အခန်း (၂၆၅)
Vol. 27 Ch. 265
ကျုံးရှန်ထုတ်ပေးသည့် လက်နက်များအားလုံးသည် သက်ဆိုင်ရာအဆင့်၏အထွတ်အထိပ်သို့ ရောက်ရှိနေကာ နတ်ဘုရား အလင်းတန်းများဖြာထွက်နေကြသည်။ ယင်းတို့သည် မြက်ခင်းပြင်ကမ္ဘာအတွင်းရှိ ဂူမုံမျိုးနွယ်စုများ အသုံးပြုနေကြသည့် လက်နက်များနှင့် များစွာ ကွာခြားလှပြီး တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် အလွန်တရာ အဖိုးထိုက်တန်ကြောင်း သိသာထင်ရှားလှပေသည်။
ဂူမုံမျိုးနွယ်စုဝင်များသည် မိမိတို့မျက်စိရှေ့ရှိအံ့ဖွယ်မြင်ကွင်းကို ကြည့်ရှုရင်း မှင်သက်အံ့သြသင့်နေကြသည်။ သူတို့သည် ဤအရာအားလုံးကို ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်ကြောင့် ဖြစ်ပေါ်လာသည်ဟု မှတ်ယူလိုက်ကာ ဝတ်ပြုဆုတောင်းခြင်းများကိုပင် စတင်ပြုလုပ်လာကြတော့သည်။
ထျန်းခမ်း ထန်ဂါသည်လည်း အလွန်တရာမှ စိတ်လှုပ်ရှားနေသည့် အမူအရာရှိသည်။ သူသည် ရှီမင်နှင့် ဝိညာဉ်မှတစ်ဆင့်သတင်းအချက်အလက်များ ဖလှယ်ထားခဲ့ဖူးသူ ဖြစ်ရာ ကျုံးရှန်ထုတ်ပေးလိုက်သည့်ပစ္စည်းများသည် ဂူမုံမြက်ခင်းပြင်တစ်ခုလုံးအတွက် မည်မျှအထိ အရေးပါသည်ကို ကောင်းစွာ သိရှိနေသည်။
ဤတန်ဖိုးကြီးလှသော အရင်းအမြစ်များ ရှိနေပါက နောင်တစ်ချိန်တွင် ဂူမုံလူမျိုးများသည် ကျင့်ကြံခြင်းလမ်းစဉ်သို့ တက်လှမ်းနိုင်ကြမည် ဖြစ်ကာ ပိုမိုကျယ်ပြန့်သော ကမ္ဘာကြီးကို ရှာဖွေစူးစမ်းနိုင်ကြပေလိမ့်မည်။
ထန်ဂါ၏ မျက်ဝန်းများသည် သူမသိလိုက်ခင်ပင် မျက်ရည်များဖြင့်ဝေဝါးလာရလေ၏။ သူသည် မည်သည့်အချိန်က နောက်ဆုံးအကြိမ်အဖြစ် မျက်ရည်ကျခဲ့သည်ကိုပင် မမှတ်မိတော့ချေ။
''မြန်မြန်... ဒီရတနာတွေကို နတ်ဘုရားကျောင်းဆောင်ထဲမှာ သေချာ သိမ်းဆည်းလိုက်ကြစမ်း...''
ထန်ဂါသည် သူ၏မျက်ရည်များကို တိတ်တဆိတ် သုတ်သင်လိုက်ပြီးနောက် မျိုးနွယ်စုဝင် စစ်သည်များကို အမိန့်ပေးလိုက်သည်။
ကျုံးရှန်သည် ထန်ဂါ၏ စကားကို ကြားသောအခါ အဖြူရောင် လက်ပတ်တစ်ခုကို ပစ်ပေးလိုက်သည်။
''ဒီဟင်းလင်းပြင်လက်ပတ်ကို ယူထားလိုက်ပါ...''
''ဒါကို သွေးနဲ့ အသိအမှတ်ပြုပြီးရင် အသုံးပြုလို့ ရလိမ့်မယ်...''
''ဒီနေရာက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ရဲ့ စည်းမျဉ်းနိယာမတွေရဲ့ ဖိနှိပ်မှုကို ခံထားရပေမဲ့ ဒီလက်ပတ်ကတော့ ထူးခြားတယ်... သွေးရဲ့ စွမ်းအားကနေတစ်ဆင့် စိတ်ကြိုက် ဖွင့်လို့ ပိတ်လို့ ရနိုင်တယ်...''
ထန်ဂါသည် လက်ပတ်ကို လက်ခံရယူပြီးနောက် ကျုံးရှန်ကို ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။
ထို့နောက် သူ၏ခါးတွင် ချိတ်ထားသော ဓားငယ်ကို ထုတ်ယူကာ လက်ချောင်းကို လှီးဖြတ်လိုက်ပြီး သွေးစက်အချို့ကို လက်ပတ်ပေါ်သို့ ချလိုက်သည်။ လက်ပတ်သည် ထိုသွေးစက်များကို ချက်ချင်းပင် စုပ်ယူလိုက်ပြီး ထန်ဂါနှင့် ထူးဆန်းသော သွေးချင်းဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
ထန်ဂါသည် စိတ်အာရုံ တစ်ချက်ဖြင့်ပင် ကျုံးရှန် ထုတ်ပေးထားသော ကျမ်းစာများနှင့် ပစ္စည်းအားလုံးကို ဟင်းလင်းပြင်လက်ပတ်အတွင်းသို့ သိမ်းဆည်းနိုင်သွား လေသည်။ ထိုသည်မှာ အလွန်ပင် အံ့သြဖွယ် ကောင်းလှ၏။
''အခုတော့ အားလုံး အဆင်ပြေသွားပြီပေါ့...''
''ဒါနဲ့... ဒီနှစ်ရက်အတွင်းမှာ တခြား မျှော်စင်တက်လှမ်းသူတွေရဲ့ အရိပ်အယောင်ကို တွေ့ရသေးလား...''
ကျုံးရှန်က မေးမြန်းလိုက်သည်။
ထိုမေးခွန်းကို ကြားသောအခါ ဝမ်းမြောက်နေသော ထန်ဂါ၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားရလေသည်။
''ဒီနေရာကနေ မိုင်ငါးရာလောက်ဝေးတဲ့ အရပ်မှာရှိတဲ့မျိုးနွယ်စု နှစ်ခုလုံး သုတ်သင်ခံလိုက်ရတယ်လို့ သတင်းရပါတယ်...''
''မိုင်ငါးရာဆိုတာ မြက်ခင်းပြင်ရဲ့ အကောင်းဆုံးမြင်းတွေနဲ့ဆိုရင် တစ်ရက်မပြည့်ခင် ရောက်နိုင်တဲ့ အကွာအဝေးပဲ...''
''ဒါကိုကြည့်ခြင်းအားဖြင့် အဲဒီ ငရဲမိစ္ဆာတွေဟာ ဒီနေရာနဲ့ အလွန် နီးကပ်တဲ့အကွာအဝေးကို ရောက်နေပြီဆိုတာသိသာပါတယ် ဆရာကြီးကျုံးရှန်...''
ထန်ဂါသည် လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
ထိုစကားကိုကြားသောအခါ ကျုံးရှန်လည်း ခေါင်းညိတ်လိုက်၏။ ငရဲကမ္ဘာမှ မိစ္ဆာများသည် သက်ရှိများကို မြင်တွေ့သည်နှင့် သတ်ဖြတ်ရန် ကြိုးစားတတ်ကြသည်မှာ အမှန်ပင် ဖြစ်သည်။
ထို့ကြောင့်ပင် ငရဲသတ္တဝါများသည် ဝမ်ရှန့်တိုက်ကြီးအတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် အစဉ်တစိုက် ကြိုးစားနေကြခြင်း ဖြစ်သည်။
''သူတို့ရဲ့ ပစ်မှတ်က သေချာပေါက် ဒီနေရာပဲ ဖြစ်ရမယ်...''
''ဒီမှာက မြက်ခင်းပြင်ကမ္ဘာက ဂူမုံမျိုးနွယ်စုတွေနဲ့ အခြားလှည့်လည်သွားလာနေသူတွေ အပါအဝင် သက်ရှိ သန်းနဲ့ချီပြီး စုဝေးနေကြတာ မဟုတ်လား...''
''ဒါ့အပြင် နောက်ထပ် လှေကားထစ်တွေဆီကို ဆက်သွယ်ပေးမယ့် အံ့ဖွယ်နိမိတ်တံခါးကလည်း ဒီမှာပဲ ရှိနေတာလေ...''
''စောင့်နေလိုက်ပါ... မကြာခင်မှာ သူတို့ ရောက်လာကြပါလိမ့်မယ်...''
ကျုံးရှန်နှင့် ထန်ဂါတို့သည် အသံတိုးတိုးဖြင့် ဆွေးနွေးနေကြသည်။
သတင်းများသည် အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသဖြင့် အခြားသော ဂူမုံလူမျိုးများ ကြားသိသွားပါက သူတို့၏ ဘဝအပေါ် ယုံကြည်ချက်များ ပျက်စီးသွားနိုင်ပေသည်။
ထိုစဉ် အဝေးတစ်နေရာရှိ ကောင်းကင်ယံဆီမှသွေးရောင်လွှမ်းနေသော ပုံရိပ်တစ်ခု ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုပုံရိပ်သည် မြက်ခင်းပြင်ပေါ်ရှိ သိမ်းငှက်များထက် အဆပေါင်းများစွာ ကြီးမားလှသည်။
''အဲဒါ ဘာကြီးလဲ...''
''နတ်ဘုရားရေ... အဲဒါ ငှက်မိစ္ဆာကြီးလား...''
ထိုသို့ ထူးခြားထင်ရှားသော ပုံရိပ်ကို ဂူမုံစစ်သည်တော်များနှင့် ကင်းစောင့်များ မြင်တွေ့သွားကြပြီး အလန့်တကြား အော်ဟစ်လိုက်ကြသည်။
ကျုံးရှန်သည် မျက်လုံးများကို အနည်းငယ် မှေးကျဥ်းလိုက်သည်။ မြက်ခင်းပြင်လူသားများ မသိရှိသော်လည်း သူကမူ ထိုအရာကို ကောင်းစွာ သိရှိနေသည်။
ရောက်ရှိလာသော အရာသည် ဖီးနစ်ငှက်တစ်ကောင် ဖြစ်ပြီး ပို၍ တိကျစွာ ဆိုရလျှင် သွေးဖီးနစ် တစ်ကောင်ပင် ဖြစ်သည်။ ဤသတ္တဝါသည် မြက်ခင်းပြင်ကမ္ဘာ၏ ဇာတိသက်ရှိတစ်ကောင် မဟုတ်သည်မှာ ထင်ရှားလှ၏။
သွေးဖီးနစ်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စည်းမျဉ်းနိယာမများ ဖိနှိပ်ထားသည့် ကြားမှပင် သူ၏ခန္ဓာကိုယ်ကြီးသည် မီတာ ရာဂဏန်းခန့် ကြီးမားနေဆဲ ဖြစ်ပြီး အတောင်ပံဖြန့်ကားထားသဖြင့် မီတာ ထောင်ဂဏန်းအထိ ရှိနေလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ပြင်ပလောကတွင် ထိုသွေးဖီးနစ်၏ အစွမ်း မည်မျှ ကြီးမားမည်ကို ခန့်မှန်းနိုင်ပေသည်။
သွေးဖီးနစ်သည် လူအများ စုဝေးနေသည့် နေရာဆီသို့ တည့်တည့်မတ်မတ် ပျံသန်းလာနေသည်။ အတောင်ပံများသည်အလွန်ပင်ကြီးမားလှရာ ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားသကဲ့သို့ ခံစားရပြီး ကြောက်မက်ဖွယ် ကောင်းသည်ဟုသော ခံစားချက်တစ်ခု ဂူမုံမျိုးနွယ်စုတို့၏ရင်ထဲဖြတ်သန်းသွားသည်။
ကျုံးရှန်သည် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ အနီးနားရှိ စစ်သည်တစ်ဦး၏ ဘေးသို့ ရောက်ရှိသွားသည်။ သူသည် ထိုစစ်သည်၏ လေးနှင့် မြှားကျည်တောက်ကို လှမ်းယူလိုက်သည်။
''မင်းရဲ့ လေးနဲ့ မြှားကို ခဏလောက် ငှားသုံးပါရစေ...''
ကျုံးရှန်၏ စကားသံသည် စစ်သည်၏ နားထဲ၌ ပဲ့တင်ထပ်နေဆဲမှာပင် သူ၏ ကိုယ်ပေါ်မှ လေးနှင့် မြှားများကို ကျုံးရှန် ယူဆောင်သွားပြီ ဖြစ်သည်။
ကျုံးရှန်သည်ကောင်းကင်ပေါ်သို့မော်ကြည့်လိုက်ပြီး လက်ထဲရှိလေးကြိုးကို တင်းအောင် ဆွဲလိုက်ကာ ပျံသန်းလာသော သွေးဖီးနစ်ဆီသို့ ချိန်ရွယ်လိုက်သည်။ သွေးဖီးနစ်၏ အရှိန်သည် အလွန်ပင် မြန်ဆန်လှသဖြင့် မကြာမီ အချိန်အတွင်း၌ ကျုံးရှန်တို့၏ ဦးခေါင်းပေါ်သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။
''ဘန်း"
လေးကြိုးတုန်ခါသံသည် ပတ်ဝန်းကျင်၌ ကျယ်လောင်စွာ ထွက်ပေါ်လာကာ မြှားတစ်စင်းသည် သွေးဖီးနစ်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွား၏။
လျှပ်စီးကဲ့သို့ပြေးဝင်သွားသည့်မြှားတွင် မည်သည့် ဝိညာဉ်စွမ်းအားမျှ ပါဝင်ခြင်း မရှိဘဲ စစ်မှန်သည့် ခန္ဓာကိုယ်၏ ခွန်အားသက်သက်ကိုသာ အသုံးပြုထားသည်။မြှားသည် လေထုကို ဖြတ်သန်းသွားစဉ် ပြင်းထန်သော အရှိန်အဟုန်ကြောင့်လေဝဲများပင် ဖြစ်ပေါ်လာသည်။
သွေးဖီးနစ်သည်လည်း သူမဆီသို့ အရှိန်ဖြင့်ဦးတည်လာနေသည့် မြှား ကို သတိပြုမိသွားလျှင် ပျံသန်းနေသော သူ၏ကြီးမားသည့်ခန္ဓာကိုယ်ကြီးသည်ပင် ခတ္တမျှ တုံ့ဆိုင်းသွားရသည်။ ထို့နောက်သူမသည် အတောင်ပံများကို ခတ်ကာ မြှားကို ရှောင်တိမ်းရန် ကြိုးစားလိုက်၏။ သို့သော်လည်း အချိန်မရှိတော့ရာ အဓိကနေရာများမထိရန်သာရှောင်ရှားနိုင်လိုက်သည်။
မြှားသည် သူမ၏ အသက်ဓာတ်ရှိသော အဓိကနေရာကို မထိမှန်ခဲ့ပေ။ သို့သော်လည်း သန်မာလှသော အတောင်ပံကို အရှိန်အဟုန်ဖြင့် ဖောက်ထွက်သွားရာ နာကျင်စွာ အော်ဟစ်သံတစ်ခု ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားကာ သွေးဖီးနစ်သည် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျလာတော့သည်။
ကြီးမားလှသော ခန္ဓာကိုယ်ကြီး မြေပြင်နှင့် ဆောင့်မိသောအခါ အနီးနားရှိ စစ်သည်အချို့သည် ရှောင်တိမ်းချိန်ပင်မရလိုက်ဘဲ ဖိချခံလိုက်ရကာ အသားပြားများဖြစ်သွားရသည်။ ထို့နောက်မြေပြင်ပေါ်တွင် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားကာ မြင်ကွင်းတစ်ခုလုံး ဖုန်မှုန့်များဖြင့်ဖုံးလွှမ်းသွားသည်။
ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ တွင်းနက်ကြီးအတွင်း၌ သွေးဖီးနစ်၏ ပုံရိပ် ပျောက်ကွယ်သွားပြီး အလွန် လှပချောမောသော အမျိုးသမီးတစ်ဦး ငြိမ်သက်စွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ ပုခုံးပေါ်တွင် မြှားတစ်စင် စိုက်ဝင်နေဆဲ ဖြစ်၏။
ကျုံးရှန်နှင့် ရှီမင်တို့သည် တွင်းအစွန်းသို့ လျှောက်လာလိုက်ပြီး ရှီမင်သည် တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ထိုသူကို မှတ်မိသွားလေသည်။
''သခင်... ဒါက မျှော်စင်တက်လှမ်းသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ရွှယ်ဖုန်းအာပါ...''
''သူမရဲ့ စွမ်းအားက အစစ်အမှန်မိစ္ဆာနတ်ဘုရား အဆင့် ၃ မှာ ရှိပေမဲ့ အထွတ်အထိပ်ကိုတော့ မရောက်သေးပါဘူး...''
''ဒါပေမဲ့ သူမက နှစ်သန်းအနည်းငယ်အတွင်းမှာပဲ ဒီလို အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်လို့ သူမရဲ့ မျိုးဆက်ထဲမှာတော့ အတော်ဆုံးတစ်ယောက်လို့ ဆိုရမှာပါ...''
ရှီမင်သည် ချီးကျူးစကား ဆိုလိုက်သည်။
''ရွှယ်ဖုန်းအာ ဟုတ်လား...''
''ဒီမိန်းကလေးက တကယ်ကို ထူးခြားတာပဲ... သူမရဲ့ ကိုယ်ထဲမှာ ပါတဲ့ ဖီးနစ်သွေးက အတော်ကို သန့်စင်နေတယ်... ဒါက ဘိုးဘေးတွေဆီကနေ တိုက်ရိုက် ဆင်းသက်လာတဲ့ စစ်မှန်တဲ့သွေးသားမျိုးဆက်ပဲ...''
ကျုံးရှန်သည် သတိမေ့မျောနေသည့်ရွှယ်ဖုန်းအာကိုကြည့်ကာ ပြောဆိုလိုက်သည်။
သူတို့နှစ်ယောက် အပြန်အလှန်စကား ပြောဆိုနေစဉ်၌ပင် တွင်းထဲရှိ ရွှယ်ဖုန်းအာသည် သတိပြန်လည်လာ၏။ ကျုံးရှန်၏ မြှားချက်သည် အလွန် ပြင်းထန်လှသဖြင့် သူမ၏ မာကျောသော အရိုးများကို ဖောက်ထွက်သွားကာ ကိုယ်တွင်းရှိ စွမ်းအားများကို တုန်ခါသွားစေခဲ့ခြင်း ဖြစ်သည်။
သူမသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ပြင်းထန်လှသော စည်းမျဉ်းနိယာမများအောက်တွင် သာမန် ခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့် ဤမျှအထိ ပြင်းထန်သော မြှားချက်ကို မည်သူက ပစ်လွှတ်နိုင်သနည်းဟု တွေးတောရင်း မယုံကြည်နိုင် ဖြစ်နေရသည်။ အပြင်လောကရှိ ထိပ်တန်း မိစ္ဆာအရှင်သခင်ကြီးများပင်လျှင် ထိုကဲ့သို့ပြင်းထန်သည့်မြှားချက်မျိုးလုပ်ဆောင်နိုင်ရန် ခဲယဉ်းလှသည်။
သူမသည် တွင်းအစွန်းရှိ လူနှစ်ဦးကို လှမ်းကြည့်လိုက်သည်။ ရှီမင်ကို တစ်ချက် ကြည့်ပြီးနောက် သူမ၏ အကြည့်များသည် လေးကို ကိုင်ထားသော ကျုံးရှန်ထံတွင် ရပ်တန့်သွားသည်။
'ငရဲမိစ္ဆာတစ်ယောက်နဲ့ လူသားတစ်ယောက်လား...'
'ဒီမြှားကို ပစ်လိုက်တာက ဒီလူသားလား...'
'ဒါပေမဲ့ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်က ငရဲကမ္ဘာမှာပဲ ပွင့်တာ မဟုတ်လား... ဒီလူသားက ဘယ်လိုလုပ်ပြီး ဒီထဲကို ခိုးဝင်လာတာလဲ...'
ရွှယ်ဖုန်းအာသည် သူမ၏ ပုခုံးပေါ်ရှိ မြှားကို လက်ဖြင့် စမ်းကြည့်ရင်းမှ ဤမေးခွန်းများကို အကြိမ်ကြိမ် တွေးတောနေမိတော့သည်။