အခန်း (၈၈-၉၀)
Vol. 6 Ch. 88-90
အခန်း ၈၈
မကြာမီမှာပင် နီယန်၏ ဆိုင်ရှေ့တွင် တန်းစီနေသည့် လူတန်းရှည်ကြီး ဖြစ်ပေါ်လာခဲ့သည်။
“ဒီက အရသာက တကယ်ကို စစ်တယ်ဗျာ”
“ဟိုဘက်က တစ်ပန်းကန်ကို ငါးပြား ပိုသက်သာပေမယ့် တစ်ခုခု လိုနေသလိုပဲ အမြဲ ခံစားရတယ်”
“ငါ မြန်မြန်ပြေးလာလို့ တော်သေးတာပေါ့ မဟုတ်ရင် လူတန်းကြီးရဲ့ အနောက်ဆုံးမှာ ရောက်နေဦးမှာ”
“အစ်မ.. ကျွန်တော့်ကို ငါးချဉ်ခေါက်ဆွဲ တစ်ပန်းကန်ပေး”
“ကျွန်မကိုလည်း တစ်ပန်းကန်”
လီကုန်းချန်းသည် သူ၏စားပွဲတွင် ထိုင်နေရင်းဖြင့် နီယန်တစ်ယောက် အေးအေးဆေးဆေး ခေါက်ဆွဲ ခပ်ပေးနေသည်အား အံ့သြတုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။ သူမသည် ယနေ့မနက် မည်သည့်အတွက်ကြောင့် အစာတွေ အများကြီး ပြင်ဆင် လာရသနည်း ဆိုသည်အား ယခုမှ သဘောပေါက် သွားလေတော့သည်။ သူမသည် ဤမြင်ကွင်းအား ကြိုတင် သိထားခဲ့ခြင်း ဖြစ်ရပေမည်း။
နီယန်၏ဆိုင်မှာ လူစည်ကားနေသော်လည်း ဆန့်ကျင်ဘက် အားဖြင့် ဆွန်းချွန်းရှန်၏ ဆိုင်တွင်မူ ဖောက်သည် အနည်းငယ်သာ ရှိတော့သည်။ ဆွန်းချွန်းရှန်သည် ယနေ့ မနက်တွင် အလွန် ရောင်းကောင်းမည်ဟု ထင်မှတ်ကာ ခေါက်ဆွဲ ပန်းကန်ပေါင်း နှစ်ထောင်ကျော်စာ ပြင်ဆင်ထားခြင်း ဖြစ်ကာ သူမ၏ ယောင်းမကိုပင် လာကူခိုင်း ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေများအား သူမ မျှော်လင့်မထားခဲ့ချေ။ ယမန်နေ့ မနက်ကအထိ အရောင်းအဝယ် ကောင်းနေခဲ့သေးသည် မဟုတ်ပါလော။
‘အဲ့ နီယန်ဆိုတဲ့ ကောင်မစုတ်က တစ်ခုခု လုပ်ပြန်ပြီလား ဘယ်လောက်တောင် အရှက်မရှိတဲ့ ကောင်မလေးလဲ’
ဆွန်းချွန်းရှန်သည် နှုတ်ခမ်းအား တင်းတင်းစေ့ကာ ဘေးမှ ယောင်းမ ဖြစ်သူအား ပြောလိုက်သည်။
“ရှန်းကျစ် ဒီမှာ ခဏကြည့်ထားဦး ငါ ဟိုဘက်ကို ခဏလေး သွားကြည့်လိုက်ဦးမယ်”
ကျောက်ရှန်းကျစ်မှ ခေါင်းညိတ် ပြလိုက်သည်။
“ဟုတ်ကဲ့ အစ်မ သွားပါ”
ဆွန်းချွန်းရှန်သည် သူမ၏ဆိုင်မှ ထွက်ခွာလာပြီးနောက် နီယန်၏ ဆိုင်ဘက်သို့ လျှောက်လာခဲ့လေသည်။ မျှော်လင့်ထားသည့် အတိုင်းပင် နီယန်၏ ဆိုင်ရှေ့တွင် လူတန်းရှည်ကြီး ရှိနေချေပြီ။ ဤမြင်ကွင်းအား မြင်လိုက်ရသောအခါ ဆွန်းချွန်းရှန်၏ မျက်နှာမှာ ဒေါသကြောင့် စိမ်းဖန့်သွားလေတော့သည်။
‘အမှန်ပဲကို အဲ့ဒီ နီယန်ဆိုတဲ့ ကောင်မစုတ်က ငါ့ဖောက်သည်တွေကို ခိုးယူသွားပြီ’
ဆွန်းချွန်းရှန်သည် နီယန်အား ပြေးဆွဲကာ လည်ပင်း ညှစ်သတ်ချင် စိတ်ပင် ပေါက်သွားရလေသည်။ ဤမိန်းမငယ်မှာ အရင်အချိန်တွင် သူမ၏ သမီးအား ထောင်ထဲ ရောက်အောင် လုပ်ခဲ့သေးသည်။ ထို့နောက် သားဖြစ်သူအား ကျောင်းထွက်ရသည် အထိ ဖြစ်စေခဲ့သည်။ ယခုမူ သူမ၏ စီးပွားရေးကိုပါ လာဖျက်ဆီးနေချေပြီ။
နီယန်သည် သူမအား ယခုလောက် အနိုင်ကျင့်ရန် လွယ်ကူသည် ဟု ထင်နေသည်လော။ မဟုတ်ချေ။ သူမ၏ ဖောက်သည်များအား နီယန် ယူသွားသည်ကို သူမ ဤအတိုင်း ထိုင်ကြည့်မနေနိုင်ပေ။
ဆွန်းချွန်းရှန်သည် ပြုံးရွှင်သည့် မျက်နှာထားဖြင့် လူတန်းကြီးထဲသို့ ဝင်သွားလိုက်ကာ မသိမသာ ပြောလိုက်လေသည်။
“ဒီလူတန်းကြီးက တော်တော်ရှည်တာပဲနော် ရှင်တို့ မသိကြဘူးထင်တယ် ဟိုဘက်မှာလည်း ငါးချဉ် ခေါက်ဆွဲဆိုင် ရှိသေးတယ်လေ တစ်ပန်းကန်ကို ငါးပြားတောင် ပိုသက်သာသေးတဲ့အပြင် လူတန်းစီစရာလည်း မလိုဘူး အရသာကလည်း ဒီထက် ဆယ်ဆလောက် ပိုကောင်းတယ်”
ထိုစကားအား ကြားသောအခါ ဆံပင်တိုတိုနှင့် အမျိုးသမီး တစ်ဦးမှ ချက်ချင်း မေးလိုက်လေသည်။
“တကယ်လား”
ဆွန်းချွန်းရှန်မှ အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
“တကယ်ပေါ့ အစ်မရယ် ကျွန်မက လိမ်ပြောပါ့မလား ဟိုမှာလေ ကြည့်လိုက်ဦး”
ဆံပင်တိုနှင့် အမျိုးသမီးမှ ခြေဖျားထောက်၍ ဆွန်းချွန်းရှန် ညွှန်ပြရာသို့ ကြည့်လိုက် ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်လေသည်။
“ဪ အဲဒီဆိုင်ကို ပြောတာလား”
“ဟုတ်တယ် ဟုတ်တယ်”
ဆွန်းချွန်းရှန်မှ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီဆိုင်ပဲ”
ဆံပင်တိုနှင့် အမျိုးသမီးမှ ဆက်ပြောလေသည်။
“ကျွန်မ မနေ့မနက်က အဲဒီဆိုင်မှာ သွားစားခဲ့သေးတယ် အရသာက ဒီကလောက် မကောင်းပါဘူး ဈေးသက်သာတာ မှန်ပေမယ့် ငါးညှီနံ့က တော်တော်ပြင်းတယ်”
သူမသည် တစ်ခုခုအား ရိပ်မိသွားဟန်ဖြင့် ပြန်မေးလိုက်သည်။
“ဪ သိပြီ ရှင်က အဲဒီဆိုင်က ပိုင်ရှင်မလား”
ဆွန်းချွန်းရှန်မှာ ထိုသို့ အပြောခံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူမ မည်သို့ ပြန်ပြောရမည်မှန်း မသိခင်မှာပင် အခြား ဖောက်သည် တစ်ဦးမှလည်း ဝင်ပြောပြန်တော့သည်။
“ကျွန်တော်လည်း မနေ့က သွားစားခဲ့သေးတယ် အရသာက ဒီဆိုင်လောက် မကောင်းလို့ ဒီမနက် ဒီကိုပဲ ပြန်လာတာ”
“ဟုတ်တယ် ကျွန်မလည်း တူတူပဲ”
“ဒီဆိုင်က အရသာက အများကြီး ပိုသာပါတယ်”
ဆွန်းချွန်းရှန်၏ မျက်နှာမှာ ပို၍ ညိုမှောင်လာခဲ့ကာ ဝေဖန် ပြောဆိုသံများ ကြားမှ ခေါင်းငိုက် စိုက်ချကာ ထွက်ပြေး လာခဲ့ရတော့သည်။ အရှုံးပေးလိုက်ရသည့် ခွေးတစ်ကောင်ကဲ့သို့ပင် ဖြစ်ချေပြီ။
ဤလူအားလုံးအား နီယန်မှ ငှားထားလေ သလား ဟုပင် သူမ တွေးလိုက်မိတော့သည်။
‘နီယန်ရဲ့ ခေါက်ဆွဲက ဘယ်လောက်တောင် ကောင်းနေလို့လဲ ငါလည်း မြည်းကြည့်ဖူးတာပဲဥစ္စာ’
သူမ၏ ဆိုင်သို့ ပြန်ရောက်သောအခါ ဆွန်းချွန်းရှန်မှ ကျောက်ရှန်းကျစ်အား ငွေသုံးဆယ် ကမ်းပေးလိုက် ပြီးနောက် ပြောလိုက်တော့သည်။
“ရှန်းကျစ် ဒီပိုက်ဆံယူပြီး ဟိုဘက်ဆိုင်က ငါးချဉ်ခေါက်ဆွဲ တစ်ပန်းကန် သွားဝယ်ခဲ့စမ်း”
လူတိုင်း ပြောနေသကဲ့သို့ပင် ထိုကောင်မလေး၏ ခေါက်ဆွဲသည် အမှန်တကယ်ပင် ကောင်းမကောင်းအား သူမ ကိုယ်တိုင် မြည်းစမ်း ကြည့်ချင်နေပြီ ဖြစ်သည်။
ကျောက်ရှန်းကျစ်မှ အံ့အားသင့်စွာ မေးလေသည်။
“မမ ကျွန်မတို့လည်း ငါးချဉ်ခေါက်ဆွဲ ရောင်းနေတာပဲလေ ဘာလို့ တခြားမှာ သွားဝယ်ပြီး ပိုက်ဆံအလဟဿ အကုန်ခံမှာလဲ”
ဆွန်းချွန်းရှန်မှ စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည်။
“ခိုင်းတာကိုသာ လုပ်စမ်းပါ”
ကျောက်ရှန်းကျစ်မှာ မည်သည်ကိုမှ ထပ်မပြောရဲတော့ဘဲ ပိုက်ဆံအား ယူလျှက် ထွက်သွားရတော့သည်။ သို့သော် သူမ၏ စိတ်ထဲတွင်မူ ဆွန်းချွန်းရှန်အား အကြိမ်ပေါင်းများစွာ ကျိန်ဆဲနေမိလေသည်။
‘တောက် ပိုက်ဆံရှိတိုင်း ဒီလောက် မောက်မာရသလား ပိုက်ဆံရှိရင် ငါ့ကို ကျွဲနွား တစ်ကောင်လို ခိုင်းလို့ရတယ် ထင်နေတာလား’
အချိန်အတော်ကြာ တန်းစီ ပြီးနောက် ကျောက်ရှန်းကျစ်သည် ငါးချဉ်ခေါက်ဆွဲ တစ်ပန်းကန်အား ရရှိခဲ့လေသည်။ ခေါက်ဆွဲပန်းကန်အား လက်ထဲတွင် ကိုင်ထား မိမှသာ ဆွန်းချွန်းရှန် မည်သည့်အတွက်ကြောင့် ငွေသုံးဆယ် အကုန်ခံကာ ဝယ်ခိုင်းရသနည်း ဆိုသည်အား သူမ နားလည် သွားတော့သည်။
နှစ်ဆိုင်လုံးမှာ ငါးချဉ်ခေါက်ဆွဲ ဟု ဆိုကြသော်လည်း ကွာခြားချက်မှာ မိုးနှင့်မြေကဲ့သို့ပင် ဖြစ်ချေသည်။ ဤဆိုင်မှ ခေါက်ဆွဲ၏ အရောင်အသွေး ဟင်းရည် နှင့် ပြင်ဆင်ပုံမှာ အလွန်ပင် ကောင်းမွန်လှပေသည်။ အနံ့လေး ရှူလိုက်ရုံ နှင့်ပင် သွားရည်ကျစရာ ကောင်းလှပေရာ ဆွန်းချွန်းရှန်၏ ဆိုင်အား မည်သူမှ မသွားကြသည်မှာ မဆန်းတော့ပေ။
ကျောက်ရှန်းကျစ် ယူလာသည့် ခေါက်ဆွဲအား ဆွန်းချွန်းရှန် မြည်းကြည့် လိုက်သည်နှင့် မျက်မှောင်ကြုတ် သွားမိတော့သည်။ လွန်ခဲ့သော နှစ်ပတ်မှထက် ဤခေါက်ဆွဲ၏ အရသာမှာ ပိုမို၍ တိုးတက်လာသည်ကို သူမ အသိသာကြီး ခံစားလိုက်ရလေသည်။
စွဲမက်ဖွယ်ကောင်းသည့် ချဉ်ဖြုံ့ဖြုံ့ အရသာနှင့် လန်းဆန်းစေသော အထိအတွေ့ ပြီးနောက် တစ်ပန်းကန် စားပြီးလျှင် ဒုတိယတစ်ပန်းကန်ကိုပါ ထပ်စားချင်စိတ် ပေါက်လာစေခဲ့သည်။
ဆွန်းချွန်းရှန်သည် ပန်းကန်၏ အောက်ခြေမှ မုန်ညင်းချဉ် တစ်ဖတ်အား ဆွဲထုတ်လိုက် ပြီးနောက် ဤမုန်ညင်းချဉ်မှာ ဈေးထဲတွင် ဝယ်နေကျ ဖြစ်သည့် မုန်ညင်းချဉ်မျိုး မဟုတ်ကြောင်း ချက်ချင်း သိလိုက်တော့သည်။ ငါးချဉ်ခေါက်ဆွဲ အကြောင်းအား လေ့လာနေသူ ဖြစ်ရာ ဤဟင်းလျာ၏ အနှစ်သာရမှာ မုန်ညင်းချဉ်၌ ရှိသည်ကို သူမ သိလိုက်လေပြီ ဖြစ်သည်။
နီယန်၏ ခေါက်ဆွဲ အရသာ ကောင်းရခြင်းမှာ ဤ မုန်ညင်းချဉ်ကြောင့် ဖြစ်ရမည်။ ဆိုလိုသည်မှာ ဤမုန်ညင်းချဉ်အား မည်သည့် နေရာမှ ဝယ်ယူထားသနည်း ဆိုသည်အား သူမ သိရှိသွားပါက သူမသည်လည်း ဤကဲ့သို့ အရသာမျိုးအား ဖန်တီးနိုင်ပေလိမ့်မည် ဖြစ်ပေသည်။
ဤသို့ တွေးမိသည်နှင့် ဆွန်းချွန်းရှန်၏ မျက်နှာထက်ဝယ် မောက်မာလှသော အပြုံးများ ပြန်လည်၍ ပေါ်ပေါက်လာခဲ့သည်။ ပေကျင်း မြို့ခံတစ်ဦး ဖြစ်ရာ ဤကဲ့သို့သော မုန်ညင်းချဉ်မျိုးအား မည်သည့် နေရာတွင် ရောင်းချသည် ဆိုသည်အား ရှာဖွေရန်မှာ သူမအတွက် အလွန် လွယ်ကူလှပေသည်။
‘စောင့်ကြည့်နေလိုက်စမ်းပါ ငါ ဒီ မုန်ညင်းချဉ်မျိုးကို သေချာပေါက် ရှာတွေ့စေရမယ်’
**
လီကုန်းချန်းသည် နီယန် ပြင်ပေးလိုက်သည့် အစားအစာများအား ယူဆောင်လျှက် မိုမိသားစုအိမ်သို့ ရောက်ရှိသွားချိန်တွင် အိမ်၌ ဧည့်သည်တစ်ဦး ရောက်ရှိနေလေသည်။
သူမမှာ အလွန်တရာ ချောမောလှပသည့် အမျိုးသမီးငယ် တစ်ဦး ဖြစ်သည်။ နီယန်ကိုသာ မတွေ့ဖူးခဲ့လျှင် ဤမိန်းကလေးမှာ အလှဆုံးဟု သူ ထင်မြင်မိပေလိမ့်မည်။ သို့သော် နီယန်နှင့် တွေ့ပြီးနောက်တွင်မူ သူ မြင်ဖူးသမျှ မည်သူကမျှ နီယန်အား မယှဉ်နိုင်ဟု သူ ခံစား လိုက်ရလေတော့သည်။ နီယန်ပြီးလျှင် အလှနတ်သမီး မရှိတော့ဟုပင် ဆိုရပေမည်။
အမျိုးသမီးငယ်မှာ ဆိုဖာပေါ်တွင် ထိုင်၍ သခင်မကြီး မိုနှင့် စကားပြောနေခဲ့သည်။ သခင်မကြီး မိုမှ သူမအား အလွန်ပင် သဘောကျပုံရကာ စကားပြောနေစဉ် မျက်လုံးများမှာ ပြုံးရွှင်နေခဲ့သည်။
“သခင်မကြီး”
လီကုန်းချန်းသည် အနားသို့ ချဉ်းကပ်သွားခဲ့သည်။
“ရှောင်လီ ရောက်လာပြီလား”
သခင်မကြီး မိုမှ မော့ကြည့်ကာ ပြုံးပြလိုက်သည်။ လီကုန်းချန်းသည် အစားအသောက်ဘူးအား စားပွဲပေါ်တွင် တင်လိုက်ရင်း ဖြင့် ပြောလိုက်သည်။
“သခင်မကြီး ဒါက သခင်လေးဆုန်း ခိုင်းထားတဲ့အတိုင်း ခေါက်ဆွဲဆိုင်က နီယန် ပြင်ဆင်ပေးလိုက်တဲ့ အစားအစာတွေပါ မြည်းကြည့်ပေးပါဦး အဆင်ပြေတယ်ဆိုရင် နေ့တိုင်း ချက်ခိုင်းပေးဖို့ သခင်လေးက မှာထားပါတယ်”
သခင်မကြီး မိုမှ ခေါင်းညိတ် ပြသော်လည်း အနည်းငယ် စိတ်ပျက်ဟန်ဖြင့် မေးလိုက်သည်။
“ဒီမနက် သူ့စီက ခေါက်ဆွဲ ဝယ်မလာဘူးလား”
သေချာပေါက် ဝယ်လာခဲ့ပါသည်။ သို့သော် သခင်လေးမှ လမ်းမှာတင် အားလုံးကို သိမ်းကျုံးကာ စားသောက်ပစ်လိုက်သည် မဟုတ်ပါလား။ လီကုန်းချန်းအနေဖြင့် ထိုစကားအား သခင်မကြီးအား ပြော၍ မဖြစ်ပေ။ သူသည် ပြုံးလျက် အဆင်ပြေအောင် ပြောလိုက်လေသည်။
“သခင်မကြီး မနက်စောစော ခေါက်ဆွဲစားတာက အစာချေရတာ သိပ်မလွယ်မှာ စိုးလို့ပါ ဒီ ဟင်းလျာလေးတွေကို အရင်မြည်းကြည့်ပါဦး အာဟာရလည်း ဖြစ်တာပေါ့”
“ကောင်းပါပြီ”
သခင်မကြီးမှ ခေါင်းညိတ်ပြလိုက်သည်။
“ငါ နားလည်ပါပြီ မင်း အလုပ် သွားလုပ်တော့လေ”
လီကုန်းချန်းသည် အရိုအသေပြုပြီးနောက် ထွက်ခွာသွားတော့သည်။ သခင်မကြီး မိုသည် ဘေးမှ အမျိုးသမီးငယ် ဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“ရှင်းရှင်း ဒီရှောင်နီရဲ့ ဟင်းချက် လက်ရာက တကယ့်ကို ကောင်းတာ သမီးလည်း မနက်စာ မစားရသေးဘူးမလား အတူတူ စားကြစို့ ဒီဘူးထဲမှာ ဘာကောင်းတာတွေ ပါသလဲဆိုတာ ကြည့်ရအောင်”
အခန်း ၈၉
‘ရှောင်နီ ဟင်းချက်လည်း တော်တယ်ဆိုပဲ’
‘နီယန်များလား’
လီရှင်းရှင်း၏ မျက်လုံးများ မှေးမှိန်လိုက်ကာ တွေးလိုက်မိသည်။ ဟင်းချက်တော် သည်ဟူသည့် အချက်နှင့် ‘နီ’ ဟူသော မျိုးရိုး အမည်ကြောင့် လီရှင်းရှင်းသည် နီယန်အား မသိစိတ်မှ သတိရသွားခဲ့ခြင်း ဖြစ်သည်။ နီယန်၏ လှပသည့် မျက်နှာအား တွေးမိသည်နှင့် လီရှင်းရှင်းမှာ မကြုံစဖူးသော စိုးရိမ်စိတ်အား ခံစားလိုက်ရလေသည်။
‘ဒါပေမယ့် အမေ ပြောတာတော့ နီယန်က လူပျိုကြီး တစ်ယောက်နဲ့ အိမ်ထောင်ကျသွားပြီဆို မုယန်က နီယန် မဟုတ်နိုင်ပါဘူး ငါ အစကတည်းက မှားနေတာများလား’
လီရှင်းရှင်းသည် တွေးတောရင်း ငေးမော သွားမိတော့သည်။
“ရှင်းရှင်း ရှင်းရှင်း ဘာတွေ တွေးနေတာလဲ”
သခင်မကြီး မိုသည် သူမ၏ ရှေ့တွင် လက်ယမ်း ပြလိုက်လေသည်။
“ရှင် ဪ ဘာမှမဟုတ်ပါဘူး”
လီရှင်းရှင်းမှ အလျင်အမြန် အသိဝင်လာခဲ့ကာ ရယ်မောလျက် ဖြေလိုက်သည်။
“အဘွား ဒီရှောင်နီရဲ့ လက်ရာက တကယ်ပဲ အဲဒီလောက် ကောင်းလို့လား”
“ကောင်းတာပေါ့ အထူးသဖြင့် ခေါက်ဆွဲဆိုရင် နတ်သုဒ္ဓါကျနေတာပဲ”
သခင်မကြီး မိုမှ ဆက်ပြောလိုက်လေသည်။
“ကဲ စကားတွေ ရပ်ထားဦး စားကြစို့ ရှင်းရှင်းရေ”
လီရှင်းရှင်းသည် စိုးရိမ်စိတ်အား မျိုသိပ်လျှက် ဖြေလိုက်သည်။
“ဟုတ်ကဲ့ အဘွား”
ချက်ချင်းပင် အစေခံတစ်ဦးသည် ပန်းကန်နှင့် တူအသစ်များအား ယူလာပေးလေသည်။ လီရှင်းရှင်းသည် အစားအသောက်ဘူးအား ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီးနောက် ဟင်းလျာများအား တစ်ခုချင်း စီလိုက်သည်။ ထို့နောက် သခင်မကြီး မို အတွက် ဆန်ပြုတ် တစ်ပန်းကန် ခပ်ပေးရင်း ပြောလိုက်သည်။
“အနံ့က အရမ်းမွှေးတာပဲ အဘွားရေ ဒါတွေက သေချာပေါက် အရသာရှိမှာပဲ”
ဒယ်အိုးကပ်ကာ ကြော်ထားသည့် ဖက်ထုပ်ကြော်လေးများမှာ နှစ်ဖက်စလုံး ရွှေအိုရောင်သမ်းနေခဲ့ကာ ချစ်စရာကောင်းသည့် ရွှေတုံးလေးများနှင့်ပင် တူညီနေခဲ့သည်။ ပူဒီနာဆန်ပြုတ်မှာ ကြည်လင်နေပြီး ကျောက်စိမ်းရောင်ကဲ့သို့ လှပနေခဲ့သည်။ ဆလတ်ရွက် ဝက်သားမျှင်ကြော်မှာလည်း လတ်ဆတ်ကာ အငွေ့တထောင်းထောင်းနှင့် ရဲရဲတောက် ငရုတ်ပွသီးများနှင့် တွဲဖက်ထားလေရာ အနုပညာ လက်ရာ တစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့သည်။
ဤဟင်းလျာများအား မြင်ရရုံနှင့်ပင် မျက်စိပသာဒ ဖြစ်လှပေသည်။ အရေးကြီးဆုံးမှာ စွဲမက်ဖွယ်ကောင်းသည့် အနံ့ကြောင့် သွားရည်ကျစရာ ကောင်းနေခြင်းပင်။ အပြင်ပန်းသာလှကာ အရသာမရှိသည့် ဟင်းလျာမျိုး မဟုတ်ဘဲ အသွင်အပြင်ရော အရသာပါ ပြည့်စုံနေသည့် လက်ရာမျိုး ဖြစ်ပေသည်။
ဤဟင်းလျာများအား ကြည့်ရင်းဖြင့် လီရှင်းရှင်းမှာ တွေးတောနေမိလေသည်။ နီယန်၏ ကျွမ်းကျင်မှုမှာ ကန်တုံ ဟင်းလျာများ တွင်သာ ဖြစ်ပေသည်၊ သူမသည် ဤကဲ့သို့ ရိုးရှင်းသည့် အိမ်ချက်ဟင်းများအား မချက်ဖူးသကဲ့သို့ ဒယ်အိုးကပ် ဖက်ထုပ်ကြော်မျိုးကိုလည်း မည်သည့် အချိန်တွင်မှ မလုပ်တတ်ချေ။ ထိုမျှ လှပသည့် လျောင်ယဲ့ ဖက်ထုပ်ကြော်မျိုးအား ဆိုလျှင် ပို၍ပင် မဖြစ်နိုင်သေးချေ။
‘ဒါကြောင့် ဒါက နီယန်ရဲ့ လက်ရာ မဖြစ်နိုင်ဘူး ဟုတ်တယ် နီယန် ဘယ်လိုမှ မဖြစ်နိုင်ဘူး နီယန်က ဟိုလူပျိုကြီးဆီ ရောက်သွားတာ ကြာလှပြီ အခုဆို ဒုက္ခ ရောက်နေလောက်ရောပေါ့’
ဤသို့ တွေးမိမှသာလျှင် လီရှင်းရှင်းမှာ စိတ်သက်သာရာ ရသွားလေတော့သည်။ သခင်မကြီး မိုသည် ဟင်းလျာများအား ကြည့်ကာ သွားရည်ကျမတတ် ဖြစ်နေခဲ့ကာ တူအား ကောက်ကိုင် လိုက်တော့သည်။
“ရှင်းရှင်း အေးမသွားခင် မြန်မြန်စားကြစို့”
လီရှင်းရှင်းမှ ခေါင်းညိတ်ပြလိုက်ကာ နာခံတတ်သည့် မိန်းကလေး ပုံစံဖြင့် တူအား ကောက်ကိုင် လိုက်သည်။ သခင်မကြီး မိုမှ ပထမဆုံး အမြည်း စားပြီးမှသာလျှင် သူမသည် ဖက်ထုပ်ကြော် တစ်ထုပ်အား မြည်းကြည့် လိုက်လေသည်။
ဖက်ထုပ်ကြော်၏ အကျက်မှာ အတော်ပင် ဖြစ်ကာ အပြင်ဘက်မှ ကြွပ်ရွနေပြီး အထဲမှ ပျော့ပျောင်းနေခဲ့သည်။ တစ်ကိုက် ကိုက်လိုက်သည်နှင့် ချဉ်စပ်ဟင်းရည်များ ပါးစပ်ထဲသို့ စိမ့်ထွက်လာပြီး ချဉ် ငန် စပ် အရသာစုံသည် လျှာပေါ်တွင် ကခုန်နေလေတော့သည်။
ဆလတ်ရွက်ကြော်မှာလည်း လတ်ဆတ်ကာ ဖက်ထုပ်ကြော်နှင့် အလွန်ပင် လိုက်ဖက်လှလေရာ သူမ၏ စားချင်စိတ်အား ပိုမို၍ လှုံ့ဆော်ပေးနေလေသည်။ ဖက်ထုပ်ကြော် စားပြီးနောက် ပူဒီနာဆန်ပြုတ်အား တစ်ငုံ သောက်လိုက်သည့် အခါ အဆီအအိမ့်များ ပြေသွားခဲ့ပြီး ဘဝ၏ အရသာအား အပြည့်အဝ ခံစားလိုက်ရတော့သည်။
ယခင်တွင် ငါးချဉ်ခေါက်ဆွဲသည် ကမ္ဘာပေါ်မှာ အကောင်းဆုံးဟု သခင်မကြီး မို ထင်ခဲ့သော်လည်း ယခုအခါတွင်မူ သူမ၏ အမြင်များ ပြောင်းလဲသွားချေပြီ။ သူမသည် အားရပါးရ စားရင်း ချီးကျုးမဆုံး ဖြစ်နေတော့သည်။
“ကောင်းတယ် တကယ်ကောင်းတယ်”
လီရှင်းရှင်းသည်လည်း အံ့သြသွားခဲ့ရသည်။ သူမသည် ဤကဲ့သို့ အရသာရှိသည့် အစားအစာမျိုးအား တစ်ခါမှ မစားဖူးခဲ့ချေ။ သို့သော် သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် ပုံရိပ်အား ထိန်းသိမ်းနိုင်ရန် အတွက် ဖက်ထုပ်ကြော် အနည်းငယ် စားပြီးနောက် တူအား ပြန်ချလိုက်တော့သည်။
သခင်မကြီး မိုမှ အံ့သြစွာ မေးလေသည်။
“ရှင်းရှင်း ဝပြီလား”
လီရှင်းရှင်းမှ လက်သုတ်ပုဝါအား ယူလျှက် ယဉ်ကျေးသိမ်မွေ့ ဟန်ရသည့် မိန်းကလေးတစ်ဦးကဲ့သို့ နှုတ်ခမ်းထောင့်အား သုတ်လိုက်ပြီး နောက် တိုးညှင်းစွာ ပြောလိုက်လေသည်။
“အဘွား သမီး ဗိုက်ဝသွားပြီ အဘွားပဲ အားရပါးရ စားပါ”
“ဒီလောက်လေးပဲ စားတာလား”
သခင်မကြီး မို မှ မျက်မှောင်ကြုတ် လိုက်မိသည်။
“ကြောင်စား သလောက် လေးတောင် မရှိပါလား”
လီရှင်းရှင်းမှ ရှက်ကိုးရှက်ကန်း ပြုံးလျက် ပြောလိုက်သည်။
“သမီးက ငယ်ငယ်ကတည်းက အစားနည်းလို့ပါ”
ကိုယ်အလေးချိန် မတက်စေရန် လီရှင်းရှင်းမှာ အစားအသောက်အား အလွန်ဆင်ခြင် ရလေသည်။ ထိုသို့ ထိန်းသိမ်း ထားနိုင်သော်လည်း လီရှင်းရှင်းအတွက် စိတ်ညစ်စရာမှာ သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အချို့မှာလည်း ကိုယ်အလေးချိန် နှင့်အတူ သေးငယ်သွားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အဝတ်အစား ဝတ်လျှင် လှပစေရန် အတွက် သူမ၏ ရင်ဘတ်နေရာတွင် အခံများစွာ ထည့်ထားရခြင်း ဖြစ်သည်။ သို့မှသာ လီရှင်းရှင်း၏ ကိုယ်လုံးမှာ ဆွဲဆောင်မှုရှိနေမည် မဟုတ်ပါလား။
သခင်မကြီး မိုမှ ရယ်မောလျက် ပြောလိုက်သည်။
“ဒီလောက်လေးပဲ အမြဲစားနေလို့ မဖြစ်ဘူးလေ ကျန်းမာရေးအတွက် မကောင်းဘူး နောက်ဆို ပိုစားရမယ် သမီးက သိပ်ပိန်လွန်းတယ် ဘိုင်ချွမ်းဆိုရင် ညည်းကို လက်တစ်ဖက်တည်းနဲ့တောင် မ ယူနိုင်လောက်တယ်”
မိုဘိုင်ချွမ်း အကြောင်း ပြောလိုက်ချိန်တွင် လီရှင်းရှင်း၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားခဲ့သည်။
“အဘွားကလည်း သမီးကို မစပါနဲ့တော့”
သခင်မကြီး မိုက ပြုံးလျက် ဖက်ထုပ်ကြော် တစ်ထုပ်အား ထပ်ယူလိုက်လေတော့သည်။
“ကဲ ကဲ မစတော့ဘူး ငါ့ဟာငါပဲ စားတော့မယ်”
အခန်း ၉၀
လီရှင်းရှင်းသည် ရှက်သွေးဖြာစွာဖြင့် ခေါင်းငုံ့ထားသည့်တိုင် သူမ၏ မျက်ဝန်းအိမ်တွင်မူ အောင်နိုင်သူ တစ်ဦး၏ ကျေနပ်ရိပ်များ ယှက်သန်း နေလေတော့သည်။ သခင်မကြီး မိုကိုယ်တိုင်မှ သူမ၏ ရှေ့တွင် မိုဘိုင်ချွမ်း အကြောင်းအား လိုလိုလားလား ထုတ်ဖော် ပြောဆိုလာ သဖြင့် ၎င်းတို့ နှစ်ဦး၏ ပတ်သက်မှုမှာ ရာနှုန်းပြည့် သေချာသလောက် ရှိနေပြီဟု သူမ ယူဆလိုက်မိခြင်းလည်း ဖြစ်ပေသည်။
နီယန် ပြင်ဆင်ထားသည့် ဟင်းလျာများမှာ အလွန်တရာ လက်ရာ မြောက်လှသဖြင့် သခင်မကြီး မိုသည် ဒယ်အိုးကပ်ဖက်ထုပ်အား ဆယ်ခုမက စားသုံးပြီးနောက် ဆန်ပြုတ် တစ်ပန်းကန်ကြီးကိုပါ သောက်သုံးပြီးမှသာလျှင် ထမင်းစားတူအား ချနိုင်လေတော့သည်။ ဒယ်အိုးကပ်ဖက်ထုပ် အနည်းငယ် ဆန်ပြုတ်တစ်ဝက်နှင့် ဝက်သားဆလပ်ရွက်ကြော် အနည်းငယ် ကျန်ရှိနေသေးလေရာ သခင်မကြီး မိုမှ ထိုလက်ကျန်များအား နေ့လယ်စာအတွက် သိမ်းဆည်းထားရန် အစေခံ တစ်ဦးအား အထူးမှာကြားလိုက်တော့သည်။ ထိုစကားအား ကြားသောအခါ လီရှင်းရှင်းမှ မျက်လွှာပင့်ကြည့်ရင်း အကြံပေးသကဲ့သို့ ပြောလိုက်သည်။
“အဘွား အဘွားက အခု အသက်အရွယ် ရနေပြီဆိုတော့ အစာအိမ်က သိပ်မကောင်းတော့ဘူးလေ ဒီလက်ကျန် အစားအသောက်တွေကို စွန့်ပစ်လိုက်တာက ပိုကောင်းမယ် ထင်ပါတယ်”
သို့သော် သခင်မကြီး မိုမှ မဆိုင်းမတွပင် ခပ်အေးအေးပင် ပြောလိုက်လေသည်။
“ရပါတယ်ကွယ် ငါငယ်ငယ်တုန်းကဆိုရင် စာအုပ်အဖုံးတွေနဲ့ သစ်မြစ်တွေကိုတောင် စားခဲ့ရတာပဲ ဒီလောက် လက်ကျန်လေး စားရတာ ဘာဆန်းလို့လဲ”
သက်ကြီးပိုင်း လူကြီးများသည် ချွေတာစုဆောင်းတတ်သည့် အလေ့အထ ရှိကြရာ လီရှင်းရှင်း၏ စကားအား ကြားသောအခါ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားလေတော့သည်။ ထိုစကား တစ်ခွန်းတည်းနှင့်ပင် လီရှင်းရှင်းသည် နေ့စဉ်ဘဝ၏ ခဲယဉ်းမှုများအား နားမလည်သူ တစ်ဦး ဖြစ်ကြောင်း ထင်ရှား နေခဲ့လေသည်။
ယနေ့ထက်တိုင် အချို့သော မိသားစုများမှာ ထမင်းတစ်နပ် စားရရန်ပင် ရုန်းကန်နေရဆဲ ဖြစ်သည်။ သခင်မကြီး မိုအတွက်မူ ကောင်းမွန် နေသေးသည့် အစားအစာများအား စွန့်ပစ်ခိုင်းခြင်းမှာ အလွန်အမင်း ဖြုန်းတီးရာ ရောက်သည် ဟု ခံစားရလေသည်။
လီရှင်းရှင်းသည် စကားမှားသွားမှန်း ချက်ချင်း သိလိုက်သဖြင့် ပျာပျာသလဲ ပြန်လည်၍ ပြင်ဆင်ကာ ပြောဆိုရတော့သည်။
“အဘွား ကျွန်မက အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး လက်ကျန်အစာတွေက အဘွားရဲ့ အစာအိမ်ကို ဒုက္ခပေးမှာ စိုးရိမ်လို့ပါ”
သခင်မကြီး မိုမှာမူ များများစားစား ထည့်မတွေးတော့ဘဲ နှစ်သိမ့် စကား ဆိုလိုက်သည်။
“ထားလိုက်ပါတော့ကွယ် သမီးက စေတနာနဲ့ ပြောမှန်း အဘွား သိပါတယ်”
ထိုအခါမှ လီရှင်းရှင်းသည်လည်း သက်ပြင်းချနိုင်တော့ကာ စကားပြောဆိုနေသည့် အကြောင်းအရာအား ပြောင်းလဲ လိုက်လေတော့သည်။
“ဒါနဲ့ အဘွား ဒီနေ့မနက် ရာသီဥတုက တော်တော်လေး သာယာတယ် ကျွန်မ အဘွားကို ဥယျာဉ်ထဲ လိုက်ပို့ပေးရမလားဟင်”
သခင်မကြီး မိုမှ ပြုံးရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းတာပေါ့”
လီရှင်းရှင်းသည် ဆိုဖာပေါ်မှ ချက်ချင်းထလျှက် သခင်မကြီး မို၏ လက်မောင်းအား ဖေးမတွဲကူရင်း သခင်မကြီးမို အား အလိုလိုက် အကြိုက်ဆောင်ကာ ပြောဆိုနေတော့သည်။
“ကျွန်မ တွဲပေးပါရစေ အဘွား”
သူတို့နှစ်ဦး အခန်းပြင်သို့ လှမ်းထွက်လိုက်သည် နှင့် တစ်ပြိုင်နက် အရပ်ရှည်ရှည် ရုပ်ရည် ခန့်ညားသည့် လူရိပ်တစ်ခု ရှေ့မှ လျှောက်လှမ်း လာသည်အား မြင်လိုက်ရတော့သည်။ နေရောင်အောက်တွင် ပေါ်လွင်နေသည့် ထိုသူ၏ ရုပ်ရည်မှာ အလွန်တရာ ဆွဲဆောင်မှုရှိလှပေသည်။
ထိုသူသည် ရိုးရှင်းလှသည့် အဖြူရောင် ရှပ်အင်္ကျီ ခန္ဓာကိုယ်နှင့် အံကိုက်ဖြစ်နေသည့် ဘောင်းဘီရှည် နက်မှောင်သော သားရေဖိနပ် တို့အား ဝတ်ဆင်ထားကာ ဝတ်စုံအပေါ်အင်္ကျီအား လက်မောင်းတွင် ချိတ်ဆွဲလျှက် လက်တစ်ဖက်အား ဘောင်းဘီအိတ်ကပ်ထဲ ထည့်လျက် နေရောင်အား ဆန်၍ လျှောက်လှမ်း လာခြင်း ဖြစ်ပေသည်။
နေရောင်ခြည်သည် သူ၏ ထင်ရှား ပြတ်သားသည့် မျက်နှာသွင်ပြင်အား ပိုမိုတောက်ပ စိုပြည်နေစေတော့သည်။ ဤသူသည်ကား မိုမိသားစု၏ အသုံးမကျသည့် ကလေကချေ ဆဋ္ဌမမြောက်သား ဟု မကောင်း သတင်းဖြင့် လူသိများ ကျော်ဇောလှသည့် ကလေကချေတို့၏ ထိပ်ခေါင် မင်းသားလေး ‘မိုချီရှန်’ မှလွဲ၍ တခြားသူ မဟုတ်ပါချေ။
နှမြောစရာပင် ဖြစ်ချေပြီ။ ဤမျှ ခန့်ညားလှသည့် ရုပ်ရည်မျိုး ရှိပါလျက်နှင့် အသုံးမကျသည့် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ထို အလှအပများသည် အလဟဿ ဖြစ်နေရချေပြီ ဖြစ်သည်။ လီရှင်းရှင်း၏ မျက်ဝန်းထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ခဏတာ ဖြတ်ပြေးသွားသည့်တိုင် သခင်မကြီး မို၏ ရှေ့တွင်မူ ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်လေသည်။
“ဦးလေးခြောက်”
မိုချီရှန်သည် ခေါင်းညိတ်ပြလိုက်ကာ လျှောက်လာပြီးနောက် မည်သည့် စကားမှ မပြောဘဲ သခင်မကြီး မိုအား ပွေ့ဖက် လိုက်လေတော့သည်။
“မေမေ မတွေ့ရတာ ကြာလို့ သားက မေမေ့ကို သိပ်လွမ်းနေခဲ့တာ”
သခင်မကြီး မိုသည် အစပိုင်းတွင် ကြောင်အ သွားသော်လည်း နောက်မှ စိတ်တိုဟန်ဖြင့် တွန်းထုတ်လိုက်လေသည်။
“ဖယ်စမ်း ဖယ်စမ်း ဘယ်သူက နင့်မေမေလဲ တစ်နှစ်ပတ်လုံး အိမ်ကို ခဲခဲယဉ်းယဉ်း ပြန်လာတတ်တဲ့ ဒီသားမိုက်ရဲ့ မျက်စိထဲမှာ အမေ ဖြစ်တဲ့ ငါက ရှိသေးလို့လား”
မည်သည့် မိသားစုတွင်မဆို မိခင်တိုင်းသည် အငယ်ဆုံးသားအား ပို၍ အလို လိုက်တတ်ကြစမြဲ ဖြစ်ပေသည်။ မိုချီရှန်သည်လည်း အလိုလိုက် ခံရလွန်းသဖြင့် ပျော့ညံ့သူ တစ်ဦး ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။ သခင်မကြီး မိုသည် အပေါ်ယံတွင် သူမ၏ အငယ်ဆုံးသားအား မနှစ်သက်သလို ပြုမူသော်လည်း ရင်ထဲတွင်မူ အလွန် ချစ်ခင်ရှာလှပေသည်။ ၎င်းသည် အသုံးမကျသူ ဟု ဆိုနိုင်သော်လည်း စိတ်နှလုံး ကောင်းမွန်ကာ မိဘအပေါ် သိတတ်သူ တစ်ဦး ဖြစ်ပေသည်။
ထို့အပြင် မိုမိသားစုအတွက် ငွေကြေးမှာ ပြဿနာ တစ်ခု မဟုတ်ပေ။ မိုချီရှန် တစ်ယောက်တည်းအား မဆိုထားနှင့်။ မိုချီရှန် ကဲ့သို့ သူမျိုး အယောက် တစ်ရာ တစ်ထောင်ကိုပင် သက်သောင့်သက်သာ ကျွေးမွေးထားနိုင်စွမ်း ရှိလေသည်။ ထို့ကြောင့် မိုချီရှန်သည် အရည်အချင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သခင်မကြီး မိုအတွက်မူ များစွာ စိုးရိမ်စရာ မဟုတ်ခဲ့ချေ။
“မေမေက ကျွန်တော့်ရဲ့ တစ်ကမ္ဘာလုံးပါပဲ”
ဟု မိုချီရှန်မှ နောက်ပြောင်နေသည့် အပြုံးဖြင့် ပြောဆိုလိုက်သည်။
“ ‘ဒီလောကမှာ အမေဟာ အကောင်းဆုံး အမေ ရှိတဲ့ ကလေးဟာ ရတနာ’ ဆိုတဲ့ သီချင်းစာသားတောင် ရှိသေးတယ် မဟုတ်လား သားက မေမေ့လက်ထဲက ရတနာလေး မဟုတ်ဘူးလား ဟင်”
မိုချီရှန်၏ ချိုသာလှသည့် စကားများကြောင့် သခင်မကြီး မိုမှာ ရယ်မောမိလေတော့သည်။
“နင်က လူကြီးတန်မဲ့ ရတနာလေးလို့ ပြောနေရသလား မရှက်ဘူးလားဟယ်”
မိုချီရှန်မှ သခင်မကြီး မို၏ လက်မောင်းအား တွဲကိုင်ရင်း ထပ်လောင်းပြောလိုက်လေရာ သခင်မကြီး မိုမှာ သဘောကျ၍ အားရပါးရ ရယ်မောလေတော့သည်။
“အမေရှိတဲ့ ကလေးကတော့ ဘယ်အချိန်ဖြစ်ဖြစ် ရတနာပါပဲ”
ဘေးမှ ကြည့်နေသည့် လီရှင်းရှင်း၏ မျက်ဝန်းများ ထဲတွင်မူ စက်ဆုပ်ရွံရှာမှုများ ပြည့်နှက် နေလေတော့သည်။ မိုမိသားစု၏ ဤအငယ်ဆုံးသား ဖြစ်သူမှာ အမှန်တကယ်ပင် အသုံးမကျသည့် အမှိုက်တစ်စကဲ့သို့ပင် ဖြစ်သည်။ လူကြီးများအား ဖားရုံမှလွဲ၍ မည်သည်ကိုမှ မတတ်မြောက်သည့် လူစားမျိုး ဖြစ်နေခဲ့သည်။
ဤကဲ့သို့ ခမ်းနားလှသည့် မိသားစုကြီးတွင် ဤမျှ အသုံးမကျသူ တစ်ဦး မည်သို့ ထွက်ပေါ်လာသည်အား သူမ အံ့ဩ၍မဆုံး ဖြစ်နေမိလေသည်။
မိုချီရှန်၏ အကြည့်သည် လီရှင်းရှင်း အပေါ်သို့ တမင် သက်သက် မဟုတ်သကဲ့သို့ တစ်ချက် ဝဲကျသွားလေသည်။ ထိုအခိုက်အတန့်တွင် လီရှင်းရှင်းသည် အကြောင်းရင်းမရှိဘဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သို့သော် သူမ ပြန်လည်၍ ကြည့်လိုက်သောအခါ မိုချီရှန်သည် အရင်အတိုင်းပင် အလေအလွင့် ပုံစံ ပြန်ဖြစ်နေခဲ့ပြီ ဖြစ်သည်။
‘ငါ အကြည့်မှားတာများလား’
ဟု သူမ တွေးမိလိုက်သည်။
‘ဟုတ်မှာပါ အသုံးမကျတဲ့လူ တစ်ယောက်ဆီမှာ ဒီလို စူးရှတဲ့ အကြည့်မျိုး ဘယ်ရှိပါ့မလဲ’