အခန်း (၂၆၂)
Vol. 27 Ch. 262
ကျုံးရှန်၏ ဝန်ခံမှုသည် အလွန်ပင် တဲ့တိုးဆန်လှသဖြင့် ဂူလီကျိတစ်ယောက် ကြိုတင်ပြင်ဆင်ထားသော မေးခွန်းထုတ်စကားများပင် လည်ချောင်းဝ၌ တစ်ဆို့သွားရလေသည်။
''ဂူလီကျိ... မင်းလည်း ခန့်မှန်းမိမှာပါ... ဂူမုံမျိုးနွယ်စုတွေကို သတ်ဖြတ်နေတဲ့ မိစ္ဆာတွေဟာလည်း မြက်ခင်းပြင်ရဲ့ အပြင်ဘက်ကနေ လာကြသူတွေပဲဆိုတာ...''
''ဒါပေမဲ့ မင်းစိတ်ချပါ... ငါက အဲဒီကောင်တွေနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူး..."
"အကယ်၍ သူတို့နဲ့ ဆုံခဲ့မယ်ဆိုရင် သေချာပေါက် သူတို့ကို ရှင်းလင်းပစ်မှာပဲ...''
ကျုံးရှန်သည် ဂူလီကျိ၏ စိတ်အတွင်းမှ အတွေးများကို အကုန်အစင် သိရှိနေသကဲ့သို့ လေးနက်စွာဖြင့် ကတိပေးလိုက်သည်။
ဂူလီကျိသည် ကျုံးရှန်၏ကတိစကားများကို ကြားရသောအခါ စိတ်အတွင်း၌ ပို၍ပင် တုန်လှုပ်သွားရကာ သူ၏ လက်သီးနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ထားမိလိုက်လေသည်။
သူသည် တစ်စုံတစ်ခုကို ဝေခွဲမရဖြစ်ကာ စဉ်းစားနေပုံရသော်လည်း ခဏအကြာတွင်တင်းကြပ်စွာဆုပ်ကိုင်ထားသော လက်သီးများကို ဖြည်းဖြည်းချင်း ပြန်လည် ဖြေလျှော့လိုက်သည်။
''ဒီစကားတွေကို ကျွန်တော့်ကို ပြောပြနေဖို့ မလိုပါဘူး... ခဏနေရင် ထျန်းခမ်းနဲ့ တွေ့တဲ့အခါ အရာအားလုံး ရှင်းလင်းသွားမှာပါ...''
ထိုသို့ ပြောဆိုပြီးနောက် ဂူလီကျိသည် ရှေ့မှ ဆက်လက် ဦးဆောင်၍ လျှောက်လှမ်းသွားလေသည်။
ကျုံးရှန်သည်လည်း တိတ်ဆိတ်စွာဖြင့်သာ လိုက်ပါသွားကာ ထပ်မံ၍ ရှင်းပြခြင်း မပြုတော့ချေ။ သူတို့နှစ်ဦးသည် အလျင်အမြန် လျှောက်လှမ်းလာကြပြီးနောက် ကင်းစောင့်စစ်သည်များ၏ အကြိမ်ကြိမ် မေးမြန်းစစ်ဆေးမှုများကို ဖြတ်ကျော်ကာ ဆယ်မိနစ်ခန့်အကြာတွင် ထျန်းခမ်း ထန်ဂါ၏ တဲနန်း အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
ထိုတဲနန်းသည် ပြာလွင်လှသော အိုင်ကြီး၏ ဘေးတွင် တည်ရှိနေပြီး လေညင်းများ တိုက်ခတ်လာသောအခါ အေးမြသော ခံစားမှုကို ပေးစွမ်းသဖြင့် အလွန်ပင် သာယာလှသည်။ သို့သော် ထူးဆန်းစွာဖြင့် ထျန်းခမ်း၏ တဲနန်း အပြင်ဘက်တွင် မည်သည့် စစ်သည်မျှ စောင့်ကြပ်နေခြင်း မရှိချေ။
ထိုသည်မှာလည်း သဘာဝကျသောအရာသာဖြစ်၏။ အဘယ်ကြောင့်ဆိုသော်ထျန်းခမ်းသည် ဟူဘီလိုင်း မျိုးနွယ်စု၏ နတ်ဆရာအကြီးအကဲ ဖြစ်သကဲ့သို့ ဂူမုံမြက်ခင်းပြင် တစ်ခုလုံးတွင် အင်အားအကြီးဆုံးသော ကျွမ်းကျင်သူလည်း ဖြစ်ရာ သူ၏တဲနန်းဘေးတွင် စောင့်ကြပ်နေသော စစ်သည်များရှိပါလျှင်လည်း အဆောင်အယောင်မျှသာ ဖြစ်ပေလိမ့်မည်။
ဂူလီကျိသည် ကျုံးရှန်ကို ခေါ်ဆောင်၍ တဲနန်း၏အဝင်ဝသို့ ရောက်ရှိသောအခါ တဲနန်းအတွင်းဦးတည်၍ လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ ဦးညွှတ် သတင်းပို့လိုက်သည်။
''ဟာဇက်မျိုးနွယ်စုရဲ့ နတ်ဆရာ ဂူလီကျိက ထျန်းခမ်း နတ်ဆရာအကြီးအကဲကို လာရောက် ဂါရဝပြုပါတယ်...''
''ဂူလီကျိ... မင်းအနေနဲ့ ယဉ်ကျေးနေစရာမလိုပါဘူးကွာ...''
ထိုစကားသံ ဆုံးသည်နှင့် တဲနန်း၏ လိုက်ကာ ပွင့်သွားပြီး ဝံပုလွေသားရေ ဝတ်စုံကို ဝတ်ဆင်ထားကာ ဦးခေါင်းတွင် ဝံပုလွေအရိုးဖြင့် ပြုလုပ်ထားသော သရဖူကို ဆောင်းထားသည့် သန်မာထွားကြိုင်းသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
သူ၏ ကျောထက်တွင် ကြီးမားလေးလံသော သစ်သားလေးတစ်ခုကို လွယ်ထားကာ လက်ထဲ၌ စိမ်းစိုသော သစ်သားတောင်ဝေးတစ်ခုကို ကိုင်ဆောင်ထား၏။ ထိုသူ၏ အရပ်အမောင်းသည် ဂူလီကျိထက်ပင် ပို၍ မြင့်မားထွားကြိုင်းလှပေသည်။
ဂူမုံလူမျိုးစုများ၏ ထျန်းခမ်း။
နတ်ဆရာအကြီးအကဲ ထန်ဂါ။
ကြီးမြတ်လှသော ထျန်းခမ်းသည် တဲနန်းအတွင်းမှ ထွက်လာပြီးနောက် အံ့သြဖွယ်ကောင်းလောက်အောင်ပင် ကျုံးရှန်ကို ဦးစွာ အရိုအသေပြုလိုက်သည်။
''ဆရာကြီးကျုံးရှန်လား...''
ထန်ဂါသည် မိမိ၏ အမည်ကို သိရှိနေသဖြင့် ကျုံးရှန်တစ်ယောက် အနည်းငယ် အံ့သြသွားရလေသည်။
''ငါ့ရဲ့ နာမည်ကို မင်း ဘယ်လို သိတာလဲ...''
ထျန်းခမ်းသည် ထိုစကားကို ကြားသောအခါ ဟားတိုက်၍ ရယ်မောလိုက်သည်။
''ဟားဟားဟား... ကျွန်တော် ဆရာကြီးရဲ့ အမည်ကို သိရုံတင် မကဘူး... ဆရာကြီးက အပြင်လောကမှာ စွမ်းအား အလွန် ကြီးမားတဲ့ အနှိုင်းမဲ့ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်တယ်ဆိုတာကိုလည်း သိပါတယ်...''
''ဒါ့အပြင်... ဆရာကြီးက ဆရာကြီးရှီမင်ရဲ့ သခင်လည်းဖြစ်တယ် မဟုတ်လား... ဒီလို ဧည့်ခံမှုမျိုးက ကျွန်တော်ဘက်က အားနာစရာ ဖြစ်နေပါပြီ...''
ထန်ဂါသည် ကျုံးရှန်၏ နောက်ခံသမိုင်းကြောင်းကို အကုန်အစင် သိရှိနေရုံသာမက ရှီမင် အကြောင်းကိုလည်း ထည့်သွင်း ပြောဆိုသွားလေသည်။
''ရှီမင်လား... သူ ဒီကို ရောက်နေပြီလား...''
ကျုံးရှန်သည် တစ်စုံတစ်ခုကို ခန့်မှန်းမိသွားလေသည်။
''မှန်ပါတယ်... ဆရာကြီးရှီမင်က ဒီကို ရောက်နေတာ ရက်အနည်းငယ် ရှိပါပြီ... သူက ဆရာကြီးကို ဒီမှာ အမြဲ စောင့်နေတာပါ...''
''ဆရာကြီးရှီမင်နဲ့ ကျွန်တော်တို့ ဝိညာဉ်ကနေတစ်ဆင့်သတင်းအချက်အလက်တွေ ဖလှယ်ခဲ့တာမလို့ ဆရာကြီးရဲ့ အကြောင်းတွေကိုလည်း သိရှိခဲ့ရပါတယ်...''
ထန်ဂါသည် ကျုံးရှန်အကြောင်းသူသိထားသမျှကို ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်သည်။
ထန်ဂါသည် ရှီမင်နှင့် သတင်းအချက်အလက်များ ဖလှယ်ခဲ့ခြင်းမှ ပြင်ပလောကတွင် မရေတွက်နိုင်သော ကမ္ဘာငယ်များ၊ အလယ်အလတ် ကမ္ဘာများ ၊ မဟာကမ္ဘာကြီးများ ၊ သူတော်စင်ကမ္ဘာများနှင့် နတ်ဘုရား နယ်မြေများ ရှိနေသည်ကို သိရှိသွားခဲ့ရကာ အမြင်များစွာ ကျယ်ပြန့်ခဲ့ရလေသည်။
ထျန်းခမ်း ထန်ဂါတစ်ယောက် ကျုံးရှန်အပေါ် ရိုသေလေးစားစွာ ဆက်ဆံနေသည်ကို မြင်ရသောအခါ ဂူလီကျိသည် အလွန်ပင် မှင်သက်သွားရကာ ပြောစရာစကားများပျောက်ဆုံးသွားလေသည်။ ထန်ဂါသည် ဂူလီကျိကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ၏ အတွေးများကို သိရှိသွား၏။
''စိတ်ချပါ... ဆရာကြီးကျုံးရှန် က အဲဒီ မိစ္ဆာတွေနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူး...''
''ဆရာကြီးသာ ရှိနေရင် အဲဒီ မိစ္ဆာတွေက ပြောပလောက်တဲ့ အရာတွေ မဟုတ်တော့ဘူး...''
''ငါတို့ လုပ်ရမှာ နာဒါမ်ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ပဲ... အဲ့အခါကျမှ မိစ္ဆာတွေက သတင်းကြားတာနဲ့ ဒီကိုရောက်လာကြမှာ...''
သူသည် အရာအားလုံးကို တွက်ချက်ထားပြီးသကဲ့သို့ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်လေသည်။
''ဒါဆိုရင်တော့..."
"ကျွန်တော်နားလည်ပါပြီ ထျန်းခမ်း...''
ဂူလီကျိတစ်ယောက် တစ်စုံတစ်ခုကိုနားလည် သဘောပေါက်သွားကာ ကျုံးရှန်အပေါ် ကြည့်သော သူ၏အကြည့်များသည်လည်း ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်သွားသည်။
''မင်းတို့အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောပြီးသားဆိုတော့...ကောင်းတာပေါ့"
"ကဲအခု ငါ့ကို ရှီမင်ဆီကို ခေါ်သွားပေးတော့...''
ဖြစ်ကြောင်းအကုန်အစင်ကို သိရှိပြီးသွားသောအခါ ကျုံးရှန်၏စိတ်အခြေအနေသည် တည်ငြိမ်အေးဆေးသော အနေအထားသို့ ပြန်လည် ရောက်ရှိသွားလေသည်။
ထန်ဂါသည်လည်း ခေါင်းညိတ်ပြလိုက်ကာ တက်ကြွစွာဖြင့်ရှေ့မှ ဦးဆောင်၍ ရှီမင်ရှိရာသို့ဦးတည်ထွက်ခွာလိုက်သည်။ ဂူလီကျိမှာမူ ကျုံးရှန်၏ နောက်မှ မြီးကောင်ပေါက်လေး တစ်ကောင်ကဲ့သို့ ကပ်၍ လိုက်ပါလာလေသည်။
သူတို့၃ဦးသည်ရေကန်၏ ဘေးဘက်မှတစ်ဆင့်လှည့်ပတ်၍ လျှောက်လှမ်းလာကြပြီးနောက်တွင် အံ့ဖွယ်နိမိတ်တံခါးကို ပူဇော်ထားသော လေးထောင့်ပုံသဏ္ဌာန် ယဇ်ပလ္လင်အောက်သို့ ရောက်ရှိလာကြသည်။ အဝေးမှ ကြည့်လိုက်ရုံဖြင့်ပင် ယဇ်ပလ္လင်၏ အောက်ခြေ၌ တရားထိုင်နေသော ရှီမင်ကို ကျုံးရှန် မြင်တွေ့လိုက်ရ၏။
ရှီမင်သည်လည်း ကျုံးရှန် သူ၏ စိတ်အာရုံ နယ်ပယ်အတွင်းသို့ မဝင်ရောက်မီကပင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကာ သည်။
ထို့နောက် သူသည် ကျုံးရှန်ကိုမြင်လိုက်လျှင် ဝမ်းသာအားရ ဖြစ်သွားကာ အလျင်အမြန် ထရပ်၍ ကျုံးရှန်ရှိရာသို့ လျှောက်လာပြီး ဒူးထောက်အရိုအသေပြုလိုက်သည်။
''သခင်... ရှီမင် ဒီနေရာမှာ စောင့်နေတာ ရက်အနည်းငယ် ရှိပါပြီ...''
''ထပါ...မင်းရဲ့ကံတရားကမဆိုးဘူးပဲ"
"ဟူဘီလိုင်း မျိုးနွယ်စုဆီကို တိုက်ရိုက် ရောက်လာနိုင်တာကို ကြည့်ခြင်းအားဖြင့် မင်းလည်း ကံတရားရဲ့သားတော်တစ်ယောက်ဆိုတာ သိသာပါတယ်...''
ကျုံးရှန်သည် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ရှီမင်သည်လည်း ပြုံး၍ ထရပ်လိုက်ကာ သူ၏ စိတ်အတွင်း၌ အလွန်ပင် ပျော်ရွှင်နေလေသည်။ သူသည် ကျုံးရှန်နှင့် စကားအရှည်ကြီး ပြောနေခြင်းမရှိဘဲ ထန်ဂါဘက်သို့ လှည့်ကြည့်လိုက်သည်။
''ငါ အလိုရှိတဲ့ ရိက္ခာတွေ အားလုံး ပြင်ဆင်ပြီးပြီလား...''
ထန်ဂါသည် ခေါင်းညိတ်လိုက်၏။
''အားလုံး အဆင်သင့် ဖြစ်နေပါပြီ...ဆရာကြီးရှီမင်"
"မျိုးနွယ်စု အသီးသီးကနေ စုဆောင်းနေတာ ဖြစ်လို့ နောက်တစ်ရက်အတွင်းမှာ အားလုံး ရောက်လာပါလိမ့်မယ်...''
ရှီမင်သည် ထပ်မံ၍ ခေါင်းညိတ်လိုက်ကာ သူ၏ မျက်နှာထက်၌ အပြုံးများ ပို၍ ဝေဆာလာသည်။
''သခင်... ကျွန်တော် သခင့်အတွက် ရိက္ခာတွေ အများကြီး စုဆောင်းပေးထားပါတယ်..."
"အဲ့အရင်းအမြစ်တွေနဲ့ဆိုရင်...သခင် မျှော်စင်ထိပ်ကို ရောက်ပြီး ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကို ပြန်သွားတဲ့အခါ ကိုယ်ပိုင် အင်အားစုတွေ တည်ထောင်ဖို့အတွက် အလွန် အသုံးဝင်မှာ သေချာပါတယ်...''
''ရိက္ခာတွေထဲမှာ ပါတဲ့ စစ်သည်သုံး ရိက္ခာအရက်တွေနဲ့ ဂူမုံ အမဲသားခြောက်တွေဟာဆိုရင် ကျင့်ကြံသူတွေအတွက်ပါ ထိရောက်မှု ရှိနေတဲ့အတွက်...အဲဒါတွေကို စားသုံးလိုက်ရင် ဝိညာဉ်စွမ်းအားနဲ့ ခွန်အားတွေကို အများကြီး တိုးတက်စေနိုင်မှာပဲ ဖြစ်တယ်...''
''ဒါ့အပြင် မြက်ခင်းပြင် မြင်းစာတွေလည်း စုဆောင်းခိုင်းထားပါတယ်... သာမန်မြင်းတွေကို အဲဒီမြင်းစာတွေ ကျွေးလိုက်ရင် အစွမ်းထက်တဲ့ မြင်းတွေ ဖြစ်လာမှာဖြစ်ပြီး အနည်းငယ် ထပ်မံ လေ့ကျင့်ပေးလိုက်ရင် မိစ္ဆာမြင်းတွေ ဖြစ်လာမှာ ဖြစ်လို့ စီးနင်းဖို့အတွက် အကောင်းဆုံးပါပဲ...''
''နောက်ပြီး ဒီမြက်ခင်းပြင်ကမ္ဘာရဲ့ အသက်ဓာတ် အပြည့်ဆုံး နေရာတွေကနေ စုဆောင်းထားတဲ့ မြေဆီလွှာ ကောင်းမွန်တဲ့ မြေကြီး အချိန် တစ်သိန်းလည်း ယူဆောင်လာဖို့ ပြောထားပါသေးတယ်...''
ရှီမင်သည် ဂုဏ်ယူစွာဖြင့် ရှင်းပြနေသည်။
ထိုအခါကျုံးရှန်လည်း ခေါင်းညိတ်ကာအသိအမှတ်ပြုလိုက်ရသည်။
''မင်း တကယ် စိတ်နှစ်ပြီး လုပ်ထားတာပဲ...''
ရှီမင်၏ အသေးစိတ် ပြင်ဆင်မှုများကြောင့် ကျုံးရှန်အတွက် အချိန်များစွာ သက်သာသွားစေခဲ့သည်။ သခင်နှင့် အစေခံ ပြန်လည် ဆုံတွေ့ရခြင်းသည် ဝမ်းမြောက်ဖွယ်ရာ ကိစ္စတစ်ခုပင် ဖြစ်သည်။
ကျုံးရှန်အနေဖြင့် နောက်တစ်ဆင့်ဖြစ်သည့် သူ၏ရှေ့မှောက်ရှိ အံ့ဖွယ်နိမိတ်တံခါးကို စူးစမ်းရန်သာ လိုအပ်ပေတော့သည်။
''မင်း ဒီကို စောစော ရောက်နေတာဆိုတော့... အံ့ဖွယ်နိမိတ်တံခါးကို စူးစမ်းကြည့်ပြီးပြီလား...''
''သခင်... ကျွန်တော် စူးစမ်းကြည့်ပြီးပါပြီ... ဒီအံ့ဖွယ်နိမိတ်တံခါးမှာ ဝိညာဉ်သိစိတ်တစ်ခု ရှိနေပါတယ်...''
''အဲ့ဝိညာဉ်သိစိတ်က လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းချီက ဂူမုံလူမျိုးစုရဲ့ ဘိုးဘေးတစ်ယောက်ဆီကနေ ဆင်းသက်လာတာ ဖြစ်ပြီး ဘိုးဘေးနတ်ဘုရားအဖြစ် ကိုးကွယ်ခံနေရတဲ့သူပါ...''
''သူက ဒီတံခါးနဲ့ တစ်သားတည်း ဖြစ်နေတာ ဖြစ်လို့ ပြင်ပလောကနဲ့ ဆက်သွယ်နိုင်သလို မျှော်စင်အတွင်းက စည်းမျဉ်းအချို့ကို ချိုးဖျက်ပြီး... စွမ်းအားအချို့ကို ဒီကမ္ဘာထဲကို ပြန်လည် ပေးပို့နိုင်စွမ်းရှိပါတယ် ...''
''ဒါပေမဲ့ အဲဒီ ဝိညာဉ်က မာနကြီးပြီး... ကျွန်တော်နဲ့ ဆက်သွယ်ဖို့ ကြိုးစားတာတောင် တုန့်ပြန်မှုတစ်ခုမှမရှိခဲ့ပါဘူး...''
''တံခါးအတွင်းကိုကျွန်တော်ရဲ့ လက်မောင်းတစ်ဖက်စမ်းဝင်ကြည့်ပြီးပါပြီ... ဒီတံခါးကို ဖြတ်ကျော်သွားလို့ ရတဲ့အတွက်...တစ်ကိုယ်လုံး ဝင်သွားမယ်ဆိုရင်လည်း ပြဿနာ ရှိမှာ မဟုတ်ပါဘူး...''
''သခင် အနေနဲ့ မနက်ဖြန် ရိက္ခာတွေကို လက်ခံရရှိပြီးရင် တံခါးကို ဖြတ်ကျော်ပြီး နောက်ထပ် လှေကားထစ်တွေဆီကို ဆက်လက် တက်လှမ်းနိုင်ပါလိမ့်မယ်...''
ရှီမင်သည် သူလေ့လာစမ်းသပ်ထားသည့်သတင်းအချက်အလက် အသေးစိတ်ကို တင်ပြလိုက်သည်။
သို့သော် ကျုံးရှန်သည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်၏။
''လောလောဆယ်တော့ အရမ်းလောဖို့မလိုသေးပါဘူး... ငါတို့ အခု ထွက်သွားလိုက်ရင် အဲဒီ မိစ္ဆာတွေက ဒီမြက်ခင်းပြင်က သက်ရှိအားလုံးကို သတ်ပစ်ကြမှာ သေချာတယ်...''
''ဒီတော့... နာဒါမ်ပွဲတော်ကိုပဲ ငါးစာအဖြစ် သုံးပြီး... အဲဒီကောင်တွေကို တစ်ခါတည်း အပြတ်ရှင်းပစ်ကြတာပေါ့...''