← Chapters

ဝက်ဝံရုပ်လေးကို ဖျက်ဆီးသွားသော အချစ်လေး

Vol. 9 Ch. 827

ဝက်ဝံရုပ်လေးကို ဖျက်ဆီးသွားသော အချစ်လေး

Vol. 9 Ch. 827

ပုံမှန်ဆိုလျှင် ပိုင်ရှောင်ချန်းသည် သူ၏ယင်ယန်ဝိညာဥ်အပေါ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက သူနှင့် သခင်မလေးဟုန်ချိန်အပေါ် ကျရောက်နေသည့် အန္တရာယ်အကြောင်း လူအများအား အလိုလိုသတိပေးမိမည်ကို သဘောပေါက်မည်ဖြစ်သည်။

သို့သော် သူရင်ဆိုင်နေရသည့် သေရေးရှင်ရေးအခြေအနေကြောင့် သူ့စိတ်ထဲတွင် ထွက်ပြေးရန်သာ တွေးနေသည်။ ထို့ကြောင့် ထိုအတွေးက သူ့ခေါင်းထဲ လုံးဝ ပေါ်မလာပေ။ သူက ယင်ယန်ဝိညာဥ်ပုံစံဖြင့် သူ၏လိပ်ဒယ်အိုးထဲ ထိုင်နေစဥ် သူ့မျက်လုံးများ ဖျတ်ခနဲပွင့်လာကာ အလွန်အမင်း စူးရှတောက်ပနေသည်။

၎င်းတို့က မိုးခြိမ်းသံများအလား ထစ်ခြုန်းမြည်ဟည်းနေသည့် သီးသန့်အခန်းထဲတွင် ထွန်းလင်းတောက်ပနေသော နေလုံးများအလား။

သူ၏စွမ်းအားသည် အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်မှ နှောင့်ပိုင်းအဆင့်သို့ မြင့်တက်သွားသောကြောင့် ပြင်းထန်သော စွမ်းအားကြီး အခိုးအငွေ့များ ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားတော့သည်။

ထိုမျှသာမက သူက ဆယ့်ကိုးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအထိ တောက်လျှောက်သွားခဲ့သောကြောင့် မဟာစက်ဝန်းနှင့် အလွန့်အလွန် နီးကပ်နေပြီ ဖြစ်သည်။

သူ အဆနှစ်ဆယ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်လျှင် မဟာစက်ဝန်းကို မုချရောက်နိုင်မည်ဖြစ်သည်။ ထို့နောက်တွင် ဒဏ္ဍာရီလာ နှစ့်ဆယ်တစ်ဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက သူ့ကို နတ်အဆင့်ကျင့်ကြံသူ ဖြစ်သွားစေမည်။

အမှန်တော့ ထိုသည်က ဒဏ္ဍာရီမျှသာ ဖြစ်သည်။ ဗဟိုဧကရာဇ်မြို့တော်တွင် ယနေ့အထိ မည်သူတစ်ဦးတစ်ယောက်မှ ထိုသို့ မဆောင်ရွက်ခဲ့ဖူးပေ။ မည်သို့မည်ဖုံလုပ်ဆောင်ရန် သတင်းအချက်အလက်တစ်စုံတရာမရှိ၍ပေလား၊ သို့တည်းမဟုတ် အခြားအခက်အခဲများ ရှိနေသောကြောင့်ပေလား ပြောရခက်သည်။

အမှန်ဆိုရလျှင် ဗဟိုဧကရာဇ်နိုင်ငံတော်၏ သမိုင်းတစ်လျှောက်လုံးတွင် ပိုင်ရှောင်ချန်းကဲ့သို့ ယင်ယန်ဝိညာဥ်အပေါ် ဆယ့်ကိုးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်သည့် နောက်ထပ်လူတစ်ယောက်ကို ရှာရသည်ထက် ဖီးနစ်ငှက်မွှေးတစ်မွှေးကိုသော်လည်းကောင်း၊ ချီလင်ဦးချိုကိုလည်းကောင်း ရှာရသည်က ပို၍ လွယ်ကူပေဦးမည်။

ပိုင်ရှောင်ချန်းက သူ၏ယင်ယန်ဝိညာဥ်ကို ယခုအဆင့်ထိ မြှင့်တင်လိုက်ခြင်းကြောင့် ကောင်းကင်နှင့် မြေကြီးဖြင့် တစ်နည်းနည်း ချိတ်ဆက်သွားကြောင်း ပြောနိုင်သည်။

" နှစ်ဆယ့်တစ်ဆ၊ အင်း ဒဏ္ဍာရီတွေလို အလိုလို အဆင့်တက်သွားမှာတော့ မဟုတ်လောက်ဘူး။ နတ်အဆင့်ကျင့်ကြံသူဖြစ်ဖို့ အခွင့်အရေးကို တိုးသွားစေလောက်မယ် "

သို့သော် ယခုအချိန်က ထိုပြဿနာကို စဥ်းစားနေရမည့် အချိန်မဟုတ်ချေ။ သူ၏ ယင်ယန်ဝိညာဥ်က ထရပ်ကာ ဒယ်အိုးထဲမှ ခုန်ထွက်လာပြီးနောက် သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်သွား၏။

သူက အသက်သုံးကြိမ်ရှူလိုက်ပြီးနောက် မျက်လုံးများအား ဖြေးညင်းစွာ ဖွင့်လိုက်ချိန် သူ့ထံမှ ပြင်းထန်သော အငွေ့အသက်များ ပေါ်ထွက်လာကာ အရပ်မျက်နှာအနှံသို့ တလိပ်လိပ် ပျံ့နှံ့သွားသည်။

ဝုန်းး

သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားက သူ့ပတ်လည်ရှိ အရာ ခပ်သိမ်းကို တုန်လှုပ်သွားစေသည်သာမက သူ၏ အတိုက်အခိုက်စွမ်းရည်ကိုလည်း အံ့ဩဖွယ်ကောင်းစွာ တိုးတက်သွားစေ၏။ ယခင်က သူသည် အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်တွင် ဖြစ်ခဲ့ပြီး နတ်များကို တိုက်ခိုက်နိုင်ခဲ့သည်။ သူက အနိုင်မယူနိုင်ခဲ့သည့်တိုင် အနည်းဆုံးတော့ အသက်ရှင်လျက် ထွက်ပြေးနိုင်သည်။ သို့သော် ယခုတွင် သူ အဆင့်တက်သွားပြီး မဟာစက်ဝန်းအဆင့်ထဲသို့ ခြေလှမ်းတစ်ဝက်ရောက်နေလေပြီ။ ဤအခိုက်အတန့်တွင် သူသည် အစောပိုင်း နတ်အဆင့်ရှိ မည်သူ့ကို မဆို သေချာပေါက် နင်းခြေပစ်နိုင်၏။

ထိုသည်က သူ၏ ကောင်းကင်တာအို ယင်ယန်ဝိညာဥ်စွမ်းအားနှင့် ထာဝရသိုင်းမှ သူ့ကို ထောက်ပံ့ပေးထားသည့် အကန့်သတ်မဲ့ ခွန်အားကြောင့်လည်း ဖြစ်သည်။

" လဲ့ရှန် "

သူက ဟိန်းဟောက်လိုက်သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း လိပ်ဒယ်အိုးကို သိမ်းလိုက်ပြီး သီးသန့်အခန်းထဲမှ လျှပ်စီးတန်းအလား ဝုန်းခနဲ ထွက်လာသည်။ သူ့နောက်တွင် အခန်း၏ အပျက်အစီးပုံသာ ကျန်ခဲ့တော့သည်။

သူအပြင်ထွက်လာသည့် အခိုက်အတန့်တွင် လဲ့ရှန်က အနက်ရောင်အလင်းများဖြင့် တောက်ပနေရင်း သခင်မလေးဟုန်ချိန်ထံ လက်သီးချက်ပစ်သွင်းလိုက်သည်။

သခင်မလေးဟုန်ချိန်မှာ ဒဏ်ရာများကို မထိန်းချုပ်နိုင်တော့သည့်အတွက် ပါးစပ်မှသွေးများ ပန်းထွက်သွား၏။ ချက်ချင်းပင် သူမ၏ အမြင်အာရုံ မှေးမှိန်လာပြီး ညည်းညူလိုက်လေသည်။ သူမက တတ်နိုင်သမျှ အားကုန်ထုတ်ရင်း ဒဏ်ရာများကို ဖိနှိပ်ရန် နောက်တစ်ဖန်ကြိုးစားလိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက အပြင်ထွက်လာကာ သူမကို သူ၏ညာဖက်လက်ဖြင့် ပွေ့လိုက်ပြီးနောက် သူ၏ ဘယ်လက်ကို လဲ့ရှန်ရှိရာဘက်သို့ ဝှေ့ယမ်းလိုက်သည်။

" သေစမ်း "

သူ၏လက်က သာမန်လှုပ်ရှားလိုက်သည်ဟုသာ ထင်ရသော်လည်း ယင်းက ပတ်ဝန်းကျင်ရှိ အလင်းများကို မှေးမှိန်သွားစေပြီး စွမ်းအားကြီးတိုက်ကွက်တစ်ခုက လဲ့ရှန်ထံ တိုးဝင်သွားကာ လေပြင်းများ တိုက်ခတ်လာသည်။

လဲ့ရှန်၏ မျက်လုံးများတွင် အနက်ရောင်အလင်းများ စူးရှတောက်ပသွားပြီး သူက နောက်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း မဆိုစလောက် နှေးသွားကာ လေပြင်းက သူ့ကို ရိုက်ခတ်သွား၏။

ပြင်းထန်သော ထစ်ခြုန်း မြည်ဟည်းသံများ ကောင်းကင်နှင့် မြေပြင်တွင် ပြည့်နှက်သွားပြီး လဲ့ရှန်က မည်းနက်နေသောသွေးတစ်လုပ် ပွက်ခနဲ အန်လိုက်သည်။ သူ့ကိုယ်ထဲမှ အက်ကွဲသံများ ပဲ့တင်ထပ်လာကာ သူ့ခန္ဓာကိုယ်အနှံအပြားတွင် အက်ကြောင်းများ ပွင့်ထွက်လာတော့သည်။ တစ်ဆက်တည်းမှာပင် နောက်သို့ မီတာပေါင်းများစွာ လိမ့်ထွက်သွားပြီး နောက်ဆုံး မြေပြင်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွား၏။

သခင်မလေးဟုန်ချိန်မှာ သူမကို ပွေ့ထားသည့် ပိုင်ရှောင်ချန်းကို မော့ကြည့်ရင်း မှင်သက်နေသည်။ သူမက တစ်ခုခုပြောချင်ပုံရသော်လည်း သူမ၏ပါးစပ်မှ စကားလုံးများ ထွက်ကျမလာဘဲ သွေးများ စီးကျလာကာ သတိလစ်သွားတော့သည်။

ပိုင်ရှောင်ချန်းက မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး သခင်မလေးဟုန်ချိန်ကို ဘေးသို့ ညင်သာစွာ ချလိုက်သည်။ ထို့နောက် သူ ခေါင်းမော့လိုက်စဥ် သူ၏မျက်နှာထားသည် တင်းမာခက်ထန်နေပြီး သူ၏သတ်ဖြတ်လိုသော အရှိန်အဝါမှာ တဟုန်းဟုန်းတောက်နေသည့်အတွက် သူ့အပေါ်ရှိ မိုးကောင်းကင်မှာ ရှုံ့တွသွားပြီး အနက်ရောင်တိမ်တိုက်များ တလိပ်လိပ်ပေါ်ထွက်လာတော့သည်။

သူ့ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ဖြာကျနေပြီး လဲ့ရှန်ထံ တစ်လှမ်းချင်း လျှောက်သွားလေသည်။

လဲ့ရှန်၏ မျက်လုံးများထဲရှိ အနက်ရောင်အလင်းများ တဖျပ်ဖျပ်လူးလွန့်လာ၏။ အမွှေးတိုင်တစ်တိုင်စာ အချိန်လေးအတွင်း ပိုင်ရှောင်ချန်းက လုံးလုံးလျားလျား ခြားနားသွားခဲ့လေပြီ။ လဲ့ရှန်သည် မသေနိုင်သည့်တိုင် သူ့စိတ်ထဲတွင် လေးစားခြင်းများ အလိုအလျောက် ဖြစ်တည်လာ၏။

" မသေနိုင်တဲ့ခန္ဓာကိုယ်လား "

ပိုင်ရှောင်ချန်းက တစ်လုံးချင်း ပြောသည်။ ထို့နောက် သူက လက်ဖျားခါလောက်သည့် အမြန်နှုန်းဖြင့် ရုတ်တရက် ရှေ့ပြေးတက်လာရာ သူ့နောက်တွင် ပုံရိပ်များသာ ကျန်ရစ်ခဲ့လေသည်။ ၄င်းမှာ တည်နေရာရွှေ့ပြောင်းလိုက်သည့်အလား ထင်မှတ်ရ၏။ မျက်စိတစ်မှိတ်အတွင်း သူသည် လဲ့ရှန်ရှေ့သို့ ရောက်သွားပြီး သူ့ညာလက်က လက်သီးဆုပ်အသွင်ဖြင့် တစ်ဟုန်ထိုးပြေးဝင်သွား၏။

လဲ့ရှန်က လက်နှစ်ဖက်ဖြင့် ရှေ့မှကာလိုက်ပြီး ချောင်ပိတ်ခံထားရသော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။

ပိုင်ရှောင်ချန်း၏ လက်သီးချက်က လဲ့ရှန်၏ လက်နှစ်ဖက်နှင့် တွေ့ဆုံသွားသောအခါ ဧရာမပေါက်ကွဲသံကြီး ပတ်ဝန်းကျင်တွင် ပြည့်နှက်သွား၏။ ချက်ချင်းပင် လဲ့ရှန်သည် ထိုတိုက်ကွက်ကို မခုခံနိုင်ကြောင်း သဘောပေါက်လိုက်ပြီး သူ နောက်မဆုတ်နိုင်ခင်မှာပင် စုတ်ပြဲလာတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏လက်မောင်းနှစ်ဖက်လုံး ပြတ်ထွက်သွားပြီး မြေကြီးပေါ်လဲကျသွားလေသည်။ သူ နောက်ထပ် မလုပ်နိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက ရှေ့တက်လာပြီး လဲ့ရှန့်ရှေ့တွင် ရပ်လိုက်သည်။

" မသေနိုင်တဲ့ခန္ဓာကိုယ်လား "

ပိုင်ရှောင်ချန်းက ထပ်ပြော၏။ ထို့နောက် သူက လဲ့ရှန်၏ ဘယ်ခြေထောက်ပေါ် သူ၏ညာခြေဖြင့် ဆောင့်နင်းချလိုက်သည်။ လဲ့ရှန်မှာ သူ့အပေါ် ကောင်းကင်ကြီး ပြိုကျလာသည့်အလား ခံစားလိုက်ရပြီး သူ၏ခြေထောက်က သွေးသားတိမ်တိုက်တစ်ခုအသွင်ဖြစ်လာကာ ချက်ချင်း ပေါက်ကွဲသွားတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းက သူ့ကို ခေါင်းနှင့် တိုက်ချလိုက်သည်။

ဝုန်း

လဲ့ရှန်၏ခန္ဓာကိုယ်တစ်ဝက်ကျော် ဖျက်ဆီးခံလိုက်ရသည့်အတွက် မည်းညစ်နေသော သွေးများ ပန်းထွက်လာသည်။ ယခုတွင် သူ့မျက်လုံးများထဲရှိ အနက်ရောင်အလင်းမှာ ပျောက်ကွယ်တော့မည့်နီးပါး ဖြစ်နေသည်။

" မင်းမှာ မသေနိုင်တဲ့ခန္ဓာကိုယ်ရှိတယ်ဆိုတာ ငါမယုံဘူး "

ပိုင်ရှောင်ချန်း၏မျက်ဝန်းများမှာ ဆောင်းတွင်းေလအေးပမာ အေးစက်နေပြီး သူ ပြောသည်။ ထို့နောက် သူက ညာလက်ကို လက်သီးအသွင်ဆုပ်လိုက်ပြီး ရှေ့တစ်လှမ်းတက်ကာ စုတ်ပြတ်နေပြီ ဖြစ်သော လဲ့ရှန်ကို နောက်တစ်ကြိမ် ထိုးချလိုက်ပြန်သည်။

မိုးကြိုးပစ်ခတ်လိုက်သည့်အလား ကောင်းကင်နှင့်မြေပြင်တွင် ထစ်ခြုန်းသံကြီး မြည်ဟည်းသွား၏။ အပေါ်ထက်ရှိ တိမ်တိုက်များ တလိပ်လိပ်ထလာပြီး မိုးများပင် မြေပြင်ပေါ် ရွာကျလာတော့သည်။ လဲ့ရှန်၏မျက်လုံးများထဲရှိ အနက်ရောင်အလင်းများ တစတစပျောက်ကွယ်လာပြီး သူက တဆတ်ဆတ် တုန်ရီလျက် ရပ်နေသည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းကို ကြည့်ကာ ပြောသည်။

" ငါ့သခင် မင်းကို လာရှာလိမ့်မယ် "

ထို့နောက် ပို၍ ထစ်ခြုန်းသံများ အဆက်မပြတ် မြည်ဟည်းလာပြီးနောက် လဲ့ရှန်မှာ အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။ သွေးများ၊ အသားစများ၊ အရိုးများ အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားကာ မြေပြင်သို့ ကျဆင်းလာသည်။

မကြာမီ မည်းညစ်နေသော သွေးများကား မိုးရေ၏ ဆေးကြောခြင်းခံလိုက်ရ၏။ ထိုအချိန်တွင် ကောင်းကင်ယံတွင် မိုးခြိမ်းသံများ မြည်ဟည်းလာပြီး မိုးက သည်းကြီးမည်းကြီး ရွာချလာသည်။

ပိုင်ရှောင်ချန်းက ကုန်းစွမ်းဝမ်အာပိတ်လှောင်ခံထားရသည့် ဘက်ကို လှမ်းကြည့်ရင်း သူ၏ အရှိန်အဝါမှာ တဖြည်းြဖည်း တည်ငြိမ်လာ၏။ တခဏကြာသော် သူက သတိလစ်နေသော သခင်မလေးဟုန်ချိန်ကို ပြန်ပွေ့လိုက်ပြီးနောက် ကောင်းကင်လေသင်္ဘောထံ ပျံသွားလိုက်သည်။ ရွာကျနေသော မိုးရေစက်များအောက်တွင် လေသင်္ဘောသည် အသက်ပြန်ဝင်လာပြီး စူးရှတောက်ပသော အလင်းတန်းအသွင်ဖြင့် အဝေးသို့ ပျံထွက်သွားလေသည်။

ထိုအချိန်တွင် ဆန့်ကျက်ဖက်အရပ် ကီလိုမီတာ တစ်သောင်းကျော်ကွာဝေးပြီး သခင်မလေးဟုန်ချိန်က ကုန်းစွန်းဝမ်အာကို သူမ၏ ဟုန်ချိန်ခရမ်းလမ်းအတတ်ဖြင့် ပိတ်လှောင်ခဲ့သည့် နေရာ၌ ခပ်အုပ်အုပ်ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

တုန်ခါလှိုင်းတစ်ခုက လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်စီးပစ်ရင်း အရပ်မျက်နှာအနှံ ပျံနှံ့သွားသည်။ တချိန်တည်းမှာပင် လက်ဖဝါးအရွယ်အစားရှိ မြို့က ရုတ်တရက် ပျက်စီးပြိုကျသွား၏။

မြို့၏ အုတ်ပုံအပိုင်းအစများထံမှ အနက်ရောင်မီးခိုးများ ထိုးထွက်လာပြီး မိန်းမပျိုလေးတစ်ယောက်၏ ပုံစံအဖြစ် လျင်မြန်စွာ ပေါင်းစပ်သွားလေသည်။ တခဏကြာသော် ထိုမိန်းကလေးက ကုန်းစွန်းဝမ်အာပုံစံဖြစ်သွား၏။ ထို့နောက် တစ်ဖန် ပိုင်ရှောင်ချန်း ဖြစ်သွားပြန်လေသည်။

" ဘာလို့ ထွက်ပြေးနေရတာလဲ အချစ်လေးရဲ့။ ငါ့အစီအစဥ် အထမြောက်ဖို့ဆို အချစ်လေး ပေါ်ထွက်လာရုံလေးပဲလေ "

သူမ၏ ပါးစပ်တွင် အပြုံးတစ်စ ဖြစ်တည်လာြပီး သူမက လှစ်ခနဲ လှုပ်ရှားလိုက်သည်။ အချိန်အနည်းငယ်ကြာသော် သူမသည် လဲ့ရှန်အသတ်ခံရသည့် နေရာတွင် ပြန်ပေါ်လာ၏။

သူမက လေထဲတွင် ရပ်လိုက်ပြီး ေမြပြင်ကို ငုံ့ကြည့်လိုက်စဥ် သူမ၏မျက်နှာပေါ်တွင် အလိုမကျမှုများ ပေါ်ပေါက်လာတော့သည်။

" အချစ်လေးက ဝက်ဝံရုပ်လေးကို ဖျက်စီးပစ်လိုက်တာလား။ အဲဒါဆိုလဲ အရုပ်သစ်ရှာရတော့မှာပေါ့ "

သူမက ခေါင်းမော့လိုက်ချိန် သူမ၏မျက်လုံးများသည် ထူးဆန်းသော သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေ၏။ ပိုင်ရှောင်ချန်း ပျံထွက်သွားခဲ့သည့် အရပ်မျက်နှာဘက်သို့ ကြည့်ရင်း သူမက စတင်လှုပ်ရှားတော့သည်။

All Chapters