အခန်း (၂၆၈)
Vol. 27 Ch. 268
နာဒါမ်ပွဲတော်ကျင်းပမည့် အချိန်သည် တစ်စထက်တစ်စ နီးကပ်လာပြီး မကြာခင်တွင်ဟူဘီလိုင်း မျိုးနွယ်စုသည် မုန်တိုင်း၏ ဗဟိုချက် ဖြစ်လာပေတော့မည်။
ရွှယ်ဖုန်းအာသည် ပထမဆုံးသော သူ ဖြစ်သော်လည်း နောက်ဆုံးသော ငရဲမိစ္ဆာသက်ရှိ မဟုတ်ချေ။
အခြားသော မိစ္ဆာများသည် သတ်ဖြတ်ခြင်း၌ အာရုံစူးစိုက်နေကြသဖြင့်သာ ဟူဘီလိုင်းမျိုးနွယ်စုအတွင်း ရောက်ရှိမလာသေးခြင်းဖြစ်၏။ လာမည့်နှစ်ရက်အတွင်း၌ ဂူမုံမျိုးနွယ်စုဝင်မည်မျှ ထပ်မံ၍ ဘေးဒုက္ခကြုံတွေ့ရဦးမည်ကို မည်သူမျှ မသိနိုင်ချေ။
မြက်ခင်းပြင်ကမ္ဘာသည် အလွန်တရာ ကျယ်ပြောလှပေသည်။
ကျုံးရှန်သည် ကောင်းကင်တက်လှမ်းခြင်း မျှော်စင်၏စည်းမျဉ်းနိယာမများ ဖိနှိပ်မှုကို ခံထားရသဖြင့် လျင်မြန်စွာ ရွေ့လျားနိုင်ခြင်း မရှိချေ။
သူ၏ ခန္ဓာကိုယ်သည် အလွန်တရာ သန်မာလှကာ ခွန်အားသက်သက်ဖြင့် အရှိန်အဟုန်ပြင်းစွာ ပြေးလွှားနိုင်သော်လည်း ဤသည်မှာ ပြင်ပကမ္ဘာရှိ ဟင်းလင်းပြင် နိယာမများကို အသုံးပြု၍ ခရီးနှင်နိုင်ခြင်းနှင့် နှိုင်းယှဉ်ပါက အလွန် ကွာခြားလှပေသည်။
ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ သွားလာနိုင်ခြင်း မရှိသဖြင့် သူကိုယ်တိုင် လိုက်လံ ရှာဖွေမည် ဆိုပါက တစ်ဖက်ကို ဂရုစိုက်နေစဉ် အခြားတစ်ဖက်တွင် လွတ်သွားသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။ထို့ကြောင့် ဤနေရာ၌ စောင့်ဆိုင်းနေခြင်းသည်သာ အကောင်းဆုံး ဖြစ်လေသည်။
ထိုလုပ်ရပ်သည် ဂူမုံမျိုးနွယ်စုဝင်များအတွက် အနည်းငယ် ရက်စက်ရာ ရောက်သော်လည်း ယနေ့၏ ပေးဆပ်မှုသည် မျှော်လင့်ချက်အသစ်များကို ဖြစ်ထွန်းစေလိမ့်မည် ဖြစ်သည်။ ကျုံးရှန်သည် မိစ္ဆာအားလုံးကို တစ်ပြိုင်နက် သုတ်သင်နိုင်ရုံသာမက ဂူမုံမြက်ခင်းပြင်ကြီးအတွက် မျှော်လင့်ချက် မျိုးစေ့များကို ချန်ရစ်ပေးမည် ဖြစ်သည်။
ဤမျှော်လင့်ချက်များသည် သန်းနှင့်ချီသော သက်ရှိများ၏ အသက်နှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ချေ။
အကယ်၍ ကျုံးရှန် ပေါ်ထွက်လာခြင်း မရှိပါက ထိုငရဲမိစ္ဆာများသည် ဂူမုံမြက်ခင်းပြင်ကမ္ဘာရှိ သက်ရှိအားလုံးကို သုတ်သင်သွားကြပေလိမ့်မည်။
သို့သော် ဤဖြစ်ရပ်သည် ငရဲမဟာကမ္ဘာကြီးကို သိမ်းပိုက်ကာ ပြုပြင်ပြောင်းလဲရန်မျှော်မှန်းထားသည့် ကျုံးရှန်၏ စိတ်ကူးကို ပိုမို သေချာသွားစေသည်။ ငရဲကမ္ဘာနှင့် ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေကာ အတူတကွ ယှဉ်တွဲနေထိုင်ရန် ခက်ခဲလှသည်။
အထူးသဖြင့် သေခြင်းတရား၊ သတ်ဖြတ်ခြင်းနှင့် ဝါးမြိုခြင်းများ ပြည့်နှက်နေသော ငရဲကမ္ဘာသည် ဝမ်ရှန့်တိုက်ကြီးရှိ သက်ရှိအားလုံးအတွက် အန္တရာယ် ဖြစ်သည်။ ဤငရဲကမ္ဘာ၏ ကျူးကျော်မှုကို မည်သည့်နည်းနှင့်မျှ ခွင့်မပြုနိုင်ချေ။
ယခုအခါတွင် ကျုံးရှန်တို့သုံးဦးသည် အံ့ဖွယ်နိမိတ်တံခါး အောက်သို့ ရောက်ရှိနေကြ၏။
ရွှယ်ဖုန်းအာသည် တင်ပလ္လင်ခွေ ထိုင်ကာ ကျုံးရှန် ပေးအပ်ထားသော ဖီးနစ် အနှစ်သာရ သွေးပုလင်းကို စုပ်ယူ ကျင့်ကြံနေသည်။ သူမသည် ထိုသွေးကို သန့်စင်ကာသူမ၏ ကိုယ်တွင်းရှိ မူရင်းသွေးအနှစ်သာရများကို အဆင့်မြှင့်တင်ရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။
အကယ်၍ အောင်မြင်သွားပါက သူမ၏ ခွန်အားသည် လျော့ကျသွားခြင်း မရှိသည့်အပြင် ပိုမို သန်မာလာမည် ဖြစ်ကာ အစစ်အမှန်မိစ္ဆာနတ်ဘုရားအဆင့် ၃ အစောပိုင်းမှ အဆင့် ၃ အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိသွားနိုင်ပေသည်။
ကျုံးရှန်တွင် ကောင်းမွန်သော ရတနာများစွာ ရှိကာ သူ့အတွက် အသုံးမဝင်သော ပစ္စည်းများသည် အခြားသူများအတွက်မူ ကြီးမားသော အခွင့်အရေးများ ဖြစ်နေတတ်သည်။
ဖီးနစ် အနှစ်သာရ သွေးသည် အားကောင်းလှသော်လည်း လူသား ကျင့်ကြံသူများအတွက်မူ ကျင့်ကြံရန် ခက်ခဲလှကာ စိတ်ဝိညာဉ်ကိုပင် မီးလောင်ကျွမ်းစေနိုင်သည့် အရာဖြစ်သည်။ ရွှယ်ဖုန်းအာကဲ့သို့ ဖီးနစ် သွေးမျိုးဆက် ရှိသူများအတွက်သာ အကျိုးကျေးဇူး အများဆုံး ရရှိနိုင်မည်ဖြစ်၏။
ဤသည်မှာ ပစ္စည်းတစ်ခုကို ထိရောက်စွာ အသုံးပြုခြင်းပင် ဖြစ်ပေသည်။
ထိုအချိန်တွင် ကျုံးရှန်နှင့် ရှီမင်တို့သည်လည်း မျက်လုံးများကို မှိတ်ထားကြကာ သူတို့၏ ကျင့်စဉ်များကို ဆင်ခြင် သုံးသပ်နေကြသည်။
ငါးမျှားသူ ကျုံးရှန်သည် ငါးစာ ချထားပြီးဖြစ်ရာ ငါးများ လာဟပ်မည့် အချိန်ကိုသာ စိတ်ရှည်စွာ စောင့်ဆိုင်းနေလေသည်။
....
ဟူဘီလိုင်းမျိုးနွယ်စု၏ မိုင်ပေါင်း တစ်ထောင်ခန့် ဝေးကွာသော မျိုးနွယ်စုတစ်ခုအတွင်း၌ အမှောင်နတ်ဘုရားငယ်၏ ပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ မျိုးနွယ်စုအတွင်း လှည့်လည်သတ်ဖြတ်နေသည်။
ဂူမုံမျိုးနွယ်စုဝင်များသည် သာမန်သေမျိုးများသာ ဖြစ်ရာသူ၏ပြိုက်ဘက်ဖြစ်ရန် အဆင့်မှီသူမရှိချေ။ သူသည် သတ်ဖြတ်ခြင်းတွင် အလွန်ကျွမ်းကျင်လှပြီး အမှောင်စွမ်းအားများကို အသုံးမပြုနိုင်သော်လည်း သတ်ဖြတ်သည့် အရှိန်မှာ လျော့ကျသွားခြင်း မရှိပေ။
ထိုအချိန်တွင် အရပ် ခြောက်ပေခန့် မြင့်သော မြက်ခင်းပြင် သူရဲကောင်းတစ်ဦးသည် ဝက်ဝံညိုတစ်ကောင်ကို စီးနင်းကာ အမှောင်နတ်ဘုရားငယ်ထံသို့ပြေးဝင်လာသည်။
သူ၏ မျက်လုံးများသည် သွေးရောင် လွှမ်းနေ၏။
''မိစ္ဆာ... ငါ မင်းကို သတ်မယ်...''
''အံ့ဖွယ် စွမ်းအား... ချုပ်နှောင်ခြင်းနည်းစနစ်...''
ဝက်ဝံစီးနင်းထားသည့် စစ်သည်နာကျင်စွာ အော်ဟစ်လိုက်လျှင် အထပ်တစ်ထောင် ကမ္ဘာ၏ စည်းမျဉ်းနိယာမများ တုန်ခါသွားကာ အမှောင်နတ်ဘုရားငယ်သည် နေရာ၌ပင် တောင့်တင်းအေးခဲသွားရသည်။
သူသည် မည်သို့မျှ လှုပ်ရှား၍ မရတော့ချေ။
မျှော်စင်၏ စည်းမျဉ်းနိယာမဖြစ်သည့် ချုပ် နှောင်ခြင်းနည်းစနစ်သည် အမှောင်နတ်ဘုရားငယ် အပေါ်တွင် အပြည့်အဝ ဖိနှိပ်ထားလိုက်ခြင်း ဖြစ်သည်။
ဤသူရဲကောင်းသည် မျိုးနွယ်စု၏ နတ်ဆရာ ဖြစ်ကာ အံ့ဖွယ်နိမိတ်တံခါးသို့ ပူဇော်မှုများ ပြုလုပ်ဖူးသဖြင့် ဘိုးဘေးနတ်ဘုရား၏ အသိစိတ်မှတစ်ဆင့် မျှော်စင်၏ စည်းမျဉ်းနိယာမ အစိတ်အပိုင်းအချို့ကို ရရှိထားသူ ဖြစ်သည်။
ဤချုပ်နှောင်ခြင်းနည်းစနစ်သည် အမှောင်နတ်ဘုရားငယ်ကို တားဆီးရန်အတွက် လုံလောက်ပေသည်။
'ဟမ်... ငါ ဘာလို့ လှုပ်လို့ မရတာလဲ...'
'ဒီ အဆင့်နိမ့်သက်ရှိက ငါ့ကို ဘာလုပ်လိုက်တာလဲ...'
အမှောင်နတ်ဘုရားငယ်သည် အမှောင်နတ်ဘုရား၏ နှလုံးသားကို ရရှိထားသဖြင့် ခွန်အားများ တိုးမြှင့်နေသော်လည်း ယခုအခါတွင်မူ မမျှော်လင့်ဘဲ အခက်တွေ့နေရသည်။
မျှော်စင်၏ စည်းမျဉ်းနိယာမများသည် ကလေးကစားစရာ မဟုတ်ချေ။
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်နှင့်ပေါင်းစပ်ထားသည့် ဂူမုံမျိုးနွယ်စု၏ဘိုးဘေးနတ်ဘုရားသည် ယဇ်ပူဇော်မှုမှရရှိသည့်ယုံကြည်ခြင်းစွမ်းအားကိုအသုံးပြုကာ မျှော်စင်၏ စည်းမျဉ်းနိယာမအစိတ်အပိုင်းအချို့ကို ထုတ်ယူထားခြင်းဖြစ်သည်။
ဥပမာအားဖြင့် ဟာဇက်မျိုးနွယ်စုမှ ကျုံးရှန် တွေ့ဆုံခဲ့သည့် ဂူလီကျိသည် ဝံပုလွေများနှင့်ဆက်သွယ်နိုင်သောအစွမ်းကိုပိုင်ဆိုင်ထားကာ ဂူမုံသာမန်စစ်သည်များထက်အစွမ်းထက်သည့် ဝံပုလွေဘုရင်ကိုပင် ထိန်းကျောင်းနိုင်စွမ်းရှိသည်။
သို့သော် တိုတောင်းသောစက္ကန့်အနည်းငယ်အတွင်း၌ပင် အမှောင်နတ်ဘုရားငယ်ဝင်ရောက်တိုက်ခိုက်သည့် ဤမျိုးနွယ်စုသည် သုံးပုံတစ်ပုံခန့် သတ်ဖြတ်ခံလိုက်ရပြီး ဖြစ်သည်။ မျိုးနွယ်စုအတွင်းနေရာအနှံ့ သွေးများနှင့် အလောင်းများ ပြန့်ကျဲနေကာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
''မင်းကို သတ်ပစ်မယ်...''
ဝက်ဝံစီးနင်းကာ အမှောင်နတ်ဘုရားငယ်ထံပြေးဝင်လာသည့်နတ်ဆရာသည် ဒေါသအပြည့်ဖြင့်ကြုံးဝါးလိုက်သည်။
ထို့နောက်သူ၏ လွှဲခုတ်လိုက်သော ဓားချက်သည် အမှောင်နတ်ဘုရားငယ်၏ ဦးခေါင်းပေါ်သို့ ကျရောက်သွား၏။
''ကလောင်...''
သံ သံချင်း ထိခတ်သံတစ်သံ ထွက်ပေါ်လာလေသည်။ နတ်ဆရာ၏ ဓားကိုင်ထားရာလက်မအဟကြားသည် ကွဲထွက်သွားပြီး လက်ထဲရှိဓားသည်လည်း ကျိုးပဲ့သွားကာ အဝေးသို့ ပျံသန်းလွင့်စင်သွားသည်။
သို့သော်အမှောင်နတ်ဘုရားငယ်သည် မည်သည့် ဒဏ်ရာမျှ ရရှိခြင်း မရှိချေ။
''ဟားဟားဟား... မိုက်မဲလှတဲ့ သက်ရှိ... မင်း ငါ့ကို သတ်လို့ မရပါဘူးကွာ...''
ထိုအချိန်တွင် မျိုးနွယ်စုအတွင်းရှိအသက်ရှင် ကျန်ရစ်သူများ ရောက်ရှိလာကြကာ အမှောင်နတ်ဘုရားငယ်ကို သတ်ရန်နည်းမျိုးစုံစဉ်းစားကြသည်။
''သူ့ကို ရေနှစ်သတ်ကြမယ်...''
''မြေမြှုပ်ပစ်လိုက်...''
''အရှင်လတ်လတ်မီးရှို့ပစ်...''
''မြင်းငါးကောင်နဲ့ ဆွဲဖြတ်ကြမလား...''
နောက်ဆုံးတွင်နတ်ဆရာသည် လူအုပ်ကို တားဆီးလိုက်ကာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
''တော်တော့... သူ့ကို တုပ်နှောင်ထားလိုက်... ငါ သူ့ကို ထျန်းခမ်း နတ်ဆရာအကြီးအကဲဆီကို ခေါ်သွားပြီး အပြစ်ပေးခိုင်းမယ်...''
ထျန်းခမ်းသည် မြက်ခင်းပြင်ကမ္ဘာ၏ အသန်မာဆုံး ပုဂ္ဂိုလ် ဖြစ်ရာ သူ့ထံတွင် နည်းလမ်း ရှိလိမ့်မည်ဟု ထိုမျိုးနွယ်စု၏ ခမ်း တစ်ဖြစ်လည်း နတ်ဆရာက ယူဆထားလေသည်။
သူ၏ချုပ်နှောင်ခြင်းနည်းစနစ်တွင် အချိန်ကန့်သတ်ချက် ရှိသဖြင့် ချက်ချင်းပင် ခရီးနှင်ရန် ပြင်ဆင်လိုက်သည်။ ထို့နောက်အမှောင်နတ်ဘုရားငယ်ကို မြင်းတစ်ကောင်၏နောက်တွင် ချည်နှောင်ကာ တရွတ်တိုက် ဆွဲခေါ်သွားလေသည်။
ညစ်ပတ်သော ရွှံ့နွံများနှင့် မြက်ခြောက်များသည် အမှောင်နတ်ဘုရားငယ်၏ မျက်နှာပေါ်သို့ ဖုံးလွှမ်းသွားသဖြင့် သူသည် အလွန် ဒေါသထွက်သွားရ၏။ သို့သော်လည်း ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏စည်းမျဉ်းနိယာမကို ဖောက်ထွက်ကာ အချုပ် အနှောင်မှလွတ်မြောက်ရန်မတတ်သာဖြစ်နေရသည်။
မိုင်တစ်ထောင်အကွာအဝေးသည် ဝေးသည်ဟု မဆိုသာသော်လည်း နီးသည်လည်းမဟုတ်ချေ။ မြင်းကောင်းတစ်ကောင်ဖြင့်ဆိုပါလျှင် တစ်ရက်အတွင်းရောက်ရှိနိုင်သောအကွာအဝေးဖြစ်၏။
အမှောင်နတ်ဘုရားငယ်တစ်ယောက်သာ ဟူဘီလိုင်း မျိုးနွယ်စုအတွင်းသို့ ရောက်ရှိသွားပါက ကျုံးရှန်ထံတွင် သူ့ကို သုတ်သင်ရန် နည်းလမ်းများစွာ ရှိပေသည်။
....
မြက်ခင်းပြင်ကမ္ဘာရှိ အရပ်မျက်နှာတစ်ခု။
ဟူဘီလိုင်း မျိုးနွယ်စုမှ မိုင်ရှစ်ရာခန့် ဝေးသော နေရာတစ်ခုတွင် ဂူချီရှာတစ်ယောက် အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။
သူသည်လည်း လမ်းတစ်လျှောက်ရှိဂူမုံမျိုးနွယ်စု အများအပြားကို သုတ်သင်ခဲ့ပြီး ခမ်းတစ်ယောက်ပင်သတ်ဖြတ်နိုင်ခဲ့သည်။ သို့ဖြစ်ရာ ဂူချီရှာသည် နာဒါမ် ပွဲတော်အကြောင်းကို သိရှိထားပြီး ဤအခွင့်အရေးကိုလက်လွတ်ခံမည်မဟုတ်ချေ။
သူသည် နာဒါမ်ပွဲကျင်းပမည့်နေရာတွင် စုရုံးနေမည့် လူသားများကိုသတ်ဖြတ်ကာ နောက်တစ်ဆင့်အနေဖြင့် မျှော်စင်၏နောက်ထပ်အလွှာအထပ်ကိုသွားရောက်ရှာဖွေမည်ဖြစ်သည်။ သူ၏အကြံအစည်သည် ခဲလုံးတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ကိုပစ်နိုင်ပေလိမ့်မည်။
သို့သော် ဂူချီရှာသည် သူကိုယ်တိုင် ကျုံးရှန်၏ ပိုက်ကွန်အတွင်းသို့ ဝင်ရောက်နေခြင်း ဖြစ်မှန်းကို သိရှိထားခြင်းမရှိပေ။