← Chapters

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း (၃၂၈) - လက်အောက်ခံဖြစ်ခြင်း၊ စတုတ္ထအဆင့် - အပိုင်း (၄)

~မထင်မှတ်ဘဲ... ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် မြေကြီးအောက်သို့ ခဏကြာ ဝင်ရောက်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြန်ထွက်လာ၏။

ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ မျက်လုံးများ အရောင်တောက်နေပြီး အော်ဟစ်လိုက်သည်။

“ချမ်းသာပြီ... ငါတို့ ချမ်းသာပြီ... အောက်မှာ နေရာတစ်ခု တွေ့ခဲ့တယ်... ဂူစံအိမ်လား၊ လျှို့ဝှက်ခန်းမလား၊ သိုလှောင်ခန်းလားတော့ မသေချာဘူး”

ထိုစကားကို ကြားလိုက်ရသောအခါ တာအိုရုပ်သေး စိတ်ဝင်စားသွားသည်။ သူသည် ထွက်ပြေးခြင်း နည်းစနစ်ကို ကပျာကယာ အသက်သွင်းလိုက်ပြီး ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နောက်သို့ လိုက်ပါသွား၏။

ခဏအကြာတွင်...

တာအိုရုပ်သေးနှင့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်တို့ရှေ့တွင် အခင်းအကျင်း အကာအကွယ် တစ်ခု ပေါ်လာသည်။ ဤအကာအကွယ်၏ အရှိန်အဝါသည် စတုတ္ထအဆင့် အခင်းအကျင်း ဖြစ်ကြောင်း ထင်ရှားနေ၏။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဤနေရာရှိ စတုတ္ထအဆင့် ဝိညာဉ်သွေးကြောမှ သဘာဝ ဝိညာဉ်စွမ်းအင်များကို စုပ်ယူအသက်သွင်းနေသဖြင့် ယခုတိုင် ကောင်းမွန်စွာ လည်ပတ်နေဆဲ ဖြစ်သည်။

အခင်းအကျင်း အကာအကွယ်ကို ကြည့်ရသည်မှာ ဂူစံအိမ် သို့မဟုတ် လျှို့ဝှက်ခန်းမဆောင် တစ်ခုနှင့် ပိုတူနေသည်။

“မင်း သားရဲထိန်းသိမ်း အိတ်ထဲ အရင် ပြန်ဝင်နေ”

တာအိုရုပ်သေးက ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို သတိပေးလိုက်၏။

ထိုစကားကို ကြားလိုက်ရသောအခါ တာအိုရုပ်သေးသည် နေရာလပ်စွမ်းအားကို အသက်သွင်း၍ ဖောက်ထွင်းဝင်ရောက်တော့မည် ဖြစ်ကြောင်း ကောင်းကင်မိုးကြိုး ကြွက်ဘုရင် နားလည်လိုက်သည်။ ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။

“သဘောပေါက်ပါပြီ... သဘောပေါက်ပါပြီ”

ကောင်းကင်မိုးကြိုး ကြွက်ဘုရင် သားရဲထိန်းသိမ်း အိတ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်နှင့်...

တာအိုရုပ်သေးသည် သူ့ရှေ့ရှိ အခင်းအကျင်း အကာအကွယ်ကို စိုက်ကြည့်လိုက်၏။

အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့အရှိန်အဝါ ပေါက်ကွဲထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူ့ပတ်ဝန်းကျင်ရှိ နေရာလပ်သည် ရိုင်းစိုင်းစွာ လှုပ်ခတ်သွားသည်။ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူသည် ရှေ့ရှိ ဘက်ပေါင်းစုံ နေရာလပ် အတွင်းသို့ ဝင်ရောက်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ နေရာလပ် လှိုင်းဂယက်များ ငြိမ်သက်သွားချိန်တွင် တာအိုရုပ်သေး၏ ပုံရိပ်သည် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

“ဟူး...”

အမှောင်ထု တိနေသော နေရာတစ်ခုတွင် တာအိုရုပ်သေး ရုတ်တရက် ပေါ်ထွက်လာရာ ပြင်းထန်သော လေပြင်းများ တိုက်ခတ်သွားသည်။

သူ့စွမ်းအား (၈၀) ရာခိုင်နှုန်းကျော် ထပ်မံ ကုန်ဆုံးသွားခဲ့ရ၏။

တာအိုရုပ်သေး၏ အေးစက်သော မျက်လုံးများ အရောင်တောက်သွားပြီး၊ ဤပတ်ဝန်းကျင်သစ်၏ အမှောင်ထုနှင့် လျင်မြန်စွာ အသားကျသွား၏။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ဤနေရာသည် သေးငယ်ပြီး ပိတ်လှောင်နေသော ဂူစံအိမ်တစ်ခု ဖြစ်ပုံရသည်။

သူ ရောက်ရှိနေသော နေရာသည် ခန်းမဆောင်ငယ် တစ်ခုဖြစ်ပြီး၊ အစည်းအဝေး ထိုင်ရန် ကျောက်စားပွဲတစ်လုံး ရှိ၏။

ဘယ်ဘက်နှင့် ညာဘက်ခြမ်းတို့တွင် ကျောက်ခန်းအနည်းငယ် ရှိနေသည်။

တာအိုရုပ်သေး လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို ပြန်လွှတ်ပေးလိုက်ကာ ကျောက်ခန်းများကို လိုက်လံရှာဖွေခိုင်းလိုက်၏။

ပထမဆုံး ကျောက်ခန်းထဲတွင် စာအုပ်စင်များ အစီအရီ ရှိနေသည်။

ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် အခန်းကို စစ်ဆေးပြီးနောက် သတိကြီးစွာဖြင့် သတင်းပို့လိုက်သည်။

“ထောင်ချောက်တွေတော့ မတွေ့ဘူး... ဒါပေမဲ့ ရှေးဟောင်း စာအုပ်ပုံတွေကလွဲရင် တန်ဖိုးရှိတာ ဘာမှမရှိလောက်ဘူး”

ရှေးဟောင်း စာအုပ်တွေ ။

တာအိုရုပ်သေး မျက်လုံးများ အရောင်တောက်သွားပြီး ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နှင့်အတူ အခန်းထဲသို့ ဝင်ရောက်ကာ စာအုပ်စင်ပေါ်မှ ရှေးဟောင်း စာအုပ်တစ်အုပ်ကို ဆွဲထုတ် ဖတ်ရှုလိုက်၏။

'အရှင်သခင် ရှီးယွဲ့နှင့် အရှင်သခင် ဟိုင်လုံ တို့၏ ဆွေးနွေးချက်များ'

“မူလ ဝိညာဉ် အဆင့် အရှင်သခင် နှစ်ပါးရဲ့ ဆွေးနွေးချက် မှတ်တမ်းတွေလား”

တာအိုရုပ်သေး အံ့သြတကြီး ရေရွတ်လိုက်သည်။

ဒီစာအုပ်ရဲ့ တန်ဖိုးက သာမန်မဟုတ်။

ခေတ္တမျှ လှန်လှောဖတ်ရှုပြီးနောက် တာအိုရုပ်သေး မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ စဉ်းစားပြီးနောက် နောက်ဆုံးတွင် စာအုပ်ကို ပြန်ပိတ်လိုက်၏။

အကြောင်းမူကား အရှင်သခင်များ၏ တာအိုရေးရာ ဆွေးနွေးချက်များကို သူ နားမလည်နိုင်သောကြောင့် ဖြစ်သည်။

သို့သော် အရှင်သခင် ရှီးယွဲ့နှင့် အရှင်သခင် ဟိုင်လုံတို့အကြောင်း မိတ်ဆက်ချက်မှာ အတော်လေး ပြည့်စုံ၏။ နှစ်ဦးစလုံးသည် ရှေးခေတ်ကာလက ရေဓာတ် ဝိညာဉ်အမြစ် လမ်းစဉ်ကို လိုက်စားခဲ့ကြသော မူလ ဝိညာဉ် အဆင့် အရှင်သခင်များ ဖြစ်ကြသည်။ တစ်ဦးမှာ လော့ယွဲ့ မဟာမိတ်အဖွဲ့ မှ ဖြစ်ပြီး၊ အခြားတစ်ဦးမှာ လွတ်လပ်သော ကျင့်ကြံသူ အရှင်သခင် တစ်ပါး ဖြစ်သည်။

သို့သော် ထိုလွတ်လပ်သော ကျင့်ကြံသူ အရှင်သခင်သည် ရေနဂါး အဖြစ် ပြောင်းလဲခါနီး.. စတုတ္ထအဆင့် မှော်သားရဲတစ်ကောင်ကို ပိုင်ဆိုင်ထားပြီး၊ အလွန် အစွမ်းထက်သူ ဖြစ်၏။

စာအုပ်ကို ပြန်ထားပြီးနောက် တာအိုရုပ်သေးသည် နောက်ထပ် စာအုပ်တစ်အုပ်ကို ယူလိုက်သည်။

'ကောင်းကင် နတ်ဘုရား စံအိမ်တော်၏ လျှို့ဝှက် သင်ကြားမှုများ'

စာအုပ်ခေါင်းစဉ် တစ်ခုတည်းနှင့်ပင် တာအိုရုပ်သေး၏ အာရုံကို ဖမ်းစားနိုင်ခဲ့၏။

ကောင်းကင် နတ်ဘုရား စံအိမ်တော် ဟုတ်လား။ ဟို မွေးရာပါ ဓာတ်ကြီးငါးပါး ကိုယ်ခန္ဓာ ပိုင်ရှင် တာအိုသခင်လေး လာတဲ့ ကောင်းကင် နတ်ဘုရား စံအိမ်တော် အကြောင်းလား။

သူသည် စာအုပ်ကို ကပျာကယာ လှန်လှောဖတ်ရှုလေတော့သည်။

အချိန်အတော်ကြာပြီးနောက် တာအိုရုပ်သေးသည် အတွေးနက်နေသော ပုံစံဖြင့် စာအုပ်ကို ပိတ်လိုက်သည်။

‘ဒါဆို... ရှေးခေတ်တုန်းက လော့ယွဲ့ ရေကန် ဟာ ကောင်းကင် နတ်ဘုရား စံအိမ်တော် နယ်မြေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာကိုး... လော့ယွဲ့ မဟာမိတ်အဖွဲ့ရဲ့ ဘိုးဘေးက ကောင်းကင် နတ်ဘုရား စံအိမ်တော်က တပည့်တစ်ယောက် ဖြစ်ခဲ့ပြီး... သူတို့နဲ့ ဆက်ဆံရေးတွေ အများကြီး ရှိခဲ့တာပဲ”

ဒါကြောင့်လည်း ကောင်းကင် နတ်ဘုရား စံအိမ်တော်ကနေ ဆင်းသက်လာတဲ့ နတ်ဘုရား ကျင့်စဉ်နည်းစနစ်တွေ ဒီလောက်များပြားနေတာ မဆန်းတော့ပါဘူး။

ဒီစာအုပ်က လော့ယွဲ့ မဟာမိတ်အဖွဲ့ရဲ့ ဘိုးဘေးနဲ့ ကောင်းကင် နတ်ဘုရား စံအိမ်တော်တို့ကြားက လျှို့ဝှက် ဇာတ်လမ်းတွေကို အဓိက ဖော်ပြထားတာပဲ။’

ထို့နောက် တာအိုရုပ်သေးသည် နောက်ထပ် စာအုပ်အနည်းငယ်ကို ဖတ်ရှုလိုက်၏။

ဖတ်လေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာရသည်။ ဤစာအုပ်အများစုသည် ရှေးဟောင်း လျှို့ဝှက်ချက်များကို မှတ်တမ်းတင်ထားခြင်း သို့မဟုတ် ကျင့်ကြံခြင်းနှင့် တာအိုပညာရပ်များ လက်ဆင့်ကမ်းခြင်းနှင့် သက်ဆိုင်နေ၏။

အချို့သော အကြောင်းအရာများမှာ နက်နဲလွန်းသဖြင့် နားမလည်နိုင်သော်လည်း၊ သူ နားလည်နိုင်သော အစိတ်အပိုင်းများလည်း ရှိ၏။

“ဒီရှေးဟောင်း စာအုပ်တွေက ဓာတ်ကြီးငါးပါး နည်းစနစ် ရဲ့ စွမ်းအားကို မြှင့်တင်ဖို့ အများကြီး အသုံးဝင်လိမ့်မယ်”

တာအိုရုပ်သေး လက်ကို ဝှေ့ယမ်းလိုက်ပြီး ဤအခန်းထဲရှိ ထောင်ပေါင်းများစွာသော ရှေးဟောင်း စာအုပ်အလုံးစုံကို သူ၏ ရွှေရောင်မျက်လုံး လက်စွပ် အတွင်းသို့ သိမ်းဆည်းလိုက်၏။

ထို့နောက် သူနှင့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်တို့သည် ဒုတိယမြောက် အခန်းသို့ ရောက်ရှိသွားကြသည်။

ကျောက်တံခါးကို တွန်းဖွင့်လိုက်သည်နှင့် သဘာဝ ဝိညာဉ်စွမ်းအင် အငွေ့အသက်များ ထူထဲစွာ ထွက်ပေါ်နေသော ကျောက်စိမ်းခုတင် တစ်လုံးသည် သူတို့မျက်စိရှေ့တွင် ပေါ်လာသည်။ ခုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လျက် အနေအထားဖြင့် ရှိနေသော အရိုးစု တစ်ခုလည်း ရှိ၏။

အရိုးစု၏ အခြေအနေကို ကြည့်ရသည်မှာ ထိုပုဂ္ဂိုလ်သည် အသက်ရှိစဉ်က သေစေနိုင်လောက်သော ဒဏ်ရာတစ်ခုခု ရရှိခဲ့ပုံရသည်။ အရိုးစုတွင် ဝတ်ဆင်ထားသော ဝတ်ရုံမှာ စုတ်ပြဲဟောင်းနွမ်းနေသည်။ ဝတ်ရုံ၏ အပေါက်အပြဲများကြားမှတဆင့် အရိုးစု၏ နံရိုးများ အားလုံး ကျိုးကြေနေသည်ကို မြင်တွေ့ရပြီး၊ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြနေ၏။

သို့သော် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် ကျောက်စိမ်းခုတင်ကိုသာ စိတ်ဝင်စားနေသည်။ ကျောက်စိမ်းခုတင်ကို မြင်လိုက်ရသည်နှင့် တံတွေးများ စီးကျလာပြီး မျက်လုံးများ အရောင်တောက်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

“စတုတ္ထအဆင့်... စတုတ္ထအဆင့် ဝိညာဉ်ကျောက်စိမ်း ခုတင်ကြီးပါလား”

သူသည် ကျောက်စိမ်းခုတင်ပေါ်သို့ ခုန်တက်ပြီး အားရပါးရ နမ်းရှိုက်ပစ်ရန် ပြင်လိုက်စဉ်၊ တာအိုရုပ်သေးက သူ့ကို ဖမ်းဆွဲလိုက်ပြီး ပြောလိုက်၏။

“ပြဿနာ မရှာနဲ့”

ကောင်းကင်မိုးကြိုး ကြွက်ဘုရင် သတိပြန်ဝင်လာပြီး၊ သူ့အသက်သေခြင်းတရားကို ချုပ်ကိုင်ထားသော သူ ရှိနေသေးကြောင်း သတိရလိုက်သည်။

ကပျာကယာပင် မျက်နှာငယ်လေး ဖြစ်သွား၏။

ဒါက စတုတ္ထအဆင့် ဝိညာဉ်ကျောက်စိမ်း ခုတင်ကြီးလေ။ ဒီပေါ်မှာ တစ်ခါလောက် လှဲအိပ်လိုက်ရရင် ဘယ်လောက်တောင် ဇိမ်ရှိလိုက်မလဲ။

ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို ဘေးဖယ်လိုက်ပြီးနောက်၊ တာအိုရုပ်သေးသည် ဖြည်းညှင်းစွာ ရှေ့တိုးသွားပြီး ဝိညာဉ်ကျောက်စိမ်း ခုတင်ပေါ်ရှိ အရိုးစုကို ဦးစွာ ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။

“ခွင့်လွှတ်ပါ စီနီယာ... ကျွန်တော် ဒီနေရာကနေ ထွက်သွားတာနဲ့ စီနီယာ့အတွက် ကောင်းမွန်တဲ့ အုတ်ဂူတစ်ခု တည်ဆောက်ပေးပါ့မယ်လို့ သစ္စာဆိုပါတယ်”

ဂါရဝပြုပြီးနောက် သူသည် စုတ်ပြဲနေသော ဝတ်ရုံကို ဖယ်ရှားလိုက်သည်။

မူလက တာအိုရုပ်သေး အနေဖြင့် ဝတ်ရုံကို လွှင့်ပစ်ရန် ရည်ရွယ်ထားသော်လည်း၊ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်က မျက်နှာငယ်လေးဖြင့် မေးလိုက်၏။

“လေးစားရတဲ့ သခင်... ဒီအင်္ကျီက အရမ်း ဟောင်းနွမ်းနေပြီ ဆိုတော့... ကျွန်တော့်ကို ပေးလို့ မရဘူးလားဟင်”

အခန်း (၃၂၉) - လက်အောက်ခံဖြစ်ခြင်း၊ စတုတ္ထအဆင့် - အပိုင်း (၅)

~တာအိုရုပ်သေး အံ့အားသင့်သွားပြီး ကောင်းကင်မိုးကြိုး ကြွက်ဘုရင် ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“မင်းအတွက် အသုံးဝင်လို့လား”

ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် သွားများကို ဖြီးပြလိုက်ပြီး၊ ဖြူဖွေးထက်မြက်သော အစွယ်များကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“ကျွန်တော် စားလို ရရတယ်”

“များများစားလေ... များများခြေဖျက်နိုင်လေ... ကျွန်တော့်ခန္ဓာကိုယ် ပိုသန်မာလာလေပဲ”

စကားကို ခဏရပ်ပြီးနောက် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် အနည်းငယ် စိတ်ဓာတ်ကျသော ပုံစံဖြင့် တာအိုရုပ်သေးကို ပြောလိုက်သည်။

“တကယ်တော့ ကျွန်တော့်ခန္ဓာကိုယ်က တော်တော် သန်မာပြီးသားပါ... တတိယအဆင့် အလယ်အလတ် သားရဲတစ်ကောင်က အားကုန်သုံးပြီး တိုက်ခိုက်ရင်တောင်မှ ကျွန်တော့်ခန္ဓာကိုယ်က ပြန်ကန်ထွက်သွားအောင် လုပ်နိုင်တယ်... ဒါပေမဲ့...”

တာအိုရုပ်သေး သဘောပေါက်လိုက်သည်။

ပြဿနာက မင်းရဲ့ ဝိညာဉ်က အားနည်းချက် ဖြစ်နေတာကြောင့် ငါ့လှည့်ကွက်ထဲ မိသွားတာလို့ ခံစားနေရတာ မဟုတ်လား။

ခေတ္တမျှ စဉ်းစားပြီးနောက် တာအိုရုပ်သေးသည် ဟောင်းနွမ်းစုတ်ပြဲနေသော ဝတ်ရုံကို ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ထံ ပစ်ပေးလိုက်သည်။

ဤဝတ်ရုံသည် အကောင်းပကတိ ရှိစဉ်က ထူးခြားသော မှော်ရတနာ တစ်ခု ဖြစ်ခဲ့မည်မှာ သေချာ၏။

အကယ်၍ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် ၎င်းကို စားသုံးခြေဖျက်နိုင်ပါက အကျိုးကျေးဇူး အချို့ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ရသည်။

ထို့နောက် တာအိုရုပ်သေး၏ အကြည့်များသည် ရှေ့ရှိ အရိုးစုအပေါ်သို့ ပြန်လည် ကျရောက်သွားပြီး၊ အရိုးစု၏ လက်ချောင်းတစ်ချောင်းတွင် ကောင်းကင်ပြာရောင် လက်စွပ်တစ်ကွင်း ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤအရာမှလွဲ၍ အရိုးစုတွင် အခြား မည်သည့်အရာမျှ မရှိတော့ပေ။

တာအိုရုပ်သေးသည် လက်စွပ်ကို ချွတ်ယူလိုက်ပြီး အရိုးစုကို သိမ်းဆည်းလိုက်၏။ နောက်မှ ကောင်းမွန်သော အုတ်ဂူတစ်ခု တည်ဆောက်ပေးရန် ရည်ရွယ်ထားသည်။ စတုတ္ထအဆင့် ဝိညာဉ်ကျောက်စိမ်း ခုတင် ကိုမူ သူ၏ ရွှေရောင်မျက်လုံး လက်စွပ် ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်၏။

သူသည် ဝိညာဉ်အာရုံ ကို လက်စွပ်ထဲသို့ ဂရုတစိုက် ပို့လွှတ်လိုက်ရာ၊ ကျန်ရှိနေသော ဝိညာဉ်အမှတ်အသား မရှိသည်ကို တွေ့ရသည်။

ဝိညာဉ်အာရုံသည် လက်စွပ်အတွင်းရှိ နေရာလွတ်ထဲသို့ လွယ်ကူစွာ ဝင်ရောက်သွားသည်။

ရုတ်ချည်းပင်၊... ကြီးမားသော ဝိညာဉ်ကျောက်တုံး ပုံကြီး တစ်ပုံသည် တာအိုရုပ်သေး၏ ရှေ့တွင် ပေါ်လာ၏။

၎င်းသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသော တောင်ပုံရာပုံကြီး ဖြစ်ပြီး၊ အနည်းဆုံး သောင်းချီ သို့မဟုတ် သိန်းချီ၍ပင် ရှိနိုင်သည်။

ထိုဝိညာဉ်ကျောက်တုံးပုံကြီး၏ ဘေးတွင် ပြန့်ကျဲနေသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ အပုံကြီး တစ်ပုံလည်း ရှိနေသည်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးပြီးတစ်တုံးကို မြင်လိုက်ရသောအခါ တာအိုရုပ်သေး အသက်ရှူ ရပ်တန့်ချင်သွားသည်။ ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံး (၅၄) တုံးတိတိ ရှိနေသည်ကို တွေ့လိုက်ရ၏။

“ဘုရားရေ...”

သူ တကယ်ကြီး ချမ်းသာသွားပြီ။

တာအိုရုပ်သေး၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူသည် "ချန်ခွန်းအိတ်" အချို့နှင့် ရှေးဟောင်း ရွှေအမြုတေ ရဟန်းများ၏ အမွေအနှစ် အချို့ကို စုဆောင်းရရှိခဲ့သော်လည်း၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကိုမျှ မမြင်ဖူးခဲ့ပေ။

သူ စုဆောင်းထားသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ နှစ်သောင်းအောက်သာ ရှိသေးရာ၊ ရိတ်သိမ်းမှု သိပ်မများလှပေ။

သို့သော် ဤလက်စွပ်ထဲရှိ ဝိညာဉ်ကျောက်တုံး တစ်ပုံတည်းနှင့်ပင် သူ ယခင်က ရှာဖွေရရှိသမျှနှင့် ညီမျှနေပြီ ဖြစ်သည်။

“ဒီလက်စွပ်ထဲက နေရာလွတ်က ရွှေရောင်မျက်လုံး လက်စွပ်ထက် ပိုကျယ်တာပဲ”

တာအိုရုပ်သေး သတိပြုမိလိုက်သည်။ ဝိညာဉ်ကျောက်တုံးပုံများ အပြင်၊ ဝိညာဉ်သတ္တု ကုန်ကြမ်း ပုံများကိုလည်း အထပ်လိုက် တွေ့မြင်နေရ၏။ တတိယအဆင့် ကုန်ကြမ်းပစ္စည်းများသည် အနည်းငယ်သာ ပါဝင်ပြီး၊ အများစုမှာ စတုတ္ထအဆင့် ဝိညာဉ်သတ္တု ကုန်ကြမ်းများ ဖြစ်ကြသည်။ ၎င်းတို့သည် တောင်ကြီးတစ်လုံးပမာ စုပုံနေပြီး လက်စွပ်နေရာလွတ်၏ ထက်ဝက်ခန့်ကို ယူထား၏။

ဤအချက်က တာအိုရုပ်သေးကို စိတ်လှုပ်ရှားစေသလို အနည်းငယ်လည်း စိတ်ပျက်စေသည်။

အားလုံးက စတုတ္ထအဆင့် ဝိညာဉ်သတ္တု ကုန်ကြမ်းတွေချည်းပဲ... လောလောဆယ် သူ မလိုအပ်သေးဘူး။

သူ့အကြည့်များသည် ဝိညာဉ်သတ္တု ကုန်ကြမ်းများထံမှ ရွေ့လျားသွားပြီး၊ ရှေးဟောင်း ကျောက်စိမ်းသေတ္တာ တစ်ပုံကို တွေ့လိုက်ရ၏။။

လက်စွပ်ထဲတွင် တိတ်ဆိတ်စွာ လဲလျောင်းနေသော မှော်ပုလဲရတနာ နှစ်ခုလည်း ရှိ၏။

တာအိုရုပ်သေး၏ ဝိညာဉ်အာရုံ လှုပ်ရှားသွားပြီး၊ လက်စွပ်ပေါ်တွင် သူ့ကိုယ်ပိုင် ဝိညာဉ်အမှတ်အသားကို ဦးစွာ ခတ်နှိပ်လိုက်သည်။

“ဝီ...”

နောက်တစ်ခဏတွင်... လက်စွပ်ထံမှ သတင်းအချက်အလက်များ သူ့ခေါင်းထဲသို့ ဝင်ရောက်လာ၏။

“လမင်းစိမ်း လက်စွပ် ...”

လက်စွပ်ကို သန့်စင်လိုက်သည်နှင့် တာအိုရုပ်သေး အံ့အားသင့်သွားသည်။ စောစောက အရိုးစုသည် ရှေးဟောင်း လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ ဒုတိယ ခေါင်းဆောင်ဟောင်း ဖြစ်ပြီး၊ ဤတောင်ထွတ်၏ သခင်ဟောင်းလည်း ဖြစ်ခဲ့သည်။

လမင်းစိမ်း လက်စွပ်ကို ထိန်းချုပ်လိုက်နိုင်သည်နှင့် တာအိုရုပ်သေးသည် ဤဂူစံအိမ်၏ အခင်းအကျင်း ကို ထိန်းချုပ်နိုင်စွမ်း ရှိလာသလို၊ အပြင်ဘက် တောင်ထွတ်တွင် ကျန်ရှိနေသေးသော အခင်းအကျင်း အကြွင်းအကျန်များကိုလည်း အနည်းငယ် ထိန်းချုပ်နိုင်ကြောင်း ခံစားလိုက်ရ၏။

ဤထိန်းချုပ်မှုမှတစ်ဆင့် တာအိုရုပ်သေးသည် လမင်းစိမ်း လက်စွပ်ကို အသက်သွင်း၍ ဝိညာဉ်တောင် တစ်ခုလုံးကို စောင့်ကြည့်စစ်ဆေးနိုင်မည် ဖြစ်သည်။

“ဒီမှာ ဆေးဖက်ဝင် စိုက်ခင်း တစ်ခုလည်း ရှိတာပဲ”

တာအိုရုပ်သေးသည် ဆေးဖက်ဝင် စိုက်ခင်းငယ်လေး တစ်ခုကို တွေ့လိုက်ရသည်။ သို့သော် စိုက်ခင်းထဲတွင် ဝိညာဉ်အပင် များများစားစား မကျန်ရှိတော့ပေ။

အနည်းဆုံးတော့ ရွှေအမြုတေ သစ်သီးပင် ကဲ့သို့သော တန်ဖိုးကြီး ဝိညာဉ်အပင်များကို မတွေ့ရချေ။

အရင်တုန်းကများ အလုအယက် ခူးယူခံလိုက်ရတာလား။

သို့သော် တာအိုရုပ်သေးသည် လမင်းစိမ်း လက်စွပ်ထဲရှိ ရတနာများကို ဆက်လက် စစ်ဆေးကြည့်ရှုနေစဉ်၊ အလွန် ဟောင်းနွမ်းစုတ်ပြဲနေသော လူပုံသဏ္ဍာန် ရုပ်သေး တစ်ရုပ်ကို တွေ့လိုက်ရ၏။ ညာဘက်လက်နှင့် ညာဘက်ခြေထောက် မရှိတော့ဘဲ၊ ရင်ဘတ်မှာလည်း ချိုင့်ဝင်နေသည်။ တစ်ကိုယ်လုံး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး၊ အချိန်မရွေး ကြွေမွပျက်စီးသွားနိုင်မည့် ပုံစံ ပေါက်နေလေ၏။

သို့သော် ဤလူပုံသဏ္ဍာန် ရုပ်သေးထံမှ ထွက်ပေါ်နေသော လက်ကျန် အရှိန်အဝါသည် တာအိုရုပ်သေး၏ ဦးရေပြားကို ကျဉ်သွားစေသည်။

“စတုတ္ထအဆင့် ရုပ်သေးလား”

တာအိုရုပ်သေး အံ့သြတုန်လှုပ်သွား၏။

ဒီလူပုံသဏ္ဍာန် ရုပ်သေးသည် မပျက်စီးခင်က စတုတ္ထအဆင့် ရုပ်သေး ဖြစ်ခဲ့သည်မှာ သေချာသည်။

ယခုတော့...

“သုံးလို့ ရသေးရဲ့လား”

တာအိုရုပ်သေး၏ နှလုံးသား အနည်းငယ် တုန်ခါသွားပြီး၊ လမင်းစိမ်း လက်စွပ်ထဲမှ ဤလူပုံသဏ္ဍာန် ရုပ်သေးကို ကပျာကယာ ဆင့်ခေါ်လိုက်၏။ ပေါ်လာသည်နှင့် တာအိုရုပ်သေးသည် သူ့အားကို အသက်သွင်း၍ တွဲကူပေးလိုက်ရသည်။ သို့မဟုတ်ပါက ခြေထောက်တစ်ဖက်တည်းသာ ကျန်ရှိပြီး အက်ကွဲကြောင်းများ ပြည့်နှက်နေသော ဤရုပ်သေးသည် ပေါ်လာသည်နှင့် လဲကျသွားနိုင်၏။

သူ့ဝိညာဉ်အာရုံသည် ရုပ်သေး၏ အက်ကွဲနေသော ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ရုပ်သေးအမြုတေ ကို ရှာတွေ့လိုက်သည်။

ကြောက်စရာ လက်ကျန် အရှိန်အဝါများ ထုတ်လွှတ်နေသော အမြုတေတွင် ကြီးမားသော အက်ကွဲကြောင်းများ ရှိနေပြီး၊ စွမ်းအားမှာ တစ်ရာခိုင်နှုန်းအောက်သာ ကျန်ရှိတော့မည့်ပုံ ပေါ်သည်။

သို့ရာတွင်၊... လုံးဝ ပျက်စီးသွားပုံတော့ မရချေ။

ကပျာကယာပင် တာအိုရုပ်သေးသည် ဤအမြုတေပေါ်တွင် သူ့ကိုယ်ပိုင် ဝိညာဉ်အမှတ်အသားကို ခတ်နှိပ်လိုက်သည်။

နောက်တစ်ခဏတွင်... တာအိုရုပ်သေးနှင့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင် နှစ်ဦးစလုံးကို ကြောက်ရွံ့သွားစေနိုင်သော အရှိန်အဝါတစ်ခု လူပုံသဏ္ဍာန် ရုပ်သေးထံမှ ရစ်ဝဲလာ၏။

လူပုံသဏ္ဍာန် ရုပ်သေးသည် မျက်လုံးများ ပွင့်လာပြီး၊ စိမ်းပြာရောင် မျက်ဝန်းများဖြင့် တာအိုရုပ်သေးကို စိုက်ကြည့်လိုက်သည်။

အနောက်ဘက်ရှိ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် မျက်လုံးများ ပြူးကျယ်လျက် ဤစုတ်ပြဲနေသော လူပုံသဏ္ဍာန် ရုပ်သေးကို ကြည့်နေသည်။ ကြောက်ရွံ့မှုကြောင့် ရင်တုန်သွားပြီး အမွှေးများ ထောင်ထလာ၏။

“စတုတ္ထအဆင့် ရုပ်သေးလား”

“မဟုတ်ဘူး... အရင်တုန်းကတော့ စတုတ္ထအဆင့် ရုပ်သေး ဖြစ်ခဲ့မှာပါ... အခုတော့ ဒီလောက်တောင် ပျက်စီးနေပြီဆိုတော့ သူ့စွမ်းအားက အရင်လို ဘယ်ဟုတ်တော့မလဲ... မူလစွမ်းအားရဲ့ ဆယ်ပုံတစ်ပုံ... ဒါမှမဟုတ် ရာပုံတစ်ပုံလောက်ပဲ ရှိတော့မှာပါ”

“ဒါပေမဲ့... ဒါပေမဲ့... ဒီရုပ်သေးက ဒီလောက် ပျက်စီးနေတာတောင်မှ လက်ရှိ တာအိုရုပ်သေးထက် ပိုသန်မာနေသလိုပဲ”

အခန်း (၃၃၀) - လက်အောက်ခံဖြစ်ခြင်း၊ စတုတ္ထအဆင့် - အပိုင်း (၆)

~ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် သူ့ရှေ့ရှိ ရုပ်သေးနှစ်ရုပ်ကို မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ကြည့်နေမိသည်။ ပိုမို အစွမ်းထက်သော ရုပ်သေးတစ်ရုပ်ကို ရှာတွေ့သွားပြီ ဖြစ်သဖြင့်၊ ယခုအခါ သူ့အတွက် ထွက်ပြေးလွတ်မြောက်ရန် အခွင့်အလမ်း ပိုနည်းသွားခဲ့လေပြီ။

ထင်ထားသည့်အတိုင်းပင်။

ကောင်းကင်မိုးကြိုး ကြွက်ဘုရင် ကြည့်နေစဉ်မှာပင်၊ တာအိုရုပ်သေး သည် သူ့ဝိညာဉ်နှင့် ရုပ်သေးဝိညာဉ် ကို ပျက်စီးနေသော လူပုံသဏ္ဍာန် ရုပ်သေးထံသို့ ပြောင်းရွှေ့လိုက်သည်။ ရုပ်သေးပညာရပ်ကို အသက်သွင်း၍ တာအိုရုပ်သေး အသစ်တစ်ရုပ်အဖြစ် ပြောင်းလဲလိုက်၏။

သတင်းအချက်အလက် အကြွင်းအကျန်တချို့ သူ့စိတ်ထဲသို့ ပေါ်လာသည်။

"အနီရောင် ရုပ်သေး ... ထိပ်တန်း အဆင့်နိမ့် စတုတ္ထအဆင့် လူပုံသဏ္ဍာန် ရုပ်သေး... သတ်ဖြတ်ခြင်းနှင့် မီးကို ထိန်းချုပ်ခြင်းတို့တွင် ထူးချွန်သည်"

ဤသည်မှာ ထိုရုပ်သေး၏ မူလ အချက်အလက်များ ဖြစ်သည်။ တာအိုရုပ်သေးသည် ပျက်စီးနေသော ရုပ်သေးခန္ဓာကိုယ်ထဲသို့ ပြောင်းရွှေ့ပြီးနောက် အခြေအနေကို အကြမ်းဖျင်း သုံးသပ်ကြည့်လိုက်၏။

ဖြစ်နိုင်တာက... ဒီရုပ်သေးဟာ အလယ်အလတ် တတိယအဆင့် ရုပ်သေးတစ်ရုပ်ရဲ့ စွမ်းအားမျိုးကို ထုတ်ဖော်နိုင်ဦးမည်ပင်။

ထိပ်တန်း တတိယအဆင့် စွမ်းအားမျိုးလည်း ရကောင်းရနိုင်ပေမယ့်၊ အက်ကွဲနေပြီးသား အမြုတေကို လုံးဝ ပျက်စီးသွားစေနိုင်၏။

တကယ်လို့သာ ဒီရုပ်သေးကို သူ ပြုပြင်နိုင်ခဲ့လျှင်၊...

"နည်းနည်း ပျက်စီးနေပေမယ့် လက်ရှစ်ချောင်း ကင်းမြီးကောက် ရုပ်သေး ထက်တော့ အများကြီး ပိုသန်မာတယ်... ယှဉ်လို့တောင် မရဘူး"

တာအိုရုပ်သေးသည် လေပူများကို မှုတ်ထုတ်လိုက်ပြီး သူ့စိတ်လှုပ်ရှားမှု အနည်းငယ် ငြိမ်သက်သွား၏။ အနီရောင် ရုပ်သေး၏ အခြေခံအုတ်မြစ်သည် လက်ရှစ်ချောင်း ကင်းမြီးကောက် ရုပ်သေးနှင့် ယှဉ်လျှင် သိသိသာသာ ပိုမို ခိုင်မာ၏။

အကယ်၍ အနီရောင် ရုပ်သေးကို အပြည့်အဝ ပြုပြင်နိုင်ခဲ့ပါက၊ ထိပ်တန်း အဆင့်နိမ့် စတုတ္ထအဆင့် ရုပ်သေးတစ်ရုပ် ဖြစ်လာပေလိမ့်မည်။

လက်ရှစ်ချောင်း ကင်းမြီးကောက် ရုပ်သေး၏ အမြုတေမှာမူ အဆင့်နိမ့် တတိယအဆင့်သာ ရှိသည်။

ရုပ်သေးဝိညာဉ် ရှိနေသဖြင့် အနီရောင် ရုပ်သေးကို ပြုပြင်ရန် သူ့အတွက် အမှန်တကယ် ဖြစ်နိုင်ချေ ရှိသည်။

သူသည် လမင်းစိမ်း ပုလဲလုံး ထဲရှိ ဝိညာဉ်သတ္တု ကျောက်တုံးများကို ကြည့်လိုက်သည်။ လက်ရှိတွင် သူ၏ စွမ်းအားဖြင့် စတုတ္ထအဆင့် ဝိညာဉ်သတ္တု ကျောက်တုံးများကို စုပ်ယူသန့်စင်ရန် မဖြစ်နိုင်သေးပေ။

သို့သော် လမင်းစိမ်း ပုလဲလုံးထဲတွင် အနီရောင် ရုပ်သေးကို ပြုပြင်ရန် အသက်သွင်းနိုင်သော တတိယအဆင့် ဝိညာဉ်သတ္တု ကျောက်တုံး အနည်းငယ် ရှိနေသည်။

ထို့ပြင် သူ့ကိုယ်ပိုင် ရွှေရောင်မျက်လုံး လက်စွပ် ထဲတွင်လည်း လက်ရှစ်ချောင်း ကင်းမြီးကောက် ရုပ်သေးကို အဆင့်မြှင့်တင်ရန် မူလက ရည်ရွယ်ထားသော တတိယအဆင့် ဝိညာဉ်သတ္တု ကျောက်တုံး အချို့ကို အသက်သွင်းနိုင်၏။

သူသည် တတိယအဆင့် ဝိညာဉ်သတ္တု ကျောက်တုံး အချို့ကို ထုတ်ယူလိုက်သည်။

ရုပ်သေးဝိညာဉ် စွမ်းအား လည်ပတ်မှုနှင့်အတူ၊ တတိယအဆင့် ဝိညာဉ်သတ္တု ကျောက်တုံးများမှ ထွက်ပေါ်လာသော အနှစ်သာရများသည် တစ်ခုပြီးတစ်ခု အနီရောင် ရုပ်သေး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြသည်။ ဤအနှစ်သာရများကို အသက်သွင်း၍ တာအိုရုပ်သေးသည် ပျက်စီးနေသော လက်မောင်းများ၊ ပေါင်များနှင့် အက်ကွဲကြောင်း အမျိုးမျိုးကို စတင် ပြုပြင်၏။

ပြုပြင်ထားသော အစိတ်အပိုင်းများသည် မူလ အစိတ်အပိုင်းများ၏ အဆင့်အတန်းနှင့် မညီမျှသော်လည်း၊ အနည်းဆုံးတော့ ယခုအခါ အကောင်းပကတိ ဖြစ်နေပုံရသည်။

နောင်တွင် ရုပ်သေးဝိညာဉ်၏ စွမ်းအား တိုးတက်လာသည်နှင့်အမျှ၊ အနီရောင် ရုပ်သေးကို အပြည့်အဝ ပြုပြင်နိုင်မည့် စွမ်းရည်ကို ပိုင်ဆိုင်လာပေလိမ့်မည်။

လအနည်းငယ် ကြာပြီးနောက်...

တာအိုရုပ်သေးသည် တတိယအဆင့် ဝိညာဉ်သတ္တု ကျောက်တုံး အချို့ကို အသက်သွင်းပြီး၊ ၎င်းတို့၏ အနှစ်သာရဖြင့် ခန္ဓာကိုယ်ကို ပြန်လည် ပုံဖော်ခဲ့၏။ ပျောက်ဆုံးနေသော အစိတ်အပိုင်းများနှင့် အက်ကွဲကြောင်းများကို အစားထိုး ပြုပြင်လိုက်သည်။

တတိယအဆင့် ဝိညာဉ်သတ္တု ကျောက်တုံးများကို သန့်စင်ခြင်း ရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို စစ်ဆေးကြည့်သောအခါ သူ တွေးလိုက်မိ၏။

“ရုပ်သေးဝိညာဉ်ရဲ့ စွမ်းအား နည်းနည်း တိုးလာပါလား”

ရုပ်သေးဝိညာဉ်သည် လက်ရှစ်ချောင်း ကင်းမြီးကောက် ရုပ်သေး ကိုယ်ခန္ဓာထဲတွင် ရှိနေစဉ်ကထက်၊ ယခု အဆင့်နိမ့် စတုတ္ထအဆင့် အနီရောင် ရုပ်သေး ကိုယ်ခန္ဓာဟောင်းထဲတွင် ရှိနေသည့်အခါ ပိုမို လျင်မြန်စွာ ကြီးထွားလာသည်။

ဤသည်မှာ တာအိုရုပ်သေးအတွက် အံ့သြစရာ ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် ဝမ်းမြောက်စရာလည်း ဖြစ်၏။

အနီရောင် ရုပ်သေးကို အကြမ်းဖျင်း ပြုပြင်ပြီးနောက်၊ တာအိုရုပ်သေး၏ အာရုံသည် လမင်းစိမ်း ပုလဲလုံးဆီသို့ ပြန်လည် ရောက်ရှိသွားသည်။ ပုလဲလုံးထဲတွင် မှော်ပုလဲရတနာ နှစ်လုံးကို တွေ့ရှိခဲ့သည်။ ၎င်းတို့ကို သန့်စင်ပြီးနောက် "လမင်းစိမ်း ဓား" ဟုခေါ်သော အဆင့်နိမ့် မှော်ဓားတစ်လက်နှင့် "အနီရောင် နတ်ဘုရား လှံရှည်" ဟုခေါ်သော လှံရှည် မှော်ရတနာ တစ်ခုကို ရရှိခဲ့၏။

လမင်းစိမ်း ဓားသည် ပြီးပြည့်စုံသော အဆင့်နိမ့် မှော်ရတနာ တစ်ခု ဖြစ်သည်။

အနီရောင် နတ်ဘုရား လှံရှည်မှာမူ အနည်းငယ် ပျက်စီးနေပြီး နှစ်နေရာတွင် ကျိုးပဲ့နေ၏။

မှော်ရတနာကို မူလပုံစံအတိုင်း ပြန်လည် ပြုပြင်နိုင်သော်လည်း၊ အတွင်းရှိ အခင်းအကျင်းကိုမူ ပြုပြင်ရန် လိုအပ်ပေမည်။

ယခုအခါ အနီရောင် နတ်ဘုရား လှံရှည်၏ စွမ်းအားသည် ထိပ်တန်းအဆင့် မှော်လက်နက် ထက် ပိုမို အားကောင်းနိုင်သော်လည်း၊ မှော်ရတနာ အမြုတေ ထက်မူ အားနည်းနေပေမည်။

အနီရောင် ရုပ်သေး ကိုယ်ခန္ဓာနှင့် တာအိုရုပ်သေးသည် အနီရောင် နတ်ဘုရား လှံရှည်ကို ကိုင်ဆောင်ကြည့်လိုက်ရာ အတော်လေး အဆင်ပြေသည်ကို တွေ့ရှိလိုက်ရသည်။ ကျိုးပဲ့နေသော အနီရောင် နတ်ဘုရား လှံရှည်၏ စွမ်းအင် ကုန်ကျမှုသည် အစစ်အမှန် အဆင့်နိမ့် မှော်ရတနာ တစ်ခုလောက် မများပြားပေ။

ထို့ပြင် လမင်းစိမ်း ပုလဲလုံးထဲရှိ ရှေးဟောင်း ကျောက်စိမ်းသေတ္တာများ အတွင်း၌ ရှေးဟောင်း စာအုပ်များနှင့် ကျောက်စိမ်းပြား အချို့လည်း ရှိနေသေး၏။

အခြား ထူးခြားအံ့သြဖွယ်ရာ ဘာမှ မရှိတော့ပေ။

တာအိုရုပ်သေးသည် လမင်းစိမ်း ပုလဲလုံးကို ဝတ်ဆင်လိုက်သည်။ လက်ရှစ်ချောင်း ကင်းမြီးကောက် ရုပ်သေးကို ရွှေရောင်မျက်လုံး လက်စွပ်ထဲသို့ စုပ်ယူလိုက်သည်။ ထို့နောက် အပြင်ဘက် ပင်မတောင်ထွတ် အခင်းအကျင်းကို လမင်းစိမ်း ပုလဲလုံးဖြင့် ထိန်းချုပ်ကာ၊ အပြင်ဘက်ရှိ ထိပ်တန်း တတိယအဆင့် မိစ္ဆာကောင်ကြီးကို အကဲခတ်လိုက်၏။

၎င်းသည် အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်လျက် ရှိနေဆဲပင်။ တကယ့်ကို ဇွဲကောင်းသော ကောင်။

ကံဆိုးစွာဖြင့် အပြင်ဘက် ပင်မတောင်ထွတ်၏ အခင်းအကျင်းသည် ပြိုကျလုနီးပါး ဖြစ်နေပြီး၊ ကျန်ရှိနေသော အခင်းအကျင်းများက ထိုကောင်ကို မထိခိုက်နိုင်ပေ။

“မင်း ကံကောင်းသွားတယ်”

တာအိုရုပ်သေးသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို သားရဲထိန်းသိမ်း အိတ်ထဲသို့ စုပ်ယူလိုက်သည်။ ထို့နောက် ဤလမင်းစိမ်း ပင်မတောင်ထွတ်၏ အခင်းအကျင်း အကြွင်းအကျန်များကို ထိန်းချုပ်၍ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ ဆေးဖက်ဝင် စိုက်ခင်းငယ်လေးသို့ သွားရောက် ကြည့်ရှုရန် ရည်ရွယ်ထားသည်။

ထိုနေရာတွင် ဝိညာဉ်အပင်များ များများစားစား မရှိတော့သော်လည်း၊ တတိယအဆင့် ဝိညာဉ်ဆေးပင် အချို့ ပေါက်ရောက်နေဆဲ ဖြစ်သည်။ ဒုတိယအဆင့် ဝိညာဉ်ဆေးပင်များလည်း မရှားပါးပေ။

အချို့ကို ရိတ်သိမ်းပြီး ဆေးဖော်ရန် ပြန်ယူသွားနိုင်ပါ၏။

ယွင်ကျန်းဂိုဏ်း ၏ လျှို့ဝှက်ဂူ...

စုယွီသည် သူ တည်ဆောက်ထားသော ဂူထဲတွင် အာရုံစိုက် လုပ်ကိုင်နေသည်။ သူ့လက်ထဲရှိ တတိယအဆင့် အလယ်အလတ် အဆောင် ရေးဆွဲတံ ပေါ်တွင် အာရုံအပြည့်ထားပြီး အဆောင်များကို ဖြည်းညှင်းစွာ ရေးဆွဲနေသည်။

တစ်နာရီကျော် ကြာပြီးနောက်...

သူ့ရှေ့ရှိ နေရာလပ် တွန့်လိမ်လာ၏။

ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ်စွမ်းအင်များ တဟုန်ထိုး ဝင်ရောက်လာပြီး၊ ကျောက်စိမ်းစားပွဲပေါ်ရှိ ကျောက်စိမ်း အဆောင်ပြား ထဲသို့ စီးဝင်သွားကြသည်။

အချိန်အတော်ကြာပြီးနောက်...

အရာအားလုံး ငြိမ်သက်သွားသောအခါ၊ စုယွီသည် တတိယအဆင့်နိမ့် ထိပ်တန်း အရည်အသွေးရှိသော ကြေးမုံလမင်း အဆောင် ကို ကျေနပ်စွာ ကြည့်လိုက်၏။ ထို့နောက် လက်ကို ဝှေ့ယမ်းကာ လမင်းစိမ်း ပုလဲလုံးထဲသို့ ထည့်လိုက်သည်။ လွန်ခဲ့သော (၂) နှစ်အတွင်း တာအိုမိတ်ဆွေ ရှုဟိုင် သည် တတိယအဆင့်နိမ့် အဆောင် ကုန်ကြမ်းပစ္စည်း (၆၀၀) စုံနှင့် ဒုတိယအဆင့် အဆောင် ကုန်ကြမ်းပစ္စည်း (၂,၀၀၀) စုံကို ထောက်ပံ့ပေးခဲ့သည်။

လွန်ခဲ့သော တစ်နှစ်က တာအိုမိတ်ဆွေ ရှုဟိုင် လာရောက် ကုန်သွယ်ပြီး အဆောင် အချို့ကို ယူဆောင်သွားခဲ့သည်။ ယခုတစ်သုတ်ကိုမူ မယူရသေးပေ။

စုစုပေါင်း တတိယအဆင့်နိမ့် အဆောင် (၁၅၀) ခု။

ဒုတိယအဆင့် အဆောင် အရေအတွက်မှာ (၁၀၀၀) ခန့် ရှိ၏။

သူ့လက်ထဲတွင် တတိယအဆင့်နိမ့် အဆောင် (၃၀၀) နီးပါး ရှိပြီး၊ ထက်ဝက်မှာ ကြေးမုံလမင်း အဆောင်များ ဖြစ်သည်။ ကျန်ရှိသော တတိယအဆင့်နိမ့် အဆောင်များမှာ "တာအိုလက်ညှိုး" တိုက်ခိုက်ရေး အဆောင်များ ဖြစ်၏။

သူ ပြုပြင်မွမ်းမံပြီးနောက် တာအိုလက်ညှိုး၏ စွမ်းအားသည် တတိယအဆင့်နိမ့် အဆောင်များနှင့် ဆင်တူပြီး အလွန် အားကောင်းလာသည်။

ဒုတိယအဆင့် အဆောင် လက်ကျန်မှာမူ (၅၀၀၀) ကျော်အထိ ရှိ၏။

“ဟူး...”

စုယွီသည် ကျောက်စိမ်းစားပွဲနှင့် အဆောင် ရေးဆွဲတံကို လက်ဝှေ့ယမ်းကာ သိမ်းဆည်းလိုက်ပြီး သက်ပြင်းချလိုက်သည်။ သူ့မျက်လုံးများ အရောင်တောက်သွားပြီး ရေရွတ်လိုက်သည်။

‘အနီရောင် ရုပ်သေး... တာအိုရုပ်သေးက လော့ယွဲ့ မဟာမိတ်အဖွဲ့ အပျက်အစီးတွေထဲမှာ ဒီလို အခွင့်အရေးမျိုး ရှာတွေ့လိမ့်မယ်လို့ မထင်ထားဘူး’

‘ဒါက အရင်တုန်းက စတုတ္ထအဆင့်နိမ့် ရုပ်သေးတစ်ရုပ် ဖြစ်ခဲ့တာ။

တကယ်လို့များ အန္တရာယ် အားလုံးကို လျစ်လျူရှုပြီး အစွမ်းကုန် ကြိုးစားလိုက်ရင်... ရင်သပ်ရှုမောဖွယ် တိုက်ခိုက်မှုမျိုး လုပ်နိုင်မလား။’

ထိုအချက်ကို တွေးမိသောအခါ စုယွီ စိတ်သက်သာရာ ရသွား၏။

ထို့ပြင် တာအိုရုပ်သေးသည် ယခုအခါ လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေရှိ ပင်မတောင်ထွတ် တစ်ခု၏ အခင်းအကျင်း အကြွင်းအကျန်များကို ထိန်းချုပ်ထားနိုင်သည်။ အတွင်းဘက်တွင် အန္တရာယ်များ ရှိနေသော်လည်း၊ အပြင်ဘက်တွင် တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင်...

ဖြစ်နိုင်တာက သူ တခြားလူတွေကို ခေါ်ပြီး ထိုနေရာမှာ ခဏလောက် ပုန်းအောင်းနေ၍ ရနိုင်သည်။

ယွီန်တစ်ကောင်မှာ တွင်းသုံးတွင်း ရှိတယ် ဆိုသလိုပဲ... အခုတော့ လော့ယွဲ့ မဟာမိတ်အဖွဲ့ အပျက်အစီးတွေထဲက လျှို့ဝှက်နေရာကိုလည်း သူ့ရဲ့ တွင်းတစ်တွင်းအဖြစ် သတ်မှတ်၍ ရသွားချေပြီ။

ထိုအချိန်တွင် ထျဲမုန်ကျူး ထံမှ သတင်းရောက်လာသဖြင့် စုယွီ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွား၏။

တာအိုမိတ်ဆွေ ရှုဟိုင် ရောက်ရှိနေပြီး အပြင်ဘက် ခန်းမဆောင်တွင် စောင့်ဆိုင်းနေကြောင်း သူ သိလိုက်ရလေသည်။

All Chapters