အခန်း (၇၆-၇၈)
Vol. 6 Ch. 76-78
အခန်း (၇၆)
"ငါ လွှတ်မပေးနိုင်ဘူး"
ထိုအမျိုးသားသည် သူမအား စိုက်ကြည့်ရင်းဖြင့် ထပ်ပြော လိုက်လေသည်။
"မင်း ကိုယ့်ကိုကိုယ် သတ်မသေဘူးလို့ ကတိမပေးမချင်း ငါ လွှတ်မပေးနိုင်ဘူး"
နီယန်သည် စိတ်ငြိမ် သွားအောင် ကြိုးစားလိုက်ရင်း သက်ပြင်း တစ်ချက် ရှိုက် လိုက်မိသည်။
"ကျွန်မ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားနေတယ်လို့ ရှင့်ကို ဘယ်သူပြောလဲ"
ထိုအမျိုးသားသည် လည်ပင်းမှ နက်ကတိုင်အား လျော့လိုက်ပြီးနောက် တည်ကြည်လေးနက်စွာ ပြောလိုက်လေသည်။
"အခုလေးတင် မင်း မြစ်ထဲကို ဆင်းသွားတာလေ အဲဒါက သတ်သေဖို့ ကြိုးစားတာ မဟုတ်ရင် ဘာလဲ ငါသာ မရှိရင် မင်း အခုလောက်ဆို ရေနစ်ပြီး သေဆုံးနေတဲ့ အမည်မသိ အလောင်းတစ်ခု ဖြစ်နေလောက်ပြီ"
သူသည် သူမအား ကယ်ခဲ့သည်။ ထို့တိုင် သူမဘက်မှ သူ၏ စေတနာအား ရန်လိုမှုဖြင့်သာ တုံ့ပြန်ခဲ့လေသည်။
"ရုပ်ကလေးက လှလှလေးနဲ့ ဘာကများ မင်းကို မြစ်ထဲ ခုန်ချချင် လောက်အောင် တွန်းပို့လိုက်တာလဲ"
‘တစ်ချိန်လုံး သူက သူမ မြစ်ထဲခုန်ချတော့မယ်လို့ ထင်နေခဲ့တာကိုး...’
နီယန်သည် ထိုအမျိုးသားအား မော့ကြည့်ရင်း ရှင်းပြလိုက်လေသည်။
"ကျွန်မက မြစ်ထဲက ငါးဖမ်းပိုက်ကို သွားယူမလို့ပါ ခုန်ချမလို့ မဟုတ်ပါဘူး ကျွန်မတို့ ဒီလို ထိတွေ့နေတာ မကောင်းဘူး အခု ကျွန်မကို လွှတ်ပေးလို့ ရပြီလား"
ထိုအမျိုးသားသည် သံသယဖြင့် နီယန်၏ လက်အား မြဲမြံစွာ ဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။
"မင်း မြစ်ထဲ မခုန်ချဘူးဆိုတာ သေချာလား"
နီယန်သည် လေးနက်စွာဖြင့် ခေါင်းညိတ်ပြ လိုက်လေသည်။
"ကောင်းကောင်းမွန်မွန် ရှင်သန်နေရက်နဲ့ ကျွန်မက ဘာကိစ္စ ကိုယ့်အသက်ကို အဆုံးစီရင်ချင်ရမှာလဲ"
"ဒါဆို ကျိန်ဆိုရဲလား"
ထိုအမျိုးသားသည် နီယန်၏ စကားအား မယုံကြည်ကြောင်း သိသာလှပေသည်။ ရွေးချယ် စရာမရှိတော့သဖြင့် နီယန်သည် လက်သုံးချောင်း ထောင်လျှက် ရိုးသားစွာ ကျိန်ဆို ပြလိုက် ရတော့သည်။
"ကျွန်မ ကျိန်ဆိုပါတယ်"
နီယန်၏ ပုံစံအား မြင်မှသာလျှင် ထိုအမျိုးသားမှ မချင့်မရဲဖြင့် ယုံကြည် သွားပုံရလေသည်။
"ငါ လွှတ်ပေးလိုက်ရင် မင်း ငါ့ကို လိမ်ဖို့ မကြိုးစားနဲ့နော်"
"စိတ်ချပါ"
နီယန်သည် ခပ်ဖွဖွ ခေါင်းညိတ် ပြလိုက်သည်။
ထိုအမျိုးသားမှ သူမအား ဖြည်းဖြည်းချင်း လွှတ်ပေး လိုက်သည်နှင့် နီယန်သည် သူမလက်အား ချက်ချင်း ပြန်ရုတ် လိုက်လေသည်။ သူမ၏ အသားအရေသည် သဘာဝအတိုင်း ဖြူဝင်းနေခဲ့ခြင်း ဖြစ်ကာ ထိလိုက်ရုံဖြင့် အလွယ်တကူ နီရဲ သွားတတ်လေသည်။ ထိုအမျိုးသား၏ တင်းကျပ်စွာ ဆုပ်ကိုင်ထားမှုကြောင့် သူမ၏ လက်ကောက်ဝတ်တွင် လက်ချောင်းရာ ငါးချက်သည် စိုးရိမ်ဖွယ် ကောင်းလောက်အောင် နီရဲကာ ကျန်ရစ်ခဲ့တော့သည်။
ထိုအမျိုးသားသည်လည်း သူမလက်ကောက်ဝတ်မှ ပုံမှန် မဟုတ်သည့် အရာအား သတိထားမိသွား ပြီးနောက် ချက်ချင်းပင် သူမအား တောင်းပန်လိုက်လေသည်။
"တောင်းပန်ပါတယ် မင်း လက်ကောက်ဝတ် အဆင်ပြေရဲ့လား"
"ရပါတယ်"
နီယန် အနည်းငယ် မော့ကြည့်လိုက်မိသည်။
"ရှင်က စေတနာနဲ့ လုပ်တာပဲလေ"
နီယန် မမျှော်လင့် မိလိုက်သည်မှာ သူမ၏ အကြည့်တို့သည် ထိုအမျိုးသား၏ ရင်ဘတ်ဆီသို့ ရောက်သွားခြင်းပင် ဖြစ်သည်။ တောက်ပသည့်အနီရောင် သွေးကွက်တစ်ခုသည် သူ၏ အဖြူရောင် ရှပ်အင်္ကျီပေါ်တွင် ထင်းခနဲ ပေါ်နေခဲ့ကာ ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။
ထိုအရာအား မြင်လိုက်ရသောအခါ နီယန် အနည်းငယ် တုန်လှုပ် သွားမိတော့သည်။ အစောပိုင်းတွင် သူမ စိတ်လိုက်မာန်ပါ ဖြစ်နေသဖြင့် ကိုက်လိုက်သည်မှာ အားပါသွားပုံရလေသည်။
ထိုအမျိုးသားသည် သူမ၏ အတွေးများအား မြင်ပုံရပြီးနောက် သာမာန်ကာလျှံကာပင် ပြောလိုက်တော့သည်။
"ငါ ဘာမှမဖြစ်ပါဘူး ဒါက အပေါ်ယံဒဏ်ရာလေးပါ လုံးဝ မနာပါဘူး ကိစ္စသေးသေးလေးပဲလေ ခုနက ငါလည်း အရမ်း စိတ်လောသွားလို့ပါ မဟုတ်ရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး"
သူ၏ စကားများတွင် ထိုအမျိုးသားသည် အပြစ်အားလုံးအား သူ၏ ခေါင်းပေါ်သာ ပုံချရင်း ယောကျာ်းပီသလျှက် ကျက်သရေရှိမှုတို့အား အပြည့်အဝ ပြသနေလျှက် ရှိသည်။
ထိုသည်မှာ နီယန်အား အလွန်ပင် ရှက်ရွံ့သွားစေခဲ့သည်။ မည်သို့ပင် ဆိုစေ ဒဏ်ရာရသွားသူမှာ ထိုသူ ဖြစ်ကာ ကိုက်လိုက်မိသူမှာ သူမ ဖြစ်နေသည် မဟုတ်ပါလော။ သူမသာ စိတ်မထိန်းနိုင် မဖြစ်ခဲ့လျှင် ဤကဲ့သို့ အခြေအနေများ ဖြစ်လာလိမ့်မည် မဟုတ်ချေ။
"ဒဏ်ရာ ဘယ်လောက်နက်လဲ ကျွန်မကို ကြည့်ခွင့်ပေးပါ"
နီယန်သည် သူ၏ ဘေးနားသို့ လျှောက်သွားလိုက်ကာ သူ၏ သတ္တုကြယ်သီးများအား စတင်၍ ဖြုတ်ပေးလိုက်တော့သည်။
ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသည့် သူမ၏ လက်ချောင်း သွယ်သွယ်လေးများသည် သူ၏ ကော်လာတဝိုက်တွင် လျင်မြန်စွာ လှုပ်ရှားနေခဲ့လေသည်။ မကြာမီ ကြယ်သီး သုံးလုံး ပြုတ်သွားတော့သည်။
သူတို့နှစ်ဦး အလွန်နီးကပ်စွာ ရှိနေသဖြင့် သူသာ ခေါင်းငုံ့ကြည့်လိုက်လျှင်မူ သေသပ်စွာ ထုဆစ်ထားသကဲ့သို့ လှပသည့် သူမ၏ မျက်နှာလေးအား မြင်တွေ့နိုင်မည် ဖြစ်ပေသည်။ သူ့ဘက်မှ ကြည့်လျှင် ယပ်တောင်သဖွယ် ရှည်လျားလှပသည့် သူမ၏ မျက်တောင်လေးများသည် တဖျပ်ဖျပ် ခတ်နေခဲ့ကာ ထိုကဲ့သို့ သိမ်မွေ့လှသည့် လှုပ်ရှားမှုလေးများသည် သူ့နှလုံးသားထဲတွင် နူးညံ့သိမ်မွေ့သည့် အရာတစ်ခုအဖြစ် ကျန်ရစ်လျှက် ဂယက်ထစေတော့သည်။
ထို့နောက်တွင်မူ သူမ၏ စင်းလုံးချော နှာတံ မီးတောက်ကဲ့သို့ ရဲရဲနီဆွေးနေသော နှုတ်ခမ်းအစုံနှင့် နို့မလိုင်ကဲ့သို့ ဖြူဥနေသည့် အသားအရေတို့အား တွေ့လိုက်ရတော့သည်။
မိတ်ကပ်များ အထူးတလှယ် လိမ်းခြယ် မထားသော်လည်း သူမသည် ညှို့ယူ ဖမ်းစားနိုင်လောက်အောင် လှပနေဆဲပင် ဖြစ်သည်။
သူသည် တစ်လက်မမျှပင် မလှုပ်ရဲဘဲ တောင့်တင်းစွာ ရပ်နေမိတော့သည်။ အသက် နှစ်ဆယ် နှောင်းပိုင်း အမျိုးသားတစ်ဦး ဖြစ်သော်လည်း သူမ၏ ရှေ့တွင်မူ လူပျိုပေါက် အရွယ်လေးကဲ့သို့ အပြစ် ကင်းစင်နေသကဲ့သို့ ခံစားလိုက်ရတော့သည်။
နီယန် သည် ဒဏ်ရာအား ကြည့်လိုက်မိသည်။ ဒဏ်ရာသည် အတော်လေး နက်ပုံရသည်။ ဤသည်မှာ ပြသာနာပင် ဖြစ်ချေပြီ။ နီယန်မှာမူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိတော့သည်။
လူ၏ ပါးစပ်အတွင်းတွင် ဘက်တီးရီးယား အမျိုးအစားပေါင်း တစ်ထောင်ကျော် ရှိပေသည်။ လူ တစ်ယောက်ထံမှ အကိုက်ခံရခြင်းသည် ပိုးဝင်ခြင်းအား ဖြစ်စေနိုင်ကာ ချက်ချင်း မကုသပါမူ ဆိုးရွားလှသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပေသည်။ လူတစ်ယောက်၏ အသက်ကိုပင် အန္တရာယ် ဖြစ်စေနိုင်သေးသည်။
(** အသက်တောင် အန္တရာယ်ရှိတယ်တဲ့ ဟုတ်လား မဟုတ်လားတော့ မသိဖူး သာသာတော့ အိမ်က လူကြီးကို မကျေနပ်ရင် ကိုက်ပစ်တာပဲ နောက်ဆို ဆင်ခြင်မှ ခိခိခိခိ **)
"ကျွန်မနဲ့ လိုက်ခဲ့ပါ"
နီယန်သည် မျက်လုံးများအား ပင့်လိုက်ကာ ထိုအမျိုးသားအား ကြည့်ရင်း ဆက်ပြောလိုက်လေသည်။
"ဒီဒဏ်ရာကို အိုင်အိုဒင်းနဲ့ ပိုးသတ်ဖို့ လိုတယ် မဟုတ်ရင် ပိုးဝင်သွားလိမ့်မယ်"
ထိုအခါမှ ထိုအမျိုးသားသည် သတိ ပြန်ဝင်လာခဲ့ကာ ကြယ်သီးများအား ပြန်တပ်ရင်းဖြင့် ပြောလိုက်လေသည်။
"ကိုက်ရာလေး တစ်ခုပါပဲ မင်း အဲဒီလောက် ဒုက္ခခံစရာ မလိုပါဘူး"
"ဒုက္ခ မဟုတ်ပါဘူး ခဏလေး ပိုးသတ်ပေးရုံပါ"
နီယန်သည် လက်အား မြှောက်လိုက်ကာ ဆံနွယ်စလေးများအား နားရွက်နောက်သို့ သပ်တင်လိုက်လေသည်။
"စိတ်အေးရအောင် နည်းနည်းလောက် ပိုးသတ်ပေးလိုက်ချင်တာပါ"
အကယ်၍ ထိုအမျိုးသားသာ ဤအတိုင်း ထွက်သွားမည် ဆိုလျှင် နီယန် စိတ်ပူနေရမည်မှာ အသေအချာပင် ဖြစ်ပေသည်။ ဆရာဝန် တစ်ယောက် အနေဖြင့် ယခု အခြေအနေ၏ လေးနက်မှုအား သူမ သိနားလည်ပေသည်။
"ကောင်းပါပြီ"
ထိုအမျိုးသားမှ ခေါင်းညိတ် ပြလိုက်တော့သည်။
"မင်းအတွက် အနှောင့်အယှက် မဖြစ်ဘူးဆိုရင်ပေါ့"
"ရပါတယ်"
နီယန်သည်လည်း အနည်းငယ် ခေါင်းညိတ် ပြလိုက်တော့သည်။
"ကျွန်မကို ခဏလောက် စောင့်ပေးပါ"
အခန်း (၇၇)
ထိုသို့ ပြောပြီးသည်နှင့် နီယန်သည် လှည့်ထွက်လိုက်ကာ မြစ်ဘက်သို့ လျှောက်သွား လိုက်ပြန်သည်။
"ဟေ့ မင်း ဘာလုပ်မလို့လဲ"
သူမ မြစ်ထဲသို့ ပြန်လည်၍ ဆင်းသွားသည်အား မြင်လိုက်ရသောအခါ ထိုအမျိုးသားသည် လန့်ဖျပ်သွားပြီးနောက် သူမ၏ လက်ကောက်ဝတ်အား ထပ်မံ၍ လှမ်းဆွဲလိုက်တော့သည်။ လျင်မြန်လှသော ဆွဲအားတစ်ခု နှင့်အတူ သူမအား သူ၏ ရင်ခွင်ထဲသို့ ရောက်အောင် ဆွဲယူလိုက်လေသည်။ သူ၏ လက်တစ်ဖက်သည် သူမလက်အား ဆုပ်ကိုင်ထားကာ ကျန်လက်တစ်ဖက်မှာမူ သူမ၏ သွယ်လျနူးညံ့သည့် ခါးလေးအား ဖက်ထားလိုက်လေသည်။ သူ့လက်မောင်းထဲမှ သူမ၏ နူးညံ့မှုနှင့် နွေးထွေးမှုသည် သူ့အား ခဏတာ မှင်သက်သွားစေခဲ့သည်။
ဝါးနံ့သင်းသင်းလေးလိုလို သစ်ခွနံ့လေးလိုလိုနှင့် သူမဆီမှ ထွက်ပေါ်နေသော ထူးခြား သန့်ရှင်းသည့် ရနံ့တစ်ခုအား သူ ရှင်းလင်းစွာ ရလိုက်လေသည်။
ဘိန်းပန်းတစ်ပွင့်၏ ညှို့ဓာတ် ကဲ့သို့ပင် ထိုအရာသည် ယစ်မူးဖွယ် ကောင်းလှလေသည်။ နီယန်သည် အသိစိတ် လျင်မြန်စွာ ပြန်ဝင်လာပြီးနောက် ဘေးကင်းရာ အကွာအဝေး တစ်ခုသို့ ချက်ချင်း ဆုတ်ခွာလိုက်ရင်း ရှင်းပြလိုက်လေသည်။
"ကျွန်မ ငါးဖမ်းပိုက်ကို သွားယူမလို့ပါ အထင်မလွဲပါနဲ့"
"အော်"
ထိုအမျိုးသားသည် အနည်းငယ် ချောင်းဟန့်လိုက်တော့သည်။
"ကောင်းပြီလေ ကိုယ်လည်း မင်းနဲ့အတူ လိုက်ခဲ့မယ်"
နောက်တစ်စက္ကန့်တွင် နီယန်သည် ကိုယ့်ကိုကိုယ် မြစ်ထဲ ပစ်ချ လိုက်တော့မည့်အတိုင်း သူ ပြုမူနေခဲ့မိသည်။ သူ့ကိုယ်သူ တရားမျှတသည့် လူငယ်လေး တစ်ယောက်ဟု မှတ်ယူထားပုံရလေသည်။
နီယန် ငြင်းဆန် တော့မည့်အချိန်တွင် ထိုအမျိုးသားသည် ခြေလှမ်း တစ်လှမ်း ဦးဆောင်ကာ ရှေ့သို့ လျှောက်သွားနှင့်ပြီ ဖြစ်သည်။ ရွေးချယ်စရာ မရှိတော့သဖြင့် နီယန်သည် သူ၏ နောက်သို့ အပြေးလိုက်သွားရတော့သည်။
"ငါးဖမ်းပိုက်က ဒီဘက်မှာပါ"
ချမ်းသာသော မိသားစုမှ မွေးဖွားလာ သူ ဖြစ်သဖြင့် ထိုအမျိုးသားသည် ငါးဖမ်းပိုက်ကွန်အား တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူသည် ကလေးတစ်ယောက်လို အံ့သြတကြီး ရေရွတ်လိုက်မိသည်။
"ဝါး ငါးတွေ အများကြီးပဲ ဒါ ငါးဖမ်းပိုက်လား"
နီယန်မှ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်"
ထိုအမျိုးသားသည် နီယန် လက်ထဲမှ ငါးဖမ်းပိုက်အား လှမ်းယူလိုက်လေသည်။
"ကိုယ် သယ်ပေးမယ်"
နီယန် မှ ကိုင်ဆောင်ထားစဉ်တွင် ပိုက်သည် ပေါ့ပါးပုံရသော်လည်း သူ လှမ်းယူ လိုက်သောအခါမှ မည်မျှ လေးလံကြောင်း သိလိုက်ရတော့သည်။ ပေါင် ၃၀ ၄၀ ခန့် ရှိလောက်ပေသည်။
နုနယ်မည့်ပုံ ပေါက်နေသည့် မိန်းကလေး တစ်ယောက်သည် ဤမျှလောက် ခွန်အားကြီးနေသည်အား သူ အံ့သြသွားမိလေသည်။
"မလိုပါဘူး ကျွန်မ နိုင်ပါတယ်"
နီယန်သည် ထိုအမျိုးသားအား အမီလိုက်ရင်း ပြောလိုက်လေသည်။
ထိုလူအား ကြည့်ရသည်မှာ အလွန်ပင် ရင်းနှီးလွန်းနေခဲ့သည်။ သူတို့ တွေ့သည်မှာ ဆယ်မိနစ်လောက်သာ ရှိသေးသော်လည်း နီယန်သည် သူ့အား သိကျွမ်းနေသည်မှာ ကြာပြီဖြစ်သကဲ့သို့ ခံစားရလေသည်။ ထိုအမျိုးသားမှ ရယ်မောလိုက်လေသည်။
"ဘာပဲပြောပြော ကိုယ်က ယောကျာ်းလေးလေ မင်းလို အားနွဲ့ပြီး နုနယ်တဲ့ မိန်းကလေးကို ဒီလို အလေးပင်တွေ မ,ခိုင်းတာ သိပ် မဟုတ်သေးဖူး"
သူ၏ စကားများမှ ရိုးသားမှုအား သတိပြုမိသဖြင့် နီယန် ငြင်းဆန်ရန် ခက်ခဲသွားခဲ့ကာ ကျေးဇူးတင် စကားသာ ဆိုလိုက်တော့သည်။
"ကိစ္စ မရှိပါဘူး"
ထိုအမျိုးသားမှ ပြောလေသည်။
"နောက်တစ်ခါ ပိုက်လာယူရင် မင်းအဖေကို ခေါ်လာခဲ့လေ ဒီလိုအလုပ်မျိုးက ယောကျာ်းလေးတွေနဲ့ ပိုသင့်တော်တယ်"
နီယန် မှ ပြတ်သားစွာ ပြန်ဖြေလိုက်လေသည်။
"ကျွန်မမှာ အဖေ မရှိဘူး"
မူကျင်ပေါင်ကဲ့သို့ အဖေမျိုး ရှိနေခြင်းသည် မရှိခြင်းနှင့် မည်သို့မှ မခြားနားပေ။ ထိုအမျိုးသားသည် အံ့အားသင့်သွားခဲ့ကာ စိတ်မကောင်းစွာဖြင့် နှာခေါင်းအား ပွတ်သပ်လိုက်လေသည်။
"ဆောရီးပါ မင်းအဖေ ဆုံးသွားပြီဆိုတာ ကိုယ် မသိလိုက်လို့ပါ"
‘ဒါကြောင့်မို့လို့ ဒီလောက်ငယ်ငယ်လေးနဲ့ သူမကိုယ်သူမ ကောင်းကောင်း ရပ်တည်နိုင်နေတာကိုး လိုအပ်ချက်က လူကို ပြုပြင်ပေးလိုက်တာပဲ’
ခဏတာမျှ ထိုအမျိုးသား၏ မျက်နှာထားသည် အတော်လေး ရှုပ်ထွေးသွားခဲ့သည်။ နီယန်သည် အသာအယာ ပြုံးလိုက်ရုံသာ ပြုံးပြလိုက်လေသည်။
"ရပါတယ် ကျွန်မ စိတ်မရှိပါဘူး"
ထပ်မံ၍ ထိုအမျိုးသားသည် အံ့သြ မှင်သက်သွားပြန်လေသည်။ ထို မိန်းကလေးသည် မည်ကဲ့သို့ စိတ်ထားနှင့် ပြုံးနိုင်သေးသည် ဆိုသည်အား သူ နားမလည်နိုင်တော့ချေ။ ဤသည်မှာ သိသာထင်ရှားစွာပင် ဝမ်းနည်းစရာ ခေါင်းစဉ်တစ်ခု ဖြစ်ပေသည်။ ထို့အပြင် သူတို့ ပြောနေကြသည်မှာ သူမ၏ အဖေ အကြောင်း ဖြစ်သည်။
မျက်ရည်ကြားမှ ရယ်မောခြင်းမျိုး ဖြစ်နေသည်လား။
"ဒါနဲ့ မင်း နာမည် ဘယ်လိုခေါ်လဲ"
ရုတ်တရက်ကြီး ယခုလို မေးလိုက်ခြင်းသည် ရိုင်းပျသလို ဖြစ်နေနိုင်မှန်း သိသော်လည်း သူ မမေးဘဲ မနေနိုင်တော့ချေ။ ဤမျှလောက် လှပလွန်းသည့် မိန်းကလေး တစ်ယောက်၏ နာမည်အား မသိရသည်မှာ နှမြောစရာ ကောင်းလွန်းလှပေသည်။
မိန်းမလှလေး တစ်ယောက်နှင့် တွေ့ချိန်တွင် သူ ယခုလောက်ထိ ဆင်ခြင်တုံ တရားမဲ့နိုင်မှန်း ပထမဆုံး အကြိမ်အဖြစ် သူ သတိထားမိလိုက်ခြင်းလည်း ဖြစ်ပေသည်။
သို့သော် သူသည် ပုံမှန် အချိန်များတွင် ယခုလို ပုံစံမျိုး မဟုတ်ပါချေ။ ဘဝနှစ်ခုအား ဖြတ်သန်းပြီး ပြီဖြစ်သည့် နီယန်သည် သူမ၏ အတွေးများတွင် ရှေးရိုးစွဲ မကြီးတော့ချေ။
"ကျွန်မ နာမည် နီယန်ပါ ရှင့်နာမည်ကရော"
ထိုအမျိုးသားမှ ပြန်ဖြေလိုက်သည်။
"ကိုယ့် နာမည် မိုချီရှန်ပါ"
နီယန် မျက်ခုံးပင့်လိုက်မိသည်။
"မြစ်ချောင်း အားလုံးကို လက်ခံ စီးဆင်း စေတာကြောင့် နက်ရှိုင်းတယ် တောင်တန်းတွေအားလုံးကို ဖုံးကွယ် ထားနိုင်တာကြောင့် ကျယ်ပြောတယ် နာမည်လေးက ကောင်းသားပဲ"
မိုချီရှန်၏ မျက်လုံးထဲတွင် အံ့သြရိပ် တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ လူအများစုသည် သူ၏ နာမည်အား ရယ်စရာ လုပ်ကြသည် သို့မဟုတ် အပေါ်ယံသာ ချီးကျူးတတ်ကြလေသည်။
သူ၏ နာမည် နောက်ကွယ်မှ အဓိပ္ပာယ်အား နီယန် နားလည်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ မိုချီရှန် ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။
"ပင်လယ်ပြင် ကျယ်ကြီးထဲ လှိမ့်ဆင်းလာတဲ့ ပုလဲလုံးလေးက လမင်းရဲ့ မျက်ရည်စတွေကို သယ်ဆောင်လာသလိုမျိုး အပြာရောင်လွင်ပြင်က နေရောင်ခြည် နွေးနွေးလေး အောက်မှာ မွေးဖွားလာတဲ့ ကျောက်စိမ်းလေးက မီးခိုးငွေ့တွေကို ထုတ်လွှတ် ပေးသလိုမျိုးပေါ့ မင်းနာမည်လေးကလည်း တော်တော် ကောင်းပါတယ်"
နီယန် ရယ်မောကာ ပြန်ပြောလိုက်လေသည်။
"ချီးကျူးပေးတဲ့အတွက် ကျေးဇူးပါ"
‘အင်း...’
‘သူမက လုံးဝ နှိမ့်ချမနေဘူးပဲ....’
မိုချီရှန် မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။ ငါးဖမ်းပိုက်အား သိမ်းဆည်း ပြီးနောက် နီယန်သည် မိုချီရှန်အား နီမိသားစု အိမ်ဘက်သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုစဉ် ဘေးနားရှိ ခြုံပုတ်ထဲမှ ကလေး နှစ်ယောက် ရုတ်တရက် ထွက်လာခဲ့သည်။
"မင်္ဂလာပါ မမနီယန်"
နီယန် မော့ကြည့်လိုက်လေရာ ဖက်တီးနှင့် ဂေါ်တန် ဖြစ်နေကြောင်း နီယန် မှတ်မိလိုက်ပြီး နွေးထွေးစွာ နှုတ်ဆက်လိုက်လေသည်။
"မင်္ဂလာပါကွယ်"
နှုတ်ဆက်ပြီးနောက် ဖက်တီးနှင့် ဂေါ်တန်သည် နီယန်၏ ဘေးတွင် ရပ်နေသည့် မိုချီရှန်အား သတိထားမိသွားကာ စပ်စုသလို မေးလိုက်ကြလေသည်။
"မမနီယန် ဒီဦးလေးကြီးက ဘယ်သူလဲဟင်"
မိုချီရှန်သည် သူ့ကိုယ်သူ တရားဝင် မိတ်ဆက်တော့မည့် ဆဲဆဲတွင် နီယန်မှ ရွှင်လန်းသည့် အပြုံးဖြင့် ဖြတ် ပြောလိုက်လေသည်။
"ဒါက မမရဲ့ ဝမ်းကွဲ အစ်ကိုလေ သူ့မျိုးရိုးနာမည်က မိုတဲ့ သားတို့က ကိုကိုမို လို့ ခေါ်လို့ရတယ်"
မိုချီရှန် နီယန်အား မယုံနိုင်စွာဖြင့် ကြည့်လိုက်မိသည်။
‘ဘာကြီး’
‘သူ ဘယ်တုန်းက သူမရဲ့ ဝမ်းကွဲအစ်ကို ဖြစ်သွားရတာလဲ’
အခန်း (၇၈)
"မင်္ဂလာပါ ကိုကိုမို"
ဖက်တီးနှင့် ဂေါ်တန်တို့သည် ပြိုင်တူ နှုတ်ဆက် လိုက်ကြသည်။
"မင်္ဂလာပါကွာ"
မိုချီရှန်သည် ဂေါ်တန်နှင့် ဖက်တီးအား ယဉ်ကျေးစွာဖြင့် ပြုံးပြလိုက်လေသည်။ မိုရှီချန် တွေးလိုက်မိသည်မှာ ‘ဘာမှ မရှင်းပြတော့ပါဘူးလေ လောလောဆယ် သူ ပြောသလိုဘဲ သူရဲ့ အစ်ကိုဝမ်းကွဲပဲ လုပ်လိုက်တော့မယ်’ ဟူ၍ ဖြစ်လေသည်။
ဖက်တီးနှင့် ဂေါ်တန်တို့အား နှုတ်ဆက်လိုက် ပြီးနောက် သူတို့နှစ်ဦးသည် ရှေ့သို့ ဆက်လက် ထွက်ခွာ လာခဲ့ကြတော့သည်။ ကြာကန် တစ်ခုနား ဖြတ်သွားချိန်တွင် ကြာရွက် ထူထူများကြားမှ ကလေးလေး တစ်ယောက်သည် ရုတ်တရက် ခုန်ထွက်လာခဲ့ကာ သူတို့၏ ကြားတွင် ပိတ်ရပ်လိုက်တော့သည်။
ကလေးတစ်ယောက် ရုတ်တရက် ထွက်ပေါ် လာမှုကြောင့် မိုချီရှန် ထိတ်လန့် သွားခဲ့လေသည်။ သို့သော် နီယန်အတွက်မူ အရာအားလုံး ပုံမှန်လိုပင် ဖြစ်နေခဲ့ကာ သူမ၏ မျက်လုံးထဲတွင် အံ့သြရိပ် တစ်ချက်လေးမျှပင် မတွေ့ရချေ။ ဤသည်အား ကြည့်ခြင်းဖြင့် ယခုလို အခြေအနေမျိုးအား သူမ ကြုံရသည်မှာ ပထမဆုံးအကြိမ် မဟုတ်မှန်း သိသာလှသည်။
ရှောင်ဟွာ ဟုခေါ်သော ကလေးမလေးသည် နီယန်၏ လက်ထဲသို့ ကြာသီးတောင့် တစ်ခု ထည့်ပေးလိုက်လေသည်။
"မမနီယန် သမီး အခုပဲ ခူးလာတာ အထဲက အစေ့တွေက အရမ်းချိုတယ် မမအတွက်ပါ"
"ကျေးဇူးပါပဲ ရှောင်ဟွာရယ်"
နီယန်မှ ပြုံးပြလိုက်ပြီးနောက် ရှောင်ဟွာ၏ ခေါင်းလေးအား ဖွဖွ ပုတ်ပေး လိုက်လေသည်။
"မမနီယန်ကလည်း အားနာစရာ မလိုပါဘူး"
ရှောင်ဟွာသည် သူမ၏ ဆံပင်အား ရှက်သွေးဖြာစွာ ဆွဲလိမ်ရင်း ဖြင့် ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။ လမ်းတစ်လျှောက်တွင် သူတို့ သည် ကလေး တစ်ဒါဇင်ကျော်လောက်နှင့် တွေ့ဆုံခဲ့ရသည်။
ကလေးတိုင်းသည် နီယန်အား နှုတ်ဆက်ရာတွင် မယုံနိုင်လောက်အောင် ယဉ်ကျေးကြလေသည်။ သူတို့၏ ယဉ်ကျေးမှုသည် အပေါ်ယံ ဟန်ဆောင်မှုမျိုး မဟုတ်ဘဲ နှလုံးသားထဲမှ စစ်မှန်စွာ စီးဆင်းလာခြင်း ဖြစ်ကြောင်း မိုချီရှန် ခံစားမိသည်။
အစပိုင်းတွင် ပုံမှန်အားဖြင့် အေးစက် စက်နိုင်သော နီယန်သည် နေ့စဉ် ဘဝတွင်လည်း လူမှု ဆက်ဆံရေး မကောင်းလှဟု မိုချီရှန် ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ၏ နွေးထွေးသော ဘက်ခြမ်းအား တွေ့ရှိလိုက်ရသဖြင့် သူ အံ့သြမိသွားခဲ့သည်။
အပြစ်ကင်းစင်သည့် ကလေးတစ်သိုက်၏ လေးစားချစ်ခင်မှုအား ရရှိထားသည်ကို ကြည့်လျှင် နီယန်သည် သူမ၏ နေ့စဉ် ဘဝတွင် အလွန် ဖော်ရွေသည့် စရိုက်ရှိသူ ဖြစ်ရပေမည်။
မိုချီရှန် သဘောမကျသည့် တစ်ခုတည်းသော အရာမှာ နီယန်မှ တွေ့သမျှ ကလေးတိုင်းကို သူ့အား ဝမ်းကွဲအစ်ကိုဟုသာ မိတ်ဆက် ပေးနေခြင်းပင် ဖြစ်ချေသည်။
ဘယ်သူက သူမ အစ်ကို ဖြစ်ချင်မှာတဲ့လဲ...
"နီယန်"
မိုချီရှန်သည် သူမအား ငုံ့ကြည့်လိုက် ပြီးနောက် သိသိသာသာကို စိတ်ရှုပ် ထွေးနေပုံရလေသည်။
နီယန်သည် အနည်းငယ် မော့ကြည့်လိုက် ပြီးနောက် သူ၏ မျက်လုံးထဲမှ မေးခွန်းအား နားလည် လိုက်ပုံရလေသည်။ သူမသည် နှုတ်ခမ်းအား ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီးနောက် စကားတစ်ခွန်း တီးတိုး ပြောလိုက်လေသည်။
"သံသယဖြစ်စရာ အခြေအနေမျိုးမှာ သံသယဖြစ်ခံရမှာကို ရှောင်ရှားလိုက်တာပါ"
သူမသည် ဆွေမျိုးများအတွက် နောက်ထပ်တစ်ကြိမ် ဟာသ လုပ်စရာ ရယ်စရာ အဖြစ် မခံချင်တော့ချေ။ ဤခေတ် ကာလတွင် ရုပ်မြင်သံကြားစက်များ မတွင်ကျယ်သေးသဖြင့် လူများသည် အတင်းအဖျင်းများနှင့် ကောလာဟလများ ပြောဆိုရင်း ဖြင့်သာ နေ့ရက်များအား ကုန်ဆုံးလေ့ ရှိပေသည်။
ထို ကောလာဟလများ ဟူသည် တစ်ခါတရံ လူတစ်ယောက်အား ဘဝပျက်ကာ သေစေနိုင်လောက်သည် အထိ ဖြစ်နိုင်သည်အား သူတို့ သိကြလိမ့်မည် မဟုတ်ချေ။ သူမ၏ စကားအား ကြားသောအခါ မိုချီရှန် မေးစေ့အား အသာအယာ ပွတ်သပ်လိုက်ပြီးနောက် နှုတ်ဆိတ် နေလိုက်တော့သည်။ မကြာခင်မှာပင် သူတို့ နီမိသားစု အိမ်ပေါက်ဝသို့ ရောက်ရှိလာကြတော့သည်။
"ရောက်ပြီ ဒါ ကျွန်မ အိမ်ပါ"
နီယန် မှ မိတ်ဆက်ပေး လိုက်လေသည်။ မိုချီရှန်သည် သဘောကျစွာ ခေါင်းညိတ်လိုက်မိသည်။
"မင်းအိမ်က တော်တော်ကျယ်တာပဲ"
နီယန်မှ မိုချီရှန်အား အိမ်ထဲသို့ ခေါ်သွားချိန်တွင် နီချွေ့ဟွာသည် ကလေးတစ်ယောက်အား ပွေ့ချီလျက် အိမ်ထဲမှ ထွက်လာခဲ့သည်။
"ယန်ယန် ပြန်ရောက်ပြီလား"
စကားဆုံးသည်နှင့် နီချွေ့ဟွာသည် နီယန်ဘေးမှ မိုချီရှန်အား သတိထားမိသွားခဲ့ကာ သံသယဖြင့် မေးလိုက်လေသည်။
"ယန်ယန် သူက ဘယ်သူလဲ"
ယခုခေတ် ကာလများတွင် ကျားမ ဆက်ဆံရေးသည် ပွင့်လင်း မြင်သာမှု သိပ် မရှိသေးချေ။ အမျိုးသား တစ်ယောက်သည် သူမ၏ အိမ်သို့ ရောက်လာသည်အား မြင်လိုက်ရသဖြင့် နီချွေ့ဟွာ၏ မျက်လုံးများတွင် သတိထားမှုတို့ ပြည့်နှက်သွားခဲ့သည်။
မုဆိုးမ တစ်ယောက်၏ အိမ်သည် အတင်းအဖျင်း အပြောခံရရန် လွယ်ကူပေသည်။ သူတို့ သတိထားမှ ဖြစ်ပေမည်။
ထို့နောက် နီယန်မှ အခြေအနေအား အကျဉ်းချုံး ရှင်းပြလိုက်တော့သည်။ ပြီးနောက် မိုချီရှန်အား သူမ ပြောလိုက်လေသည်။
"မစ္စတာမို ဒါက ကျွန်မ အမေပါ"
နီယန် ပြောပြသည်အား နားထောင် ပြီးနောက် နီချွေ့ဟွာသည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားခဲ့သည်။ သူမသည် ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
"ရဲဘော်မို မင်း အဆင်ပြေရဲ့လား ယန်ယန်က ဒီတစ်ခါတော့ တကယ်ပဲ မဆင်မခြင် လုပ်လိုက်မိတာပဲ”
"ရပါတယ် အန်တီ"
မိုချီရှန်မှ လက်ထဲမှ ငါးပုံးအား ချရင်း ပြောလိုက်လေသည်။
"ကျွန်တော့် အမှားလဲ မကင်းပါဘူး ပြီးတော့ ကျွန်တော့်ကို ရှောင်မိုလို့ပဲ ခေါ်ပါ"
နီချွေ့ဟွာသည် မိုချီရှန်အပေါ် ပထမဆုံးအမြင် ကောင်းသွားသည် ဟု ဆိုရပေမည်။ သူမသည် နီယန်အား မှာကြားလိုက်လေသည်။
"ယန်ယန် ရှောင်မိုကို ခေါ်သွားပြီး သူ့ဒဏ်ရာကို အခုချက်ချင်း ပိုးသတ်ပေးလိုက်အုန်း"
ထိုလူငယ်လေးသည် ဝတ်ထားသည့် ဝတ်စုံမှအစ ရှူးဖိနပ်နှင့် လက်ပတ်နာရီအဆုံး သပ်ရပ်စွာ ဝတ်စားထားခြင်း ဖြစ်သည်။ သာမန် လူတစ်ယောက် မဟုတ်သည်မှာ သေချာလှပေသည်။
ထို့နောက် နီယန်သည် မိုချီရှန်အား သူမ၏ အခန်း အတွင်းသို့ ခေါ်သွားလိုက်သည်။ ထိုခေတ်ကာလမှ ယဉ်ကျေးမှုသည် အမျိုးသားနှင့် အမျိုးသမီး တစ်ခန်းတည်း အတူရှိ နေခြင်းအပေါ် အလွန် အကဲဆတ်လှသည်။
သို့သော်လည်း နီယန်သည် ၂၁ ရာစုမှ ပြန်လည်၍ ရောက်ရှိလာသူ ဖြစ်သဖြင့် ထိုလူမှုရေး အချုပ်အနှောင်များ၏ ဖိစီးမှုအား မခံစားရသည့်အပြင် ဂရုလည်း မစိုက်ခဲ့ပေ။
လောကအကြောင်း ကောင်းကောင်း သိမြင် ပြီးသော မိုချီရှန်သည်လည်း ထိုကိစ္စအား ပြဿနာ မလုပ်ခဲ့ချေ။ သို့သော် နီယန်၏ ပွင့်လင်း မြင်သာမှုကြောင့် သူ အံ့သြခဲ့ရမိလေသည်။
ပြီးခဲ့သည့် တစ်ခေါက်တွင် ကုန်တိုက်မှာ တွေ့စဉ်တည်းမှ စ၍ နီယန်သည် သာမန် မိန်းကလေး တစ်ယောက် မဟုတ်ကြောင်း သူ သိပြီးသား ဖြစ်သော်လည်း...
သူ ထင်ထားသည်ထက် ပိုပြီး ထူးခြား နေလိမ့်မည် ဟု သူ မမျှော်လင့်ခဲ့မိချေ။
"ရှင် ခဏ ထိုင်နေပါဦး ကျွန်မ အိုင်အိုဒင်းနဲ့ ဂွမ်းစ သွားယူလိုက်မယ်"
နီယန်မှ ကုလားထိုင်အား ညွှန်ပြရင်း ပြောလိုက်လေသည်။
"ကောင်းပါပြီ"
မိုချီရှန် သက်တောင့်သက်သာဖြင့်ပင် ဝင်ထိုင်လိုက်လေသည်။ ရိုးရှင်းစွာ ပြင်ဆင် ထားသည့် မိန်းကလေး အိပ်ခန်းတစ်ခုအား သူ ပထမဆုံး မြင်ဖူးခြင်းပင် ဖြစ်သည်။
အခန်းထဲတွင် ကုတင်တစ်လုံး ဗီရိုတစ်လုံး ကုလားထိုင် နှစ်လုံးနှင့် စားပွဲ တစ်လုံးသာ ရှိလေသည်။ ကောင်းမွန်လှသည့် မှန်တင်ခုံ တစ်ခုပင် မရှိချေ။ ရိုးရှင်းသော်လည်း အခန်းလေးသည် အစက် အပြောက် ကင်းစင်ကာ လန်းဆန်းနေခဲ့သည်။ ဇိမ်ခံ ပစ္စည်းများဖြင့် အလှဆင်ထားသည့် အိပ်ခန်းများအား မြင်နေကျ ဖြစ်သော်လည်း ဤ အခန်းငယ်လေးသည် တံတိုင်းမွှေးပန်း၏ ရနံ့ သင်းသင်းလေး နှင့်အတူ ထူးခြားလှသည့် ဆွဲဆောင်မှု တစ်ခုအား ပေးစွမ်းနေခဲ့လေသည်။