← Chapters

အခန်း (၂၆၃)

Vol. 27 Ch. 263

အခန်း (၂၆၃)

Vol. 27 Ch. 263

သခင်နှင့် အစေခံနှစ်ဦး၏ လေးနက်သောစကားဝိုင်းအတွင်းသို့ မြက်ခင်းပြင်ကမ္ဘာ၏ ထျန်းခမ်းအဖြစ် ကြည်ညိုလေးစားခြင်း ခံရသော ထန်ဂါပင်လျှင် ဝင်ရောက်နှောက်ယှက်ခြင်း မပြုဝံ့ချေ။ သူနှင့် ဂူလီကျိတို့ နှစ်ဦးသည် ဘေးမှနေ၍ အံ့အားသင့်စွာဖြင့်သာ နားထောင်နေမိကြလေသည်။

ထန်ဂါသည် ရှီမင်နှင့် သတင်းအချက်အလက်အချို့လဲလှယ်ထားသူ ဖြစ်သဖြင့် ကျုံးရှန်တို့ဆွေးနွေးနေသည့်ကိစ္စများကိုအခြေအနေအတိုင်းအတာတစ်ခုအထိ နားလည်လက်ခံနိုင်သော်လည်း ဂူလီကျိသည်မူ သူ၏ရှေ့ရှိ အပြင်ကမ္ဘာမှ ရောက်လာကြသည့်စွမ်းအားကြီးပုဂ္ဂိုလ်များ မည်သည့်အရာများကိုဆွေးနွေးနေမှန်း နားမလည်နိုင်ပါချေ။

ထိုသူတို့ပြောသမျှသည် သူ၏အမြင်တွင် ဒဏ္ဍာရီလာပုံပြင်များကဲ့သို့ မယုံကြည်နိုင်စရာ ကောင်းလှသဖြင့် မည်သည့်စကားမျှ မပြောဝံ့ဘဲ ဘေးတွင်သာ တိတ်ဆိတ်စွာ ရပ်နေမိသည်။

ကျုံးရှန်၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ ထန်ဂါတစ်ယောက် အလွန်ပင် ဝမ်းမြောက်သွားရသည်။ အပြင်လောကမှ ရောက်ရှိလာသော မိစ္ဆာများကို အပြင်လောကမှ စွမ်းအားရှင်ကျွမ်းကျင်သူက ရှင်းလင်းပေးမည်ဆိုသည်မှာ အကောင်းဆုံးသော အစီအစဉ်ပင် ဖြစ်သည်။

အကယ်၍ ကျုံးရှန်နှင့် ရှီမင်တို့သာ ဂူမုံမြက်ခင်းပြင်ကမ္ဘာမှ ချက်ချင်း ထွက်ခွာသွားကြပါလျှင် ထိုမိစ္ဆာများ၏ သတ်ဖြတ်မှုကြောင့် ဂူမုံမျိုးနွယ်စုများ မျိုးတုံးပျောက်ကွယ်သွားမည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။

ယခုမူ ကျုံးရှန်သည် နာဒါမ်ပွဲတော်ဖြင့် ထိုသူများကို ဆွဲဆောင်၍ အကုန်အစင် သုတ်သင်ပစ်မည်ဟု ဆိုလာသောအခါ ထန်ဂါအနေဖြင့် မည်သို့မျှ ငြင်းဆန်ရန် အကြောင်းအရင်းမရှိပေ။ ဤသည်မှာ မြက်ခင်းပြင်အတွက် ကံကောင်းခြင်းတစ်ရပ်ပင် ဖြစ်ပေလိမ့်မည်။

သို့သော် သူတို့ မသိရှိသော အချက်တစ်ခုမှာ အကယ်၍ ယခုတစ်ကြိမ်တွင်လည်း မည်သူမျှ မျှော်စင်ထိပ်သို့ မတက်လှမ်းနိုင်ပါက မကြာမီ အချိန်အတွင်း၌ ဤမြက်ခင်းပြင်ကမ္ဘာအပါအဝင် အထပ်တစ်ထောင်တိုင်းတွင်ရှိသည့် ဟင်းလင်းပြင်ကမ္ဘာငယ်အားလုံးသည် ပြန်လည်၍ အသစ်ပြန်ဖြစ်သွားမည် ဆိုသည့် အချက်ပင် ဖြစ်သည်။

ဤလျှို့ဝှက်ချက်ကို ရှီမင်ပင် သိရှိခြင်း မရှိချေ။ အကယ်၍သာ ဤသတင်းကို ဂူမုံလူမျိုးများ သိရှိသွားပါက မြက်ခင်းပြင်ကမ္ဘာအတွင်းရှိ သက်ရှိအားလုံး၏ စနစ်တကျ တည်ရှိမှုမှာ ပြိုလဲသွားနိုင်ပေသည်။

ကျုံးရှန်သာ မျှော်စင်ထိပ်သို့ ရောက်ရှိပြီး ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အစိတ်အပိုင်းအချို့ကို ထိန်းချုပ်ခွင့်ရရှိခဲ့လျှင် ဤအရာအားလုံးကို ပြောင်းလဲပစ်နိုင်မည် ဖြစ်သည်။ ထို့နောက် သူ၏ စီမံကိန်းအတိုင်း ဂူမုံမြက်ခင်းပြင်တစ်ခုလုံးတွင် ဝိညာဉ်စွမ်းအားများ နိုးထလာစေရန် ဖန်တီးပေးနိုင်မည် ဖြစ်သကဲ့သို့ မည်သူမျှ မယှဉ်နိုင်သော မြင်းစီးစစ်သည်တော်များကိုလည်း မွေးထုတ်ပေးနိုင်လာမည် ဖြစ်သည်။

''ထျန်းခမ်း... ဒီကိစ္စအတွက် မင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်လိမ့်မယ်...''

ကျုံးရှန်သည် ထန်ဂါဘက်သို့ လှည့်ကာ ပြောလိုက်သည်။

''ဒါကတော့ သဘာဝကျပါတယ်ဗျာ... ကျွန်တော်မျိုးတို့ ဂူမုံမျိုးနွယ်စုတစ်ခုလုံး ဆရာကြီးရဲ့ စေခိုင်းမှုကို နာခံဖို့ အဆင်သင့်ပါပဲ..."

"နောက်ဆုံးမှာ အဲဒီမိစ္ဆာတွေကို သုတ်သင်နိုင်ဖို့အတွက်ဆိုရင် လူအချို့ ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် အသက်ပေးရတာမျိုး ဖြစ်လာရင်တောင် ကျွန်တော်တို့ဘက်က စွန့်စားဖို့ဝန်မလေးပါဘူး...''

ထန်ဂါသည် ရိုသေစွာဖြင့် ဦးညွှတ်၍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူလိုက်သည်။ သူ၏ အပြုအမူများသည် ယခင်ကထက်ပင် ပို၍ နှိမ့်ချထားသည်ကို တွေ့ရမည်ဖြစ်သည်။

အကယ်၍သာ သူသည် ဂူမုံမျိုးနွယ်စုအတွင်း၌ အလွန် မြင့်မြတ်သော အဆင့်အတန်းရှိသူ ထျန်းခမ်း နတ်ဆရာအကြီးအကဲ မဟုတ်ပါက သို့မဟုတ် ကင်းလှည့်နေသော စစ်သည်များ၏ အာရုံစိုက်မှုကို မခံရစေရန် မစိုးရိမ်ရပါက ကျုံးရှန်၏ ရှေ့မှောက်၌ ဒူးထောက်၍ပင် တောင်းပန်တိုးလျှိုးမိပေလိမ့်မည်။

ဂူလီကျိသည်လည်း မည်သည့် စကားမျှ ဝင်ရောက်ပြောဆိုခြင်း မပြုဝံ့ဘဲ ထန်ဂါ၏ နောက်မှနေ၍ ကျုံးရှန်ကို အတူတူ ဦးညွှတ် လိုက်နာရုံသာ တတ်နိုင်လေသည်။

''ဒီလိုဆိုရင်တော့ အကောင်းဆုံးပဲ..."

"အခုကစပြီး အရာအားလုံးကို ပုံမှန်အတိုင်းပဲ လုပ်ဆောင်ပါ... နောက်သုံးရက်အကြာမှာ ကျင်းပမယ့် နာဒါမ်ပွဲတော်ကိုလည်း အစီအစဉ်အတိုင်းပဲ လုပ်ပါ...''

''ငါနဲ့ ရှီမင်ကတော့ ဒီနေရာမှာပဲ ရှိနေပြီး အံ့ဖွယ်နိမိတ်တံခါးကို စောင့်ကြပ်ပေးမယ်...''

ယခုအချိန်တွင် ထန်ဂါသည် ကျုံးရှန်၏ အမိန့်များကို နတ်ဘုရား၏ အမိန့်တော်ကဲ့သို့ပင် မှတ်ယူနေပြီ ဖြစ်သည်။

သူသည် အခြေအနေကို နားလည်သဖြင့် ဂူလီကျိကို ခေါ်ဆောင်ကာ ဦးညွတ်အရိုအသေပြုပြီးနောက် ထွက်ခွာသွားလေသည်။

ကျုံးရှန်သည် အံ့ဖွယ်နိမိတ်တံခါးကို စူးစမ်းလိုစိတ် ရှိနေမည်မှန်း ထန်ဂါတစ်ယောက်သိရှိနေရာ ဤနေရာတွင် ဆက်လက်ရှိနေခြင်းသည်လည်း အပိုသာ ဖြစ်မည်ဖြစ်သည်။ ထို့အပြင် အပြင်လောက၏ လျှို့ဝှက်ချက်များကို သိရှိသွားပါကလည်း မကောင်းတတ်ဟု တွေးတောမိသောကြောင့် အလျင်အမြန်ပင် ထွက်ခွာလာခဲ့လိုက်သည်။

ထန်ဂါတို့ ထွက်ခွာသွားသည့် မြင်ကွင်းကို ကြည့်ပြီးနောက် ကျုံးရှန်၏ အကြည့်များသည် ယဇ်ပလ္လင်ထက်ရှိ အံ့ဖွယ်နိမိတ်တံခါးဆီသို့ကျရောက်သွားသည်။

''ရှီမင်... မင်း ဒီအောက်မှာပဲ စောင့်နေပါ..."

"ဒီအံ့ဖွယ်နိမိတ်တံခါးမှာ ဘယ်လို ထူးခြားချက်တွေ ရှိနေလဲဆိုတာ... ငါ သွားကြည့်လိုက်ဦးမယ်...''

ထိုသို့ ပြောဆိုပြီးနောက် ကျုံးရှန်သည် ယဇ်ပလ္လင်အထက်သို့ ခုန်တက်လိုက်သည်။

လေးထောင့်ပုံသဏ္ဌာန် ယဇ်ပလ္လင်သည် အမြင့် မီတာ နှစ်ဆယ်ခန့် ရှိကာ မျက်နှာပြင်သည် အလွန် ချောမွေ့အောင် ပြုလုပ်ထားသော်လည်း ကျုံးရှန်အတွက်မူ အထက်သို့ ရောက်အောင်တက်ရန် ခက်ခဲခြင်း မရှိချေ။ သူ၏ စွမ်းအားများသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စည်းမျဉ်းနိယာမများကြောင့် အများအပြား ဖိနှိမ်ခံထားရသော်လည်း သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် သာမန်ထက် များစွာ သာလွန်နေဆဲ ဖြစ်သည်။

ကျုံးရှန်၏ ခန္ဓာကိုယ်သည် မျောက်တစ်ကောင်ကဲ့သို့ သွက်လက်စွာလှုပ်ရှားသွား ပြီး အချိန်အနည်းငယ်အတွင်းပင် လေး ထောင့်ယဇ်ပလ္လင်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။ သူ၏ ရှေ့မှောက်ရှိ အံ့ဖွယ်နိမိတ်တံခါးသည် ငါးရောင်ခြည် အလင်းတန်းများဖြင့်လင်းလက်နေပြီး ကျုံးရှန်ကို ထူးဆန်းသော ဆွဲဆောင်မှုတစ်ခု ပေးစွမ်းနေသည်။

ဤတံခါးကို ဖြတ်ကျော်လိုက်ရုံဖြင့် ပထမဆုံး ကမ္ဘာငယ် တစ်ထောင်မှ ထွက်ခွာနိုင်မည် ဖြစ်ကာ မျှော်စင်၏အထက်အဆင့်များသို့ ဆက်လက် တက်လှမ်းနိုင်မည်ဟု သူ ခံစားမိလိုက်လေသည်။

ကျုံးရှန်သည် ထိုအတွေးကို ခဏတာ ထိန်းချုပ်လိုက်ကာ တည်ငြိမ်စွာဖြင့် လက်ကို ဆန့်ထုတ်၍ အံ့ဖွယ်နိမိတ်တံခါးကို ထိတွေ့လိုက်သည်။ အလင်းတံခါးကိုထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် များပြားလှသော သတင်းအချက်အလက်များ သူ၏ စိတ်အတွင်းသို့ စီးဝင်လာသည်။

ယင်းတို့မှာ အံ့ဖွယ်နိမိတ်တံခါးအတွက် ဂူမုံလူမျိုးများနှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့သည့် ရိုးရာယဇ်ပူဇော်ပွဲများ၏ မြင်ကွင်းပင် ဖြစ်သည်။

ထို့အပြင် ထူးဆန်းသော ဝိညာဉ်အသိတစ်ခု တံခါး၏ အတွင်းအပြင်၌ လှည့်လည်သွားလာနေသည်ကိုလည်း ခံစားလိုက်ရကာ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ သိစိတ် နိုးကြားနေသောအစိတ်အပိုင်းတစ်ခုကဲ့သို့ပင် ထင်ရလေသည်။ ကျုံးရှန်သည် သူ၏ နတ်ဘုရားအာရုံ ကို အသုံးပြုကာ ထိုဝိညာဉ်သိစိတ်နှင့်ဆက်သွယ်ရန် ကြိုးစားလိုက်သည်။

ထိုအခါ ဝိညာဉ်သည် ကျုံးရှန်ကို သတိပြုမိသွားကာ ရှောင်တိမ်းခြင်း မရှိဘဲ ကျုံးရှန်၏ နတ်ဘုရားအာရုံအနီးသို့ တိုးကပ်လာသည်။

''အရမ်းကို အစွမ်းထက်တဲ့ နတ်ဘုရားဝိညာဉ်ပဲ... မင်းက မျှော်စင်တက်လှမ်းသူမဟုတ်လား...''

ကျယ်လောင်သော အသံတစ်ခု ကျုံးရှန်၏ စိတ်အတွင်း၌ ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ နတ်ဘုရားအာရုံအချင်းချင်း ဆက်သွယ်ခြင်း ပင် ဖြစ်သည်။

''ဟုတ်တယ်... မင်းက သူတို့ ပြောနေကြတဲ့ ဘိုးဘေးနတ်ဘုရား ဆိုတာလား...''

ကျုံးရှန်ကလည်း ပြန်လည် မေးမြန်းလိုက်သည်။

ထိုအမည်ကို ကြားသောအခါ ဝိညာဉ်သည် ခဏတာ တိတ်ဆိတ်သွား၏။

''နတ်ဘုရားလား... အဲဒီလိုပဲ ဆိုပါတော့... တကယ်တော့ ငါက ဒီနေရာမှာ ပိတ်မိနေတဲ့ သနားစရာကောင်းတဲ့ လူတစ်ယောက်ပါပဲ...''

အမှန်စင်စစ်တွင် ဤဝိညာဉ်သည် ဂူမုံလူမျိုးများ နှစ်ပေါင်းများစွာ ကိုးကွယ်လာခဲ့ကြသည့် ဘိုးဘေးနတ်ဘုရားပင် ဖြစ်သည်။ သို့သော် သူသည် နတ်ဘုရားဟူသော အမည်နာမကို စိတ်ဝင်စားပုံ မရဘဲ သူ၏လေသံတွင် ဝမ်းနည်းမှုများသာ ပြည့်နှက်နေသည်။

''မဟုတ်ဘူး... မင်းက တကယ်ကို အစွမ်းထက်ပါတယ်... မင်းက ဂူမုံမြက်ခင်းပြင်ကမ္ဘာရဲ့ သက်တမ်းတစ်လျှောက်မှာ ဒီတံခါးကို ဖြတ်ကျော်နိုင်တဲ့ တစ်ဦးတည်းသော သူပဲ မဟုတ်လား...''

ကျုံးရှန်သည် လေးစားမှုအပြည့်ဖြင့် ချီးကျူးစကား ဆိုလိုက်သည်။

ယခုမြင်တွေ့နေရသော ဘိုးဘေးနတ်ဘုရား၏ တည်ရှိမူသည် အံ့သြဖွယ်ရာပင် ဖြစ်သည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းရှိ ကမ္ဘာငယ်များနှင့် လှေကားထစ်များကြား ဆက်သွယ်ထားသော ဆက်သွယ်ရေးတံခါးသည် သူ၏ ခန္ဓာကိုယ် ဖြစ်လာပြီး သူ၏ ဝိညာဉ်သည် ထိုအတွင်း၌ ကိန်းအောင်းနေလေသည်။

တစ်နည်းအားဖြင့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်တစ်ခုလုံးသည် သူ၏ ခန္ဓာကိုယ်အဖြစ် သွယ်ဝိုက်သောနည်းဖြင့် တည်ရှိနေခြင်းဟု ဆိုနိုင်ပေသည်။ သူသည် မျှော်စင်၏ စွမ်းအား သန်းပေါင်းများစွာပုံ တစ်ပုံခန့်ကိုသာ အသုံးပြုနိုင်သော်လည်း ဤသည်မှာပင် အံ့ဖွယ်ကိစ္စတစ်ရပ် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဂူမုံလူမျိုးများသည် သာမန်လူသားများသာ ဖြစ်သော်လည်း သူသည် မျှော်စင်အတွင်းရှိ စည်းမျဉ်းများကို ကျော်လွန်ကာ မိမိနေထိုင်ရာကမ္ဘာအလွှာမှ ဖောက်ထွက်နိုင်ခဲ့သည်။ ဤအချက်သည် မျှော်စင်၏ စည်းမျဉ်းနိယာမများတွင်လည်း အားနည်းချက် ရှိနေသည်ဟု ဖော်ပြနေလေသည်။

''မင်း ငါ့ကို ဒီနေရာကနေ ကယ်ထုတ်ပေးနိုင်မလား...''

''ငါ ဒီမှာ ဆက်ပြီး ပိတ်မိမနေချင်တော့ဘူး... မင်းက အပြင်လောကက လာတာဆိုတော့ မြက်ခင်းပြင်ကမ္ဘာကလူတွေ စိတ်ကူးတောင် မယဉ်နိုင်တဲ့ အစွမ်းထက်တဲ့ တန်ခိုးတွေပိုင်ဆိုင်ထားမှာပဲ...''

ဝိညာဉ်သည် ကျုံးရှန်၏ နတ်ဘုရားဝိညာဉ်စွမ်းအား မည်မျှ ကြီးမားသည်ကို ခံစားမိသဖြင့် အကူအညီ တောင်းခံလာခြင်း ဖြစ်သည်။ ယခင်က ရှီမင်နှင့် တွေ့စဉ်ကမူ ဤဝိညာဉ်သည် ရှီမင်ကို အရေးပင် မလုပ်ခဲ့ချေ။

''အကယ်၍ ငါသာ မျှော်စင်ထိပ်ကို ရောက်ခဲ့မယ်ဆိုရင်... မင်းရဲ့ ဝိညာဉ်ကို ဒီတံခါးကနေ ခွဲထုတ်ပေးဖို့ နည်းလမ်း ရှိနိုင်လာလိမ့်မယ်... မင်းအတွက် ခန္ဓာကိုယ်အသစ်တစ်ခု ဖန်တီးပေးဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ အရာ မဟုတ်ပါဘူး...''

ကျုံးရှန်သည် အနည်းငယ် စဉ်းစားပြီးနောက် မျှော်လင့်ချက်တစ်ခု ပေးလိုက်ကာ ဆက်လက်မေးမြန်းလိုက်ပြန်သည်။

''ဒါနဲ့... မင်းရဲ့ ဝိညာဉ်က ဒီမှာ ပိတ်မိနေတာဆိုရင်... ဂူမုံလူမျိုးတွေ ယဇ်ပူဇော်တဲ့အခါ သူတို့ကို ဘယ်လိုလုပ် စွမ်းအားတွေ ပြန်ပေးနိုင်တာလဲ...''

''မင်းသာ မျှော်စင်ကို အောင်မြင်အောင် တက်လှမ်းနိုင်မယ်ဆိုရင် ငါက ဒီတံခါးကို ထိန်းချုပ်ပေးနိုင်သလို မင်းခိုင်းတာ မှန်သမျှကိုလည်း ကူညီပေးမှာပါ...''

''ယဇ်ပူဇော်တဲ့ ကိစ္စကတော့... ဂူမုံလူမျိုးတွေ ယဇ်ပူဇော်တဲ့ အခါတိုင်းမှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု တံခါးစီကနေတစ်ဆင့်စီးဝင်လာတတ်တယ်... အဲဒါက ယုံကြည်ခြင်း စွမ်းအား လိုမျိုးပဲ...''

''ငါက အဲဒီစွမ်းအားကို ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ဆီ လွှဲပြောင်းပေးပြီးတော့...အပြန်အလှန်အနေနဲ့ သေးငယ်တဲ့ စည်းမျဉ်း အပိုင်းအစလေးတွေကို ပြန်ထုတ်လိုက်တာပဲ...''

''အဲဒီလူတွေက အဲဒီ စည်းမျဉ်းနိယာမအပိုင်းအစတွေကို စုပ်ယူလိုက်တဲ့အခါ မျှော်စင်ရဲ့ဖိနှိပ်မှုစည်းမျဉ်းနိယာမတွေကို ကျော်လွန်နိုင်တဲ့ ထူးဆန်းတဲ့ စွမ်းအားတွေကို ရရှိသွားကြတာပေါ့...''

ဝိညာဉ်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း မရှိဘဲ ပွင့်လင်းစွာ ရှင်းပြလိုက်သည်။

ကျုံးရှန်သည် ထိုစကားကို ကြားသောအခါ စိတ်အတွင်း၌ အစီအစဉ်တစ်ခု တွေးမိသွားသည်။

'ယုံကြည်ခြင်း စွမ်းအားက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ရဲ့ စည်းမျဉ်းတွေကိုတောင် ချိုးဖျက်ပြီး စည်းမျဉ်းတွေကိုတောင် ခွဲထုတ်ယူလို့ ရတာပဲ...'

ယခုတွင် ကျုံးရှန်သည် ရှေ့ဆက်ရမည့် လမ်းစတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။

All Chapters