အခန်း (၂၆၄)
Vol. 27 Ch. 264
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် အဘယ်ကြောင့် ဤမျှအထိ ခက်ခဲရသနည်း။
ပထမအချက်သည် ကောင်းကင်တက်လှမ်းခြင်းလမ်းစဉ် သို့ တက်လမ်းခြင်းတာအိုလမ်းစဉ်သည် အလွန်ပင် ဆန်းကြယ်နက်နဲလှသောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ မျှော်စင်အတွင်းရှိ စည်းမျဉ်းနိယာမများ၏ ဖိနှိပ်မှုကြောင့် ဖြစ်သည်။
သို့သော် ယခုတွေ့ရှိလိုက်ရသော ယုံကြည်ခြင်းစွမ်းအားသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စည်းမျဉ်းများကိုပင် ပြိုကွဲစေနိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။
အနာဂတ်တွင်ထိုစွမ်းအားကို အသုံးပြု၍ တက်လှမ်းခြင်းတာအိုလမ်းစဉ်၏ အပိုင်းအစများကို ခွဲထုတ်ယူကာ ဖြည်းဖြည်းချင်းဖြင့် သိမြင်နားလည်နိုင်ရန် ကြိုးစားနိုင်လိမ့်မည် ဖြစ်သည်။ ကျုံးရှန်သည် ဝမ်ရှန့်ကုန်း မြေတိုက်ကြီးကြားမှ ထွက်ခွာလာစဉ်တွင် ဝူးနတ်ဘုရားရုပ်တုကို ချန်ထားရစ်ခဲ့ကာ ယုံကြည်ခြင်းဖြင့် ယဇ်ပူဇော်နိုင်မည့် လမ်းကြောင်းတစ်ခုကို တည်ဆောက်ခဲ့သည်။
လွန်ခဲ့သော နှစ်များအတွင်း၌ထိုလမ်းကြောင်းမှတစ်ဆင့် ယုံကြည်ခြင်းစွမ်းအား အမြောက်အမြားကို စုဆောင်းနိုင်ခဲ့လေသည်။ ယုံကြည်ခြင်းစွမ်းအားများ တိုးပွားလာသည့် အရှိန်အဟုန်သည် နှစ်စဉ်နှစ်တိုင်း ပိုမိုမြန်ဆန်လာသည်ကို ကြည့်ပါက ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ကြီးအတွင်းရှိ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် အလွန်ပင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း သိသာလှပေသည်။
ထိုယုံကြည်ခြင်းစွမ်းအားများသည် ယခုအခါတွင် များစွာ အသုံးဝင်လာတော့မည် ဖြစ်သည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သို့ တက်လှမ်းရာတွင် အဟန့်အတားများနှင့် ကြုံတွေ့လာပါက ထိုယုံကြည်ခြင်းစွမ်းအားကို အသုံးပြုကာ စည်းမျဉ်းများကို ချိုးဖျက်ခြင်း သို့မဟုတ် တက်လှမ်းခြင်းတာအိုလမ်းစဉ်၏ စည်းမျဉ်းအပိုင်းအစများကို ခွဲထုတ်ရန် ကြိုးစားခြင်းတို့ကိုပြုလုပ်နိုင်ပေမည်။
ဤသည်မှာ ဖြတ်လမ်းနည်းတစ်ခုဟု ဆိုနိုင်သော်လည်း များစွာ ထိရောက်မှုရှိလှသည်။
သို့သော် မျှော်စင်သို့ တက်လှမ်းနေကြသည့် အခြားသော စွမ်းအားရှင်များသည်လည်း သူတို့၏ခန္ဓာကိုယ်အတွင်း၌ သူတော်စင်ကမ္ဘာ များကို တည်ဆောက်ထားကြသူများ ဖြစ်ကြရာ ထိုကမ္ဘာများရှိသက်ရှိများထံမှ ယုံကြည်ခြင်းစွမ်းအား အနည်းနှင့်အများ စုဆောင်းရရှိထားနိုင်ပေသည်။ အကယ်၍ ထိုသူများသာ ဤလျှို့ဝှက်ချက်ကို သိရှိသွားပါက အခြေအနေ ကောင်းနိုင်ချေမရှိပေ။
ထိုသို့ တွေးတောမိလိုက်သည်နှင့် ကျုံးရှန်သည် ဘိုးဘေးနတ်ဘုရား၏ ဝိညာဉ်အသိကို ချက်ချင်း မှာကြားလိုက်၏။
''ငါကလွဲလို့ တခြားဘယ်သူနဲ့မှ ထပ်ပြီး ဆက်သွယ်တာမျိုး မလုပ်နဲ့တော့...''
''မင်းသာ ဒီအတိုင်း လုပ်နိုင်မယ်ဆိုရင်... ငါ မျှော်စင်ထိပ်ကို ရောက်တဲ့အခါ မင်းကို သေချာပေါက် ကယ်ထုတ်ပေးမယ်လို့ ငါ့ရဲ့ ဝိညာဉ်နဲ့ တိုင်တည်ပြီး ကတိပေးတယ်...''
ထိုဝိညာဉ်သည် ကျုံးရှန်၏ ကတိစကားကို ကြားသောအခါ အလွန်ဝမ်းမြောက်သွားပြီး ကျေနပ်စွာပင် သဘောတူလိုက်သည်။
''စိတ်ချပါ... ငါ တတိယလူတစ်ယောက်နဲ့ ဘယ်တော့မှ စကားပြောမှာ မဟုတ်ဘူး..."
"ငါတို့ရဲ့ ကတိကို မင်းဘက်ကလည်း မမေ့ဖို့ မျှော်လင့်ပါတယ်...''
ကျုံးရှန်သည် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ နတ်ဘုရားအာရုံကို ပြန်လည် ရုပ်သိမ်းလိုက်ကာ အံ့ဖွယ်နိမိတ်တံခါးပေါ်မှ လက်ကို ခွာလိုက်သည်။ ဟူဘီလိုင်းမျိုးနွယ်သို့လာရောက်ရခြင်းသည် အလကား မဖြစ်ခဲ့ရုံသာမက မျှော်စင်အတွင်းရှိ အလွန်ကြီးမားသော ဟာကွက်တစ်ခုကိုလည်း တိုက်တိုက်ဆိုင်ဆိုင် သိရှိခွင့်ရခဲ့လေသည်။
ဂူမုံမျိုးနွယ်စုသည် လွန်ခဲ့သည့်နှစ်သန်းပေါင်းများစွာအတွင်း မျှော်စင်ပြန်လည်စတင်ခြင်း ဖြစ်စဉ်မှစ၍ ပေါ်ပေါက်လာခဲ့သော လူသားမျိုးနွယ်စုတစ်စု ဖြစ်သည်။ ထိုဝိညာဉ်သည်လည်း ရှေးခေတ်အခါက မျှော်စင်၏ဟင်းလင်းပြင်တံခါးကိုဖြတ်ကျော်နိုင်ခဲ့သည့် ဂူမုံသေမျိုးလူသားတစ်ယောက်သာဖြစ်သည်။
ကျုံးရှန်သည်ထိုဝိညာဉ်နှင့် ပထမဆုံး ဆက်သွယ်မိသော မျှော်စင်တက်လှမ်းသူများထဲမှ တစ်ဦး ဖြစ်သည့်သတင်းမှာ ပေါက်ကြားခြင်း မရှိသေးရာ သူ့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်နေသည်။
ယခုအချိန်တွင် သူ လုပ်ဆောင်ရမည့်အရာသည် ဤနေရာတွင် စောင့်ဆိုင်းကာ အခြားမျှော်စင်တက်လှမ်းသူများဖြစ်သည့် ငရဲမိစ္ဆာများကို အပြတ်ရှင်းပစ်ရန်သာကျန်တော့လေသည်။ ပြိုင်ဘက်အားလုံးကို ဖယ်ရှားပြီးလျှင် ကျုံးရှန်သည် စိတ်အေးလက်အေးဖြင့် မျှော်စင်ထိပ်သို့ တက်လှမ်းနိုင်မည် ဖြစ်ကာ မည်သူမျှ မတွေးရဲသော ဆန်းကြယ်သည့် နည်းလမ်းများကို စမ်းသပ်နိုင်ပေမည်။
အခြားသော စွမ်းအားရှင်များအတွက်မူ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် ကောင်းကင်နှင့် မြေပြင်၏ အံ့ဖွယ်ရာတစ်ခု သို့မဟုတ် ထိန်းချုပ်ရန် ခက်ခဲသော ရတနာတစ်ခု ဖြစ်နေနိုင်သော်လည်း ကျုံးရှန်အတွက်မူ ယင်းသည် စူးစမ်းရှာဖွေရန် ထိုက်တန်သော အရာတစ်ခုမျှသာ ဖြစ်သည်။
သူသည် ဝမ်ရှန့်ကုန်းမြေတိုက်ကြီး၏ အသိစိတ်နိုးကြားနေသော ကောင်းကင်ဘုံတာအို ကိုပင် ရန်စရဲသည့် ကျုံးရှန်မဟုတ်ပါလော။
ဤလောကတွင် သူ မလုပ်ရဲသောအရာဟူ၍ မရှိသလောက်ပင် ဖြစ်သည်။
တန်ဖိုး ကြီးမားသော သတင်းအချက်အလက်ကို သိရှိလိုက်ရသဖြင့် ကျုံးရှန်၏ စိတ်အခြေအနေသည် လန်းဆန်းတက်ကြွသွားကာ လေးထောင့်ယဇ်ပလ္လင်၏ အစွန်းသို့ လျှောက်သွားပြီး အောက်သို့ ခုန်ချလိုက်သည်။
သူ၏ ခုန်ဆင်းပုံသည် မြက်ခင်းပြင်ပေါ်ရှိ လယုန်များကို ဖမ်းယူတော့မည့် သိမ်းငှက်တစ်ကောင်ကဲ့သို့ အားမန်အပြည့်ပင်ဖြစ်သည်။ တဲနန်းများ၏ အကွယ်မှနေ၍ ခိုးကြည့်နေကြသော ဂူမုံစစ်သည်တော်များသည် ကျုံးရှန်၏ လုပ်ရပ်ကို မြင်တွေ့ရသောအခါ မျက်လုံးများ ပြူးထွက်မတတ် အံ့သြသွားကြရလေသည်။
ထိုယဇ်ပလ္လင်သည် အမြင့် မီတာ နှစ်ဆယ်ကျော် ရှိပြီး ဘေးပတ်ပတ်လည်သည် ချောမွေ့နေသောမျက်နှာပြင်များသာဖြစ်သည်။
ယဇ်ပလ္လင်၏အပေါ်သို့ မည်သို့တက်ရမည်ကိုပင်တွေးတောကြည့်ရန်မလွယ်ကူရကာ ယခုကဲ့သို့အောက်သို့ ခုန်ဆင်းလိုက်ခြင်းသည် သာမန်စစ်သည်များအတွက်မူ အရိုးများ ကြေမွပျက်စီးသွားမည့် လုပ်ရပ်ပင် ဖြစ်သည်။
သူတို့၏ စိတ်အတွင်း၌ ကျုံးရှန်အပေါ် ကြောက်ရွံ့လေးစားမှုများ ပိုမို တိုးပွားလာကာ ထျန်းခမ်း ထန်ဂါ၏ ရိုသေသော အမူအရာကြောင့်လည်း ကျုံးရှန်ကို အထူးတလည် ကြည်ညိုလာကြတော့သည်။ ကျုံးရှန်အပေါ် သူတို့၏ယုံကြည်ခြင်း မျိုးစေ့လေးများ စတင်အညှောင့်ပေါက်လာခဲ့လေသည်။
ကျုံးရှန်သည် မြေပြင်သို့ ရောက်ရှိသောအခါ ရှီမင်၏ ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ ကျင့်စဉ်တွင်အာရုံစူးစိုက်နေလိုက်သည်။
ရှီမင်သည် ဖြည်းညှင်းစွာ မျက်လုံးများကို ဖွင့်လိုက်လျှင် သူ၏သခင်တစ်ယောက် တစ်စုံတစ်ခုကို ရရှိသွားပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ သို့သော် နာခံမှုရှိသည့်အစေခံပီသစွာပင် မည်သည့်အရာကိုမျှ မေးမြန်းခြင်းမရှိဘဲ တိတ်ဆိတ်စွာဖြင့်သာ မျက်လုံးပြန်မှိတ်လိုက်လေသည်။
သခင်နှင့် အစေခံနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်၍ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ ကျင့်ကြံသူများအတွက်မူ တစ်ရက်ဆိုသော အချိန်သည် မျက်တောင်တစ်ချက်အတွင်း ကုန်ဆုံးသွားတတ်သော အရာသာ ဖြစ်သည်။
''ဆရာကြီးတို့...''
ထန်ဂါ ရောက်ရှိလာသဖြင့် ကျုံးရှန်သည် သူ၏ ကျင့်ကြံမှုကို အဆုံးသတ်လိုက်သည်။
''ရိက္ခာနဲ့ ပစ္စည်းတွေ အားလုံး ပြင်ဆင်ပြီးပါပြီ...မျိုးနွယ်စုရဲ့ အပြင်ဘက်က မြက်ခင်းကွင်းပြင်မှာ စုပုံခိုင်းထားပါတယ်...''
ထန်ဂါသည် ခါးကို ညွှတ်ကာအရိုအသေပြုပြီးမှ အသံတိုးတိုးဖြင့် သတင်းစကားဆိုလိုက်သည်။
''ကောင်းပြီ... ပစ္စည်းတွေကို အရင်သွားသိမ်းရအောင်...''
''ဒါနဲ့... ရှီမင်က မင်းကို ကတိပေးထားတဲ့ အပေးအယူ...အပြင်ကို... ငါက နောက်ထပ်ထပ်တိုးပေးမယ်...''
ကျုံးရှန်သည် ရှီမင်နှင့် ထန်ဂါတို့၏ သဘောတူညီချက်ကို သိရှိပြီး ဖြစ်သဖြင့် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပြင်ပလောကမှ ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် အသိပညာများသည် ဂူမုံမြက်ခင်းပြင်ကမ္ဘာရှိ ဂူမုံမျိုးနွယ်စုများအတွက် များစွာ အကျိုးရှိစေလိမ့်မည်။
ဂူမုံလူမျိုးများသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏အစိတ်အပိုင်းတစ်ခုဖြစ်ရာ သူတို့ထံ၌ပြောင်းလဲခြင်းများပေါ်ပေါက်လာပါက မျှော်စင်တွင်လည်း ထူးခြားသောပြောင်းလဲမှုမျိုးဖြစ်ပေါ်လာနိုင်ပေသည်။
သို့နှင့် ကျုံးရှန်သည် ရှီမင်နှင့် ထျန်းခမ်း ထန်ဂါအကြားရှိ သဘောတူညီကို ငြင်းပယ်ခြင်းမရှိဘဲ သဘောတူလိုက်ကာ ထပ်တိုးဆုလာဘ်များပေးရန်ပင် ကတိပေးလိုက်ခြင်းဖြစ်သည်။
သူတို့ သုံးဦးသည် မျိုးနွယ်စု၏ အပြင်ဘက်သို့ လျင်မြန်စွာ လျှောက်လှမ်းလာကြသည်။ ကျုံးရှန်နှင့် ရှီမင်တို့၏ လမ်းလျှောက်ဟန်သည်အများနှင့်မတူသည့် သိမ်မွေ့နက်နဲ သောထူးခြားခြင်းများရှိနေသကဲ့သို့ ထန်ဂါသည်လည်း ဘိုးဘေးနတ်ဘုရားထံမှ ကောင်းကင်တက်လှမ်းခြင်း မျှော်စင်၏စည်းမျဉ်းအပိုင်းအစများကို ရရှိထားသူ ဖြစ်ရာ မြက်ခင်းပြင်ကမ္ဘာရှိ ဂူမုံစစ်သည်တစ်သောင်းကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသူ ဖြစ်သည်။
သူတို့၏လမ်းလျှောက်သည့် အရှိန်သည် မြင်းစီးလာသူများထက် နိမ့်ကျခြင်းမရှိဘဲ ငါးမိနစ်ခန့်အကြာတွင် မျိုးနွယ်စု၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် အမျိုးအစား သုံးမျိုး ခွဲခြားထားသော ရိက္ခာနှင့် အရင်းအမြစ်များကို တောင်ပုံရာပုံ စုပုံထားသည်။
ဤမျှ များပြားလှသော ပစ္စည်းများသည် ဂူမုံမြက်ခင်းပြင်၌ စစ်သည်တော် တစ်သိန်းကို မွေးထုတ်ပေးရန် လုံလောက်၏။
ကျုံးရှန်သည် ထိုပစ္စည်းများကို ဝမ်ရှန့်တိုက်ကြီးသို့ ယူဆောင်သွားပါက ကိုယ်ပိုင် စစ်သည်တော်များကို တည်ထောင်ရန် အလွန် အသုံးဝင်မည် ဖြစ်သည်။
အထူးသဖြင့် ထိုမြေဆီလွှာများသည် ဝိညာဉ်စွမ်းအားများဖြင့် ပြုပြင်လိုက်ပါက ဝိညာဉ်ဥယျာဉ်များအတွက် အကောင်းဆုံး မြေကြီးများ ဖြစ်လာပေလိမ့်မည်။
''ကောင်းတယ်... ပစ္စည်းတွေက အစုံအလင်ပဲ...''
ကျုံးရှန်သည် တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ပမာဏကို ခန့်မှန်းလိုက်နိုင်သည်။ ထို့နောက် သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်သွားပြီး ထိုပစ္စည်းများအားလုံးကို သူ၏ ခန္ဓာကိုယ်တွင်းရှိဟင်းလင်းပြင်နေရာလွတ်အတွင်းသို့ စုပ်ယူလိုက်လေသည်။
အကယ်၍သာ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏စည်းမျဉ်းနိယာမ ဖိနှိပ်မှု မရှိပါက သူသည် နတ်ဘုရားအာရုံ တစ်ချက်ဖြင့်ပင် ထိုအရာများအားလုံးကို သိမ်းဆည်းနိုင်မည် ဖြစ်သည်။
သို့သော် သူ၏ ဤလုပ်ရပ်သည်ပင် ထန်ဂါနှင့် အခြားသော မြက်ခင်းပြင်သားများအတွက် မယုံကြည်နိုင်စရာကောင်းသည့် တန်ခိုးပြယုဂ်တစ်ခု ဖြစ်နေချေသည်။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ကျုံးရှန်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ လယ်ယာစိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ စာအုပ်များ၊ ကျင့်ကြံခြင်းဆိုင်ရာ ကျင့်စဉ်စာအုပ်များ အမြောက်အမြား ထွက်ပေါ်လာသည်။ ထိုအထဲတွင် ဓားသိုင်း၊ မြင်းစီးခြင်း၊ လက်ဝှေ့သိုင်း အစရှိသည့် အတတ်ပညာမျိုးစုံ ပါဝင်လေသည်။
ထို့အပြင် ဆေးဖက်ဝင် အပင်မျိုးစေ့များ၊ ဝိညာဉ်ဆေးလုံးများနှင့် အဆင့်မျိုးစုံရှိသော ဝိညာဉ်ကျောက်တုံးများလည်း ပါဝင်ကာ နောက်ဆုံးတွင် ဝိညာဉ်အဆင့် လက်နက် ထောင်ချီနှင့် သူတော်စင်အဆင့် လက်နက် ရာချီကိုပါ ထုတ်ပေးလိုက်သည်။
ဂူမုံလူမျိုးတို့ ဘဝတစ်ခုလုံးတွင်မမြင်ဖူးခဲ့သည့် ပြင်ပလောကရှိအရာများသည် မြက်ခင်းပြင်ကွင်ပြင်ပေါ်၌ တောင်ငယ်တစ်ခုသဖွယ် စုပုံသွားလေတော့သည်။