← Chapters

အခန်း (၂၆၆)

Vol. 27 Ch. 266

အခန်း (၂၆၆)

Vol. 27 Ch. 266

ရွှယ်ဖုန်းအာ၏ ရုပ်ရည်သည် အလွန်ပင် ချောမောလှပလွန်းကာ သူမသည် ငရဲသွေးဖီးနစ်မျိုးနွယ်စု၏ နှစ်သန်းပေါင်းများစွာအတွင်း အထူးချွန်ဆုံး မျိုးဆက်သစ်တစ်ဦးဖြစ်သည်။ သူမသည် ဘိုးဘေးများထံမှ တိုက်ရိုက်ဆင်းသက်လာသော သွေးကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ သူမ၏ ခန္ဓာကိုယ်အတွင်း၌ စစ်မှန်သော ဖီးနစ်သွေး များ ကိန်းအောင်းနေ၏။

ဖီးနစ်၊ အစစ်အမှန်နဂါးနှင့် အရပ်လေးမျက်နှာကြယ်တာရာအရှင်သခင်များ ဖြစ်ကြသော မြင့်မြတ်သည့် သတ္တဝါကြီး လေးပါး၊ မြေကမ္ဘာ၏ အလိုဆန္ဒကို ကိုယ်စားပြုသော ကုံချန် တို့သည် ကမ္ဘာဦးခေတ်ကာလအတွင်း၌ အစွမ်းအထက်ဆုံးသော နတ်ဘုရားသတ္တဝါများ ဖြစ်ခဲ့ကြသည်။ ဘိုးဘေးနဂါး နှင့် ဘိုးဘေးဖီးနစ် တို့သည် လွန်လေပြီးသောရှေးဦးကာလကပင် လွတ်မြောက်ခြင်းအဆင့်သို့ရောက်ရှိခဲ့ပြီး ပျောက်ကွယ်သွားခဲ့ကြလေသည်။

ရွှယ်ဖုန်းအာ၏ ကျင့်ကြံမှု အရှိန်အဟုန်သည် အဘယ်ကြောင့် အလွန် လျင်မြန်နေရသနည်း ဟုဆိုလျှင်သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဖီးနစ်သွေးများကြောင့်ပင် ဖြစ်သည်။ ဘိုးဘေးတို့၏သန့်စင်သော သွေးမျိုးဆက်၏ဆက်ခံသူဖြစ်သည်နှင့်အညီ သူမသည် မဟာတာအိုလမ်းစဉ်အဆင့်ရှိသည့် ခန္ဓာကိုယ်တည်ဆောက်ပုံမျိုး ပိုင်ဆိုင်ထားသည်။

ထို့အပြင် ရွှယ်ဖုန်းအာ၏ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ သူမ၏ ကိုယ်တွင်းရှိ ဖီးနစ်သွေးများ၏ သိပ်သည်းဆသည်လည်း ပိုမိုတိုးမြှင့်လာမည်ဖြစ်ကာ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ပါလျှင် ဖီးနစ်ငှက်တို့၏ မြင့်မြတ်သော ဘုန်းတန်ခိုးများကိုပင် ပြန်လည် ဖော်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။

ရွှယ်ဖုန်းအာသည် တစ်စုံတစ်ခုကို စဉ်းစားနေပုံ ရသော်လည်း ကျုံးရှန်ကမူ သူမကို တည်ငြိမ်စွာဖြင့်သာ အကဲခတ်နေလေသည်။ ကျုံးရှန်သည် ဖီးနစ်သွေးမျိုးနွယ်အပေါ် များစွာ စိတ်ဝင်စားမိပေသည်။

အဘယ်ကြောင့်ဆိုသော် ဝမ်ရှန့်တိုက်ကြီးအတွင်း၌ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သော ဤသွေးမျိုးနွယ်သည် မိစ္ဆာသားရဲမျိုးနွယ်စုမှ ကျွမ်းကျင်သူများအတွက် များစွာ အသုံးဝင်လှသောကြောင့်ဖြစ်သည်။အထူးသဖြင့် ချင်ထျန်းတောင်ထိပ်ရှိ သက်ရှိများသည် မိစ္ဆာသားရဲမျိုးနွယ်များ ဖြစ်ကြသဖြင့် ရွှယ်ဖုန်းအာ၏ သွေးသည် သူတို့အတွက် အဖိုးတန်သော ကျင့်ကြံခြင်းဆိုင်ရာအရင်းအမြစ်တစ်ခု ဖြစ်လာနိုင်ပေသည်။

ကျုံးရှန်သည် ရွှယ်ဖုန်းအာကို အကဲခတ်နေသော်လည်း သူမဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်လာမည်ကို စိုးရိမ်ခြင်း မရှိချေ။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းရှိ စည်းမျဉ်းနိယာမများ၏ ဖိနှိပ်မှုသည် သက်ရှိအားလုံးအပေါ်၌ တူညီစွာ သက်ရောက်နေရာ ရွှယ်ဖုန်းအာသည်လည်း ချွင်းချက်မဟုတ်ပေ။

ထိုသို့သော အခြေအနေမျိုးတွင်နဂါးမဲ့နှလုံးသားကျင့်စဉ် ကို ကျင့်ကြံထားသော ခန္ဓာကိုယ် ခွန်အားအထွတ်အထိပ်ရောက်ရှိနေသည့် ကျုံးရှန်သာလျှင် ရွှယ်ဖုန်းအာကို အလွယ်တကူ နှိမ်နင်းနိုင်စွမ်း ရှိလေသည်။

ရွှယ်ဖုန်းအာသည်လည်း ဤအချက်ကို ကောင်းစွာ သိရှိနေပုံ ရ၏။ သူမသည် ထွက်ပြေးရန် ကြိုးစားခြင်း မပြုဘဲ ပုခုံးပေါ်တွင် စိုက်ဝင်နေသော မြှားကို လက်ဖြင့်ကိုင်ကာ အားစိုက်၍ ဆွဲနုတ်လိုက်သည်။

''အ...''

သူမကဲ့သို့ ကြံ့ခိုင်သော မိန်းကလေးပင်လျှင် နာကျင်မှုကြောင့် အသံထွက်၍ ညည်းတွားလိုက်ရသည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းရှိ စည်းမျဉ်းနိယာမများ၏ ဖိနှိပ်မှုသည် ကျင့်ကြံသူများကို ကဏ္ဍအချို့တွင် သာမန်လူသားများကဲ့သို့ ဖြစ်သွားစေကာ သူတို့သည် ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာစွမ်းအား သို့မဟုတ် ဝိညာဉ်စွမ်းအားများကို ခန္ဓာကိုယ်အပြင်ဘက်သို့ ထုတ်ဖော် အသုံးပြုနိုင်စွမ်း မရှိကြတော့ချေ။

မြှား၏ ထိပ်ဖျားတွင် သွေးစများ စွန်းထင်းနေပြီး ထိုသွေးစများသည် ချော်ရည်များကဲ့သို့ပူပြင်းလွန်းသဖြင့် သံမြှားခေါင်းပေါ်၌ အငွေ့ဖြူများပင် ထွက်ပေါ်လာရသည်။ သူမ၏ ပုခုံးပေါ်ရှိ ဒဏ်ရာမှ သွေးစက်များသည် တွင်းနက်ကြီးအတွင်းသို့ တဖျောက်ဖျောက် ကျဆင်းနေကာ ထိုသွေးစက်များနှင့် ထိတွေ့မိသော မြက်များသည် ချက်ချင်းပင် မီးစွဲလောင်သွားလေသည်။

''တကယ်ကို ကြောက်စရာကောင်းတဲ့ သွေးမျိုးနွယ်ပဲ..."

"မျှော်စင်ရဲ့စည်းမျဉ်းနိယာမတွေ ဖိနှိပ်မှုကို ခံထားရတာတောင် ဒီလောက်အထိ ထူးခြားနေတုန်းပဲလား...''

ဤမြင်ကွင်းကို မြင်သောအခါ ကျုံးရှန်၏ဘေးနားတွင် ရှိနေသော ရှီမင်သည် ကျုံးရှန်ကဲ့သို့ တည်ငြိမ်မှု မရှိဘဲအံ့ဩစွာဖြင့်ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ကျုံးရှန်သည် နောက်ထပ် မြှားတစ်စင်းကို ထုတ်ယူလိုက်ကာ ရွှယ်ဖုန်းအာ၏ ဦးခေါင်းဆီသို့ ထပ်မံချိန်ရွယ်လိုက်ပြန်သည်။

''လူသား... ငါတို့က ရန်သူတွေ မဟုတ်ပါဘူး... ငါက ဘယ်တုန်းကမှ သက်ရှိတွေကို မသတ်ခဲ့ဖူးဘူး...''

ရွှယ်ဖုန်းအာတစ်ယောက် မျက်မှောင်ကြုတ်မိသွားရသည်။

သူမသည် အပြည့်အဝ ဆွဲထားသော လေးကြိုးကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ကျုံးရှန်၏ မျက်လုံးများကို စိုက်ကြည့်ကာ လေးနက်စွာ ဆိုလိုက်၏။

''ငရဲမိစ္ဆာတစ်ယောက်က သက်ရှိတွေကို မသတ်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား...''

ကျုံးရှန်သည် ခေါင်းကို ခါယမ်းလိုက်ကာ သူမ၏ စကားကို မယုံကြည်နိုင်သကဲ့သို့ ပြောလိုက်သည်။

''ဒါက အမှန်တရားပါ..."

"ငါက ငယ်စဉ်ကတည်းက ဘိုးဘေးတွေရဲ့စစ်မှန်တဲ့ဖီးနစ်သွေးနိုးထခဲ့တာ ဖြစ်ပြီး ဖီးနစ်မီးလျှံ နိဗားနားကျင့်စဉ် ကို ကျင့်ကြံနေတာပါ...''

''ငါ့ရဲ့ စွမ်းအားတွေ တိုးတက်ဖို့အတွက် သက်ရှိတွေကို သတ်ဖြတ်ဖို့ မလိုသလို... သတ်ဖြတ်ခြင်းက ငါ့ရဲ့ စွမ်းအားတွေကို ညစ်နွမ်းစေမှာပဲဖြစ်တယ်...''

''ဒါကြောင့် ငါက အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး တခြားသူတွေနဲ့လည်း တိုက်ခိုက်တာမျိုး မရှိသလောက်ပဲ...''

''ဒီအချက်က ငရဲကမ္ဘာမှာ လူတိုင်း သိကြတဲ့ ကိစ္စပါ... မင်း မယုံရင် မင်းဘေးက မိစ္ဆာကို မေးကြည့်လို့ ရတယ်... သူ ငါ့အကြောင်းကို ကြားဖူးမှာပါ...''

ရွှယ်ဖုန်းအာသည် ကျုံးရှန်၏ သတ်ဖြတ်လိုသော အရှိန်အဝါကို ခံစားမိသဖြင့် အလျင်အမြန်ပင် ရှင်းပြလိုက်ရသည်။

သူမသည် သေခြင်းတရားကို မကြောက်ရွံ့ပေ။ ဖီးနစ်တို့၏ နိဗားနားလမ်းစဉ်သည် မီးလျှံအတွင်းမှ ပြန်လည် မွေးဖွားခြင်း ဖြစ်ကာ သေဘေးနှင့် ကြုံတွေ့ရပြီးနောက်တွင် ပိုမို အစွမ်းထက်လာမည် ဖြစ်သည်။သို့သော်လည်း ယခုနေရာသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ ဖြစ်သည်။ သူမ၏ မျိုးဆက်သွေးသည်လည်း အထွတ်အထိပ်သို့ မရောက်သေးသဖြင့် မျှော်စင်၏စည်းမျဉ်းနိယာမများအောက်တွင် ပြန်လည် မွေးဖွားနိုင်ခြင်း ရှိ၊ မရှိဆိုသည်မှာ သေချာရေရာမှုမရှိသော ကိစ္စတစ်ခုသာ ဖြစ်ချေသည်။

ထို့ကြောင့် မလိုအပ်ဘဲ စွန့်စားရန် မထိုက်တန်ဟု သူမ တွေးတောမိလိုက်သည်။ သူမပြောဆိုသည့်စကားများသည်လည်း လိမ်ညာပြောဆိုနေခြင်း မဟုတ်ဘဲ ရွှယ်ဖုန်းအာသည် အမှန်တကယ်ပင် မည်သည့် သက်ရှိကိုမျှ သတ်ဖြတ်ခဲ့ခြင်းမရှိချေ။

''သူမ ပြောတာ ဘယ်လောက်အထိ မှန်နိုင်မလဲ...''

ကျုံးရှန်က မေးမြန်းလိုက်သည်။

''သခင်... ငရဲကမ္ဘာမှာ ရွှယ်ဖုန်းအာ တခြားသူတွေနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းမျိုး အလွန် နည်းပါတယ်... သူမရဲ့ ကျင့်စဉ်ကလည်း ငရဲကမ္ဘာက တခြား မိစ္ဆာကျင့်စဉ်တွေနဲ့ လုံးဝ မတူတာမို့... သူမ ပြောတာ ခုနစ်ဆယ် ရာခိုင်နှုန်းလောက်တော့ မှန်နိုင်ပါတယ်...''

ရှီမင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်လည် တင်ပြလိုက်သည်။

''ကောင်းပြီ... ဒီလိုဆိုရင်တော့ မင်းရဲ့ အသက်ကို ချန်ထားပေးမယ်...''

''ဒါပေမဲ့... မင်း ငါ့ကို အလုပ်အကျွေးပြုပြီး ငါ့ဆီမှာ အညံ့ခံရမယ်...''

ကျုံးရှန်သည် လက်ထဲရှိ လေးကိုလျှော့ချခြင်း မရှိသေးဘဲ သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါသည် ပို၍ပင်ပြင်းထန်လာ၏။

ရွှယ်ဖုန်းအာ၏ ကိုယ်ပေါ်ရှိ အမွှေးအမျှင်များသည် ချက်ချင်းပင်ထောင်တက်သွားရကာ သေရေးရှင်ရေး အခြေအနေတစ်ခုကိုကျရောက်နေပြီဟု ခံစားလိုက်ရသည်။ သို့သော် ထိုခံစားချက်ကို သူမ၏ မြင့်မြတ်သော သွေးမျိုးနွယ်၏ မာနက ဖိနှိပ်လိုက်သည်။

ဖီးနစ်ငှက်သည် သစ်ကိုင်းပေါ်မှ ငှက်ကလေးများကဲ့သို့ သူတစ်ပါးထံတွင် ရိုကျိုးခိုလှုံရမည့် သတ္တဝါမျိုး မဟုတ်ပေ။

သူမ၏ ကိုယ်တွင်းရှိ သွေးများ ဆူပွက်လာကာ သေဘေးနှင့် ရင်ဆိုင်ရခြင်းနှင့် နတ်ဘုရားသားရဲတစ်ကောင်ဖြစ်သည့် ဖီးနစ်သွေးမျိုးဆက်၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခံရခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်းမှစွမ်းအင်များထွက်ပေါ်လာသကဲ့သို့ခံစားလိုက်ရသည်။

ရွှယ်ဖုန်းအာသည် အမှန်တကယ်ပင် ဖိနစ်သွေးမျိုးဆက်၏လှုံ့ဆော်ခြင်းကိုခံရကာ သူမ၏ခန္ဓာကိုယ်အတွင်းမှခွန်အများသည် ခဏချင်းအတွင်းပင် နှစ်ဆခန့် တိုးပွားသွားလေသည်။

ရွှယ်ဖုန်းအာသည် သူမ၏မျက်ခုံးကို ပင့်လိုက်သည်။

''အညံ့ခံရမယ် ဟုတ်လား...''

''ဒါကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ...''

သူမသည် သူမ၏ လှပသော ခြေတံများကို အားပြု၍ မြေပြင်ကို ကန်ကျောက်ကာ တွင်းနက်ကြီးအတွင်းမှ ခုန်ထွက်လိုက်သည်။

သူမ၏ အရှိန်သည် အလွန်ပင် လျင်မြန်လှသဖြင့် ကျုံးရှန်၏ လေးနှင့်မြှားဖြင့် ချိန်ရွယ်မှုကိုပင် ကျော်လွန်သွားသည်။ ထို့နောက်သူမ၏ လက်သီးနှစ်ဖက်မှ ချွန်ထက်လှသော လက်သည်းများထွက်ပေါ်လာကာ ကျုံးရှန်၏ ဦးခေါင်းဆီသို့ ဦးတည်၍ အားကုန် ကုတ်ချလိုက်၏။

ဒေါသထွက်နေသော သတ္တဝါတစ်ကောင်၏ တိုက်ခိုက်ခြင်း။

''ဟဟ... အနီးကပ် တိုက်ခိုက်တာမှာတော့... မင်းက အရမ်း နုသေးတယ်...''

ကျုံးရှန်သည်လည်း လက်ထဲမှ လေးကို ပစ်ချလိုက်ကာ တိုးဝင်လာသည့်လက်သည်းကုတ်ချက်ကို နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ၏ နတ်ဘုရားလက်သီးဖြင့် တုံ့ပြန်လိုက်သည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စည်းမျဉ်းနိယာမများအောက်၌ပင် ကျုံးရှန်၏ ကိုယ်တွင်းရှိ ရှစ်ရာ့တစ်ဆယ် သန်းသော အစစ်အမှန်အတ္တအမှုန်အမွှားများသည် ခဏတာ လင်းလက်သွားခဲ့ကာ ကျုံးရှန်၏ ခန္ဓာကိုယ် ခွန်အားများကို လက်သီးနှစ်ဖက်ထံသို့ စုစည်းပေးနိုင်ခဲ့လေသည်။ သူ၏ လက်သီးနှင့် ရွှယ်ဖုန်းအာ၏ လက်သည်းများ ထိပ်တိုက် တွေ့ဆုံသွားသည်။

ချွင်…

သတ္တုချင်း ထိခိုက်သံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ရွှယ်ဖုန်းအာသည် နောက်သို့ လွင့်ထွက်သွားသော်လည်း ကျုံးရှန်သည် နေရာ၌ မလှုပ်မယှက် တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်။

သူသည် လက်ဖဝါးနှစ်ဖက်ကို ဖြည်းညှင်းစွာ ခါထုတ်လိုက်သည်။

''အားနည်းလွန်းတယ်... တကယ်ကို အားနည်းလွန်းတာပဲ...''

မည်သူက ပို၍အစွမ်းသည်ဆိုသည်မှာရှင်းလင်းသွားပြီဖြစ်သည်။

ရွှယ်ဖုန်းအာ၏ ဖီးနစ်သွေး မည်မျှပင် အစွမ်းထက်စေကာမူ ကျုံးရှန်၏ နှစ်ပေါင်း တစ်သန်းတိုင် အရင်းအမြစ်ပေါင်းများစွာကို အသုံးပြု၍ ကျင့်ကြံခဲ့သောနဂါးမဲ့နှလုံးသားကျင့်စဉ်ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။

ကျုံးရှန်၏ ကိုယ်တွင်းရှိ အစစ်အမှန်အတ္တအမှုန်အမွှား တစ်ခုချင်းစီသည် စစ်မှန်သော နတ်ဘုရားတစ်ပါး၏ ခွန်အားနှင့် ညီမျှနေသည် မဟုတ်ပါလော။

ရွှယ်ဖုန်းအာသည် နောက်သို့ လွင့်ထွက်သွားကာ မြက်ခင်းပြင်ပေါ်တွင် မီတာ ဒါဇင်ပေါင်းများစွာအထိ လိမ့်ဆင်းသွားပြီးမှ သူမ၏ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်လိုက်သည်။

ထိုအချိန်တွင် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ သူမ၏ သွေးများ ကျဆင်းမိသော မြေပြင်သည်လည်း ပူပြင်းလှသဖြင့် တစီစီ အသံများ ထွက်ပေါ်လာရသည်။

သူတို့နှစ်ဦး၏ တိုက်ခိုက်မှုသည် သေမျိုးလူသားများ၏ သိုင်းပညာရှင် နှစ်ဦး တိုက်ခိုက်သကဲ့သို့ ထင်ရသော်လည်း ထိုတစ်ချက်အတွင်း၌ပင် သေနိုင်လောက်သော တိုက်ခိုက်မှုများစွာ ကိန်းအောင်းနေခြင်း ဖြစ်သည်။

'တကယ့်ကို အစွမ်းထက်တာပဲ...'

'ဒီလူက ဝမ်ရှန့်နတ်ဘုရားကုန်း‌မြေတိုက်ကြီးက ခွန်အားကြီးနတ်ဘုရား တစ်ပါးလား...'

'ဒါမှမဟုတ်ရင် ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားမျိုး ရှိနေရတာလဲ...'

'အပြင်လောကမှာဆိုရင် ငါက ငါ့ရဲ့ ကျင့်စဉ်တွေကို သုံးပြီး ခွန်အားချင်း ကွာခြားမှုကို ပြန်ဖြည့်နိုင်ပေမဲ့... ဒီနေရာမှာတော့ ခွန်အားကပဲ အရာအားလုံးကို ဆုံးဖြတ်ပေးတာပဲ...'

ရွှယ်ဖုန်းအာသည် စိတ်အတွင်း၌ အကြီးအကျယ် တုန်လှုပ်သွားရသည်။

သူမသည် လက်သီးချင်း ယှဉ်ပြိုင်လိုက်မှုမှတစ်ဆင့် ကျုံးရှန်ကို ပြန်လည် တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။

သူမ၏ ဖီးနစ်သွေးမှ ခွန်အားကို နှစ်ဆခန့် မြှင့်တင်ပေးထားသည့်တိုင်အောင် ဤလူသား၏ လက်သီးရှေ့တွင် အရာအားလုံးသည် အသုံးမဝင်သကဲ့သို့ ဖြစ်သွားသောကြောင့်ဖြစ်သည်။ ရွှယ်ဖုန်းအာတစ်ယောက် မြေပြင်မှ ပြန်လည် မထနိုင်သေးမီ၌ပင် ကျုံးရှန်သည် သူမ၏ ရှေ့မှောက်သို့ ရောက်ရှိလာလေသည်။

All Chapters