရင် မင်းတို့အားလုံးကို ဒီနေရာကနေ ခေါ်ထုတ်ပြီး အင်မော်တယ်လောကဆီ ပြန်သွားကြမယ်”
“ရွမ်ရှောင်.. အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို မင်းလက်လျှော့လိုက်ဖို့ ငါအကြံပေးချင်တယ်”
ကျိထျန်းမိုင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
“အင်မော်တယ်ဘုရင်ရဲ့ နည်းလမ်းတွေက ခန့်မှန်းလို့ မရဘူး.. မင်း အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို ဘယ်လိုမှ မရနိုင်ဘူး ရွမ်ရှောင်.. တကယ်လို့ မင်းအင်မော်တယ်လောကကို ပြန်ချင်တယ်ဆိုရင် အင်မော်တယ်ဘုရင် အတွက် အမွေဆက်ခံသူကို ရှာပေးတာ အကောင်းဆုံးပဲ”
“ကျိထျန်းမိုင်.. မင်းတော်တော် စကားများတာပဲ”
ရွမ်ရှောင်၏ အမူအရာက တစ်ခဏအတွင်းမှာပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလောက်သည် အထိ ပြောင်းလဲသွားခဲ့သည်။
“ငါမင်းတို့ ကျိလင် နတ်ဆိုးသားရဲ မျိုးနွယ်စုကို အခွင့်အရေးပေးခဲ့ပြီးပြီ.. အခြေအနေကို နားမလည်ဘူး ဆိုမှတော့ ငါ့ကို ညှာတာမှု မရှိဘူး ဆိုပြီး အပြစ်မတင်နဲ့တော့”
ထိုစကားကို ပြောနေစဥ် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အနက်ရောင်မီးလျှံများ ဖုံးလွှမ်းနေခဲ့ပြီး ရှေးဟောင်းနတ်ဆိုး နတ်ဘုရား တစ်ပါး ကဲ့သို့ ဖြစ်နေခဲ့သည်။
လေထုထဲရှိ ရွမ်ရှောင်ကို ကြည့်ကာ ကျိထျန်းမိုင်၏ အမူအရာသည် ပုံမှန်ထက် လေးနက်နေခဲ့၏။
“ရွမ်ရှောင်.. ငါတို့ ကျိလင် နတ်ဆိုးသားရဲ မျိုးနွယ်စုရဲ့ ဘိုးဘေးက မင်းတို့ရဲ့ ဘိုးဘေးကို လုပ်ဖော်ကိုင်ဖက်တွေလို့ မတွေးခဲ့ဘူးဆိုရင် မင်းတို့ရဲ့ဘိုးဘေးက သေသွားတာ ကြာလောက်ပြီ.. အခု လက်ရှိ အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စု ဆိုတာ ဘယ်လိုလုပ်ပြီး ရှိနေနိုင်တော့မှာလဲ အင်မော်တယ်ဘုရင်အဆင့်က သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး.. မင်းတို့ရဲ့ ဘိုးဘေးက သူ့ကို သစ္စာဖောက်မှာကို သူ တကယ်ပဲ မသိဘူးလို့ မင်းထင်နေလား”
အခန်း(၂၃၉၈)ပြီး၏။