အခန်း (၃၁၉-၃၂၁)
Vol. 22 Ch. 319-321
အခန်း (၃၁၉) - ကျဆုံးခြင်း၊ ကြေးမုံပျက်သုဉ်းခြင်း - အပိုင်း (၁)
~တာအိုမိတ်ဆွေ ရှုယွီက တစ်ချက် ရယ်လိုက်၏။
“တာအိုမိတ်ဆွေ စု... ခင်ဗျား 'ထိုက်ရွှီ နတ်ဘုရား မဟာမိတ်' အကြောင်း သတင်းအချက်အလက်တွေ လိုချင်တယ်ပေါ့... ဒီအဖွဲ့အစည်းက 'တာယွဲ့နန်းတော်' ထက် မနိမ့်ကျပါဘူး... ဒါပေမဲ့ အခုတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၃၀၀) လောက် ပေးရင် ရပါပြီ... တော်တော်လေး သက်သာတဲ့ ဈေးနှုန်းပါ”
တာအိုမိတ်ဆွေ ရှုယွီ၏ လေသံကို နားထောင်ရင်း စုယွီက အံ့သြစွာ မေးလိုက်သည်။
“ခင်ဗျား ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ကို မကြောက်ဘူးလား”
တာအိုမိတ်ဆွေ ရှုယွီက တည်ငြိမ်စွာ ပြန်ဖြေ၏။
“ကြောက်နေလို့လည်း အပိုပါပဲ... ကျွန်တော့်ရဲ့ 'ကောင်းကင်အပျက်အစီး ခန်းမဆောင်' ဆိုတာက သတင်းအချက်အလက် အဖွဲ့အစည်း အသေးစားလေးပါ... ဒါပေမဲ့ တာအိုမိတ်ဆွေ စု ကတော့ ပိုသတိထားသင့်တယ်... ဘာလို့လဲဆိုတော့ ခင်ဗျားမှာ ကျင့်ကြံခြင်းအတွက် အလွန် ထူးခြားတဲ့ အကျိုးသက်ရောက်မှုရှိတဲ့ 'ရွှေပုစဉ်း နည်းစနစ်' ရှိနေလို့ပဲ... ထိုက်ရွှီ နတ်ဘုရား မဟာမိတ်က ခင်ဗျားကို ဒါမှမဟုတ် လော့ချန်ယွီနဲ့ နတ်မိမယ် ဖုန်းလင် လို လူတွေကို စောင့်ကြည့်နေလောက်တယ်”
ခေတ္တမျှ စဉ်းစားပြီးနောက် စုယွီ သဘောတူလိုက်၏။ အမှန်စင်စစ် 'ကောင်းကင် သိုင်းကျမ်း မျှော်စင်' ၏ အင်အားသည် သူ ထင်ထားသည်ထက် ပိုမို အံ့မခန်း ဖြစ်နေနိုင်သည်။ ကောင်းကင်အပျက်အစီး ခန်းမဆောင်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် စွမ်းအားကို ထည့်သွင်းစဉ်းစားလျှင် ၎င်းသည် ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ထက်ပင် ပိုမို ကြောက်စရာ ကောင်းနေနိုင်သည်။ တကယ်တမ်း စိုးရိမ်စရာ မလိုလောက်ပေ။
သူ့အတွက်ကတော့...
“ငါလည်း ကြောက်စရာ မလိုလောက်ပါဘူး”
စုယွီသည် သူ့ထံတွင် ရှိနေသော ကောင်းကင် သိုင်းကျမ်း မျှော်စင်၏ 'အမှတ်အသား တံဆိပ်ပြား' အကြောင်း တွေးလိုက်မိ၏။
သူ့မှာ ထိုသို့.. အကာအကွယ်မျိုး ရှိနေတာကိုတောင် မေ့သွားသည်။
ထိုက်ရွှီ နတ်ဘုရား မဟာမိတ်က သူ့ကို ရွှေအမြုတေ အဆင့် သို့ တက်လှမ်းသွားသည့် ကိစ္စကြောင့် ပြဿနာရှာကောင်း ရှာနိုင်၏။
‘ဒါပေမဲ့ သူတို့က ကောင်းကင် သိုင်းကျမ်း မျှော်စင်ကို ရန်စရဲပါ့မလား။
မဖြစ်နိုင်လောက်ဘူး။’
သို့သော်လည်း စုယွီသည် လောင်းကြေး မထပ်ရဲပေ။
‘တကယ်လို့ ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ထဲမှာ ရဲတင်းလွန်းတဲ့ ဗိုလ်ကျသူတွေ၊ ဒါမှမဟုတ် အရူးတွေ ပါနေရင် ဘယ်လိုလုပ်မလဲ။’
ထို့ကြောင့် တွန့်ဆုတ်နေပြီးနောက် စုယွီသည် တာအိုမိတ်ဆွေ ရှုယွီထံမှ သတင်းအချက်အလက်ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
အခကြေးငွေကိုတော့ နောက်မှ ပေးမည်။
တာအိုမိတ်ဆွေ ရှုယွီသည် သတင်းအချက်အလက်များကို ချက်ချင်း .. ပေးပို့လာ၏။
“ထိုက်ရွှီ နတ်ဘုရား မဟာမိတ် ဆိုတာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ပေါ်ပေါက်ခဲ့တဲ့ အင်အားကြီး အဖွဲ့အစည်းတစ်ခုပါ... သူ့ရဲ့ နတ်ဘုရား စံအိမ်တော် ကို 'ခရမ်းရောင်အလင်း စံအိမ်တော်' လို့ ခေါ်တယ်... သူ့ရဲ့ တည်ထောင်သူ ဘိုးဘေးကတော့ ဝိညာဉ်ကို ကြိုးကိုင်ခြယ်လှယ်ရာမှာ ကျွမ်းကျင်တဲ့ 'ထိုက်ရွှီ အရှင်သခင်' ပါ... သူက ဆေးလုံး၊ အဆောင်လက်ဖွဲ့၊ အခင်းအကျင်း စတဲ့ နည်းလမ်းပေါင်းစုံကို တတ်ကျွမ်းသူအဖြစ် နာမည်ကျော်ကြားတယ်”
“တာယွဲ့နန်းတော်နဲ့ မတူတာက... ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ဟာ ပြင်ပ အင်အားစု တစ်ခုပါ... သူတို့ရဲ့ ခရမ်းရောင်အလင်း စံအိမ်တော်မှာ ဌာနခွဲ (၁၈) ခု ရှိတယ်... အင်အားစု အမျိုးမျိုးနဲ့ ကျင့်ကြံသူ အမျိုးမျိုးကို သူတို့ မဟာမိတ်ထဲ ဝင်ခွင့်ပြုထားတယ်... ဘယ်သူ့ကိုမှ ငြင်းပယ်လေ့ မရှိဘူး”
“အရွယ်အစား အရ ပြောရရင်... သူတို့က တာယွဲ့နန်းတော်ထက် အဆ (၂၀)၊ (၃၀) လောက် ပိုကြီးတယ်”
“ဒါ့အပြင်... ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ရဲ့ ခေါင်းဆောင် ဟာ 'အရှင်သခင်' အဆင့် ဖြစ်နိုင်ခြေ များတယ်... လွန်ခဲ့တဲ့ နှစ် (၂၀၀) ကျော်က တံခါးပိတ်ကျင့်ကြံသွားတဲ့ သူတို့ရဲ့ ခေါင်းဆောင်ဟောင်းကတော့ သက်တမ်း ကုန်ဆုံးသွားလောက်ပြီ”
“ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ထဲမှာ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ (၃၀) ကျော် ရှိတယ်”
“အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ အရေအတွက်က တစ်ထောင်ကျော်ပြီး၊ အခြေခံ တည်ဆောက်ခြင်း အောက် အဆင့် ကျင့်ကြံသူတွေကတော့ တစ်သိန်းကျော် ရှိနိုင်တယ်”
အချိန်အတော်ကြာပြီးနောက် တာအိုမိတ်ဆွေ ရှုယွီ၏ အသံ တိတ်ဆိတ်သွားပြီး၊ ထိုက်ရွှီ နတ်ဘုရား မဟာမိတ်နှင့် ပတ်သက်သော သတင်းအချက်အလက်များ အားလုံး စုံလင်သွား၏။
စုယွီသည် ထိုသတင်းအချက်အလက်များကို ချေဖျက်နားလည်ရန် အချိန်အတိုင်းအတာ တစ်ခုအထိ ယူလိုက်ရပြီးနောက် အံ့သြတကြီး ရေရွတ်လိုက်မိသည်။
“ကျင့်ကြံသူတွေ ဒီလောက်တောင် များတာလား”
တာအိုမိတ်ဆွေ ရှုယွီက ရှင်းပြ၏။
“စည်းမျဉ်းတွေက မတူဘူးလေ... တာယွဲ့နန်းတော်က လူသစ်စုဆောင်းတဲ့ နေရာမှာ စည်းကမ်း တင်းကျပ်တယ်... ပါရမီရှင်တွေကိုပဲ လက်ခံတယ်... သူတို့ရဲ့ စည်းလုံးညီညွတ်မှုက အကောင်းဆုံးပဲ... တခြားတစ်ဖက်မှာ ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ကတော့ စည်းကမ်း လျော့ရဲတယ်... ပင်မ မဟာမိတ်နဲ့ သူ့ရဲ့ ဌာနခွဲတွေက သီးခြားစီ လုပ်ဆောင်ကြတာ... ခေါင်းဆောင်ရဲ့ အမိန့်ကိုပဲ နာခံကြတာ”
“ထိုက်ရွှီ နတ်ဘုရား မဟာမိတ်မှာ အဖွဲ့ဝင် အရေအတွက် ပိုများပေမယ့်၊ တာယွဲ့နန်းတော်ထက် ပိုအစွမ်းထက်တယ်လို့တော့ ပြောလို့မရဘူး... ပြီးတော့ အဖွဲ့ဝင် အများစုက ကျင့်ကြံခြင်း အဆင့် နိမ့်ကြတယ်... အများစုက 'ချီ စုဆောင်းခြင်း အဆင့်' မှာပဲ ရှိကြသေးတာ”
ဪ... ဒါကြောင့်ကိုး။
စုယွီ သဘောပေါက်သွား၏။
ဒါက 'သူတောင်းစား ဂိုဏ်း' နဲ့ 'ဝူတန် ဂိုဏ်း' တို့ကြားက ကွာခြားချက်လိုမျိုး ဖြစ်နေတာကိုး။
ထိုက်ရွှီ နတ်ဘုရား မဟာမိတ်က တာယွဲ့ စံအိမ်တော် ထဲကို တိတ်တဆိတ် ဝင်ရောက်ပြီး ဖျက်လိုဖျက်ဆီး လုပ်နိုင်လောက်အောင် အစွမ်းထက်နေတာ မဆန်းတော့ပါဘူး။ သူတို့မှာ ဒီလို အစီအစဉ်မျိုးကို အကောင်အထည် ဖော်နိုင်တဲ့ လူအင်အား အများကြီး ရှိနေတာကိုး။
ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ရဲ့ စည်းလုံးမှုက လျော့ရဲပြီး ကျစ်လျစ်မှု အားနည်းတယ် ဆိုပေမယ့်၊ ကျင့်ကြံသူ အရေအတွက် ဒီလောက် များနေတာက ကိုင်တွယ်ရ ခက်ခဲစေမှာ အမှန်ပဲ။
ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ မငြိမ်မသက်မှုတွေကို အလွယ်တကူ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။
ဒါကို သိလိုက်ရတဲ့အခါ စုယွီရဲ့ ရင်ထဲမှာ အရေးတကြီး လိုအပ်ချက်တစ်ခု ဖြစ်ပေါ်လာသည်။ ယခင်က သူသည် ယွင်ကျန်းဂိုဏ်း သို့ မည်သည့်အချိန် သွားရောက်မည်ကို မဆုံးဖြတ်ရသေးသော်လည်း၊ ယခု ထိုက်ရွှီ နတ်ဘုရား မဟာမိတ်၏ အခြေအနေကို သိရှိလိုက်ရသဖြင့် အချိန်တန်ပြီဟု ခံစားလိုက်ရသည်။
တကယ်လို့များ လော့ချန်ယွီက သူ့ကို ယွီခယ်အာ တို့လို လူတွေနဲ့အတူ ယွင်ကျန်းဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေတွေမှာ ကျင့်ကြံခွင့် စီစဉ်ပေးနိုင်မယ် ဆိုရင်တော့ အများကြီး ပိုလုံခြုံမှာ သေချာတယ်။
'အရှင်သခင်' အဆင့် ကျင့်ကြံသူတွေတောင် ယွင်ကျန်းဂိုဏ်းရဲ့ ကာကွယ်ရေး စည်းကို ဖောက်ဖျက်နိုင်ချင်မှ ဖောက်ဖျက်နိုင်မှာ။
ထိုအချိန်တွင် တာအိုမိတ်ဆွေ ရှုယွီက ထပ်လောင်း ပြောကြားလိုက်သည်။
“ကျွန်တော်ကတော့ ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ကို သိပ်စိတ်မပူပါဘူး... ဒါပေမဲ့ 'ကိုးဝိညာဉ် မိစ္ဆာနန်းတော်' နဲ့ 'ဖီးနစ်သက်ဆင်း စံအိမ်' တို့လို တခြား အင်အားစုတွေသာ ဒီပဋိပက္ခထဲ ပါဝင်လာခဲ့ရင်တော့... ဒါက မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး... ဒါကြောင့် ခင်ဗျား အနေနဲ့ ဖြစ်လာသမျှ အခြေအနေတိုင်းအတွက် ပြင်ဆင်ထားဖို့ လိုတယ်”
ထို့နောက် တာအိုမိတ်ဆွေ ရှုယွီထံမှ မည်သည့် သတင်းစကားမျှ ထပ်မံ မရောက်လာတော့ပေ။
စုယွီ၏ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ တာအိုမိတ်ဆွေ ရှုယွီ ပြောသည့်အချက်သည် ဖြစ်နိုင်ချေ ရှိနေသည်။
ကိုးဝိညာဉ် မိစ္ဆာနန်းတော်သည် ယခင်က 'ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး' အပျက်အစီးများကို လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းခဲ့ဖူးပြီး၊ ဖီးနစ်သက်ဆင်း စံအိမ်သည်လည်း ပျော့ညံ့သော အဖွဲ့အစည်း မဟုတ်ပေ။ အခြား စီရင်စုမှ ကျင့်ကြံသူ မိသားစု တစ်ခုသည်လည်း ယခင်က ယွင်ကျန်းဂိုဏ်းကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ဖူးသည်။
လဲနေသူကို ထပ်ကန်မယ့် ကိစ္စမျိုးက မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။
တကယ်လို့သာ အဲဒီလို အဖြစ်အပျက်မျိုး ဖြစ်လာခဲ့ရင် တာယွဲ့နန်းတော်က ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား။
ကျောက်မည်းတောင် ...
ယွီမိသားစု နေအိမ် အပြင်ဘက်တွင် တိမ်တိုက်ကျားများ ပေါ်လာသည်။ ကြောက်စရာ အရှိန်အဝါသည် ယွီမိသားစုကို ထိတ်လန့်သွားစေခြင်း မရှိဘဲ၊ အားလုံးက ဝမ်းသာအားရ ကြိုဆိုကြသည်။ သူတို့ ရင်ထဲမှ လေးလံသော ဝန်ထုတ်ဝန်ပိုးကြီး အနည်းငယ် လျော့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ယွီမိသားစု ပိုင်ဆိုင်သော တတိယမြောက် ဝိညာဉ်တောင် ၏ ထိပ်တွင်၊ ကျောက်စိမ်းခုတင်ပေါ်၌ သတိလစ်မေ့မြောနေသော အလွန် အားနည်းနေသည့် ယွီပိုင်ဟဲ ကို စုယွီ မြင်တွေ့လိုက်ရသည်။
သူ မျက်မှောင်ကြုတ်လိုက်ပြီး ယွီပိုင်ဟဲ၏ ပခုံးပေါ်သို့ လက်တင်ကာ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
စစ်ဆေးပြီးနောက် စုယွီ စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။
ယွီပိုင်ဟဲ၏ ဝိညာဉ်သည် အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ပြီး ဆယ်ပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်။ ထို့ပြင် နှုန်းလွန်စွာ လျင်မြန်သည့် အရှိန်ဖြင့် ပျောက်ကွယ်လျက် ရှိသည်။ အလွန်ဆုံး (၁) လ၊ (၂) လခန့်သာ အသက်ရှင်နိုင်တော့မည် ဖြစ်၏။
ဤအခြေအနေတွင် ဝိညာဉ် ပျောက်ကွယ်လုနီးပါး ဖြစ်နေသဖြင့် သူ့ကို ပြန်လည် ကုစားရန် မဖြစ်နိုင်တော့ချေ။
'ဒါက ရက်စက်လွန်းတယ်... သူတို့က သူ့ဝိညာဉ်ကို အမြစ်ပြတ် သုတ်သင်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ'
စုယွီ၏ ရင်ထဲတွင် ဒေါသများ ဝုန်းခနဲ ထွက်ပေါ်လာသော်လည်း အပြင်ပန်းတွင် ထုတ်မပြပေ။
ဘာပဲပြောပြော ယွီပိုင်ဟဲသည် သူ့ယောက္ခမ ဖြစ်သည်။ သူ ဘယ်လိုလုပ် ဒေါသ မထွက်ဘဲ နေနိုင်ပါ့မလဲ။
စုယွီ ရွှေပုစဉ်း နည်းစနစ်ကို တိတ်တဆိတ် လှည့်ပတ်လိုက်သည်။ သူ၏ အားကောင်းသော ဝိညာဉ်စွမ်းအားများသည် ယွီပိုင်ဟဲ၏ ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် စီးဝင်သွားပြီး၊ အလွန် အားနည်းနေသော ဝိညာဉ်ကို အာဟာရ ဖြည့်တင်းပေးလိုက်၏။
အခန်း (၃၂၀) - ကျဆုံးခြင်း၊ ကြေးမုံပျက်သုဉ်းခြင်း - အပိုင်း (၂)
~ခဏကြာသော်...
ယွီပိုင်ဟဲသည် ဖြည်းညှင်းစွာ သတိရလာသည်။ သူ့မျက်ခွံများ အနည်းငယ် လှုပ်ရှားလာပြီး၊ ဖြူဖပ်ဖြူရော် မျက်နှာတွင် သွေးရောင်အနည်းငယ် သန်းလာသည်။ သက်စောင့်စွမ်းအား ခေတ္တခဏ ပြန်လည်ရရှိလာသကဲ့သို့ပင်။
ဤသည်မှာ စုယွီက ယွီပိုင်ဟဲ၏ ဝိညာဉ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပေးလိုက်သဖြင့် ခေတ္တမျှ သတိပြန်လည်လာခြင်း ဖြစ်သည်။
ယွီပိုင်ဟဲ မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ဘေးတွင် စုယွီကို တွေ့လိုက်ရသည်။ ထို့ပြင် မျက်ရည်စများဖြင့် ပြည့်နှက်နေသော လော့ချင်းယာ နှင့် ယွီခယ်အာ တို့ကိုလည်း တွေ့ရသည်။ ယွီပိုင်ရှန် ၊ ယွီပိုင်လုံ ၊ ယွီချန် နှင့် အခြားသူများလည်း ရောက်ရှိနေကြသည်။ သူသည် ဖြည်းညှင်းစွာ ပြုံးလိုက်သော်လည်း ထိုအပြုံးသည် ခြောက်ခြားဖွယ်ရာ ဖြစ်နေ၏။
“မင်း ရောက်နေတာလား”
ယွီပိုင်ဟဲသည် စုယွီ ရောက်နေခြင်းအတွက် အံ့သြပုံမရချေ။
စုယွီ အနည်းငယ် တွန့်ဆုတ်နေပြီးနောက် ပြောလိုက်သည်။
“ဦးလေးကို တိုက်ခိုက်တဲ့သူက တာ့ယွဲ့စီရင်စု ပြင်ပက အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ထိုက်ရွှီ နတ်ဘုရား မဟာမိတ် က ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်ပါ”
ယွီပိုင်ဟဲ၏ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူက မေးလိုက်၏။
“သူတို့က အရမ်း အစွမ်းထက်သလား”
စုယွီ ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။
“တာယွဲ့နန်းတော် ထက် မနိမ့်ကျပါဘူး”
သူ့အနောက်ရှိ လော့ချင်းယာ၊ ယွီခယ်အာ၊ ယွီပိုင်ရှန်၊ ယွီချန်နှင့် အခြားသူများ၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။
ထိုက်ရွှီ နတ်ဘုရား မဟာမိတ်။
တာယွဲ့နန်းတော်လောက် အစွမ်းထက်တဲ့ အင်အားကြီး အဖွဲ့အစည်းတစ်ခုလား။
အဲဒီလို အင်အားကြီး အဖွဲ့အစည်းတစ်ခုက ဘာလို့ သူတို့ ယွီမိသားစုကို တိုက်ခိုက်ရတာလဲ။
ယွီပိုင်ဟဲ ခေတ္တမျှ တိတ်ဆိတ်နေပြီး စုယွီ၊ လော့ချင်းယာ၊ ယွီခယ်အာ၊ ယွီပိုင်ရှန်နှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ပြောလိုက်၏။
“ဒါဆိုရင် ငါ့ယွီမိသားစု အနေနဲ့ ပြင်ဆင်ထားဖို့ လိုပြီ... ငါ့အခြေအနေကြောင့် မိသားစု တစ်ခုလုံး ချောက်ထဲကျသွားတာမျိုး အဖြစ်ခံလို့ မဖြစ်ဘူး”
ထိုသို့ပြောနေစဉ် ယွီပိုင်ဟဲ၏ မျက်နှာသည် ပိုမို ဖြူဖပ်ဖြူရော် ဖြစ်လာပြီး၊ မူးဝေလာသကဲ့သို့ ခံစားလိုက်ရသည်။
ကပျာကယာပင် သူသည် လော့ချင်းယာနှင့် ယွီခယ်အာကို ကြည့်ကာ ပြောလိုက်သည်။
“ချင်းယာ... ငါ မရှိတော့ရင် မင်း ခယ်အာ နဲ့အတူ သွားနေလိုက်တော့... ခယ်အာ... သမီးလည်း စုယွီလေးနဲ့ အဆင်ပြေအောင်နေ... အဖေ့ကြောင့်နဲ့ မိုက်မဲတဲ့အလုပ်တွေ မလုပ်မိစေနဲ့... နားလည်လား”
“မမိုက်မဲပါနဲ့...”
သူ့နောက်ဆုံးစကားများသည် အလွန် တိုးညှင်းအားနည်းသွားလေပြီ။ ယွီပိုင်ဟဲ၏ မျက်ခွံများသည် ပေါင်တစ်ထောင်ခန့် လေးလံလာသကဲ့သို့ ခံစားရပြီး၊ နောက်တစ်ကြိမ် သတိလစ်မေ့မြောသွားကာ မျက်လုံးများ ပိတ်ကျသွားတော့သည်။
စုယွီ သက်ပြင်းတစ်ချက် တိုးတိုးလေး ချလိုက်၏။ ယွီပိုင်ဟဲ၏ သက်စောင့်စွမ်းအား တည်ငြိမ်စေရန် ဝိညာဉ်စွမ်းအင် အနည်းငယ် သွင်းပေးလိုက်ပြီး၊ ယွီပိုင်ဟဲကို ထပ်မံ အနှောင့်အယှက် မပေးလိုတော့သဖြင့် အခြားသူများနှင့်အတူ ထွက်ခွာလာခဲ့၏။
ယွီမိသားစု ခန်းမဆောင်မကြီး...
ထိုနေရာသို့ ရောက်သောအခါ စုယွီ ခေတ္တမျှ စဉ်းစားလိုက်ပြီး ယွီပိုင်ရှန်၊ ယွီပိုင်လုံနှင့် ယွီချန်တို့ကို ပြောလိုက်သည်။
“ယွီမိသားစုထဲက လူငယ်တချို့ကို ရွေးချယ်သင့်တယ် ထင်တယ်... သူတို့ကို ယွင်ကျန်းဂိုဏ်း မှာ သွားရောက်ကျင့်ကြံဖို့ ကျွန်တော် ထောက်ခံချက် ပေးနိုင်တယ်”
“တာယွဲ့စီရင်စု မှာ ဘာပြဿနာမှ မရှိလောက်ပေမယ့်... အရန်အစီအစဉ်တစ်ခု ရှိထားတာတော့ ပိုစိတ်ချရတာပေါ့”
ယွီပိုင်ရှန်သည် စုယွီကို လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။
“အခြေအနေက အဲဒီလောက်တောင် စိုးရိမ်ရလို့လား”
စုယွီ စဉ်းစားလိုက်သည်။
“မကြာသေးခင်ကမှ ကောင်းကင်အပျက်အစီး ခန်းမဆောင် နဲ့ ဆက်သွယ်ကြည့်တော့... ထိုက်ရွှီ နတ်ဘုရား မဟာမိတ်က တာယွဲ့စီရင်စု နယ်စပ်မှာရှိတဲ့ တာယွဲ့နန်းတော်ရဲ့ အမာခံစခန်းတချို့ကို တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ သတင်းရတယ်... တာယွဲ့နန်းတော် အထိနာသွားတယ်တဲ့”
“တာယွဲ့စီရင်စုမှာ လတ်တလော ဖြစ်ပျက်နေတဲ့ မငြိမ်မသက်မှုတွေကို ထည့်တွက်ကြည့်ရင်... အနာဂတ်မှာ ဘာဆက်ဖြစ်မလဲ ဆိုတာ ဘယ်သူမှ ကြိုမခန့်မှန်းနိုင်ဘူး”
ယွီပိုင်ရှန်၊ ယွီပိုင်လုံ၊ ယွီချန်နှင့် အခြားသူများ၏ မျက်နှာများ ထပ်မံ ပြောင်းလဲသွားကြသည်။ ဆွေးနွေးတိုင်ပင်ပြီးနောက် အိမ်တော်တစ်ခုစီမှ ပါရမီရှိသော လူငယ်သုံးဦးစီ ရွေးချယ်ရန် ဆုံးဖြတ်လိုက်ကြ၏။
သူတို့ကို ယွီခယ်အာ ဦးဆောင်၍ ယွင်ကျန်းဂိုဏ်းသို့ သွားရောက်ကျင့်ကြံစေမည် ဖြစ်သည်။
ယွီပိုင်ဟဲသည် စုယွီ မျှော်လင့်ထားသည်ထက် စောစီးစွာ ကွယ်လွန်သွားခဲ့သည်။ သုံးရက်အကြာတွင် သူ့ဝိညာဉ် ပျောက်ကွယ်သွားပြီး သေဆုံးသွား၏။
စုယွီသည် ယွီမိသားစုတွင် ယွီခယ်အာနှင့်အတူ နေထိုင်ပြီး ယွီပိုင်ဟဲ၏ နာရေးကိစ္စများကို ကူညီဆောင်ရွက်ပေးခဲ့သည်။ နှုတ်ဆက်ပွဲပြီးနောက် သူသည် လော့ချင်းယာနှင့်အတူ ယွီမိသားစုမှ ထွက်ခွာလာခဲ့သည်။
ယွီပိုင်ဟဲ ကိစ္စကြောင့် အိမ်တော်သုံးခု၏ ခေါင်းဆောင်နေရာကို သူ မဟုတ်တော့ဘဲ သူ့တူဖြစ်သူက ဆက်ခံ၏။
လော့ချင်းယာ အတွက်မူ ယွီမိသားစုတွင် ဆက်နေသည်ထက် သမီးဖြစ်သူနှင့်အတူ နေထိုင်ခြင်းက ပိုကောင်းပေလိမ့်မည်။ သို့မှသာ အသည်းကွဲပြီး အလွန်အမင်း ဝမ်းနည်းပူဆွေးမှု ဒဏ်မှ သက်သာရာ ရနိုင်ပေမည်။
ထို့ကြောင့်ပင် ယွီပိုင်ဟဲက လော့ချင်းယာကို ယွီခယ်အာနှင့်အတူ လိုက်သွားပြီး သမီးနှင့်အတူ နေထိုင်ရန် မှာကြားခဲ့ခြင်း ဖြစ်သည်။
“ထိုက်ရွှီ နတ်ဘုရား မဟာမိတ်”
စုယွီ ဘာကတိမှ မပေးခဲ့သော်လည်း၊ ဒီအကြွေးကိုတော့ မှတ်တမ်းတင်ထားလိုက်သည်။ လောလောဆယ် သူက ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ကို ဘာမှ မလုပ်နိုင်သေးပေမယ့်၊ အနာဂတ်မှာ မလုပ်နိုင်ဟု မဆိုလိုပေ။
သူ့သက်တမ်းက ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ရဲ့ အရှင်သခင် ဆိုသူထက်တောင် ပိုရှည်လျားနေဦးမည်။
သည်းခံပြီး စောင့်ဆိုင်းနေလျှင်... ထိုက်ရွှီ နတ်ဘုရား မဟာမိတ် အားအနည်းဆုံး အချိန်ကို သူ မစောင့်နိုင်စရာ အကြောင်း မရှိ။
*
စုမိသားစုသို့ ပြန်ရောက်သောအခါ...
စုယွီသည် စုပင်း ၊ စုရွေ့အန်း နှင့် အခြားသော မိသားစု အကြီးအကဲများကို ခေါ်ယူတွေ့ဆုံလိုက်သည်။ မိသားစုအတွင်းမှ ပါရမီသင့်တင့်လျောက်ပတ်ပြီး ဆယ်ကျော်သက် အရွယ်ရှိသော လူငယ်ငါးဦးကို ရွေးချယ်ကာ စုယွီနှင့်အတူ ယွင်ကျန်းဂိုဏ်းသို့ လိုက်ပါရန် စီစဉ်လိုက်သည်။
ပြန်ရောက်ပြီး တစ်လအကြာတွင် စုယွီသည် တတိယအဆင့်နိမ့် "အမွေးဖြူ သိမ်းငှက် ရုပ်သေး" တစ်ကောင်နှင့် တတိယအဆင့်နိမ့် "ကြေးမုံလမင်း အဆောင်" အခု (၃၀) ကို မိသားစုအတွက် ထားရစ်ခဲ့၏။
ထို့နောက် သူသည် ယွီခယ်အာ၊ လော့ချင်းယာ၊ ယွီချန်ချင်း ၊ စုချီ ၊ လန်ကုန်း ၊ လန်ရှီ နှင့် စုမိသားစု၊ ယွီမိသားစုမှ လူငယ်များနှင့်အတူ ထွက်ခွာလာခဲ့သည်။ သူတို့အားလုံးသည် တိမ်တိုက်ကျား သားရဲစီးတော်ယာဉ် သုံးကောင်ပေါ်တွင် စီးနင်းလိုက်ပါလျက် ယွင်ကျန်းဂိုဏ်းဆီသို့ ဦးတည်ထွက်ခွာသွားကြ၏။
မထွက်ခွာမီ စုယွီသည် နေလမင်းကျွန်း ရှိ ရေခဲမီး နှစ်ဆင့် ဂူစံအိမ် တည်နေရာနှင့် ၎င်း၏ အခင်းအကျင်း ထိန်းချုပ်နည်းများကို စုပင်း၊ စုရွေ့အန်းနှင့် အခြားလူယွီံအချို့ကို လျှို့ဝှက်စွာ ပြောပြခဲ့သည်။
နေလမင်းကျွန်းရှိ ဝိညာဉ်အပင်များကို စုပင်းနှင့် အခြားသူများက ဂရုစိုက်ပေးရန် လိုအပ်သည်။ စုပင်းနှင့် အခြားသူများသည်လည်း နေလမင်းကျွန်းတွင် နေ့စဉ် သွားရောက်ကျင့်ကြံနိုင်သည်။
အကယ်၍ ခုခံ၍မရနိုင်သော ရန်သူကြီးနှင့် ရင်ဆိုင်ရပါက၊ သူတို့သည် နေလမင်းကျွန်းတွင် ပုန်းအောင်းပြီး ကယ်ဆယ်ရေးကို စောင့်ဆိုင်းနိုင်၏။
နေလမင်းကျွန်း အောက်ခြေရှိ တတိယအဆင့် "ရွှေဖျော့ရောင် ဝိညာဉ်ကျောက်တုံး" သတ္တုကြောကိုမူ မိသားစု စွမ်းဆောင်ရည် ပြည့်မီလာမှသာ ဖြည်းဖြည်းချင်း တူးဖော်နိုင်သည်။
တိမ်တိုက်ကျား သုံးကောင်အပြင်၊ စုယွီသည် သူ ထိန်းချုပ်ထားသော သတ္တဝါနှစ်ကောင်ကိုလည်း ခေါ်ဆောင်သွားခဲ့သည်။
သူသည် "ဝိညာဉ်စုစည်း ဆေးလုံး" အတွက် ကုန်ကြမ်းပစ္စည်းများ စုဆောင်းနေခြင်း ဖြစ်သည်။
အကယ်၍ ဝိညာဉ်စုစည်း ဆေးလုံး တစ်သုတ်စာအတွက် လိုအပ်သော ပစ္စည်းများကို စုဆောင်းနိုင်ခဲ့လျှင်၊ အမွေးနက် သိမ်းငှက် နှင့် မြေကမ္ဘာ မီးမျောက်ဝံ တို့သည် တတိယအဆင့်နိမ့် အဆင့်သို့ တက်လှမ်းနိုင်ကောင်း တက်လှမ်းနိုင်လိမ့်မည်။
ဒါက သူတို့ကို မိသားစုမှာ ထားခဲ့တာထက် အများကြီး ပိုကောင်းပါ၏။
ယွီပိုင်ဟဲ ကိစ္စ ဖြစ်ပွားပြီး မကြာမီ...
ကြာနီကန် ... သွေးမဟာမိတ် မင်္ဂလာနယ်မြေ...
အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက်သည် ပြင်ပမှ ပြန်ရောက်လာပြီး လျှို့ဝှက်ခန်းမဆောင်သို့ ဝင်ရောက်သွားသည်။ မကြာမီ ကုန်းစွန်းရီ နှင့် တုယွီလင် တို့လည်း လျှို့ဝှက်ခန်းမဆောင်သို့ ရောက်ရှိလာကြ၏။
ကုန်းစွန်းရီသည် စိတ်မရှည်ဟန်ဖြင့် မေးလိုက်သည်။
“ဘယ်လိုလဲ... ယွီမိသားစုဆီက တစ်ခုခု ရခဲ့လား”
အနက်ရောင် ဝတ်စုံနှင့် လူသည် သက်ပြင်းကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်ပြီး ခေါင်းခါလိုက်၏။
“ဘာမှ မရခဲ့ဘူး... ယွီမိသားစုရဲ့ တတိယသား ယွီပိုင်ဟဲက လှည့်ကွက်တချို့ သုံးသွားတယ်... သူ့ဆီမှာ နေရာလပ်စွမ်းအား ပါဝင်တဲ့ တတိယအဆင့်နိမ့် 'ဖူ အဆောင်' တစ်ခု ရှိနေတယ်... ငါ ပေါ့ဆမိပြီး အဲဒီ အဆောင်ရဲ့ စွမ်းအားထဲမှာ ပိတ်မိသွားတယ်”
အခန်း (၃၂၁) - ကျဆုံးခြင်း၊ ကြေးမုံပျက်သုဉ်းခြင်း - အပိုင်း (၃)
~“ကံကောင်းထောက်မစွာနဲ့... ငါ့ဝိညာဉ်စွမ်းအားကို သုံးလို့ရသေးတယ်... ယွီပိုင်ဟဲက ထွက်ပြေးလွတ်မြောက်သွားနိုင်ပေမယ့်၊ အခြေခံတည်ဆောက်ခြင်း အဆင့် (၉) ပဲ ရှိတဲ့ သူ့အတွက်... ငါ့တိုက်ခိုက်မှုကြောင့် မသေရင်တောင် အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး”
နေရာလပ်စွမ်းအား ပါဝင်တဲ့ တတိယအဆင့်နိမ့် အဆောင် စာလိပ် ဟုတ်လား။
ကုန်းစွန်းရီနှင့် တုယွီလင်တို့၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားကြ၏။ ယွီမိသားစုက ဒီလောက် အဖိုးတန်တဲ့ ရတနာမျိုးကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားရတာလဲ။
ဒီအချက်ကို စဉ်းစားမိပြီးနောက် တုယွီလင်က ရုတ်တရက် ပြောလိုက်သည်။
“ဒီနှစ်ပိုင်းတွေမှာ ယွင်ကျန်းဂိုဏ်း အတွင်းမှာ အလွန် အစွမ်းထက်တဲ့ 'လမင်းအဆောင်လက်ဖွဲ့' ဆိုတာ ပေါ်ထွက်နေတယ်လို့ ကောလာဟလတွေ ကြားတယ်... ဒီအဆောင်လက်ဖွဲ့ တစ်ခုတည်းနဲ့ ယွင်ကျန်းဂိုဏ်းသားတွေက ကိုယ့်ထက် အဆင့်မြင့်တဲ့သူတွေကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်တယ်တဲ့... လမင်းအဆောင်လက်ဖွဲ့ရဲ့ ကျော်ကြားမှုက ယွင်ကျန်းဂိုဏ်း နယ်မြေတစ်ခုလုံး ပဲ့တင်ထပ်နေတာပဲ... ကြားတာတော့ ဒီအဆောင်လက်ဖွဲ့က စုမိသားစုက စုယွီ ဖန်တီးထားတာတဲ့... သူက အဆောင်လက်ဖွဲ့ ပညာရှင် တစ်ယောက်လေ”
“ယွီမိသားစု သုံးသွားတာ ဒီလမင်းအဆောင်လက်ဖွဲ့ ဖြစ်နေမလား”
အနက်ရောင် ဝတ်စုံနှင့် လူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မထီမဲ့မြင် ပြုံးလိုက်၏။
“နေရာလပ်စွမ်းအားနဲ့ စိတ်အာရုံလွဲမှားခြင်း စွမ်းအားတွေ ပါဝင်တဲ့ တတိယအဆင့်နိမ့် အဆောင်လက်ဖွဲ့ကို ဖန်တီးနိုင်တဲ့ အဆောင်လက်ဖွဲ့ ပညာရှင် ဟုတ်လား”
“စုယွီက အခုမှ ရွှေအမြုတေ အဆင့်ကို ရောက်တာ မဟုတ်ဘူးလား”
တုယွီလင်က ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်... သူ အဆင့်တက်တာ မကြာသေးပါဘူး... ဒါပေမဲ့ စုယွီရဲ့ ဆေးပညာနဲ့ အဆောင်လက်ဖွဲ့ ပညာ ပါရမီက သူ့ကျင့်ကြံခြင်း ပါရမီထက် အများကြီး သာလွန်တယ်... ဟိုးအရင် ချီ စုဆောင်းခြင်း အဆင့် (၉) တုန်းကတည်းက ဒုတိယအဆင့်နိမ့် ဆေးလုံးတွေကို ဖော်စပ်နိုင်ခဲ့သူပါ”
တုယွီလင်၏ စကားကို ကြားလိုက်ရသောအခါ အနက်ရောင် ဝတ်စုံနှင့် လူသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး တုယွီလင်ကို စိုက်ကြည့်ကာ ပြောလိုက်၏။
“ဒါဆို... စုယွီမှာ အားကောင်းတဲ့ ဝိညာဉ်စွမ်းအား ရှိနေတာလား... ဖြစ်နိုင်တာက သူများ...”
ခေတ္တမျှ စဉ်းစားပြီးနောက် တုယွီလင်က ခေါင်းခါလိုက်သည်။
“မဖြစ်နိုင်လောက်ဘူး... သူ ချီ စုဆောင်းခြင်း အဆင့် (၉) မှာ ဒုတိယအဆင့်နိမ့် ဆေးပညာရှင် ဖြစ်လာတုန်းက ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေ မပေါ်သေးပါဘူး... ဒါ့အပြင် ကျွန်တော် သိသလောက်ဆိုရင် စုမိသားစုက ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေကို စူးစမ်းလေ့လာရာမှာ မပါဝင်ခဲ့ပါဘူး”
“စုယွီက သူ့အသက်ကို တော်တော် နှမြောပုံရတယ်... ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေကိုလည်း မသွားသလို၊ ကောင်းကင်ဖီးနစ် နန်းတော် အပျက်အစီးတွေကိုလည်း မသွားခဲ့ဘူး”
ခဏရပ်ပြီးနောက် တုယွီလင်က ဆက်ပြော၏။
“ဒါပေမဲ့... ကျွန်တော်တို့ မသိလိုက်ဘဲ သူ တိတ်တဆိတ် ဝင်သွားတာမျိုးလည်း ဖြစ်နိုင်တာပေါ့”
ကုန်းစွန်းရီသည် အမှန်တရားကို သိနိုင်ရန် စုယွီကို ဖမ်းဆီးသင့်ကြောင်း အကြံပြုရန် ပါးစပ်ဟလိုက်သည်။
သို့သော် သူ ပြန်စဉ်းစားလိုက်မိ၏။ အခြေခံတည်ဆောက်ခြင်း အဆင့် (၉) တုန်းကတည်းက စုယွီသည် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ နှစ်ယောက်ကို သတ်ဖြတ်ခဲ့ဖူး၏။
‘အခု ရွှေအမြုတေ အဆင့်ကို ရောက်သွားပြီ ဆိုတော့ သူ့စွမ်းအားက ပိုပြီး ကြီးမားလာမှာ သေချာသည်။
ပြီးတော့ သူက အခုဆို အစွမ်းထက်တဲ့ တတိယအဆင့် အဆောင်လက်ဖွဲ့တွေကို ပိုင်ဆိုင်ထားတဲ့ တတိယအဆင့်နိမ့် အဆောင်လက်ဖွဲ့ ပညာရှင် တစ်ယောက် ဖြစ်နေလောက်ပြီ။
ဒီလိုလူမျိုးကို သွားပြီး ရင်ဆိုင်ဖို့ ဆုံးဖြတ်လို့ မဖြစ်ဘူး။
ထိုက်ရွှီ နတ်ဘုရား မဟာမိတ် က အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ယောက် ကိုယ်တိုင် ဆင်းလာပြီး အရေးယူမှ ရလိမ့်မယ်။’
ထို့ကြောင့် စဉ်းစားပြီးနောက် ကုန်းစွန်းရီသည် သူ့စကားများကို ပြန်မျိုချလိုက်သည်။
သို့သော် ကုန်းစွန်းရီ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“တကယ်လို့ စုယွီသာ တတိယအဆင့်နိမ့် အဆောင်လက်ဖွဲ့ ပညာရှင် ဖြစ်လာခဲ့ရင်... ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေကို သိမ်းပိုက်မယ့် ကျွန်တော်တို့ အစီအစဉ် ထိခိုက်သွားမလား”
ထိုစိုးရိမ်မှုသည် အခြေအမြစ် မရှိသည်တော့ မဟုတ်ပေ။
အနက်ရောင် ဝတ်စုံနှင့် လူသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
“စိတ်မပူပါနဲ့... သူက ထိုက်ရွှီ နတ်ဘုရား မဟာမိတ်ရဲ့ ကိစ္စတွေကို ဝင်ပါရဲမှာ မဟုတ်ပါဘူး... ငါ အာမခံတယ်”
“သူ သေချင်နေရင်တော့ တစ်မျိုးပေါ့”
“ရွှေအမြုတေ အဆင့်ကို အခုမှ ရောက်လာတဲ့ ကောင်လေးတစ်ယောက်က ထိုက်ရွှီ နတ်ဘုရား မဟာမိတ် ရှေ့မှာတော့ လက်တစ်ဖက်တည်းနဲ့ ချေမှုန်းပစ်လို့ရတဲ့ ပုရွက်ဆိတ်လေး တစ်ကောင်ထက် မပိုပါဘူး”
ယခုအချိန်တွင် ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများကို သိမ်းပိုက်ရန် သူတို့၏ (၁၀) နှစ်တာ စီမံကိန်းသည် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်... သဲလွန်စ ရှာမတွေ့သေးသော "ရွှေပုစဉ်း နည်းစနစ်" အကြောင်း တွေးမိသောအခါ အနက်ရောင် ဝတ်စုံနှင့် လူသည် စိတ်ပျက်ဒေါသထွက်လာသည်။
ယွီမိသားစုဆီမှာလည်း မရှိ... စုမိသားစုကိုတော့ စုံစမ်းနေတုန်းပင်.. သို့သော်၊ တုယွီလင် ပြောတာကို ကြည့်လျှင် စုမိသားစုမှာလည်း ရှိပုံ မပေါ်။
သေချာအောင်တော့ ဆက်လက် စုံစမ်းရဦးမည်။
“တာယွဲ့နန်းတော် ဒါမှမဟုတ် တခြား အင်အားစု တစ်ခုခုကများ တွေ့သွားပြီလား”
အနက်ရောင် ဝတ်စုံနှင့် လူသည် တိတ်တဆိတ် တွေးတောနေ၏။
သူက ယွင်ကျန်းဂိုဏ်း နယ်မြေကို တာဝန်ယူထားရပြီး၊ အခြား အင်အားစု နယ်မြေများကိုတော့ တခြားလူတွေ တာဝန်ယူထားကြသည်။
ယွင်ကျန်းဂိုဏ်း နယ်မြေထဲမှာ မတွေ့ဘူး ဆိုလျှင်တော့ တခြား အင်အားစု တစ်ခုခုက တွေ့သွားဖို့ အခွင့်အလမ်း များနေလေပြီ။
အထူးသဖြင့် တာယွဲ့နန်းတော်ပင်။ ကိုးဝိညာဉ် မိစ္ဆာနန်းတော် ကို မောင်းထုတ်ပြီးသည့်နောက်၊ တာယွဲ့နန်းတော်က ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေကို သိမ်းပိုက်လိုက်ပြီး အကောင်းဆုံး အခွင့်အရေး ရှိသော ပင်မတောင်ထွတ်ကို ရယူသွားခဲ့၏။ ယွင်ကျန်းဂိုဏ်းက အစကတည်းက မပါဝင်ခဲ့ချေ။
နောက်ပိုင်းကျမှသာ ဝင်ရောက်လာခဲ့သည်။ တခြား အင်အားစုတွေ ဆုတ်ခွာသွားပြီးနောက် ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေ အားလုံးနီးပါး ယွင်ကျန်းဂိုဏ်း လက်အောက် ရောက်သွားပေမယ့်၊ ယွင်ကျန်းဂိုဏ်းက ဟင်းရည်ကျန်လေး သောက်ရရုံလောက်ပဲ ရှိမည်ပင်။
ရွှေပုစဉ်း နည်းစနစ်က ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးတွေထဲမှာ ရှိနေနိုင်ခြေ နည်းပါးသွားရချေပြီ။
ထိုအချက်ကို တွေးမိသောအခါ အနက်ရောင် ဝတ်စုံနှင့် လူသည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိပြီး၊ သူ့မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
*
ယွင်ကျန်းဂိုဏ်း၏ ဝင်ပေါက်တွင်...
ဒါက စုယွီ ယွင်ကျန်းဂိုဏ်းသို့ တတိယအကြိမ်မြောက် ရောက်ရှိခြင်း ဖြစ်ပါ၏။ ပထမအကြိမ်က လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က မိသားစု ခေါင်းဆောင်ဟောင်း စုဖုန်း နှင့်အတူ ဂိုဏ်းဝင် စာမေးပွဲ လာဖြေခဲ့စဉ်က ဖြစ်သည်။ ကံဆိုးစွာဖြင့် သူ အရွေးမခံရဘဲ အိမ်ပြန်ပြီး ဆက်လက် ကျင့်ကြံခဲ့ရသည်။
ဒုတိယအကြိမ်က လော့ချန်ယွီ နှင့် နတ်မိမယ် ဖုန်းလင်တို့ အချေအတင် ဖြစ်ပွားစဉ်က ဖြစ်သည်။ ထိုအချိန်က ဖီးနစ်သက်ဆင်း နယ်မြေမှ ရွှေအမြုတေ အဆင့် မိသားစု ဖြစ်သော ဖေးမိသားစု က ယွမ်တောင် ဈေးကွက်ကို တိုက်ခိုက်ခဲ့၏။
ကံကောင်းထောက်မစွာဖြင့် သူ မပါဝင်ခဲ့ရပေ။
ယခုတစ်ကြိမ်တွင် စုယွီသည် လော့ချန်ယွီ၊ စုဇီ ၊ ထျဲမုန်ကျူး နှင့် အခြားသူများနှင့်အတူ ယွင်ကျန်းဂိုဏ်းသို့ တရားဝင် ခြေချလိုက်ပြီ ဖြစ်သည်။ မြူခိုးများ လွှမ်းခြုံထားသော ဝိညာဉ်တောင် ၏ ပင်မတောင်ထွတ်များနှင့် တိမ်တိုက်ကျားတွင် ပျံသန်းနေသော တိမ်တိုက်ဗျိုင်းများကို ကြည့်ရင်း၊ နတ်ဘုရား ပုံပြင်ဆန်သော ပတ်ဝန်းကျင်နှင့် သဘာဝ ဝိညာဉ်စွမ်းအင် ကြွယ်ဝမှုတို့သည် ဆေးလုံးမျှော်စင်တောင်နှင့် နှိုင်းယှဉ်၍ပင် မရကြောင်း တွေ့ရှိလိုက်ရ၏။
စုယွီက ပြုံးလျက် ပြောလိုက်သည်။
“ငါ့သက်တမ်းမှာ ယွင်ကျန်းဂိုဏ်းရဲ့ အတွင်းပိုင်း ပင်မတောင်ထွတ်ကို ရောက်ဖို့ အခွင့်အရေး ရလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး”
ထျဲမုန်ကျူးက လေးနက်သော မျက်နှာထားဖြင့်၊
“လေးစားရပါသော အကြီးအကဲ စု... ကျွန်မတို့ကို ခွင့်လွှတ်ပါ... ယွင်ကျန်းဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ အဲဒီတုန်းက ဂိုဏ်းဝင်စာမေးပွဲမှာ အကြီးအကဲရဲ့ စွမ်းဆောင်ရည်က ရွေးချယ်ခံရမယ့် အဆင့်ကို မရောက်ခဲ့တာ အမှန်ပါပဲ... ယွင်ကျန်းဂိုဏ်းက တမင် ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး”
ထိုအခါ၊ စုယွီ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရယ်လိုက်၏။
“မိတ်ဆွေ ထျဲ... ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး... ကျွန်တော့်ကို အကြီးအကဲလို့ ခေါ်စရာ မလိုပါဘူးဗျာ”