အခန်း (၈၂-၈၄)
Vol. 6 Ch. 82-84
အခန်း ၈၂
"ယန်ယန် ဒီတောင်းထဲမှာ ဘာတွေပါလဲ"
နီချန်ကွေ့သည် သိချင်စိတ်ဖြင့် ကိုယ်ကို ကိုင်းညွတ်ကာ ကြည့်လိုက်မိသည်။ နီချွေ့ဟွာသည် ဘေးမှ လျှောက်လာပြီး ရယ်မောလျက် ပြောလိုက်လေသည်။
"ဒါက ဒီနေ့မွန်းလွဲပိုင်းမှာ ငါတို့ ယန်ယန် လုပ်ထားတဲ့ ဆီးသီးချိုချဉ်ရည်လေ"
‘ဆီးသီးချိုချဉ်ရည်....’
နီချန်ကွေ့၏ မျက်လုံးများ အရောင်လက် သွားခဲ့ပြီး အံ့ဩတကြီးဖြင့် ရေရွတ်လိုက်လေတော့သည်။
"ယန်ယန်က ဆီးသီးချိုချဉ်ရည်ကိုတောင် လုပ်တတ်တာလား"
ဤခေတ်ကာလတွင် အဖျော် ယမကာများမှာ တော်တော်လေး ဈေးကြီးလှပေသည်။ ရိုးရိုး ဆိုဒါ တစ်ပုလင်း ပင်လျှင် တစ်ယွမ်မှ နှစ်ယွမ်အထိ ပေးရလေရာ ကိုယ်တိုင် ဖျော်စပ်ထားသည့် ဆီးသီးချိုချဉ်ရည် ဆိုလျှင် ပြောဖွယ်ရာပင် မရှိတော့ချေ။
လုပ်ငန်းခွင် ညစာ စားပွဲတစ်ခုတွင် နီချန်ကွေ့သည် ဆီးသီးချိုချဉ်ရည်အား တစ်ခါ သောက်သုံးဖူးခဲ့လေသည်။ ၎င်းမှာ ချဉ်ဖြုန်းဖြုန်းနှင့် ချိုမြမြ အရသာရှိပြီး လန်းဆန်းစေကာ အီဆိမ့်မှုကိုလည်း ပြေပျောက် စေလေသည်။ ထိုအရသာမှာ ဖော်ပြ၍ မရနိုင်လောက် အောင်ပင် ကောင်းမွန်လွန်းလှသည်။
နွေရာသီတွင် ၎င်းအား သောက်သုံးရခြင်းမှာ နတ်သုဒ္ဓါကို မြည်းစမ်းရသည်နှင့် တူညီကာ မည်မျှသောက်သည်ဖြစ်စေ ရောင့်ရဲနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအကြောင်းအား တွေးလိုက် မိရုံဖြင့် နီချန်ကွေ့မှာ သူမကိုယ်သူမ မထိန်းနိုင်ဘဲ တံတွေးမြို ချလိုက်မိတော့သည်။ နီယန်မှ ရယ်မောရင်း ပြောလိုက်လေသည်။
"ဒါက သမီး ပထမဆုံးအကြိမ် လုပ်ဖူးတာမို့ အရသာ ကောင်းမကောင်းတော့ မသိသေးဘူး"
"ယန်ယန်ရယ် နှိမ့်ချမနေပါနဲ့ သမီးလုပ်တဲ့ ဟာတွေထဲမှာ အရသာ မကောင်းတာ ရှိလို့လား"
နီချွေ့ဟွာမှ ပြောလိုက်လေသည်။
"အစ်မချန်ကွေ့ ယန်ယန်ကို သိပ်မြှောက်မပေးပါနဲ့ ဒီတစ်ခါ အရသာ မကောင်းရင် ဘယ်လိုလုပ်မလဲ"
နီချန်ကွေ့မှလည်း ပြန်လည် ပြောကြားလိုက်လေသည်။
"ငါတို့ယန်ယန် လုပ်တဲ့အထဲမှာ အရသာ မကောင်းတာဆိုလို့ တစ်ခုမှကို မရှိသေးတာပါအေ"
နီယန်သည် ဖန်အိုးအား ဧည့်ခန်းအတွင်းသို့ သယ်ဆောင် လာခဲ့လေသည်။
ဖန်အိုးမှာ ၅ လီတာ ဝင်ဆံ့ပြီး ရေဆယ်ကီလိုဂရမ်ခန့် ဝင်ဆံ့နိုင်ပေသည်။ ယခုအချိန်တွင်မူ ၎င်းအထဲ၌ ခရမ်းနီရောင် ဆီးသီးချိုချဉ်ရည်များဖြင့် ပြည့်နှက်နေခဲ့ကာ နွေးထွေးလှသော မီးဝါရောင် အောက်၌ ဆွဲဆောင်မှုရှိသည့် အလင်းဝိုင်းလေးများမှာ ဟိုတစ်ကွက် ဒီတစ်ကွက် ရောင်ပြန်ဟပ်နေခဲ့လေသည်။ ။ ကြည့်ရသည်မှာ နှစ်ကာလကြာရှည် သိမ်းဆည်းထားသည့် နှစ်ချို့ဝိုင် တစ်ခွက် နှင့်ပင် တူညီ နေတော့သည်။
"ဒီဆီးသီးချိုချဉ်ရည်က အရောင်လေး သိပ်လှတာပဲ"
ဟု နီချွေ့ဟွာမှ မအောင့်နိုင်ဘဲ အံ့သြတကြီး ရေရွတ် လိုက်လေတော့သည်။ နီချန်ကွေ့မှ ပြန်ဖြေကြားလိုက်လေသည်။
"ယန်ယန့်အမေရေ ဒီဆီးသီးချိုချဉ်ရည်က အကြည့်နဲ့တင် လှတာ မဟုတ်ဘူး အရသာကလည်း တကယ့်ကို ထူးခြားလောက်မှာပဲအေ"
နီယန်သည် ဖန်ခွက်သုံးခွက်အား ယူဆောင်လာ ပြီးနောက် နီချွေ့ဟွာနှင့် နီချန်ကွေ့တို့ အတွက် တစ်ခွက်စီ အပြည့် ငဲ့ပေးလိုက်လေသည်။
"အမေ ဒေါ်လေးနီ အရင်မြည်းကြည့်ကြပါဦး"
နီယန်မှ သူတို့ နှစ်ဦး အား မျှော်လင့်တကြီးဖြင့် ကြည့်လိုက်မိသည်။
"ဒါက မြည်းကြည့်စရာတောင် မလိုပါဘူး အရသာရှိမယ်ဆိုတာ အသေအချာပဲ"
ဟု နီချန်ကွေ့မှ ဆိုရင်း ဖန်ခွက်အား ကောက်ကိုင်လျှက် တစ်ငုံ သောက်ကြည့် လိုက်လေတော့သည် ။ လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားသယောင် ရှိလေသည်။
သူမ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားမှုအား တစ်ခုတစ်လေကိုမျှ လက်လွတ် မခံချင်သည် အတွက်ကြောင့် နီယန်နှင့် နီချွေ့ဟွာတို့ နှစ်ဦးစလုံးမှာ နီချန်ကွေ့အား စိုက်ကြည့် နေမိကြလေသည်။
သို့သော် နီချန်ကွေ့၏ မျက်နှာပေါ်တွင် မည်သည့် ထူးခြားမှုကိုမျှ ရှာမတွေ့ရချေ။ သူမသည် အလွန် တည်ငြိမ်နေပုံရကာ ရိုးရိုးရေအား သောက်နေသကဲ့သို့ ပင် ရှိနေလေသည်။
"ချန်ကွေ့ အရသာ ဘယ်လိုနေလဲ"
နီချွေ့ဟွာမှ စိုးရိမ်တကြီး မေးလိုက်လေသည်။ နီယန်သည်လည်း အနည်းငယ် ထိတ်လန့် သွားမိတော့သည်။
သူမသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့ရလေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် နှစ်ပေါင်းများစွာ ဟင်းမချက်ခဲ့ရ၍ သူမ၏ လက်ရာများ ကျဆင်း သွားသောကြောင့် ဟု ထင်မြင်သွားသည့် အတွက် ဖြစ်ပေသည်။ နီချန်ကွေ့မှ မျက်မှောင်အနည်းငယ် ကြုတ်လျက် ပြောလိုက်လေသည်။
"တကယ်တော့ အရသာက သာမန်ပါပဲ"
သာမန်ပါပဲတဲ့လား....
နီယန် စိတ်ပျက် မသွားမီလေးတွင်ပင် နီချန်ကွေ့မှ ရုတ်တရက် မျက်နှာ အမူအရာ ပြောင်းလဲသွားကာ အော်ဟစ် ပြောဆိုလိုက်လေသည်။
"အရသာက အတိုင်းထက် အလွန်ကို ကောင်းတာပဲတော် အရင်က ကျွန်မ သောက်ဖူးတာတွေထက် အများကြီး ပိုကောင်းတယ် ယန်ယန့်အမေ အမလည်း သေချာပေါက် မြည်းကြည့်ရမယ်"
ထိုစကားအား ကြားသောအခါ နီယန်သည် နီချန်ကွေ့အား အံ့သြတကြီး ကြည့်လိုက်မိသည်။ ထိုသည်မှာ မျှော်လင့်မထားသည့် အလှည့်အပြောင်း တစ်ခုပင်တည်း။
နီချွေ့ဟွာသည် ချက်ချင်းပင် သူမ၏ ဖန်ခွက်အား ကောက်ကိုင်လိုက်ကာ တစ်ငုံသောက် ကြည့်လိုက်ရာတွင် သူမ၏ မျက်နှာထက်တွင် အံ့သြမှုများ ပြည့်နှက်သွားခဲ့ကာ အံ့အားတကြီး ပြောဆိုလိုက်လေသည်။
"အရသာရှိလိုက်တာကွယ် ယန်ယန် ဒါက တကယ်ကို အရသာရှိလွန်းတယ် သကြားရည် ထက်တောင် ပိုကောင်းနေသေးတယ်"
သူမ တစ်သက်နှင့်တစ်ကိုယ် ဤမျှ အရသာရှိသည့် အရာမျိုးအား တစ်ခါမျှ မမြည်းစမ်းဖူးခဲ့ချေ။ နီချန်ကွေ့မှ ရယ်မောလျှက် ပြောလိုက်လေသည်။
"ကျွန်မပြောသားပဲ ကျွန်မတို့ ယန်ယန် လုပ်တဲ့အရာတွေက ဘယ်လိုလုပ် အရသာမရှိဘဲ နေပါ့မလဲလို့"
နီယန်သည်လည်း သူမကိုယ်တိုင် ဖန်ခွက် တစ်ခွက် အတွင်းသို့ ခပ်ထည့်ကာ တစ်ငုံမျှ မြည်းစမ်းလိုက်လေသည်။
‘အင်း’
ဖျော်ရည်များ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ကွေဟွာပန်း ၏ ခပ်သင်းသင်း အရသာလေးအား ခံစားလိုက်ရကာ ၎င်းနောက်တွင် သာယာလှသည့် အချဉ်နှင့် အချိုအရသာသည် လျှာဖျား တစ်လျှောက် ပြန့်နှံ့သွားလေတော့သည်။ ၎င်းသည် သူမ၏ သွားရည်များကိုပင် ယိုစိမ့်လာစေခဲ့သည်။
အေးမြလှသော ခံစားမှုသည် ခန္ဓာကိုယ်ရှိ မွေးညင်း ပေါက်တိုင်းအား ပွင့်ဟသွားစေခဲ့ ပြီးနောက် လေအေး ပေးစက် ဖွင့်လိုက်ရသကဲ့သို့ပင် အလွန်တရာ လန်းဆန်းသွားစေလေသည်။
သူမသည် ဒုတိယတစ်ငုံ တတိယတစ်ငုံ စတုတ္ထတစ်ငုံ အစရှိသဖြင့် ဆက်တိုက် သောက်သုံးချင်စိတ်အား မထိန်းချုပ်နိုင်တော့ချေ။နီချန်ကွေ့မှ မေးမြန်းလိုက်သည်။
"ယန်ယန် ဒီဆီးသီးချိုချဉ်ရည်ကို ဘယ်လို လုပ်ထားတာလဲ"
ဆီးသီးချိုချဉ်ရည် အတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများအား ဝယ်ယူရန် ခက်ခဲလှပေမည်။ နီယန်ကဲ့သို့ ကောင်မလေး တစ်ယောက်မှ မည်သို့မည်ပုံ ဤမျှ လောက်အထိ သိကျွမ်းနေရသနည်းဟု သူမ တွေးမိ လိုက်လေတော့သည်။ သူမသည် တကယ့်ကို အံ့မခန်း အစွမ်းအစ ရှိသူပင် ဖြစ်ချေသည်။
နီယန်မှ ရှင်းပြလိုက်လေသည်။
"သမီး ဟင်းချက် စာအုပ်ထဲမှာ တွေ့ဖူးတာနဲ့ တရုတ် တိုင်းရင်းဆေးဆိုင်ကို သွားပြီး အမဲရောင် ဆီးသီးခြောက် ရှန်းကျာသီးနဲ့ အခြား အဓိက ပါဝင် ပစ္စည်းတချို့ကို သွားဝယ်လိုက်တာပါ ကံကောင်းထောက်မလို့ အောင်မြင်သွားလိမ့်မယ်လို့ သမီးလည်း မမျှော်လင့်ထားဘူး"
သေချာသည်မှာ ကြိုတင်ဖျော်စပ်ထားသည့် ဆီးသီးချိုချဉ်ရည် အတွက် ပါဝင်ပစ္စည်းများအား ဝယ်ယူရန် ခက်ခဲလှပေသည်။ သို့သော် နီယန်သည် သူမ၏ ယခင်ဘဝတွင် အစားအသောက် လုပ်ငန်း၌ လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်လေရာ ထို့အတွက်ကြောင့် ဈေးကွက်ထဲမှ ကြိုတင် ဖျော်စပ်ထားသည်များအား ဝယ်ယူရန် သူမအတွက် မလိုအပ်ချေ။ ထို့အပြင် ဈေးကွက်အတွင်း ရောင်းချနေသည်များမှာ အားလုံး အရသာချင်း တူညီကြပေသည်။
သူမကိုယ်တိုင် အချိုးကျ ပေါင်းစပ်ထားသည့် ပါဝင်ပစ္စည်းများ၏ အရသာကိုမူ မည်သူကမျှ အတုမခိုးနိုင်ချေ။ နီချန်ကွေ့မှ အော်ဟစ်လိုက်လေသည်။
"ယန်ယန် သမီဂက တကယ်ကို ဉာဏ်ကောင်းတာပဲ ဒေါ်လေး သာဆိုရင် ဆယ်ရက်လောက် ကြည့်နေရင်တောင် သင်ယူနိုင်မှာ မဟုတ်လောက်ဘူး"
ပုံမှန်အားဖြင့် သူမသည် ကြည့်ရုံဖြင့် သင်ယူနိုင် သူ ဖြစ်သော်လည်း လက်တွေ့ လုပ်ဆောင်ရာတွင်မူ အမြဲတမ်း ကျရှုံး လေ့ရှိပေသည်။
"အဲ့ဒါပြီးတော့ သမီး ချက်တဲ့ ဟင်းတွေကလည်း အရသာရှိလိုက်တာ လွန်ရောကွယ် စားသောက်ဆိုင်ကြီးတွေက ဟင်းတွေထက် အဆ တစ်ရာလောက် ပိုကောင်းတယ် ယန်ယန် အနာဂတ်မှာ သမီးကို လက်ထပ် ရမယ့်သူကတော့ ထီပေါက်သလို ကံကောင်းမှာ သေချာတယ်"
အခန်း ၈၃
သူမတွင်သာ သားတစ်ယောက် ရှိခဲ့မည်ဆိုလျှင် နီယန်အား ချွေးမအဖြစ် သေချာပေါက် အလိုရှိမိလိမ့်မည် ဖြစ်သည်။ နီယန်မှ ရယ်မောလျက် ပြောလိုက်လေတော့သည်။
"သမီးက အိမ်ထောင်မပြုပါဘူး အမေနဲ့အတူ ဘဝ တစ်သက်တာလုံး နေသွားမှာ"
နီချွေ့ဟွာမှ သက်ပြင်းချလိုက်ရင်း ဆိုလေသည်။
"ဒီ ကလေးမလေးကတော့ အမြဲတမ်း ဒီလို အရူးစကားတွေပဲ ပြောနေတော့တာပဲ"
တစ်ပါးသူအပေါ် ထောက်ထား ညှာတာတတ်သည့် နီယန်အား ကြည့်ရင်းဖြင့် နီချန်ကွေ့သည် သူမ၏ ကိုယ်ပိုင်သမီးအား သတိရသွားမိလေသည်။ သူမ၏ သမီးသာ နီယန်၏ ထက်ဝက်ခန့်မျှ ထောက်ထား ညှာတာတတ် မည်ဆိုလျှင် ယနေ့ သူမ ဤသို့ တစ်ကိုယ်တည်း ဖြစ်နေလိမ့်မည် မဟုတ်ပေ။
ထိုအကြောင်းအား တွေးမိသောအခါ နီချန်ကွေ့မှာ တိုးညှင်းစွာ သက်ပြင်းချလိုက်မိလေသည်။
"ချန်ကွေ့ ဘာဖြစ်လို့လဲ"
နီချွေ့ဟွာမှ နီချန်ကွေ့အား လှမ်းကြည့် လိုက်လေသည်။ နီချန်ကွေ့မှ ပြုံးလျက် ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး မြန်မြန် စားကြရအောင် ယန်ယန့် လက်ရာက သိပ်ကောင်းတော့ အေးသွားရင် အရသာရှိတော့မှာ မဟုတ်ဘူး"
ထိုအခြေအနေအား မြင်သော် နီချွေ့ဟွာမှ ဆက်လက်၍ မေးမြန်းခြင်း မပြုတော့ချေ။ လူငယ် တစ်ဦး ဖြစ်သည့် နီယန် အနေဖြင့်လည်း လူကြီးများ၏ ကိစ္စများတွင် ဝင်ရောက် စွက်ဖက် ပြောဆိုရန် မသင့်လျော်လှချေ။
ယုံမှား သံသယ ဖြစ်ဖွယ်မရှိ ထိုညတွင် ဟင်းသုံးပွဲနှင့် ဟင်းချိုတစ်ပွဲမှာ တစ်စက်မျှ မကျန်တော့ဘဲ အကုန်အစင် စားသုံးခြင်း ခံလိုက်ရလေသည်။
ညစာ စားပြီးနောက် နီယန်မှ ပန်းကန်များ ဆေးကြောနေစဉ် နီချွေ့ဟွာသည် ကလေးအား ရေချိုးပေးရန် သွားလိုက်လေသည်။ ပန်းကန်များ ဆေးကြော၍ ပြီးစီး သွားချိန်တွင် နီယန်သည် နီချွေ့ဟွာ၏ အခန်းဆီသို့ သွားလိုက်တော့သည်။ အရွယ်အားဖြင့် ရက်လေးဆယ်သာ ရှိသေးသည့် နီယွန်လေးမှာ အလွန်ပင် ချစ်စရာ ကောင်းလှသည်။
ဖြူဖြူဖွေးဖွေးနှင့် ဝဝကစ်ကစ်လေးဖြစ်ကာ ဇလုံအတွင်း၌ ရေကစားနေခဲ့သည်။ နီယန်အား မြင်သောအခါ သူမလေးသည် နီယန်၏ နှလုံးသားအား အရည် ပျော်ကျ စေလောက်သည့် ချိုမြိန်လှသော အပြုံးလေးတစ်ခုအား ပေးစွမ်းလိုက်တော့သည်။
"အမေ သမီး ကူလုပ်ပေးမယ်လေ"
"မလိုပါဘူး မလိုပါဘူး"
နီချွေ့ဟွာမှ ဆိုလေသည်။
"အမေဘာသာ အမေ လုပ်နိုင်ပါတယ် သမီးလည်း တစ်နေ့ကုန် အလုပ် များထားတာဆိုတော့ ခဏလောက် နားလိုက်ပါဦး"
နီချွေ့ဟွာသည် ယခင်အချိန်များမှ ဖာထေးထားသည့် အဝတ်အစားများကိုသာ ဝတ်ဆင်ထားဆဲ ဖြစ်လေသည်။ သူမအတွက် ဝယ်ပေးထားသည့် ဘရာစီယာကိုပင် သူမ ဝတ်ဆင်မထားခဲ့ချေ။ နီယန်မှ ဆက်၍ မေးလိုက်သည်။
"အမေ သမီး ဝယ်ပေးထားတဲ့ အဝတ်အစားတွေကို ဘာလို့ မဝတ်တာလဲ မကြိုက်လို့လား"
နီချွေ့ဟွာမှ ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"သမီးအမေက ဘယ်ကိုမှ ထွက်လေ့မရှိတာ ဘာပဲဝတ်ဝတ် အတူတူပါပဲ"
ကောင်းမွန်လှသော အဝတ်အစားများမှာ အပြင်သွားရာတွင် ဝတ်ဆင်ရန် အတွက်သာ ဖြစ်သင့်လေသည်။ အိမ်မှာနေရင်း အဝတ်အစားကောင်းများ ဝတ်ဆင်ရန် အဘယ်ကြောင့် အပင်ပန်းခံနေရမည်နည်း။
"အမေ"
နီယန်သည် နီချွေ့ဟွာ၏ မှားယွင်းနေသည့် အတွေးများအား ချက်ချင်း ပြင်ဆင်ပေးလိုက် ပြီးနောက်တွင် ဆက်လက်၍ ပြောဆိုလိုက်သည်။
"သမီးတို့တွေ အရင်ကလို ပိုက်ဆံကို တွန့်တိုပြီး သုံးစရာမလိုတော့ပါဘူး သမီး ဝယ်ပေးထားတဲ့ အဝတ်အစားတွေကို အမေ ဝတ်သင့်တာပေါ့ မဟုတ်ရင် မဝတ်ဘဲ ဒီအတိုင်း ထားထားတော့ အလဟဿ ဖြစ်ကုန်လိမ့်မှာပေါ့"
"ဒေါ်လေးနီဆို နေ့တိုင်း ဘယ်လောက်တောင် ကျက်သရေရှိလဲ ကြည့်ပါဦး ပြီးတော့ အမေက ဘရာစီယာ ဝတ်ထားသင့်တယ် အဲဒီလိုမှ မဟုတ်ရင် ရင်သားတွေ လျော့ရဲ ကျလာတာက အပြင်ပန်း အသွင်အပြင်ကို ထိခိုက်စေရုံတင်မကဘူး အမျိုးသမီးရောဂါတွေကိုပါ ဖြစ်စေနိုင်တယ်နော်"
နီချွေ့ဟွာမှာမူ အံ့အားတကြီး ဖြစ်သွားပြီးနောက် ပြန်လည်၍ မေးမြန်းလိုက်လေသည်။
"တကယ်လား"
ဤသည်မှာ အဝတ်စလေး တစ်စမျှသာ ဖြစ်လေသည်။ ဝတ်သည်ဖြစ်စေ မဝတ်သည်ဖြစ်စေ အတူတူပင် ဖြစ်သင့်ပေသည်။ ၎င်းသည် ထိုမျှလောက်အထိ မှော်ဆန် နိုင်ပါမည်လော။
နီယန်မှ ပြန်ဖြေလိုက်လေသည်။
"အမေ သမီးတို့ အိမ်နီးချင်း အဘွားကြီးဝမ် ဘယ်လို သေသွားလဲဆိုတာ အမေ မှတ်မိသေးလား"
"မှတ်မိတာပေါ့"
နီချွေ့ဟွာမှ သူမ၏ ရင်ဘတ်အား လက်ညှိုးထိုးပြရင်း ပြောလိုက်တော့သည်။
"ဒီနေရာက ပြည်တည် လာပြီးတော့ သူ သေသွားတာလေ"
နီယန်မှ ရှင်းပြလိုက်လေတော့သည်။
"အဲဒီရောဂါကို ရင်သားကင်ဆာလို့ ခေါ်တယ် အမျိုးသမီးတွေက သူတို့ရဲ့ ရင်သားကို သေချာ ဂရုမစိုက်တာကြောင့် ဖြစ်ရတာပဲ"
"တကယ်လား"
နီချွေ့ဟွာမှာ အနည်းငယ် မယုံကြည်နိုင် ဖြစ်နေလေသည်။ နီယန်မှ တည်ကြည် လေးနက်စွာဖြင့် ဆိုလိုက်လေတော့သည်။
"အမေ သမီး အမေ့ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ"
ကြည့်ရသည်မှာ တစ်ခါမှ မရှိဖူးချေ။ နီချွေ့ဟွာ တွေဝေသွား ပြီးနောက် ဆက်ပြောလိုက်သည်။
"ယန်ယန် ဒါပေမဲ့ ဒီအဝတ်တွေ ဝတ်ရတာ အမေ့အတွက် သက်တောင့် သက်သာ မဖြစ်ဘူး ရင်ဘတ်က အရမ်းကျပ်နေသလိုပဲ ခံစားရတယ်"
ထို အဝတ်စများ ဝတ်ဆင်ထားခဲ့လျှင် အသက်ရှူလို့ပင် မဝသကဲ့သို့ ခံစားရလေသည်။ နီယန်မှ ဆက်လက်၍ ရှင်းပြလိုက်လေသည်။
"အမေ ပထမဆုံးအကြိမ် ဝတ်တဲ့သူတိုင်း ဒီလိုပဲ ခံစားရတာပါပဲ နောက်တော့လည်း ကျင့်သားရသွားပါလိမ့်မယ် ပြီးတော့ ဒါကို အချိန်ပြည့် ဝတ်ထားစရာလည်း မလိုပါဘူး အိပ်ရာဝင်တဲ့အခါ ချွတ်ထားလို့ ရပါတယ် အခုလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲ နေနေမယ်ဆိုရင် တစ်နေ့ကျရင် အမေ သေချာပေါက် နောင်တရလိမ့်မယ် အဲဒီအချိန်ကျရင် နောင်တရလို့လည်း အပိုပဲ ဖြစ်သွားလိမ့်မယ်"
ဤစကားအား ကြားသောအခါ နီချွေ့ဟွာမှ ခေါင်းညိတ်လိုက်ပြီးနောက် နားလည်းကြောင်း ပြောပြလိုက်လေသည်။
"ကောင်းပြီလေ အမေ နားလည်ပါပြီ"
နီယန်မှ ဆက်လက်၍ ပြောဆိုလေသည်။
"သမီး နီယွန်လေးကို ချီထားလိုက်မယ် အမေ သွားပြီးတော့ ဘရာစီယာနဲ့ ပြီးခဲ့တဲ့ တစ်ခေါက်က ဝယ်ထားတဲ့ အဝတ်အစားသစ်တွေကို သွားစမ်းဝတ်ကြည့်လိုက်ပါ"
နီချွေ့ဟွာသည် တစ်ခဏမျှ တွေဝေနေသော်လည်း နောက်ဆုံးတွင်မူ အဝတ်အစားများကို ယူ၍ သွားလဲလေတော့သည်။ ဘရာစီယာအား ပထမဆုံးအကြိမ် ဝတ်ဆင်ရခြင်း ဖြစ်သောကြောင့် သူမသည် အနည်းငယ် ရှက်ရွံ့နေပုံရကာ ရင်ဘတ်ကို လက်ဖြင့် ကာကွယ်ထားလေသည်။
နီယန်မှာမူ သူမ၏ မိခင် ဖြစ်သူ၏ ပုံစံအားကြည့်ကာ ရယ်မောလိုက် ပြီးနောက် နီချွေ့ဟွာအား မှန်ရှေ့သို့ ဆွဲခေါ်သွားလိုက်ကာ ပြလိုက်လေတော့သည်။
"အမေ မှန်ထဲက အမေ့ကိုယ် အမေ ကြည့်လိုက်ပါဦး ဘရာစီယာ ဝတ်လိုက်တော့ အရင်ကထက် အများကြီး ပိုကြည့် ကောင်းသွားတယ် မဟုတ်ဘူးလား အမေ့ရဲ့ မျက်နှာ တစ်ခုလုံး ပြောင်းလဲသွားတာပဲ"
အခန်း ၈၄
နီချွေ့ဟွာသည် အပေါ်ပိုင်းတွင် သနပ်ခါးရောင် လင်းနို့ တောင်ပံ ပုံစံရှိသည့် အကျီလက်မောင်း ဒီဇိုင်း အင်္ကျီနှင့် အောက်ပိုင်းတွင် အောက်နား ကားထွက်နေသည့် အနက်ရောင် ဘောင်းဘီရှည်အား ဝတ်ဆင်ထားခြင်း ဖြစ်သည်။
ထိုလင်းနို့တောင်ပံ လက်မောင်း ဒီဇိုင်း အင်္ကျီမှာ ယခုနှစ်၏ ခေတ်အမီဆုံး ဒီဇိုင်းဖြစ်လေသည်။ လည်ပတ်တွင် ရှေးဟောင်းပုံစံ ပန်းပွင့်လေးများ ထိုးထားပြီး လက်စကပ်ရှိ ပန်းပုံစံများနှင့် လိုက်ဖက်ညီလှရာ ကြည့်ရသည်မှာ အလွန်ပင် ကျက်သရေ ရှိလှပေသည်။
နီချွေ့ဟွာ၏ အသားအရေမှာ မူလကပင် ဖြူဝင်းသည့် ဘက်တွင် ရှိနေသောကြောင့် ယခုကဲ့သို့ သနပ်ခါးရောင် နှင့် တွဲဖက် လိုက်သောအခါ သူမ၏ အသားမှာ ပိုမိုဝင်းပ၍ ညီညာ သွားသယောင် ရှိနေခဲ့သည်။
ဘရာစီယာ ဝတ်ဆင် ထားခြင်းကြောင့်လည်း သူမ၏ ရင်သားပုံစံမှာ အချိုးအစား ကျနနေခဲ့ကာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသည့် အသွင်အား ဆောင်နေလေတော့သည်။
သူမ၏ အနေအထားမှာပင် တိုးတက် ပြောင်းလဲလာခဲ့ကာ ယခင်ကထက် ပိုမိုမတ်မတ် ရပ်နိုင်လာလေသည်။
ဤသို့သော အပြောင်းအလဲမှာ သူမအား တြခားသူ တစ်ယောက် အဖြစ် ပြောင်းလဲ သွားစေခဲ့သည်။ ယခင်အချိန်များတွင် တွေ့မြင်နေရကျဖြစ်သည့် မိမိကိုယ်ကိုယ် အားငယ်တတ်သည့် ပုံစံနှင့် မှိုင်တွေနေသည့် အမူအရာများမှာ မည်သည့်နေရာသို့ လွင့်စင်သွားပြီ ဖြစ်သည်အား မသိနိုင်တော့ချေ။
ခဏတာမျှ နီချွေ့ဟွာသည် မှန်ထဲတွင် မြင်နေရသောသူမှာ သူမ ကိုယ်တိုင် ဖြစ်သည်ဟုပင် မယုံကြည် နိုင်လောက်အောင် ဖြစ်သွားရတော့သည်။
သို့သော် ဘရာစီယာမှာ အနည်းငယ် ကျပ်နေသဖြင့် နေရထိုင်ရ ခက်လှပေသည်။ သူမသည် ကျောဘက်မှ သိုင်းကြိုးလေးအား လျှော့ချချင်သည့် စိတ်အား မနည်းပင် ထိန်းထားရလေသည်။
နှစ်ပေါင်း သုံးဆယ့်ခြောက်နှစ် တိုင်တိုင် စွဲမြဲ လာခဲ့သည့် အလေ့အကျင့် တစ်ခုမှာ တစ်ညတည်းနှင့် ပြောင်းလဲပစ်ရန် မလွယ်ကူသည်မှာ အမှန်ပင် ဖြစ်ချေသည်။ နီယန်မှ နီချွေ့ဟွာ၏ လက်အား ကိုင်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"အမေ အခု အမေ ဘယ်လောက်တောင် လှနေလဲ ကြည့်ပါဦး အကယ်လို့ အမေသာ ဘရာစီယာ မဝတ်ထားရင် ဒီလိုပုံစံမျိုး ထွက်လာမှာ မဟုတ်ဘူး သမီးပြောတာ မယုံရင် အခန်းထဲသွားပြီး ဘရာစီယာကို ချွတ်ပြီး ပြန်စမ်းကြည့်လေ"
နီချွေ့ဟွာသည် အမှန်တကယ်ပင် မယုံကြည်လှသဖြင့် အခန်းထဲသို့ ပြန်ဝင်ကာ ဘရာစီယာအား ချွတ်လိုက်လေသည်။ မှန်ထဲ၌ သူမကိုယ် သူမ ပြန်ကြည့် လိုက်သောအခါတွင်မူ အံ့အားသင့် သွားရတော့သည်။
ဘရာစီယာ ဝတ်ခြင်းနှင့် မဝတ်ခြင်းကြားတွင် သိသာ ထင်ရှားလှသည့် ခြားနားချက် ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။ မှန်ထဲမှ လူမှာ ပုခုံးများ ကိုင်းညွတ်နေခဲ့ကာ ယုံကြည်မှုများ ပျောက်ဆုံးနေ သယောင် ရှိကာ ကြည့်ရသည်မှာ စိတ်ဓာတ်ကျနေခဲ့ကာ သိသိသာသာ အိုစာသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
နီယန်သည် ပြုံးလျက် အနားသို့ လျှောက်လာပြီးနောက် နီချွေ့ဟွာ၏ ပုခုံးပေါ်သို့ လက်တင်ကာ ဆိုလိုက်လေသည်။
"အမေ သမီးပြောသားပဲ ဘရာစီယာ ဝတ်တာနဲ့ မဝတ်တာ တကယ့်ကို အကြီးအကျယ် ကွာခြားပါတယ်လို့"
နီချွေ့ဟွာသည် မှန်ရှေ့၌ သူမ၏ အဝတ်အစားများအား ပြန်လည် ပြင်ဆင်လိုက်လေသည်။ ထိုအခါ နီယန်မှ ဆက်၍ ပြောလိုက်သည်။
"အမေ သမီးစကား နားထောင်နော် မနက်ဖြန်ကျရင် ဒီအတိုင်းပဲ ဝတ်ပါ နောက်နောင် အဲဒီ အဝတ်ဟောင်းတွေကို မဝတ်ပါနဲ့တော့ သမီးတို့မှာ အဝတ်သစ်တွေ မဝယ်နိုင်တာမှ မဟုတ်တာ"
"ကောင်းပါပြီ"
နီချွေ့ဟွာမှ နီယန်အား ကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်လေသည်။
"အမေ သမီးစကား နားထောင်ပါ့မယ်"
နီယန်မှ ရယ်မောလျက် ပြောလိုက်သည်။
"ဘရာစီယာ ဝတ်ဖို့လည်း မမေ့နဲ့ဦးနော်"
"သိပါပြီ သိပါပြီအေ"
နီချွေ့ဟွာသည်လည်း အနည်းငယ် ရှက်ရွံ့စွာဖြင့် ခေါင်းညိတ် လိုက်လေသည်။ နီချွေ့ဟွာ၏ အိပ်ခန်းထဲမှ ထွက်လာ ပြီးနောက် နီယန်သည် မီးဖိုချောင် အတွင်းသို့ ဝင်ခဲ့လေသည်။
လီကုန်းချန်၏ အဘွားဖြစ်သူအတွက် အာဟာရဖြစ်စေပြီး အရသာရှိသည့် အစားအစာများအား ချက်ပြုတ်ပေးမည်ဟု ကတိပေး ထားခဲ့သည့် အတွက် မည်သည့် ဟင်းလျာများအား ပြင်ဆင်ရမည်နည်း ဟု သူမ စဉ်းစားနေမိလေသည်။
လီကုန်းချန်၏ ပြောပြချက်များ အရ အဘွားဖြစ်သူမှာ အစားအသောက် အလွန်ပျက်နေသည်ဟု သိရလေသည်။ ယေဘုယျ အားဖြင့် သက်ကြီးရွယ်အိုများ အစားပျက်ရခြင်းတွင် အကြောင်းရင်း နှစ်ခုသာ ရှိတတ်သည်။
ပထမအချက်မှာ အသက်ကြီးလာသည်နှင့်အမျှ လျှာပေါ်ရှိ အရသာခံ အဖုလေးများမှာ တဖြည်းဖြည်း ပျက်စီးလာခဲ့ကာ အစားအသောက် အပေါ် လျှာ၏ တုံ့ပြန်မှုမှာ နှေးကွေးသွားခြင်း ဖြစ်ပေသည်။
ဒုတိယအချက်မှာ အစာခြေစနစ်၏ လုပ်ဆောင်ရည် ကျဆင်း လာခြင်းကြောင့် အစာအိမ် အေးစက်လာကာ ခံတွင်းပျက်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဆေးဝါးနှင့် အာဟာရအား ထိထိရောက်ရောက် ကုသပေးရန် လိုအပ်လာခဲ့သည်။ ခဏမျှ စဉ်းစားလိုက် ပြီးနောက် နီယန်သည် ပါဝင်ပစ္စည်းများအား စတင်၍ ပြင်ဆင်လေတော့သည်။
သူမသည် အဘွား ဖြစ်သူ အတွက် ဆီးသီးချဉ်နှင့် ဝက်သား ရောစပ်ထားသော ရှမ်းတုန်းကော်ပြန့်ထုပ် များအား ဒယ်အိုးပူတိုက်ကာ ပြုလုပ်ပေးလျှက် ပူစီနံဆန်ပြုတ်အား ချက်ပြုတ်ရန် ဆုံးဖြတ် လိုက်တော့သည်။
မနက်ခင်းအချိန်တွင် ချဉ်ဖြုန်းဖြုန်း ဆီးသီးချဉ် ဝက်သားကော်ပြန့်ကြော်နှင့် ပေါ့ပေါ့ပါးပါး ပူစီနံဆန်ပြုတ်အား တွဲဖက်စားသုံးရခြင်းမှာ အလွန်ပင် အရသာရှိ လှပေလိမ့်မည် ဖြစ်သည်။
ပူစီနံသည် ခန္ဓာကိုယ်အတွင်းရှိ အပူများအား ဖယ်ရှားပေး နိုင်စွမ်းရှိကာ ဦးခေါင်းနှင့် မျက်စိတို့အား ကြည်လင်စေပြီး ချွေးထွက်စေခြင်းဖြင့် အပူငြိမ်းစေလေသည်။ နွေရာသီတွင် သက်ကြီးရွယ်အိုများ ပူစီနံဆန်ပြုတ်အား စားသုံးခြင်းဖြင့် စိတ်ကြည်လင်ခြင်း အစာစားချင်စိတ်ဆန္ဒအား နှိုးဆွပေးနိုင်ခြင်း အစာခြေစနစ်ကို ကူညီပေးခြင်းနှင့် အဆီများမှုကြောင့် အီလည်လည် ဖြစ်နေမှုအား ပြေပျောက်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပေသည်။
ကော်ပြန့်ထုပ်များအား ယခုပင် ထုပ်ပိုးထားနိုင်ပြီး မနက်ဖြန်မနက်မှသာ ဒယ်အိုးပူတိုက်ကာ ကြော်ပေးလိုက်ရုံပင် ဖြစ်သည်။
သို့သော် ဆန်ပြုတ်ကိုမူ မနက်ဖြန် မနက်မှသာ လတ်လတ်ဆတ်ဆတ် ချက်ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆန်ပြုတ် အကျန်မှာ အရသာမရှိသည့် အပြင် အာဟာရဓာတ်လည်း လျော့နည်း သွားသောကြောင့် ဖြစ်သည်။ ဆန်ပြုတ်အား ကြိုတင်ချက်၍ မရသော်လည်း ဆန်ကိုမူ ကြိုတင် စိမ်ထားနိုင်လေသည်။
နီယန်သည် ဆန်အား ကျွမ်းကျင်စွာ ဆေးကြောပြီးနောက် မြေအိုးအတွင်း၌ စိမ်ထားလိုက်တော့သည်။ ဆန်စိမ် ပြီးနောက် သူမသည် ဟင်းသီးဟင်းရွက်ခြံထဲသို့ ပူစီနံရွက်များ သွားခူးလိုက်လေသည်။ ထိုပူစီနံပင်များအား မြစ်ကမ်းဘေး၌ မတော်တဆ တွေ့ရှိခဲ့ရာမှ သူမသည် ယူဆောင်လာခဲ့ကာ ခြံထဲတွင် စိုက်ပျိုးထားခဲ့ခြင်း ဖြစ်ပေသည်။ ထိုအပင်များမှာ မျှော်လင့် မထား လောက်အောင်ပင် အလွန် ဖြစ်ထွန်းနေခဲ့သည်။
ပူစီနံရွက်များ ခူးပြီးနောက် နီယန်သည် ဂျုံနယ်ကာ ကော်ပြန့်ဖတ်များအား စတင်ပြုလုပ်တော့သည်။ ကလေးအား သိပ်လိုက်ပြီးနောက် နီချွေ့ဟွာသည်လည်း မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။
"ယန်ယန် ဘာတွေ အလုပ်များနေတာလဲ အမေ ကူပေးမယ်လေ"
နီယန်မှ ပြုံးလျက် လှည့်ကြည့်ကာ မေးလိုက်လေသည်။
"အမေ လျောင်ယဲ့ ကော်ပြန့်ထုပ်နည်းကို မှတ်မိသေးလား"
"မှတ်မိတာပေါ့"
နီချွေ့ဟွာမှ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် နီယန်မှ အဘွားမို အတွက် စီစဉ်ထားသည့် အကြောင်းအား နီချွေ့ဟွာကို ပြောပြလိုက်လေတော့သည်။ ထိုစကားအား ကြားသောအခါ နီချွေ့ဟွာမှ ရယ်မောလျက် ပြောလိုက်သည်။
"ဒါက ဘာခက်လို့လဲ ကော်ပြန့်ထုပ်တာနဲ့ ဖတ်လုပ်တာကို အမေ့ကိုပဲ လွှဲထားလိုက် သမီးက အစာသွတ်ဖို့ကိုပဲ ပြင်ဆင်တော့"
နီယန်ကဲ့သို့ ဟင်းချက်ရာတွင် မထူးချွန်သော်လည်း နီချွေ့ဟွာမှာ အလွန်ပင် ကျွမ်းကျင်လှသည့် မိခင်တစ်ဦး ဖြစ်ပေသည်။ သူမတွင် ပန်းထိုးခြင်း ဖိနပ်ဖာခြင်း အင်္ကျီချုပ်ခြင်း စသည့် အရည်အချင်းများစွာ ရှိလေသည်။ ထို့ပြင် နီချွေ့ဟွာသည် အလွန်ပင် ဉာဏ်ကောင်းသူ တစ်ဦး ဖြစ်သည်။ အရာရာအား တစ်ခါ သင်ပေးရုံနှင့် လွယ်လွယ်ကူကူ တတ်မြောက်နိုင်သူ ဖြစ်လေသည်။
"ကောင်းပါပြီ"
နီယန်မှ ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဒါဆို အမေ့ကိုပဲ လွှဲလိုက်မယ်နော်"