အခန်း (၂၆၉)
Vol. 27 Ch. 269
ဂူချီရှာနှင့် ပိုင်ကျင်းကျင်းတို့အပြင် ဂူမုံမြက်ခင်းပြင်အတွင်းသို့ ဝင်ရောက်လာကြသော အခြား ငရဲမိစ္ဆာများသည်လည်း ဟူဘီလိုင်း မျိုးနွယ်စု တည်ရှိရာဆီသို့ တဖြည်းဖြည်း စုရုံးရောက်ရှိလာကြသည်။
သက်ရှိများကို သတ်ဖြတ်ကာ ခွန်အားများ စုပ်ယူရရှိရန် ကြိုးပမ်းခြင်းသည် အလွန်တရာ အရေးကြီးလှသော ကိစ္စရပ် ဖြစ်သော်လည်း လက်ရှိ အခြေအနေတွင်မူ ထို့ထက် ပိုမို၍ အရေးပါသော ကိစ္စသည်မျှော်စင်၏ နောက်ထပ် အထပ်များသို့ ဆက်လက် တက်လှမ်းနိုင်ရန်သာဖြစ်သည်။
သို့သော်လည်း ဓားတစ္ဆေဂူကျဲထူ၏ နှောင့်ယှက်မှုကြောင့် ကောင်းကင်တက်လှမ်းခြင်း မျှော်စင်အတွင်းသို့ ဝင်ရောက်လာနိုင်သည့် မိစ္ဆာ အရေအတွက်သည် စုစုပေါင်း တစ်ထောင်ခန့်သာ ရှိကာ ထိုအထဲတွင် အထပ်တစ်ထောင်အထိ တက်လှမ်းနိုင်စွမ်း ရှိကြသော မိစ္ဆာအရှင်သခင် များမှာလည်း ဆယ်ဂဏန်းခန့်သာ ရှိသည်။
ကျန်ရှိနေသော မိစ္ဆာ အများစုသည် အထပ် ၅၀၀ နှင့် ၉၀၀ ကြားတွင် ပိတ်မိနေကြကာ အထပ်မြင့်များသို့ တက်လှမ်းနိုင်ရန်အတွက် အသည်းအသန် ကြိုးပမ်း အားထုတ်နေကြရဆဲ ဖြစ်၏။ မိမိအကန့်အသတ်သို့ရောက်ရှိသွားသော မိစ္ဆာများသည် မျှော်စင်၏ လှေကားထစ်များပေါ်၌ပင် တင်ပလ္လင်ခွေ ထိုင်ကာ စိတ်ကို တည်ငြိမ်အောင် ထားရှိပြီး ကျင့်ကြံမှုများပြုနေကြပြီဖြစ်သည်။
သူတို့သည် မိမိတို့၏ ခွန်အား တိုးတက်လာပါက မျှော်စင် အထပ်အသစ်များကို တစ်ဆင့်ပြီး တစ်ဆင့် ထပ်မံတက်လှမ်းကြလေသည်။ ဤသို့ဖြင့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကိုတက်လှမ်းရန် နည်းလမ်းမျိုးစုံကိုအသုံးပြု၍ ကြိုးစားနေကြလေသည်။
ဟူဘီလိုင်းမျိုးနွယ်စု အတွင်း၌ ရှိနေသော ကျုံးရှန် တစ်ယောက်လည်း ဟူဘီလိုင်း မျိုးနွယ်စု၏ အပြင်ဘက်သို့ ငရဲမိစ္ဆာများမကြာခဏ ရောက်ရှိလာရာ ကြာရှည်စွာဖြင့် အေးအေးချမ်းချမ်း ကျင့်ကြံနိုင်ခြင်း မရှိခဲ့ချေ။ သို့သော်လည်း ထိုမိစ္ဆာများသည် ကျုံးရှန်နှင့် ရင်ဆိုင်လိုက်ရသည့် ခဏ၌ပင် သွေးပျက်ဖွယ် ကောင်းလှသော အသားပုံများအဖြစ်သို့ ပြောင်းလဲသွားကြရသည်။ ကျုံးရှန်၏ လက်သီးချက်များတွင် အရာအားလုံးကို အမှုန့် ကြေစေနိုင်သည့် စွမ်းအားများ ကိန်းအောင်းပါဝင်နေသောကြောင့်ဖြစ်သည်။
ကျုံးရှန်သည် အသားပြားဖြစ်သွားသောထိုသူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ပါရှိသည့် ရတနာ အသုံးအဆောင် မှန်သမျှကို တစ်ခုမကျန် သိမ်းဆည်းလေ့ရှိ၏။ ဝမ်းနည်းစရာကောင်းသည်မှာ ထိုမိစ္ဆာများသည် ရွှယ်ဖုန်းအာ၊ အမှောင်နတ်ဘုရားငယ်၊ ဂူချီရှာ နှင့် ပိုင်ကျင်းကျင်း တို့ကဲ့သို့ ထူးခြားသည့် အမွေအနှစ်များ သို့မဟုတ် စွမ်းရည်များကို ပိုင်ဆိုင်ထားကြသူများ မဟုတ်ခဲ့ရာ ကျူံးရှန်၏အာရုံကိုဖမ်းစားနိုင်သည့် အရာများကိုပိုင်ဆိုင်ထားခြင်းမရှိခဲ့ပေ။
အကယ်၍ ထိုသူတို့၌ ထူးခြားသော အမွေအနှစ်များ ရှိနေခဲ့ပါလျှင်လည်း ကျုံးရှန်သည် ယင်းတို့ကို မလွဲမသွေ သိမ်းယူသွားမည် ဖြစ်သည်။
ယခုအခါတွင် ကျုံးရှန်သည် ဟူဘီလိုင်းမျိုးနွယ်စု၏ အပြင်ဘက် မြက်ခင်းပြင်ရှိ ကုလားထိုင်တစ်လုံးပေါ်၌ သက်သောင့်သက်သာ ထိုင်နေသည်။ သူ၏ လက်ထဲတွင် ဝမ်ရှန့်ကုန်းမြေတိုက် မှတ်တမ်း အမည်ရှိ စာအုပ်ကို ကိုင်ဆောင်ထားကာ စိတ်ဝင်တစား ဖတ်ရှုနေ၏။
ဝမ်ရှန့် နတ်ဘုရား ကုန်းမြေတိုက်ကြီးသည် ကျုံးရှန် တွေးထင်ထားသည်ထက် ပိုမို၍ နက်နဲ ရှုပ်ထွေးလှပေသည်။ သူ၏ ယူဆချက်အရ ဤတိုက်ကြီး တည်ရှိရာ နေရာသည် ကမ္ဘာပေါင်းစုံမှ ကွဲပြားသော ဟင်းလင်းပြင် အတိုင်းအတာများ ဆုံစည်းရာ ဗဟိုချက် ဖြစ်နိုင်သည်ဟု သံသယ ဖြစ်နေမိလေသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင်လျှင် ကမ္ဘာကူးပြောင်းလာသူ အတော်များများကို တွေ့ဆုံခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။
ကျုံးရှန်အပါအဝင် ဟွမ်ရှား မျိုးနွယ်စုမှ ကျိန်စာနတ်ဘုရားမ အာမန်ရာနှင့် ငရဲကမ္ဘာအတွင်း၌ တွေ့ဆုံခဲ့သည့် ဖာဟိုင်ဆရာတော်တို့သည် မတူညီသည့်ကမ္ဘာများမှ ကူးပြောင်းလာသူများ ဖြစ်ကြသည်။ ထိုသူများထဲတွင် ဖာဟိုင်သည် ကမ္ဘာများအကြား လွတ်လပ်စွာ ကူးသန်း သွားလာနိုင်သည့် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်ကာ သူ၏ ခွန်အားသည် လွတ်မြောက်ခြင်း အဆင့်၏ အထက်တွင် ရောက်ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
ထို့ပြင်ကျုံးရှန် ဖတ်ရှုနေသော စာအုပ်အတွင်း၌ လွန်ခဲ့သောနှစ်သက်တမ်းများစွာက ပျောက်ကွယ်သွားခဲ့ကြသည့် အံ့သြဖွယ်ရာ ကောင်းလှသော ပုဂ္ဂိုလ်ကြီးများအကြောင်းကို မှတ်တမ်းတင်ထားသည်။ ထိုမှတ်တမ်းများထဲမှ ပုဂ္ဂိုလ်ကြီး တစ်ဦးသည် ထူးဆန်းသော စက်ကိရိယာများနှင့် ရုပ်သေးရုပ်များကို တည်ဆောက်နိုင်စွမ်း ရှိသူ ဖြစ်ကာ သူသည် ထိုအရာများကို မောင်းနှင်ရန်အတွက် အမျိုးမျိုးသော ဝိညာဉ်ကျောက်တုံးများကို စွမ်းအင် အရင်းအမြစ်အဖြစ် အသုံးပြုခဲ့လေသည်။
ထိုပုဂ္ဂိုလ်ကြီးသည် အမြင့်ပေ ပေါင်းသောင်းချီ၍ မြင့်မားသော သံမဏိ ရုပ်သေးရုပ်ကြီးများကိုပင် တည်ဆောက်ခဲ့ကာ ထိုသံမဏိ ရုပ်သေးရုပ်ကြီးများသည် စစ်မှန်သော နတ်ဘုရားများနှင့် ရင်ဆိုင် တိုက်ခိုက်သည့် အခါ၌ပင်အရေးနိမ့်ခြင်း မရှိဘဲ တူညီသော ခွန်အားဖြင့် တုံ့ပြန်နိုင်စွမ်း ရှိခဲ့ကြသည်။
ဝမ်ရှန့်ကုန်းမြေတိုက် မှတ်တမ်း စာအုပ်အတွင်း၌ ရှေးဟောင်း မှတ်တမ်းများအပေါ် အခြေခံ၍ ပြန်လည် ရေးဆွဲထားသော ပုံစံတူ ပန်းချီကားများလည်း ပါရှိရာ ထို ပေပေါင်းသောင်းချီ မြင့်သော သံမဏိ ရုပ်သေးရုပ်ကြီးသည် အမှန်စင်စစ်တွင် အလွန် ကြီးမားသော စက်ရုပ်စစ်သည်တစ်ခု ဖြစ်နေသည်မှာ ထင်ရှားလှ၏။ လက်ရှိ ကမ္ဘာတွင် အသုံးပြုနေကြသည့် ရုပ်သေး နည်းပညာများနှင့် စစ်မြေပြင်သုံး အမြောက် နည်းပညာများသည် ထိုပုဂ္ဂိုလ်ကြီး၏ ပညာရပ်များထဲမှ အပေါ်ယံ အမွေအနှစ် အနည်းငယ်ကိုအသုံးပြုကာ ပြန်လည်ဖန်တီးထားခြင်းဖြစ်သည်။
ဥပမာအားဖြင့် ကျုံးရှန်၏ ကိုးဆင့်ပြောင်းလဲစစ်သင်္ဘောပေါ်ရှိ ကိုးဆင့်အမြောက်များနှင့်ထျန်းမြင့်မြတ်နယ်မြေ၏ ဝိညာဉ်စွမ်းအား အမြောက်များဖြစ်သည်။
ဝမ်းနည်းစရာ ကောင်းလှသည်မှာ ထိုလျှို့ဝှက်ဆန်းပြားသော ပုဂ္ဂိုလ်ကြီးသည် ကမ္ဘာဦးကာလ၏ နှောင်းပိုင်းနှစ်များတွင် ပျောက်ကွယ်သွားခဲ့ကာ သူ၏ သုတေသန မှတ်တမ်းများနှင့် ဒီဇိုင်း ပုံစံများ အားလုံးလည်း ပျောက်ဆုံးသွားခဲ့ရလေသည်။ ထို့အပြင် သူ့၌ တပည့် သာဝက မရှိခဲ့သဖြင့် ထိုနည်းပညာများသည် အပေါ်ယံအမွေအနှစ်အချို့သာ လူသားများထံသို့ လက်ဆင့်ကမ်း ရောက်ရှိခဲ့သည်။ သို့သော်လည်း ထိုနည်းပညာ အမွေအနှစ်အချို့သည်ပင်လျှင် ယနေ့ခေတ်၌ အလွန် အဖိုးတန်လှသော အရာများ ဖြစ်နေကြရသည်။
ရှေးဟောင်း ဧကရာဇ်ခေတ်ဦးမှ စတင်ကာ ယခုကဲ့သို့သော ကျင့်ကြံခြင်း စွမ်းအားများ လျော့နည်းလာသည့် ခေတ်နှောင်းပိုင်း ကာလအထိ ဝိညာဉ် စွမ်းအင်သုံး လက်နက်အသုံးအဆောင်များသည် ဖြည်းညှင်းစွာ တိုးတက်လာခဲ့ကြသည်။ ကျုံးရှန်၏ အမြင်အရ ထိုစက်ရုပ်ကြီးများကို တည်ဆောက်နိုင်ခဲ့သော ပုဂ္ဂိုလ်သည် အလွန် မြင့်မားသော သိပ္ပံ နည်းပညာထွန်းကားသည့်ကမ္ဘာမှ ကူးပြောင်းလာသူ တစ်ဦးဖြစ်နိုင်သည်။
နတ်ဘုရား အယူအဆနှင့် သိပ္ပံပညာသည် အမှန်စင်စစ်တွင် တူညီသော လက္ခဏာများ ရှိကြ၏။ ယင်းတို့ နှစ်ခုလုံးသည် စည်းမျဉ်းနိယာမများကို နားလည်ရန် ကြိုးစားခြင်း၊ အသုံးချခြင်း၊ ပြောင်းလဲခြင်းနှင့် အသစ်တဖန် ဖန်တီးခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ကျုံးရှန်အနေဖြင့် သိပ္ပံပညာသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားလျှင် စည်းမျဉ်းနိယာမများကို ထိန်းချုပ်နိုင်စွမ်းနှင့် လောကကြီးကို ပြောင်းလဲနိုင်သော စွမ်းအားများ ရှိလာမည်ဟု တွေးထင်မိလေသည်။
ဝမ်ရှန့်ကုန်းမြေတိုက် မှတ်တမ်းစာအုပ်ကို ဖတ်ရှုလျက် အတွေးများကြားနစ်မြောနေသည့်ကျုံးရှန်သည် ရုတ်တရက်အကြောဆန့်လိုက်၏။
''ဒီကောင်တွေ လာတာ တော်တော် နှေးတာပဲ...''
ငါးမျှားသကဲ့သို့ စောင့်ဆိုင်းနေရခြင်းသည် သက်သောင့်သက်သာ ရှိလှသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ငြီးငွေ့ဖွယ် ကောင်းလာလေသည်။ သူသည် ထိုင်နေရာမှ ထလိုက်ကာ ဝမ်ရှန့်ကုန်းမြေတိုက် မှတ်တမ်းစာအုပ်ကို သိမ်းဆည်းလိုက်လျှင် အဝေးတစ်နေရာဆီမှ မြေမှုန့်များ ထူထပ်စွာ လွင့်ပျံလာသည်ကို မြင်တွေ့လိုက်ရသည်။
ယင်းတို့သည် ကွဲပြားသော အရပ်မျက်နှာ နှစ်ခုမှ လာနေခြင်း ဖြစ်ကာ ကျုံးရှန်၏ ထက်မြက်လှသော မျက်လုံးများသည် ထိုအရာများမှာ ငရဲမိစ္ဆာများ ဖြစ်သည်ကို ချက်ချင်းပင်သတိထားမိသွားလေသည်။
သူတို့သည် မြင်းများကို အရှိန်အဟုန်ပြင်းစွာ စီးနင်းကာ ပြေးဝင်လာကြခြင်း ဖြစ်သည်။ တစ်ဦးသည် ကျုံးရှန်သိရှိထားသည့် မျှော်စင် အပြင်ဘက်တွင် လီလီဗီကို နှောင့်ယှက်ခဲ့ဖူးသော ဂူချီရှာ ဖြစ်ကာ အခြားတစ်ဦးမှာ နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော အသူရာဝိညာဉ် ဘုရင်၏ သမီးတော် ပိုင်ကျင်းကျင်း ဖြစ်သည်။
''နောက်ဆုံးတော့ ငါးကြီးတွေ ရောက်လာပြီပဲ...''
ကျုံးရှန်၏ နှုတ်ခမ်းများသည် ပြုံးရောင်သန်းသွားကာ ကြည်လင်တောက်ပသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
ဂူချီရှာသည် အရိပ်မိစ္ဆာ မျိုးနွယ်စုမှ ဂမ္ဘီရအရိပ်မိစ္ဆာအရှင်သခင်ကြီး၏ ဆက်ခံသူ ဖြစ်သည်။ ထိုဂမ္ဘီရအရိပ်မိစ္ဆာ အရှင်သခင်သည် ငရဲကမ္ဘာအတွင်း၌ လုပ်ကြံ သတ်ဖြတ်ခြင်း အပိုင်းတွင် ပထမဟု ကျော်ကြားသူ ဖြစ်ကာ သတ်ဖြတ်ခြင်း နည်းလမ်း ခုနစ်မျိုးကို ကျင့်ကြံထားပြီး တစ်ချက်တည်းဖြင့် အသက်ကို နှုတ်ယူနိုင်သော စွမ်းရည် ရှိသည်။
ရှေးယခင်က ဂမ္ဘီရအရိပ်မိစ္ဆာ အရှင်သခင်သည် အရာအားလုံး၏ အကျိုးအကြောင်း ဆက်နွယ်မှုများနှင့် ကံကြမ္မာ ကြိုးမျှင်များကို ဖြတ်တောက်နိုင်သည့် ကြောက်မက်ဖွယ် နည်းစနစ်များကို အသုံးပြုကာ လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် သူ၏ သတ်ဖြတ်မှုများသည် သဲလွန်စ ရှာမရ ဖြစ်ခဲ့ရသည်။ အကယ်၍ ကျုံးရှန်သည် ဂူချီရှာကို သုတ်သင်ကာ သူ၏ အမွေအနှစ်များကို သိမ်းယူလိုက်မည် ဆိုပါက သူ၏ လက်အောက်တွင် အစွမ်းထက်သော လုပ်ကြံသတ်ဖြတ်သူ တစ်ဦးကို ထပ်မံ၍ မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။
ပိုင်ကျင်းကျင်းသည်လည်း သာမန် ပုဂ္ဂိုလ် မဟုတ်ချေ။ သူမ၏ ဖခင်သည် အသူရာဝိညာဉ် ဘုရင် ဖြစ်ပြီး အသူရာဝိညာဉ် မြင်းစီး စစ်သည် တစ်သိန်းကို အုပ်ချုပ်သူ ဖြစ်သည်။
ထိုစစ်သည်တော်များသည် သေခြင်းတရား၏ အမှတ်အသားများကို ပိုင်ဆိုင်ထားကြသဖြင့် မသေမျိုးများကဲ့သို့ပင် ဖြစ်ကာ ထိုစစ်သည် တစ်သိန်း၏ ခွန်အားသည် ငရဲကမ္ဘာရှိ ကမ္ဘာ အတော်များများကို နင်းချေနိုင်စွမ်း ရှိ၏။
ပိုင်ကျင်းကျင်းသည် ယင်းသို့သော အရှင်သခင်၏ သမီးတော် ဖြစ်ပြီး သူမ၏ စွမ်းရည်သည်လည်း လျှော့တွက်၍ မရနိုင်ချေ။ သူမသည် မွေးရာပါ ဝိညာဉ်များကို ထိန်းချုပ်နိုင်စွမ်း ရှိသည့် ထူးခြားသောမင်ဝမ် ခန္ဓာကိုယ် အမျိုးအစားကို ပိုင်ဆိုင်ထားသူဖြစ်သည်။
ထိုခန္ဓာကိုယ်သည် သေပြီးသော ဝိညာဉ်များ၊ အလောင်းများနှင့် အရိုးစုများကို စိတ်ကြိုက် စေခိုင်းနိုင်စွမ်း ရှိ၏။ သူမသည် သေဆုံးနေသော အရာများကို အသက်စွမ်းအား အသစ် ပေးစွမ်းခြင်းဖြင့် ခံစားချက်မရှိသည့် သစ္စာရှိလှသော မသေမျိုး စစ်သည်တော်များအဖြစ် ပြောင်းလဲနိုင်လေသည်။
သူမအတွက် သေခြင်းတရား လွှမ်းမိုးထားသော နယ်မြေတစ်ခုပေးမည် ဆိုပါက ခဏချင်းအတွင်းပင် စစ်တပ်ကြီး တစ်ခုကို တည်ဆောက်နိုင်စွမ်း ရှိလေသည်။
ဤကဲ့သို့သော ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် စွမ်းရည်မျိုးကို ကျုံးရှန်အနေဖြင့် လက်လွတ်ခံမည် မဟုတ်ပေ။ သူ၏ စိတ်အတွင်း၌ အစွမ်းထက်သော ပါရမီများနှင့် ခန္ဓာကိုယ် အမျိုးအစားများ၊ အမွေအနှစ်များ အားလုံးကို စုဆောင်းကာ မိမိ၏ လက်အောက်ခံများအဖြစ် ထားရှိရန် အစီအစဉ်တစ်ခုရှိသည်။
လောကကြီးအတွင်းရှိ ထိပ်တန်း ပါရမီရှင်များ အားလုံးသည် သူ၏ လက်အောက်ခံဖြစ်ရမည် ဆိုသော အတွေးသည် အလွန်တရာ ရဲတင်းလှသော စိတ်ကူးပင် ဖြစ်၏။ ရှေးဟောင်း နတ်ဘုရား ဘုရင်များပင်လျှင် ယင်းကဲ့သို့ ပြုလုပ်ရန် မဝံ့ရဲခဲ့ကြချေ။
သို့သော် ကျုံးရှန်သည် ဤအစီအစဉ်ကို ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ ကူးပြောင်းရောက်ရှိလာသည့် အချိန်မှ စ၍ ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအို ရှုပ်ထွေးလာသည်နှင့်အမျှ ကောင်းကင်ဘုံသည် ကံကြမ္မာသားတော်များနှင့် အမွေအနှစ်များကို စည်းမျဉ်းကန့်သတ်ချက်မရှိ ပေါ်ထွန်းစေခဲ့သည်။ ကျုံးရှန်သည် ထိုသည်ကိုအခွင့်ကောင်းယူကာ ထိုကံကြမ္မာသားသမီးများထံမှ ပါရမီများ လုယူခဲ့သည်မှာ တစ်ရာထက်မနည်း ရှိနေပြီ ဖြစ်သည်။
သူတို့သည် ရှေးဟောင်း သူတော်စင် ပါရမီရှင်များကဲ့သို့ အကျင့်စာရိတ္တ ကောင်းမွန်ကြသူများ မဟုတ်ဘဲ ကောင်းကင်တာအို၏ချို့ယွင်းနေသောထုတ်ကုန်များသာဖြစ်သည်။ ဤသည်မှာ ကံကြမ္မာ စွမ်းအင်များ ဖရိုဖရဲ ဖြစ်နေခြင်း၏ ဆိုးကျိုးတစ်ခုပင်ဖြစ်၏။
ထို့ကြောင့်လည်း ကျုံးထျန်းယွဲ့တစ်ယောက် ဒဏ်ရာ ရရှိစဉ်အခါက ကျုံးရှန်သည် သူတော်စင် အရိုး တစ်ရာကို အလွယ်တကူ ထုတ်ပေးနိုင်ခဲ့သလို ကျုံးကျဲ ဒဏ်ရာ ရရှိစဉ်အခါတွင်လည်းစစ်ဘုရင်၏အမှတ်အသားကို ချီးမြှင့်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
'လာကြစမ်းပါ... ပါရမီစွမ်းရည်တွေနဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်တွေ အားလုံးကို ငါ အကုန် ယူပစ်မယ်...'
ကျုံးရှန်သည် သူ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ကာ အရှိန်အဟုန် ပြင်းထန်စွာဖြင့်လာနေသည့် ဂူချီရှာ ရှိရာ အရပ်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။
မြင်းကို စီးနင်းကာ ပြေးဝင်လာသော ဂူချီရှာသည် မိမိထံသို့ သေမင်း ချဉ်းကပ်လာနေသည်ကို လုံးဝ သိရှိခြင်း မရှိသေးချေ။
'ဒါက ဟူဘီလိုင်း မျိုးနွယ်စုပဲ ဖြစ်ရမယ်...'
'သက်ရှိတွေ တော်တော် များသားပဲ...'
'အရင်ဆုံး ဒီမျိုးနွယ်စုက လူတွေကို အကုန် သတ်ပစ်မယ်... ပြီးရင် ထျန်းခမ်း ဆိုတဲ့ကောင်ကို ညှဉ်းပန်းနှိပ်စက်ရမယ်...'
'သူတို့ ပြောနေတဲ့ အံ့ဖွယ် စွမ်းအား ဆိုတာက ဘာလဲဆိုတာ ငါ သေချာ သိအောင် လုပ်ရမယ်...'