← Chapters

အခန်း (၂၆၇)

Vol. 27 Ch. 267

အခန်း (၂၆၇)

Vol. 27 Ch. 267

''ငါ့ဆီမှာ အညံ့ခံမလား... ဒါမှမဟုတ် အခုပဲ သေမလား...''

ကျုံးရှန်၏ လေသံသည် အလွန်ပင် အေးစက်နေကာ ရွှယ်ဖုန်းအာကဲ့သို့ အလှနတ်သမီးလေးတစ်ပါးအပေါ်တွင်ပင် အနည်းငယ်မျှသော ငဲ့ညှာလိုသည့် အရိပ်အယောင်မျိုး မရှိချေ။

''ငါ... ငါက...''

ရွှယ်ဖုန်းအာသည် မျက်မှောင်ကြုတ်လိုက်ကာ အချိန်ဆွဲရန် ကြိုးစားလိုက်သည်။

သို့သော် ကျုံးရှန်သည် သူမ၏ အတွေးများကို ထွင်းဖောက်သိမြင်နေသကဲ့သို့ပင် မည်သည့်စကားမျှ ထပ်မံပြောဆိုခြင်း မပြုဘဲ လက်ကို ဆန့်ထုတ်လိုက်ကာ ဆီးနှင်းကဲ့သို့ ဖြူဝင်းလှသော လည်တိုင်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူမကို မြေပြင်မှနေ၍ လေထဲသို့ မြှောက်တင်လိုက်လေသည်။

ရွှယ်ဖုန်းအာသည် သူမ၏ လည်ပင်းကို ဆုပ်ကိုင်ထားသော ထိုဖြူစင်သည့် လက်ဖဝါးအတွင်း၌ အရာအားလုံးကို ချေမှုန်းနိုင်စွမ်းရှိသည့် ကုန်ဆုံးနိုင်ခြင်းမရှိသော ခွန်အားများ ကိန်းအောင်းနေသည်ကို ခံစားလိုက်ရသည်။

'ခွန်အားနတ်ဘုရားပဲ... ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရဲ့ ခွန်အားနတ်ဘုရားပဲ ဖြစ်ရမယ်...'

သူမ၏ စိတ်အတွင်း၌ အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားရသည်။

လည်ပင်းပေါ်ရှိ ဖိအားများသည် တစ်စထက်တစ်စ ပိုမို ကြီးမားလာကာ သူမ၏ လည်ပင်းကိုသာမကဘဲ ခန္ဓာကိုယ်တစ်ခုလုံးရှိ ဆဲလ်များပါ ပေါက်ကွဲပျက်စီးတော့မည့်အလား ဖိနှိပ်လာ၏။ ရွယ်ဖုန်းအာ၏ စိတ်အတွင်း၌ သေခြင်းအရိပ်အယောင်များ ဖုံးလွှမ်းလာသည်။

ရွှယ်ဖုန်းအာသည် ဘိုးဘေးများ၏ စစ်မှန်သော ဖီးနစ်သွေးကို နိုးထစေနိုင်ခဲ့သူ ဖြစ်ရာ ငရဲကမ္ဘာ၏ရွေးချယ်ခံ ကံကြမ္မာသမီးတော် တစ်ဦး ဖြစ်သည်ဟု ဆိုနိုင်ပြီး သူမတွင် အလွန်တရာမှ အားကောင်းလှသော ကံကြမ္မာကြိုးမျှင်များနှင့် အရှိန်အဝါများ ရှိနေကာ ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရတိုင်း အောင်မြင်စွာ ကျော်လွှားနိုင်လေ့ ရှိသည်။

ဘေးဒုက္ခတစ်ခုနှင့် ရင်ဆိုင်ရသည့် အခါတိုင်းတွင် ငရဲပြည်၏ကောင်းကင်တာအိုသည် သူမအား အခွင့်အရေးများ ပေးသနားကာ ကူညီပေးလေ့ ရှိသည်။ ယခုအခါတွင်လည်း ငရဲကမ္ဘာကြီး၏ ကောင်းကင်တာအိုမှ မီးခိုးတန်းကြီးကဲ့သို့ ထင်ရှားသော ကံကြမ္မာစွမ်းအင်များ ပေါ်ထွက်လာသည်။

သို့သော် ရွှယ်ဖုန်းအားသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ ရောက်ရှိနေခြင်းဖြစ်သည်။ မျှော်စင်၏ အပြင်ဘက် ဟင်းလင်းပြင်အတွင်းမှ အားကောင်းလှသော ကံကြမ္မာစွမ်းအင်များ လာရောက် ရိုက်ခတ်နေသော်လည်း မျှော်စင်၏ ကိုယ်ထည်ကို ဖောက်ထွင်း၍ ရွှယ်ဖုန်းအာထံသို့ မရောက်ရှိနိုင်ဘဲ ဖြစ်နေ၏။မျှော်စင်၏ အဆင့်အတန်းသည် ကောင်းကင်တာအိုထက်ပင်မြင့်မားသည့် လွတ်မြောက်ခြင်းအဆင့်ဖြစ်ရာ မဟာကမ္ဘာကြီးတစ်ခု၏ ကောင်းကင်တာအိုသည်မျှော်စင်ကို မည်သို့မျှ လွှမ်းမိုးနိုင်ခြင်းမရှိချေ။

ဤဖြစ်စဥ်သည် မျှော်စင်၏ အပြင်ဘက်တွင် အစီအရင်ခင်းကျင်းကာ စောင့်ကြပ်ပိတ်ဆို့နေကြသည့် အရှင်သခင်ခုနစ်ပါး၏ အာရုံစိုက်မှုကို ရရှိသွားသည်။

''ပဉ္စမမြောက် အရှင်သခင်... ဒီကံကြမ္မာစွမ်းအင်တွေကို ကြည့်စမ်းပါဦး... ဘယ်လောက်တောင် သိပ်သည်းပြင်းထန်လိုက်သလဲ... လွန်ခဲ့တဲ့ နှစ်တွေက မင်းရခဲ့တာထက်တောင် ပိုပြီး အားကောင်းနေသလိုပဲ...''

အရှင်သခင်ခုနစ်ပါးထဲမှ တစ်ဦးသည် မျက်လုံးများကို ဖွင့်လိုက်ကာ မီးခိုးတန်းသဖွယ် သိပ်သည်းပြင်းထန်လွန်းသည့်ကံကြမ္မာစွမ်းအင်များကို ကြည့်ရင်း ပြောလိုက်သည်။

''ဒီလို ပြင်းထန်တဲ့ အရှိန်အဝါတွေ ပေါ်ထွက်လာတာရယ်... ကောင်းကင်ဘုံတာအိုရဲ့ တုံ့ပြန်မှုတွေက ဒီလောက်အထိ ထင်ရှားနေတာရယ်ကို ကြည့်ရင်... နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံရဲ့ ဆက်ခံသူလို့ ယူဆရတဲ့သူက မျှော်စင်ထဲမှာ သတ်ဖြတ်မှုတွေ စတင်နေပြီ ထင်တယ်...''

ပဉ္စမမြောက် အရှင်သခင်ဟု ခေါ်တွင်သော ပုဂ္ဂိုလ်သည် တည်ငြိမ်သော လေသံဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

''အဲဒီ လူမိုက်တွေကတော့ ငါတို့က သူတို့ကို မျှော်စင်တက်တာကို တားဆီးနေတာက သူတို့ကို ဒုက္ခပေးနေတယ်လို့ ထင်နေကြတာပဲ...''

''အခုတော့ နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံရဲ့ ဆက်ခံသူနဲ့ တွေ့သွားပြီဆိုတော့... သူတို့အားလုံးအတွက် ကံဆိုးမိုးမှောင်ကျပြီး အကုန်အစင် သုတ်သင်ခံရမယ်ဆိုရင်တောင် အံ့သြစရာ မဟုတ်တော့ဘူး...''

ပဉ္စမမြောက် အရှင်သခင်သည် ဆက်လက်၍ ဆိုလိုက်သည်။

''ထားလိုက်ပါ... သူတို့ကို ဂရုစိုက်မနေနဲ့တော့...''

''ပါရမီရှင် အချို့ သေဆုံးသွားတာက ငါတို့အတွက် ဘာမှ မဟုတ်ပါဘူး... ငါတို့ လုပ်ရမှာက ပိတ်ဆို့ခြင်း အစီအရင်ကို သေချာ ထိန်းသိမ်းထားဖို့နဲ့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေဖို့ပဲ...''

ရှေးကျလှသော အသံကြီးတစ်ခု ဟင်းလင်းပြင်အတွင်း၌ ပဲ့တင်ထပ်သွားသည်။

ထိုအခါ အရှင်သခင်နှစ်ဦးလည်း ဆက်လက်၍ ဆွေးနွေးခြင်း မပြုတော့ဘဲ မျက်လုံးများကို ပြန်လည် မှိတ်လိုက်ကြလေသည်။

.....

အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာ။

ဂူမုံမြက်ခင်းပြင်အတွင်း။

ရွှယ်ဖုန်းအာ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေကာ သူမ၏ မျက်ခုံးအစုံကြားနေရာမှ ရွှေရောင် သွေးစက်လေးများ စတင်ထွက်ပေါ်လာသည်။ ကျုံးရှန်သည် သာမန် ခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့်ပင် ရွှယ်ဖုန်းအာ၏ ခန္ဓာကိုယ်ကို ဖိအားပေးကာ သူမ၏ ကိုယ်တွင်းရှိ စစ်မှန်သော ဖီးနစ်သွေးများကို အပြင်သို့ ညှစ်ထုတ်နေခြင်းဖြစ်သည်။

''ဘယ်... ဘယ်လိုဖြစ်လို့လဲ...''

''ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...''

ရွှယ်ဖုန်းအာသည် တီးတိုး ရေရွတ်နေမိသည်။

သူမ၏ အနိုင်မခံအရှုံးမပေးလိုသောစိတ်ဓာတ်သည် စတင်၍ ပြိုလဲလာကာ အရှုံးမရှိပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး၏ တာအိုနလုံးသားသည် အက်ကြောင်းများ ထင်လာရသည်။

''အသေခံမလား... အညံ့ခံမလား...''

ထိုအချိန်တွင်ကျုံးရှန်သည် ထပ်မံ၍ ဆိုလိုက်ပြန်သည်။ သူ၏ လေသံသည် အေးစက်နေဆဲပင် ဖြစ်သည်။

ဘေးပတ်ပတ်လည်ရှိ ဂူမုံမျိုးနွယ်စုဝင်များနှင့် သန်မာလှသော စစ်သည်တော်များသည်လည်း အသက်ပင် မရှူဝံ့ကြဘဲ ရှိနေကြသည်။ သို့သော် ထိုစကားလုံးများသည် ရွှယ်ဖုန်းအာအတွက်မူ သူမ ဆုပ်ကိုင်နိုင်မည့် တစ်ခုတည်းသော ကယ်တင်ခြင်း မျှော်လင့်ချက် ဖြစ်နေလေသည်။

''ငါ... ငါ အညံ့ခံပါ့မယ်...''

သူမ၏ ခန္ဓာကိုယ်သည် ပြိုလဲပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ကျုံးရှန်သည် သူ၏ ခွန်အားများကို ပြန်လည် ထိန်းချုပ်လိုက်ကာ ရွှယ်ဖုန်းအာအပေါ်ရှိ ဖိအားများကို လျှော့ချပေးလိုက်သည်။ သေခြင်းတရား၏ ကြောက်ရွံ့မှုကို အဆင့်ဆင့် ခံစားစေခြင်းဖြင့် သူမ၏ စိတ်ဓာတ်ကို ချေမှုန်းလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ရွှယ်ဖုန်းအာ၏ သိပ်သည်းလှသည့်ကံကြမ္မာစွမ်းအင်များသည် မျှော်စင်၏ အတားအဆီးကြောင့် ဖြတ်တောက်ခြင်းခံလိုက်ရကာ သူမ၏ မာနကြီးသည့်ပါရမီရှင်စိတ်ဓာတ်ကိုအပြည့်အဝချိုးနှိမ်လိုက်ခြင်းဖြစ်သည်။

''ကောင်းပြီ... ဝိညာဉ်စာချုပ်ကို ချုပ်ဆိုရမယ်... မင်းအသက်ရှင်နေသမျှ ကာလပတ်လုံး ငါ့ကိုသစ္စာမဖောက်ရဘူး...''

ကျုံးရှန်သည် သူမ အသက်ရှူနိုင်စေရန် ခွန်အားအချို့ကို ရုပ်သိမ်းလိုက်သည်။

''ငါ... လုပ်ပါ့မယ်...''

ရွှယ်ဖုန်းအာသည် အားတင်း၍ ပြောလိုက်သည်။

ထို့နောက် သူမ၏ မိစ္ဆာဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ခန္ဓာကိုယ်အပြင်သို့ ထုတ်ဖော်လိုက်သည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စည်းမျဉ်းနိယာမများသည် မျှော်စင်တက်လှမ်းသူများအပေါ်တွင် ဖိနှိပ်မှုပြင်းထန်လှသော်လည်း သူမ၏မိစ္ဆာဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်ရန်အတွက်မူ ခက်ခဲခြင်း မရှိချေ။

''ငါ...ရွှယ်ဖုန်းအာက ငါ့ရဲ့မိစ္ဆာဝိညာဉ်ကို အသုံးပြုပြီး... ထာဝရ ကာလပတ်လုံး အစေခံအဖြစ် ခစားဖို့ကျိန်ဆိုပါတယ်...''

ထိုကျိန်ဆိုသံနှင့်အတူ မိစ္ဆာဝိညာဉ်သည် ထူးဆန်းသော သင်္ကေတများအဖြစ် ပြောင်းလဲသွားသည်။

ဤသည်မှာ ဝိညာဉ်စာချုပ်၏ စွမ်းအားပင် ဖြစ်ပြီး မဟာတာအို အဆင့်ရှိသော ကျိန်စာတစ်ခုကဲ့သို့ပင်အစွမ်းထက်လှသည်။ စာချုပ်ချုပ်ဆိုသူသည် သစ္စာဖောက်ဖျက်ခဲ့ပါက အသုံးပြုရန်ကျိန်ဆိုထားသည့်ဝိညာဉ်အပိုင်းအစမှတစ်ဆင့် မူလခန္ဓာကိုယ်ကို တိုက်ရိုက် သုတ်သင်နိုင်စွမ်း ရှိသည်။

ကျုံးရှန်သည် ကျန်လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လျှင် ထိုသင်္ကေတများသည် လုံးဝန်းသော အလုံးလေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ ကိုယ်တွင်းရှိဟင်းလင်းပြင်နေရာလွတ်အတွင်းသို့ ဝင်ရောက်သွားသည်။ ဤဝိညာဉ်စာချုပ်သည် တစ်ဖက်သတ်ချုပ်ဆိုခြင်း ဖြစ်ပြီး ထိုအလုံးလေးကို ပိုင်ဆိုင်ထားသော ကျုံးရှန်သည် ရွှယ်ဖုန်းအာ၏ အသက်သခင် ဖြစ်လာလေသည်။

ကျုံးရှန်သည် သူမ၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်ကို လွှတ်လိုက်လျှင် ရွှယ်ဖုန်းအာတစ်ယောက် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ သူမ၏ ခန္ဓာကိုယ်သည် ကျုံးရှန်၏ ဖိနှိပ်မှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိထားသဖြင့် နာကျင်မှုများကို ခံစားနေရဆဲ ဖြစ်သည်။

သို့သော် သူမသည် အခြေအနေကို နားလည်သဖြင့် ကြောက်ရွံ့တွန့်ဆုတ်နေခြင်းမရှိဘဲ စိတ်တည်ငြိမ်အောင် ကြိုးစားနေသည်။

ရွှယ်ဖုန်းအာသည် ထက်မြက်လှသော အမျိုးသမီးတစ်ဦး ဖြစ်ရာ မိမိ၏ အသက်ကို သူတစ်ပါးလက်ထဲလွှဲပြောင်းပေးအပ်လိုက်ရပြီ ဖြစ်သဖြင့် မာနကြီးနေခြင်းသည် အသုံးမဝင်တော့သည်ကိုကောင်းစွာ သိရှိပေသည်။ သူမသည် ခွန်အားများကို စုစည်းကာ ကျုံးရှန်၏ ရှေ့၌ ရိုသေစွာဖြင့် ဒူးထောက်လိုက်သည်။

"ရွှယ်ဖုန်းအာက သခင့်ကို ဂါရဝပြုပါတယ်..."

''ကောင်းပြီ... ထပါ...''

''မင်းက ဝိညာဉ်စာချုပ်ကို ချုပ်ဆိုပြီးပြီဆိုမှတော့... အခုကစပြီး ငါတို့ဟာ တစ်ဖက်တည်း ဖြစ်သွားပြီ... အဲဒီလောက်အထိ ရိုသေနေစရာ မလိုဘူး...''

ကျုံးရှန်သည် သူမကို ကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။

ရွှယ်ဖုန်းအာသည် တုန်တုန်ရင်ရင်ဖြင့် ပြန်လည် ထရပ်လိုက်သည်။ ထိုကဲ့သို့ တုန်ရင်နေခြင်းသည် ကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်လွန်းသောဒဏ်ရာများကြောင့်သာ ဖြစ်သည်။

ကျုံးရှန်သည် လက်ကို ဆန့်ထုတ်လိုက်ရာ လက်မအရွယ်အစားခန့်ရှိသော ဖန်ပုလင်းငယ်လေးတစ်ခု ထွက်ပေါ်လာသည်။ ထိုပုလင်းငယ်အတွင်း၌ ရွှေရောင် သွေးများ ပြည့်နှက်နေကာ အလွန် သန့်စင်လှသည့် စစ်မှန်သော ဖီးနစ်သွေးများပါဝင်သည်။

ပမာဏသည် များပြားခြင်း မရှိသော်လည်း အရည်အသွေးသည် အလွန်ပင် မြင့်မားလှကာ ရွှယ်ဖုန်းအာ၏ ကိုယ်တွင်းရှိ ဖီးနစ်သွေးများထက်ပင် အဆပေါင်းများစွာ သန့်စင်လေသည်။ အနီးကပ်သေချာ ကြည့်ရှုလိုက်ပါက ထိုရွှေရောင်သွေးများအတွင်း၌ ဖီးနစ်ငှက်ငယ်လေးများ ကူးခတ်နေသည်ကိုတွေ့မြင်ရမည် ဖြစ်သည်။

''ဒါကို ယူထားလိုက်... မင်းသာ..ဒီပုလင်းထဲက ဖီးနစ်သွေးကိုသေချာ အသုံးပြုပြီးကျင့်ကြံမယ်ဆိုရင်... ဒဏ်ရာတွေကို ပျောက်ကင်းစေနိုင်တဲ့အပြင်... မင်းရဲ့ ကျင့်စဉ်အတွက်လည်း အထောက်အကူ အများကြီးဖြစ်စေလိမ့်မယ်...''

ကျုံးရှန်သည် ဖန်ပုလင်းငယ်လေးကို ရွှယ်ဖုန်းအာ၏ လက်ထဲသို့ ပစ်ပေးလိုက်သည်။

ပုလင်းငယ်သည် သေးငယ်လှသော်လည်း တန်ဖိုးသည် အတိုင်းအတာမရှိ ကြီးမားလှပေသည်။ အထူးသဖြင့် ရွှယ်ဖုန်းအာအတွက်မူ ထိုရွှေရောင်ဖီးနစ် သွေးများပါသည့်ပုလင်းငယ်‌လေးသည် ကောင်းကင်ဘုံမှ ရရှိသော လက်ဆောင်တစ်ခုကဲ့သို့ပင် ဖြစ်ရာ သူမသည် တုန်ရင်နေသော လက်နှစ်ဖက်ဖြင့် ဖမ်းယူလိုက်သည်။

သူမ၏ စိတ်အတွင်း၌ အကြီးအကျယ် ထပ်မံတုန်လှုပ်သွားရကာ ကျုံးရှန်ထံ၌ အညံ့ခံရခြင်းသည် ဆိုးရွားလှသော ကိစ္စတစ်ခု မဟုတ်ဟု တွေးတောမိလိုက်သည်။ ဤမျှ သန့်စင်သော ဖီးနစ်သွေးမျိုးကို ရရှိရန်အတွက် သူမ၏ ကိုယ်ပိုင်စွမ်းအားဖြင့်ဆိုလျှင် မည်မျှအထိ ကျင့်ကြံရမည်ကို မသိရှိနိုင်ချေ။ ထိုရွှေရောင်သွေးများသည် ဘိုးဘေးဖီးနစ် ၏ ကိုယ်တွင်းမှ ရရှိထားသကဲ့သို့ပင် အဆင့်မြင့်လှ၏။

ရွှယ်ဖုန်းအာတစ်ယောက် ကျုံးရှန်ကို ကြည့်သောအကြည့်များတွင် ပိုမိုရိုသေလေးစားလာသည်။

''ကျေးဇူးတင်ပါတယ် သခင်...''

''ထျန်းခမ်း... သူမအတွက် မြင်းတစ်ကောင် ပြင်ပေးလိုက်ပါ... ပြီးတော့ သူမကို မျိုးနွယ်စုထဲကို ခေါ်သွားပေးပါဦး...''

ကျုံးရှန်က ထန်ဂါကို လှမ်း၍ မှာကြားလိုက်သည်။

ထန်ဂါသည် ချက်ချင်းပင် စစ်သည်တစ်ဦးကို မှာကြားလိုက်ရာ ထိုစစ်သည်သည် သူ၏ မြင်းကို ရွှယ်ဖုန်းအာအား ပေးအပ်လိုက်သည်။

ထို့နောက် ရွှယ်ဖုန်းအာသည် ကျုံးရှန်နှင့် ရှီမင်တို့၏ နောက်မှနေ၍ အံ့ဖွယ်နိမိတ်တံခါး တည်ရှိရာဆီသို့ အတူတူ လိုက်ပါလာခဲ့လေသည်။

All Chapters