နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်
Vol. 9 Ch. 826
ပိုင်ရှောင်ချန်းက အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်ရှိရန် ဆယ့်ငါးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ပြုလုပ်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ရုန့်ရင်းဆန်ခတ် ဖြစ်စေမည်ကို သူစိုးရိမ်ခဲ့သည်ဖြစ်ရာ ထို့ထက်ပို၍ ဆက်မသွားဝံ့ခဲ့ပေ။ သူ၏ နာမည်က ငရဲဧကရာဇ်ကျောက်တိုင်တွင် ရေးထိုးခြင်းခံထားရသည်ကို ထည့်တွက်ပါက သူ အဆင့်မြှင့်တင်ခြင်းတစ်ခု လုပ်လျှင်ပင် တစ်ကမ္ဘာလုံးသိသွားမည် ဖြစ်သည်။
နောက်ပိုင်း သူသည် ဆယ့်ခြောက်ရောင်ခြယ်မှ ဆယ့်ကိုးရောင်ခြယ်မီးတောက်အထိ အောင်မြင်ခဲ့ပါသော်လည်း ၎င်းတို့ကို ကြည့်နေရုံမှလွဲ၍ သူ ဘာမှမလုပ်နိုင်ခဲ့ပေ။ အခွင့်ကောင်းရှာမတွေ့မချင်း ယင်ယန်ဝိညာဥ်ကို အဆင့်မြှင့်တင်ရန် သူ မလုပ်ရဲခဲ့ပေ။
သူ၏ မူလအစီအစဥ်က နတ်တစ်ပါးအဖြစ်သို့ တိုက်ရိုက်တက်သွားနိုင်သည့်တိုင်အောင် စောင့်ရန် ဖြစ်သည်။ သို့သော် ယခုတွင် သေရေးရှင်ရေး အခိုက်အတန့် ဖြစ်နေသောကြောင့် အကျိုးဆက်များကို ရှည်ရှည်ဝေးဝေး စဥ်းစားနေရန် အချိန်မရှိပေ။
သူ၏ သနားစရာအသက်လေးကို ထိန်းသိမ်းရမည်ဆိုလျှင် သူ၏သရုပ်မှန်ကို ဖော်ထုတ်ခြင်းက ဒုတိယဦးစားပေးသာ ဖြစ်သည်။ ထို့ပြင် ကုန်းစွန်းဝမ်အာက သူ့အယောင်ဆောင်ထားသည်။ လူတိုင်းက သူမအား အာရုံစိုက်နေမည်ကို စဥ်းစားတွေးတောကာ သူ၏ယင်ယန်ဝိညာဥ်ကို ထပ်မံ အဆင့်မြှင့်တင်ခြင်းက အာရုံစိုက်မခံရစေရန် သူ မျှော်လင့်နေသည်။
" ငါ အဲဒီအကြောင်းတွေ အားလုံး တွေးနေဖို့ အချိန်မရှိဘူး "
သူ့မျက်ဝန်းများ နီမြန်းနေလျက် တွေးလိုက်သည်။ သခင်မလေးဟုန်ချိန်က မည်သို့တုံ့ပြန်လာမည်ကို မသိရသော်လည်း ယခုအချိန်က သူတို့နှစ်ယောက်လုံးအတွက် ဘေးကြပ်နံကြပ်အခြေအနေ ဖြစ်သည်။ သူမအကြောင်း နောက်မှ စိတ်ပူရန် အချိန်ရှိမည်။ ကုန်းစွန်းဝမ်အာကြောင့် သူ ဖိအားများစွာ ခံစားနေရသည်။ သူမသည် အချိန်မရွေး လွတ်မြောက်လာနိုင်ပြီး အကယ်၍ သူတို့ကို လိုက်ဖမ်းလျှင် အကျိုးဆက်များမှာ တွေးကြည့်ရန်ပင် ခဲယဥ်းလွန်းလှသည်။
ယခုအချိန်တွင် သူက တတ်နိုင်သမျှ စွမ်းအားကြီးမားနေရမည်ဖြစ်ကြောင်း သိသည်။ သူတို့အနေဖြင့် ထွက်ပြေးနိုင်ရန်အတွက် ပထမဦးစွာ သတ်မရသော လဲ့ရှန်ကို ရှင်းထုတ်ရန် လိုအပ်သည်။
အချိန်က အကန့်အသတ်ရှိပြီး သခင်မလေးဟုန်ချိန်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည်။ အမှန်တကယ်ဆိုရလျှင် လဲ့ရှန်နှင့် တိုက်ခိုက်သည့် အခိုက်အတန့်တိုင်းက သူမအတွက် အလွန်ပြင်းထန်သော အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ အပြင်ဘက်မှ တိုက်ပွဲ၏ တိုက်ခိုက်ပေါက်ကွဲသံများကြောင့် ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် တင်းမာသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။ သူက အံတင်းတင်းကြိတ်ရင်း အိတ်ကိုပုတ်ကာ ဆယ့်ခြောက်ရောင်ခြယ်၊ ဆယ့်ခုနစ်ရောင်ခြယ်၊ ဆယ့်ရှစ်ရောင်ခြယ်နှင့် ဆယ့်ကိုးရောင်ခြယ်မီးတောက်များကို ထုတ်လိုက်သည်။
ရောင်စုံမီးတောက်များစွာ ပေါ်ထွက်လာခြင်းကြောင့် သီးသန့်အခန်းမှာ ရုတ်ချည်း နီရဲသွားသည်။ ပိုင်ရှောင်ချန်းက မန္တန်လက်ကွက်တစ်ခုကို အလျင်အမြန်ဖော်လိုက်ပြီးနောက် သူ့ခေါင်းကို ထိလိုက်ရာ သူ၏ ယင်ယန်ဝိညာဥ် အပြင်ထွက်လာလေသည်။
အလယ်ပိုင်းယင်ယန်ဝိညာဥ်အဆင့်ရောက်ပြီး အထူးသဖြင့် ဆယ့်ငါးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ပြီးနောက် သူ၏ယင်ယန်ဝိညာဥ်က ပို၍သန်မာလာ၏။ ၄င်းသည် ခန္ဓာကိုယ်အပြင်ဘက်တွင် ရှိနေရခြင်းကြောင့် အလွယ်တကူ မတုန်လှုပ်တော့သည်သာမက အေးစက်မှုလည်း သက်ရောက်မခံရတော့ပေ။
အမှန်တွင် ၄င်းနှင့် သူ၏ခန္ဓာကိုယ်ကြား၌ ကွာခြားမှုနည်းနည်းရှိသော်လည်း ပိုင်ရှောင်ချန်းက အာရုံစိုက်မနေတော့ပေ။ ယင်ယန်ဝိညာဥ်ပုံစံဖြင့် အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူက လိပ်ဒယ်အိုးထဲတွင် တင်ပျဥ်ခွေထိုင်လိုက်ပြီးနောက် သူ၏လက်ကို ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ထံ ဝှေ့ယမ်းလိုက်သည်။
ဆယ့်ခြောက်ရောင်ခြယ်မီးတောက်က လိပ်ဒယ်အိုးကို ထိသောအခါ ဒယ်အိုး၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော ရှုပ်ထွေးသည့် သင်္ကေတများ ပေါ်ပေါက်လာပြီး ရွှေရောင်အလင်းများ စူးရှတောက်ပလာကာ ပိုင်ရှောင်ချန်း၏ ယင်ယန်ဝိညာဥ်ကို ဖုံးလွှမ်းလိုက်သည်။
သူ့နားနှစ်ဖက်တွင် ပြင်းထန်ပြီး နားကွဲလုမတတ် ထစ်ခြုန်းသံများ ပြည့်နှက်သွား၏။ သို့သော် ယင်းက သခင်မလေးဟုန်ချိန်နှင့် လဲ့ရှန်တို့ ဆက်လက်တိုက်ခိုက်နေသည့်နေရာကို ရောက်မသွားပေ။
ဗဟိုဧကရာဇ်မြို့တော်ရှိ ငရဲဧကရာဇ်ကျောက်တိုင်ပတ်လည်တွင် စုဝေးနေကြသော ကျင့်ကြံသူများ များများစားစား မရှိပေ။ ပိုင်ရှောင်ချန်းက သူ၏ ယင်ယန်ဝိညာဥ်ပေါ်တွင် ဆယ့်ငါးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ပြုလုပ်ခဲ့ပြီး ပထမနေရာယူသွားသည့် အဖြစ်က လူတိုင်းကို စိတ်ပျက်လက်မှိုင်ကျသွားစေခဲ့သည်။ ထို့နောက်တွင် ယှဥ်ပြိုင်ရန် စိတ်အားထက်သန်သူ မရှိသလောက်ပင်။
လူအများစုအတွက် ဆယ့်ငါးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ရန်မှာ အံဖွယ်သရဲဖြစ်ရပ်ပင်။ ပြိုင်ပွဲအတွက် အသက်များကို လောင်းကြေးထပ် စွန့်စားဝံ့သူ မရှိသလောက်ရှားသည်။
ယခင်ကကဲ့သို့ ငရဲဧကရာဇ်ကျောက်တိုင်ပတ်လည်တွင် လူများများစားစားမရှိသော်လည်း အနည်းငယ်တော့ ရှိသေးသည်။ ဘေးပတ်လည်တွင် ကျင့်ကြံသူ လေးငါးယောက်ရှိပြီး အစပိုင်းတွင် သူတို့က ကျောက်တိုင်ကို အာရုံစိုက်မနေသော်လည်း ကျောင်တိုင်မှ အနက်ရောင်အလင်းများ တောက်ပလာချိန်တွင် သူတို့အားလုံး၏ မျက်နှာများပေါ်မှာ ကြောင်တောင်တောင်အမူအရာများ ထင်ဟပ်လာကာ လှမ်းကြည့်လိုက်ကြသည်။ ထိုအချိန်တွင် သူတို့၏ မျက်လုံးများ ခေါင်းခွံထဲမှ ကျွတ်ကျလုနီးပါး ဖြစ်သွားလေပြီ။
" ပိုင်ရှောင်ချန်း၊ ဒီကောင်၊ ဒီကောင် သူ့ ယင်ယန်ဝိညာဥ်ပေါ်မှာ နောက်ထပ် စိတ်စွမ်းအင်အဆင့်မြှင့်တင်နေပြန်ပြီ "
" ဒါ၊ ဒါက.. "
" ဆယ့်ခြောက်ဆ။ ဒီအဆင့်ရောက်နေတာကိုတောင် နောက်ထပ် စိတ်စွမ်းအင်အဆင့်မြှင့်တင်နေတာလား။ ဒီကောင် ရူးများနေလား "
ပိုင်ရှောင်ချန်းက ခုနစ်ဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော ဒုတိယနေရာရှိသူထက် များစွာ သာလွန်နေသည့်တိုင် မည်သည့်အတွက်ကြောင့် သူ့အသက်ကို စွန့်စားနေမှန်း တစ်ယောက်မှ နားမလည်နိုင်တော့ပေ။
သူတို့မှာ ကြံရာမရဖြစ်နေသော်လည်း သူတို့ သိသမျှ လူတိုင်းအား သတင်းမပို့ဘဲ မနေနိုင်တော့ပေ။ မကြာမီ သတင်းများ ပျံ့သွား၏။ မကြာမီ ဗဟိုဧကရာဇ်မြို့တော်ရှိ လူတိုင်း ထိုအကြောင်း ပြောလာကြတော့သည်။
" ဆယ့်ခြောက်ဆ"
" စောစောကမှ နတ်မိမယ်ဟုန်ချိန်က ပိုင်ရှောင်ချန်းနောက် လိုက်သွားတာမလား။ သူက ဘာလို့ အခု စိတ်စွမ်းအင်အဆင့်မြှင့်တင်နေနိုင်တာတုံး "
သို့သော် ဗဟိုဧကရာဇ်မြို့တော်တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေစဥ် ပိုင်ရှောင်ချန်း၏ နာမည်က အနက်ရောင်အလင်း ထပ်မံလင်းလက်လာ၏။ တစထက်တစ အလင်း ပျောက်ကွယ်သွားချိန်တွင် သူ့နာမည်ဘေးရှိ နံပါတ် ပြောင်းလဲသွားခဲ့လေပြီ။ ဆယ့်ခြောက်အစား ဆယ့်ခုနစ် ပေါ်ထွက်လာ၏။
" ဘုရားရေ ။ နောက်ထပ် အဆင့်မြှင့်တင်နေသေးပြန်တာလား "
" နတ်မိမယ်ဟုန်ချိန်က သူ့ကို ချောင်ပိတ်ထားလို့ နောက်ထပ် စိတ်စွမ်းအင်မြှင့်တင်ပြီး သေမင်းနဲ့ လောင်းကြေးထပ်ဖို့ ဆုံးဖြတ်လိုက်တာများလား"
ထိုအချိန်တွင် လေသင်္ဘော၏ သီးသန်အခန်းထဲရှိ ပိုင်ရှောင်ချန်း၏ ယင်ယန်ဝိညာဥ်အပေါ် ရွှေအမှတ်အသား ဆယ့်ခုနစ်ခု ရှိနေပြီ ဖြစ်သည်။ သိသာစွာပင် သူ၏ အရှိန်အဝါသည် ယခင်ထက်ပို၍ အားကောင်းလာပြီး အလယ်ပိုင်းယင်ယန်ဝိညာဥ်အဆင့်၏ အထွတ်အထိပ်သို့ သူ အဆင့်တက်သွားလေပြီ။
ယခုအခါ သူသည် နှောင်းပိုင်ယင်ယန်ဝိညာဥ်အဆင့်သို့ ဖောက်ထွက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ပျံလာလေသည်။ ၄င်းက လိပ်ဒယ်အိုးကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် စူးရှတောက်ပနေသော ရွှေရောင်အမှတ်အသားတစ်ခု ပေါ်ပေါက်လာပြီး ပိုင်ရှောင်ချန်း၏ နားထဲတွင် နားကွဲလုမတတ် ထစ်ခြုန်းမြည်ဟည်းသံများ ပြည့်နှက်သွားသည်။
တစတစ အလင်း ပျောက်ကွယ်သွားသည့်အခါ ပိုင်ရှောင်ချန်း၏ ယင်ယန်ဝိညာဥ်သည် ကောင်းကင်တုန်လှုပ်၍ မြေပြင်တို့ အက်ကွဲသွားစေသော စွမ်းအားများထုတ်လွှတ်လိုက်သည့်အတွက် အခန်းထဲတွင် လေပွေတစ်ခု ဖြစ်တည်လာသည်။ ထိုအချိန်တွင် ယင်ယန်ဝိညာဥ်ပုံစံပိုင်ရှောင်ချန်းက မျက်လုံးများ ဖွင့်လိုက်သည်။ သူသည် ကျင့်ကြံခြင်းအခြေခံအဆင့်တက်သွားလေပြီ။
သူသည် အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်မဟုတ်တော့ဘဲ နှောင်းပိုင်းသို့ ရောက်သွားလေပြီ။
အမှန်တကယ်တော့ သူ ဗဟိုဧကရာဇ်မြို့တော်မှ မထွက်ခွာခင်ကတည်းက လက်ရှိအဆင့်ကို တက်နိုင်ခဲ့သော်လည်း မျိုသိပ်ထားခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူသည် ရုတ်ချည်း တိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်ရာ သူ၏ မျက်လုံးများသည် စူးရှသောအလင်းများဖြင့် တောက်ပနေပြီး သူ၏အရှိန်အဝါက ပင်လယ်တမျှ အင်အားကြီးမားစွာ တဝုန်းဝုန်းတောက်ပနေလေသည်။ သူ၏ အတိုက်အခိုက်စွမ်းရည်မှာမူ ယခင်နှင့် မိုးနှင့်မြေပင်။
သို့သော် ဤမျှနှင့် မပြီးသေး။ သူသည် သူ၏ယင်ယန်ဝိညာဥ်အပေါ် စိတ်စွမ်းအင် အဆင့်မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ကတည်းက သူတတ်နိုင်မျှ များများ ဆောင်ရွက်ရမည်ဟု သဘောပေါက်ခဲ့သည်။ သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်ရင်း သူက ဆယ့်ကိုးရောင်ခြယ်မီးတောက်ကို ဆွဲထုတ်ကာ ၄င်းက လိပ်အိုးကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ထက်ပင် ပို၍စူးရှတောက်ပသော ရွှေရောင်အလင်းများ ဖြန့်ကျက်လာလေသည်။
အမှန်တွင် သူရှိနေသည့် သီးသန့်အခန်းက ရွှေရောင်အတိဖြစ်လာသည့်အလား ဖြစ်နေတော့သည်။
အပြင်ဘက်တွင် အံ့သြမှုကြောင့် သခင်မလေးဟုန်ချိန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး လဲ့ရှန်ပင်လျှင် လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံး စိတ်စွမ်းအင်မြှင့်တင်သည့် အခိုးအငွေ့များကို အာရုံမရခဲ့ပေ။ သို့သော် ကောင်းကင်လေသင်္ဘောထဲတွင် အချိန်မရွေး ပေါက်ကွဲတော့မည့် ပြင်းထန်သော အားတစ်ခု ဖြစ်တည်နေသည်ဟု သူတို့နှစ်ယောက်လုံး ပြောနိုင်သည်။
လဲ့ရှန်၏ မျက်လုံးများမှာ အနက်ရောင်အလင်းများဖြင့် တောက်ပသွားပြီး မည်သည့်အရာဖြစ်စေ တားဆီးရန် သခင်မလေးဟုန်ချိန်ကို ကျော်၍ပျံသန်းရန် ပြင်လိုက်သည်။ သို့သော် သခင်မလေးဟုန်ချိန်က မျှော်လင့်ချက်ရောင်ခြည်လေးကြောင့် အားတက်သွားဟန်တူပြီး သူ့လမ်းကို ပိတ်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
တိုက်ပွဲက ပို၍ပြင်းထန်လာစဥ် ဗဟိုဧကရာဇ်မြို့တော်ရှိ လူတိုင်းမှာ အံ့သြတုန်လှုပ်နေကြသည်။ ပိုင်ရှောင်ချန်းက ဆယ့်ငါးဆမှ ဆယ့်ရှစ်ဆအထိ တဟုန်ထိုးအဆင့်တက်သွားသည်ကို လူအပေါင်းသိလိုက်ကြသဖြင့် မြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်နေတော့သည်။ ထိုဆူညံပွက်လောရိုက်မှု၏ ပြင်းထန်မှုသည် ပိုင်ရှောင်ချန်းက ပိုင်ဟောင်အသွင်ဖြင့် လောကဓာတ်အောက်လမ်းဆရာဖြစ်လာစဥ်ကထက် မလျော့ပေ။
မရေမတွက်နိုင်သော ဝိညာဥ်ကျင့်ကြံသူများ ငရဲဧကရာဇ်ကျောက်တိုင်ကို ပျံသန်းလာနေကြပြီး အနက်ရောင်အလင်းများ တောက်ပနေသော ပိုင်ရှောင်ချန်း၏ နာမည်ကို စာရင်းထိပ်တွင် မြင်ရသောအခါ ပင့်သက်ရှိုက်သွားကြလေသည်။
မကြာမီ အလင်းက တစတစ ပျောက်ကွယ်လာပြီး သူ့နာမည်ဘေးရှိ နံပါတ် ထပ်မံပြောင်းလဲသွားသည်။ ၎င်းကို ရှင်းရှင်းလင်းလင်း မြင်လာရစဥ် “ ၁၉ “ ဖြစ်နေသည်ကို လူအများ တွေ့လိုက်ရသည်။
တဒင်္ဂကြာသည်အထိ တိတ်ဆိတ်ခြင်း ကြီးစိုးသွားပြီးနောက် ဆူညံပွက်လောရိုက်လာသည်။
" ဆယ့်ကိုးဆ၊ မဖြစ်နိုင်ဘူး "
" ယင်ယန်ဝိညာဥ်ကိုအသာထား။ မှော်ပစ္စည်းတွေ အပေါ်မှာတောင် ဆယ့်ကိုးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ဖို့ ခက်တာ။ မြေရိုင်းဒေသတစ်ခွင် နှစ်ခု၊ သုံးခုလောက်ပဲ ရှိလောက်တယ်။ အဲဒီလိုပစ္စည်းမျိုးကို ဗဟိုဧကရာဇ်နိုင်ငံတော်မှာ ရှေးဟောင်းအဖိုးထိုက်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်လို့ရတယ် "
" ဆယ့်ကိုးရောင်ခြယ်ကိုထား ပိုင်ရှောင်ချန်း ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဘယ်က ရတာလဲ။မြေရိုင်းဒေသမှာ ဆယ့်ကိုးရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်တာ လောကဓာတ်ပညာရှင် ဝမ်ပင်းပဲရှိတာ "
ယခုထက်ပို၍ ဆူဆူညံညံ မဖြစ်နိုင်တော့ပြီ။ မဟာကောင်းကင်သခင်သာမက ဗဟိုဧကရာဇ်ပါ သက်ရောက်ခံလိုက်ရသည်။ ကောင်းကင်ဘုရင်လေးပါးမှာမူ ဆိုဖွယ်ရာမရှိတော့ပေ။ ပိုင်ရှောင်ချန်းက သူ၏ ယင်ယန်ဝိညာဥ်အပေါ် ဆယ်ငါးဆစိတ်စွမ်းအင်မြှင့်တင်ခြင်းဆောင်ရွက်သည့်အချက်မှာ ကျော်သွား၍ရသော်လည်း ဆယ့်ကိုးဆအဆင့်မြှင့်တင်ခြင်းမှာမူ လုံးဝလက်ဖျားခါလောက်ပေသည်။
ထိုမျှသာမက သရဲကြီးဘုရင်နှင့် မဟာကောင်းကင်သခင်တို့ နှစ်ယောက်လုံးက သခင်မလေးဟုန်ချိန်၏အခြေအနေကို ရိပ်စားမိလိုက်ပြီး ထောက်လှမ်းစစ်ဆေးတော့သည်။
သို့သော် သူတို့ ဆက်သွယ်ရန် ကြိုးစားလိုက်စဥ် မဟာကောင်းကင်သခင် မျက်မှောင်ကြုတ်သွားပြီး သရဲကြီးဘုရင်၏ အမူအရာပြောင်းသွား၏။ ထို့နောက် သူတို့နှစ်ယောက်လုံးက အံသြတုန်လှုပ်စွာ ထရပ်လိုက်ကြသည်။
သခင်မလေးဟုန်ချိန်ကို သူတို့ ဆက်သွယ်၍ မရပေ။
" တစ်ခုခုတော့ မှားနေပြီ "
သရဲကြီးဘုရင်က သရဲကြီးမြို့တော်မှ ပျံထွက်လိုက်ပြီး နေရာအနှံ့သို့ နတ်ဘုရားအာရုံစီးကြောင်းများ ဖြန့်ကျက်လိုက်သည့်အခါ သူ့မျက်လုံးများတွင် ဒေါသ အလင်းရောင်များ တလက်လက် တောက်ပလာသည်။ ထို့နောက် သူက ခပ်ဝေးဝေးသို့ ပျံသန်းသွားပြီး စိုးရိမ်ပူပန်မှုများဖြင့် ရင်တဒိန်းဒိန်းခုန်နေလျက် သူ၏တစ်ဦးတည်းသော သမီးကို ကြိုးစားရှာဖွေလိုက်သည်။