အခန်း (၂၆၁)
Vol. 27 Ch. 261
''အခုတလော ကျွန်တော်တို့ မြက်ခင်းပြင်ထဲမှာ မိစ္ဆာတွေ ပေါ်လာတယ်လေ...''
''မျိုးနွယ်စု တော်တော်များများ အသတ်ခံလိုက်ရပြီး... တစ်မျိုးနွယ်စုလုံးကို အပြတ်ရှင်းသွားတာ...''
''အသက် ရှစ်ဆယ်အရွယ် အဖိုးအိုတွေအပါအဝင် ရင်ခွင်ပိုက်ကလေးငယ်တွေပါမကျန် အကုန်သတ်ခံလိုက်ရတာပေါ့..."
"အသက်ရှင်တဲ့သူ တစ်ယောက်မှ ကျန်မနေခဲ့ဘူး...''
ထို အမေးခံရသောမြင်းစီးစစ်သည်သည် သွားကြိတ်၍ နာကျည်းစွာ ပြောဆိုလိုက်ကြ၏။
ထိုစကားများကို ကြားရသောအခါ ဂူလီကျိနှင့် အခြားသူများသည် မယုံကြည်နိုင်လောက်အောင်ပင် မှင်သက်သွားကြလေသည်။
ကျုံးရှန်သည်လည်း ထိုစကားများကို ကြားရသောအခါ မျက်မှောင်ကြုတ်လိုက်၏။ ထိုသူတို့ ပြောဆိုနေသော မိစ္ဆာများဆိုသည်မှာ ငရဲကမ္ဘာမှ မျှော်စင်အတွင်းသို့ ဝင်ရောက်လာကြသော အခြားသော တက်လှမ်းသူများသာ ဖြစ်ရပေမည်။
''ဒီလိုကိစ္စမျိုးတွေ ဖြစ်နေတာလား...''
''ဒါနဲ့ ပတ်သက်ပြီး ထျန်းခမ်း နတ်ဆရာအကြီးအကဲ ထန်ဂါက ဘယ်လို အမိန့်ထုတ်ထားလဲ...''
ဂူလီကျိသည်လည်း ခက်ထန်သော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
မျိုးနွယ်စု တစ်ခုလုံးကို သုတ်သင်ရှင်းလင်းခြင်းဟူသော လုပ်ရပ်သည် ဒဏ္ဍာရီထဲမှ မိစ္ဆာဆိုးများနှင့် မည်သို့မျှ ခြားနားခြင်း မရှိချေ။
''ကြီးမြတ်လှတဲ့ ထျန်းခမ်းကတော့... အဲဒီ မိစ္ဆာတွေဟာ ဒီနေရာကို ဦးတည်လာနေတယ်လို့ မိန့်ကြားထားပါတယ်... သူတို့ရဲ့ ရည်မှန်းချက်က ဟူဘီလိုင်း မျိုးနွယ်စုကြီးနဲ့ နာဒါမ်ပွဲတော်ပဲ ဖြစ်ပါလိမ့်မယ်...''
ဟူဘီလိုင်း မျိုးနွယ်စုမှ မြင်းစီးစစ်သည်သည် စိုးရိမ်ပူပန်စွာဖြင့် ပြန်လည် ဖြေကြားလေသည်။
ဂူလီကျိသည် ခေါင်းညိတ်လိုက်ပြီး ကျုံးရှန်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူသည် ကျုံးရှန်၏ စွမ်းအားကို ပြန်လည် အမှတ်ရသွားကာ ကျုံးရှန်သာ စိတ်ဆိုးခဲ့လျှင် ဟာဇက်မျိုးနွယ်စုသည်လည်း ထိုကဲ့သို့ သုတ်သင်ခံရနိုင်ကြောင်း တွေးမိပြီး ကျောချမ်းသွားရလေသည်။
ကံကောင်းထောက်မစွာဖြင့် ကျုံးရှန်သည် အသိဉာဏ် ရှိသူတစ်ဦး ဖြစ်ကာ ရူးသွပ်နေသော မိစ္ဆာများနှင့် မတူညီသည်မှာ ထင်ရှားလှပေသည်။ သို့သော်လည်း ဂူလီကျိ၏ စိတ်အတွင်းရှိ သံသယနှင့် စိုးရိမ်မှုများသည်ဖုံးကွယ်၍ မရအောင်ပင် ဖြစ်ပေါ်လာရလေသည်။
''ကောင်းပြီ... ငါတို့ အထဲကို ဝင်ကြတာပေါ့...''
ဂူလီကျိသည် လက်ကို ဝှေ့ယမ်းပြလိုက်ကာ သူ၏ မြင်းဖြင့် ဟူဘီလိုင်း မျိုးနွယ်စု၏ ပိုက်နက်အတွင်းသို့ စတင် စီးနှင်းလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ယခုအချိန်၌ ဟူဘီလိုင်း မျိုးနွယ်စု၏ အခြေအနေသည် လုံခြုံရေး အလွန်ပင် တင်းကျပ်နေသည်။ ကောင်းကင်ယံထက်၌ မြက်ခင်းပြင်၏ လင်းယုန်ငှက်များစွာ ကင်းလှည့် ပျံသန်းနေကြပြီး မြေပြင်ပေါ်ရှိ စစ်သည်တိုင်းသည်လည်း မိမိတို့၏ လခြမ်းကွေးဓားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြ၏။
စစ်သည်များ၏ မျက်လုံးများသည် စူးရှတောက်ပနေကာ ရန်သူကို ခုခံရန် အသင့်အနေအထားတွင် ရှိနေကြလေသည်။
မြင်းစီးစစ်သည်များသည် နေရာအနှံ့၌ အပြန်အလှန် ကင်းလှည့်နေကြကာ မိုင်တစ်ရာအတွင်း မည်သည့် နေရာလပ်မျှ မကျန်အောင် စောင့်ကြပ်နေကြသည်။ ထို့ပြင် ကျောတွင် လေးရှည်များကို လွယ်ထားကာ ကောင်းကင်ယံ၌ ပျံသန်းနေသော အစွမ်းထက် ကျင့်ကြံသူ အချို့လည်း ရှိနေ၏။
ထိုသူတို့သည် အံ့ဖွယ်နိမိတ်တံခါး၌ ပူဇော်ပသမှု ပြုလုပ်ပြီးနောက် ပျံသန်းနိုင်သော စွမ်းရည်များကို ရရှိထားသည့် မြက်ခင်းပြင်သူရဲကောင်းများပင် ဖြစ်သည်။
ထိုတံခါးသည် မည်သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားပြီး မြက်ခင်းပြင်ကမ္ဘာရှိ ဒေသခံများကို ထူးခြားသော စွမ်းရည်များ မည်သို့ ပေးအပ်နိုင်သည်ကို ကျုံးရှန် မသိရှိချေ။ ထိုစွမ်းရည်များသည် ပြင်ပလောကတွင် ပြောပလောက်သည့် အရာမဟုတ်သော်လည်း မျှော်စင်၏ စည်းမျဉ်းများဖြင့် ဖိနှိပ်ခံထားရသော ဤမြက်ခင်းပြင်ကမ္ဘာအတွင်း၌မူ အလွန်ပင် အံ့သြဖွယ်ကောင်းသော စွမ်းရည်များ ဖြစ်နေပေသည်။
မြင်းများကို ဖြည်းညှင်းစွာ စီးနှင်းလာကြပြီးနောက် ဆယ်မိနစ်ခန့် ကြာသောအခါ ကျုံးရှန်တို့အဖွဲ့သည် ဟူဘီလိုင်းမျိုးနွယ်စု၏ အတွင်းပိုင်းသို့ စတင် ဝင်ရောက်လာကြသည်။
ဟူဘီလိုင်း မျိုးနွယ်စုကြီးသည် မြက်ခင်းပြင်ကမ္ဘာ၏ အကြီးမားဆုံးသော မျိုးနွယ်စု ဖြစ်သည်နှင့်အညီ လူဦးရေထူထပ်မှုသည် ဟာဇက်မျိုးနွယ်စုနှင့် များစွာ ကွာခြားလှပေသည်။
လမ်းများပေါ်တွင် မြက်ခင်းပြင် သူရဲကောင်းများစွာ ရှိနေကြကာ ထိုသူအများစုသည် မြင့်မားသောအရပ်ရှိပြီး အစွမ်းထက်သော လေးများနှင့် ခါးတွင်လခြမ်းကွေးဓားများကို ချိတ်ဆွဲထားကြသည့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့သည် နာဒါမ်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြခြင်း ဖြစ်သည်။
ကျုံးရှန်တို့အဖွဲ့သည် ဟူဘီလိုင်းမျိုးနွယ်စု၏ ဧည့်ဂေဟာဆောင်များရှိရာ ကြီးမားလှသော တဲအိမ်တန်းများဆီသို့ ရောက်ရှိလာကြ၏။ သူတို့သည် တဲအိမ်တစ်ခုဆီသို့ဦးတည်ဝင်လာခဲ့လျှင် ဂူလီကျိသည် သူ၏ ရင်ဘတ်အတွင်းမှ ကြည်လင်သော ဖန်လုံးလေး အချို့ကို ထုတ်ယူလိုက်ကာ ဆိုင်ပိုင်ရှင်ဟု ယူဆရသော လူတစ်ဦး၏ လက်အတွင်းသို့ ထည့်ပေးလိုက်သည်။
''ငါတို့အတွက် ကြီးမားတဲ့ တဲအိမ်တစ်လုံး ပြင်ပေးပါ...နောက်ပြီး အသားနဲ့ အရက်လည်း လာပို့ပေးဦး..."
"မြင်းတွေကိုလည်း အကောင်းဆုံး မြက်တွေ ကျွေးထားလိုက်ပါ...''
ဂူလီကျိသည် ကျယ်လောင်တည်ကြည်သောအသံဖြင့် အမိန့်ပေးလိုက်၏။
ဆိုင်ပိုင်ရှင်သည် လက်တစ်ဖက်ကို ရင်ဘတ်ပေါ်၌ တင်ကာ ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။
''စိတ်ချပါ ခမ်းမင်... အားလုံးကို အဆင်ပြေအောင် စီစဉ်ပေးပါ့မယ်...''
သူတို့အဖွဲ့သည် မိမိတို့၏ မြင်းများကို မြင်းထိန်းများထံသို့ အပ်နှံလိုက်ကြပြီး ဂူလီကျိ၏ နောက်မှ လိုက်ပါ၍ ကြီးမားသော တဲအိမ်တစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့ကြ၏။ တဲအိမ်အတွင်း၌ လူသုံးဆယ်မှ လေးဆယ်ခန့်အထိ ထိုင်နိုင်သော ကြီးမားလှသော စားပွဲဝိုင်းကြီး တစ်ခု ရှိနေလေသည်။
''ဆရာကြီး... ထိုင်ပါဦး...''
ဂူလီကျိသည် မြက်ခင်းပြင်၌ ရုတ်တရက် ပေါ်ပေါက်လာသော သတ်ဖြတ်မှုများကြောင့် ကျုံးရှန်အပေါ် သံသယ ရှိနေသော်လည်း ကျုံးရှန်အားရိုသေလေးစားစွာဆက်ဆံဆဲဖြစ်သည်။
ခိုင်မာသော အထောက်အထား မရှိဘဲ စွပ်စွဲပြောဆိုရန် မသင့်တော်သောကြောင့်သာ ဖြစ်သည်။
ကျုံးရှန်သည် ခေါင်းညိတ်လိုက်ကာ ထိုင်လိုက်လေသည်။ ကလေးငယ်လေး ဒါဒါသည် သူ၏ ဘေးတွင် ထိုင်နေကာ ဂူလီကျိသည်လည်း သူတို့နှင့် ကပ်လျက်တွင် ထိုင်လိုက်သည်။
မကြာမီတွင်ပင် မုယောအရက်များနှင့် မွှေးကြိုင်လှသော နွားသား၊ သိုးသားကင်များကို စားပွဲပေါ်သို့ လာရောက် တည်ခင်းပေးကြ၏။
''ကဲ... စားကြ... သောက်ကြတာပေါ့...''
ခရီးလမ်းတွင် ခြောက်ရက်တိုင်တိုင် နေ့ညမရှောင် ခရီးနှင်ခဲ့ကြရသဖြင့် သူတို့အားလုံးသည် ကောင်းမွန်စွာ စားသောက်ခွင့် မရရှိခဲ့ကြချေ။
ရေငတ်သောအခါ စမ်းချောင်းမှ ရေကို သောက်ကာ ဆာလောင်သောအခါ ရိက္ခာခြောက် အနည်းငယ်ကိုသာ စားသုံး၍ ခရီးကိုသာ အာရုံစိုက်ခဲ့ကြရလေသည်။ ယခုအခါ၌မူ ဟာဇက်မျိုးနွယ်စုသည် မည်သည့် တိုက်ခိုက်မှုနှင့်မျှ မကြုံတွေ့ခဲ့ရသဖြင့် ဂူလီကျိအနေဖြင့်လည်း အခြားသော မျိုးနွယ်စုများ၏ ဘေးဒုက္ခကို ကိုယ်ချင်းစာရန် ခက်ခဲနေပေသည်။
သို့ဖြစ်ရာ အားလုံးသည် ပျော်ရွှင်စွာ စားသောက်လိုက်ကြတော့သည်။
ကျုံးရှန်သည်လည်း အရက်ခွက်ကို မကာ ဖြည်းညှင်းစွာ သောက်သုံးနေ၏။ ဂူလီကျိသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဝေခွဲမရသော လေသံဖြင့် စကားစလိုက်သည်။
''ဆရာကြီး...''
''အကယ်၍ အဲဒီ မိစ္ဆာတွေက... ဟူဘီလိုင်း မျိုးနွယ်စုဆီကို ရောက်လာပြီး သတ်ဖြတ်မှုတွေ လုပ်လာခဲ့ရင် ဘယ်လိုလုပ်သင့်သလဲ...''
ကျုံးရှန်သည် ထိုစကားကို ကြားသောအခါ လက်ထဲမှ အရက်ခွက်ကို ချလိုက်၏။ သူသည် အေးဆေးတည်ငြိမ်သော်လည်း လေးနက်လှသော အသံဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
''အကယ်၍ အဲဒီ မိစ္ဆာတွေက တကယ်ပဲ ပြဿနာရှာလာရင်... သတ်ပစ်ရမှာပေါ့...''
''ငါ့အနေနဲ့... မျက်စိရှေ့မှာ သတ်ဖြတ်မှုတွေ လုပ်နေတာကိုတော့ လျစ်လျူရှုထားမှာ မဟုတ်ဘူး...''
ဂူလီကျိသည် ထိုစကားကို ကြားသောအခါမှ စိတ်အေးသွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
''ဒီနေရာမှာ ထျန်းခမ်း နတ်ဆရာအကြီးအကဲ ထန်ဂါ ရှိပါတယ်... အဲဒီ မိစ္ဆာတွေက သိပ်ပြီး ရောင့်တက်လာမယ်ဆိုရင်တော့... သူတို့လည်း အသေဆိုးနဲ့ သေကြရမှာပါပဲ...''
သူသည် ဟူဘီလိုင်းမျိုးနွယ်အတွင်းရှိ ဦးတည်ချက် တစ်ခုဆီသို့ လှမ်းကြည့်လိုက်၏။
ထိုနေရာသည် ဟူဘီလိုင်းမျိုးနွယ်စု၏ ဗဟိုချက် ထျန်းခမ်းနေထိုင်ရာပင် ဖြစ်သည်။ ဂူလီကျိတစ်ယောက် ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သော်လည်း ကျုံးရှန်သည် ထိုစကားကို ဂရုမစိုက်ဘဲ အရက်ကိုသာ ဆက်လက် သောက်သုံးနေလိုက်သည်။
မုယောအရက်၏ အရသာမှာ ပြင်းရှလှ၏။ တစ်ငုံ သောက်လိုက်ရုံဖြင့် လည်ချောင်းမှတစ်ဆင့် ကိုယ်တွင်းအင်္ဂါများအထိ ပူရှိန်းသွားစေကာ လန်းဆန်းသော ခံစားမှုကို ပေးစွမ်းသည်။
ဤသည်မှာ မြက်ခင်းပြင်မှ အမျိုးသားများ၏ ရဲရင့်ပြတ်သားအရိုင်းဆန်သည့်စရိုက်သဘာဝနှင့် ကိုက်ညီလှပေသည်။
''ဂူလီကျိ... ငါ အံ့ဖွယ်နိမိတ်တံခါးကို သွားကြည့်ချင်တယ်... ရနိုင်မလား...''
ကျုံးရှန်သည် စားသောက်နေရုံဖြင့် အချိန်မဖြုန်းလိုချေ။ ဤနေရာ၌ မြက်ခင်းပြင်၏ ဓလေ့ထုံးတမ်းများကို လေ့လာရသည်မှာ ကောင်းမွန်သော်လည်း သူ၏ အဓိက ရည်ရွယ်ချက်သည် မျှော်စင်ထိပ်သို့ တက်လှမ်းရန်သာ ဖြစ်သည်။
ထိုတောင်းဆိုချက်ကို ကြားသောအခါ ဂူလီကျိသည် ခဏတာ မှင်သက်သွားသော်လည်း မကြာခင်တွင်သတိပြန်ကပ်သွားကာ လိုလိုလားလားပင် သဘောတူလိုက်သည်။
''အံ့ဖွယ်နိမိတ်တံခါးက ဟူဘီလိုင်းမျိုးနွယ်စုရဲ့ အရပ်ရှစ်မျက်နှာ ယဇ်ပလ္လင် အလယ်မှာ ရှိပါတယ်... အဲဒီနေရာကို သွားဖို့ဆိုရင်ထျန်းခမ်း နတ်ဆရာအကြီးအကဲရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်...''
''အကယ်၍ ဆရာကြီးက သွားကြည့်ချင်တယ်ဆိုရင်... ငါတို့ ထျန်းခမ်းရဲ့ တဲနန်းဆီကို အခုပဲ သွားကြတာပေါ့... ထျန်းခမ်းကလည်း သဘောတူလိမ့်မယ်လို့ ထင်ပါတယ်...''
ဂူလီကျိသည် လက်ထဲမှ သိုးခြေထောက်ကို ချလိုက်ကာ မတ်တတ်ရပ်၍ ပြောဆိုလိုက်၏။ သူသည် ကျုံးရှန်ထက်ပင် ပို၍ အလောတကြီး ဖြစ်နေပုံ ပေါက်နေလေသည်။
ကျုံးရှန်သည်လည်း ထိုအရာကို လိုလားသဖြင့် ခေါင်းညိတ်လိုက်ကာ ထိုင်နေရာမတ်တတ်ထရပ်ပြီး ဂူလီကျိနောက်လိုက်ပါခဲ့လိုက်လေသည်။ ကလေးငယ်လေး ဒါဒါနှင့် အခြားသော မြင်းစီးစစ်သည်များသည် တဲအိမ်အတွင်း၌ စားသောက်ရန် ကျန်ရစ်ခဲ့၏။
ကျုံးရှန်နှင့် ဂူလီကျိတို့သည် တဲအိမ်အတွင်းမှ ထွက်ခွာလာကြပြီး ဟူဘီလိုင်းမျိုးနွယ်စု၏ အတွင်းပိုင်းသို့ ဦးတည် လျှောက်လှမ်းလာကြသည်။
သူတို့နှစ်ဦးသည် လမ်းလျှောက်လာရာ လူသူရှင်းသော လမ်းသွယ်တစ်ခုသို့ ရောက်ရှိသောအခါ ဂူလီကျိ၏ အေးစက်လှသော အသံ ထွက်ပေါ်လာသည်။
''ဆရာကြီးက မြက်ခင်းပြင်မှာ နေထိုင်တဲ့သူတစ်ယောက်နဲ့ မတူဘူးနော်...''
''ဆရာကြီးက မြက်ခင်းပြင်ရဲ့ အပြင်ဘက်ကနေ ရောက်လာတာ မဟုတ်လား...''
ဂူလီကျိ၏ စကားကြောင့် ကျုံးရှန်သည် အံ့သြခြင်း မရှိချေ။ သူသည် ပွင့်လင်းစွာပင် ဝန်ခံလိုက်သည်။
''မှန်တယ်... ငါက မြက်ခင်းပြင်ကလူ မဟုတ်ဘူး... ပိုပြီး တိတိကျကျ ပြောရရင်တော့... ငါက အခြား ကမ္ဘာတစ်ခုကနေ လာတာပဲ...''
ကျုံးရှန်သည် ယခင်က သူ၏ ဝိညာဉ်မျှင်တန်းများကို အသုံးပြု၍ ဂူလီကျိ၏ မှတ်ဉာဏ်များကို ရယူထားဖူးသဖြင့် အမှန်အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မြက်ခင်းပြင်ကမ္ဘာရှိ ဂူမုံမျိုးနွယ်စုများမှ ခမ်းမင်ကဲ့သို့ အဆင့်မြင့် ပုဂ္ဂိုလ်များသည် ဤမြက်ခင်းပြင်ကမ္ဘာအကြောင်းကို အနည်းငယ် သိရှိထားကြသည်။
သူတို့ ကိုးကွယ်ကြသော ဘိုးဘေးနတ်ဘုရားသည် ယခင်က အံ့ဖွယ်နိမိတ်တံခါးကို ဖြတ်ကျော်သွားခဲ့ဖူးသူ ဖြစ်ကာ ယခုအချိန်အထိ တည်ရှိနေဆဲပင် ဖြစ်သည်။ ထိုနတ်ဘုရားသည် အံ့ဖွယ်နိမိတ်တံခါးမှတစ်ဆင့် စွမ်းအားများနှင့် သတင်းစကားများကို မကြာခဏ ပေးပို့လေ့ ရှိသည်။
သို့ဖြစ်ရာ ခမ်းမင်များဖြစ်သည့် မြက်ခင်းပြင်ကမ္ဘာ၏ အဆင့်မြင့် လူတန်းစားများ တစ်နည်း နတ်ဆရာများအနေဖြင့် ပြင်ပလောကတွင် အခြားသော ကမ္ဘာများ ရှိနေသည်ကို သိရှိထားကြကာ အသိဉာဏ်ခေါင်းပါးသော ရှေးခေတ်လူရိုင်းများမဟုတ်ပေ။
ဝမ်းနည်းစရာကောင်းသည်မှာ ဂူမုံမျိုးဆက်အဆက်ဆက်သည် အံ့ဖွယ်နိမိတ်တံခါးကို ဖြတ်ကျော်ရန် ကြိုးစားခဲ့ကြသော်လည်း မည်သူမျှ အောင်မြင်ခဲ့ကြခြင်းမရှိချေ။