အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
အခန်း ၈၅
နီချွေ့ဟွာသည် အင်္ကျီလက်အား ခေါက်တင်လိုက်ရင်း ပြောလိုက်လေသည်။
"ဒါက ဘာပင်ပန်းလို့လဲအေ တကယ်ပင်ပန်းတာက သမီးပါ"
နီယန်၏ နေ့စဉ် နေ့တိုင်း ပင်ပင်ပန်းပန်း လုပ်ကိုင်နေရမှုများအား သူမ မြင်တွေ့နေရသည်။ ကံမကောင်းစွာပင် သူမအနေဖြင့် နီယန်အား များစွာ မကူညီနိုင်ခဲ့ဘဲ နီယန် စိတ်မပူရစေရန် အိမ်မှုကိစ္စများကိုသာ တာဝန်ယူ ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ ကော်ပြန့်ထုပ်ပေးခြင်းဖြင့် နီယန်အား ကူညီပေး နိုင်သည့်အတွက် နီချွေ့ဟွာသည် အလွန်ပင် ပျော်ရွှင်နေမိလေသည်။ နောက်ဆုံးတွင် သူမသည်လည်း နီယန်အတွက် တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်ပြီဟု ခံစားလိုက်ရသည်။
နီချွေ့ဟွာအား ဂျုံနယ်သည့် ဒလိမ့်တုံးနှင့် ထားရစ်ခဲ့ ပြီးနောက် နီယန်သည် ခြံဝင်းအတွင်းရှိ အချဉ်အိုးထဲမှ အချဉ်များအား သွားရောက် ထုတ်ယူလိုက်လေသည်။
အချဉ်တည်ထားမှုမှာ အလွန်ပင် ပြည့်စုံလှသည်။ ငရုတ်သီး ငရုတ်ကောင်း ဂျင်း စသည့် ပါဝင်ပစ္စည်းများ၏ ရနံ့မှာ အိုးအဖုံးအား ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မွှေးကြိုင်စွာ ပန်းထွက်လာခဲ့ကာ ခံတွင်းလိုက်စေသည်။
နီယန်မှ အချဉ်အိုးဘေးတွင် ဆောင့်ကြောင့် ထိုင်နေစဉ် ချစ်စရာကောင်းသည့် ယုန်ကလေးနှစ်ကောင်သည် သူမ၏ ခြေဖဝါးနားသို့ လာရောက် နမ်းရှုပ်နေကြလေသည်။
ထို ယုန်ကလေး နှစ်ကောင်မှာ ပြီးခဲ့သည့် တစ်ခေါက်တွင် တောင်ပေါ်မှ သူမ ဖမ်းလာခဲ့သည့် အုပ်စုထဲမှ ဖြစ်လေသည်။ တစ်လတာ ကာလအတွင်း ထိုယုန်ငယ်လေးများမှာ အတော်အတန် ကြီးထွားလာကြပြီ ဖြစ်သည်။ ကြည့်ရသည်မှာ ဝဝကစ်ကစ်လေးများပင် ဖြစ်သည်။
နောက်ထပ် လအနည်းငယ် ကြာလျှင်မူ ၎င်းတို့ကို စပ်စပ်လေး ချက်စားခြင်း သို့မဟုတ် အသားနှပ် ပြုလုပ်ခြင်းဖြင့် အသုံးချ နိုင်ပေတော့မည် ဖြစ်ပေသည်။ နီယန်သည် အချဉ်များအား အမြောက်အမြား ယူဆောင် လိုက်ပြီးနောက် ရေတွင်းထဲမှ ဝက်သုံးထပ်သား တစ်တုံးအား ဆွဲတင် လိုက်လေသည်။
မွှေးကြိုင်လှသည့် အချဉ်များနှင့် ဝက်သားတုံးတို့အား ပေါင်းစပ်လိုက်သောအခါ အလွန်ကောင်းမွန်လှသော တွဲဖက်မှုတစ်ခု ဖြစ်သွားလေတော့သည်။ ကော်ပြန့်ထဲသို့ အစာသွတ်နေရင်းပင် နီယန်မှာ မအောင့်နိုင်ဘဲ သွားရည်ကျလာမိသည်။
နီယန်မှ အစာသွတ်ခြင်းအား အဆုံးသတ်လိုက်ချိန်တွင် နီချွေ့ဟွာသည်လည်း ကော်ပြန့်ဖတ်များ အားလုံးကို ပြုလုပ်၍ ပြီးစီးသွားပြီ ဖြစ်သည်။
နီချွေ့ဟွာ၏ လက်ရာမှာ တိကျ သေသပ်လှပေသည်။ ကော်ပြန့်ဖတ် တစ်ခုချင်းစီမှာ အရွယ်အစား ညီညာရုံသာမက အလွန်ပင် ပါးလွှာလှသည်။ နီယန်သည် ပြင်ဆင်ထားသည့် အစာများအား မီးဖိုပေါ်သို့ တင်လိုက် ပြီးနောက် ကော်ပြန့်ဖတ် တစ်ခုအား ကောက်ကိုင်လျှက် ပြောလိုက်လေသည်။
"အမေ သမီးကိုလည်း သင်ပေးပါဦး"
နီချွေ့ဟွာမှ ပြုံးလျက် ပြောလိုက်သည်။
"ဘာလို့ ပင်ပန်းခံမလို့လဲ သမီးရယ် ဒီလို ကော်ပြန့်ထုပ်တဲ့ အသေးအမွှား ကိစ္စတွေကို အမေပဲ လုပ်ပါရစေ သမီး သွားအိပ်တော့ မဟုတ်ရင် မနက်ဖြန် စောစောထရမှာ"
နီယန်မှ ခေါင်းခါရင်း ပြောလိုက်လေသည်။
"စောပါသေးတယ်အမေရာ အတင်း အိပ်ရင်လည်း အိပ်ပျော်မှာ မဟုတ်ပါဘူး ခဏလောက် အတူတူလုပ်ရအောင်"
နီချွေ့ဟွာ၏ ကော်ပြန့်ထုပ်သည့် အမြန်နှုန်းနှင့် တိကျမှုမှာ အံ့မခန်းစရာပင် ဖြစ်လေသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် လှပသော လျောင်ယဲ့ပုံစံ ကော်ပြန့်ထုပ်လေး တစ်ခုသည် အဆင်သင့် ဖြစ်သွားခဲ့ချေပြီ။
၎င်းမှာ လမ်းဘေးတွင် ရောင်းချ နေသည်များ ထက်ပင် ပိုမို၍ လှပနေတော့သည်။ နီယန်မှ ကြည့်ရင်းနှင့်ပင် ဗိုက်ဆာလာခဲ့ကာ ပြောလိုက်သည်။
"အမေ ကော်ပြန့်တွေ အများကြီး ထုပ်လိုက်နော် မနက်ဖြန် နေ့လယ်စာကိုလည်း ဒါပဲ စားကြရအောင်"
"ကောင်းပါပြီ"
နီချွေ့ဟွာမှ ခေါင်းညိတ်ပြပြီးနောက် ပြန်ဖြေလိုက်သည်။
"ယန်ယန် အမေ့ကို အမှန်အတိုင်းပြောစမ်း ဒီနေ့တွေ့တဲ့ ရှောင်မို နဲ့ ဘယ်လိုလုပ် သိနေတာလဲ"
ဤကိစ္စတွင် တစ်စုံတစ်ခု ထူးခြားနေသည်ဟု သူမ ရိပ်မိနေလေသည်။ နီယန်မှ အေးအေးဆေးဆေးပင် ပြောပြလိုက်သည်။
"သမီးပြောခြ့သလိုပါပဲ အမေရဲ့ မြစ်ထဲက မြုံးကို သွားဆယ်တာကို သူက သမီးကို မြစ်ထဲခုန်ချတော့မယ် ထင်နေတာ"
"တကယ်လား"
နီချွေ့ဟွာမှ နီယန်၏ မျက်လုံးများအား သံသယဖြင့် စိုက်ကြည့် လိုက်တော့သည်။
"တကယ်ပါအမေရာ"
နီယန်မှ ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။ နီချွေ့ဟွာမှ ဆက်၍ မေးလိုက်သည်။
"တကယ်တော့ ရှောင်မိုက လူရည်မွန်လေး တစ်ယောက်ပဲ အမေကတော့ စဉ်းစားနေတာ "
သူမ၏ ကျန်ရှိသည့် စကားလုံးများမှာ ပါးစပ်ဖျားတွင်ပင် ရပ်တန့်သွားသည်။ မိုချီရှန်သည် နီချွေ့ဟွာ၏ သဘောကျမှုအား သေချာပေါက် ရရှိထားခဲ့ပြီး ဖြစ်သည်။ သူသည် စကားပြောဆို ပြေပြစ်လှကာ ယဉ်ကျေးသည့် အပြင် ဝတ်ပုံစားပုံ အရလည်း အခြေအနေ ကောင်းသည့် မိသားစုမှ ဖြစ်ကြောင်း သိသာလှပေသည်။
အရေးကြီးဆုံးအချက်မှာ လောကဓံအား ဖြတ်သန်းလာခဲ့သည့် အမျိုးသမီး တစ်ဦး အနေဖြင့် မိုချီရှန်သည် နီယန်အပေါ် ထူးခြားသော ခံစားချက် ရှိနေကြောင်း သူမ ရိပ်မိခြင်းပင် ဖြစ်လေသည်။ ၎င်းမှာ အလွန်ပင် ပါးလွှာသည့် ခံစားချက် ဖြစ်သော်လည်း သေချာ ဂရုစိုက် ကြည့်လျှင် သတိပြု မိနိုင်သည်။
မိန်းကလေး တစ်ယောက်၏ ကံကြမ္မာမှာ မျိုးစေ့ တစ်ခုကဲ့သို့ပင် ဖြစ်သည် ဟု ဆိုကြသည်။ မြေဩဇာ ကောင်းသော မြေပေါ်သို့ ကျရောက်လျှင် မည်သည့် ပူပန်မှုမျှ မရှိဘဲ တစ်သက်တာလုံး သုခချမ်းသာအား ခံစားကြရမည် ဖြစ်သော်လည်း ခြောက်သွေ့သည့် မြေဆီလွှာ ပေါ်သို့ ကျရောက်လျှင်မူ မည်မျှပင် ကြိုးစား အားထုတ် စေကာမူ အမြစ်တွယ် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
နီယန်သည် ယခုနှစ်တွင် ဆယ့်ခုနစ်နှစ် ရှိပြီ ဖြစ်သောကြောင့် နီချွေ့ဟွာ အနေဖြင့် သူမ၏ သမီးအား မိုချီရှန်ကဲ့သို့သော လူမျိုးနှင့် လွဲချော် သွားစေရန် မလိုလားခဲ့ချေ။ မိခင်တစ်ဦး အနေဖြင့် သူမ၏သမီးအား ချစ်ခြင်း မေတ္တာသာမက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တည်ငြိမ်မှုကိုလည်း ရရှိစေချင်သည်။ ဤသည်မှာ လက်တွေ့ဘဝပင် ဖြစ်သည်။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အာမခံချက် မရှိသည့် ပေါင်းသင်း ဆက်ဆံရေးမှာ ပျက်စီးရန် လွယ်ကူလှပေသည်။ အဘယ်ကြောင့်ဆိုသော် တစ်နေ့တွင် ချစ်ခြင်းမေတ္တာသည် နေ့စဉ်ဘဝ၏ လိုအပ်ချက်များ အောက်တွင် ရှုံးနိမ့် သွားရမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။
"အမေကလည်း ဘာလို့ အဲဒီလိုတွေ တွေးနေရတာလဲ သူနဲ့ သမီးက ကမ္ဘာနှစ်ခုက လူတွေပါ ပြီးတော့ သမီးက တက္ကသိုလ် တက်ဖို့အတွက် စာကိုပဲ အာရုံစိုက်ရအုန်းမှာ နောက်နောင် အမေ ဒီကိစ္စတွေကို မစဉ်းစားပါနဲ့တော့"
နီယန်မှ နီချွေ့ဟွာ၏ စကားအား ဖြတ်၍ ပြောလိုက်လေသည်။ ယခင်ဘဝမှ အဖြစ်အပျက်များသည် နီယန်အပေါ် နက်ရှိုင်းသည့် သက်ရောက်မှု ရှိခဲ့သည့် အတွက်ကြောင့် ယခုအချိန်အထိ သူမသည် အိမ်ထောင်ပြုရန် စိတ်မဝင်စားသေးချေ။
"ယောကျ်ားအား မှီခိုရမည်" ဆိုသည့် စကားမှာ သူမ၏ အဘိဓာန်ထဲတွင် မရှိချေ။ ယခင်ဘဝတွင်ဖြစ်စေ ယခု လက်ရှိ ဘဝတွင်ဖြစ်စေ...
သူမသည် မိမိကိုယ်ကိုယ်သာ အားကိုးသည်။
ဤလောကတွင် သင် အားကိုးနိုင်သည့် တစ်ဦးတည်းသော သူမှာ သင် ကိုယ်တိုင်သာ ဖြစ်ပေသည်။ နီချွေ့ဟွာမှ သက်ပြင်းချရင်း ဖြင့် ပြောလိုက်လေသည်။
"ကောင်းပါပြီ ကောင်းပါပြီ နောက်နောင် မပြောတော့ဘူး သမီး ဘာလုပ်နေလဲဆိုတာ သမီးကိုယ်တိုင် သိရင် ပြီးတာပါပဲ ဒါပေမဲ့ သမီး တက္ကသိုလ် တက်ချင်တယ် ဆိုဦးတော့ တစ်နေ့ကျရင်တော့ အိမ်ထောင်ပြုရမှာပဲ မဟုတ်ဘူးလား တစ်သက်လုံး အပျိုကြီး လုပ်သွားလို့မှ မရတာ"
နီယန်မှ သဘောမတူသည့် အတွက်ကြောင့် နီချွေ့ဟွာသည်လည်း အတင်းအကျပ် မတိုက်တွန်းလိုတော့ချေ။ တကယ်တမ်းတွင်လည်း အတင်းအကျပ် လုပ်ယူ၍ ရသည့်အရာမှာ မည်သည့် အခါတွင်မှ မချိုမြိန်လှချေ။
"သမီးကတော့ အိမ်ထောင်မပြုချင်သေးပါဘူး အမေနဲ့ပဲ ထာဝရ အတူနေသွားမှာ"
နီယန်မှ နီချွေ့ဟွာ၏ လည်ပင်းအား ဖက်လိုက်ကာ သူမ၏ စိတ်ရင်းအား ပြောပြလိုက်လေတော့သည်။
အခန်း ၈၆
"ကလေးရယ် ဘာတွေ တွေးနေတာလဲ"
နီချွေ့ဟွာမှ ဆက်၍ ပြောပြလိုက်လေသည်။
"အမျိုးသမီးတွေဆိုတာ အိမ်ထောင်ပြုရတာ ဓမ္မတာပဲလေ"
နီယန်မှ မျက်ခုံး တစ်ဖက်အား ပင့်လိုက်ရင်းဖြင့် ပြန်ပြောလိုက်လေသည်။
"ဒါပေမဲ့ မိန်းကလေး တစ်ယောက်က ဘာလို့ သေချာပေါက် အိမ်ထောင်ပြုရမှာလဲ အမေ ကြည့်ပါဦး အခု သမီးတို့ ယောကျ်ား တစ်ယေောက် မရှိဘဲနဲ့လည်း အဆင်ပြေပြေ နဲ့ နေနေတာပဲ မဟုတ်ဘူးလား သမီးတို့တွေ ရှင်သန်နိုင် ရုံတင်မကဘဲ အရင်က ထက်တောင် ပိုပြီး ကောင်းကောင်းမွန်မွန် နဲ့ နေနိုင်နေကြသေးတာပဲ ဒါက ယောကျ်ားတွေဆိုတာ မရှိမဖြစ် မဟုတ်ဘူးဆိုတာကို ပြနေတာပဲလေ"
နီချွေ့ဟွာမှာ ခေတ္တမျှ ဆွံအသွားခဲ့ကာ ပြန်ပြောရန် အတွက် စကာလုံး ရှာမရ ဖြစ်သွားခဲ့ရတော့သည်။ အဘယ်ကြောင့်ဆိုသော် နီယန် ပြောသည့် စကားမှာ အမှန်တရား ဖြစ်နေသောကြောင့် ဖြစ်လေသည်။
ခဏမျှ စဉ်းစားပြီးနောက် နီချွေ့ဟွာမှ မေးလိုက်သည်။
"ဒါပေမဲ့ သမီးသာ အိမ်ထောင်မပြုဘဲ ကလေး မရဘူးဆိုရင် သမီး အိုမင်းလာတဲ့အခါ ဘယ်သူက ပြုစုစောင့်ရှောက်မှာလဲ"
နီချွေ့ဟွာမှာ ပညာ သင်ကြားခဲ့ဖူးသူ မဟုတ်သဖြင့် သူမ၏ အတွေးအခေါ်မှာ ကျဉ်းမြောင်းလှပေသည်။ အမျိုးသမီး တစ်ဦး၏ ရည်ရွယ်ချက်မှာ ကလေး မွေးဖွားရန် ဖြစ်သည် ဟူသော အယူအဆမှာ သူမ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့လေပြီ။
သို့မဟုတ်ပါက သူမသည် ယခင် အချိန်များတွင် သားတစ်ယောက် မမွေးဖွားနိုင်ခဲ့သည့် အတွက် အပြစ်ရှိသကဲ့သို့ ခံစားနေရမည် မဟုတ်ပေ။ ဤကဲ့သို့သော မှားယွင်းသည့် အယူအဆများအား ပြုပြင်ရန် လိုအပ်ပေသည်။ နီယန်မှ နီချွေ့ဟွာအား ကြည့်ပြီးနောက် တည်ကြည်စွာဖြင့် ရှင်းပြလိုက်လေတော့သည်။
"အမေ မိန်းကလေးတွေဆိုတာ မျိုးဆက် ပြန့်ပွားဖို့ အတွက် ကိရိယာတွေ မဟုတ်ပါဘူး အိမ်ထောင်ပြုတာနဲ့ ကလေးမွေးတာက အမျိုးသမီးတိုင်း အတွက် မရှိမဖြစ် လိုအပ်ချက်တွေ မဟုတ်ဘူး ဥက္ကဋ္ဌကြီး တစ်ယောက်က ပြောဖူးတယ် အခုခေတ်မှာ ယောကျ်ားနဲ့ မိန်းမက တန်းတူပဲတဲ့ ခေတ်သစ် အမျိုးသမီးတွေ အနေနဲ့ သမီးတို့က လွတ်လပ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ရမယ် ရှင်သန်ဖို့အတွက် ယောကျ်ားတွေကို မှီခိုနေလို့ မရဘူး"
"အမေ့ကိုယ် အမေပဲ ဥပမာထားကြည့်လေ အကယ်၍ အမေသာ အဲဒီတုန်းက ကွာရှင်းဖို့ မဆုံးဖြတ်ခဲ့ဘူးဆိုရင် အခု အမေ့ဘဝက ဘယ်လို ဖြစ်နေမလဲဆိုတာ အမေ အသိဆုံးဖြစ်မှာပါ"
"သမီးတို့ ကိုယ်တိုင် သန်မာလာတဲ့အခါမှသာ တကယ့်ကို အစွမ်းထက်တဲ့သူတွေ ဖြစ်ကြလာမှာ မလား"
"ဒါကြောင့် အခု သမီးတို့ အတွက် အရေးကြီးဆုံးက ပိုက်ဆံရအောင် ကြိုးစားရမယ် ပြီးရင် အထက်တန်းကျောင်း တက်မယ် တက္ကသိုလ်တက်မယ် သမီးတို့ရဲ့ အမြင်တွေကို ကျယ်ပြန့်အောင် လုပ်ရမယ် သမီးတို့မှာ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ကိုယ်တိုင် ဖန်တီးနိုင်တဲ့ စွမ်းရည်ရှိရမယ် အဲဒီလိုပဲ တခြားသူတွေကိုလည်း ကူညီနိုင်ရမယ်"
"တစ်နေ့မှာ သမီးတို့တွေ သန်းကြွယ် သူဌေး ဖြစ်လာတဲ့အခါကျရင် အမေ သိလာပါလိမ့်မယ် အမေ့မှာ သားတစ်ယောက် ရှိဖို့ဆိုတာတင် မဟုတ်ဘဲ သား တစ်ဆယ်ယောက် ဒါမှမဟုတ်လည်း တစ်ရာလောက် အထိ လိုချင်ရင်တောင် ပြဿနာ မရှိဘူးဆိုတာကိုလေ သမီး ကတိပေးတယ် အဲဒီသားတွေ အားလုံးက အမေ့အပေါ် သိတတ် လိမ္မာတဲ့သူတွေ ဖြစ်စေရမယ်"
"ခေတ်တွေ ပြောင်းသွားပါပြီအမေရယ် သမီးတို့ အမျိုးသမီးတွေလည်း ကောင်းကင်ရဲ့ တစ်ဝက်ကို မတ်မတ် ထမ်းထားနိုင်ပါသေးတယ်"
နီယန်၏ စကားလုံးများမှာ စိတ်ရင်းမှန် လှသောကြောင့် နီချွေ့ဟွာမှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားရလေတော့သည်။ သူမစည် တစ်စုံတစ်ရာ ပြန်လည်၍ ချေပလိုသော်လည်း မည်သည့် စကားလုံးမျှ ရှာမတွေ့ခဲ့ပေ။ အမှန်စင်စစ် သူမ၏ အတွေးအခေါ်မှာ ကျဉ်းမြောင်းလွန်းနေခဲ့သည်မှာ မဟုတ်ပါလော။ နီချွေ့ဟွာမှ ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"ယန်ယန် သမီးပြောတာ မှန်ပါတယ် နောက်နောင် ဘယ်သူ့ကိုမှ အမေတို့ အားမကိုးတော့ဘူး"
သူမ၏ မိခင် ဖြစ်သူသည် ဤအကြောင်းပြချက်အား နားလည်သွားသည်ကို မြင်ရသောအခါ နီယန် စိတ်သက်သာရာ ရသွားတော့သည်။ သူမ အကြောက်ဆုံး အရာမှာ နီချွေ့ဟွာ တစ်ယောက် အတွေးအမှားထဲတွင် ပိတ်မိနေမည်ကိုပင် ဖြစ်ချေသည်။ နီယန်မှ ကော်ပြန့်ဖတ်တစ်ခုအား ကောက်ကိုင်လိုက် ပြီးနောက် ပြောလိုက်သည်။
"အမေ အမေ ထုပ်တဲ့ ကော်ပြန့်တွေက သိပ်လှတာပဲ သမီးကို သင်ပေးပါဦး"
သူမသည် အမှန်တကယ်ကိုပင် သင်ယူလိုစိတ် ပြင်းပြနေခဲ့ခြင်း ဖြစ်သည်။ နီယန်၏ သင်ယူလိုစိတ်အား မြင်သောအခါ နီချွေ့ဟွာသည်လည်း ထပ်မံ ငြင်းဆိုခြင်း မပြုတော့ဘဲ တစ်ဆင့်ချင်းစီကို စိတ်ရှည်လက်ရှည် သင်ကြား ပေးတော့သည်။ နီယန်မှာ ဉာဏ်ကောင်း သည့်အပြင် ယခင်ဘဝမှ အတွေ့အကြုံများလည်း ရှိသောကြောင့် အချိန်တိုအတွင်းမှာပင် ကျွမ်းကျင် သွားလေတော့သည်။ သူမထုပ်သည့် ကော်ပြန့်များမှာ နီချွေ့ဟွာ၏ လက်ရာနှင့်ပင် မခြားတော့ချေ။
ဆယ့်ငါးမိနစ်ပင် မပြည့်သေးမီ မိခင်ဖြစ်သူနှင့် သမီး ဖြစ်သူ သားအမိ နှစ်ဦးသည် ကော်ပြန့်ပေါင်း တစ်ရာခန့်အား ထုပ်ပြီးစီးသွားကြလေသည်။
နောက်တစ်နေ့တွင်...
နီယန်သည် အိပ်ယာမှ စောစောထလာခဲ့သည်။ ပထမဆုံး အနေဖြင့် သူမသည် ပြီးခဲ့သည့်ညတွင် စိမ်ထားခဲ့သည့် ဆန်နှင့် ပူစီနံရွက်များအား မြေအိုးထဲသို့ ထည့်ကာ မီးအေးအေးဖြင့် တည်ထား လိုက်လေသည်။ ထို့နောက်တွင် ကော်ပြန့်များအား စတင် ကြော်တော့သည်။
သူမသည် ဒယ်အိုးအတွင်းသို့ ဆီအနည်းငယ် ထည့်လိုက်သည်။ ဆီပူလာချိန်တွင် ကော်ပြန့်များအား ထည့်လိုက်ရာ "ရှဲ" ခနဲ မြည်သံ နှင့်အတူ မွှေးကြိုင်လှသည့် ရနံ့များမှာ မီးဖိုချောင်လေး အတွင်း၌ ပြည့်နှက် သွားလေတော့သည်။
ကော်ပြန့်များမှာ နှစ်ဖက်စလုံး ရွှေအိုရောင်သန်းကာ ဝင်းပနေခဲ့ပြီး ကြည့်ရသည်မှာ ရွှေတုံး ကလေးများ နှင့်ပင် တူနေတော့သည်။ နီယန်မှာ မအောင့်နိုင်ဘဲ တစ်ခု မြည်းစမ်း ကြည့်လိုက်မိသည်။
ကော်ပြန့်မှာ အပြင်သားသည် ကျွတ်ရွနေခဲ့ကာ အထဲမှ အစာမှာ နူးညံ့လှသည်။ သူမ ကိုက်လိုက်သည်နှင့် တစ်ပြိုင်နက် အချဉ်နှင့် ဝက်သား၏ အရသာမှာ ပါးစပ်အတွင်း၌ ပြည့်နှက်သွားတော့သည်။ ၎င်းနောက်တွင် စပ်စပ်ချဉ်ချဉ် အရသာလေးမှ ကပ်ပါလာခဲ့၏။ အရသာမှာ လေးနက် လှသော်လည်း အီဆိမ့်နေခြင်း မရှိပေ။ ၎င်းသည် သူမ၏ အရသာခံဖုများအား ကောင်းစွာ နှိုးဆွပေးလိုက်တော့သည်။
ကော်ပြန့်လေးခုကို ဆက်တိုက် စားသုံးပြီးနောက် နီယန်သည် ကော်ပြန့်အချို့အား ဓါတ်ဘူးထဲသို့ ထည့်လိုက်ကာ ကျန်ရှိသည်များကိုမူ နီချွေ့ဟွာနှင့် နီချန်ကွေ့တို့ အတွက် မနက်စာအဖြစ် ချန်ထားပေးခဲ့သည်။
ထိုဓါတ်ဘူးမှာ သုံးထပ်ပါဝင်လေသည်။
ပထမအထပ်တွင် ပူစီနံဆန်ပြုတ် ဒုတိယအထပ်တွင် ကော်ပြန့်ကြော်နှင့် တတိယအထပ်တွင် နီယန် ချက်ပြုတ်ထားသော ဆလတ်ရွက် ဝက်သားမျှင်ကြော်တို့ကို ထည့်သွင်းထားသည်။
"ဆေးဖက်ဝင် အပင်များ နေ့စဉ်သုံးကျမ်း" တွင် ဆလတ်ရွက်သည် အတွင်းကလီစာ ငါးခုအား အကျိုးပြုစေပြီး ကြွက်သားနှင့် အရိုးများကိုလည်း အားဖြည့်ပေးကာ နွေအပူကို သက်သာစေသည်ဟု ဖော်ပြထားခဲ့သည်။ ထို့ပြင် သွေးကြောများကို ပွင့်စေကာ အသက်ရှူခြင်းကိုလည်း လန်းဆန်းစေပြီး မျက်စိကိုလည်း ကြည်လင်စေသည့် အာနိသင် ရှိသည်။
သက်ကြီးရွယ်အိုများ၏ အမြင်အာရုံမှာ ပုံမှန်အားဖြင့် လျော့နည်း လာတတ်သည့် အတွက်ကြောင့် ဆလတ်ရွက်အား စားသုံးခြင်းဖြင့် အမြင်အာရုံကို ထိန်းသိမ်းပေးနိုင်လေသည်။
ထို့ပြင် နီယန်သည် ဆလတ်ရွက်အား ကြော်သောအခါ မီးအရှိန်ကို ကောင်းစွာ ထိန်းချုပ်နိုင်သည့် အတွက်ကြောင့် ဟင်းလျာမှာ ကျွတ်ကျွတ်ရွရွရှိပြီး မွှေးကြိုင်လှပေသည်။ ဆလတ်ရွက် ပူစီနံဆန်ပြုတ်နှင့် ကော်ပြန့်ကြော် တို့၏ တွဲဖက်မှုမှာ အလွန်ပင် ကောင်းမွန်လှပေရာ လိုက်ဖက်သည့် အစားအစာတစ်ခု ဖြစ်သွားတော့သည်။
ကော်ပြန့်ကြော်မှာ ခံတွင်းလိုက်စေသည့် အစွမ်းရှိသောကြောင့် အဘွားအို အနေဖြင့် ဤနံနက်စာအား သေချာပေါက် နှစ်ခြိုက်စွာ စားသုံးနိုင်ပေလိမ့်မည်။ အားလုံးကို ဓါတ်ဘူးအတွင်းသို့ ထည့်သွင်း ပြီးနောက် နီယန်သည် ဘေးနားရှိ ဆီးသီးချိုချဉ်ရည်ကို တွေ့မြင်သွားခဲ့ကာ ဖန်ခွက် တစ်ခုအတွင်းသို့ အပြည့် ငဲ့ထည့် လိုက်လေတော့သည်။
အခန်း ၈၇
လီကုန်းချန်းသည် သူမအား ငွေတစ်ရာ ပေးထားသည် ဖြစ်ရာ အဘွားအို အနေဖြင့် စားသောက်ချိန်တွင် စိတ်ချမ်းမြေ့စေရန် နီယန် အမြဲ လိုလားပေသည်။ ထို ငွေတစ်ရာသည် ထိုက်တန်သည့် အသုံးစရိတ် ဖြစ်ကြောင်း သေချာ စေချင်သည်။
အဘွားအိုအတွက် အစားအစာများ ပြင်ဆင် ပြီးနောက် နီယန်သည် ယနေ့ ဆိုင်ဖွင့်ရန် လိုအပ်သည်များအား စတင်၍ ပြင်ဆင်တော့သည်။
ကျန်ရှိနေသော ပူဒီနာဆန်ပြုတ် တစ်ပန်းကန်အား အမြန် ကုန်အောင် သောက်ပြီးနောက် နီယန်သည် သူမ၏ စက်ဘီးအား အပြင်သို့ တွန်းထုတ်လိုက်တော့သည်။ ဤအချိန်တွင် အရှေ့ဘက် ကောင်းကင်၌ အရုဏ်ဦး အလင်းရောင် သမ်းစပြုနေပြီ ဖြစ်သော်လည်း လယ်ကွင်းထဲတွင်မူ လူများမှာ အလုပ် ကြိုးစားနေကြပြီ ဖြစ်သည်။
နေမပူခင် အလုပ်များအား တတ်နိုင်သမျှ အပြီးသတ်ရန် လူတိုင်း ကြိုးစားနေကြခြင်း ဖြစ်သည်။ နေမြင့်လာသည် နှင့်အမျှ အလုပ်လုပ်ရန် ပူပြင်း လွန်းလှပေလိမ့်မည်။
နီယန် ဆိုင်သို့ ရောက်ရှိချိန်တွင် လီကုန်းချန်းမှာ ထုံးစံအတိုင်း ကြိုတင်၍ ရောက်ရှိကာ စောင့်ဆိုင်းနေခဲ့လေပြီ ဖြစ်သည်။
“ရှောင်နီ ကျွန်တော် ကူပေးပါရစေ”
သူသည် နီယန်၏ စက်ဘီးပေါ်မှ ပစ္စည်းများအား ချရန် ကူညီပေးလေသည်။
“ကျေးဇူးတင်ပါတယ်”
နီယန်မှ ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။ နီယန်၏ စက်ဘီးနောက်တွင် ငါးချဉ် ဟင်းရည်အိုးကြီး နှစ်လုံးအား ချည်နှောင်ထားလေသည်။ အိုးများမှာ ကြည့်ရသည်မှာ မကြီးလှသော်လည်း အလွန် လေးလံလှရာ လီကုန်းချန်းမှာ လက်နှစ်ဖက်ဖြင့်ပင် မနည်းမလိုက်ရတော့သည်။
“ကျွန်မပဲ လုပ်လိုက်ပါ့မယ်”
နီယန်မှ အသာအယာ ပြုံးရင်း အိုးအား လွှဲယူလိုက်တော့သည်။ နီယန်သည် ငါးချဉ်ဟင်းရည် အိုးနှစ်လုံးအား မပင်မပန်းဘဲ လွယ်လင့်တကူ မယူသွားသည်ကို မြင်သောအခါ လီကုန်းချန်းမှာ အံ့အားသင့်သွားခဲ့ရသည်။
ဤမိန်းကလေးမှာ မည်သည့် အစားအစာများ စားပြီး ယခုလို သန်မာနေရလေသနည်း ဟု ပင် တွေးလိုက်မိသည်။ သူမ၏ ခွန်အားမှာ မယုံနိုင်စရာပင် ဖြစ်ပေသည်။
လီကုန်းချန်းသည် မိန်းကလေး တစ်ဦးထက် နိမ့်ကျသည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းလည်း ဖြစ်ပေသည်။ သူမသည် သူ့ထက် ပိုက်ဆံ ပိုရှာနိုင်ရုံသာမက ယခုတွင် ခွန်အားပါ ပိုသန်နေချေပြီ။
သို့သော် နီယန်၏ လုပ်ရပ်မှာ အနည်းငယ် ထူးဆန်းနေခဲ့သည်။ ယမန်နေ့ မနက်တွင် အရောင်း မကောင်းခဲ့သော်လည်း ယနေ့ အတွက်မူ အစားအစာများအား အမြောက်အမြား ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ မနက်ဖြန် မနက်အထိ ရောင်းရန် စိတ်ကူးနေသည်လား သို့မဟုတ် သူမသည် နည်းနည်း ရိုးအလွန်းနေသည်လား မတွေးတတ်တော့ချေ။
အမှန်စင်စစ် နီယန်မှာ ရိုးအသူမဟုတ်ချေ။ ယနေ့ သူမ၏ အရောင်းအဝယ်မှာ မနေ့ကထက် ပိုကောင်းလာမည်ဟု သူမ အာရုံခံ မိနေသောကြောင့် ဖြစ်သည်။ သေချာသည်မှာ ထိုသို့သော မဟာဗျူဟာမြောက် အတွေးအခေါ်များအား လီကုန်းချန်း နားမလည်နိုင်ခဲ့သည်မှာ သူသည် စီးပွားရေးသမား တစ်ဦး မဟုတ်သည့် အတွက် ဖြစ်သည်။
လီကုန်းချန်းသည် နီယန်ထံသို့ စကားပြောရန် ချဉ်းကပ်လိုက်စဉ် သူမကပင် အရင် ဦးအောင် ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။
“မစ္စတာလီ ဒီမနက်လည်း ထုံးစံအတိုင်းပဲလား”
“အင်း.. ဟုတ်တယ်”
လီကုန်းချန်း ခေါင်းညိတ်ပြ လိုက်လေသည်။
“ဟုတ်ကဲ့ ခဏလေး စောင့်ပါနော်”
သူမသည် တစ်ခုခုအား သတိရသွားဟန်ဖြင့် ရေနွေးအိုးပါသည့် အိတ်တစ်အိတ်အား သူ့ထံ ကမ်းပေးလိုက်လေသည်။
“ဒါက အဘွားအတွက်လို့ သဘောတူထားတဲ့ မနက်စာပါ ရိုးရိုးရှင်းရှင်းလေးပဲ လုပ်ထားတာ သူ ကြိုက်ပါ့မလားတော့ မသိဘူး”
“ကျေးဇူးပါပဲ မင်းရဲ့ လက်ရာနဲ့ဆိုရင် အဘွားက သေချာပေါက် ကြိုက်မှာပါ”
လီကုန်းချန်းမှ ဝမ်းသာအားရ လက်ခံ လိုက်တော့သည်။ မကြာမီ မွှေးပျံ့လှသည့် ငါးချဉ်ခေါက်ဆွဲ တစ်ပန်းကန် လီကုန်းချန်းရှေ့သို့ ရောက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ခရမ်းရောင် ဖျော်ရည်တစ်ခွက်ကိုလည်း ချပေးလိုက်သည်။
“ဒါက ဘာလဲ”
ဆီးသီး ချိုချဉ်ရည် ခွက်အား လက်ညှိုးထိုးပြရင်း လီကုန်းချန်း မေးလိုက်မိသည်။ နီယန်မှ ပြုံးလျက် ရှင်းပြလိုက်သည်။
“ဒါက ဆီးသီးချိုချဉ်ရည်ပါ ကျွန်မကိုယ်တိုင် လုပ်ထားတာ ပထမတစ်ခွက်က အလကားပါ မြည်းကြည့်ဦးမလား”
“သောက်ကြည့်တာပေါ့”
လီကုန်းချန်းမှ ခွက်အား လှမ်းယူလျှက် တစ်ငုံသောက်လိုက် မပြီးနောက် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
“ရှောင်နီ ဒီဆီးသီးချိုချဉ်ရည်က အရမ်းကောင်းတာပဲ တစ်ခွက်ကို ဘယ်လောက်ကျလဲ”
“တစ်ခွက်ကို တစ်ပြားပါ”
နီယန်မှ ပြန် ဖြေလိုက်သည်။
‘တစ်ခွက်ကို တစ်ပြားတည်း ဒီလောက်ကောင်းတဲ့ ဖျော်ရည်က ဒီလောက်တောင် ပေါတာလား’
လီကုန်းချန်းမှာ သူ၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရတော့သည်။ ဆိုဒါဗူးတစ်ဗူးအား တစ်ကျပ်ခွဲပေးရသည်ကို သူ သိထားလေသည်။ ဤဆီးသီးချိုချဉ်ရည်၏ အရသာမှာ ဆိုင်မှ ဝယ်သောက်သည့် ဆိုဒါများထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။
“တစ် တစ်ပြားတည်းလား”
လီကုန်းချန်းမှ မဝံ့မရဲ ထပ်မေးမိလိုက်သည်။ နီယန်မှ ခေါင်းညိတ်လျက် ပြောလိုက်သည်။
“ဟုတ်ကဲ့ တစ်ပြားပါ”
နီယန်သည် စီးပွားရေးသမား ဖြစ်ရာ အရှုံးခံ၍ လုပ်မည့်သူ မဟုတ်ချေ။ တစ်ပြားဆိုသည်မှာ ပေါသည်ဟု ထင်ရသော်လည်း သူမသည် အရောင်းပမာဏအား အားကိုးခြင်းဖြစ်ရာ ၎င်းက ဖောက်သည်များကိုလည်း ပိုမို၍ ဆွဲဆောင်နိုင်မည် ဖြစ်သည်။
တစ်မနက်အတွင်း ဆီးသီးချိုချဉ်ရည် ခွက်ငါးရာ ရောင်းရလျှင်ပင် ငါးကျပ် ရလိမ့်မည်။ အရင်းနှုတ်လျှင် လေးကျပ်ခွဲခန့် အမြတ်ကျန်ပေမည်။ အရေးကြီးဆုံးအချက်မှာ ခေါက်ဆွဲ နှင့်ယှဉ်လျှင် ဆီးသီးချိုချဉ်ရည်မှာ လုပ်ရသည်မှာ ပို၍ လွယ်ကူခြင်းပင် ဖြစ်သည်။ လီကုန်းချန်းမှ ဆက်ပြောလိုက်သည်။
“ဒါဆို နောက်တစ်ခွက် ထပ်ပေးဦး”
“ရပါတယ်”
နီယန်သည် ဆီးသီးချိုချဉ်ရည် နောက်တစ်ခွက် ငှဲ့ပေးလိုက်တော့သည်။ မကြာမီမှာပင် ယခင် အစောပိုင်း၌ တိတ်ဆိတ်နေသည့် ဆိုင်လေးသို့ စားသုံးသူများ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။ ခဏအတွင်းမှာပင် စားပွဲအားလုံး ပြည့်သွားတော့သည်။
နီယန်သည် ထုံးစံအတိုင်း လူတိုင်းအား ဆီးသီးချိုချဉ်ရည် တစ်ခွက်စီ တိုက်ကျွေးလေသည်။ မျှော်လင့်ထားသည့် အတိုင်းပင် မြည်းကြည့်သူတိုင်းမှ ကောင်းမွန်ကြောင်း ပြောကြကာ အားလုံးသည်လည်း ထပ်မံ၍ မှာယူကြလေသည်။
ဆိုဒါဗူး တစ်ဗူးစာ အဖိုးအခဖြင့် ဆီးသီးချိုချဉ်ရည် ဆယ်ခွက်ကျော် သောက်နိုင်ပြီး ဖြစ်ကာ အရသာသည်လည်း ပိုမို ကောင်းနေရာ မည်သည့် အမြော်အမြင် ရှိသည့် သူမဆို ထိုတစ်ပြားအား သုံးစွဲရန် ဝန်လေးကြလိမ့်မည် မဟုတ်ချေ။