← Chapters

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း (၃၁၆) - ကံကြမ္မာ အခွင့်အရေး၊ နတ်မိမယ် မဟာမိတ် - အပိုင်း (၄)

~ထိုအစိမ်းရောင် အလင်းတန်းသည် မိစ္ဆာများကို သန့်စင်ပေးနိုင်ရုံသာမက ဖိနှိပ်ချုပ်တည်းနိုင်စွမ်းလည်း ရှိသည်။

အကယ်၍ မိစ္ဆာသားရဲတစ်ကောင်သည် အစိမ်းရောင် အလင်းတန်း၏ ဖိနှိပ်မှုကို ဖောက်ထွက်နိုင်ခြင်း မရှိပါက သေလမ်းမှလွဲ၍ အခြားလမ်းမရှိပေ။

“ပစ္စည်းကောင်းပဲ...”

ရက်အနည်းငယ် ကြာသောအခါ...

တာအိုရုပ်သေးသည် တာယွဲ့တောင်တန်း ၏ နက်ရှိုင်းသော နေရာသို့ ရောက်ရှိလာခဲ့သည်။ ထိုကာလအတွင်း သူသည် သဘာဝ ဝိညာဉ်စွမ်းအင်များကို စုပ်ယူသန့်စင်ရန် ဝိညာဉ်သန့်စင်အိုးကို အသက်သွင်းခဲ့၏။ တာယွဲ့တောင်တန်း၏ အတွင်းပိုင်းသို့ ရောက်ရှိချိန်တွင် ဝိညာဉ်သန့်စင်အိုးထဲ၌ တတိယအဆင့်နိမ့် ဝိညာဉ်အရည် တစ်စက် စုစည်းပြီးနေပြီ ဖြစ်သည်။

“ကြည့်ရတာ... ဒီဝိညာဉ်သန့်စင်အိုးက အခုဆို တတိယအဆင့် မြင့်မားသော ဝိညာဉ်အရည် ကိုပါ စုစည်းနိုင်စွမ်း ရှိနေပြီ ထင်တယ်”

သူ့ရင်ထဲတွင် အံ့သြဝမ်းမြောက်သွားမိ၏။

တတိယအဆင့် မြင့်မားသော ဝိညာဉ်အရည်...

ဝိညာဉ်အပင်များ ကြီးထွားလာစေရန် အသက်သွင်းသည်ဖြစ်စေ၊ ကျင့်ကြံခြင်းအတွက် အသက်သွင်းသည်ဖြစ်စေ ၎င်း၏ တန်ဖိုးသည် သာမန် မဟုတ်ချေ။

"လေ့ထင်း ဈေးကွက်" ကဲ့သို့သော နေရာမျိုးရှိ ကုန်သွယ်မှု စည်းဝေးပွဲများတွင်ပင် တတိယအဆင့် မြင့်မားသော ဝိညာဉ်အရည် ပေါ်ထွက်လာသည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ယခုမူ... သူ့လက်ထဲရှိ ဝိညာဉ်သန့်စင်အိုးသည် တတိယအဆင့် မြင့်မားသော ဝိညာဉ်အရည်များကို အမြောက်အမြား ထုတ်လုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

သူသည် ဝိညာဉ်သန့်စင်အိုးကို ရွှေရောင်မျက်လုံး လက်စွပ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်၏။ ကပျာကယာပင် တတိယအဆင့်နိမ့် "အရှိန်အဝါ ထိန်းချုပ်ခြင်း အဆောင်" နှင့် "ကိုယ်ပျောက် အဆောင်လက်ဖွဲ့" တို့ကို အသက်သွင်းလိုက်၏။ ထို့နောက် လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက် ကောင်းကင်ဂူ တည်ရှိရာ နေရာသို့ တိတ်တဆိတ် ဦးတည်ထွက်ခွာလိုက်တော့သည်။

မကြာမီ...

တာအိုရုပ်သေးသည် လျှိုမြောင်တစ်ခုအတွင်းရှိ အက်ကြောင်း တစ်ခုထဲတွင် "မြေကမ္ဘာ လွတ်မြောက်ခြင်း စွမ်းရည်" ကို အသက်သွင်းလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

အောက်ဘက်တွင်...

မြေအောက်ကမ္ဘာ...

တာအိုရုပ်သေး ပျောက်ကွယ်သွားသည်မှာ နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်ရာ၊ "ကောင်းကင်မိုးကြိုး ကြွက်ဘုရင်" နှင့် အခြားသော မိစ္ဆာဘုရင် လေးပါးတို့သည် အသီးသီး ပြန်လည် အိပ်စက်အနားယူကာ ကျင့်ကြံနေကြပြီ ဖြစ်၏။ မြေအောက်ကမ္ဘာ တစ်ခုလုံးသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

သို့သော် ယခုအခါ မိုးကြိုးလျှပ်စီးများ တဖျပ်ဖျပ် လက်နေသော ခုတင်ပေါ်တွင် လဲလျောင်းနေသည့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာတော့၏။

၎င်းသည် မြေပြင်ပေါ်တွင် ကင်းစောင့်ရန် မြေကြွက်အများအပြားကို စေလွှတ်ထားခဲ့သည်။

မြေကြွက်များ၏ မြေကြီးအာရုံခံနိုင်စွမ်းကြောင့် မြေလွှာတွင် အပြောင်းအလဲ အနည်းငယ် ဖြစ်ပေါ်သည်နှင့် အနီးနားရှိ မြေကြွက်များသည် ပုံမှန်မဟုတ်သော အခြေအနေကို သိရှိနိုင်ကြ၏။

ယခုလေးတင် မြေကြွက်များအကြား ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်ကို ကောင်းကင်မိုးကြိုး ကြွက်ဘုရင်.. သတိပြုမိလိုက်သည်။

ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ မျက်လုံးများတွင် လျှပ်စီးများ လက်သွားပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ပြည့်နှက်သွား၏။

“သူ.. ပြန်ရောက်လာပြီလား”

“အရင်တုန်းက ပျောက်သွားပြီးတော့... အခု ပြန်ပေါ်လာပြန်ပြီလား”

“ဝှစ်..”

ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် ပျံသန်းထွက်ခွာသွားပြီး အခြားသော မိစ္ဆာဘုရင် သုံးပါးကို တိတ်တဆိတ် သတိပေးလိုက်သည်။

ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် ဂူအောင်းရာမှ ဒုံးပျံသဖွယ် ပျံတက်သွားပြီး မြေအောက်ကမ္ဘာ၏ ကောင်းကင်ယံသို့ ရောက်ရှိချိန်တွင်၊ အပေါ်ဘက် မြေလွှာများတွင် အပြောင်းအလဲ ဖြစ်ပေါ်နေသည်ကို အတိအကျ အာရုံခံမိလိုက်လေ၏။

“လူသား... မင်း သေလမ်းရှာနေတာပဲ”

ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် စူးရှစွာ အော်ဟစ်လိုက်ရာ အသံလှိုင်းများသည် မြေအောက်ကမ္ဘာ တစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။

“ဘုန်း...”

နောက်တစ်ခဏတွင်...

ကြောက်စရာ ကောင်းလှသော မိုးကြိုးလျှပ်စီးကြောင်းကြီး တစ်ခုသည် ၎င်း အာရုံခံမိသော မြေလွှာဆီသို့ ပစ်ခတ်ကျရောက်သွား၏။

ထိုတိုက်ခိုက်မှုသည် ကြောက်စရာကောင်းသော လျှပ်စီးမြွေကြီးများ တစ်ကောင်ပြီးတစ်ကောင် တွားသွားနေသကဲ့သို့ပင်။

“ဘုန်း...”

ထိုတိုက်ခိုက်မှုကြောင့် ထိုနေရာရှိ မြေကြီးများနှင့် မီးတောင်ချော်ရည်များသည် မိုးကြိုးဒဏ်ကြောင့် ပျက်စီးသွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့၏။

သို့သော် နောက်တစ်စက္ကန့်တွင်...

ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားပြီး မျက်လုံးများ ပြူးကျယ်ကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားတော့သည်။

အကြောင်းမူကား ယခင်က သူ့အပေါ်တွင် ရှိနေသော အရှိန်အဝါသည် မည်သို့မည်ပုံ ရောက်လာမှန်း မသိရဘဲ သူ့အနောက်ဘက်တွင် ပေါ်လာသောကြောင့်ပင်။

ဒါ...

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒါ ဘယ်လို အမြန်နှုန်းမျိုးလဲ။

ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ အနောက်ဘက် မလှမ်းမကမ်းတွင် နေရာရွှေ့ပြောင်းရန် နေရာလပ်စွမ်းအား ကို အသက်သွင်းလိုက်သော တာအိုရုပ်သေး ပေါ်ထွက်လာ၏။ သူသည် ဧရာမ ကြွက်မိစ္ဆာဘုရင်ကြီးနှင့် ၎င်း၏ ကြောက်စရာ မိုးကြိုးလျှပ်စီး စွမ်းအားများကို ကြည့်လိုက်သည်။

တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ တာအိုရုပ်သေးသည် တတိယအဆင့်နိမ့် "ကြေးမုံလမင်း အဆောင်" နှစ်ခုကို ထုတ်သုံးလိုက်၏။

“သွားစမ်း...”

“ဝီ...”

ဘယ်ဘက်တွင် တစ်ခု၊ ညာဘက်တွင် တစ်ခု ဖြစ်သော တတိယအဆင့်နိမ့် ကြေးမုံလမင်း အဆောင် နှစ်ခုသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ ထွက်ပေါက်လမ်းကြောင်း အားလုံးကို ပိတ်ဆို့လိုက်သည်။

ကောင်းကင်မိုးကြိုး ကြွက်ဘုရင် အနေဖြင့် တာအိုရုပ်သေး သူ့အနောက်ရောက်နေကြောင်း သတိထားမိပြီး တုံ့ပြန်ရန် ပြင်လိုက်ချိန်မှာပင်၊ ကြေးမုံလမင်း အဆောင် နှစ်ခု၏ စွမ်းအားသည် သူ့အပေါ်သို့ ကျရောက်လာခဲ့ပြီ ဖြစ်၏။

မျက်စိတစ်မှိတ်အတွင်း...

ကမ္ဘာပျက်မတတ် ကြောက်စရာ မိုးကြိုးလျှပ်စီးများနှင့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်တို့သည် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး၊ သက်ဝင်လှုပ်ရှားနေသော "ဖက်မုန့်" ပန်းချီကားချပ် တစ်ခုအသွင် ပြောင်းလဲသွားတော့၏။ ထိုပန်းချီကားချပ်ထဲတွင် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ ပြူးကျယ်နေသော မျက်လုံးများနှင့် ထိတ်လန့်နေသော မျက်နှာအမူအရာကို အတိုင်းသား မြင်တွေ့နေရသည်။

“မူလကတော့ ငါ မင်းကို တိုက်ခိုက်ဖို့ အစီအစဉ် မရှိပါဘူး... ငါ့ဘာသာ အရှိန်အဝါ ထိန်းချုပ်ခြင်း အဆောင်နဲ့ ကိုယ်ပျောက် အဆောင်လက်ဖွဲ့ သုံးပြီး ဒီအတိုင်း ဖြတ်သွားမလို့ပါ”

“ဒါပေမဲ့ မင်းက သေချင်နေတာကိုး”

တာအိုရုပ်သေး၏ အေးစက်သော အသံသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။

“ဝီ...”

နောက်တစ်ခဏတွင်... ကြောက်စရာ ဝိညာဉ်စွမ်းအား တစ်ခု ရုတ်တရက် သက်ဆင်းလာသည်။

ကောင်းကင်ယံကို ဖြတ်သန်းပျံသန်းနေသော "တောင်ပံ နှစ်ဖက် ရွှေပုစဉ်း" တစ်ကောင်ကဲ့သို့ပင်။ ထိုတောက်ပသော ရွှေရောင် အတောင်ပံနှစ်ဖက်သည် နတ်ဘုရား လက်နက်တစ်ခုထက်ပင် ပိုမို ကြောက်စရာ ကောင်းလှပြီး၊ ဆိုးရွားသော အရှိန်အဝါများကို ထုတ်လွှတ်လျက် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ စိတ်ထဲသို့ မျက်စိတစ်မှိတ်အတွင်း ဝင်ရောက်သွားတော့သည်။

ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ ဝိညာဉ်သည် ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင်၊ တောင်ပံ နှစ်ဖက် ရွှေပုစဉ်းသည် မှန်းဆ၍မရနိုင်သော ကြောက်စရာ နတ်ဘုရား အရှိန်အဝါဖြင့် ထိတိုက်လိုက်၏။

ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ ဝိညာဉ်သည်.. ကပျာကယာ တောင်းပန်လိုက်သည်။

“အသက်ချမ်းသာပေးပါ...”

“မသတ်ပါနဲ့... ကျုပ်...”

“ဖောက်...”

ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ ဝိညာဉ် စကားမဆုံးခင်မှာပင် တောင်ပံ နှစ်ဖက် ရွှေပုစဉ်း၏ အတောင်ပံများသည် ၎င်း၏ စိတ်ဝိညာဉ်ပင်လယ် ကို ဖြတ်သန်းသွားပြီး ဝိညာဉ်ကို ပိုင်းဖြတ်လိုက်၏။

အပြင်လောကတွင်...

နေရာလပ်စွမ်းအား အတွင်း၌ ပိတ်မိနေပြီး ဖက်ထုပ် ပန်းချီကားချပ်အသွင် ပြောင်းလဲနေသော ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် စသည် (ဒွါရ ၇ ပေါက်) မှ သွေးများ ယိုစီးကျလာသည်။ အမွှေးအမျှင် တစ်ပင်ချင်းစီနှင့် အပြစ်အနာအဆာများကိုပါ ထင်ရှားစွာ မြင်တွေ့ရသော သွေးစွန်းနေသည့် မိစ္ဆာဘုရင် ပုံရိပ်တစ်ခုအဖြစ် ပေါ်ထွက်နေ၏။

"ရွှေပုစဉ်း လျှို့ဝှက် နည်းစနစ်"

တစ်ချက်တည်းနှင့်ပင် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ ဝိညာဉ်ကို ပြင်းထန်စွာ ဒဏ်ရာရရှိသွားစေခဲ့သည်။

ထို့နောက် တာအိုရုပ်သေးသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို လျင်မြန်စွာ ချိပ်ပိတ်လိုက်ပြီး "သားရဲထိန်းသိမ်း အိတ်" အတွင်းသို့ ထည့်လိုက်သည်။ နောက်တစ်ခဏတွင် သူ၏ ပုံရိပ်သည် ထပ်မံ ပျောက်ကွယ်သွားပြီး လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက် ကောင်းကင်ဂူ အခင်းအကျင်း အကာအကွယ် အနားတွင် ပြန်လည် ပေါ်လာ၏။

“ဝီ...”

တာအိုရုပ်သေး၏ အရှိန်အဝါ ပေါက်ကွဲထွက်လာပြီး၊ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ် အတွင်းရှိ ရုပ်သေးဝိညာဉ် ၏ စွမ်းအားကိုလည်း အသက်သွင်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း တာအိုရုပ်သေး ပတ်ဝန်းကျင်ရှိ နေရာလပ်သည် လှိုင်းဂယက်များ ထသွားပြီး သူ၏ ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

“ရပ်လိုက်...”

သို့သော် ထိုအချိန်မှာပင် စူးရှသော ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာပြီး နားကွဲမတတ် ဖြစ်သွားစေသည်။ ထိုဟိန်းဟောက်သံကြောင့် နေရာလပ်ပင် တုန်ခါသွားသကဲ့သို့ ထင်ရ၏။

“လူသား... နေခဲ့စမ်း...”

ထိုကြမ်းတမ်းသော ဟိန်းဟောက်သံသည် တာအိုရုပ်သေး၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

မလှမ်းမကမ်းတွင်...

တောင်ကြီးတစ်လုံးပမာ ကြီးမားလှသော "သံမဏိ နွားသိုးကြီး" ပေါ်လာသည်။ တာအိုရုပ်သေး၏ ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ၎င်းသည် ဒေါသအမျက် ခြောင်းခြောင်းထွက်လာ၏။

သံမဏိ နွားသိုးကြီးသည် ခွာတစ်ဖက်ကို မြှောက်လိုက်ပြီး ထိုနေရာသို့ ပြင်းထန်စွာ နင်းချလိုက်လေတော့သည်။

အခန်း (၃၁၇) - ကံကြမ္မာ အခွင့်အရေး၊ နတ်မိမယ် မဟာမိတ် - အပိုင်း (၅)

~“ဘုန်း...”

ခြေထောက် တစ်ချက် ဆောင့်နင်းလိုက်သည့် အသံနှင့်အတူ ပတ်ဝန်းကျင်ရှိ မြေအောက်ကမ္ဘာပြတ်ရွေ့ကြော တစ်ခုလုံး တုန်ခါသွားရုံသာမက၊ အထက်ဘက်ရှိ တာယွဲ့တောင်တန်း၏ အဓိက တောင်ကြီးများပါ လှုပ်ခါသွားခဲ့ရသည်။ မရေမတွက်နိုင်သော မိစ္ဆာကောင်များသည် လန့်ဖျပ်ကုန်ကြပြီး၊ အားနည်းသော ကောင်များမှာမူ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်ချောက်ခြားကုန်ကြ၏။

သို့သော် သံမဏိ နွားသိုးအိုကြီး ထိုနေရာသို့ ရောက်ရှိသွားချိန်တွင် ကြီးမားသော ခြေရာကြီး တစ်ခုမှလွဲ၍ ဘာမျှ မကျန်ရစ်တော့ချေ။

တာအိုရုပ်သေးသည် ခြေရာလက်ရာပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“နွားမည်းအိုကြီး... မင်း ဒီနေရာကို ဖျက်ဆီးပစ်တော့မလို့လား”

မြွေလိပ်အိုကြီး၏ အသံ ထွက်ပေါ်လာသည်။ သံမဏိ နွားသိုးကြီး၏ ဆောင့်နင်းလိုက်သော စွမ်းအားအပြည့်သည် ကမ္ဘာမြေကို တုန်ခါသွားစေလောက်ပြီး၊ မြေအောက်ကမ္ဘာပြတ်ရွေ့ကြော ခံနိုင်ရည်ရှိသော အတိုင်းအတာထက် ကျော်လွန်နေ၏။

ကံကောင်းထောက်မစွာပင် မြွေလိပ်အိုကြီးက အချိန်မီ အာရုံခံမိပြီး သူ၏ စွမ်းအားဖြင့် ထိုနေရာကို ကာကွယ်လိုက်နိုင်ခဲ့သည်။ သံမဏိ နွားသိုးကြီး၏ ခြေထောက်စွမ်းအားကို ဧရိယာအနည်းငယ်အတွင်း၌သာ ကန့်သတ်ထိန်းချုပ်လိုက်သဖြင့် ပျက်စီးမည့် ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့ခြင်း ဖြစ်၏။

သို့မဟုတ်ပါက သူတို့၏ အခြေစိုက်စခန်း ပျက်စီးသွားပေလိမ့်မည်။

တာအိုရုပ်သေး မရှိတော့သည်ကို မြင်လိုက်ရသောအခါ သံမဏိ နွားသိုးကြီးက ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။

“သေစမ်း...”

သူ့ခေါင်းကြီးကို ယမ်းခါလိုက်ပြီး နှာမှုတ်သံ တရွှီရွှီ ထွက်ပေါ်နေသော မျက်လုံးကြီးများဖြင့် မြွေလိပ်အိုကြီးကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။

“ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို ဟိုလူသားကောင် ဖမ်းသွားပြီ... ဒါ ငါတို့ သိက္ခာကို ချလိုက်တာပဲ... မင်းက ဘယ်လိုလုပ် ဘာမှမဖြစ်သလို နေနိုင်ရတာလဲ”

မြွေလိပ်အိုကြီးသည် သံမဏိ နွားသိုးကြီး ဆောင့်နင်းထားသော နေရာသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်၏။ မြေကြီးပေါ်ရှိ ခြေရာကြီးကို တစ်ချက်ကြည့်ပြီး ရှေ့နားရှိ အခင်းအကျင်း အကာအကွယ် ကို အကဲခတ်လိုက်သည်။ သူသည် စိုးရိမ်ပူပန်ပုံမရသလို ဒေါသထွက်ပုံလည်း မပေါ်ချေ။

မလှမ်းမကမ်းရှိ ကုန်းမို့လေးတစ်ခုပေါ်တွင် မျက်လုံးဖြူ ဝိညာဉ်ကျားဘုရင်၏ အနက်ရောင် ပုံသဏ္ဍာန် ပေါ်လာပြီး၊ အေးစက်သော မျက်လုံးများဖြင့် ထိုမြင်ကွင်းကို ကြည့်နေ၏။

မျက်လုံးဖြူ ဝိညာဉ်ကျားဘုရင်ထံမှ ရေခဲတမျှ အေးစက်သော အသံ ထွက်ပေါ်လာသည်။

“ခုနက အလွန် ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအား လှိုင်းတစ်ခုကို ငါ ခံစားလိုက်ရတယ်... ကောင်းကင်မိုးကြိုး ကြွက်ဘုရင်က အဲဒီစွမ်းအားကြောင့် အကြီးအကျယ် ဒဏ်ရာရသွားပြီး အရှင်ဖမ်းခံလိုက်ရတာပဲ”

မြွေလိပ်အိုကြီးက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

“အဲဒီ ဝိညာဉ်စွမ်းအားက တော်တော် အားကောင်းတယ်”

“ဒါပေမဲ့... ကောင်းကင်မိုးကြိုး ကြွက်ဘုရင် ရှုံးသွားတာ ဝိညာဉ်စွမ်းအား တစ်ခုတည်းကြောင့် မဟုတ်ဘူး”

“နေရာလပ်စွမ်းအား လည်း ပါတယ်”

သံမဏိ နွားသိုးကြီးနှင့် ကျားနက်ကြီး၊ မိစ္ဆာဘုရင် နှစ်ပါးစလုံးသည် မြွေလိပ်အိုကြီးကို ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများတွင် အံ့သြထိတ်လန့်မှုများ ပြည့်နှက်နေ၏။

နေရာလပ်စွမ်းအားလား။

မြွေလိပ်အိုကြီးသည် ရှေ့နားရှိ အခင်းအကျင်း အကာအကွယ်ကို ကြည့်ပြီး ပြောလိုက်သည်။

“အဲဒီ လူသားက နေရာလပ်စွမ်းအားကို ထိန်းချုပ်နိုင်တယ်... ဒါကြောင့် သူက ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို ထောင်ချောက်ဆင် ဖမ်းနိုင်ခဲ့သလို... နွားမည်းအိုကြီးရဲ့ ခြေထောက်အောက်ကနေလည်း လွတ်မြောက်သွားနိုင်ခဲ့တာပဲ”

“အခုလောက်ဆို... သူ အထဲကို ရောက်တောင် ရောက်နေလောက်ပြီ”

သံမဏိ နွားသိုးကြီးနှင့် ကျားနက်ကြီးတို့သည် ခေတ္တမျှ မှင်သက်သွားကြ၏။ ထို့နောက် လော့ယွဲ့ မဟာမိတ်အဖွဲ့၏ ကောင်းကင်ဂူ လျှို့ဝှက်နယ်မြေ အခင်းအကျင်း အကာအကွယ်ကို အကဲခတ်လိုက်ကြသည်။

အချိန်အတော်ကြာသော်...

သံမဏိ နွားသိုးကြီးသည် ပြင်းပြင်းထန်ထန် အသက်ရှူနေရင်း မျက်လုံးများ နီရဲလာကာ တွန့်ဆုတ်စွာ မေးလိုက်သည်။

“ဒါဆို... အခု ငါတို့ ဘာလုပ်ကြမလဲ... သူ ပြန်ထွက်လာမယ့်အချိန်ကို ဒီမှာပဲ စောင့်နေကြမလား... ဒါမှမဟုတ် ယင်လမင်း ကျားမျိုးနွယ်စု ကို သွားပြီး သတင်းပို့ကြမလား”

မြွေလိပ်အိုကြီးက အတွေးနက်နေဟန်ဖြင့် ပြောလိုက်၏။

“ကြောက်စရာ ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားပြီး နေရာလပ်စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ လူသား မိစ္ဆာကောင် တစ်ကောင်ကို မင်း ရန်စချင်လို့လား... တကယ်လို့ မင်း အရေခွံ ခွာခံရပြီး အရိုးပါမကျန် အဝါးခံရမှာကို မကြောက်ဘူးဆိုရင်တော့ သွားပြီး သတင်းပို့လိုက်လေ”

သံမဏိ နွားသိုးကြီး အသက်ရှူ မှားသွားသည်။

“သူ... သူလား...”

သို့သော် မြွေလိပ်အိုကြီး ပြန်မဖြေခင်မှာပင် သံမဏိ နွားသိုးကြီး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး၊ ယခင်က ရှိခဲ့သော ရန်လိုမှုများနှင့် စိတ်လိုက်မာန်ပါ လုပ်ရပ်များ အနည်းငယ် ငြိမ်သက်သွားကာ အသိစိတ် ပြန်ဝင်လာ၏။

ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် သံမဏိ နွားသိုးကြီးက ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက... သွေးမြစ်ဝှမ်း က ကောင်လေးတစ်ယောက် ငါ့ကို ခရီးထွက်ဖို့ ဖိတ်ခေါ်ဖူးတယ်... အကြံကောင်းတစ်ခုလို့ ငါ ထင်တယ်... အထူးသဖြင့် အမျိုးသမီးတစ်ယောက်ပါ အဖော်လိုက်လာမယ် ဆိုတော့လေ”

“မြွေလိပ်အိုကြီး၊ ကျားနက်ကြီး... ငါ အိမ်ကို မင်းတို့ဆီ ခဏ အပ်ခဲ့မယ်”

သံမဏိ နွားသိုးကြီး စကားဆုံးသည်နှင့် မြွေလိပ်အိုကြီးနှင့် ကျားနက်ကြီးတို့သည် ကျောခိုင်းပြီး ထွက်ခွာသွားကြတော့သည်။

ကျားနက်ကြီးသည် ကပျာကယာပင် ကောင်းကင်ယံသို့ ပျံသန်းပျောက်ကွယ်သွား၏။

မြွေလိပ်အိုကြီးက ရိုးရှင်းစွာ ပြောလိုက်သည်။

“တိုက်ဆိုင်လိုက်တာ... ဒီလိပ်အိုကြီးလည်း ခရီးထွက်ဖို့ စိတ်ကူးရှိနေတာ... နောက်မှ တွေ့ကြတာပေါ့”

သံမဏိ နွားသိုးကြီး...

အခင်းအကျင်း အကာအကွယ်ကို ကြည့်ရင်း၊ စောစောက သူ ဒေါသတကြီး လုပ်ခဲ့မိသည်များကို တွေးကာ ရင်ထဲတွင် စူးအောင့်သွားမိသည်။ သေစမ်း... စိတ်လိုက်မာန်ပါ လုပ်တာက မကောင်းဆိုးဝါးပဲ။

သံမဏိ နွားသိုးကြီးသည် သူ့ခြေရာများကို အမြန် ဖျက်ဆီးလိုက်ပြီး၊ သူ့အမျိုးသမီး မိတ်ဆွေနှင့် သွားရောက်တွေ့ဆုံရန် မြေအောက်ကမ္ဘာပြတ်ရွေ့ကြောမှ ကပျာကယာ ထွက်ခွာသွားလေတော့သည်။

လော့ယွဲ့ မဟာမိတ်အဖွဲ့၏ ကောင်းကင်ဂူ လျှို့ဝှက်နယ်မြေ အတွင်း၌...

“ဝီ...”

နေရာလပ် လှိုင်းဂယက်များ ရုတ်တရက် လှုပ်ခတ်သွားပြီး တာအိုရုပ်သေး ယိုင်နဲ့နဲ့ ထွက်ပေါ်လာသည်။ သူ့အရှိန်အဝါသည် အကန့်အသတ်အထိ အားနည်းနေ၏။ ရုပ်သေးဝိညာဉ်၏ စွမ်းအားသည် နောက်တစ်ကြိမ် ကုန်ခမ်းသွားပြန်ပြီး စွမ်းအား အနည်းငယ်သာ ကျန်ရှိတော့သည်။

ယခုလေးတင် သူ လွတ်မြောက်လာခဲ့သော သေမင်းနှင့် ရင်ဆိုင်ခဲ့ရသည့် အခြေအနေကို ပြန်စဉ်းစားမိပြီး စုယွီ တိတ်တဆိတ် အံကြိတ်လိုက်မိသည်။

'မင်း စောင့်နေလိုက်...'

'တစ်နေ့ကျရင် နွားသိုးကို ငါ စားပြမယ်'

သိပ်အကြာကြီး မစောင့်ဆိုင်းတော့ဘဲ...

တာအိုရုပ်သေးသည် ထွက်ပြေးခြင်း နည်းစနစ်ကို ကပျာကယာ အသက်သွင်းပြီး ထိုနေရာမှ ထွက်ခွာကာ၊ ပုန်းအောင်း၍ စွမ်းအား ပြန်လည်ဖြည့်တင်းရန် လျှို့ဝှက်သော နေရာတစ်ခုကို ရှာဖွေလိုက်သည်။

စွမ်းအား ပြန်လည်ပြည့်ဝလာသောအခါ တာအိုရုပ်သေးသည် သားရဲထိန်းသိမ်း အိတ်ထဲရှိ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို စတင် ယဉ်ပါးအောင် ပြုလုပ်ရင်း၊ လော့ယွဲ့ မဟာမိတ်အဖွဲ့၏ ကောင်းကင်ဂူ လျှို့ဝှက်နယ်မြေအတွင်း အခွင့်အလမ်းများကို ဆက်လက် ရှာဖွေ၏။

တစ်ချိန်တည်းမှာပင် တာအိုရုပ်သေးသည် ဝိညာဉ်သန့်စင်အိုးကို ထုတ်လိုက်ပြီး၊ ဂူအတွင်းရှိ ထူထဲသော ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ တတိယအဆင့် ဝိညာဉ်အရည်များကို စုစည်းစေလိုက်သည်။

ဆေးလုံးမျှော်စင်တောင်...

ရေခဲမီး နှစ်ဆင့် တတိယအဆင့် ဂူစံအိမ်...

“ဟူး...”

သက်ပြင်းကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်ရင်း၊ စုယွီသည် ဓာတ်ကြီးငါးပါး နည်းစနစ် နေ့စဉ်ကျင့်ကြံမှုမှ အသိစိတ် ပြန်လည်ဝင်ရောက်လာ၏။ မျက်လုံးများ ဖွင့်လိုက်ပြီး သူ့ဝိညာဉ်စွမ်းအင် ပြောင်းလဲမှုများကို ဆန်းစစ်ကြည့်ရှုလိုက်သည်။ မျက်မှောင်ကြုတ်လိုက်မိသည်မှာ ရွှေအမြုတေ အဆင့်သို့ ရောက်ရှိပြီးနောက် သူ့ကျင့်ကြံမှု အရှိန်အဟုန်သည် အလွန် နှေးကွေးသွားသောကြောင့်ပင်။

လက်ရှိတွင် နေ့စဉ် (၂) နာရီကြာ ကျင့်ကြံလိုက်တိုင်း နေလမင်းကျွန်းရှိ ဂူစံအိမ်မှ သဘာဝ ဝိညာဉ်စွမ်းအင် (၇၀) မှ (၈၀) ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားသည်။

သို့သော် ဓာတ်ကြီးငါးပါး နည်းစနစ်၏ ကျွမ်းကျင်မှု တိုးတက်နှုန်းမှာမူ တစ်ရက်လျှင် ၀.၀၁ ရာခိုင်နှုန်းခန့်သာ ရှိ၏။

“ဝိညာဉ်အမြစ် က အသက်ရောက်မှု အရှိဆုံးပဲ”

“နောက်ပိုင်းကျရင်... ဒီရေခဲမီး နှစ်ဆင့် တတိယအဆင့် ဂူစံအိမ်က ငါ ရွှေအမြုတေ အဆင့် (၃)၊ (၄) လောက်အထိ ကျင့်ကြံဖို့တောင် လုံလောက်မှာ မဟုတ်တော့ဘူး”

သူ စဉ်းစားလိုက်သည်။

အခု သူ့မှာ ရွေးချယ်စရာ လမ်းနှစ်လမ်း ရှိသည်။ ပထမလမ်းက လော့ယွဲ့ မဟာမိတ်အဖွဲ့၏ ကောင်းကင်ဂူ လျှို့ဝှက်နယ်မြေထဲသို့ ကိုယ်တိုင် ဝင်ရောက်ကျင့်ကြံရန် ဖြစ်သည်။

သို့သော် တာအိုရုပ်သေး ဝင်ရောက်သွားသည်မှာ မကြာသေးသဖြင့် သူ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ နေရာလပ်ကို အတင်းအကျပ် ဖောက်ထွင်းဝင်ရောက်ရန်လည်း စွမ်းအား မလုံလောက်ချေ။

ဒါ့အပြင်... တာအိုရုပ်သေးက ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို အရှင်ဖမ်းလိုက်၍ တခြား အစွမ်းထက် တတိယအဆင့် မိစ္ဆာဘုရင်တွေကို ရန်စသလို ဖြစ်သွားခဲ့လေပြီ။

အခန်း (၃၁၈) - ကံကြမ္မာ အခွင့်အရေး၊ နတ်မိမယ် မဟာမိတ် - အပိုင်း (၆)

~အကယ်၍သာ သူသည် ကိုယ်ခန္ဓာ အစစ်ဖြင့် ထိုနေရာသို့ သွားရောက်ခဲ့မည် ဆိုပါက၊ ထောင်ချောက်အတွင်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်ကာ ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ ဖြစ်သွားနိုင်ခြေ အလွန် များလှပေသည်။

ဒါကြောင့်...

ကျန်ရှိနေသော တစ်ခုတည်းသော ရွေးချယ်စရာ လမ်းမှာ ယွင်ကျန်းဂိုဏ်းရှိ စတုတ္ထအဆင့် ဝိညာဉ်သွေးကြော ကောင်းကင်ဂူဆီသို့ သွားရောက်ရန်ပင် ဖြစ်သည်။

“ပိဟိုင် ဆေးလုံး တွေကို နေ့စဉ် သောက်သုံးပြီး ကျင့်ကြံမယ် ဆိုရင်တော့ မြန်ဆန်မှာ အမှန်ပဲ... ဒါပေမဲ့ ကုန်ကျစရိတ်က အများကြီး ရှိလာနိုင်တယ်”

သူ သေချာ စဉ်းစားတွက်ချက်ကြည့်ပြီးနောက် ယွင်ကျန်းဂိုဏ်း၏ ဝိညာဉ်သွေးကြော ကောင်းကင်ဂူတွင် သွားရောက်ကျင့်ကြံခြင်းက ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်မည်ဟု ဆုံးဖြတ်လိုက်၏။

“တာအိုမိတ်ဆွေ လော့ ကို မေးကြည့်ဖို့ အခွင့်အရေး ရှာရမယ်”

စုယွီက မျက်နှာပြောင်တိုက်ပြီး မေးကြည့်လျှင်လည်း ဘာမှနစ်နာစရာ မရှိဟု တွေးလိုက်မိသည်။

သူသည် ရွှေအမြုတေ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ နေရာလပ် စွမ်းအားကိုလည်း အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်ပါ၏။

ယွင်ကျန်းဂိုဏ်းသို့ သွားရောက်ကျင့်ကြံရုံ သက်သက်ဆိုလျှင် ပြဿနာကြီးကြီးမားမား မရှိလောက်ဟု စုယွီ ယူဆထားသည်။

"မီးစင်ကြည့် ကတာပေါ့"

ဤကိစ္စသည် ကပျာကယာ.. လုပ်ဆောင်ရမည့် ကိစ္စတော့ မဟုတ်သေးပေ။

*

နှစ်ဝက်ခန့် ကြာပြီးနောက်...

နတ်မိမယ် ဖုန်းလင် ရောက်ရှိလာပြီး၊ စုယွီကို ပိဟိုင် ဆေးလုံး ဖော်စပ်ပေးရန် အကူအညီ တောင်းခံလာ၏။

“ဒါက ပိဟိုင် ဆေးလုံးအတွက် ကုန်ကြမ်းပစ္စည်း အစုံ (၉၀) ပါ... တာအိုမိတ်ဆွေ စု အနေနဲ့ ကူညီ ဖော်စပ်ပေးမယ်လို့ မျှော်လင့်ပါတယ်”

နတ်မိမယ် ဖုန်းလင်သည် စုယွီအား "ချန်ခွန်းအိတ်" တစ်လုံး ပေးအပ်လိုက်သည်။ သူမ ဝတ်ဆင်ထားသော ခရမ်းရောင် ဂါဝန်ရှည်သည် ခရမ်းရောင် မီးတောက်တစ်ခုအလား မျက်စိပသာဒ ဖြစ်စေပြီး ဆွဲဆောင်မှု ရှိလှပေသည်။ သူမ၏ အပြုံးအမူအရာ တိုင်းသည်လည်း ယောက်ျားသားများကို ညှို့ယူဖမ်းစားနိုင်စွမ်း ရှိ၏။

စုယွီသည် ချန်ခွန်းအိတ်ကို လှမ်းယူလိုက်ရာ မွှေးပျံ့သော ရနံ့တစ်ခု ရရှိလိုက်သည်။

ထိုအိတ်ကလေးတွင် နွေးထွေးသော အငွေ့အသက် အနည်းငယ် ကျန်ရစ်နေသေးရာ၊ နတ်မိမယ် ဖုန်းလင်၏ ကိုယ်ငွေ့များ ကပ်ပါလာသကဲ့သို့ပင်။

စုယွီ မျက်ခုံးအနည်းငယ် ပင့်လိုက်သော်လည်း မျက်နှာထား မပျက်ဘဲ အိတ်ကို ယူလိုက်၏။ အထဲတွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၉၀၀) ပါရှိသည်ကို တွေ့လိုက်ရသောအခါ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ပြဿနာ မရှိပါဘူး... နောက်တစ်လ နေရင် ဆေးလုံးတွေ လာယူလို့ ရပါပြီ”

နတ်မိမယ် ဖုန်းလင်က ပြန်ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်မ ဆေးလုံးမျှော်စင်တောင်မှာပဲ စောင့်နေပါ့မယ်... တာအိုမိတ်ဆွေ စု အနေနဲ့ ကျွန်မအတွက် နေရာကောင်းလေး စီစဉ်ပေးမယ်လို့ မျှော်လင့်ပါတယ်”

ဆေးလုံးကိစ္စ ဆွေးနွေးပြီးနောက် နတ်မိမယ် ဖုန်းလင်က စုယွီကို ကြည့်ကာ မေးလိုက်၏။

“တာအိုမိတ်ဆွေ စု... ကောင်းကင်ဖီးနစ် နန်းတော် အပျက်အစီးတွေ ရှိတဲ့ လျှို့ဝှက်နယ်မြေကို ကျွန်မနဲ့အတူ လိုက်ပြီး စူးစမ်းလေ့လာချင်စိတ် ရှိမလား... အဲဒီမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေတယ်လို့ ကျွန်မ အမြဲ ခံစားနေရတယ်”

“တကယ်လို့ ရှာတွေ့ခဲ့မယ်ဆိုရင်... ကျွန်မတို့ နှစ်ယောက်စလုံးအတွက် ကံကောင်းခြင်းတွေ ရနိုင်တာပေါ့”

စုယွီက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။

“စေတနာကို ကျေးဇူးတင်ပါတယ် နတ်မိမယ်... ဒါပေမဲ့ ကျွန်တော်က အဲဒီလို နေရာတွေကို စူးစမ်းလေ့လာရတာ ဝါသနာ မပါပါဘူး... အိမ်မှာနေပြီး ကျင့်ကြံတာ၊ ဆေးလုံးဖော်တာကပဲ ကျွန်တော့်အတွက် ပိုကောင်းပါတယ်”

“ဒါမှမဟုတ် တာအိုမိတ်ဆွေ ယွီ သဘောမတူမှာ စိုးရိမ်နေတာလား... သူမကိုလည်း ခေါ်လာလို့ ရတာပဲ”

နတ်မိမယ် ဖုန်းလင်က နောက်ပြောင်လိုက်၏။

နတ်မိမယ် ဖုန်းလင်သည် ဆေးလုံးမျှော်စင်တောင်တွင် တစ်လကြာ နေထိုင်ခဲ့သည်။ ထိုကာလအတွင်း စုယွီသည် နေ့စဉ်နှင့်အမျှ ဝတ်စားဆင်ယင်မှု မတူညီသော၊ ဟန်ပန်အမူအရာ အမျိုးမျိုး ပြောင်းလဲနေသော အလှပဂေး တစ်ဦးကို မြင်တွေ့နေရသည်။ တစ်ခါတစ်ရံ ကျက်သရေရှိသော ဟန်ပန်၊ တစ်ခါတစ်ရံ ရင့်ကျက်တည်ငြိမ်သော ဟန်ပန်၊ တစ်ခါတစ်ရံ ဆွဲဆောင်မှုရှိသော ဟန်ပန်၊ တစ်ခါတစ်ရံ ဖြူစင်ရိုးသားသော ဟန်ပန်... စသဖြင့် နေ့စဉ် မရိုးနိုင်အောင် ပြောင်းလဲနေ၏။

ဝန်ခံရမည် ဆိုလျှင် ဤအမျိုးသမီးတွင် ယောက်ျားတစ်ယောက်၏ သိမ်းပိုက်လိုစိတ်ကို နှိုးဆွပေးနိုင်သော အလှတရားများ ရှိနေပေသည်။

သို့သော် စုယွီသည် ဆေးလုံးဖော်စပ်ပြီးသည့်အခါတွင် ပိဟိုင် ဆေးလုံး (၁၃၃) လုံးကို နတ်မိမယ် ဖုန်းလင်အား ပေးအပ်လိုက်သည်။ ထို့နောက် ကပျာကယာပင် မိသားစု နယ်မြေမှ ပျောက်ကွယ်သွားပြီး၊ နေလမင်းကျွန်းရှိ ဂူစံအိမ်တွင် တံခါးပိတ်ကျင့်ကြံကာ ပုန်းအောင်းနေလိုက်၏။ သူမ၏ လှည့်ကွက်များထဲသို့ သူ သက်ဆင်းမခံပေ။

တတိယအဆင့်နိမ့် "ကျောက်စိမ်းဖြူ ဖီးနစ် ရုပ်သေး" တည်ဆောက်မှုသည် ချောမွေ့စွာ ပြီးဆုံးသွားသည်။

စုယွီ (၆) နှစ်ကြာ တံခါးပိတ်ကျင့်ကြံပြီးနောက်၊ ကျောက်စိမ်းဖြူ ဖီးနစ် ရုပ်သေးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး၊ ရုပ်သေးပညာရှင် တစ်ဦးအနေဖြင့် တတိယအဆင့်နိမ့် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

စုယွီသည် ယခင်ကတည်းက "ဟောက်ထျန်း ဆေးလုံး" နှင့် "ရွှေမူလ ဆေးလုံး" အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း အားလုံးနီးပါးကို စုဆောင်းထားပြီး ဖြစ်၏။

ယခုအခါ ထိုဆေးလုံး နှစ်မျိုးစလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီပင်။

ရွှေမူလ ဆေးလုံး၏ ရလဒ်သည် စုယွီ မျှော်လင့်ထားသည့်အတိုင်း ဆေးလုံး (၂) လုံး ထွက်ရှိလာသည်။ အရည်အသွေးမှာ အဆင့်မြင့်အဆင့်ထက် နိမ့်သော်လည်း ရလဒ် မဆိုးလှပေ။

ဟောက်ထျန်း ဆေးလုံးမှာမူ (၄) လုံး ထွက်ရှိလာသည်။ သာမန် အရည်အသွေး (၂) လုံးနှင့် အဆင့်မြင့် အရည်အသွေး (၂) လုံး ဖြစ်ရာ၊ အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်သည်။

ယခင်က စုယွီ သိမ်းဆည်းထားသော ဟောက်ထျန်း ဆေးလုံး (၂) လုံးနှင့် ပေါင်းလိုက်လျှင်၊ ယခုအခါ သူ့ထံတွင် ဟောက်ထျန်း ဆေးလုံး စုစုပေါင်း (၆) လုံး ရှိနေပြီ ဖြစ်၏။

သို့သော်...

စုယွီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသောအခါ သတင်းဆိုးတစ်ခု ကြားလိုက်ရသည်။

“ဦးလေး တိုက်ခိုက်ခံရပြီး ဒဏ်ရာအပြင်းအထန် ရသွားတယ်... သက်တမ်း ကုန်ဆုံးတော့မယ် ဟုတ်လား”

ထိုသတင်းကို ကြားလိုက်ရသည်နှင့် စုယွီ၏ ရင်ထဲတွင် လေးလံသွား၏။ သူ့ရှေ့တွင် ရပ်နေသော မျက်နှာနွမ်းလျနေသည့် ယွီခယ်အာကို ကြည့်ကာ တိုးညှင်းစွာ မေးလိုက်သည်။

“ဘယ်သူ လုပ်တာလဲ သိလား”

ယွီခယ်အာက ခေါင်းခါလိုက်သည်။

“မသိဘူး... အဖေက အဲဒီလူကို မမြင်ဖူးဘူးတဲ့... ဒါပေမဲ့ အဲဒီလူက သေချာပေါက် ရွှေအမြုတေ အဆင့် သူတော်စင် တစ်ပါးပဲ... ပြီးတော့ သာမန် ရွှေအမြုတေ အဆင့်တွေထက် ပိုသန်မာတယ်တဲ့”

“နင် ပေးထားတဲ့ တတိယအဆင့်နိမ့် 'လမင်းအဆောင်လက်ဖွဲ့' ကြောင့်သာ အဖေ ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့တာ”

စုယွီ မျက်မှောင်ကြုတ်လိုက်မိသည်။

ရွှေအမြုတေ အဆင့် သူစိမ်းတစ်ယောက်က ယွီပိုင်ဟဲ ကို တိုက်ခိုက်တယ် ဟုတ်လား။ ဘာအကြောင်းကြောင့်လဲ။

ခဏကြာ စဉ်းစားသော်လည်း အဖြေရှာမရသဖြင့် စုယွီက ဆော်ဩလိုက်၏။

“သွားကြစို့... ကျောက်မည်းတောင် ကို သွားကြတာပေါ့”

မကြာမီ...

ယွီခယ်အာ၊ လန်ကုန်း၊ လန်ရှီနှင့် စုချီတို့သည် စုယွီနှင့်အတူ ဆေးလုံးမျှော်စင်တောင်မှ ထွက်ခွာလာကြသည်။ သူတို့ ၅ ဦးသည် တိမ်တိုက်ကျား၏ ကျောပေါ်သို့ ခုန်တက်လိုက်ကြသည်။ တိမ်တိုက်ကျားသည် အတောင်ပံများကို ခတ်လိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ ယွီမိသားစု၏ ကျောက်မည်းတောင်ဆီသို့ လျင်မြန်စွာ ဦးတည်သွား၏။

ကောင်းကင်ယံတွင်...

တိတ်တဆိတ် လိုက်ပါလာသော စုချီက ဝင်ပြောလာသည်။

“ဦးလေးယွီ... ဦးလေး အနေနဲ့ ကျွန်မ ဆရာမကို သေချာ ဆုံးမပေးဖို့ လိုနေပြီ... မဟုတ်ရင် ဆရာမက အားတွေ ပိုနေပြီး နေ့တိုင်း ကျွန်မကို ဆေးလုံးပဲ ထိုင်ဖော်ခိုင်းနေတော့မှာ... ဒီတစ်ခေါက်တောင် ကျွန်မ ခက်ခက်ခဲခဲ ထွက်ပြေးလာရတာ”

စုယွီသည် ယွီမိသားစု ပြဿနာကို စဉ်းစားနေရင်း သူမစကားကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။

“တကယ်လို့ နင်သာ တတိယအဆင့်နိမ့် ဆေးလုံးတစ်လုံး ဖော်စပ်ပြနိုင်ရင်... သူ.. နင့်ကို အနှောင့်အယှက် မပေးအောင် ငါ ပြောပေးမယ်”

စုယွီ၏ အကြည့်ကြောင့် စုချီ၏ နှလုံးခုန်သံများ ရပ်တန့်ချင်သွားသည်။ အချိန်အတော်ကြာမှသာ သူမ ပုံမှန်အတိုင်း ပြန်လည် အသက်ရှူနိုင်တော့၏။

စုချီ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဦးလေးတို့ အကုန်လုံး ပေါင်းကြံနေကြတာပဲ... တတိယအဆင့်နိမ့် တဲ့လား... ကျွန်မက အခုမှ ဒုတိယအဆင့် အလယ်အလတ် ဆေးပညာရှင်ပဲ ရှိသေးတာကို”

စုယွီ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။ ဘေးနားရှိ တွေဝေငေးမောနေသော ယွီခယ်အာကို တစ်ချက်ကြည့်လိုက်ပြီး အတွေးထဲသို့ ပြန်ဝင်ရောက်သွား၏။

သူသည် "ကိုးသွယ်အလင်း တံဆိပ်ပြား" ကို ထုတ်ယူလိုက်ပြီး သတင်းစကား ပေးပို့လိုက်သည်။

“တာအိုမိတ်ဆွေ ရှုယွီ... ယွီမိသားစု အကြောင်းကို ကောင်းကင်အပျက်အစီး ခန်းမဆောင် က သိပါသလား... ဒီကိစ္စကို ဘယ်သူ လုပ်တာလဲ”

လမ်းခရီးတွင် တာအိုမိတ်ဆွေ ရှုယွီထံမှ စာပြန်လာပါ၏။

“ဒီနှစ်ပိုင်းတွေမှာ... တာယွဲ့စီရင်စု အတွင်းက ကျင့်ကြံသူ မိသားစုတွေအကြား မငြိမ်မသက်မှုတွေ၊ စစ်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်... သေဆုံးဒဏ်ရာရသူတွေလည်း မရေမတွက်နိုင်အောင်ပဲ... ဒီအကြောင်းကို တာအိုမိတ်ဆွေ စု သိထားသင့်ပါတယ်”

စုယွီ အံ့သြသွားသည်။

“ဒီကိစ္စနဲ့ ဆက်စပ်နေတာလား”

တာအိုမိတ်ဆွေ ရှုယွီ ဆက်ပြောလာသည်က၊

“ဟုတ်တယ်... မကြာခင်ကမှ တာယွဲ့စီရင်စု ပြင်ပက အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ 'ထိုက်ရွှီ နတ်ဘုရား မဟာမိတ်' က အိမ်နီးချင်း တာယွဲ့စီရင်စု နယ်စပ်မှာရှိတဲ့ တာယွဲ့နန်းတော် ရဲ့ စခန်းအချို့ကို တိုက်ခိုက်ခဲ့တယ်... တာယွဲ့နန်းတော် အထိနာသွားခဲ့တယ်”

“အခု တာယွဲ့နန်းတော်နဲ့ ထိုက်ရွှီ နတ်ဘုရား မဟာမိတ်တို့ ထိပ်တိုက်တွေ့နေကြတယ်... ထိုက်ရွှီ နတ်ဘုရား မဟာမိတ်က အရှိန်အဟုန် ပြင်းပြင်းနဲ့ ဝင်ရောက်လာပြီး၊ တာယွဲ့နန်းတော်ရဲ့ အရင်းအမြစ် တချို့ကို ထိန်းချုပ်ထားတယ်”

“လတ်တလော တာယွဲ့စီရင်စု မငြိမ်မသက် ဖြစ်နေတာတွေက ထိုက်ရွှီ နတ်ဘုရား မဟာမိတ်နဲ့ သက်ဆိုင်လောက်တယ်... သူတို့က အင်အားစု အသီးသီးထဲကို လူတွေ စေလွှတ်ပြီး စိမ့်ဝင်နေရာယူခိုင်းတာ... တချို့ကို ယဇ်ကောင် အဖြစ် သုံးတာ၊ တချို့ ကျင့်ကြံသူ မိသားစုတွေကို ထိန်းချုပ်တာတွေ လုပ်ပြီး မငြိမ်မသက် ဖြစ်အောင် ဖန်တီးနေကြတာ”

“ယွီမိသားစု ကိစ္စကလည်း ပတ်သက်နေနိုင်တယ်”

“ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့... ကောင်းကင်အပျက်အစီး ခန်းမဆောင်ရဲ့ စုံစမ်းစစ်ဆေးချက်အရ ယွင်ကျန်းဂိုဏ်းပိုင် 'မိစ္ဆာ တောင်ထွတ် ရှစ်ခု' ဒေသမှာ ရှိတဲ့ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေနဲ့ သက်ဆိုင်နေတယ်”

“ဘာလို့လဲဆိုတော့ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေကို စူးစမ်းလေ့လာခဲ့ဖူးတဲ့ ကျင့်ကြံသူ မိသားစုတွေနဲ့ အင်အားစု အများစုဟာ ပြဿနာတွေ ကြုံတွေ့နေရတာ၊ ဒါမှမဟုတ် သူလျှိုတွေ စိမ့်ဝင်တာ ခံနေရလို့ပဲ”

“ပြီးတော့ ထိုက်ရွှီ နတ်ဘုရား မဟာမိတ် အနေနဲ့ ဒီလောက် အကြီးအကျယ် ကြိုးပမ်းရလောက်အောင် တန်ဖိုးရှိတဲ့ အရာဆိုတာ... ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး ထဲက အထူး ကျင့်စဉ်တစ်ခု ဖြစ်တဲ့ 'ရွှေပုစဉ်း နည်းစနစ်' ပဲ ဖြစ်လောက်တယ်”

စုယွီ၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး အလွန်အမင်း တုန်လှုပ်သွားမိသည်။

ရွှေပုစဉ်း နည်းစနစ် ဟုတ်လား။

ပြီးတော့ ထိုက်ရွှီ နတ်ဘုရား မဟာမိတ်... ဒီနာမည်က ရင်းနှီးနေသလိုပဲ။ အရင်တုန်းက တာအိုမိတ်ဆွေ ရှုယွီ ပေးခဲ့တဲ့ ကျောက်စိမ်းပြား ထဲမှာ ပါတဲ့အတိုင်း ဆိုရင်... တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ ကို သွားဖို့အတွက် ဒီ ထိုက်ရွှီ နတ်ဘုရား မဟာမိတ် နယ်မြေကို ဖြတ်သန်းရမယ်လို့ ဆိုထားတာပဲ။

ဒါက ကိုးဝိညာဉ် မိစ္ဆာနန်းတော် နဲ့ တာယွဲ့နန်းတော် တို့နဲ့ ယှဉ်ပြိုင်နိုင်တဲ့ အင်အားကြီး အဖွဲ့အစည်း တစ်ခုပါလား။

All Chapters