အခန်း (၂၃၉၉-၂၄၀၀)
Vol. 180 Ch. 2399-2400
အခန်း(၂၃၉၉)
ရွမ်ရှောင်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ကျိထျန်းမိုင်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
“မင်းစကားက ဘာကို ဆိုလိုတာလဲ”
“အင်မော်တယ်ဘုရင် ဆိုတာက ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်တဲ့ ပုဂ္ဂိုလ်ပဲ.. မင်းတို့ ဘိုးဘေးတွေရဲ့ စိတ်ကူးတွေကို အင်မော်တယ်ဘုရင်ရဲ့ မျက်စိအောက်ကနေ တကယ်ပဲ ဖုံးကွယ်ထားနိုင်မယ်လို့ မင်းထင်နေတာလား”
ကျိထျန်းမိုင်က ခေါင်းခါရမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါမင်းကို နောက်ဆုံးအကြိမ် အကြံပြုချင်တယ်.. မင်းအင်မော်တယ်လောကကို ပြန်ချင်တယ် ဆိုရင် တစ်ခုတည်းသော နည်းလမ်းက အင်မော်တယ်ဘုရင်ရဲ့ ဆန္ဒကို လိုက်နာဖို့ပဲ...ဒီလိုမှ မဟုတ်ရင်တော့ မင်း အဲဒီအတွက် ကြီးလေးတဲ့အဖိုးအခကို ပေးဆပ်ရလိမ့်မယ်လို့ ငါအာမခံတယ်”
“ကျိထျန်းမိုင်.. မင်း ငါ့ကိုလာပြီး ခြောက်လှန့်မနေနဲ့.. ငါရွမ်ရှောင်က မင်းခြောက်လှန့်တိုင်း ကြောက်မယ်လို့ မင်းထင်နေလား”
ရွမ်ရှောင်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
ဤနှစ်ပေါင်းများစွာအတွင်း သူတို့ အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို မရယူနိုင်ခဲ့ခြင်းမှာ ကျိလင် နတ်ဆိုးသားရဲ မျိုးနွယ်စုက သူတို့အတွက် အကြီးမားဆုံးအတားအဆီး ဖြစ်နေသောကြောင့်ပင်။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ကျိလင် နတ်ဆိုးသားရဲ မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ကျိထျန်းမိုင် ပင်လျှင် သူ၏ ပြိုင်ဘက် မဟုတ်တော့ပေ။
ကျိထျန်းမိုင်ကိုသာ ရှင်းလင်းနိုင်မည်ဆိုလျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချန်ထားရစ်ခဲ့သည့် အမွေအနှစ်ကို သူရယူမည်အား မည်သူ တားဆီးနိုင်ပါဦးမည်နည်း။
ကျိထျန်းမိုင်က သက်ပြင်းချလိုက်သည်။
“ငါမင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ.. မင်းက ငါ့စကားကို ခြောက်လှန့်တာပဲလို့ ထင်နေတယ် ဆိုရင်လည်း မင်းသဘောပဲ.. မင်းနောင်တမရဖို့ပဲ ငါမျှော်လင့်ပါတယ်”
“မင်းစိတ်မပူနဲ့.. ငါရွမ်ရှောင်ရဲ့ဘဝမှာ “နောင်တ”ဆိုတဲ့စကားလုံးနှစ်လုံး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး”
ရွမ်ရှောင်က မထီမဲ့မြင် ရေရွတ်လိုက်ပြီးနောက်တွင် လက်ထဲမှ အနက်ရောင် လှံရှည်ဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။
ကောင်းကင်ယံကိုပင် လောင်ကျွမ်းစေသည့် အဆုံးမဲ့စွမ်းအားများသည် ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားခဲ့၏။
အနက်ရောင်မီးလျှံ ထောင်ပေါင်းများစွာသည် အနက်ရောင်လှံရှည်ကို ဗဟိုပြု၍ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး အဆုံးသတ်တွင် ကျိထျန်းမိုင်၏ ဦးခေါင်းအထက်ရှိ လေထုကို အနက်ရောင်မီးပင်လယ်ကြီး အဖြစ်ပင် ပြောင်းလဲပစ်လိုက်သည်။
ထိုအနက်ရောင်မီးပင်လယ်သည် အလွန်တရာပင်ကြောက်မက်ဖွယ်ရာ ကောင်း၏။
ကပ်ဘေးအဆင့် ကျင့်ကြံသူဖြစ်စေ၊ နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်စေ၊ ထိုအနက်ရောင်မီးလျှံ၏ အစအနလေးတစ်ခုကို ထိတွေ့လိုက်ရုံမျှဖြင့် တစ်ခဏအတွင်း လုံးဝပျက်စီးသွားပေလိမ့်မည်။
“မင်းက တကယ်ကို ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ”
ကျိထျန်းမိုင်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ကြေးဝါရောင် အိုးတစ်လုံးသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
ထို့နောက်တွင် ကျိထျန်းမိုင်သည် ကြေးဝါအိုး၏ အဖုံးကို ဖွင့်လိုက်၏။
ကျိထျန်းမိုင်က ကြေးဝါအိုး၏ အဖုံးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အိုးပေါက်ဝကနေ ရုတ်တရက် အနက်ရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ အနက်ရောင် မီးလျှံများကို တစ်ခဏအတွင်း ဝါးမျိုပစ်လိုက်သည်။
“အင်မော်တယ် လက်နက်ပါလား”
ကျိထျန်းမိုင်၏ လက်ထဲမှ ကြေးဝါအိုးကို ကြည့်ရင်း ရွမ်ရှောင်၏ မျက်ဝန်းထဲတွင် အဆုံးသတ်၌ ထိတ်လန့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“မင်းရဲ့လက်ထဲမှာ ဘယ်လိုလုပ်ပြီး အင်မော်တယ်လက်နက် ရှိနေရတာလဲ”
“အင်မော်တယ်ဘုရင်က သူကွယ်လွန်သွားပြီးတဲ့နောက်မှာ မင်းရဲ့ ဘိုးဘေးက သစ္စာဖောက်လိမ့်မယ်လို့ ကြိုတင် တွက်ဆထားပြီးသားပဲ.. ဒါကြောင့် ဒီနတ်ဆိုးသားရဲ ချေမှုန်းခြင်းအိုးကို ငါတို့ ဘိုးဘေးဆီ ပေးအပ်ခဲ့တယ်”
ကျိထျန်းမိုင်က အေးစက်စက် ပြောလိုက်သည်။
“ရွမ်ရှောင်... မင်း နောက်မဆုတ်သေးဘူး ဆိုရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”
စကားဆုံးသည်နှင့် ကျိထျန်းမိုင်၏ လက်ထဲရှိ ကြေးဝါအိုးက အနည်းငယ် တုန်ခါလာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လျှင် ရွမ်ရှောင်၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
ကျိထျန်းမိုင်၏ လက်ထဲရှိ ကြေးဝါအိုးသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချီးမြှင့်ထားသော အင်မော်တယ်လက်နက် ဖြစ်ရာ ယင်းသည် သူခုခံနိုင်သည့်အရာ မဟုတ်ပေ။
ရွမ်ရှောင်က အံကြိတ်လိုက်ပြီး အနက်ရောင် အလင်းတန်းအဖြစ်သို့ ပြောင်းလဲလိုက်ကာ ထာဝရရှင်သန်ခြင်းနန်းတော်၏ တံခါး အတွင်းသို့ တိုးဝင်၍ ပျောက်ကွယ်သွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျိထျန်းမိုင်၏ မျက်နှာ အမူအရာသည် တစ်ခဏအတွင်းမှာပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
ဤကဲ့သို့ သေရေးရှင်ရေး အချိန်မှာပင် ရွမ်ရှောင်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံရန် စိတ်ကူးယဥ်နေလိမ့်မည်ဟု သူဘယ်တုန်းကမျှ မထင်ထားခဲ့ပေ။
“ကျိယောင်.. ညီနောင်ကျန်းချန်ကို နန်းတော်ရဲ့ ခန်းမဆောင်ဆီ အမြန် ခေါ်သွားလိုက်ပါ.. ကျန်တဲ့လူတွေက နန်းတော်တံခါးကို စောင့်ကြပ်ထား.. ဝင်လာဖို့ ကြိုးစားတဲ့သူရှိရင် သတ်ပစ်လိုက်”
ထိုစကားကို ပြောပြီးသည်နှင့် ရွမ်ရှောင်ကို ဖမ်းဆီးရန် ကျိထျန်းမိုင်၏ ပုံရိပ်သည် ထာဝရရှင်သန်ခြင်း နန်းတော် အတွင်းသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားခဲ့သည်။
ကျိယောင်က ကျန်းချန်ကို တည်ငြိမ်စွာ ပြောလိုက်၏။
“ငါ့နောက်က လိုက်ခဲ့ပါ”
ကျန်းချန်က ရှချင်းလီ တို့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“စီနီယာနှစ်ယောက်.. ဒီမှာပဲ ကျွန်တော့်ကို စောင့်နေကြပါ.. ကျွန်တော် လိုက်သွားလိုက်ဦးမယ်”
“မြန်မြန်သွားပါကောင်လေး.. ငါတို့နှစ်ယောက် ကျိလင် နတ်ဆိုးသားရဲ မျိုးနွယ်စုနဲ့ အတူ နန်းတော်တံခါးကို စောင့်ကြပ်ပေးထားမယ်”
ရှချင်းလီက အလျင်အမြန်ပင် ပြောလိုက်သည်။
ဤနေရာ၏ ပတ်ဝန်းကျင်သည် သူတို့ကို အဆင့် ထိုးဖောက်ရန် မျှော်လင့်ချက် ပေးနိုင်သော်လည်း ကျန်းချန်သာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံနိုင်မည် ဆိုလျှင် သူတို့နှစ်ယောက်သည် သေချာပေါက် ပို၍ အကျိုးကျေးဇူးများ ရရှိလိမ့်မည် ဖြစ်၏။
ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ ကျိယောင်၏ နောက်သို့ လိုက်ပါသွားကာ ထာဝရရှင်သန်ခြင်းနန်းတော် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ကျန်ရှိသော ကျိလင် မျိုးနွယ်စုဝင် အနည်းငယ်နှင့် ရှချင်းလီတို့ကမူ ထာဝရရှင်သန်ခြင်း နန်းတော်၏ တံခါးဝတွင် စောင့်ကြပ်နေခဲ့ကြ၏။
“မျိုးနွယ်စုခေါင်းဆောင်က ထာဝရရှင်သန်ခြင်း နန်းတော်ထဲကို ဝင်သွားခဲ့ပြီ.. ငါတို့ အခု ဘာဆက်လုပ်ကြမလဲ”
ထိုမြင်ကွင်းကိုမြင်လျှင် အနက်ရောင်ဖီးနစ် သားရဲမျိုးနွယ်စုမှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဘာလုပ်ရမှာလဲ.. စောင့်ဆိုင်းရုံပဲရှိတာပေါ့.. ကျိလင်သားရဲမျိုးနွယ်စုရဲ့ စွမ်းအားက ငါတို့ထက် မနိမ့်ဘူး.. အခု အစွမ်းထက် လူသား ကျင့်ကြံသူ နှစ်ယောက်ပါ ထပ်တိုးလာပြီဆိုတော့ ငါတို့ သူတို့ကို လုံးဝ ယှဥ်နိုင်မှာမဟုတ်ဘူး”
နောက်ထပ် တစ်ဦးက လေးနက်စွာ ပြောလိုက်၏။
ကျိလင်သားရဲ မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချီးမြှင့်ထားသည့် အင်မော်တယ်လက်နက် ရှိနေလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားပေ။
ဤအခြေအနေတွင် သူတို့၏ ခေါင်းဆောင် ရွမ်ရှောင် အနေဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံရရှိပါစေဟု သူတို့၏ စိတ်ထဲကနေ ဆုတောင်းရုံသာ တတ်နိုင်တော့၏။
သို့မဟုတ်လျှင် သူတို့ အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုသည် ကျိလင် နတ်ဆိုးသားရဲ မျိုးနွယ်စု၏ နှိမ်နင်းခြင်းကို ခံရလိမ့်မည် မဟုတ်ပါလား။
ကျိယောင်၏ လမ်းပြမှုဖြင့် ကျန်းချန်သည် ထာဝရရှင်သန်ခြင်း နန်တော်၏ ခန်းမဆောင် ဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။
ဤခန်းမဆောင်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် တစ်ချိန်က ကျင့်ကြံခဲ့သော နေရာ ဖြစ်၏။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ဤခန်းမဆောင်တွင် သူ၏ အမွေအနှစ်များကို ချန်ထားရစ်ပြီး ရေစက်ပါသူ လာရောက်ဖွင့်လှစ်မည်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
ဤနှစ်ပေါင်းများစွာ အတွင်း ကျိလင်မျိုးနွယ်စု၏ စောင့်ကြပ်မှုအောက်တွင် အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို မည်သူမျှ မထိတွေ့နိုင်ခဲ့ပေ။
ကျန်းချန်တို့ နှစ်ယောက် ထာဝရရှင်သန်ခြင်း နန်းတော်၏ ခန်းမဆောင် တံခါးဝသို့ ရောက်ရှိလာသောအခါတွင် ကျိထျန်းမိုင်သည် အမူအရာ ပျက်ယွင်းစွာဖြင့် ထိုနေရာတွင် မတ်တတ် ရပ်နေသည်ကို တွေ့လိုက်ရ၏။
ထိုအချင်းအရာကို မြင်လျှင် ကျိယောင်သည် အလျင်အမြန်ပင် မေးလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်.. ရွမ်ရှောင် ခန်းမဆောင်ထဲကို ဝင်သွားပြီလား”
“အဲဒီကောင်က အရမ်းမြန်လွန်းတယ် သူခန်းမဆောင်ထဲ ဝင်သွားတာကို ငါမတားနိုင်ခဲ့ဘူး”
ထိုစကားကိုပြောရင်း ကျိထျန်းမိုင်က ကျန်းချန်ကို ကြည့်လိုက်သည်။
“ညီနောင်ကျန်းချန်.. အချိန်မနှောင်းခင် မင်းလည်း ခန်းမဆောင်ထဲကို ဝင်သင့်ပြီ.. အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို ရ မရ ဆိုတာကတော့ မင်းရဲ့ကံကြမ္မာအပေါ်မှာပဲ မူတည်တော့တယ်”
ကျိထျန်းမိုင်၏ အမြင်အရ ရွမ်ရှောင် အနေဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ရရှိရန်မှာ မဖြစ်နိုင်မှန်း သိသော်လည်း တစ်စုံတစ်ရာ လွဲချော်သွားမည်ကို စိုးရိမ်နေမိသည်။
အကယ်၍ ရွမ်ရှောင်သာ အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို အမှန်တကယ် ရရှိသွားလျှင် ယင်းသည် သူတို့ ကျိလင် နတ်ဆိုးသားရဲ မျိုးနွယ်စု အတွက် ကောင်းမွန်သော ကိစ္စ မဟုတ်ပေ။
ကျန်းချန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ကျွန်တော် ခန်းမဆောင်ထဲ ဝင်သွားလို့ အဲဒီလူနဲ့ ထိပ်တိုက်တွေ့ရင် ဘယ်လိုလုပ်မလဲ”
အနက်ရောင်ဖီးနစ် နတ်ဆိုးသားရဲ မျိုးနွယ်စုမှ ရွမ်ရှောင်၏ ခွန်အားသည် အမှန်တကယ်ပင် သန်မာလွန်း၏။
ရွမ်ရှောင်၏ ခွန်အားသည် အနည်းဆုံး အုပ်စိုးသူအဆင့် ကျင့်ကြံသူနှင့် ညီမျှသည်။
သူ၏ လက်ရှိခွန်အားဖြင့် ခန်းမဆောင်ထဲတွင် ရွမ်ရှောင်နှင့်ရင်ဆိုင်မည် ဆိုလျှင် ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ကျိထျန်းမိုင်က ပြုံး၍ ပြောလိုက်သည်။
“စိတ်မပူပါနဲ့.. ခန်းမဆောင်ထဲမှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချမှတ်ထားတဲ့ စမ်းသပ်မှုတွေ ရှိနေပါသေးတယ်...မင်းတို့နှစ်ယောက် အတူတူဆုံတွေ့ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ”
ထိုစကားကို ကြားလိုက်ရလျှင် ကျန်းချန် သက်ပြင်းချလိုက်သည်။
ရွမ်ရှောင်နှင့် ထိပ်တိုက် မတွေ့သရွေ့ သူ့အတွက် ပြဿနာကြီးကြီးမားမား ရှိလိမ့်မည် မဟုတ်ချေ။
သူက တုံ့ဆိုင်းမနေတော့ဘဲ ခန်းမဆောင် တံခါး ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။
တံခါးအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ကျန်းချန်သည် အချိန်နှင့် နေရာလွတ်ကို ဖြတ်သန်းသွားသလိုမျိုး ခံစားလိုက်ရ၏။
နောက်ထပ် တစ်ခဏတွင် သူသည် ကျယ်ပြောသော အဖြူရောင် ဟင်းလင်းပြင်တစ်ခု ဆီသို့ ရောက်ရှိသွားခဲ့သည်။
တောက်ပသော နတ်အလင်းများသည် ကျန်းချန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်သို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။
ထိုနတ်အလင်းများသည် တဖြည်းဖြည်း ပိုမို သိပ်သည်းလာခဲ့ပြီး အဆုံးသတ်တွင် ဟင်းလင်းပြင် လှောင်အိမ်တစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ကို ထိုအထဲတွင် ပိတ်လှောင်ထားလိုက်တော့သည်။
အခန်း(၂၃၉၉)ပြီး၏။
အခန်း(၂၄၀၀)
ကျန်းချန်က သူ့ကို တင်းကျပ်စွာ ပိတ်လှောင်ထားသည့် ဟင်းလင်းပြင်လှောင်အိမ်ကို ကြည့်ရင်း စိတ်နှလုံးတုန်လှုပ်သွားခဲ့သည်။
ဤအရာသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ခန်းမဆောင်ထဲတွင် ချမှတ်ထားသည့် စမ်းသပ်မှု ဖြစ်ပုံရ၏။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ချမှတ်ထားသည့်စမ်းသပ်မှုကို အောင်မြင်မှသာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ရရှိရန် အခွင့်အရေး ရှိလိမ့်မည် ဖြစ်သည်။
ကျန်းချန်၏ မျက်ဝန်းများက တောက်ပသွားခဲ့ပြီး လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားဖြင့် ဟင်းလင်းပြင်လှောင်အိမ်ကို ခုတ်ချလိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ဓားအလင်းသည် ဟင်းလင်းပြင်လှောင်အိမ် ဆီသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
သို့ရာတွင် ကျန်းချန်၏ ဓားချက်က ဟင်းလင်းပြင် လှောင်အိမ်ဆီသို့ ကျရောက်သွားခဲ့သော်လည်း လှောင်အိမ်ထက်တွင် စွမ်းအင် လှိုင်းဂယက်မျှပင် မဖြစ်ပေါ်စေခဲ့ပေ။
ထိုမြင်ကွင်းသည် ကျန်းချန်ကို အနည်းငယ် အံ့ဩထိတ်လန့်စေခဲ့၏။
“တကယ့်ကို ခိုင်မာတဲ့ ဟင်းလင်းပြင်လှောင်အိမ်ပါလား”
ကျန်းချန်၏ မျက်ဝန်းများက တစ်ခဏအတွင်း ပို၍ပင် လေးနက်သွားခဲ့သည်။
အစောပိုင်းက တိုက်ခိုက်ရာတွင် သူက မည်သည့် အထူးစွမ်းအားကိုမှ အသုံးမပြုခဲ့သော်လည်း သူ၏ ခွန်အားကိုးဆယ် ရာခိုင်နှုန်းကျော်ကို အသုံးပြုခဲ့သည်။
ဤကဲ့သို့ ဓားချက်မျိုးကို သာမန် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူပင်လျှင် ခုခံရန် ခက်ခဲပေလိမ့်မည်။
သို့သော် သူ့ရှေ့မှ ဟင်းလင်းပြင်လှောင်အိမ်ကမူ သူ၏ ဓားချက်ကို အလွယ်တကူပင် ခံနိုင်ရည် ရှိနေခဲ့၏။
သို့ရာတွင် ကျန်းချန်သည် အရမ်းကြီး အံ့ဩမသွားခဲ့ပေ။
အကြောင်းရင်းမှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် နတ်ဘုရားနယ်မြေထက် ပိုမို မြင့်မားသည့် ကမ္ဘာကနေ လာသည့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သောကြောင့်ပင်။
ထိုပုဂ္ဂိုလ် ချန်ထားရစ်ခဲ့သည့် အမွေအနှစ် စမ်းသပ်မှုကို အောင်မြင်ရန်မှာ မည်ကဲ့သို့ လွယ်ကူနိုင်ပါမည်နည်း။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို ချက်ချင်းပင် လှုံ့ဆော်ကာ နောက်ထပ် ဓားချက် တစ်ချက်ဖြင့် ဟင်းလင်းပြင်လှောင်အိမ်ကို ထပ်မံ၍ ခုတ်ပိုင်းလိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်လှောင်အိမ်သည် အနည်းငယ် တုန်ခါသွားခဲ့ကာ ဓားရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့ရာတွင် ထိုဓားရာသည် စက္ကန့်အနည်းငယ်လောက်သာ ရှိနေခဲ့ပြီး မကြာမီမှာပင် အလိုအလျောက် ပြန်လည် ပြုပြင်သွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် မျက်မှောင်ကို ခပ်တင်းတင်း ကြုတ်လိုက်မိ၏။
ဤဟင်းလင်းပြင်လှောင်အိမ်၏ စွမ်းအားအစစ်အမှန်သည် နတ်ဘုရားနယ်မြေ၏ သိုင်းပညာစွမ်းအား အဆင့်ထက် သိသိသာသာပင် မြင့်မားနေခဲ့သည်။
ယင်းကြောင့် နတ်ဘုရားနယ်မြေ၏ သိုင်းပညာစွမ်းအားဖြင့် ဤဟင်းလင်းပြင်လှောင်အိမ်ကို ဖောက်ထွက်ရန်မှာ သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ ခက်ခဲသော ကိစ္စပင်။
ကျန်းချန်က အနည်းငယ် တွေးတောလိုက်ပြီးနောက်တွင် လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားကို ဝှေ့ယမ်းကာ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ ပထမဓားကွက် ဖြစ်သည့် လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို ထုတ်ဖော်လိုက်၏။
ဤအခိုက်အတန့်တွင် ကျန်းချန်သည် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ ဓားသိုင်းကို ထုတ်သုံးရန် တုံ့ဆိုင်းမနေခဲ့ပေ။
“ဝုန်း..”
ထိုဓားချက်က ဟင်းလင်းပြင်လှောင်အိမ် ပေါ်သို့ ကျရောက်သွားပြီးနောက်တွင် ဟင်းလင်းပြင်လှောင်အိမ် ပေါ်ရှိ နတ်အလင်းများသည် သာမန် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။
အဆုံးသတ်တွင် ဟင်းလင်းပြင် လှောင်အိမ်သည် ရုတ်တရက်ပြိုကျသွားခဲ့ပြီး အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကောင်းကင်နှင့်မြေကြီး ကြားတွင် ပျောက်ကွယ်သွားခဲ့၏။
ကျန်းချန်၏ ပုံရိပ်သည်လည်း အဖြူရောင် ဟင်းလင်းပြင်ဆီသို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိသွားခဲ့သည်။
အဖြူရောင်ဟင်းလင်းပြင်သည် သူ့ကို အလွန်အမင်း ဖိအား သက်ရောက်စေသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့၏။
ကျန်းချန်က ပတ်ဝန်းကျင်ကို အသေအချာ အကဲခတ်ရန် အချိန်မရခင်မှာပင် နေရာလွတ်ကို ထိုးဖောက်လာသည့် နောက်ထပ် အသံများကို ကြားလိုက်ရသည်။
တောက်ပသော နတ်အလင်းများသည် မိုးရေစက်များ ကဲ့သို့ ရောက်ရှိလာခဲ့ပြီး ကျန်းချန်ကို ဝိုင်းရံကာ မီတာရာချီ မြင့်မားသည့် ဟင်းလင်းပြင်လှောင်အိမ်အဖြစ်သို့ နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့သည်။
ဤဟင်းလင်းပြင်လှောင်အိမ် ပေါ်ရှိ နတ်အလင်းရောင်တောက်ပမှုသည် ယခင် တစ်ခုထက်ပင် အဆပေါင်းများစွာ ပို၍ သိပ်သည်း၏။
ကျန်းချန်က အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်မှ ဓားချက်ကို အသုံးပြုပြီး နောက်တစ်ကြိမ် ခုတ်ပိုင်းခဲ့သော်လည်း ဟင်းလင်းပြင်လှောင်အိမ်ကို ဖြိုခွဲရန် ဘာမှမတတ်နိုင်ခဲ့ပေ။
ဤဟင်းလင်းပြင်လှောင်အိမ်ကို ဖောက်ထွက်ရန်မှာ မဖြစ်နိုင်သလောက်မှန်း ထင်ရှားနေခဲ့၏။
ကျန်းချန်က ဘာမှ ထပ်မလုပ်တော့ဘဲ လှောင်အိမ်၏ အလယ်ဗဟိုတွင် တင်ပျဥ်ခွေ၍ ထိုင်လိုက်ကာ ဟင်းလင်းပြင်လှောင်အိမ်ကို အသေအချာ အကဲခတ်၍ ဟင်းလင်းပြင်လှောင်အိမ်၏ အားနည်းချက် တစ်စုံတစ်ရာကို ရှာဖွေခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် ဟင်းလင်းပြင်လှောင်အိမ်ထဲတွင် မည်သည့် အားနည်းချက် တစ်စုံတစ်ရာမျှ ရှာမတွေ့ခဲ့ပေ။
သို့သော်လည်း ကျန်းချန်သည် စိတ်မရှည် ဖြစ်မနေခဲ့ချေ။
သူက ဟင်းလင်းပြင်လှောင်အိမ်၏ အလယ်ဗဟိုတွင် တိတ်တဆိတ် တင်ပျဥ်ခွေကာ ထိုင်နေဆဲ ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်လှောင်အိမ်ကို အကဲခတ်ကြည့်နေဆဲပင်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ဤကဲ့သို့ စမ်းသပ်မှုကို ချမှတ်ထားသည် ဆိုလျှင် ထိုစမ်းသပ်မှုကို ဖြေရှင်းရန် အတွက် နည်းလမ်းတစ်ခု သေချာပေါက် ရှိရပေလိမ့်မည်။
လောလောဆယ်တွင် တခြားနည်းလမ်း မရှိသေးသည့် အတွက် သူ့အနေဖြင့် အဆ ၁၀၀ စနစ်၏ နားလည်သဘောပေါက်နိုင်စွမ်းကို လှုံ့ဆော်နိုင်မလား ကြည့်ရပေမည်။
သုံးရက်ကြာသည်အထိ ကျန်းချန်သည် ဟင်းလင်းပြင်လှောင်အိမ်ထဲတွင် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့ပြီး ဟင်းလင်းပြင်လှောင်အိမ်၏ အခြေအနေကို အမြဲတစေ စောင့်ကြည့်နေခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် အဆ ၁၀၀ စနစ်၏ နားလည်သဘောပေါက်နိုင်စွမ်းကို မလှုံ့ဆော်နိုင်သေးပေ။
ဤသို့ဖြင့် ခုနစ်ရက်မြောက်နေ့ အထိ စိတ်ရှည်လက်ရှည် ဟင်းလင်းပြင် လှောင်အိမ်ကို စောင့်ကြည့်နေခဲ့သည်။
ကျန်းချန် အနည်းငယ် စိတ်မရှည် ဖြစ်လာသော အချိန်မှာပင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်လှောင်အိမ်သည် မှော်ဆန်စွာဖြင့် အလိုအလျောက် ပျောက်ကွယ်သွားခဲ့၏။
“ဒီဟင်းလင်းပြင်လှောင်အိမ်ရဲ့ စမ်းသပ်မှုက စိတ်ဓာတ်ကို စမ်းသပ်ချင်တာ ဖြစ်ပုံရတယ်”
ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားပြီးနောက်တွင် ချက်ချင်းဆိုသလို နားလည်သွားခဲ့သည်။
အကယ်၍ စိတ်မရှည်ဘဲ ဟင်းလင်းပြင်လှောင်အိမ်ကို အဆက်မပြတ် တိုက်ခိုက်နေလျှင် အလွန်တရာ ပင်ပန်းပြီး ဤအဆင့်ကို ကျော်ဖြတ်ရန် ခက်ခဲလိမ့်မည်ဟု သူ ထင်မြင်မိသည်။
ကျန်းချန်က စမ်းသပ်မှုကို ကျော်ဖြတ်ပြီးနောက်တွင် ဟင်းလင်းပြင်ထဲရှိ နတ်အလင်းများသည် နောက်တစ်ကြိမ် ကျဆင်းသွားခဲ့ပြီး တတိယမြောက် ဟင်းလင်းပြင်လှောင်အိမ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျန်းချန်ကို ပိတ်လှောင်လိုက်ပြန်သည်။
ကျန်းချန်က ဟင်းလင်းပြင်လှောင်အိမ်၏ အခြေအနေကို လေ့လာဖို့ အချိန်မရခင်မှာပင် ပုံရိပ်ယောင် တစ်ခုသည် ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။
သူ့ရှေ့တွင် ပေါ်လာသည့် ပုံရိပ်ယောင်သည် လျှို့ဝှက်ဆန်းကြယ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်၏။
ထိုအမျိုးသားသည် ချောမောသော မျက်နှာထားရှိပြီး အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားသည်။
ထို့အပြင် ခန္ဓာကိုယ်ကနေ ဆန်းကြယ်သော အရှိန်အဝါ တစ်ခုအား ထုတ်လွှတ်နေခဲ့၏။
အထူးသဖြင့် ထိုအမျိုးသား၏ မျက်ဝန်းတစ်စုံတွင် အဆုံးမဲ့ဥာဏ်ပညာရှိသည့် အရိပ်အယောင်များ ထင်ဟပ်နေခဲ့၏။
သူက မည်သည့် မှော်စွမ်းအားမှ အသုံးမပြုဘဲ ထိုနေရာတွင် ရိုးရှင်းစွာ မတ်တတ်ရပ်နေရုံသာ ဖြစ်သည့်တိုင် ကောင်းကင်နှင့် မြေကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။
“ဟားဟား ဒီလောက်အထိ နှစ်တွေအကြာကြီး စောင့်ခဲ့ပြီးမှ နောက်ဆုံးတော့ အမွေဆက်ခံမဲ့သူ တစ်ယောက် ရောက်လာခဲ့ပြီပဲ.. ဒီဘုရင်ရဲ့အမွေအနှစ်တွေကို ဒီနေရာမှာ ချန်ထားစရာ မလိုအပ်တော့ဘူး”
ကျန်းချန်က သူ့ရှေ့မှ အဖြူရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်နေစဥ်မှာပင် အဖြူရောင်ဝတ်စုံဝတ် လူလတ်ပိုင်း၏ ရယ်မောသံသည် ကျန်းချန်၏ နားထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့သည်။
“စီနီယာက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်လား”
ကျန်းချန်က သူ့ရှေ့မှ အဖြူရောင်ဝတ်စုံဝတ် လူလတ်ပိုင်းကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။
“ဟုတ်တယ်.. ငါက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် လော့ချန်ရှန်းပဲ”
အဖြူရောင်ဝတ်စုံဝတ် အမျိုးသားက ကျန်းချန်ကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“မင်းက ဒီနေရာကို လာနိုင်ပုံထောက်ရင် မင်းရဲ့ ထူးခြားတဲ့ပါရမီကို သက်သေပြဖို့ လုံလောက်ပါတယ်.. မင်း ငါ့ရဲ့နောက်ဆုံး စမ်းသပ်မှုကို အောင်မြင်သရွေ့ မင်းက ငါလော့ချန်ရှန်းရဲ့ တပည့် ဖြစ်လာနိုင်ပါတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် လက်သီးဆုပ်၍ ဂါဝရပြုကာ လေးနက်စွာ ပြောလိုက်၏။
“နောက်ဆုံးစမ်းသပ်မှုက ဘယ်လို စမ်းသပ်မှုလဲ စီနီယာ”
“ငါလော့ချန်ရှန်းနဲ့ မင်းနဲ့ ဒီနေ့ ဒီနေရာမှာ ဆုံတွေ့ရတာက ငါတို့ကြားမှာ ရေစက်ရှိလို့ပဲ.. မင်းတို့ စကြဝဠာရဲ့ ကျင့်ကြံခြင်း အဆင့်အရ ဆိုရင် မင်းက လက်ရှိမှာ နတ်ဘုရင် ဆဋ္ဌမအဆင့်ကို ရောက်နေတာ မဟုတ်လား ဒီဘုရင်က မင်းကို ရွေးချယ်စရာ သုံးခုပေးမယ်.. မင်းနဲ့ ရင်ဆိုင်တဲ့အချိန်မှာ ငါ့ရဲ့ကျင့်ကြံခြင်း အဆင့်ကို မင်းနဲ့ အဆင့်တူ အထိ နှိမ့်ချထားပေးမယ်"
"မင်းအနေနဲ့ နတ်ဘုရင် ဆဋ္ဌမအဆင့်ကို စိန်ခေါ်ပြီး ငါ့ကို အနိုင်ရမယ်ဆိုရင် င့ါရဲ့အမည်ခံတပည့် အဖြစ် သတ်မှတ်ခံရနိုင်တယ်.. နတ်ဘုရင် သတ္တမအဆင့်ကို စိန်ခေါ်ပြီး အနိုင်ရရင်တော့ ငါ့ရဲ့တရားဝင်တပည့် ဖြစ်လာလိမ့်မယ်"
"တကယ်လို့ မင်းက နတ်ဘုရင် အဋ္ဌမအဆင့်ကို စိန်ခေါ်ပြီး အနိုင်ယူနိုင်မယ် ဆိုရင်တော့ မင်းက ငါ့ရဲ့ အမွေဆက်ခံသူ ဖြစ်လာမှာ ဖြစ်ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ဖြစ်တဲ့ ငါပိုင်ဆိုင်သမျှ အရာအားလုံးကို ဆက်ခံနိုင်လိမ့်မယ်.. အနာဂတ်မှာ မင်းအနေနဲ့ အင်မော်တယ်လောကကို တက်လှမ်းနိုင်မှာ ဖြစ်ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် လက်အောက်က အင်အားစုတွေကလည်း မင်းရဲ့အမိန့်ကို နာခံကြလိမ့်မယ်”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်ကို ပြုံး၍ ကြည့်လိုက်သည်။
“ကောင်လေး.. မင်းဘယ်ဟာကို ရွေးချယ်မလဲ”
ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်၏ စကားကိုကြားပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းထဲ၌ ပြတ်သားသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့၏။
ခဏအကြာတွင် သူက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်လော့ချန်ရှန်းကို ကြည့်ကာ ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။
“ကျွန်တော်က ပါရမီ မရှိပေမဲ့လည်း နတ်ဘုရင် အဋ္ဌမအဆင့်ကိုပဲ ရွေးချယ် တိုက်ခိုက်ချင်ပါတယ်”
အခန်း(၂၄၀၀)ပြီး၏။